• Thiha Lu Lin

ရေနံချောင်း မှာ တစ်ရက်တာ

ငယ်ငယ်က ကျောင်းခန်းထဲ ဖတ်စာအုပ်တွေမှာ စပြီး ရင်းနှီးခဲ့ရတဲ့ အရပ်။ ပြီးတော့ ဆယ်ကျော်သက်အရွယ် ရသဝတ္ထုတွေ ဖတ်တတ်ချိန်မှာ ပိုပြီး ကျွမ်းဝင်လာရတဲ့ အရပ်။ ဒီအရပ်ဆီကို လူကိုယ်တိုင် ရောက်ပြီး လည်ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး။ ဘာလို့လည်း ဆိုတော့ ဖတ်စာအုပ်ထဲမှာ မှတ်သားခဲ့ရတဲ့ ဒီအရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက မွန်းကြပ်လွန်းခဲ့လို့၊ ပြီးတော့ ဝတ္ထုတွေထဲမှာ ဖတ်ခဲ့ရတဲ့ ဒီအရပ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေက ပူလောင် ခံစားရလို့။ ဒါပေမဲ့ တကယ်တမ်း ခရီးသွားဧည့်သည်တစ်ယောက်အနေနဲ့ ရောက်သွားခဲ့ပြန်တော့ မြို့လေးက ချစ်စရာကောင်းအောင် ဧည့်ဝတ်ကျေနေပြန်ရော။ တွေးထင်ခဲ့သလို မဟုတ်ခဲ့ဘူးလေ။



ရေနံချောင်းမြို့လေး ဟာ နွေအခါ ပူပေမဲ့ မြို့ရဲ့ ဘာမဟုတ်တဲ့နေရာလေးကတောင် ကိုယ့်အတွေးထဲမှာ လှပကြည်နူးသွားစေလိမ့်မယ်။

ရွှေမည်း လို့ တင်စားကြတဲ့ ရေနံ ထွက်ရာအရပ်လည်း ဖြစ်တဲ့ ရေနံချောင်းမြို့လေး ဟာ နွေအခါ ပူပေမဲ့ အညာရဲ့ စာဖွဲ့မမီတဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ သိပ်ချစ်စရာကောင်းတဲ့ မြို့လေးပါ။ ပုဂံ ကို အလည်ရောက်တုန်းလေး တစ်နေ့ အချိန်ပေးလို့ သွားလည်ဖြစ်ခဲ့တဲ့ မြို့လေး ဆိုပါတော့။ လည်ပတ်စရာ သိပ်မများပေမဲ့ မြို့လေးက သမိုင်းမှာ အရေးပါခဲ့သလို၊ ကိုလိုနီခေတ် အဆောက်အဦးလက်ကျန်တွေ များနေဆဲ ဖြစ်တဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ဖို့ နဲ့ ဝတ္ထုဇာတ်လမ်းဖွဲ့ဖို့ ခုထိတိုင် အဆင်ပြေနေဆဲ ဖြစ်တာမို့ မြို့ရဲ့ ဘာမဟုတ်တဲ့နေရာလေးကတောင် ကိုယ့်အတွေးထဲမှာ လှပကြည်နူးသွားစေလိမ့်မယ်။


ငါးမျိုး အမည် နဲ့ မြို့ရေနံချောင်း

ရေနံချောင်း လို့ ပြောလိုက်ရင် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် က ဆိုတာကို ချက်ချင်းသိကြပြီးသားပါ။ စစ်ပြီးခေတ်ကာလက ယာယီရုံးစိုက်ရာမြို့လည်း ဖြစ်ခဲ့ဖူးပြီး ဧရာဝတီမြစ် အရှေ့ဘက်ကမ်းပေါ်မှာ တည်ရှိပါတယ်။ ဆိပ်သာကွန်းထောက်၊ ကျောက္ကာ၊ ရေနံ့သာ၊ မီးမငြိမ်းမြို့တော် စသဖြင့် ခေါ်တွင်ခဲ့ကြပြီး ၁၉၇၃ ခုနှစ်က စလို့ ရေနံချောင်းမြို့ အနေနဲ့ တွင်ရစ်ခဲ့ပါပြီ။ မကွေးတိုင်းဒေသကြီးထဲမှာဆို စတုတ္ထမြောက်အကြီးဆုံး မြို့ ဖြစ်ပါတယ်။


