A Day Visit in Innwa (Ava)
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ရတနာပူရ ရွှေအင်းဝ မှာ တစ်ရက်တာ


မန္တလေးရောက်တိုင်း အင်းဝ ကို အလည်သွားဖို့ စဉ်းစားမိတတ်ပေမဲ့ အချိန်က အမြဲ မရတတ်လို့ အခါတိုင်းမရောက်ဖြစ်ဘူး။ ရောက်ပြန်တော့လည်း သေချာအချိန်ယူပြီး လေ့လာတာ၊ ဓါတ်ပုံမှတ်တမ်းတင်တာတွေ မလုပ်နိုင်ခဲ့ဘူး။ ခုတစ်ခေါက်တော့ ခမ်းနားတဲ့သမိုင်းတစ်ခုနဲ့ ရတနာပူရ လို့အမည်တွင်ခဲ့တဲ့ အင်းဝ ကို သေချာအချိန်ယူလည်ပတ်နိုင်ခဲ့ပြီလေ။


ရတနာပူရ ရွှေအင်းဝ ဆိုတာ

အင်းဝမြို့ ကို မြန်မာသက္ကရာဇ် (၇၂၆) ခုနှစ်မှာ သတိုးမင်းဖျား (အေဒီ ၁၃၆၄ - ၁၃၆၈) က စတင်တည်ထောင်တာပါ။ နှစ်ပေါင်း (၄၀၀) အသက်ဝင်ခဲ့တဲ့ မြို့ဟောင်းဖြစ်ပြီး မင်းဆက် (၃၁) ဆက်နဲ့ ခေတ်ကာလ (၄) ခု ဖြတ်သန်းခဲ့ရတဲ့မြို့လည်း ဖြစ်ပါတယ်။ ရတနာပူရ လို့ အမည် စတွင်ခဲ့ပြီး အင်းတွေရဲ့အဝမှာ ရှိလို့ အင်းဝ ဆိုတာတစ်မျိုး၊ အင်း (၉) အင်းရဲ့ အဝမှာ ရှိတာကြောင့် အင်းနဝ ဆိုပြီးတစ်ဖုံ၊ မြစ်တွေရဲ့ အဝမှာ ရှိပြန်လို့ အဝ ဆိုပြီးတစ်ခါ ခေါ်ခဲ့ကြပါသေးတယ်။


အင်းဝ ကို ဘယ်လိုသွားလဲ

မန္တလေးကနေ တဆင့် သွားလည်တာ ပိုအဆင်ပြေပါတယ်။ အဝေးပြေးကား၊ လေယာဉ်၊ ရထား တို့နဲ့ မန္တလေးကို သွား၊ တည်းခို၊ စားသောက်ပြီး အင်းဝ ကို တစ်နေ့ အချိန်ပေး လည်ပတ်ရင် လုံလောက်ပါတယ်။ အင်းဝ ကို ရန်ကုန် - မန္တလေး အမြန်လမ်းကနေ ဝင်ရောက်နိုင်ပါတယ်။ အင်းဝမြို့ဟောင်းဟာ မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့ရဲ့ မြောက်ဘက် (၂) မိုင် (၄) ဖာလုံဝ မန္တလေးမြို့ရဲ့ အနောက်တောင်ဘက် မိုင် (၂၀) ခန့်အကွာမှာ ရှိပါတယ်။ မနက်ပိုင်း ဧည့်သည်ပါးချိန် သွားနိုင်ရင် ပိုကောင်းလို့ ကျွန်တော်ဆို လေယာဉ်က ဆင်းဆင်းချင်း အင်းဝ ကို အရင်ဝင်လည်လိုက်တယ်။ မန္တလေးကနေ ကား၊ သုံးဘီးတုတ်တုတ်တွေနဲ့လည်း လာလည်တတ်ကြပါတယ်။ တစ်နေ့တာလုံး အသုံးပြုမယ်ဆိုရင်တော့ ၅ သောင်းကျပ်ဝန်းကျင် ကျသင့်တတ်ပါတယ်။ အင်းဝမှာ မြင်းလှည်းလေး စီးပြီး လည်ပတ်ရတာလည်း ထူးခြားတဲ့ ခံစားမှုလေး ပေးစွမ်းပါတယ်။


