သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၄) | ယေရှုခရစ်တော်ရဲ့ ငယ်ဘဝ နာဇရက်မြို့လေး တခွင်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သမ္မာကျမ်းစာ ထဲ ခရီးသွားခြင်း (၄) | ယေရှုခရစ်တော်ရဲ့ ငယ်ဘဝ နာဇရက်မြို့လေး တခွင်

ဒီနေ့ (Nazareth) နာဇရက်မြို့ဘက် လည်မယ်လို့ ပြောတော့ ကျွန်တော် တော်တော်လေး စိတ်လှုပ်ရှားခဲ့တယ်။ ကျမ်းစာထဲမှာ အကြိမ်ကြိမ် သတိပြုမိဖူးတဲ့ အမည်နာမ တစ်ခုမို့ပါ။ ပြီးတော့ မြန်မာမှုပြု ကျမ်းစာထဲက အမည်နာမတွေက အပြင်လက်တွေ့နဲ့ ကွာနေတတ်တာများတယ်။ ဒီမြို့နာမည်လေးကတော့ လုံးဝ တူနေတာလေးက ထူးခြားမှုပါပဲ။ ဒါကြောင့်လည်း ပိုရင်းနှီးသလို ဖြစ်နေတာလို့ ထင်မိပါတယ်။ နာဇရက်မြို့လေးဟာ ယေရှုခရစ်တော် ရဲ့ မွေးရပ် မဟုတ်ခဲ့ပေမဲ့ ငယ်ဘဝ ဖြတ်သန်းရာ မြို့လေးမို့ သွားလာရင်း စိတ်ကူးယဉ်ကြည့်နိုင်ပါတယ်။ တခြားသော အစ္စရေးမြို့ပြတွေနဲ့ ပုံစံကွဲပြားမှုကို မြင်တွေ့ရတာကလည်း ဒီမြို့လေးရဲ့ ထူးခြားမှုလို့ ဆိုနိုင်ပါတယ်။


မာတိကာ

  • နာဇရက်မြို့လေး

  • The Church of the Annunciation

  • The Church of St. Joseph



နာဇရက်မြို့လေး

အစ္စရေး ဘုရားဖူးခရီးစဉ်တုန်းက လိုက်ပြီး ရှင်းလင်းပြသပေးတဲ့ ဒေသခံဧည့်လမ်းညွှန် က နာဇရက်မြို့သားလို့ သိရတယ်။ သူက နာဇရက်ကို မြို့သေးလေး လို့ ခေါ်ခဲ့တာ သတိပြုမိတယ်။ အစ္စရေး ရဲ့ တခြားမြို့ကြီးတွေနဲ့ မတူဘဲ သူဟာ ယဉ်ကျေးမှုဓလေ့စရိုက်ပုံစံကွဲလေး တစ်မျိုးနဲ့ ရှင်သန်နေတဲ့ မြို့လေးပါ။ မြို့သေးလေးဆိုပေမဲ့ အိမ်ခြေနည်းနည်း လူနည်းနည်းမဟုတ်ပါဘူး။ အတော်ကျယ်ပြန့်သလို လူစည်ကားပါတယ်။ အဆောက်အဦးတိုက်တာတွေလည်း အတော်များနေပါပြီ။ ရောမတွေ ဂယ်လိလီဒေသကို အုပ်စိုးစဉ်ကာလကဆို ဂျူးလူမျိုးတွေနေထိုင်ရာ ဆိတ်ငြိမ်ရွာလေးတစ်ရွာ လောက်ပဲ ရှိခဲ့တာပါ။ နာဇရက်မြို့လေး ဘာကြောင့် ခရီးသွား များရသလဲဆိုရင်တော့ ဒီအရပ်မှာ ကောင်းကင်တမန် ဂါဗြေလ (Gabriel) က မယ်တော်ဖြစ်လာမဲ့ မာရိ (Mary) ကို ယေရှုခရစ်တော် ကို ဖွားမြင်မဲ့အကြောင်း သတင်းပြောကြားခဲ့တဲ့ အရပ် ဖြစ်လို့လည်း အထူးစိတ်ဝင်စားကြတာ ဖြစ်ပါတယ်။ (လုကာ ၁:၂၆-၃၈)။ ဒါ့အပြင် သမ္မာကျမ်းစာနဲ့ဆက်စပ်နေတဲ့ အကြောင်းအရာပေါင်းများစွာကြောင့်လည်း ဘုရားဖူးဧည့်သည်တွေရော၊ သမိုင်းလေ့လာသူတွေရော ရဲ့ အကြိုက်တွေ့နေရာဖြစ်နေတာပါ။ ခရစ်တော် ဗက်သလင်ဟမ် (ဗက်လင်မြို့) မှာ မွေးဖွားချိန်မှာ နန်းလုမဲ့ ဘုရင်လို့ အမှတ်မှားပြီး ဟေရုဒ်မင်းကြီး က သတ်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ နှစ်နှစ်အရွယ်ကနေ အောက် ရှိသမျှ ကလေးတွေကို သုတ်သင်စေတဲ့အထိ လုပ်ဆောင်ခဲ့တာပါ။ ဒီအချိန်မှာ ခရစ်တော်ရဲ့ မိသားစုဟာ အီဂျစ်ပြည်မှာ တိမ်းရှောင်နေခဲ့ရပြီး ဟေရုဒ်မင်းကြီး ကွယ်လွန်ပြီး သူ့သားတော် နန်းတတ်ပြီဆိုမှ အဲ့ဒီဘက်ကို မပြန်ဘဲ ဂယ်လိလီဒေသ ကို လာခဲ့ကြပါတယ်။ ပြီးတော့ ဒီ နာဇရက်မြို့မှာ အမြဲနေကြတယ်လို့ ကျမ်းစာက ဖော်ပြပါတယ်။ “ခရစ်တော်ကို နာဇရက်လူ ဟု ခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက်အမည်ရှိသောမြို့သို့ ရောက်၍ အမြဲနေလေ၏။” (မဿဲ ၂:၂၃)။