ကျွန်တော် မှတ်သားမိသလောက်တော့ ရေနံချောင်းဟာ ဆရာတော် အရှင်ဆန္ဒာဓိက၊ စာရေးဆရာမ ဂျူး၊ စာရေးဆရာ မြတ်ငြိမ်း စာရေးဆရာ သက်ဦးမောင် (ချောက်)၊ တေးသံရှင် ကိုတင်လှိုင်၊ တေးသံရှင် ရေနံ့သာစိုးလှိုင် တို့လို သာသနာ့အာဇာနည်၊ စာပေအနုပညာရှင် နဲ့ ဂီတပညာရှင်တွေ မွေးဖွားရာအရပ်။ ပြီးတော့ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်ဆောင်ဆန်း ကျောင်းတက်ခဲ့တဲ့အရပ်။ မြန်မာနိုင်ငံရဲ့ ပထမဆုံး မေဒေးနေ့ အခမ်းအနား ကျင်းပခဲ့တဲ့ အရပ် လို့ ဆိုနိုင်ပါတယ်။


ရာသီဥတု

ဒီအရပ် ပူတာတော့ ပြောနေစရာ လိုမယ်မထင်ပါဘူး။ ရွှေမည်းတွေ ခွထိုင်ထားရတဲ့မြို့ကို အလည်လာသူတိုင်းကတော့ ပူတဲ့အရသာကို သဘောတကျ လာကြတာများပါတယ်။ ပူသာ ပူပေမဲ့ သူ့ရဲ့ မြို့လေး ဖွဲ့စည်းပုံက တချို့နေရာတွေမှာဆို တောင်တန်းဒေသအလား ထင်ရတဲ့ ဖွဲ့စည်းဆောက်လုပ်မှုမျိုး ရှိနေတာ သတိပြုမိတယ်။ တောင်လေးတွေ ကွေ့ပြီး ခရီးသွားရတဲ့ ခံစားချက်တွေကို ပေးတယ်။ ဒါပေမဲ့ ပတ်ဝန်းကျင်ကတော့ ခြောက်သွေ့တဲ့လွင်ပြင်ကျယ်နဲ့ တောင်ကတုံးပုံစံတွေ များပါတယ်။


ရေနံချောင်းမှာ လည်ပတ်စရာ

သမိုင်းထဲက မြို့လေးမှာ အင်္ဂလိပ်ခေတ်လောက်ကတည်းက ကျန်ကြွင်းနေတဲ့ အဆောက်အဦးတွေ ရှိနေသေးတာဟာ မြို့ကို လာလည်ချင်အောင် စွဲဆောင်နေတဲ့ ပထမဆုံး အချက်လို့ ကျွန်တော် တွေးမိတယ်။ ရှေးခေတ်ဇာတ်လမ်းကို ရုပ်ရှင်ရိုက်ဖို့ဆို ဒီမြို့လေးကို အပြေးလာကြရတယ်။ တကယ်တော့ ရေနံချောင်းမြို့ဟာ ပြင်ဦးလွင် ပြီးရင် ဒုတိယဟောလီးဝုဒ် ပါပဲ။ မကြာခင် ရိုက်တော့မဲ့ “ချစ်ခင်စမှော်ရုံ” ရုပ်ရှင် အပြင် ရှေ့နှစ်တွေက အောင်မြင်ခဲ့တဲ့ “လိပ်ပြာစံအိမ်” အပါအဝင် ဇာတ်ကားတော်တော်များများ ရိုက်ကူးခဲ့ရာ အရပ်ပါပဲ။ ဆရာမ ဂျူး ရဲ့ “ကြာတော့သည်လည်း မောင့်စကား” ကို ရုပ်ရှင်အဖြစ် ပြန်အသက်သွင်းတဲ့အခါမှာ ရေနံချောင်း ကနေ ပြင်ဦးလွင် ပြောင်းပစ်တဲ့အတွက် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့တဲ့အထိ ရေနံချောင်းရဲ့ စာပေအပေါ် ထားတဲ့ ချစ်ခင်စိတ်က ကြီးမားခဲ့တာ တွေ့ရပါတယ်။ ရေနံချောင်းမှာ လည်ပတ်မယ်ဆိုရင် ရိုးရိုးရှင်ရှင်းလေးပဲ တွေးပြီး လည်ရုံပါ။ မြို့ခံတွေ အရမ်း အကူအညီပေးပါတယ်။ ကျောင်းသားကျောင်းသူတွေလည်း တခုတ်တရ ကူညီလမ်းညွှန်ပေးတတ်ကြတယ်။ မြို့ကို ခရီးသွားသင့်တဲ့ အချက်တွေထဲက တစ်ခုပေါ့။ ခရီးသွားဧည့်သည်တွေအပေါ် မြို့ခံနယ်ခံတွေရဲ့ အလိုက်သိ ကူညီ ဖေးမ စောင့်ရှောက်မှု လို့ ဆိုရမယ်။ ဘယ်တွေ လည်ပတ်ဖို့ ရှိမလဲဆိုတော့…