အင်းဝ ကို လည်ပတ်လို့ အကောင်းဆုံးအချိန်

အင်းဝ က ထူးခြားတဲ့ ရှေးဟောင်းအဆောက်အအုံတွေကြောင့် ဧည့်သည် (၁၂) ရာသီမပြတ် ရှိနေတတ်ပေမဲ့ အပူရှိန်ပြင်းတတ်တဲ့ နွေရာသီ နဲ့ မိုးကျတတ်တဲ့ မိုးရာသီထက် ကျွန်တော်ကတော့ အေးမြခြောက်သွေ့တဲ့ ဆောင်းရာသီ ကို လည်ပတ်ရ အကောင်းဆုံးအချိန်လို့ ယူဆမိပါတယ်။

အင်းဝ လမ်းဘေးတစ်နေရာ

အင်းဝ ကို တစ်ရက်တာ ဘယ်လိုလဲမလဲ

အင်းဝမြို့ဟောင်းဟာ ပုဂံ လိုပဲ စိတ်ဝင်စားစရာအပြည့်နဲ့ပါ။ ပုဂံလောက်မကျယ်ပေမဲ့ သွားလာရ အဆင်ပြေပြီး လေ့လာစရာနေရာတွေက ခပ်စိပ်စိပ်လေး ရှိလို့ လည်ပတ်ရကောင်းပါတယ်။ သက်တမ်းရှည် သစ်ပင်ကြီးတွေရှိတဲ့ လမ်းလေးတွေက နေရောင်ဒါဏ်ကို ကာကွယ်ပေးလို့ လည်ပတ်ရတာလည်း သက်တောင့်သက်သာ ရှိတယ်။ အင်းဝမှာ နံရံဆေးရေးပန်းချီတွေရှိတဲ့ ဘုရား (၅) ဆူ၊ ရှေးဟောင်းကျောက်စာ ရှိတဲ့ ဘုရား (၇) ဆူ နဲ့ ကြေးခေါင်းလောင်းစာ ရှိတဲ့ ဘုရား (၃) ဆူ ရှိကာ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း (၆၂၄) ခု ရှိတယ်လို့သိရပါတယ်။ အတော်များများကတော့ ပျက်ယွင်းနေတာ ဖြစ်ပါတယ်။ ဒါတွေကို တစ်ရက်တာအတွင်း လေ့လာလည်ပတ်ကြည့်ရှုနိုင်ပါတယ်။ လည်ပတ်လေ့လာစရာများပေမဲ့ ကျွန်တော်လည်ပတ်ဖြစ်ခဲ့တဲ့နေရာလေးတွေကိုပဲ အဓိက ဖော်ပြပေးပါရစေ။ အင်းဝကို လည်ဖို့ အရမ်းစိတ်မရှုပ်ရပါဘူး။ အဓိကက လိုအပ်တဲ့ အချက်အလက်တွေကို လွယ်လွယ် ရနိုင်လို့ပါ။ မြေပုံနဲ့ သမိုင်းအချက်အလက်ရေးထားတဲ့ စာအုပ်ကအစ ဈေးချိုချိုနဲ့ နေရာတိုင်းလိုလို ဝယ်နိုင်တဲ့အတွက်ပါ။


စည်တိုမြို့ရိုး

စည်တိုပုံစံရှိတဲ့ မြို့ရိုးမို့ စည်တိုမြို့ရိုးလို့ လူသိများတဲ့ ဒီနေရာရဲ့ အတွင်းပိုင်းမှာ ရှေးဟောင်းအဆောက်အဦးများနဲ့ ဘုန်းကြီးကျောင်းဆောင်များစွာ ရှိနေပါတယ်။ ဒီမြို့ရိုးကနေမှ အတွင်းဘက်မှာ နာမည်ကျော် အဆောက်အဦးများစွာ ရှိနေတာမို့ ခရီးသွားတိုင်း မဖြစ်မနေ လာရောက်ကြတဲ့နေရာပါ။ မြို့ရိုံး (၃) ထပ် ရှိပါတယ်။ အပြင်မြို့ရိုး (တတိယမြို့ရိုး)၊ စည်တိုမြို့ရိုး (ဒုတိယမြို့ရိုး)၊ အတွင်းမြို့ရိုး (ပထမမြို့ရိုး) ဆိုပြီး ရှိပါတယ်။

