ရှမ်းပြည်နယ် ပင်လောင်းမြို့ကို ရောက်ရင် ဒီနေရာကို မဖြစ်မနေ သွားလည်စေချင်ပါတယ်။ ပင်လောင်းမြို့ ဟာ တကယ်ကို သဘာဝအလှတွေ အများအပြား ပုန်းကွယ်တည်ရှိနေတဲ့နေရာဖြစ်လို့ ခရီးသွားတွေ နေရာသစ်တွေ ခြေဆန့်ချင်ရင် ဦးစားပေး ရွေးချယ် လည်ပတ်သင့်တဲ့ အရပ်လည်း ဖြစ်ပါတယ်။ ကလောမြို့ ကို အလည်အပတ်သွားရင်းနဲ့ ပင်လောင်း ဘက်ကို အပြေးအလွှားလေး လည်ပတ်နိုင်ပါသေးတယ်။ ကြားတည်းက တီကျစ်လိုမျိုးမှာလည်း လည်ပတ်စရာတွေ ရှိနေတာပါ။ ပင်လောင်းမြို့ ရဲ့ လည်ပတ်စရာတွေ အကြောင်းကို ရှေ့မှာ ရေးထားဖူးပါသေးတယ်။ ဒီအထဲက ကျွန်တော် သဘောကျမိတဲ့ ဝင်္ဂပါတောင် နဲ့ တောင်ထီဗွာဂူ ကို ပြန်လည်ဝေမျှလိုတာပါ။
အဲ့ဒီ ဝင်္ကပါတောင် မရောက်မီ မြင်ရတဲ့ ရွာကြီးဟာ စနစ်တကျနဲ့ လှနေတာမို့ သဘောကျမိတယ်။ ဒီ ဝင်္ကပါတောင် ကို ရောက်ရင် ဓါတ်ပုံရိုက်ချင်စိတ် ပေါ်လာစေတဲ့ ကျောက်နံရံကြီးတွေရှိတယ်။ စေတီအဆူဆူ တည်ထားတဲ့ တောင်ကြီး ကို လယ်ကွင်းစိမ်းစိမ်းကနေ မြင်တွေ့ရတာ အတော်လေး ကြည်နူးစရာ ဖြစ်ရပါတယ်။ အပေါ်ကို တက်ဖို့လှေကားကျယ်ကျယ် ရှိပေမဲ့ ဟိုးအပေါ်ထိ တက်မယ်ဆိုရင်တော့ သံလှေကားမတ်မတ်တစ်ခုပဲ ရှိပါမယ်။ ခြေချော်မကျအောင်တော့ သတိပြုတက်ဖို့ လိုပါလိမ့်မယ်။ အောက်မှာရှိတဲ့ တောင်ထီဗွာဂူ ထဲမှာတော့ ဝင်္ကပါလို ဖြစ်နေတဲ့ လမ်းအသွယ်သွယ်ထဲ ဝင်သွားကြည့်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တချို့လည်း စမ်းတဝါးဝါးတွေ ဖြစ်လို့။ ခရီးသွားအချင်းချင်း ဂူထဲမှာ တွေ့ပြီး စကြ နောက်ကြနဲ့ သွားတုန်းကလည်း အရမ်းပျော်ရတယ်။ နယ်ဘက်ကလာတဲ့ အဒေါ်ကြီးတွေ ယောင်လည်လည် ဖြစ်နေပြီး ဟိုလမ်းမသွားနဲ့ ဒီလမ်းမသွားနဲ့ ဆိုပြီး အချင်းချင်း ရီမောပြောနေတာကို ကြည့်လို့ စိတ်ကြည်နူးရပါသေးတယ်။ ဒီဘက်ကို ခဏခဏ သွားနေကျသူတွေကတော့ ဘယ်နေရာ ဘာရှိလဲဆိုတာ သိနေကြပြီ။ ကျွန်တော်လည်း ပထမတော့ ဘယ်လမ်းရွေးရမလဲ စဉ်းစားရခက်ခဲ့တယ်။ ထွက်ပေါက်မရှိတဲ့ နေရာလေးတွေလည်း ရောက်သွားသေးတယ်။ ဒါပေမဲ့လည်း အကျိုးရှိအောင် တွေ့သမျှ ဓါတ်ပုံရိုက်ပြီး ပြန်လှည့်တယ်လေ။
ပင်လောင်းမြို့ဝန်းကျင်ဟာ ခုလို သဘာဝအနေအထား မပျက်ယွင်းသေးဘဲ တကယ်လှနေတဲ့ အလှစစ်တွေ ရှိနေဆဲမို့ ကပ်ကာလကြီးလွန်ရင် သဘာဝထဲ ခရီးသွားလိုတဲ့ ခရီးသွားချစ်သူတွေအကြိုက်တွေ့မဲ့ နေရာတစ်ခုဆိုတာ ညွှန်းဆိုချင်ပါတယ်ဗျ...
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာ ပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Ko Nay, Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+
Photos are modified in Lightroom by Thiha Lu Lin.
Comentarii