Search
  • Thiha Lu Lin

အနုသုခုမတို့ရဲ့နယ်မြေ မြို့စလေ

Updated: Sep 11

ငယ်ငယ်က စလေဇီးသီး ဆိုတဲ့ ဇီးသီးသည်တွေကို ရန်ကုန်ထဲ ဟိုမှာ ဒီမှာ မြင်ရသေးတယ်။ အမျိုးသမီးဈေးသည်တွေက ခေါင်းရွတ်ဗျက်ထိုးလို့ ဇီးယိုဇီးပေါင်း ရောင်းကြသလို၊ အမျိုးသားဈေးသည်တွေက တွန်းလှည်းလေးတွေနဲ့ အချို ဒါမှမဟုတ် အစပ် ရသာမှုန့်တွေ ဖြူးပြီး ရောင်းကြတယ်။ ခုတော့ သိပ်မတွေ့ရတော့ဘူး။ အဲ့ဒီ ငယ်ငယ်လေးကတည်းက ရင်းနှီးလာခဲ့တဲ့ စလေ ဟာ ကျောင်းသားကြီး အရွယ်ရောက်မှ မြို့နာမည်မှန်း သိလာရတယ်။ စာပေအရာမှာ ကျော်ကြားတဲ့ ဆရာကြီး စလေဦးပုည ကို ကျောင်းသင်ရိုးထဲ မြင်တွေ့သင်ကြားခဲ့ရာကနေ စလေမြို့ကို ရင်းနှီးလာခဲ့ပြီး ဟော အခုတော့ ကျွန်တော်ဟာ စလေမြို့ဆိုတာကို လူကိုယ်တိုင် ရောက်ဖူးသွားခဲ့ပါပြီ။ အရာအားလုံးဟာ စိတ်ကူးလေးထဲက အတိုင်း ထပ်တူကျနေတဲ့ အနုသုခုမတို့ရဲ့ စလေမြို့လေး ပါပဲ။


စုလေ မှသည် စလေ၊ ဒုတိယ ပုဂံပြည်

စလေဒေသ ဟာ သမိုင်းကြောင်း ရှည်လျားလိုက်တာလို့ တအံ့တသြ တခမ်းတနား သိလိုက်ရပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သောင်းလောက်ကတည်းက စလေ ရှိနေခဲ့တယ်တဲ့လေ။ ကျောက်ချောခေတ် ကို ဖြတ်သန်းခဲ့ရတယ်၊ လူ့ယဉ်ကျေးမှုဟိုးစစချင်းအချိန်တွေလည်း ဖြတ်သန်းခဲ့ရတယ် လို့ ယုံကြည်ရတဲ့ အချက်အလက်တွေ စလေ မှာ ရှိနေတယ်။ ရှေးဟောင်းဂူနေ လူသားတွေ နေထိုင်ခဲ့ကြောင်းကို စလေက ဂူ (၉) လုံး၊ ကျော်မော် (၉) ဆောင် နဲ့ ဥမင် (၉) ပေါက် တို့က ထင်ရှားပြနေတယ်လို့ စာမှာ မှတ်သားဖူးပါတယ်။ မျက်စိအလင်းမရတဲ့ စူဠမဟာသမ္ဘာဝ ညီနောင်တို့က စန္ဒမုခိဘီလူးမ ကို မျက်စိကုသဖို့အတွက် “ဆေး စုလေ” “ကုသရန် စ… လေ” လို့ မိန့်တဲ့နေရာကို “စုလေ” “စလေ” ဆိုပြီး ခေါ်ရာက နောင်မှာ “စလေ” ဖြစ်လာတယ်လို့လည်း ဦးကျော်ဝင်း - စလေ ရေးတဲ့ စာထဲ ဖတ်ရပြန်ပါတယ်။


စလေ ကို ဒုတိယပုဂံ လို့လည်း တင်စားကြပြန်ပါတယ်။ ပုဂံခေတ်မှာ ရှေးဟောင်းစေတီ ပုထိုးတွေ၊ မြန်မာ့ယဉ်ကျေးမှု လက်ရာတွေ ရှိနေရာ အရပ်တစ်ခုလည်း ဖြစ်ခဲ့တယ်။ စလေ နဲ့ ပုဂံ က မိုင် (၃၀) ပဲ ဝေးတာမို့ ပုဂံနဲ့ တစ်ဆက်တည်းသော တူညီတဲ့ ရှေးဟောင်းအဆောက်အဦးနဲ့ စေတီပုထိုးတွေ ရှိရာဒေသ ဖြစ်လာတာလို့ ယူဆမိပါတယ်။


စလေမြို့ဟာ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အတွင်းမှာ တည်ရှိပါတယ်။ ဧရာဝတီမြစ်ကမ်း အရှေ့ဘက်ခြမ်းမှာပါ။ စလေမြို့ကို ရန်ကုန်၊ မန္တလေးတို့ကနေ ကား၊ သင်္ဘောတို့နဲ့ လာနိုင်ပါတယ်။ မန္တလေး - ပုဂံ - စလေ အပျော်စီးသင်္ဘောတွေဟာလည်း ပြည်တွင်းပြည်ပ ခရီးသွားတွေ သဘောကျကြတဲ့ ခရီးစဉ်ဖြစ်ပါတယ်။


ရာသီဥတု

မြန်မာနိုင်ငံ အလယ်ပိုင်းက အပူပိုင်းဒေသမှာ ရှိတဲ့ မြို့ဖြစ်တာမို့ အပူချိန်တော့ များပါတယ်။ နွေမှာ ပူတတ်ပြီး၊ မိုးတွင်းမှာလည်း မိုးရွာသွန်းမှု နည်းပါတယ်။ ဆောင်းတွင်းမှာတော့ အအေးပိုတတ်ပြန်ပါတယ်။ မိုးတွင်း နဲ့ ဆောင်းတွင်းကတော့ လည်ပတ်လို့ အကောင်းဆုံး ဖြစ်ပါတယ်။