စည်တိုမြို့ရိုး

မယ်နုအုဌ်ကျောင်း ခေါ် အောင်မြေဘုံစံအုတ်ကျောင်း

မဖြစ်မနေလည်ပတ်သင့်တဲ့ နေရာတစ်ခုပါ။ ဦးစားပေးအဆင့်လို့ ဆိုရပါမယ်။ ဘကြီးတော်မင်းတရားကြီးနဲ့ နန်းမတော်မယ်နု တို့က အေဒီ ၁၈၂၂ ခုနှစ်မှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ နန်းမတော်မယ်နု ရဲ့ အစွမ်းကြီးပုံကို ဝတ္ထုတွေ ဇာတ်လမ်းတွေထဲမှာ ကြားဖူးနားဝ ရှိထားလို့ သူမ လှူဒါန်းထားတဲ့ ဒီကျောင်းဆောင်ဟာလည်း သူမလိုပဲ ထပ်တူ နာမည်ကျော်လို့ စိတ်ဝင်စားစရာ ပြည့်နေပါတယ်။ ၁၉ ရာစု ကုန်းဘောင်ခေတ်က လက်ရာတွေကို မြင်တွေ့နိုင်မဲ့ အချား (၁၉၂) ပေ၊ အနံ (၁၁၂) ပေ၊ အမြင့် (၉၄) ပေ ရှိတဲ့ ခန့်ညားတဲ့ ကျောင်းတော်ကြီးပဲ ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ချင်သူတွေအတွက် စိတ်ကြိုက်ဖြစ်မဲ့ ရှုခင်းရှုကွက်တွေ ရှိနေတဲ့ ကျောင်းကြီးပါ။



ထီးလှိုင်ရှင်စေတီ

ပုဂံခေတ်တုန်းက ကျန်စစ်သား မင်းမဖြစ်ခင် အနော်ရထာမင်းကြီးရဲ့ အမျက်ရှခံရတော့ တိမ်းရှောင်ရင်း ဒီနေရာ ရောက်ခဲ့တော့ နောက်ကလိုက်လာတဲ့ တပ်တွေက သူတို့မျက်စိရှေ့တင် ပြေးနေတဲ့ ကျန်စစ်မင်း ပျောက်သွားလို့ လန့်ပြီး ပြန်ဆုတ်ပြေးကြရာကနေ ဒီနေရာကို အောင်မြေလို့ သတ်မှတ်ခဲ့တယ်။ ကျန်စစ်သား မင်းဖြစ်လာတဲ့အခါမှာတော့ ဒီနေရာမှာ စေတီတည်ခဲ့တယ်လို့ ဆိုပါတယ်။ တမင်ဆုတ်ပြေးခဲ့သလား၊ တကယ်ပျောက်သွားသလို မြင်ရလားဆိုတာတော့ ကာယကံရှင်တွေပဲ သိမှာပေါ့လေနော်။ ဒီစေတီကြီးကတော့ မယ်နုအုဌ်ကျောင်းရဲ့ ဘေးကပ်လျက်လောက်မှာ တည်ရှိနေပါတယ်။


 နန်းမြင့်မျှော်စင်

စောင်းနေတဲ့ မျှော်စင်တွေ ကမ္ဘာမှာ နာမည်ကျော်တာ သတိပြုမိကြမှာပါ။ ကိုယ်တွေ ဆီမှာလည်း စောင်းနေတဲ့ မျှော်စင်တစ်ခုကို ဒီ အင်းဝ စည်တိုမြို့ရိုးအတွင်း နန်းတော်ရာရဲ့ မြောက်ဘက်ထောင့်မှာ တွေ့ရပါမယ်။ အလျား နဲ့ အနံ ပေ (၃၀) ပတ်လည်၊ အမြင့်ပေ (၆၀) ရှိတဲ့ ဒီမျှော်စင် ကို အေဒီ ၁၈၂၂ တုန်းက ဆောက်ခဲ့တာပါ။ ၁၈၃၈ ခုနှစ် ငလျင်ဒါဏ်ခံခဲ့ရလို့ အဓိကအုတ်ကိုယ်ထည်ကြီး မြောက်ဘက်ကို စောင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီကတည်းကနေ ခုထိ အစောင်းအတိုင်း ခိုင်ခံ့စွာ ရှိနေဆဲပါ။ အပေါ်တက်ကြည့်ဖို့တော့ မရနိုင်တော့ပါဘူး။

