ပုဂံတစ်ခွင် ခြေတော်ရာရှာ ခရီးစဉ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ပုဂံတစ်ခွင် ခြေတော်ရာရှာ ခရီးစဉ်

ပုဂံတောင် UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ပြီ။ ပုဂံသွားပြီး ခုထိ ဓါတ်ပုံရိုက်ဖို့ နဲ့ ဖူးနေကျ နာမည်ကြီးဘုရားတွေ ဖူးဖို့လောက်ပဲ တွေးနေတုန်းလား? ပုဂံဟာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့ သိပ်ထိုက်တန်လောက်အောင်ကို ရှေးဟောင်းအမွေအနှစ်တွေနဲ့ စိတ်ဝင်စားစရာတွေ အပြည့် ရှိနေပါတယ်။



ကျွန်တော်တို့ အမြဲ ပြောပြောတတ်တဲ့ Hidden Gems ပေါ့ဗျာ။ ရှေ့မှာ ကျွန်တော့်မိတ်ဆွေတွေလည်း ရေးဖူးတယ်။ ဒါပေမဲ့ များသောအားဖြင့် ဓါတ်ပုံရိုက်လို့ ကောင်းမဲ့နေရာတွေကို ညွှန်းဆိုကြတာများတယ်။ ဒါလည်း Hidden Gems လို့ ပြောလို့ရပါတယ်။ ပုန်းကွယ်နေတဲ့ အလှတရားတွေကို ဖော်ထုတ်ပြကြတာကိုး။ ကျွန်တော့်ရဲ့ Hidden Gems ကတော့ သူတို့နဲ့ ကွဲပြားပါတယ်။ ဗုဒ္ဓရဲ့ ခြေတော်ရာတွေကို ယုံကြည်သက်ဝင်သူတွေ ဖူးမြော်နိုင်ဖို့အတွက် နဲ့ နံရံဆေးရေး ခြေတော်ရာတွေ၊ သဲကျောက်ခြေတော်ရာတွေ ရဲ့ ထူးခြားမှုတွေကို လေ့လာလိုသူတွေ လေ့လာနိုင်ဖို့ ရည်ရွယ်တင်ပြချင်တာပါ။


ဗုဒ္ဓခြေတော်ရာ ကိုးကွယ်မှု ဆိုတာ

ခြေတော်ရာများ အထူးအဆန်းလုပ်လို့ ဆိုပြီး မထင်ပါနဲ့နော်။ ရွှေစက်တော်လိုမျိုး ဗုဒ္ဓခြေတော်ရာဖူးတဲ့ ခရီးစဉ်မျိုး သွားကောင်း သွားဖူးကြပါလိမ့်မယ်။ ပုဂံမှာက ထူးခြားစွာပဲ ခြေတော်ရာတွေရဲ့ တည်ရှိဟန်၊ ထုဆစ်ထားပုံ၊ ရေးဆွဲထားပုံတို့က အထာကျလွန်းလို့ သမိုင်းနဲ့ ရှေးအမွေအနှစ်တွေကို စိတ်ဝင်စားသူတွေ၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူတွေအတွက် အရေးပါတယ်လို့ ညွှန်းဆိုချင်ပါတယ်။


ဗုဒ္ဓဘာသာရဲ့ ကိုးကွယ်မှုကို လေ့လာရင် ဗုဒ္ဓကိုယ်စား ကိုးကွယ်ယုံကြည်မှု (၃) မျိုးကို တွေ့ရပါတယ်။

(၁) အထိမ်းအမှတ် သင်္ကေတတို့ကို ကိုးကွယ်ကြတယ်

(၂) စေတီပုထိုး (ထူပါ) တွေကို ကိုးကွယ်ကြတယ်

(၃) ရုပ်ပွားဆင်းတုတွေကို ကိုးကွယ်ကြတယ်

ဒီ (၃) မျိုးထဲမှာ ဗုဒ္ဓခြေတော်ရာ ကိုးကွယ်ခြင်းက အထိမ်းအမှတ် သင်္ကေတတို့ကို ကိုးကွယ်ခြင်းအထဲမှာ ပါဝင်ပါတယ်။