ဘယ်လိုသွားမလဲ

အဝေးပြေးကား ကတော့ လောလောဆယ် ခရီးအတွင်ဆုံး ဖြစ်ပါလိမ့်မယ်။ ရန်ကုန် - စလေ ကို ပြည့်ဖြိုးအောင် ဆိုတဲ့ ကားက တိုက်ရိုက် ရောက်တယ်။ မဟုတ်ရင်တော့ ရန်ကုန် - ချောက် ကားတွေ စီးသွားရပါမယ်။ ဈေးနှုန်းကတော့ ၉၀၀၀ နဲ့ ၁၀၀၀၀ ကျပ် ဝန်းကျင်တွေပါ။ မန္တလေးကဆိုလည်း မန္တလေး - ချောက် ကားတွေ စီးနိုင်တယ်။ ကျွန်တော်ကတော့ ပုဂံ ကိုရောက်တုန်း စလေ ကို ဝင်လည်ခဲ့တာမို့ ပုဂံ - စလေ ကို ကိုယ့်ကားနဲ့ ကိုယ် မောင်းသွားခဲ့ပါတယ်။ အချိန် ၂ နာရီလောက်ပဲ ကြာပါတယ်။ ရှေ့မှာပြောခဲ့သလို အပျော်စီးသင်္ဘော Cruise တွေနဲ့လည်း မန္တလေး - ပုဂံ - စလေ ခရီးစဉ်တွေကို ရေကြောင်းကနေ ဧရာဝတီမြစ်ထဲ သွားလို့ရပါသေးတယ်။ ဈေးကတော့ များပါတယ်။


လည်ပတ်စရာ မြို့စလေမှာ

စလေမြို့အဝင်ကတည်းက သတိထားမိတာ ပုဂံကလို ရှေးဟောင်း ဂူဘုရားတွေ အစုလိုက် ရှိနေတာပါ။ ပြီးတော့ မြို့လေးက သိပ်မကျယ်ဝန်းပေမဲ့ အင်္ဂလိပ်ခေတ် အဆောက်အဦးပုံစံလိုမျိုးတွေ အတော်များများ ရှိနေတာ ထူးခြားပါတယ်။ လေးထောင့်ကျကျ အခိုင်အခံ့ အဆောက်အဦးတွေကိုမှ အင်္ဂလိပ်ခေတ်ကဟန် ဗိသုကာအဝေ့အဝိုက်တွေနဲ့ မြန်မာဟန် ကနုတ်လေးတွေ ပေါင်းစပ်ထားတာတွေ ခုထိ လတ်လတ်ဆတ်ဆတ် ရှိသေးတာက မြို့ရဲ့ စွဲဆောင်မှု တစ်ခုပါ။ အချို့ကိုတော့ ပုံပြောင်းထားတာ၊ ဖျက်ပြီး ပြန်ဆောက်ထားတာတွေ လုပ်ထားပြီး ဖြစ်လို့ နှမြောမိပေမဲ့လည်း မတတ်နိုင်ဘူးပေါ့လေ။ လည်ပတ်စရာကတော့ ရှေးဟောင်းစေတီပုထိုးတွေနဲ့ အဆောက်အဦးတွေပဲ ပိုများပါတယ်။ လူငယ်ဆန်ဆန် ပျော်စရာတွေတော့ သိပ်မများလှဘူးပေါ့ဗျာ။ မြို့တွင်းမှာသာမကဘူး မြို့နဲ့ အနီးဝန်းကျင်တစ်ဝိုက်မှာပါ ရှေးဟောင်းအမွေအနှစ်များစွာနဲ့ လေ့လာမဆုံးမဲ့ မြို့လို့ ဆိုချင်ပါတယ်။


ကမ္ဘာကျော် စလေ ပန်းပုရုပ်စုံကျောင်းတော်

စလေရုပ်စုံ ဘုန်းကြီးကျောင်းတော်ကြီးကို ကုန်းဘောင်ခေတ်နှောင်း မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ်က တည်ဆောက်ခဲ့ပါတယ်။ ခရစ်နှစ် ၁၈၅၂ ခုနှစ် ဖြစ်ပါလိမ့်မယ်။ ကမ္ဘာကျော်တဲ့ “ရှား (စေး)” ကုန်သည်တစ်ဦး ဖြစ်တဲ့ ဦးဘိုးကြည်နဲ့ ဇနီး ဒေါ်ရွှေသက် တို့က ကျောင်းကြီးရဲ့ ဒါယိကာနဲ့ ဒါယိကာမတွေ ပါ။ သီပေါမင်းကို ကျောင်းကြီးဆောက်မဲ့အကြောင်း လျှောက်တင်တော့ လိုအပ်တဲ့ ကျွန်းသစ်တွေကို နိုင်ငံတော်ရဲ့ ကုသိုလ်ဒါနအဖြစ် နိုင်ငံပိုင်သစ်တောကနေ အခွန်မဲ့၊ အခမဲ့ နုတ်ယူခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။


ကမ္ဘာကျော်သွားလောက်စေတဲ့ အကြောင်းကတော့ ဇာတ်တော်တွေကို ပီပြင်စွာ ဖော်ကြူးထားတဲ့ သစ်သားပန်းပုရုပ်များစွာကြောင့်လည်း ပါဝင်ပါတယ်။ လူတစ်ဖက်စာလုံးပတ်ရှိတဲ့ ခြောက်ပေအရွယ် တိုင်လုံးရေ ၁၅၄ တိုင်နဲ့ တည်ဆောက်ခဲ့တာပါ။ ခုတိုင်လည်း ကျောင်းကြီးရဲ့ အောက်ဘက်မှာ တိုင်လုံးကြီးများကို ခမ်းနားစွာ တွေ့ရပါသေးတယ်။ ကျောင်းကြီးရဲ့ အကျယ်ဟာ အလျား ၁၅၂ ပေ နဲ့ အနံ ၇၆ ပေ ရှိပါတယ်။ အဆောင်တွေအနေနဲ့ ::