မြောက်ဘက်စောင်းနေတဲ့ နန်းမြင့်မျှော်စင်

သစ္စာတိုက်ဘုရား

အင်းဝမှာလည်း ပုဂံလို ဟိုကြားဒီကြားတည်းလည်း ဘုရားနဲ့ အဆောက်အဦးအဟောင်းတွေ ရှိနေတတ်တယ်။ ဒီ သစ္စာတိုက်ဘုရားကလည်း နန်းမြင့်မေ ျှာ်စင်ကနေ စည်တိုမြို့ရိုးက ပြန်ထွက်တဲ့လမ်းပေါ်မှာ တွေ့ရမှာပါ။

သစ္စာတိုက်ဘုရား

ဗားကရာကျောင်း

ဘိုးတော်ဘုရားလက်ထက်က အတွင်းဝန်အမတ်ကြီး နေမျိုးကျော်ထင် က မြန်မာသက္ကရာဇ် ၁၁၄၄ ခုနှစ် က တည်ဆောက်ခဲ့တာပါ။ ကျွန်းတိုင်လုံးပေါင်း (၂၆၇) လုံး နဲ့ တည်ဆောက်ထားပြီး အလျား (၁၈၈) ပေ နဲ့ အနံ (၁၀၃) ပေ ရှိတဲ့ သစ်သားကျောင်းကြီးပါ။ အုတ်လှေကားတွေတော့ တပ်ဆင်ထားပါတယ်။ ဒီနေရာမှာ ရှေးဟောင်းအနုသုခုမ ဗိသုကာလက်ရာတွေကို ခံစားရတာက အနှစ် ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက ပျက်စီးသွားတဲ့ အစိတ်အပိုင်းအချို့တော့ ရှိပါတယ်။ ပြန်ပြင်ဆင်ထားရတယ်ပေါ့လေ။ ဒါပေမဲ့ ရှေးလက်ရာအများဆုံးကျန်နေတာကို တွေ့မြင်ကြရမှာပါ။ ဗားကရာကျောင်းရှေ့မှာဆိုလည်း အမှတ်တရပစ္စည်းဆိုင်လေးတွေ မြင်းလှည်းသမားတွေနဲ့ အတော်လေး စည်ကားပါတယ်။ ကျောင်းကြီးရဲ့ ညာဘက်လမ်းထဲ ကွေ့လိုက်ရင် အတော်စိတ်ဝင်စားစရာကောင်းတဲ့ ညောင်ရမ်းခေတ်က ရှေးဟောင်းကျောင်းနဲ့ ဘုရားတွေကို ထပ်တွေ့ရဦးမှာပါ။


ကြောင်လိန်ဘုရား

ညောင်ရမ်းခေတ်ဘုရားစုတွေကို ဗားကရာကျောင်းကနေ ညာဘက်မြေသားလမ်းကျဉ်းလေးအတိုင်း ဝင်လာရင် တွေ့ကြရမှာပါ။ အရင်ဆုံးစတွေ့ရမှာက ကြောင်လိန်ဘုရားဖြစ်ပါတယ်။ ခန်းနားတဲ့ အဆောက်အဦးပုံစံတွေကို တွေ့ကြရပါမယ်။ မြေသားအုတ်ဖြစ်နေတာတော့ တာရှည်တည်မြဲရေးအတွက် စိုးရိမ်စရာပါပဲ။

ကြောင်လိန်ဘုရား အဝင်

လောကဒုဿမာရ်အောင်စေတီ

ဖွဲ့စည်းပုံလေး ထူးခြားလှတဲ့ ဒီစေတီကိုလည်း သပ္ပါယ်စွာနဲ့ ကြောင်လိန်ဘုရားအလွန်မှာ တွေ့ရပါတယ်။ မြင်းမိုရ်တောင်ဘုရားနဲ့ လမ်းကလေးချိတ်ဆက်ထားတာမို့ ဒီနေရာလေးဟာ ဓါတ်ပုံရိုက်ဖို့ နေရာကောင်းလေးလည်း ဖြစ်နေပါတယ်။ ဒီဘုရားစေတီတွေဟာ တနင်္ဂနွေမင်းရဲ့ ကောင်းမှုတွေလို့ ဖတ်မှတ်ရပါတယ်။ (ထိပ်ဆုံးပုံကို ကြည့်ပါရန်)