ပုဂံခေတ်ရဲ့ စေတီပုထိုးတွေမှာ အထူးသဖြင့် ဂူဘုရားတွေမှာဆိုရင် ခြေတော်ရာကို ဝင်ဝင်ချင်း အမိုးခုံးအောက်မှာ မော့ကြည့်ရင် မြင်ရတဲ့ အနေအထားနဲ့ မျက်နှာကြက်မှာ ဆင်းတုတော်ရှိရာဘက်ဆီ ခြေဦးလှည့် ရေးဆွဲထားတာ တွေ့ကြရပါတယ်။ ဆိုလိုတဲ့ အဓိပ္ပါယ်ကတော့ ဒီဘုရားစေတီကို လာရောက်တဲ့သူတွေဟာ ဘုရားရဲ့ ခြေတော်ရင်းအစုံအောက် ဝပ်စင်းခိုလှုံကိုးစားခြင်း၊ နှိမ့်ချခြင်း နဲ့ အကာအကွယ်ရခြင်း ကို ကိုယ်စားပြုတယ်လို့ ဖတ်မှတ်ရပါတယ်။


ခြေတော်ရာ ကိုးကွယ်မှု သမိုင်း

ခြေတော်ရာ ကိုးကွယ်မှုအနေနဲ့ ကျွန်တော်တို့ မြန်မာတွေမှာ တွေ့ရတာက -

  • ဂေါတမဗုဒ္ဓ မပွင့်မီ ခြေတော်ရာ ကိုးကွယ်မှု

  • ဂေါတမဗုဒ္ဓ သက်ရှိထင်ရှားရှိစဉ် ခြေတော်ရာ ကိုးကွယ်မှု

  • ဂေါတမဗုဒ္ဓ ပရိနိဗ္ဗာန်စံပြီးနောက်မှ အခုခေတ်အထိ ခြေတော်ရာ ကိုးကွယ်မှု

ဆိုပြီး အဆင့်ဆင့် ဆင်းသက်လာပါတယ်။


ပုဂံခေတ်မှာ ဗုဒ္ဓခြေတော်ရာကို ထုံးကျောက်၊ သဲကျောက်၊ လိပ်သည်းကျောက်၊ ရိုးရိုးကျောက်တို့နဲ့ ထုဆစ်ပုံဖော်ကြပါတယ်။ ပုဂံခေတ်မတိုင်ခင်ကတည်းက ဒီနည်းပါပဲ။ မျက်နှာကြက်ဆေးရေးပန်းချီကတော့ ပုဂံခေတ်မှ စတင်တယ်လို့ ယူဆပါတယ်။ ပုဂံခေတ်မှာသရုပ်ဖော် ထုဆစ် ရေးဆွဲကြတဲ့အခါ ၁၀၈ ကွက် စက်လက္ခဏာတော်တွေ ထည့်သွင်းရေးဆွဲကြပါတယ်။ ခြေတော်ရာ အလယ်မှာ ကြာပန်းကို ကာမာဝါစရ နတ်ပြည်ခြောက်ထပ်၊ ရူပါဝါစရ ဗြဟ္မာပြည်တစ်ဆယ့်ခြောက်ထပ် တို့က ဝန်းရံ ထားပါတယ်။ ၁၀၈ ကွက် စက်လက္ခဏာမှာတော့ သီတာခုနစ်တန်၊ တောင်စဉ်ခုနစ်တန်၊ အိုင်ကြီး ခုနစ်အိုင်၊ စကြဝဠာ၊ ဟိမဝန္တာတောင်၊ နေ၊ လ၊ ကျွန်းကြီး လေးကျွန်း စတာတွေနဲ့ သရုပ်ဖော်ရေးဆွဲထုဆစ်ကြပါတယ်။ တချို့ကလည်း ဗုဒ္ဓဖြစ်တော်စဉ်တွေလို့ ထင်ကြတယ်။ တကယ်တော့ လောကမှာ အကြီးမြတ်ဆုံးလို့ ယူဆကြတဲ့ အရာတွေက ဗုဒ္ဓရဲ့ ခြေရင်းမှာ ဦးခိုက်ဝပ်ဆင်းတယ်လို့ ဖော်ပြပြီး ထည့်သွင်းရေးဆွဲခြင်းသာ ဖြစ်တယ်လို့ သိရပါတယ်။


ခြေတော်ရာမှာ နဂါးရုံတယ်ဆိုရင် ဒါဟာ အင်းဝခေတ်နှောင်းပိုင်း လက်ရာလို့ သိမှတ်နိုင်ပါတယ်။ ပုဂံခေတ်မှာ ထည့်သွင်းရေးဆွဲလေ့ မရှိပါဘူး။


