သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၅) | ကားတိုင်လမ်း အတိုင်း လျှောက်လှမ်းခြင်း
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၅) | ကားတိုင်လမ်း အတိုင်း လျှောက်လှမ်းခြင်း

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း အကြောင်းအရာသစ် မရေးဖြစ်တာ အနည်းငယ် ကြာသွားတယ်။ ဒီတစ်ခါ ပြောပြချင်တဲ့အကြောင်းအရာကတော့ ခရစ်ယာန် ယုံကြည်သူ ညီအစ်ကို မောင်နှမတွေ အထူးတောင်းဆိုကြတဲ့ အကြောင်းအရာပါ။ ယေရှုခရစ်တော် မိမိကို တင်မဲ့ လက်ဝါးကပ်တိုင်ကို ကိုယ်တိုင်ထမ်းပြီး ကရာနိကုန်း ကိုသွားတဲ့ ခရီးစဉ်တလျှောက် ထူးခြားတဲ့နေရာလေးတွေကို အမှတ်အသား ပြုထားပြီး ယုံကြည်သူခရစ်ယာန်တွေက အဲ့ဒီအတိုင်း လိုက်ပါ လျှောက်လှမ်းကြရင်း အမှတ်အသားပြုထားတဲ့ နေရာတစ်ခုချင်းဆီမှာ အာရုံပြုဆုတောင်းခြင်း အမှုကို ပြုလုပ်တတ်ကြပါတယ်။ အဲ့လို ထူးထူးခြားခြား အမှတ်အသားပြုထားတဲ့ နေရာ (၁၄) နေရာကို ဒီ ကရာနိလမ်းတစ်လျှောက် တွေ့မြင်ရကြပါလိမ့်မယ်။


မာတိကာ

အမှတ်အသားနေရာ (၄) | ခရစ်တော် နဲ့ မယ်တော် တွေ့ဆုံရာ

အဖြစ်အပျက်နောက်ခံအကြောင်းအရာ

ခရစ်ယာန်ဘာသာဝင်တွေကတော့ အဖြစ်အပျက်နောက်ခံအကြောင်းအရာကို သိရှိကြပြီးဖြစ်ပေမဲ့ တခြားသောဘာသာဝင်တွေအတွက် ဒီစာကိုမြင်ရင် ဘာတွေရေးထားတာလဲ အလွယ်တကူ နားလည်နိုင်မှာ မဟုတ်လို့ ပြန်ပြောင်းလို့ အကျဉ်းချုပ်ပြောပြပေးပါရစေ။ ယေရှုခရစ်တော် ဟာ လူ့ဇာတိခံယူပြီး မွေးဖွားလာကတည်းက သူဟာ သတ်မှတ်အချိန်ကျရင် လက်ဝါးကပ်တိုင်မှာ အသေခံကို ခံရမယ်ဆိုတာ သိရှိပြီး ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်လို့ ဓမ္မဟောင်း ကာလ ကတည်းက ပရောဖက်တွေ က ကြိုတင်နိမိတ်ဖတ်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ဓမ္မဟောင်း နဲ့ ဓမ္မသစ် ကာလ ဆိုတာကို ယေရှုခရစ်တော် မမွေးဖွားမီ နဲ့ မွေးဖွားပြီး ကာလတွေအဖြစ် ခွဲခြားမှတ်တမ်းတင် ခဲ့တာကို ရည်ညွှန်းပြောဆိုတာ ဖြစ်ပါတယ်။ ခရစ်ယာန်ကျမ်းစာအုပ်မှာ နှစ်ပိုင်း ပါဝင်တာပါ။ ဓမ္မဟောင်း ကာလမှာ လူတွေဟာ ကိုယ့်ရဲ့ အပြစ်တွေကို ဖြေဖို့အတွက် ယဇ်ပူဇော်တဲ့ အလုပ်ကို လုပ်ဆောင်ကြရတယ်။ ယေရှုခရစ်တော် ဟာ ကိုယ့်ကိုကိုယ် ယဇ်ကောင်အဖြစ် ပေးဆပ်ခဲ့တာကြောင့် ယဇ်ပူဇော်တဲ့ အလေ့အထဟာ အဲ့ဒီကတည်းက ပြီးဆုံးခဲ့ရပြီး ကျေးဇူးတော်ချီးမွမ်းခြင်း (ဘုရားရဲ့ ပြုပေးတဲ့အမှုအရာတွေအတွက် ကျေးဇူးတင်ခြင်း) ဆိုတဲ့ ယဇ်ကိုပဲ အစားထိုး ပြောင်းလဲသွားတော့တယ်။ ယေရှုခရစ်တော် ဟာ တရားဟောပြီး လူများစွာရဲ့ အသက်တာကို ပြောင်းလဲပေးခဲ့တဲ့အတွက် ပုံမှန်ဘာသာရေးရှေးရိုးလမ်းစဉ်လိုက်သူတွေက သဘောမကျကြပါဘူး။ အဲ့ဒီအတွက် အချိန်ကြာတဲ့အခါ သူ့ကို စွပ်စွဲပြောဆိုပြီး အပြစ်စီရင်ဖို့ အာဏာရှိသူတွေ လက်ကို အပ်တယ်။ အပြစ်မတွေ့ရလို့ မင်းအာဏာပိုင်တွေက အပြစ်မစီရင်နိုင်ခဲ့တာတောင် လူထုကြောင့် နောက်ဆုံး လူထုသဘောကို လိုက်ပြီး လက်ဝါးကပ်တိုင်မှာ သတ်ဖို့ အမိန့်ချစီရင်ခဲ့ရတယ်။ ဒီမှာတင် အခု ပြောမယ့် ကရာနိကားတိုင်လမ်း လျှောက်ခြင်း ဖြစ်ပျက်ခဲ့ပါတယ်။