တိပိဋကတ်စုံကျောက်စာရုံတော်ကြီး

အတိုခေါ်ရရင် ရေနံချောင်း ကျောက်စာရုံ ပေါ့။ ဒီကျောက်စာရုံတော်ကြီးကို ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ ၁၃ မှာ အုတ်မြစ်ချတည်ပြီး ၁၉၂၅ ခုနှစ် အောက်တိုဘာလ ၂၁ မှာ ပြီးစီးခဲ့တာ လို့ သိရပါတယ်။ ဆုံတိုက်ဒိုင်နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ရတနာဂီရိတောင်တော်ဦးနေရာမှာ တည်ရှိတာပါ။ ကျောက်စာ ပိဋကတ်တိုက်၊ စေတီ၊ တန်ဆောင်း၊ ဆင်းတု အားလုံးကို တွင်းစားရိုး ဦးသာကံ နဲ့ ဒေါ်ခင်သင်၊ သမီး ခင်မမကြီး မိသားစုတို့က လှူဒါန်းခဲ့တယ် ဆိုပါတယ်။ ဒီကျောက်စာရုံမှာ ဝိနည်းပိဋကတ်တော် ၁၁၄ ချပ်၊ အဘိဓမ္မာ ၂၁၃ ချပ်၊ သုတ္တန် ၁၂၄ ချပ် အားလုံးပေါင်း ၄၅၁ ချပ် ရှိတယ်လို့ မှတ်သားရပါတယ်။

ကျွန်တော် ဖတ်မိခဲ့သလောက် စာရေးဆရာ ငြိမ်းကျော် ရဲ့ “ပါရမီဖက်ခင်မွန်” (၁၉၈၂) ဝတ္ထုအမည်ဟာ ဒီကျောက်စာရုံက ကျောက်စာအလှူကမ္ဗည်းတစ်ခုမှာ ရေးထိုးထားတဲ့ ပါရမီဖက်ခင်သင် ဆိုတဲ့ စာသားကို ယူပြီး ပြန်လည်ဖွဲ့ဆိုထားတာ ဖြစ်တယ်တဲ့။


ရေနံစင်များ

လည်ပတ်ဖို့ထက် အနီးဝန်းကျင်ကနေ ဓါတ်ပုံရိုက်ဖို့ ကောင်းတယ်ပေါ့ဗျာ။ အထူးသဖြင့်တော့ ရေနံချောင်း - ချောက် ကားလမ်းတလျှောက်ဆို ပိုများပြီး ဓါတ်ပုံရိုက်ချင်စရာ ပိုကောင်းပါတယ်။ လေ့လာဖို့အတွက်တော့ သူ့ဟာသူ စက်အလုပ်လုပ်နေတာဖြစ်ပြီး အနီးဝန်းကျင်လည်း လူရှိခဲလို့ မေးမြန်းစကားဆိုဖို့ ခက်တတ်ပါတယ်။