ပုဂံမှာ ခြေတော်ရာ ရှာ

ပုဂံမှာ ခြေတော်ရာတွေကို ဂူဘုရားတွေရဲ့ အဝင်အမိုးခုံး မျက်နှာကြက်တွေအောက်မှာ အများဆုံးတွေ့ရပါတယ်။ ဂူဘုရားတိုင်း ရှိနေတာမဟုတ်ဘဲ၊ အချို့မှာသာ ပါဝင်တာမို့ ခြေတော်ရာ သီးသန့် ဖူးလိုသူများနဲ့ လေ့လာလိုသူများအတွက် စုစည်းဖော်ပြပေးလိုက်ရပါတယ်။


လောကနန္ဒာဘုရား မှသည် ပုဂံပြတိုက်ဆီ

ကျွန်တော် တွေ့မိတဲ့ ပုဂံက သဲကျောက်ခြေတော်ရာတွေထဲမှာဆို လောကနန္ဒာဘုရားက သဲကျောက်ခြေတော်ရာက အကြီးဆုံးပါ။ ကျောက်ချပ်အထူကလည်း သင့်တင့်တဲ့ အထူဖြစ်ပြီး၊ အခုချိန်ထိအောင် ခြေတော်ရာပေါ် ထုဆစ် ရေးဆွဲထားတဲ့ ၁၀၈ ကွက် စက်လက္ခဏာတွေကို ကောင်းကောင်း မြင်ရဆဲဖြစ်ပါတယ်။ အေဒီ ၁၀၅၉၊ ၁၁ ရာစုမှာ အနော်ရထာမင်းစော လက်ထက် ထုဆစ်ခဲ့တာ ဖြစ်ပြီး အလျား ၆၀ လက်မ၊ အနံ ၂၉ လက်မ ရှိပါတယ်။ အစောဆုံးခြေတော်ရာလို့လည်း ဆိုပါတယ်။ အရင်က လောကနန္ဒာဘုရားမှာ ရှိပေမဲ့ အခုတော့ ပုဂံယဉ်ကျေးမှုပြတိုက်မှာ ပြောင်းရွှေ့ထိန်းသိမ်းထားပါတယ်။ ပြတိုက်ဝင်ကြေးကတော့ တစ်ဦးကို ၅၀၀ ကျပ် ပေးရပါတယ်။ ပြတိုက် အောက်ဆုံးထပ် ဝင်လိုက်ရင် ဘယ်ဘက်ခြမ်းက “လက်မှုအနုပညာပြခန်း” အတွင်းပိုင်းမှာ ပြသထားပါတယ်။ အဲ့ဒီပြခန်းထဲ ဝင်ရင် ဆံပင်ပုံစံတွေ အရင်မြင်ကြရပါတယ်။ ဒီ ပုဂံပြတိုက်က ညနေ ၄း၃၀ ဆို ပိတ်တာမို့ အချိန်လေး သတိပြု သွားလည်ပတ်ရမှာပါ။ အတွင်းကို ကင်မရာနဲ့ အိတ်တွေ ယူဆောင်ခွင့် မရှိပါဘူး။ အဲ့ဒီမှာ လက်ရာမြောက် သဲကျောက် ခြေတော်ရာကြီးကို လေ့လာ ဖူးမြော်နိုင်ပါလိမ့်မယ်။


ရွှေစည်းခုံ က ခြေတော်ရာ

ရွှေစည်းခုံ က ခြေတော်ရာ အစုံကတော့ မြောက်ဘက်မုခ် စောင်းတန်းကနေ မြစ်အထိ ဆင်းရပြီး မြစ်နားက စေတီအတွင်းမှာ တည်ရှိပါတယ်။ နဂါးစာကျွေးလို့ရတယ်ဆိုတဲ့ နားမှာပါ။ တကယ်တော့ ရွှေစည်းခုံက ဒီခြေတော်ရာဟာလည်း သဲကျောက်ခြေတော်ရာဖြစ်ပြီး ခရုပုံရေးဆွဲထားပုံကလွဲရင် ကျန်တာက လောကနန္ဒာဘုရားက ခြေတော်ရာနဲ့ အတူတူ ဖြစ်ပါတယ်။ ခက်တာက အဲ့ဒီခြေတော်ရာပေါ် ဆေးသုတ်လိုက်တာပါပဲ။ လောကနန္ဒာက ခြေတော်ရာလို ၁၀၈ ကွက် မမြင်ရတော့ပါဘူး။