နာဇရပ်ဟာ အစ္စရေးမှာဆိုရင် အကြီးမားဆုံး အာရပ်တွေနေထိုင်ရာမြို့လို့ ဆိုနိုင်ပါတယ်။ မြို့သစ် ဖွံ့ဖြိုးမှုက ကြီးမားကျယ်ပြန့်ရှုပ်ထွေးနေသလို၊ မြို့ဟောင်း (Old Town) မှာလည်း ခရီးသွားဧည့်သည်တွေနဲ့ ပြည့်နေတတ်ပြီး လမ်းဘေး ကော်ဖီဆိုင်လေးတွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ၊ မုန့်ဆိုင်တွေ နဲ့ စည်ကားနေတာမျိုးပါ။ နာဇရက်မြို့အကြောင်းကို ဓမ္မဟောင်းကျမ်းမှာတော့ မတွေ့ရှိရဘဲ ဓမ္မသစ်ကာလမှာတော့ တွေ့ကြရပါတယ်။ ဂျူးလူမျိုးတွေရဲ့ပုန်ကန်မှုအပြီးမှာ ရောမအင်ပါရာက ဂျူးလူမျိုးတွေအားလုံးနီးပါး ပယ်ရှင်းခဲ့ပါသေးတယ်။ ဒီ့နောက်မှာ ရောမအင်ပါရာကြီးတစ်ခုလုံးဟာလည်း ခရစ်ယာန်ဘာသာ သက်ဝင်မှုဖြစ်လာပြီး ၄ ရာစုလောက်ကစလို့ ယေရှုခရစ်တော် နဲ့ မယ်တော်မာရိတို့နဲ့ ဆက်နွယ်တဲ့ ဘုရားကျောင်းနဲ့ ဘာသာရေးအဆောက်အအုံတွေ ပေါ်ပေါက်လာကြပါတယ်။ ဒီနေ့ခေတ် နာဇရက်မြို့မှာတော့ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းများစွာ နဲ့အတူ အစ္စလာမ်ဘာသာဝင်တွေ၊ ဂျူးဘာသာဝင်တွေ ရှိနေကြပါပြီ။ ရှေးဟောင်းမြို့ဝန်းကျင်မှာတော့ ဘုရားကျောင်းတွေ၊ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေ၊ တည်းခိုခန်း နဲ့ စာသင်ကျောင်းများစွာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ လမ်းလေးတွေက ခပ်ကျဉ်းကျဉ်းလေးတွေဖြစ်ပြီး ကျွန်တော်တို့ဆီက ကလောမြို့လေးလိုပဲ တောင်တက်တောင်ဆင်း လမ်းလေးတွေမှာ လျှောက်သွားလေ့လာကြရတာမျိုးပါ။ လွန်ခဲ့တဲ့ နှစ် ၂၀၀၀ လောက်က မြေပိုက်တွေနဲ့ ဖန်တီးထားတဲ့ ရေချိုးခန်းလေးတွေလည်း ရှိတယ်ဆိုပါတယ်။ ကျွန်တော်တော့ မရောက်ခဲ့ပါ။