မြင်းမိုရ်တောင်ဘုရား

ထူးခြားတဲ့ ဖွဲ့စည်းမှုရှိတဲ့ ဒီမြင်းမိုရ်တောင်ဘုရားကိုလည်း သဘောမကျဘဲ မနေနိုင်ဘူး။ လှေကားအတက်လေးကအစ ကဗျာဆန်နေတာပါ။ စေတီနှစ်ဆူကို အပေါ်ဘက် အဝိုင်းနေရာလေးမှာ ဖူးရပါမယ်။ လှေကားလေးတွေက အတွင်းလှေကားလည်း ရှိသေးတော့ တစ်မျိုးလေးဆင်းတက်လုပ်နိုင်ပါတယ်။ ဒီဘုရားပေါ်ကနေ တစ်ဘက်က လောကဒုဿမာရ်အောင်စေတီကို ကူးတဲ့လမ်းလေးကို ဓါတ်ပုံ ရိုက်ရတာအတော်လှပါတယ်။ အပေါ်စီးကနေ မြင်ကွင်းရှင်းရှင်း မြင်ရတဲ့နေရာလို့ ဆိုရမယ်။



ဝင်္ကပါဘုရား

ဒီဘုရားကတော့ အစွန်ဆုံးမှာ ရှိပါတယ်။ ဘုရားသာဆိုပါတော့ ကျွန်တော်တော့ ရုပ်ပွားတော် တစ်ဆူမှ မတွေ့မမြင်ခဲ့ရဘဲ၊ ဝင်္ကပါလို ဖြစ်နေတဲ့ လမ်းကြောင်းလေးတွေပဲ တွေ့ခဲ့ရတယ်။ အပေါ်ထိ တက်လို့ရသေးတယ်။ ရှေ့နံရံအတွင်းဘက်က လှေကားလေးအတိုင်း အပေါ်ကို တက်သွားရင် နေရောင်ခြည်အကျနဲ့ အရမ်းလှနေတဲ့ နေရာလေးကို တွေ့ကြရပါတယ်။ တချို့လည်း ဟိုးအပေါ်ထိ ကုတ်ကပ်တက်ကြပေမဲ့ အဲ့လောက်တော့ မစွန့်စားကြပါနဲ့နော်။ မတော် ပြုတ်ကျနေမှဖြစ်။


လေးထပ်ကြီးကျောင်း

ဒီနေရာကို ကျောင်းကြီးဝန်းကျင်မှာ ဘယ်လိုမှ နာမည်ရှာမရ။ နောက်မှ စာအုပ်တွေထဲကနေ နာမည်တွေ့လို့ မှတ်သားခဲ့ရပါတယ်။ အတော်ကို ထုထည်ကြီးမားပြီး ဘယ်လို ခန်းနားခဲ့မလဲ ဆိုတာ စိတ်ကူးကြည့်မိတယ်။ ပြိုပျက်ကျသွားတာ အတော် နှမြောစရာပါ။ ညောင်ရမ်းမင်း တည်ဆောက်ခဲ့တာ ဖြစ်ပြီး အရင်ကတော့ ကျောင်းရံ (၄၀) နဲ့တောင် တည်ဆောက်ခဲ့တာပါ။ လေးထပ်ကျောင်းကြီးရဲ့ ခံခဲ့ရတဲ့ ဒါဏ်ကလည်း မနည်းလေ။ တရုတ်နဲ့ စစ်ဖြစ်တုန်းက မီးရှို့ခံခဲ့ရသေးတယ်။ မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် ငလျင်မှာ ဂန္ဓာကုဋီတိုက် ပျက်စီးခဲ့ပြီး၊ အရင်ကရှိတဲ့ ရုပ်ပွားတော်တွေကို ပြောင်းရွှေ့ ခဲ့ကြတယ်။ ခုတော့ တချို့ ဆိုးရွားတဲ့နေရာတချို့ကို ပြင်ဆင်မှုပြုလုပ်ခဲ့ပြီး အပြိုအပျက်များအတိုင်း ပြသထားပါတယ်။ မြေသားတိုက်မို့လည်း အပြိုအပျက်တွေကို ထိမိရုံနဲ့ မြေသားမှုန်တွေ လက်ထဲပါလာတော့ ဘယ်လောက်ထိ ခံနိုင်ပါတော့မလဲ တွေးပူမိပြန်ရောလေ။