(၁) ကျောင်းဦးပြဿဒ်

(၂) စနုဆောင်

(၃) ဆောင်လှ (ဇေတဝန်ဆောင်)

(၄) ဆောင်မ (ယွန်းဆောင်)

(၅) ခုံးဆောင်

(၆) အနောက်ဆောင် (ဘောဂဆောင်) ဆိုပြီး (၆) ဆောင် ရှိနေတာပါ။

ဓါးပြ၊ သူခိုး စတဲ့ ရန်သူမျိုး (၅) ပါး ဒါဏ်တွေကို ခံရပြီးအဆုံးမှာတော့ စလေ ပန်းပုရုပ်စုံကျောင်းတော်ကြီးဟာ ခုအခါမှာ ပြတိုက်အဖြစ် တည်ရှိနေပြီ ဖြစ်ပါတယ်။ မနက် ၉း၃၀ ကနေ ညနေ ၄း၃၀ အထိ ဖွင့်လှစ်ပြသပြီး၊ တနင်္လာနေ့ နဲ့ အစိုးရရုံးပိတ်ရက်တွေမှာတော့ ပိတ်ထားပါတယ်။ ဝင်ကြေး ရှိပါတယ်။ လူကြီးတစ်ဦးကို ၅၀၀ ကျပ် ပေးရပါတယ်။ နိုင်ငံခြားသားကတော့ တစ်ဦးကို ၅၀၀၀ ကျပ် ပါ။


ကျောင်းတော်ကြီးရဲ့ အပြင်ဘက်တစ်လျှောက်က ဇာတ်တော်တွေကို ပုံဖော်ထုဆစ်ထားတဲ့ ပန်းပုလက်ရာတွေကို ကြည့်ရမြင်ရတာ ရင်သပ်ရှုမောစရာ ကောင်းလှပါတယ်။ တချို့ ပန်းပုရုပ်တုတွေ အချပ်လိုက် အခိုးယူခံရတာလည်း ဝမ်းနည်းစရာ သိပ်ကောင်းပါတယ်။ အခုတော့ သေချာစောင့်ရှောက်ထားနိုင်ပြီလို့ ယူဆရပါတယ်။ ကျောင်းကြီးပေါ်မှာတော့ ဒီကျောင်းတော်ရဲ့ ဒါယိကာ ဦးဘိုးကြည်ရဲ့ ပုံ နဲ့အတူ စလေ နဲ့ အနီးဝန်းကျင်က တူးဖော်ရှာဖွေ ရရှိထားသမျှ ရှေးဟောင်း အမွေအနှစ်များ၊ ဘုရားဆင်းတုတော်များ၊ ပန်းပုရုပ်တုများ၊ အိုး၊ ကျောက်၊ လက်မှုပစ္စည်းများ၊ ပုလ္လင်များ၊ ပေစာ ပုရပိုက်များ ကို သေချာစုစည်းထိန်းသိမ်းထားတာကို အားရစရာ တွေ့ကြရပါတယ်။ အဆိုအရတော့ ဒီကျောင်းတော်မှာ မြန်မာသက္ကရာဇ် ၁၂၄၄ တုန်းက ဂိုဏ်းထောက်ဆရာတော် ဦးဂုဏ ကို ဦးဘိုးကြည်တို့ဇနီးမောင်နှံ လှူဒါန်းခဲ့တဲ့ ရုပ်တုပေါင်း (၄၅) ခု၊ ရှေးဟောင်းပစ္စည်း၊ ပေစာ ပုရပိုက်တွေ ရှိနေတာလို့ ဖတ်ရပြန်ပါတယ်။


စလေ ရှေးဟောင်းသုတေသန ပြတိုက်

ဒီပြတိုက်က စလေ ရုပ်စုံကျောင်းတော်ကြီး ရဲ့ အနောက်ဘက်မှာ တည်ရှိနေတာပါ။ ရုတ်တရက်ဆို တိုက်ပုလေး တစ်ခုသာသာမို့ ပြတိုက်မှန်းတောင် မသိကြတာ များပါတယ်။ အတွင်းမှာ စလေဦးပုည ရဲ့ လက်ရေးမူ ပေစာထုတ်ကြီးတွေအပြင် လေ့လာချင်စရာ ရှေးဟောင်းအမွေအနှစ်တွေ ရှိနေပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ ပေစာထုပ်ကြီးတွေကအစ သဘောကျချင်စရာ၊ လေ့လာချင်စရာ များလှပါတယ်။ စလေ နဲ့ အနီးဝန်းကျင်က ဖော်ထုတ်တွေ့ရှိရသမျှ ရှေးဟောင်းပစ္စည်းများစွာကို စုစည်း ပြသထားပါသေးတယ်။