ကရာနိကားတိုင်လမ်းလျှောက်ခြင်း

“ကိုယ်တော်သည် မိမိလက်ဝါးကပ်တိုင် ကို ထမ်းလျက် ဦးခေါင်းခွံအရပ်ဟူ၍ တွင်သောအရပ်သို့ ထွက်တော်မူ၏။ ထိုအရပ်ကား ဟေဗြဲစကားအားဖြင့် ဂေါလဂေါသ အမည်ရှိ၏။” (ယောဟန်၊ ၁၉:၁၇)


ကျွန်တော်တို့တတွေဟာ ဂျေရုဆလင်မှာ ဒီခရီးအတွက် စိတ်လှုပ်ရှားခဲ့ကြပါတယ်။ အရင်တုန်းက တွေးထားမိတာက ကရာနိကုန်း ဆိုတော့ တောင်တစ်တောင် ဖြစ်မယ်။ အဲ့ဒီတောင်ကို ရှုခင်းတွေကြည့်ရင်း ငါတို့ တက်ကြရမယ်ပေါ့။ တကယ်တမ်းတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ တိုးတက်ပြောင်းလဲသွားပြီဖြစ်လို့ ကျွန်တော်တို့ဟာ တောင်တက်လို့ တက်မှန်းမသိရတော့ဘဲ သွားလာကြရပါတယ်။ လမ်းတလျှောက်လည်း များပြားလှတဲ့ ဈေးဆိုင်တန်းတွေကြောင့် ပျင်းဖို့တောင် အချိန်မရ ဖြစ်ပြီး၊ ဘုရားတရားကို မနည်းပြန်အာရုံပြုရမယ့် အထိဖြစ်ပါလိမ့်မယ်။ ဈေးဆိုင်တွေတိုင်းမှာ လိုချင်စရာ ဒေသထွက်ကုန်တွေ၊ အိမ်တွင်းအလှဆင် ပစ္စည်းတွေ၊ ခရစ်ယာန်ဘာသာရေးဆိုင်ရာ အမှတ်တရပစ္စည်းတွေ၊ စားချင်စဖွယ် အစားအသောက်မျိုးစုံ တွေကို မြင်တွေ့ရကြလို့ပါ။ အဲ့ဒီဆိုင်တွေကြားတည်းမှာမှ Station လို့ခေါ်တဲ့ အမှတ်အသားနေရာလေးတွေကို ရောက်ရှိကြပါမယ်။ တချို့ဆို မထင်မရှားလိုတောင် ဖြစ်နေတယ်။ တချို့ကတော့ ဘုရားကျောင်းကြီးတွေထဲမှာ ဖြစ်ပါတယ်။ လူကတော့ အရမ်းကို များလွန်းပါတယ်။ ဒီနေရာကို ဘာသာရေးသက်ဝင်ယုံကြည်သူတွေ အများဆုံးလာကြတာဖြစ်လို့ ဘုရားဖူးအဖွဲ့လိုက် ဖြစ်နေတတ်တဲ့အတွက် တစ်ဖွဲ့မှာ လူပေါင်းများစွာနဲ့ လူအုပ်ကြီးတွေကို သူ့အဖွဲ့နဲ့သူ ရှေ့ဆင့်နောက်ဆင့် (တခါတလေ တပြိုင်နက် နှစ်ဖွဲ့ သုံးဖွဲ့ ဆုံမိ) သွားလာနေကြပါတယ်။ ခရီးသွားလုပ်ငန်းတွေရဲ့ ဆွဲဆောင်မှုတစ်ခုအနေနဲ့ အဖွဲ့တစ်ခုချင်းစီမှာ ထိပ်ဆုံးက ဦးဆောင်ပြီး လက်ဝါးကပ်တိုင် မကြီးမသေး အလတ်စားတွေ ကိုင်လို့သွားလာကြတာကိုလည်း ချစ်စဖွယ် တွေ့မြင်ရကြပါလိမ့်မယ်။ အမှတ်အသားနေရာလေးတွေမှာ နံပါတ်စဉ်လေးတွေ ရောမသင်္ကေတနဲ့ ထိုးပေးပြီး အမှတ်အသားပြုပေးထားတာမို့ လွယ်ကူစွာ ရှာတွေ့နိုင်ပါတယ်။