နာဇရက်ကို လည်ဖို့အကောင်းဆုံးအချိန်က ဧပြီ၊ မေ၊ စက်တင်ဘာ နဲ့ အောက်တိုဘာလတွေပါ။ ရာသီဥတုလည်း နွေးပြီး မိုးနဲ့ နှင်းလည်း ကင်းပါတယ်။ နွေရာသီဖြစ်တဲ့ ဇွန်လ ကနေ သြဂုတ်လ အထိတော့ အတော်ပူအိုက်ပြီး နေ့တာလည်း အရမ်းရှည်ပါတယ်။ ညဆို မိုးချုပ်ချိန်ထိ မမှောင်တာမျိုး ဖြစ်ပါတယ်။ ဆောင်းတွင်းဘက်လည်း နှင်းကျ စိုစွတ်နေတတ်ပါတယ်။ နာဇရက်မှာတော့ ဂျူးလူမျိုးတွေရဲ့ ဥပုသ်ရက်တွေမှာတောင် ဆိုင်တွေ ဖွင့်တတ်ကြပေမဲ့ တနင်္ဂနွေနေ့မှာတော့ စတိုးဆိုင် နဲ့ စားသောက်ဆိုင် အများစု ပိတ်ကြပါတယ်။


The Church of the Annunciation

ဒီ The Church of the Annunciation ဘုရားကျောင်းတည်ဆောက်ထားရာ နေရာကို မယ်တော်မာရိ ရဲ့ ငယ်ဘဝ နေအိမ်နေရာလို့လည်း ဆိုကြပါတယ်။ ဒီနေရာမှာ ကောင်းကင်တမန် ဂါဗြေလ (Gabriel) ဟာ မာရိ ကို ယေရှုခရစ်တော် ရဲ့ ကိုယ်ဝန်ဆောင်မဲ့အကြောင်း သတင်းကြားပြောခဲ့တာဖြစ်လို့ Annunciation လို့ နာမည်ခေါ်ဝေါ်တာလည်း ဖြစ်ပါတယ်။ “ကောင်းကင်တမန်ကလည်း၊ မာရိ၊ ကြောက်ရွံခြင်းမရှိနှင့်။ သင်သည် ဘုရားသခင့် ရှေ့တော်၌ မျက်နှာရပြီ။ သင်သည် ပဋိသန္ဓေစွဲယူ၍ သားယောကျ်ားကို ဖွားမြင်လိမ့်မည်။ ထိုသားကို ယေရှုအမည်ဖြင့် မှည့်ရမည်။” (လုကာ ၁:၃၀-၃၁)


ဘုရားကျောင်းကြီးက အတော်ကြီးမားပါတယ်။ နာဇရက်မြို့ ဘယ်ကနေကြည့်ကြည့်တောင် မြင်ရမလားဘဲ။ ဘုရားကျောင်းကြီး က ရိုမန်ကတ်သလစ်ဘုရားကျောင်းဖြစ်ပါတယ်။ ပထမတုန်းက ဘုရားကျောင်းငယ်လေး ဖြစ်ပြီး ရောမ ဘိုင်ဇန်တိုင်းလက်ထက် မှာ ဒုတိယမြောက်ဘုရားကျောင်းကို ထပ်တည်ဆောက်ခဲ့ကြပါတယ်။ တတိယဘုရားကျောင်းကိုတော့ ခရူးဆိတ်ကာလအတွင်း တည်ဆောက်ခဲ့ကြပြီး စတုတ္ထမြောက်ဘုရားကျောင်းကြီး ကိုတော့ ၁၈၇၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပါတယ်။ နှစ်ထပ် အနေနဲ့ ဖြစ်လာပြီး အောက်ထပ်မှာတော့ သန့်ရှင်းသောလိုဏ်ဂူ တစ်ခု ဝတ်ပြုရာအဖြစ်တည်ဆောက်ထားပြီး အပေါ်ထပ်မှာ ရိုမန်ကတ်သလစ်ဘုရားဝတ်ပြုရာခန်းမကြီး ရှိပါတယ်။ အထူးခြားဆုံးကတော့ ဘုရားကျောင်းဝန်းထဲ အပြင်ဘက် လူလျှောက်လမ်းနံရံပတ်လည်မှာ နိုင်ငံအစုံကိုယ်စားပြု မယ်တော်မာရိ နဲ့ သူငယ်တော်ယေရှု ရဲ့ ပုံတော်တွေကို Mosaics တွေ ကျောက်ပြားတွေနဲ့ ဖန်တီးထားတာကို မြင်တွေ့ကြရတာပါပဲ။ တော်တော်ကို ပန်းချီလက်ရာတွေများပြားပါတယ်။ ဘုရားကျောင်းအတွင်းမှာလည်း လေ့လာစရာ ဘာသာရေးနဲ့ နွယ်တဲ့ အနုပညာလက်ရာတွေ အများအပြား မြင်တွေ့ကြရပါသေးတယ်။ အောက်ဘက်က သန့်ရှင်းသောလိုဏ်ဂူ လေးကို တော့ ဧည့်သည်တွေဟာ တန်းစီလို့ ကြည့်ရှု ဝတ်ပြုကြရပါတယ်။