ရှင်ပင်မဟာလာဘ မံ ဘုရား

မြန်မာနိုင်ငံမှာ အကြီးဆုံး မံ ဆင်းတုတော်ကြီးလို့ ဆိုကြတဲ့ ရှင်ပင်မဟာလာဘ မံဘုရားဟာလည်း စလေ ရောက်လာသူတိုင်း ဝင်ရောက်ဖူးမြော်ကြပါတယ်။ မံဘုရား ဆိုတာက ဆင်းတုထုလုပ်တဲ့အခါ ထွက်လာတဲ့လွှစာ သစ်စ တွေကို အဝတ်စ၊ သင်္ကန်းတွေနဲ့တွဲစပ်ပြီး သစ်စေး ၊ သရိုး တို့နဲ့လုပ်ထားတဲ့ ဘုရားကို ခေါ်ပါတယ်။ နှီးဘုရားလို မျိုးပါပဲ။ ပုဂံခေတ် (၁၃) ရာစုလောက်က လက်ရာ ဖြစ်နိုင်တယ်လို့ မှန်းဆကြတဲ့ ဆင်းတုတော်ကြီးရဲ့ နောက်ခံ သမိုင်းကလည်း ပြောပြရရင်တော့ အငြင်းပွားစရာ ဖြစ်လာနိုင်ပါတယ်။ အရင်ခေတ်ရဲ့ နန်းလုပွဲဂယက်ပေါင်းများစွာနဲ့ ဆက်နွယ်နေတဲ့ ကိစ္စရပ်တွေ ပါဝင်နေပေမဲ့ လက်ရှိ ဘုရားမှာ ဖော်ပြထားတဲ့ သမိုင်းကိုပဲ အတည်ယူ ပြောကြတာပေါ့ဗျာ။ ၁၈၈၈ ခုနှစ်က ဧရာဝတီမြစ်ရေကြီးချိန်မှာ မြစ်ထဲ မျောပါလာတဲ့ ရုပ်ပွားတော်ကြီးကို စလေမြို့သူမြို့သားတွေ ဆယ်ယူပြီး ပူဇော်ခဲ့တယ်လို့ ဆိုပါတယ်။ အရင်ကတော့ ဆင်းတုတော်ကြီးရဲ့ နောက်ဘက်မှာ ဟောင်းလောင်းဖြစ်ပေမဲ့ ခုတော့ ပိတ်ထားလိုက်တာကို တွေ့ရပါတယ်။ မံ ဆင်းတုတော်တွေရဲ့ တည်ဆောက်ပုံအရ အဝတ်စတွေနဲ့ တည်ဆောက်ထားတာ ဖြစ်တယ်လို့လည်း မှတ်သားရပါတယ်။


မဟာမုနိ ရခိုင်ဘုရားကြီး

ကျွန်တော်တည်းတဲ့ Salay River View Inn က ဝန်ထမ်းညီမငယ်တစ်ဦးက ရှုခင်းသိပ်လှတဲ့ ရခိုင်ဘုရားကြီးဆီ မရောက်သေးဘူးလားဆိုလာလို့ ကျွန်တော် စိတ်ဝင်စားပြီး သွားကြည့်မိခဲ့ပါတယ်။ ဧရာဝတီမြစ်ဘေးနားမှာ ရှေးဘုရားတွေရဲ့ ကမ်းပါးယံထိပ် တည်ထားရောက်ရှိနေတဲ့ ပုံလေးတွေကို မြင်တွေ့ခဲ့ရတဲ့ နေရာပါ။ ရခိုင်ဘုရားကြီးကတော့ အတွင်းနည်းနည်းရောက်ပါတယ်။ ဗဒုံမင်းရဲ့ ကောင်းမှုလို့ သိရတဲ့ ရခိုင်ဘုရားကြီးဟာ ရခိုင်မင်းနဲ့ စစ်ခင်းတော့ အနိုင်ရချိန် ပင့်ဆောင်လာတဲ့ မဟာမုနိဘုရားကြီး တစ်ထောက်နားခိုရာ ဖြစ်ခဲ့ချိန် ကမ်းက ပြန်အခွာမှာ ခွာမရဖြစ်တာကြောင့် ဒီအရပ်မှာ ကိန်းဝပ်ချင်တယ်လို့ ယူဆပြီး ပုံစံတူဘုရားတည်ခဲ့တယ်လို့ မှတ်သားရပါတယ်။ စေတီရဲ့ ပုံစံကိုလည်း အမရပူရ က ရွှေစကားစေတီတော်နဲ့ ပုံစံတူ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဘုရားကြီးကနေ အောက်ဘက်ကို ဆက်ဆင်းသွားရင် နောက်ထပ် စေတီဖြူတစ်ဆူနဲ့အတူ ဧရာဝတီမြစ်အလှကို မြင်တွေ့ရပါမယ်။ မြစြက်ာဘုရား မှော်စွန်း ဆိုလား ခေါ်တယ်။ အဲ့ဒီကနေ မြင်ရတဲ့ ကမ်းပါးဟာ တစ်ချိန်က နာမည်ကြီးရုပ်ရှင်ဖြစ်ခဲ့တဲ့ "ပန်းမြိုင်လယ်က ဥယျာဉ်မှူး" ဇာတ်ကား နောက်ဆုံးဇာတ်ဝင်ခန်း ရိုက်ကူးခဲ့တဲ့နေရာလို့လည်း သိရပါတယ်။ အနီးမှာ နတ်ကွန်းတစ်ခုလည်း ရှိပါတယ်။ ရခိုင်ဘုရားကြီးကတော့ စလေ မြို့ကုန်းအရှေ့ရပ်၊ နတ်မော် အနီးမှာ တည်ရှိတာပါ။


ရှင်ပင်စာကြိုပြန် မြတ်စွာဘုရား

မြို့တွင်းမှာပဲ မံဘုရားကြီးနဲ့ မနီးမဝေးမှာ တည်ရှိတဲ့ ရှင်ပင်စာကြိုပြန်ဘုရားဟာလည်း တည်ဆောက်ပုံထူးခြားတယ်ဆိုရပါမယ်။ အင်္ဂလိပ်ခေတ်ရဲ့ လက်ရာလိုမျိုး အဆောက်အဦးဟန်ပန်တွေကို သတိထားမိစေပါတယ်။ တိုက်ကုန်းရပ်မှာ ရှိပြီး အနော်ရထာမင်း တည်ထားတဲ့ ဘုရားလို့ ဆိုပါတယ်။