အမှတ်အသားနေရာ (၁) | ခရစ်တော်အပြစ်ဒါဏ်ချမှတ်ခံရရာ

ဒီနေရာကတော့ ယေရှုခရစ်တော်ကို ယဇ်ပုရောဟိတ်တွေ၊ လူအကြီးအကဲတွေ၊ ကျမ်းပြုဆရာတွေ စတဲ့ အပြစ်ရှာလိုသူတွေက ပိလတ်မင်း ဆီကို ပို့ဆောင်ပြီး အပြစ်စီရင်စေတဲ့ နေရာလို့ ဆိုနိုင်ပါတယ် (မာကု၊ ၁၅:၁)။ ထင်ထင်ရှားရှားရယ်လို့ အမှတ်အသားပြုထားတာ မတွေ့မိခဲ့ပါဘူး။ ဒီနေရာက ဂျေရုဆလင် က ရောမတပ်ချုပ် အန်တိုနီရားခံတပ်အတွင်းက ပရေရီတိုရီယမ် မှာ ရှိခဲ့တာပါ။ အခုခေတ်ဆိုရင်တော့ The AI Omariya ကျောင်းဝင်းအတွင်းမှာ ဖြစ်ပါတယ်။


အမှတ်အသားနေရာ (၂) | ခရစ်တော် ကားတိုင်စတင်ထမ်းရာ

ဒီနေရာကတော့ ယေရှုခရစ်တော်ကို အပြစ်ဒါဏ်ချမှတ်ပြီးနောက် လက်ဝါးကပ်တိုင် စပြီး ထမ်းရတဲ့နေရာ ဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလက အပြစ်ဒါဏ်ချမှတ်ခံရသူတွေဟာ ကိုယ့်ကို သတ်မဲ့ ကုန်းရှိရာဆီကို ကိုယ့်ကိုတင်မယ့် လက်ဝါးကပ်တိုင် အလေးကြီး ကိုယ်တိုင်ထမ်းမပြီး သွားကြရတယ်လို့ မှတ်သားဖူးပါတယ်။ ဒါကြောင့် ဒီနေရာမှာ လက်ဝါးကပ်တိုင် စပြီး ထမ်းရတာ ဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ အခုတော့ ဖရန်စစ္စကန် ဘုရားကျောင်းအဆောက်အအုံတစ်ခုကို မြင်တွေ့ကြရပါမယ်။ ကျွန်တော်တို့ ရောက်တဲ့နေ့ကတော့ အဲ့ဒီဘုရားကျောင်းအတွင်းမှာ ဝတ်ပြုနေကြလို့ ဝင်ရောက်လေ့လာခွင့် မရခဲ့ပါဘူး။ ဘုရားကျောင်းဝန်းအတွင်းပဲ လေ့လာခဲ့ကြရပါတယ်။ အဲ့ဒီနေရာကနေ စတင်ပြီး တောင်တက်သလို ကျောက်တုံးလေးတွေ ခင်းထားတဲ့ လမ်းတလျှောက် ကျွန်တော်တို့တတွေ စပြီး တက်လှမ်းကြရပါတယ်။


အမှတ်အသားနေရာ (၃) | ခရစ်တော် ပထမဆုံးအကြိမ် လဲကျရာ

လူတစ်ကိုယ်စာ တင်ဖို့ ထမ်းရတဲ့ လက်ဝါးကပ်တိုင်ဟာ အတော်ကြီးမားမယ်လို့ ကျွန်တော် ခံစားမိပါတယ်။ ဒီနေရာမှာတော့ ယေရှုခရစ်တော် ဟာ ပင်ပန်းကြီးစွာ သယ်မရင်း ပထမဆုံးအကြိမ် လဲကျခဲ့ပါတယ်။ အဲ့ဒီနေရာဟာ Dolorosa လမ်း နဲ့ El-Wad လမ်းထောင့် နေရာမှာဖြစ်ပြီး ပိုလန်ဘုရားကျောင်းကြီးတစ်ခု ထဲမှာ ဖြစ်ပါတယ်။ အဲ့ဒီနေရာအတွင်းကို ဝင်ရောက်ပြီး အမှတ်တရ ဖန်တီးထားတဲ့ ပန်းပုအနုပညာတွေကို လေ့လာကြည့်ရှုရင်း ခံစားနိုင်သလို၊ ဘုရားကျောင်း အထဲ နဲ့ အပြင်မှာ ဝတ်ပြုဆုတောင်းခြင်းအမှုတွေကိုလည်း လာရောက်လေ့လာကြတဲ့ ဘုရားဖူးခရီးသွားတွေ ပြုလုပ်လေ့ရှိကြပါတယ်။