စနေနံစေတီ

ရေနံချောင်းအကြောင်း ပြောပြီးဆိုရင် ဒီစနေနံစေတီ အကြောင်းလည်း ထည့်ပြောရမယ်။ အသောကမင်းကြီးရဲ့ ကောင်းမှုတွေထဲက တစ်ခု လို့ ဆိုရမယ်ထင်ပါတယ်။ စေတီကလည်း ရှစ်သောင်းလေးထောင် တည်တာ ဆိုတော့ အဲ့ဒီထဲက တစ်ဆူ လို့ ဆိုကြပါတယ်။ သာသနာနှစ် ၂၁၈ ခု မှာ တည်တဲ့ ဒီစနေနံစေတီ က အာဝဋဂီရိတောင်တော်မှာ ရှိပါါတယ်။ မူလအမည်က “ရွှေမုဌော”ပါ။ နောက်တော့ “ရွှေမြင်တင်” လို့ ခေါ်ကြပြန်ပါတယ်။ အရင်တည်တဲ့နေရာကနေ ခုနေရာကို ဧရာဝတီမြစ်ရေတိုက်စားလို့ ရွှေ့ပြောင်းရင်းကနေ ရောက်လာခဲ့ပြီး စနေထောင့်အရပ် ဖြစ်သွားတဲ့အတွက် “စနေနံစေတီ” လို့ ပြောင်းခေါ်တယ်ဆိုပါတယ်။

ရွှေပင်ဝန်းစေတီတော် စနေနံကျောင်းတိုက်

တံခါး ၉၉ ပေါက် နဲ့ အိမ်ကြီး

ရေနံချောင်း ရဲ့ အထင်ကရ အိမ်ကြီးတောင် ဖြစ်နေပါပြီ။ စနေနံစေတီ နားမှာပဲ တည်ရှိပြီး ထူးခြားချက်က တံခါး ၉၉ ပေါက် ရှိတာပါ။ အိမ်ကြီးက အတော်ခမ်းနားလှပတဲ့ အုတ်ခံပျဉ်ထောင်အိမ်ကြီးမို့ ကြည့်နေရင်းနဲ့ကို လွန်ခဲ့တဲ့ ခေတ်တစ်ခုဆီ ဆွဲခေါ်သွားနိုင်တဲ့ ညှို့ဓါတ်တစ်မျိုး စီးဝင်နေတယ်လို့ ခံစားရပါတယ်။ ဘာမှတော့ ထူးထွေ မရှိနေပါဘူး။ ရုပ်ရှင်တွေထဲမှာ ပါတဲ့အိမ်၊ ပြီးတော့ အရင်ကတော့ စာရေးဆရာ မောင်သိန်းဆိုင် ရဲ့ ရေနံ့သာခင်ခင်ကြီး ဝတ္ထု ရဲ့ အောင်မြင်မှုကြောင့် ဒီအိမ်ကြီးလို့ စိတ်ကူးတွေ ယဉ်ခဲ့ကြတဲ့အထိ စာဖတ်သူတွေ စိတ်ထဲ စွဲထင်စေခဲ့တာမျိုး ဖြစ်စေခဲ့တဲ့ အိမ်လို့ ဆိုချင်ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် အပါအဝင် ရေနံချောင်းခရီးသွား တိုင်းဟာ ဒီအိမ်ကြီးဆီကို မဖြစ်မနေ လာရောက်ကြပါတယ်။ ကြိုတော့ ပြောပါရစေ၊ ထူးထွေတော့ ဘာမှ မရှိပါဘူးနော်။ အထဲလည်း ဝင်ကြည့်ဖို့ မိသားစုတွေက ခွင့်ပြုလေ့ မရှိပါဘူး။ ရှေ့နား ဓါတ်ပုံလေး ရိုက်ပြီး ပြန်လာရုံပါပဲ။ အိမ်ကြီးကို မြင်ဖူးရုံပါပဲ။ ပြီးမှ ဘာမှလည်း မဟုတ်ဘဲနဲ့ ဘာညာတော့ မပြောပါနဲ့။ ကျွန်တော်ကတော့ သဘောကျမိတယ်။ ဓါတ်ပုံရိုက်လို့ ကောင်းလို့ပါ။ သွားဖို့တော့ နည်းနည်း မျက်စိလည်လှပါတယ်။ အတော် မေးမြန်းသွားလိုက်ရတယ်။