The Church of St. Joseph

ယေရှုခရစ်တော် ရဲ့ လောကဖခင် ယောသပ် (ဂျိုးဇက်) အတွက် ရည်ရွယ်တည်ဆောက်ထားတဲ့ The Church of St. Joseph ကို The Church of Annunciation ရဲ့ တစ်ဘက်ခြမ်းမှာ တစ်ဆက်တည်း သွားရောက်လေ့လာနိုင်ပါတယ်။ ဝန်းတစ်ခုတည်းပါပဲ။ ဘုရားကျောင်းကို ယောသပ် ရဲ့ လက်သမားလုပ်ငန်းခွင် ရှိခဲ့ရာလိုဏ်ဂူပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး မြေအောက်ခန်းကို ဆင်းလို့ လေ့လာနိုင်တာဟာလည်း ထူးခြားချက်တစ်ခုပါ။ ဒီဘုရားကျောင်းကိုတော့ ၁၉၁၄ ခုနှစ်မှာ အရင်ရှိပြီးသား ဘုရားကျောင်းတွေပေါ် တည်ဆောက်လိုက်တာ ဖြစ်ပါတယ်။ The Church of Annunciation ကနေ The Church of St. Joseph ကို သွားတဲ့လမ်းမှာ သူတော်စင်ကြီးယောသပ် (စိန့်ဂျိုးဇက်) ကြေးရုပ်တုကြီးကို မြင်တွေ့ကြရပါတယ်။ အဲ့ဒီ ကြေးရုပ်ကြီးရှေ့မှာ ကျန်းမာရေးအတွက် ဆုတောင်းကြသူများလည်း ရှိကြပါတယ်။ ဒူးခေါင်းလေးကို ပွတ်ပြီး ဆုတောင်းကြတာကြောင့် ရုပ်တုရဲ့ ဒူးနှစ်ဘက်ဟာ ပြောင်လက်နေပါတယ်။


နာဇရက်မြို့မှာ ဒီနေရာတွေကို အဓိကထား သွားလေ့လာကြပါတယ်။ ဈေးဝယ်စရာဆိုင်နဲ့ ဈေးတွေလည်း ရှိလို့ အာရုံကတော့ အတော်စုစည်းမရတာမျိုးပါ။ စားချင်စရာလေးတွေ၊ ကော်ဖီဆိုင်လေးတွေကလည်း ဆွဲဆောင်ပါတယ်။ နာဇရက်သားတွေ ကော်ဖီဆိုင်ထိုင်ရင်း ကစားနည်းတစ်မျိုးကို ကစားနေကြတာတွေလည်း မြင်ကြရပါမယ်။ အထက်က နေရာတွေအပြင် The Church of the Synagogue နဲ့ The Church of St. Gabriel & Mary’s Well ဆိုတဲ့နေရာတွေလည်း သွားလေ့လာနိုင်ပါသေးတယ်။ The Church of Annunciation နဲ့ The Church of St. Gabriel & Mary’s Well ကတော့ ဒွိဟဖြစ်စရာပါပဲ။ Mary’s Well မာရိရေခပ်ရာ ရေတွင်းကိုတော့ The Church of St. Gabriel ဘုရားကျောင်းထဲမှာ မြင်တွေ့ကြရမှာပါ။


နာဇရက်မြို့လေးက အတော်ချစ်စရာကောင်းတဲ့ တောင်ပေါ်မြို့လေးလိုပါပဲ။ မြို့ထဲ လမ်းလျှောက် ဟိုဟိုဒီဒီ သွားရတာလည်း စိတ်ချမ်းသာရတယ်။ ဘုရားကျောင်းကြီးတစ်ခုထဲဝင်ပြီး လေ့လာရင်လည်း တမေ့တမော အချိန်တွေပေးပြီး လေ့လာရတဲ့နေရာပါပဲ။ ခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ ငြိမ်းချမ်းခြင်း ကိုလည်း ခံစားရတဲ့နေရာလို့သာ တင်စားချင်မိပါတော့တယ်။

The Church of Annunciation ကနေ The Church of St. Joseph ကို သွားတဲ့လမ်း

အားလုံးပဲ ကပ်ရောဂါကြီးဘေးက ကင်းဝေးချမ်းသာ ရပါစေလို့ ဆုတောင်းပေးပါတယ်။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens, Samsung Galaxy S9+

Photos are modified in Lightroom by Thiha Lu Lin.

bottom of page