အမှတ်အသားနေရာ (၄) | ခရစ်တော် နဲ့ မယ်တော် တွေ့ဆုံရာ

ဒီနေရာအဖြစ်အပျက်အကြောင်းကို ဓမ္မသစ်ကျမ်းစာထဲမှာ ဖော်ပြထားတာ မတွေ့ရပါဘူး။ ဒါပေမဲ့ ဒီနေရာကို အမှတ်အသားနေရာ (၄) ခုမြောက်အဖြစ် ယေရှုခရစ်တော် နဲ့ မယ်တော်မာရိ တို့ ဆုံတွေ့ပြီး မယ်တော် က သားဖြစ်သူကို နှစ်သိမ့်ရာ နေရာအနေနဲ့ ဘုရားဖူးခရီးသွားတွေဟာ လေ့လာ ဝတ်ပြုတာတွေ ပြုလုပ်ကြပါတယ်။ ဒီနေရာမှာလည်း အာမေနီးယန်းကတ်သလစ်ဘုရားကျောင်း တည်ရှိပြီး ခရစ်တော်နဲ့ မယ်တော် ဆုံတွေ့တဲ့ အမှတ်တရ အနုပညာဖန်တီးမှုတွေနဲ့ ဆင်ယင်ထားတာကို မြင်တွေ့ကြရပါမယ်။ အမှတ်အသားနေရာ (၃) နဲ့ အတော်လေး နီးနီးကပ်ကပ်ပဲ El-Wad လမ်းပေါ်တင် တည်ရှိနေပါတယ်။



အမှတ်အသားနေရာ (၅) | ကုရေနေပြည်သားတစ်ဦး ခရစ်တော့်ကားတိုင် အား ကူညီထမ်းပေးရာ

ဒီအမှတ်အသားပြုနေရာမှာတော့ ရှိမုန် ဆိုတဲ့ ခရီးသွားတစ်ယောက်ကို ယေရှုခရစ်တော် ရဲ့ လက်ဝါးကပ်တိုင်ကို ထမ်းစေခဲ့ပါတယ်။ အဲ့ဒီခေတ်ကာလက အပြစ်စီရင်ခံရသူတွေ လက်ဝါးကပ်တိုင် မထမ်းနိုင်တဲ့အခါ စစ်သားတွေဟာ နီးစပ်ရာ ခရီးသွားတစ်ဦးဦးကို အတင်းအကြပ် ဖမ်းဆီး တာဝန်ယူခိုင်းလေ့ရှိတယ်လို့ မှတ်သားဖူးပါတယ်။ ကုရေနေပြည်သား ရှိမုန် (ဆိုင်မွန်) ဟာ အဲ့အချိန် ခရီးသွားရင်း ဒီနေရာကို ရောက်လာတာပါ။ သူ့ကို ဖမ်းဆီးလို့ ယေရှုနောက်တော်မှာ လက်ဝါးကပ်တိုင်ကို ထမ်းစေခဲ့တာ ဖြစ်ပါတယ် (လုကာ၊ ၂၃:၂၆)။


အမှတ်အသားနေရာ (၆) | ခရစ်တော် ရဲ့ မျက်နှာတော်ရာပေါ်တဲ့ ပုဝါ

ကရာနိကုန်းဆီ သွားတဲ့လမ်းတလျှောက်မှာ ယေရှုခရစ်တော် ရဲ့ နောက်တော်လိုက် လူပေါင်းများစွာတို့ဟာ ကိုယ်တော့်အတွက် ငိုကြွေးမြည်တမ်းကြပါတယ်။ ယေရှုခရစ်တော် ကိုယ်တိုင်လည်း ပင်ပန်းကြီးစွာ သွေးတွေစီးကျလို့ ဖြစ်နေခဲ့ပါလိမ့်မယ်။ ဒီနေရာအရောက်မှာ ယေရှုခရစ်တော် လဲကျခဲ့မယ်လို့ ယူဆစရာရှိပါတယ်။ အဲ့ဒီအချိန် ယေရှုခရစ်တော် ရဲ့ ညီမ ဖြစ်သူ ဗာရိုနီကာ က သူ့မျက်နှာပေါ်က သွေးတွေကို ပုဝါနဲ့ အသာသုတ်ပေးတဲ့အခါ ခရစ်တော်ရဲ့ မျက်နှာတော် ဟာ ပုဝါပေါ်မှာ ဆေးရိုက်ထားသလို စွဲကျန်ရစ်ခဲ့တယ်လို့ သိရပါတယ်။ အခု ဒီနေရာမှာ ဂရိဘုရားကျောင်းငယ်လေးဖြစ်တဲ့ St. Veronica ဘုရားကျောင်း တည်ရှိနေပါပြီ။ ဒါပေမဲ့ ပုဝါကိုတော့ ဒီမှာ တွေ့မြင်နိုင်မှာ မဟုတ်ပါဘူး။ ခရစ်တော်မျက်နှာတော် (The Holy Face လို့ခေါ်ပါတယ်) ပေါ်တဲ့ ပုဝါ ကိုတော့ ရောမမြို့က St. Peter ဘုရားကျောင်းမှာ သိမ်းဆည်းထားလို့ ဖြစ်ပါတယ်။