ရွှေစည်းခုံ စေတီတော်

မံဘုရားကြီးရဲ့ မျက်နှာချင်းဆိုင်မှာတော့ ရွှေစည်းခုံ စေတီတော် တည်ရှိပါတယ်။ စေတီဘေးက စည်တော်စင်ကြီးကလည်း စိတ်ဝင်စားစရာ သစ်သားစင်ကြီး မို့ သဘောကျမိပါတယ်။


ရှေးဟောင်းကျောင်းတိုက်ကြီးများ

ရှင်ပင်စာကြိုပြန် ဘုရားရှေ့မျက်နှာချင်းဆိုင် လမ်းကနေ အတွင်းဘက် ဝင်သွားရင် ခင်ကြီးစအုတ်ကျောင်း အပါအဝင် ရှေးဟောင်းကျောင်းတိုက် အပျက်ကြီးတချို့ကို တွေ့ရပါတယ်။ အချို့လည်း အကောင်းအတိုင်း ရှိသေးပြီး ယနေ့ထိ အသုံးပြုဆဲ ဖြစ်ပါတယ်။ ကျွန်တော့်အတွက်ကတော့ ဓါတ်ပုံရိုက်ကူးဖို့ သဘောကျမိတဲ့ နေရာလေးတွေ ဖြစ်သွားပါတယ်။


သာသနာ့ရောင်ခြည်မင်းကျောင်း

ရှေးဟောင်းလက်ရာအမွေအနှစ်တွေ လေ့လာဖို့ အရမ်းကောင်းတဲ့ နောက်တစ်နေရာကတော့ သာသနာ့ရောင်ခြည်ဘုန်းကြီးကျောင်းကြီးပါ။ ခရစ်နှစ် ၁၈၈၂ ခုနှစ် သီပေါမင်းလက်ထက်က တည်ဆောက်ခဲ့တဲ့ စလေ ရုပ်စုံကျောင်းတော်ထက်တောင် ရှေးကျပါသေးတယ်။ မင်းတုန်းမင်းလက်ထက် မြန်မာသက္ကရာဇ် ၁၂၂၈ ခုနှစ်က အလှူရှင် ကုန်သည် ဦးမြအေး နဲ့ ဇနီး ဒေါ်ဒွန်း တို့က လှူဒါန်းတည်ဆောက်ခဲ့ပြီး ကျွန်းတိုင်လုံးကြီး ၁၀၀ ကျော် နဲ့ လှေကားလေးစင်း ပါဝင်ခဲ့ပါတယ်။ နှစ်ပေါင်း ၁၄၅ နှစ်ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကျောင်းတော်ကြီးပါ။ ကျောင်းကြီးအပြင်ဘက် ပတ်လည်မှာ ပန်းပြားတွေ ပိတ်ကာထားပြီး အတွင်းဘက်ကို ပန်းကနုတ်တွေနဲ့ ဖန်တီးအလှဆင်ထားပါတယ်။ နှစ်ဆောင်ပြိုင် သုံးထပ် ကျောင်းတော်ကြီး ဖြစ်ပြီး မြန်မာမှုသုခုမလက်ရာတွေ လေ့လာနိုင်မဲ့နေရာတစ်ခုပါ။ ဒီနေရာကို အဓိက လာရတဲ့အကြောင်းက ရုပ်စုံစာအုပ်ဗီဒိုကြီးတွေကို ကြည့်ဖို့ပဲ ဖြစ်ပါတယ်။ ရှေးဟောင်းကျွန်းဗီဒိုကြီးတွေရဲ့ အပြင်ဘက်မှာ ထူးထူးခြားခြား ဇာတ်တော်ဇာတ်ကွက်တွေကို ရွှေဇဝါရေးနည်း၊ ငွေဇဝါရေးနည်းတွေနဲ့ ရောင်စုံ ပုံဖော်ထားတဲ့ မှန်ချပ်တွေရှိနေပြီး အတွင်းမှာလည်း ပေစာ ပုရပိုက်တွေ သေချာ ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ မြန်မာ့ရှေးပန်းချီလက်ရာတွေကိုလည်း လေ့လာရသလို ရှေးဆရာတော်ကြီးတွေနဲ့ ပညာရှိတွေ ရေးသားပြုစုထားတဲ့ ပေစာထုတ်ပေါင်း ၁၇၄ ထုတ်ကိုပါ လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။

ရုပ်စုံ ပေစာဗီဒိုကြီး သူတို့အခေါ် စာတိုက်ကြီး

သာသနာ့ရောင်ခြည်ကျောင်းမှာ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းလည်း ရှိပါသေးတယ်။ ဆင်းရဲနွမ်းပါးသူလေးတွေအတွက် အားထားရာကြီးပါ။ သူငယ်တန်းကနေ စတုတ္ထတန်းအထိ ကျောင်းသားကျောင်းသူ ၇၁ ယောက်ကို ပညာသင်ကြားပေးနေပါတယ်။ စေတနာရှင်တွေ လှူဒါန်းချင်ရင် ဆွမ်း၊ ဆေး၊ ပညာရေး ပဒေသာပင်တွေ၊ ထူးချွန် နဲ့ ဘက်စုံ ပဒေသာပင်တွေ၊ အာစိဏ္ဏကံကုသိုလ်ရှင်အလှူတွေကို ရွေးချယ်လှူဒါန်းနိုင်ပါသေးတယ်။ ကျောင်းက ကျောင်းထိုင်ဆရာတော်ကြီးက ခေတ်မီသူတစ်ဦးဖြစ်ပြီး သေချာလည်း ရှင်းလင်းပြောပြနိုင်သူ ဖြစ်ပါတယ်။ အတော်လေးစားကြည်ညိုစရာပါ။