ဝက်ကြီးအင်း ဂူပြောက်ကြီး က အကြီးမားဆုံးသော ဆေးရေးခြေတော်ရာ

ဝက်ကြီးအင်း ဂူပြောက်ကြီး ဘုရားမှာတော့ ခြေတော်ရာကို အတော်ကြီးကြီးမားမား ဖူးကြရပါတယ်။ မျက်နှာကြက်အမိုးခုံး အလယ်တည့်တည့်မှာပါ။ ထူးခြားတယ်ဆိုရပါမယ်။ အခြားဂူဘုရားတွေမှာ အဝင် အမိုးခုံးမှာ ရှိတတ်ပေမဲ့ ဒီမှာတော့ အဓိက ဂူမကြီးရဲ့ အမိုးတည့်တည့်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။ နံရံဆေးရေးပန်းချီ (Mural Painting) ဖြစ်လို့ အတွင်းကို ကင်မရာ နဲ့ရော၊ ဖုန်းနဲ့ပါ ဓါတ်ပုံ ရိုက်ခွင့် မပြုထားပါဘူး။ ဒီအတိုင်းပဲ သွားရောက်လေ့လာ ဖူးမြော်ဖို့ ဖြစ်ပါတယ်။ အတွင်းက နံရံဆေးရေးပန်းချီတွေရယ်၊ ဂျာမန်နိုင်ငံသား ခိုးယူသွားတဲ့အကြောင်း အချက်အလက်တွေရယ်ကို ရှင်းပြထားတာလေး တွေ့ရပါဦးမယ်။


အာနန္ဒာ ဘုရား က ငွေပုံကြောင့် မမြင်ရတဲ့ ခြေတော်ရာ

အာနန္ဒာ ဘုရား အနောက်မုခ်မှာလည်း ခြေတော်ရာ အစုံ ရှိပါတယ်။ ဒါပေမဲ့ ဘယ်သူက စမှန်း မသိလိုက်တဲ့ ခြေတော်ရာအပေါ် ငွေအလှူထည့်ခြင်းက လေ့လာဖူးမြော်လိုသူတွေအတွက် အတော် စိတ်အနှောင့်အယှက် ဖြစ်စေတာပါ။ အလှူခံပုံးတွေ ထားပေးထားပေမဲ့ လှူသူတွေက ဘယ်လို အကျိုးရမယ်ထင်လို့လဲ မသိဘူး၊ ခြေတော်ရာအစုံပေါ်ကိုပဲ အလှူငွေ အလွယ် ပစ်တင်ကြတဲ့အပြင် တစ်နေ့စာ တစ်နေ့ သိမ်းလေ့မရှိတာကြောင့် ကျွန်တော် ရောက်သွားခဲ့ချိန်မှာ ခြေတော်ရာအပေါ် ငွေပုံကြီးပဲ မြင်ခဲ့ရပြီး ဘာမှ သေချာ လေ့လာခွင့် မရခဲ့ပါဘူး။ အချို့ကလည်း ပြန်လည်ပြုပြင်ထားပြီးသား ခြေတော်ရာလို့ ဆိုကြပါတယ်။


သဗ္ဗညုဘုရား က ခြေတော်ရာ

ပုဂံမှာ အမြင့်ဆုံးလို့ စာချိုးရှိတဲ့ သဗ္ဗညုဘုရားကြီးဟာ လွဲမှားတဲ့ ထိန်းသိမ်းမှုစနစ်တွေကြောင့် နံရံဆေးရေးပန်းချီတွေ အတော် ပျက်စီးကုန်ပါတယ်။ ထုံးတွေ အထပ်ထပ် သုတ်လိမ်းပစ်ခဲ့တာကြောင့် နောက်ပိုင်း ကြိုးစား ပြန်ခွာယူခဲ့ပေမဲ့ ဆေးရေးပန်းချီတွေပါ ကွာကုန်တာကြောင့် ဒီအတိုင်းပဲ ဆက်ထားခဲ့ရတယ်လို့ သိရပါတယ်။ ဒါပေမဲ့ ကံအားလျော်စွာ သဗ္ဗညုဘုရားရဲ့ အနောက်မုခ် မှာတော့ ကွက်ပြီး ဆေးရေးပန်းချီတွေ ကျန်နေခဲ့ပါတယ်။ အဲ့ဒီမှာ ဗုဒ္ဓခြေတော်ရာကို မျက်နှာကြက်မှာ ဖူးမြင်ကြရမှာပါ။ လေ့လာဖို့အတွက်ကတော့ ဆေးလည်း ပျက်စပြုပြီး ခေါင်လည်း မြင့်လို့ မှန်ဘီလူးနဲ့မှပဲ သေချာမြင်ရမယ်ထင်ပါတယ်။


လေးမျက်နှာ ဘုရားက ခြေတော်ရာ

လေးမျက်နှာ ဘုရား အဝင်အမိုးခုံးမျက်နှာကြက် က နံရံဆေးရေး ခြေတော်ရာ

မင်းနန်သူရွာဘက် သွားရင် လေးမျက်နှာ ဘုရား ခြေတော်ရာကိုလည်း ဖူးနိုင်ပါတယ်။ အဝင် အမိုးခုံး မျက်နှာကြက်မှာ ဆေးရေးထားတာ ဖြစ်ပါတယ်။ လေးမျက်နှာ ဘုရားဟာလည်း အပြင်ဘက်ကို ထုံးသုတ် ခံထားရလို့ ရှေးဟောင်းအမွေအနှစ် ပျက်စီးသွားတဲ့အထဲ ပါပါတယ်။ လေးမျက်နှာ ဘုရားမှာ ထူးခြားတာ နောက်တစ်ခုက စေတီရဲ့ တံတိုင်း ဖြစ်ပါတယ်။ ထောင့်လေးထောင့်ဟာ ပန်းအိုး ပုံစံ တည်ဆောက်ထားတာ ဖြစ်ပြီး ပေါများပြည့်စုံတဲ့ အဓိပ္ပါယ်ပါ။ အဲ့ဒီလို ပန်းအိုးမျိုးကို ဂူဘုရားတွေနဲ့ နံရံဆေးရေးပန်းချီတွေမှာ ထောင့်စွန်းတွေကျရင် ရေးဆွဲလေ့ရှိပြီး 3D ပုံစံနဲ့ မြင်ကြရတတ်ပါတယ်။ လေးမျက်နှာ ဟာ တကယ်တော့ ကျောင်းတိုက်လည်း ဖြစ်ခဲ့တဲ့အတွက် အခြား စာသင်တိုက်၊ ကျောင်းထိုင်အဆောင် တို့နဲ့အတူ ရေကန်ကြီးကအစ ရှိနေတာပါ။ လေးမျက်နှာ ဘုရားရှေ့မျက်နှာချင်းဆိုင်က ဘုရားအမှတ် ၄၆၇ နဲ့ ၄၆၈ တို့ဟာလည်း ဓါတ်ပုံရိုက်ဖို့ အရမ်းလှတဲ့ စေတီတွေ ဖြစ်ပါတယ်။

လေးမျက်နှာ ဘုရားရှေ့မျက်နှာချင်းဆိုင်က ဘုရားအမှတ် ၄၆၇ နဲ့ ၄၆၈

လောကထိပ်ပန်ဘုရား က ခြေတော်ရာ

ဝက်ကြီးအင်း လိုပဲ လောကထိပ်ပန် ဘုရားက ခြေတော်ရာဟာလည်း ဓါတ်ပုံရိုက်ခွင့် မရှိတဲ့ နံရံဆေးရေးပန်းချီပါ။ ခြေတော်ရာက အဝင်အမိုးခုံး မျက်နှာကြက်မှာ တည်ရှိပါတယ်။ သူလည်း ဆေးသားအတော်ကောင်းမွန်ပြီး ပြတ်ပြတ်သားသား ရှိပါတယ်။


အခြား ခြေတော်ရာ ရှိတဲ့ ဂူဘုရားများ

နာမည်ကြီး ဘုရားတွေရဲ့ ခြေတော်ရာတွေ အပြင် အခြား နာမည်မရှိ၊ နာမည်လူသိနည်းပြီး ဘုရားအမှတ်ပဲ ရှိတတ်တဲ့ ဂူဘုရားတွေမှာလည်း ဗုဒ္ဓခြေတော်ရာတွေကို ဖူးမြော်နိုင်ပါတယ်။ တချို့လည်း ဆေးရေး ပီပီပြင်ပြင် ရှိနေသေးပြီး၊ အချို့လည်း ဆေးရေးမှိန်တိန်တိန်၊ ခြေတော်ရာ ရှိတယ်လို့သာ သိရလောက်အောင် ဆေးကွာကျ တာမျီုးတွေလည်း ရှိနေပါတယ်။

  • ဘုရားအမှတ် (၇၁၁) လပွတ်ကန် ဘုရားထဲက ခြေတော်ရာ

  • ဘုရားအမှတ် (၆၀၀) မောင်ရုံးဂူဘုရား (ရှင်အဇ္ဇဂေါဏဘုရားကြီးအနောက်က) ဘုရားထဲက ခြေတော်ရာ

  • ဘုရားအမှတ် (၄၇၃) (လေးမျက်နှာ ဘုရားအရှေ့၊ အမှတ် ၄၆၇၊ ၄၆၈ ဘယ်ဘက်က) ဘုရားထဲက ခြေတော်ရာ

  • ဘုရားအမှတ် (၄၇၅) (မင်းနန်သူရွာ ဘုရား သုံးဆူတန်း အနောက်တည့်တည့်က) ဘုရား က ခြေတော်ရာ၊ (ဒီခြေတော်ရာကတော့ ၁၃ ရာစု ပုဂံခေတ်ရဲ့ နောက်ဆုံးလက်ရာ ဖြစ်ဖို့များပါတယ်၊ ဝင်ပေါက် ၄ ဘက်စလုံးရဲ့ အမိုးခုံးမျက်နှာကြက်မှာ ရှိပါတယ်)

  • ငပုတ်သင်ဘုရား (ရွှေဆံတော်ဘုရား တောင်ဘက်) က ခြေတော်ရာ

  • ဘုရားအမှတ် (၄၃၅) နဲ့ (၄၃၇) (သီရိရွာ အရှေ့မြောက် Amata Hotel ဝန်းထဲက) ဘုရားနှစ်ဆူက ခြေတော်ရာများ

  • ဘုရားအမှတ် (၁၀၅၁) က ခြေတော်ရာ (Amata Hotel ဝန်းထဲ)

  • လေးမျက်နှာ ဆုတောင်းပြည့်ဘုရား (ဘုရားအမှတ် ၂၉၀)၊ ရှင်ဘို့မယ်အုတ်ကျောင်းအနီး၊ ဂူပြောက်ငယ် အဝင်လမ်းထိပ် က ခြေတော်ရာ (ဒီဘုရားမှာတော့ ဝင်ပေါက်လေးဖက်စလုံးရဲ့ အမိုးခုံးမျက်နှာကြက်မှာ ခြေတော်ရာ ရှိပေမဲ့ နှစ်ဘက်သာ ကြွင်းကျန်ပါတော့တယ်

  • ဘုရားအမှတ် (၁၁၄၈) နဲ့ (၁၁၄၉) (စိုးမင်းကြီးဘုရား အနီးက ကုန်းတော်ပေါ်၊ စိုးမင်းကြီးကျောင်း ဘေးကပ်လျက်) ဘုရားနှစ်ဆူမှာ ခြေတော်ရာများ

စတဲ့ ခြေတော်ရာတွေကို အသီးသီးလေ့လာ ဖူးမြော်နိုင်ပါတယ်။ ကျွန်တော် တွေ့သမျှ အကုန်ပါ။ တချို့ ဘုရားတွေကတော့ ယာယီ ပိတ်ထားတာ တွေ့ရပြီး တချို့ခြေတော်ရာတွေကတော့ ဂူဘုရားတွေကို ထိန်းသိမ်းတဲ့အနေနဲ့ သော့ခတ်ထားတာကြောင့် သေချာ မှတ်တမ်းတင်နိုင်ခြင်းမရှိခဲ့ပါဘူး။