အမှတ်အသားနေရာ (၇) | ခရစ်တော် ဒုတိယအကြိမ် လဲကျရာ

ဆီတွေရောင်းတဲ့ဈေး ရှိရာ Khan Al-Zeit လမ်း အလယ်လောက်မှာ တည်ရှိတဲ့ ဒီအမှတ်အသားနေရာမှာတော့ ဘုရားကျောင်းနှစ်ခု ဆက်လျက် တည်ရှိနေပါတယ်။ ဘုရားကျောင်းနှစ်ခုကို မိုးပျံလှေကားလေးနဲ့ ဆက်သွယ်ထားပါတယ်။ ဒီနေရာမှာ ယေရှုခရစ်တော်ဟာ လက်ဝါးကပ်တိုင်ရဲ့ အလေးချိန်ကြောင့် မခံနိုင်ဘဲ ဒုတိယအကြိမ် လဲကျခဲ့ပါတယ်။ ဒီနေရာဟာ အရင်က အပြစ်သားတွေနဲ့ သူတို့ပြစ်ဒါဏ်တွေကို ကြေငြာချက်ကပ်ရာနေရာဖြစ်မယ်လို့ ယူဆခဲ့ပြီး ဒီဂိတ်ပေါက်က ဖြတ်လို့ မြို့ကိုချန်ခဲ့ပြီး ယေရှုခရစ်တော်ဟာ Golgotha (ဦးခေါင်းခွံအရပ်) ကို သွားတာဖြစ်ပါတယ်။


အမှတ်အသားနေရာ (၈) | ခရစ်တော် မှ ငိုကြွေးသူ ဂျေရုဆလင်အမျိုးသမီးများကို နှစ်သိမ့်ရာ

ဒီနေရာကတော့ ဂျေရုဆလင်က ခရစ်ယာန်တွေနေထိုင်ရာ ရပ်ကွက်ဆီ သွားတဲ့ အဓိက လမ်းမကြီးပေါ် Aqabat Al-Khanqah ရဲ့ ညာဘက်ထောင့်မှာ တည်ရှိပါတယ်။ အမှတ်အသားနေရာ (၇) နဲ့ နီးနီးကပ်ကပ်ပဲ ရှိနေတာမို့ သိပ်ရှာစရာ မလိုဘဲ တွေ့မြင်ရပါတယ်။ အမှတ်အသားကိုတော့ ကျောက်သားနံရံကြီးပေါ်မှာ တွေ့မြင်ကြရပါတယ်။ အဲ့ဒီနံရံကြီးရဲ့ နောက်မှာ ဂရိဘုရားကျောင်းကြီး ရှိပါတယ်။

“ထိုသူတို့ကို ယေရှုသည် လှည့်ကြည့်၍ ယေရုရှလင်မြို့သမီးတို့၊ ငါ့ကြောင့် မငိုကြွေးကြနှင့်။ မိမိတို့နှင့် မိမိတို့သားများကြောင့် ငိုကြွေးကြလော့။” (လုကာ၊ ၂၃:၂၈)


အမှတ်အသားနေရာ (၉) | ခရစ်တော် တတိယအကြိမ် လဲကျရာ

ဒီနေရာလေးကို သိပ်သဘောကျတာ။ ဂိတ်အခုံးလေးလှလှလေးတစ်ခု ရှိတယ်။ အဲ့ဒီနေရာနားက ကျောက်သားနံရံပေါ်မှာ အမှတ်အသား လုပ်ပေးထားတယ်။ ဘုရားဖူးအဖွဲ့တွေက ဒီနံရံနားလေး ကပ်ကပ်ပြီး ဆုတောင်းဝတ်ပြုကြတယ်။ အနားမှာ ဂရိဘုရားကျောင်းလေးတွေ ရှိတယ်။ ဒီနေရာမှာ ယေရှုခရစ်တော် တတိယအကြိမ် လဲကျပြီး အဲ့ဒီကနေ လက်ဝါးကပ်တိုင်ပေါ် တင်မဲ့နေရာကို သူ လှမ်းမြင်ရတယ်လို့ သိရပါတယ်။


အမှတ်အသားနေရာ (၁၀) | ခရစ်တော် ရဲ့ အဝတ်တော်ကို ချွတ်ရာ

ဒီနေရာက စလို့ ဖော်ပြမယ့် ၅ နေရာဟာ ဘုရားကျောင်းကြီး တစ်ခုတည်းမှာပဲ ဖြစ်သွားပါပြီ။ The Holy Sepulcher အမည်ရှိတဲ့ ဘုရားကျောင်းကြီးအတွင်းမှာ တည်ရှိတာပါ။ ဂျေရုဆလင်က သိတဲ့အတိုင်း ခရစ်ယာန်ရပ်ကွက်၊ မူဆလင်ရပ်ကွက်၊ ဂျူးရပ်ကွက် စသဖြင့် သူ့အုပ်စုနဲ့သူ စုနေထိုင်ကြတာမျိုးပါ။ The Holy Sepulcher ဘုရားကျောင်းကြီးဟာ ဂျေရုဆလင် ရဲ့ ခရစ်ယာန်ရပ်ကွက်အလယ်မှာ တည်ရှိနေပါတယ်။ ကျွန်တော်တို့ဟာ အမှတ်အသားနေရာ (၉) ကနေ ဒီ ဘုရားကျောင်းကြီးဆီကို ဈေးတန်းကြီးကို ဖြတ်လို့ လာခဲ့ရပါတယ်။ အဲ့ဒီဘုရားကျောင်းဝန်းကျင်နေရာ အားလုံးဟာလည်း ဈေးဆိုင်တွေ၊ စားသောက်ဆိုင်တွေနဲ့ စည်ကားနေသလို၊ ဘုရားကျောင်းထဲ ဝင်ဖို့ ကြိုးစားနေကြတဲ့ လူပေါင်းများစွာနဲ့ ကြုံတွေ့ကြရပါတယ်။ ဒီ The Holy Sepulcher ဘုရားကျောင်းနေရာမှာပဲ ယေရှုခရစ်တော်ဟာ အသက်စွန့်ခဲ့တယ်။ မြုပ်နှံခံခဲ့တယ်။ ရှင်ပြန်ထမြောက်ခဲ့တယ်လို့ ဆိုရပါမယ်။ အခု အမှတ်အသားနေရာ (၁၀) မှာတော့ ယေရှုခရစ်တော် ရဲ့အဝတ်တော်ကို ချွတ်ယူခဲ့ကြပါတယ်။