မောင်အိုအုတ်လမ်း

မဟာဇေယပထတံတား ကနေ နန်းမတော်မယ်နု ရဲ့ မောင် စလင်းမြို့စားဦးအို က ပြုပြင်တည်ဆောက်ခဲ့ရာကနေ မောင်အိုအုတ်လမ်း (ဦးအိုအုတ်လမ်း) အဖြစ် အခုထိ တည်ရှိနေပါတယ်။ ဒါပေမဲ့လည်း ကတ္တရာလမ်းတွေ မြင့်လာ၊ ဘေးက အိမ်တွေများလာတာနဲ့ ပျောက်ကွယ်သွားတော့မလားတော့ တွေးမိပါတယ်။ လမ်းဘေးဝဲယာတစ်လေ ျှာက်က တိုင်လုံးအမှတ်အသားလေးတွေ ကလည်း ဓါတ်ပုံမှတ်တမ်းတင်ချင်စရာလေးတွေပါ။

မောင်အိုအုတ်လမ်း ဆီ

ဆင်ကျုံးခံတပ်

ဧရာဝတီမြစ်ကနေ လာမဲ့ရန်သူတွေကို ကာကွယ်ဖို့ တည်ဆောက်ထားတယ်လို့ ယူဆရတဲ့ ဒီဆင်ကျုံးခံတပ်ကနေ ဧရာဝတီမြစ်အလှကို ထူးထူးခြားခြား မြင်ရပါတယ်။ ခံတပ်အနေနဲ့ အမှတ်အသားတစ်ခုလောက်ပဲ ကြည့်စရာ ရှိတော့ပေမဲ့ အနီးက ဧရာဝတီမြစ်ရဲ့ အလှကြောင့် ဒီခံတပ်နေရာဟာလည်း လည်ပတ်ချင်စရာ ဖြစ်နေတယ်လို့ ဆိုချင်ပါတယ်။


ရတနာဆီမီးဘုရားစု

အင်းဝ ကို လာတဲ့အခါ ဒီနေရာဟာလည်း မရောက်မဖြစ် လာသင့်တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။ ဓါတ်ပုံရိုက်ဖို့လည်း သိပ်လှသလို၊ အမရပူရခေတ် ဗိသုကာလက်ရာတွေရှိနေတဲ့ နေရာလည်း ဖြစ်ပါတယ်။ ရတနာဆီမီးဘုရား ဆိုတာ မြတ်စွာဘုရား ရဲ့ သဗ္ဗညုတဉာဏ်တော်ကို ရည်ရွယ်ပြီး အမည်နာမ မှည့်ခေါ်တယ်လို့ ဆိုပါတယ်။ ရတနာ ဆိုတာ မြင့်မြတ်တဲ့အရာ၊ ဆီမီး ဆိုတာက ဉာဏ်တော် ကို ပုံဆောင်တယ်လို့ သိရပါတယ်။ အရင်ကတော့ ရတနာဆမီ ဘုရားလို့ ခေါ်ခဲ့ပါတယ်။ ဒီဘုရားက ညနေပိုင်းဆို နေအကျနဲ့ အတော်လေး ဓါတ်ပုံရိုက်ဖို့အဆင်ပြေပါတယ်။ ကျွန်တော်ကတော့ မနက်ပိုင်း သွားခဲ့တာပါ။ ထူးခြားတဲ့ ပြဿဒ်ဆောင်အဟောင်းနဲ့ ဘုရားဟာ အတော်စိတ်ဝင်စားစရာကောင်းသလို၊ ခုနောက်ပိုင်း လူငယ်တွေရဲ့ ဓါတ်ပုံရိုက်စရာ နေရာကောင်း ဖြစ်နေပါတယ်။


အင်းဝက အခြားလည်ပတ်စရာ နေရာများ

  • နန်းတော်ရာ

  • အင်းဝရွှေစည်းခုံစေတီ

  • အင်းဝရှေးဟောင်းသုတေသနပြတိုက်

  • မဟာမြတ်မုနိ (ခ) စန္ဒာမုနိ

  • ဂူတော်သစ်

  • လောကမာရ်အောင် စေတီတော်

ရတနာပူရ (ခေါ်) အင်းဝ ကို သိပ်သဘောကျမိတယ်။ လည်ရပတ်ရတာ သိပ်မများတော့ ပင်ပန်းတယ် မထင်ရဘူး။ သွားသွားလာလာကိစ္စတွေအတွက်လည်း သွားလာရေးက အဆင်ပြေတယ်။ လေ့လာစရာ များတယ်။ ဓါတ်ပုံလှလှလည်း အများကြီး ရနိုင်တော့ ကျွန်တော်က ရတနာပူရ ရွှေအင်းဝ ကို သဘောကျနေမိပါတယ်။ အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

1,173 views1 comment
bottom of page