ရှင်ပင်တစ်ပဲတိုးစေတီ

ဒီစေတီကတော့ သာ့သနာရောင်ခြည်ကျောင်းရဲ့ ရှေ့မျက်နှာချင်းဆိုင်တည့်တည့်မှာ ရှိပါတယ်။ ကျန်စစ်သားမင်း တည်တယ်လို့တော့ ဆိုပါတယ်။ ဝိဝါဒ ကွဲပြားစေနိုင်တဲ့ ဘုရားတည်သမိုင်းတော့ ရှိနေပါတယ်။ အတိအကျတော့ ပြောရခက်ခဲဆဲပါ။


ရှင်ပင်စကြိုလှဘုရား

ပုဂံဂူဘုရားပုံစံတူတွေနဲ့အတူ ထင်ရှားတဲ့ ရှင်ပင်စာကြိုလှဘုရားကိုလည်း စလေမြို့ကနေ ၁၅ မိနစ်လောက် အကွာမှာ ဖူးမြင်နိုင်ပါတယ်။ ရှင်ပင်စာကြိုလှဘုရားပွဲဟာလည်း ဒီနယ်မှာ အထူးထင်ရှားပါတယ်။ တကယ့် ဗမာအညာအလေ့အထနဲ့ အစဉ်အလာကို မြင်တွေ့ရတဲ့ ပွဲတော်ပါ။ ရွာပေါင်းများစွာက လှည်းကြီးတွေနဲ့ လာကြတယ်။ ကိုယ့်ရွာနဲ့ကိုယ် ဆောက်ထားကြတဲ့ ဇရပ်ကြီးတွေမှာ တည်းခိုကြ၊ ချက်ပြုတ်စားသောက်လုပ်ကြတယ်။ အတော်ကို စိတ်ဝင်စားစရာကောင်းတယ်။ ကျွန်တော် ရောက်တော့ ပွဲတော် စတော့မှာမို့ ဆယ့်နှစ်ပွဲဈေးသည်တွေက ဆိုင်ခန်းတချို့ ကြိုတင်ပြင်ဆင်နေကြပြီ။ ဘုရားပွဲက ဝါဆိုလပြည့်နေ့မှာ တစ်ကြိမ် နဲ့ သီတင်းကျွတ်လပြည့်နေ့မှာ တစ်ကြိမ် ကျင်းပတတ်ပါတယ်။ “သာသနာအစ စာကြိုက” လို့ဆိုထားကြတဲ့အတိုင်း အေဒီ ၁၀၅၇ မှာ အနော်ရထာမင်းကြီးက သုဝဏ္ဏဘူမိသထုံပြည်ကနေ မနူဟာမင်းနဲ့ ပိဋိကတ် သုံးပုံ၊ ဓါတ်တော်မွေတော်တွေကို ပင့်ဆောင်လာခဲ့ပါတယ်။ ဒီအရပ်မှာ မြို့သူမြို့သားတွေနဲ့ မိဖုရားအခြံအရံတွေ ဆီးကြိုကြလို့ သီရိဇေယျ ကုန်းတော်မှာ စာကြိုအရပ်လို့ ကျောက်စာတိုင် စိုက်ခဲ့တယ်လို့ သိရပါတယ်။ နောက်တော့ နရပတိစည်သူမင်းကြီး လက်ထက်မှာ အနော်ရထာမင်းကြီး ကျောက်စာစိုက်ခဲ့တဲ့ အရပ်ကို ၁၁၉၂ ခုနှစ်မှာ ရှင်ပင်စာကြိုလှ ဘုရားကြီးကို တည်ထားကိုးကွယ်လိုက်တယ်လို့ မှတ်သားရပါတယ်။ နှစ်ပေါင်း ၈၂၇ နှစ်တောင် ရှိသွားပြီဖြစ်ပါတယ်။ ဒီဘုရားကြီးဝန်းအတွင်းမှာပဲ ၁၃ ရာစု ပုဂံခေတ်နံရံဆေးရေးပန်းချီတွေနဲ့ မင်စာတွေ၊ ရတနာပုံခေတ် လက်ရာပန်းတမော့ရုပ်လုံးရုပ်ကြွတွေ၊ ရတနာပုံခေတ်လက်ရာ ပန်းပုရုပ်စုံ အာရုံခံတန်ဆောင်းတွေ၊ စေတီ ၄၅ ဆူ၊ ဇရပ် ၁၀၈ ဆောင်နဲ့ တန်ဆောင်း ၄၅ ဆောင်၊ ဘုန်းတော်ကြီးကျောင်း ၁၆ ကျောင်း နဲ့ စောင်းတန်းကြီးတွေ၊ အမြင့်ခြောက်ပေ ရှစ်လက်မ လုံးပတ် တစ်ပေ လေးလက်မရှိ သစ်တစ်လုံးထွင်း မြန်မာပြည်မှာ အကြီးဆုံး ဆွမ်းအုပ်ကြီး၊ ခေါင်းလောင်း ၁၆ လုံး တို့ကို လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။ ဘုရားကြီးအတွင်းမှာ ကျောက်စာချပ်တွေလည်း ရှိနေပြီး ရှေးဟောင်းဆင်းတုတချို့လည်း တွေ့ရပါဦးမယ်။ ပန်းတော့လက်ရာတွေမှာ ဖန်တီးသူ ပညာရှင်က သူ့နာမည်ကို မသိမသာ ထည့်သွားတာလေး မြင်ကြရမယ်။ အမှတ်တမဲ့ဆို လိုက်ကာလေးတွေပဲ။ တကယ်တော့ နာမည်ပါ။ ပုံမှာ ပြထားပါတယ်။ "ဆြာသော်လုတ်သည့် ပမ်းဖြစ်သည်" လို့ရေးထားတာ။ အရင်ခေတ်က စာလုံးပေါင်းပေါ့။ ဆိုလိုတာက ဆရာသော် လုပ်သည့် ပန်း ဖြစ်သည် ပေါ့။