အမှတ်အသားနေရာ (၁၁) | ခရစ်တော် ကို လက်ဝါးကပ်တိုင်ပေါ် သံရိုက်ရာ

“လက်ဝါးကပ်တိုင်မှာ ရိုက်ထားပြီးလျှင် အဝတ်တော်ကို စာရေးတံချ၍ အသီးသီးတို့အား ခွဲဝေကြ၏။ ကိုယ်တော်ကို လက်ဝါးကပ်တိုင်မှာ ရိုက်ကြသောအချိန်ကား၊ နံနက်တစ်ချက်တီး အချိန်ဖြစ်သတည်း။” (မာကု၊ ၁၅:၂၄-၂၅)

The Holy Sepulcher ဘုရားကျောင်းကြီးအတွင်းက နံရံနဲ့ မျက်နှာကျက်တွေပေါ်မှာ သိပ်လှတဲ့ Mosaics ဖန်တီးမှုတွေနဲ့ လွှမ်းခြုံနေပါတယ်။ ဝမ်းနည်းကြေကွဲစရာကောင်းတဲ့ ခံစားမှုက လှိုက်ခနဲ တက်လာလိမ့်မယ်။ ဘုရားဖူးခရီးသွားများစွာဟာ စိတ်အားထက်သန်စွာနဲ့ တိုးဝှေ့နေကြတာ မြင်ရတော့ ကြည်နူးသလိုလို ဖြစ်လာမယ်။ ကျွန်တော်ဆိုလည်း ကျမ်းစာထဲကနေ နေရာကို တကယ်ရောက်နေပါလား ဆိုပြီး ပီတိခံစားရတယ်။ ခရစ်တော် ကို ကားတိုင်မှာ လက်နဲ့ခြေကို သံနဲ့ စွဲရိုက်ရာနေရာ မှာတော့ ပန်းချီသရုပ်ဖော်မှုကြီးကို မြင်တွေ့ရပါလိမ့်မယ်။ ဒီနေရာကို ရိုမန်ကတ်သလစ်အဖွဲ့တွေက စောင့်ရှောက်ကွပ်ကဲနေတာကို သတိပြုမိပါတယ်။


အမှတ်အသားနေရာ (၁၂) | ခရစ်တော် ကားတိုင်ထက် အသက်စွန့်ရာ

ကရာနိကုန်းပေါ် ကားတိုင်ထောင်ပြီး လက်ဝါးကပ်တိုင် ပေါ် ချိတ်ဆွဲခံလို့ အသက်စွန့်ခဲ့ရာနေရာကိုလည်း The Holy Sepulcher ဘုရားကျောင်းကြီးထဲမှာပဲ မြင်တွေ့ရပါတယ်။ ဒီနေရာတောက်လျောက်ကတော့ လူကို ကြိတ်ကြိတ်တိုးနေတာပါ။ ဓါတ်ပုံကင်မရာ ထုတ်ဖို့တောင် အတော် ခက်ခဲလောက်အောင် ကျောချင်းထိလုနီးပါး တန်းစီ လျှောက်ကြရပါတယ်။ အတွင်းမှာ မှောင်လို့ ဓါတ်ပုံရိုက်ရတာ အခက်အခဲရှိပါတယ်။ ခုနောက်ပိုင်း ဖုန်းကင်မရာတွေနဲ့ဆိုရင်တော့ ပိုအဆင်ပြေနိုင်ပါတယ်။ ဒီနေရာကိုတော့ ဂရိအော်သိုဒေါ့စ်အဖွဲ့က စောင့်ရှောက်ကွပ်ကဲတယ်လို့ သိရပါတယ်။ ခရစ်တော် ရဲ့ လက်ဝါးကပ်တိုင် ထောင်ခဲ့ရာ နေရာအတိအကျကို သေချာအမှတ်အသားပြုပေးထားကို လေ့လာတွေ့ရှိရပါတယ်။