ရှစ်မျက်နှာ ဆုတောင်းပြည့် မြတ်စွာဘုရား

အဲ့ဒီ အနီးဝန်းကျင်မှာပဲ တောင်ကုန်းလေးပေါ် တည်ထားတဲ့ ရှစ်မျက်နှာဘုရား ရှိပါတယ်။ မြို့အပေါ်စီး ရှုခင်းလေး ကောင်းတဲ့နေရာတစ်ခုပါ။ မနက်ပိုင်းနဲ့ ညနေပိုင်းဆိုရင်တော့ လည်ရတာ ပိုအဆင်ပြေမယ်။ ကျွန်တော်က နေ့လည်ရောက်သွားတော့ ပူလွန်းလိုက်တာ။


ရေနံချောင်း ဒီဂရီကောလိပ်

ကျွန်တော်က တက္ကသိုလ်တွေ၊ ကျောင်းတွေဆို လည်ပတ်ဖို့အတွက် ဘယ်တုန်းကမှ ထည့်မရေးပါဘူး။ ခုလည်း ကျောင်းအတွင်း လည်ပတ်ဖို့ထက် အဲ့ဒီ ကျောင်းရှေ့က ဆိုင်းဘုတ်လေးနဲ့ လမ်းလေးကို သဘောကျလို့သာ ထည့်ရေးဖြစ်တာပါ။ စာရေးဆရာတွေရဲ့ ဝတ္ထုတွေထဲမှာ မကြာခဏ ဖတ်ခဲ့ရတဲ့ ရေနံချောင်း ဒီဂရီကောလိပ် ဆိုတာကို အပြင်မှာ မြင်ဖူးရလို့ ကြည်နူးတဲ့စိတ်လေးနဲ့ ဒီနေရာလေးကို ဖော်ပြလိုက်တာပါ။


ဖူးစာကုန်း

ဆရာမ ဂျူး ရဲ့ ဝတ္ထုတွေမှာ ပါတဲ့ ဖူးစာကုန်း ကတော့ ထူးခြားတဲ့ မြေပြင်ဖွဲ့စည်းမှုနဲ့ အတော် သဘောကျစရာ ကောင်းတဲ့ လည်ပတ်စရာပါ။ အများပြည်သူ အပန်းဖြေနေရာ ပုံစံ ပြန်ပြင်ထားပေးတာ သတိထားမိတယ်။ ဓါတ်ပုံရိုက်ဖို့ အသည်းပုံ ဖရိန်တွေ၊ ရှုခင်းကြည့်အပန်းဖြေဖို့ ထိုင်ခုံလေးတွေ၊ အားကစားလုပ်ဖို့ ကိရိယာတွေ ထားထားပေးတယ်။ အဲ့ဒီမှာထက် ကျွန်တော်က အောက်လေး နည်းနည်းဆင်းပြီး သွားကြည့် ဓါတ်ပုံရိုက်ရတာကို သဘောကျတယ်။ အပူပိုင်းဒေသရဲ့ တောင်ကုန်းလေးတွေပေါ်က မြက်ခြောက်လေးတွေ၊ ဆူးပင်လေးတွေ နဲ့ ချောက်ကမ်းပါးလေးပေါ် လမ်းလျှောက်ရတဲ့ ခံစားမှုမျိုးလေး ခံစားရတယ်။ သတိထားရမှာက ခြေချော် ပြုတ်ကျနိုင်လို့ သတိတော့ ထားပြီး သွားလည်ပတ် ဓါတ်ပုံရိုက်ပါနော်။ ဖူးစာကုန်းကို မနက်စောစော နဲ့ ညနေနေဝင်ချိန်လောက် သွားတာ ပိုကောင်းပါတယ်။ ပိုလှပါတယ်။