ပန်းတော့လက်ရာတွေမှာ ဖန်တီးသူ ပညာရှင်က သူ့နာမည်ကို မသိမသာ ထည့်သွားတာလေး မြင်ကြရတယ်။ အမှတ်တမဲ့ဆို လိုက်ကာလေးတွေပဲ။ တကယ်တော့ နာမည်ပါ။ ဆြာသော်လုတ်သည့် ပမ်းဖြစ်သည် လို့ရေးထားတာ။ အရင်ခေတ်က စာလုံးပေါင်းပေါ့။ ဆိုလိုတာက ဆရာသော် လုပ်သည့် ပန်း ဖြစ်သည် ပေါ့။

ရှင်ပင်အကာမနောင်စေတီ (Shinpin Ncarmanaung Temple)

ဒီမှာလည်း ပုဂံခေတ် ဂူဘုရားတွေ အများအပြား ရှိနေပါတယ်။ ရှင်ပင်စာကြိုလှဘုရားကနေ စလေဘက် ပြန်လာရင် သိပ်ဝေးဝေးမသွားခင်မှာ မုခ်ဦးတွေ့ရမှာပါ။ အတွင်းကို ဝင်ရပါတယ်။ ရွာကို ဖြတ်ပြီးမှ ဒီဘုရားကိုရောက်တာပါ။ ပုဂံကိုရောက်သွားသလိုပါပဲ။ ဂူဘုရားတွေမှာ နံရံဆေးရေးလက်ရာတွေလည်း တွေ့ရတုန်းပါပဲ။ စိတ်ဝင်စားစရာပါ။


စလေမြို့က အခြားထင်ရှားတဲ့ဘုရားများ

စလေမြို့မှာ ဘုရားဖူးစရာကတော့ အတော်များပါတယ်။ ကျွန်တော် အထက်မှာ ရေးထားပြီးတဲ့ ဘုရားတွေအပြင် အောက်ပါဘုရားတွေကိုလည်း ဖူးမြင်နိုင်ပါသေးတယ်။

  • ခမရ ၄၁၆ နယ်မြေက ခြေတော်ရာဘုရား

  • ဓါတ်မြေ (ဥမင်ကိုးပေါက်)က မြစည်းခုံ

  • ဆင်ခေါင်းဘုရား၊ ပြဿဒ်လှ

  • ရွှေအုန်းပင်က ကြက်ညီနောင်

  • ရဟန္တာသိမ်ဘုရား

  • ရှစ်မျက်နှာ

  • မြတံဘက်

  • မန်ကျည်းချောင်း (မှော်) က မြစေတီ

  • ဧစေတီ

  • လွမ်းစေတီ

  • မြို့ကုန်း (အရှေ့) က ရွှေဘုံသာ

  • ရွှေရည်ချောင်းဘုရား

  • နှုတ်စုပ်မှော်က ဇိနမာန်အောင်

  • ရွှေကူမှန်ကင်း

  • အောင်သိဒ္ဓိကုန်းက ရွှေကူအောင်မြေ

  • စလေသာသနာ့နယ်မြေက နန်းတော်ဦး

  • မဟာစေတီကြီး

  • လောကရန်နိုင်

  • လောကမာရဇိန်

  • လောကသရမ္ဘူ

  • လောကချမ်းသာ

  • လောကမှန်ကူ

  • ဆုတောင်းပြည့် မြင်းညံကုန်းဘုရားများ

  • ယွန်းတန်း (မွေ့ရာတန်း) က ငါးမာရ်အောင်

  • စေတီရပ်က မဟာစေတီကြီး (သူကြီးဘုရား)

  • တိုက်ကုန်းက ရှင်ပင်လာဘ

  • အိုခဲလှ

  • ရှင်ပင်လောကဥသျှောင်

  • ပွဲစားတန်းက ဘုရားသုံးဆူ

  • မြို့မ က သက်တော်ရှည်

  • မဟာအဘယဘုရား ၅ ဆူ

  • ဦးဘိုးကြည် အရံစေတီ

  • ရှင်ပင်သိကြားကျ

  • တောင်ရပ်က ရှင်ပင်ဂေါတမ (ပုဂံ)

  • ဘုရား ၂ ဆူ ဦးဘိုးကြည် လှူဘုရား

  • ရှင်ပင်ရွှေတော်ဦး (ဗူးဘုရား - ထူပါရုံ)

  • သစ်ညိုကုန်းက ရွှေကူနီ

  • ခြင်္သေ့ကြီး နှစ်ကောင်

  • ကွက်သစ်က လောကထိပ်ပန် ဘုရားများ

တို့ပဲ ဖြစ်ပါတယ်။


ရှားကုန်သည် သူဌေးကြီး ဦးဘိုးကြည်အိမ်

မြို့ထဲက ဦးဘိုးကြည်အိမ်ကြီးဟာလည်း ရှေးခေတ်ခမ်းနားတဲ့ အပြင်အဆင်တွေနဲ့ ခုထိ လေ့လာစရာ ဖြစ်ဆဲ အိမ်ကြီးမို့ လေ့လာသူတွေ လာရောက်ဆဲပါ။ မြို့မရပ်၊ ဧရာဝတီမြစ်ဘေးမှာ မြန်မာသက္ကရာဇ် ၁၂၁၄ မှာ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ခြံအကျယ် ပေ ၁၀၀ x ပေ ၁၂၀ ရှိပြီး တိုက်အကျယ်က အလျား ပေ ၅၀ နဲ့ အမြင့် ပေ ၃၀ ရှိတယ်လို့ သိရပါတယ်။ နှစ်ပေါင်း ၁၆၇ နှစ်ခန့် ရှိတဲ့ အိမ်ကြီးပါ။ ဆက်လက်ထိန်းသိမ်းထားသူတွေဆီကတဆင့် လေ့လာလို့ရသေးတယ်လို့ သိရပါတယ်။