“ယေရှုသည် ပုံးရည်ကို ခံပြီးမှ၊ အမှုပြီးပြီ ဟု မိန့်တော်မူလျက် ခေါင်းတော်ကို ငိုက်ဆိုက်ညွှတ်၍ အသက်တော်ကို စွန့်တော်မူ၏။” (ယောဟန်၊ ၁၉:၃၀)


အမှတ်အသားနေရာ (၁၃) | ခရစ်တော် အား လက်ဝါးကပ်တိုင်မှ ဆောင်ယူရာ

ဒီအမှတ်အသားနေရာကတော့ ယေရှုခရစ်တော်ကို လက်ဝါးကပ်တိုင်ကနေ ပြန်ဆောင်ယူလို့ သူ့မိခင် မယ်တော်မာရိ ထံ ခန္ဓာကို ပေးအပ်တဲ့နေရာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီနေရာက ကျောက်ဖျာကြီးပေါ်မှာ ယေရှုခရစ်တော် ရဲ့ ခန္ဓာကိုယ်ကို ဆီမွှေး၊ နံ့သာမျိုးတို့နဲ့ လိမ်းကျံခဲ့ပါတယ်။ ပိတ်ဖြူနဲ့ ပတ်ရစ်တယ်။ အဲ့ဒီကျောက်ဖျာကြီးကို လာရောက်ကြတဲ့ ဘုရားဖူးတွေဟာ ထိတွေ့ပွတ်သပ်ကိုင်တွယ်ပြီး ဆုတောင်းဝတ်ပြုခြင်းအမှုကို အထူးပြုကြတာ သတိပြုမိပါတယ်။ ယေရှုခရစ်တော် ကားစင်တင်တဲ့နေ့ဟာ အဖိတ်နေ့ ဖြစ်တာမို့ နောက်ရက်ဟာ ဥပုသ်နေ့ ဖြစ်တဲ့အတွက် ပိလတ်မင်း ဟာ အလောင်းတွေကို လက်ဝါးကပ်တိုင်မှာ မရှိစေချင်လို့ ချက်ချင်း ယူသွားစေပါတယ်။ ဒီအချိန်မှာ ယေရှုခရစ်တော်ကို ယုံကြည်သူ အရိမသဲမြို့သား ယောသပ် က ပိလတ်မင်းဆီ ဝင်ပြီး ယေရှုရဲ့ အလောင်းကို ပေးဖို့ တောင်းခဲ့တယ်။ ပြီးတော့ ရှေ့မှာပြောသလို ပြင်ဆင်ကြပြီး ဥပုသ်နေ့ဝင်ချိန်လည်း နီးနေတာကြောင့် အဲ့ဒီလက်ဝါးကပ်တိုင်ရိုက်တဲ့အရပ်နားက ဥယျာဉ်တစ်ခုက ကျောက်ကိုထွင်းပြီး ပြုလုပ်ထားတဲ့ သင်္ချိုင်းတွင်းအသစ်ထဲမှာပဲ အလောင်းထားဖို့ စီစဉ်ခဲ့ကြပါတယ်။


အမှတ်အသားနေရာ (၁၄) | ခရစ်တော်အား မြှုပ်နှံရာ (သို့) ရှင်ပြန်ရာ

အဖိတ်နေ့ ကုန်ခါနီး ဥပုသ်နေ့ဝင်တော့မှာဖြစ်လို့ ဥပုသ်နေ့မှာ အလုပ်မလုပ်ရတဲ့အတွက် လက်ဝါးကပ်တိုင်ရိုက်ရာနေရာ အနီးက ဥယျာဉ်ထဲမှာပဲ ယေရှုခရစ်တော်ကို မြှုပ်နှံခဲ့ကြတယ်။ သင်္ချိုင်းတွင်းရဲ့ အဝကို ကျောက်တုံးကြီးနဲ့ ပိတ်ခဲ့တယ်။ ဒါကြောင့်မို့လို့ အမှတ်အသားနေရာ (၁၄) ဟာ အမှတ်အသားနေရာ (၁၃) နဲ့ သိပ်မဝေးဘဲ တည်ရှိနေတာဖြစ်ပါတယ်။ ဒီသင်္ချိုင်းဂူထဲကို ဝင်ရောက်ဖို့ ကြိုးစားတန်းစီနေကြတဲ့ ဘုရားဖူးခရီးသွားတွေ အများအပြားကို မြင်တွေ့ရလိမ့်မယ်။ အတွင်းမှာတော့ အနည်းငယ် ကျဉ်းမြောင်းပါတယ်။ အခုတော့ အပြင်အဆင်ခပ်များများနဲ့ တွေ့မြင်ကြရပါလိမ့်မယ်။ မာဘယ်လ်ကျောက်တွေနဲ့ ပြုပြင်မွမ်းမံမှုတွေကို ၁၅၅၅ ခုနှစ်လောက်က ပြုလုပ်ခဲ့ကြပါတယ်။ မီးတိုင် ၄၂ ခု ကို နေ့ ည မပြတ် ထွန်းညှိပူဇော်ထားတာ တွေ့ရပါမယ်။ ဒီနေရာကို လက်တင်၊ ဂရိ နဲ့ အာမေးနီးယန်း အဖွဲ့တွေက ဆယ့်သုံးရက်တစ်ခါ အလှည့်ကျတာဝန်ယူ စောင့်ရှောက်တယ်လို့ သိရပါတယ်။ ယေရှုခရစ်တော်ကို မြှုပ်နှံပြီးတဲ့နောက် ၃ ရက်အကြာမှာ ရှေးက နိမိတ်ဟောပြောခဲ့တဲ့အတိုင်း ရှင်ပြန်ထမြောက်ခဲ့ပါတယ်။ ဥပုသ်နေ့အပြီးမှာ ယုံကြည်သူအမျိုးသမီးတွေဟာ အလောင်းကို နံ့သာမျိုးနဲ့ ပြင်ဆင်ဖို့အတွက် လာရောက်ခဲ့ကြပါတယ်။ အဲ့ဒီအချိန်မှာ သင်္ချိုင်းကို ပိတ်ထားတဲ့ ကျောက်တုံးကြီးက ပွင့်နေခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီအချိန်မှာ ယေရှုခရစ်တော် က ပြန်ရှင်မယ်ဆိုတဲ့ တရားဟောချက်ကြောင့် သူ့ကို မကျေနပ်သူတွေက မင်းအာဏာရှိသူတွေကို တောင်းဆိုပြီး အစောင့်တွေ ထားခိုင်းခဲ့တာပါ။ ဒါပေမဲ့ အမျိုးသမီးတွေလာတဲ့အချိန်မှာ အလောင်းကိုလည်း မတွေ့ရတော့ပါဘူး။ ဒီအချိန် ကောင်းကင်တမန် နှစ်ပါး ပေါ်လာပြီး ရှင်ပြန်ထမြောက်ကြောင်း သတင်းစကားပြောကြားခဲ့ပါတယ်။

“ဤအရပ်၌မရှိ၊ ရှင်ပြန်ထမြောက်တော်မူပြီ။ လူသားသည် ဆိုးသောသူတို့လက်သို့ အပ်နှံခြင်း၊ လက်ဝါးကပ်တိုင်မှာ အသေသတ်ခြင်းကို ခံရမည်၊ သုံးရက်မြောက်​သောနေ့၌ ရှင်ပြန်ထမြောက်လိမ့်မည် ဟု ဂါလိလဲပြည်၌ ရှိတော်မူစဉ် သင်တို့အား မိန့်တော်မူသော စကားကို အောက်မေ့ကြဦး ဟု ဆိုကြသည်” (လုကာ၊ ၂၄:၆-၇)။


ဒီနေ့ သမ္မာကျမ်းစာထဲ ခရီးသွားခြင်း ကတော့ နည်းနည်း ဖတ်ရ များသွားမယ် ထင်ပါတယ်။ ဒီအမှတ်အသားနေရာ (၁၄) ခုလုံးဆီ သေချာအချိန်ယူလေ့လာရတာဟာလည်း ယုံကြည်သူ ခရစ်ယာန်တွေ အထူးအလေးအမြတ်ထားတဲ့ ကိစ္စရပ်ပါပဲ။ တချို့သူတွေ ပြောဆိုကြသလို ခရစ်တော် ဟာ အသေဆိုးနဲ့ သေခဲ့တာ ဘုရား တဲ့လား ပြောဆိုမှုရှိပေမဲ့ ခရစ်ယာန်တွေအားလုံးကတော့ အဖြေကို သိထားကြပြီးဖြစ်ပါတယ်။ အာဒံကနေ ဆင်းလာတဲ့ ပြစ်ကြွေးအားလုံးအတွက် ခရစ်တော်ဟာ အစဦးကတည်းကနေ ဒီလိုဖြစ်ဖို့ သိရှိနိမိတ်ပေးခဲ့ပြီး ကျွန်တော်တို့ ရှိသမျှ အပြစ်ကြွေးတွေကို ယူတင်ခံယူလို့ အသက်စွန့်သွားခဲ့တာဖြစ်ပါတယ်။ သေခြင်းကို အောင်နိုင်ခြင်းရှိခဲ့တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ခရစ်ယာန်ဘာသာဝင်တွေက ကိုးကွယ်ဆည်းကပ်ကြတာပဲ ဖြစ်ပါတယ်။ တခြားဘာသာဝင်တွေရဲ့ အမြင်မှာတော့ တစ်မျိုးဖြစ်နိုင်ပါလိမ့်မယ်။ ဘယ်လိုအကြောင်းပဲ ရှိရှိ ဖတ်ရှုပေးတဲ့ တစ်ဦးချင်းကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။ တစ်ဦးချင်းစီအပေါ် ဘုရားသခင်ရဲ့ ကောင်းကြီးမင်္ဂလာ သက်ရောက်ပါစေ။


အားလုံး ကပ်ရောဂါဘေးက ကင်းဝေးလို့ စိတ်ရွှင်လန်းချမ်းသာကြပါစေခင်ဗျာ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

bottom of page