ပုဂံ ဘယ်မှာတည်းမလဲ

ကျွန်တော် အမြဲတည်းဖြစ်တဲ့ Bagan View Hotel (ပုဂံရှုခင်းဟိုတယ်) မှာပဲ တည်းဖြစ်တယ်။ အကြောင်းက ဖော်ရွေတယ်၊ မနက်စာ ဘူဖေး အရမ်းကောင်းတယ်။ အခန်းက သန့်ပြီး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတဲ့အနေနဲ့ ရေဗူးကို ပြန်ဖြည့်တဲ့ရေဗူးလေးတွေ သုံးထားတယ်။ မီးခံသေတ္တာကလည်း သံသေတ္တာကို သော့ခလောက်နဲ့ အလန်းကြီး။ ဟိုတယ်ရဲ့ အလယ်က ဟင်းလင်းလဟာ အလင်းရောင်ကောင်းတာလည်း ကြိုက်သလို၊ ရာသီပွဲတော်အလိုက် အထူးအစီအစဉ်လေးတွေလုပ်ပြီး နိုင်ငံခြားဧည့်သည်တွေကို အတွေ့အကြုံသစ်ပေးတယ်။ ကျွန်တော်သွားတုန်းက ထမနဲထိုးပြိုင်ပွဲလေး လုပ်တော့ ကျွန်တော်တို့ ပြည်တွင်းခရီးသွားတွေရော၊ ပြည်ပခရီးသွားတွေပါ အကုန်ပျော်ပြီး အားပေးခဲ့ကြတာ အမှတ်တရပါပဲ။ ဈေးနှုန်းအားဖြင့်လည်း မကြီးတော့ ပြည်တွင်းရော၊ ပြည်ပရော ဧည့်သည်အမြဲ များတတ်တယ်။ ကြိုတော့ ဘွတ်ကင်ယူသွားပါနော်။ ရှေ့မှာ ယွန်းထည်ဆိုင်ကြီး ရှိတာကလည်း တပန်းသာတယ်။ အနီးအနားမှာ စားသောက်ဆိုင်ကောင်းတွေ များတယ်။ အနီးဆုံးဘုရားကြီးက အာနန္ဒာ မို့ သွားလာရ လွယ်တယ်။ E Bike ၊ တုတ်တုတ်၊ ကား ငှားတာကအစ အဆင်ပြေလို့ ပုဂံရောက်တိုင်း တည်းဖြစ်တာ။ ကိုယ့် ဘတ်ဂျက်နဲ့လည်း ပိုကိုက်တာ ပါလို့ပေါ့လေ အဓိက ကတော့။ Bagan View Hotel မှာတည်းမယ်ဆိုရင်တော့ ဖုန်း 0951320821 ကို ကြိုတင်ဘွတ်ကင်ယူလိုက်လို့ရပါတယ်။


ပုဂံကို အကြိမ်ပေါင်းများစွာ ရောက်ခဲ့ဖူးပြီးကြပါပြီ။ အကြိမ်တိုင်းလည်း ဒီနာမည်ကြီး ဘုရားတွေ ဖူးလိုက်၊ ဓါတ်ပုံလေး ရိုက်လိုက်နဲ့ ပြန်လာခဲ့ကြတာ ပုဂံတောင် ယူနက်စကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်မြို့ကြီး ဖြစ်သွားခဲ့ပြီ။ ဒီ့ထက်ပိုပြီး ဘာကြောင့် အမွေအနှစ်စာရင်းဝင်ရသလဲဆိုတာ လေ့လာသိရှိချိန်လည်း တန်နေပြီမို့ ပုဂံရောက်ရင် မပျက်မကွက် နံရံဆေးရေးပန်းချီးတွေအကြောင်းနဲ့ သမိုင်းအစဉ်အလာတွေအကြောင်းကို သေချာလေး အချိန်ပေးလေ့လာပြီး တန်ဖိုးရှိရှိ ပုဂံကို ချစ်မြတ်နိုး ထိန်းသိမ်းစောင့်ရှောက်ကြရအောင်ပါဗျာ။ ဒီခရီးစဉ် တလျှောက်လုံး ကျွန်တော် ဂျီတိုက်သမျှ မညီးမညူ နဲ့ အကူအညီကောင်းကောင်းပေးပြီး လိုချင်တဲ့ဘုရားတွေကို ရအောင် ရှာဖွေပေးနိုင်တဲ့ နိုင်ငံခြားဧည့်လမ်းညွှန် ကိုဝင်းကျော်သူ ကိုလည်း အထူးကျေးဇူးတင်ကြောင်း သတိတရဆိုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Win Kyaw Thu (Freelance Tourist Guide), David

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

964 views0 comments
bottom of page