ပင်းချောင်း

ပင်းချောင်းတလျှောက်မှာ အပန်းဖြေရေးချိုးလို့ကောင်းတဲ့နေရာလေးတွေလည်း ရှိပါတယ်။ အဲ့ဒီမှာ အထက်ပင်းချောင်း၊ အောက်ပင်းချောင်းဆိုပြီး ထပ်ခွဲပြောကြသေးတယ်။ မိုးတွင်းဆို ရေက အပြည့် ဖြစ်နိုင်ပေမဲ့ အခုလို နွေဆိုရင် ချောင်းလေးက ခပ်သေးသေးမို့ ရေကူးရေဆော့ရင်း စားကြသောက်ကြသူတွေ များပါတယ်။ အထက်ပင်းချောင်းရော အောက်ပင်းချောင်းရော အပန်းဖြေဖို့ ယာယီတဲလေးတွေနဲ့ ချောင်းလေးဘေးဆောက်ပြီး အစားအသောက်ရောင်းချ အပန်းဖြေကြပုံချင်းတူပေမဲ့ ကျွန်တော်ကတော့ တံတားလေးဘေးက မြင်ကွင်းကျယ်ကျယ်နဲ့ နေရာလေးကို ပိုသဘောကျမိတယ်။ နှစ်နေရာလုံး အဆင်ပြေပါတယ်။ ကိုယ့်အကြိုက်နဲ့ကိုယ်မို့ပါး။


နတ်ကန်ဦးကျပ်ကြား (ဂျပ်ကြား)

ဘူမိဗေဒလေ့လာလို့ ကောင်းတဲ့နေရာတစ်ခုလို့ စဉ်းစားမိတယ်။ မြေအမှုန်လေးတွေက Kyaukkok Formation (Irrawaddy Formation) ဖြစ်တယ်လို့ အဝင်မှာ မှတ်တမ်းရေးထားတာ သတိပြုမိလိုက်တယ်။ ကျောက်တောင်နှစ်ခုကြား လမ်းလေးလို ဖြစ်နေပြီး ဓါတ်ပုံရိုက်ဖို့အတွက် အတော်လေး သဘောကျစရာ ဖြစ်နေတယ်။ ဒီလမ်းကြားလေးရဲ့ဘေးက နံရံကြီးက အမြင့်ဆုံးနေရာမှာဆို ၃၁ ပေ ထိ မြင့်နေတယ်။ လမ်းကြောင်းက ၁၈၇၁ ပေ ရှည်တယ်။ ထုံးစံအတိုင်း လူငယ်တွေရဲ့ ဟိုခြစ်ဒီခြစ် စာလေးတွေ တွေ့ရတယ်။ ခပ်ရိုင်းရိုင်းတွေရော၊ ခပ်ရိုရို ချစ်စရာစာလေးတွေရောပဲ ဆိုပါတော့။ တချို့နေရာမှာတော့ ပုံလေးတွေ ဆွဲထားတာ တွေ့မိတယ်။ ခပ်ရိုင်းရိုင်းစာတွေကိုတော့ သဘောမကျမိဘူး။ နင့်ကို ငါချစ်တယ် လို လူငယ်အထာစာလေးတွေကတော့ တခြား ဘုရားပုထိုး နဲ့ ရှေးဟောင်းအမွေအနှစ်တွေမှာ လုပ်တာထက် စာရင် ဒီနေရာမှာဆို တော်သေးတယ်ပေါ့လေ။ ပုံလေးတွေ ဆွဲတာမျိုးကတော့ အီဂျစ်လိုလို၊ ဂျော်ဒန်လိုလိုနဲ့မို့ အကယ်လို့များသာ ဒီ မြေသားနံရံကြီး နှစ်ဘက်စလုံး အဲ့လို ပန်းချီလှလှတွေ ခြယ်သလိုက်ရင် ခရီးသွားတွေကို ပိုပြီး ဆွဲဆောင်သဘောကျစေမယ်လို့ ကျွန်တော် မြင်မိတယ်။ ဒေသခံ ပန်းချီပညာရှင်တွေ စမ်းကြည့်စေချင်မိပါတယ်။ ဒီကျပ်ကြားကို အပေါ်စီးကနေလည်း ကြည့်လို့ အဆင်ပြေတာ သတိထားမိတယ်။ ဒီနေရာလည်း အထူးအထွေ မဟုတ်ပေမဲ့ ဓါတ်ပုံရိုက်ဖို့နဲ့ မြေပြင်ဘူမိအနေအထားကို လေ့လာဖို့အတွက်ကတော့ ကောင်းပါတယ်။


ရေနံချောင်း ဟာ လည်စရာ အရမ်းအများကြီး မဟုတ်ပေမဲ့ သူ့ဘာသာသူ ကျစ်ကျစ်လျစ်လျစ်နဲ့ ချစ်စရာ ဖြစ်နေတဲ့ မြို့လေးပါ။ အထက်က ကျွန်တော် ရေးခဲ့တဲ့ လည်ပတ်စရာတွေအပြင် အခြားလည်ပတ်စရာတွေအနေနဲ့ ပင်းစက္ကလံပစေတီ အပါအဝင် အခြားသော စေတီတော်တွေ ကျန်ပါသေးတယ်။ ပြီးတော့ မြို့တွင်းမြို့ပြင်က ကိုလိုနီခေတ်ကျန် အဆောက်အဦးတွေ ရှိပါသေးတယ်။ သံရေလှောင်ကန်ကြီးလိုမျိုးတွေ စိတ်ဝင်စားမယ်ဆိုရင် လေ့လာနိုင်တယ်။

ကျွန်တော်ကတော့ ပုဂံ ကို အလည်သွားတုန်း တစ်ရက်ခရီး ထွက်လည်ခဲ့တာ ဖြစ်လို့ အဲ့လောက်အချိန်နဲ့လည်း အဆင်ပြေပါတယ်။ ရေနံချောင်းမှာ ညအိပ်မယ်ဆိုလည်း ခပ်မိုက်မိုက် တည်းခိုနေရာလေးတွေလည်း ရှိတာ သိထားတယ်။ ကျွန်တော်တော့ ဒီတစ်ခါ မတည်းဖြစ်ခဲ့သေးဘူး။ နောက်ကြုံရင်ပေါ့။ လည်ပတ်စရာ အရမ်းမများတဲ့တိုင် စာပေကို မြတ်နိုးတဲ့သူတွေအတွက်တော့ ရေနံချောင်းမြို့ ဟာ ကဗျာတစ်ပုဒ် လို လှနေနိုင်တယ်ဆိုတာ ကျွန်တော် ခံစားလိုက်ရတယ်။ ရာသီ ၃ ဥတုလုံး ပုံစံ တစ်မျိုးစီနဲ့ လှနေသလို၊ ရေနံချောင်းရောက်ရင် စာဖွဲ့ကဗျာဖွဲ့ချင်စိတ် အလိုလိုဖြစ်လာတာကိုက သူ့ရဲ့ ညှို့ဓါတ်များလား ကျွန်တော် မပြောတတ်။ ဒါပေမဲ့ သေချာတာတော့ ရေနံချောင်းမြို့ဟာ နောက်တစ်ခါ ပြန်လာလည်ချင်စိတ် အနည်းနဲ့အများ ဖြစ်စေမဲ့ မြန်မာပြည်အလယ်ပိုင်းက မြေပြင်သဏ္ဍာန်ထူးခြားတဲ့အရပ်တစ်ခု ဆိုတာပါပဲ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Min Hsann

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens, DJI Spark & Canon 6D

Photos are modified in Lightroom by Thiha Lu Lin.

2 views0 comments