တည်းခိုစရာ

ဒီမှာတော့ မြို့ကလည်း ခပ်ငယ်ငယ်မို့ ရွေးချယ်စရာ သိပ်မများလှပါဘူး။ ဒါပေမဲ့ မြို့သူမြို့သားတွေ အကြိုက်တွေ့နိုင်တာက Salay River View Inn ပါ။ ဗမာအိမ်ကောင်းကြီးတစ်ခုကို Salay House ဆိုပြီး ကော်ဖီနဲ့ စားသောက်ဆိုင်တွဲလို့ မြန်မာ့လက်မှုပစ္စည်းတွေ၊ ရှေးဟောင်းလက်ရာပုံစံတူတွေ ရောင်းချပေးနေတဲ့ အမှတ်တရပစ္စည်းဆိုင်နဲ့ တွဲဖက် ဖွင့်ထားတာကြောင့် အစားအသောက်အတွက်ပါ မပူရဘဲ တစ်နေရာတည်းမှာ အဆင်ပြေစေပါတယ်။ နိုင်ငံခြားသာတွေတော့ အတော်အကြိုက်တွေ့ကြပါတယ်။ ဘေးမှာ ဧရာဝတီမြစ်ကြီးရှိနေပြီး အတွင်းမှာ ပန်းခြံလေးနဲ့ စားသောက်ခုံလေးတွေ စီစဉ်ပေးထားတာ သိပ်အဆင်ပြေတယ်။ စိတ်ကြည်နူးရတယ်။ အခန်းတွေက အရမ်းကြီး အဆင့်မြင့်တာမျိုးမဟုတ်ပေမဲ့ သပ်ရပ်သန့်ရှင်းတယ်။ ရေသန့်ဗူးအစား ရေဖြည့်လို့ရတဲ့ ပြန်လည်သုံးမြန်မာမှုပုလင်းလေးတွေ သုံးထားတာ သဘောကျတယ်။ ရေချိုးရင် ဧရာဝတီမြစ်ကြီး ကြည့်ပြီး ချိုးရသလို ဖြစ်တာကိုတော့ အကြိုက်ဆုံးပါပဲ။ ဝန်ထမ်းတွေက ရိုးရှင်းဖောရွေတယ်။ ဟိုတယ်အဆင့် ဝန်ဆောင်မှုမျိုးမဟုတ်ပေမဲ့ ဆွေမျိုးအိမ်မှာ တည်းရသလို သက်တောင့်သက်သာနဲ့ နွေးထွေးတယ်။ တည်းခိုခ က အနည်းငယ် ဈေးမြင့်သလိုရှိပေမဲ့ ပြတိုက်တစ်ခုလို ဖြစ်နေတဲ့ Salay House ဆိုင်ကြီးထဲကို လှည့်ပတ်ကြည့်ရတာနဲ့တင် အတော် တန်နေပြီ။ ရှေးခေတ်ကုန်သည်ကြီးအိမ်ကို ပြန်ပြင်ထားတာမို့ အပြင်အဆင် အသုံးအဆောင်တွေက တကယ့် ရှေးခေတ်ကအတိုင်းပဲ။ ကျွန်တော်ဆို ဓါတ်ပုံရိုက်မဝဘူး။ သူတို့ဆီမှာ အပျော်စီးသင်္ဘောတွေလည်း ရှိလို့ ဧရာဝတီမြစ်ထဲ နေဝင်ချိန်ကြည့်တဲ့ အစီအစဉ်တွေကိုလည်း စုံစမ်းနိုင်ပါသေးတယ်။


စလေမြို့ဟာ ဘာမှ မရှိလောက်ဘူး ထင်ရပေမဲ့ တကယ်တမ်း နှစ်ရက်၊ သုံးရက် အချိန်ယူမှ နေရာအတော်စုံမဲ့ သဘောရှိပါတယ်။ ဒါတောင် ခပ်ဝေးဝေးသွားရတဲ့ ရှေးဟောင်းဘုရားပုထိုးနဲ့ အဆောက်အဦးတွေဆီ ခရီးစဉ်မပါသေးပါဘူး။ ဒါကြောင့် အချိန်ပေးပြီး သွားနေကျ နေရာတွေကနေ ခွဲထွက် သွားရောက်လည်ပတ်ခရီးထွက်လိုသူတွေအတွက် တိုက်တွန်းရေးသားတင်ပြပေးလိုက်ရပါတယ်ခင်ဗျား။ ဒီခရီးစဉ်အတွက် အထူးကျေးဇူးတင်ချင်တာက စာပေဗိမ္ဗာန်စာပေဆုရ စာရေးဆရာ မောင်မောင်လတ် (ရှေးဟောင်းသုတေသန) လို့ သိကြတဲ့ ဦးလတ် ကို ကျေးဇူးအထူးတင်ပါတယ်။ စလေမှာ ဧည့်ခံတာဝန်ကျေတဲ့ ခရီးသွားလုပ်ငန်းချစ်သူ မောင်နှံ Salay House ပဲ့ကိုင်ရှင် ကိုထွန်း နဲ့ မခိုင်၊ သာသနာ့ရောင်ခြည်ကျောင်းဆရာတော် အရှင်ပဏ္ဍိတ၊ ဦးကျော်ဝင်း - စလေ (သာသနာ့အကျိုးဆောင်) တို့ကို အထူးကျေးဇူးတင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Layong, U Latt

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter