သဘာဝအလှစစ်တွေနဲ့ ပအိုဝ်း တို့ နယ်မြေ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

သဘာဝအလှစစ်တွေနဲ့ ပအိုဝ်း တို့ နယ်မြေ

ပအိုဝ်းတို့ နယ်မြေ ပင်လောင်းမြို့ကို ကျွန်တော်ရောက်ခဲ့တာ အတော်ကြာပြီ။ ရေးဖို့အားယူရင်းနဲ့ တခြားသော မြို့လေးတွေ ရေးဖြစ်လို့ တဖြေးဖြေး နောက်ရွှေ့လာရင်း ခုမှ ရေးဖြစ်တော့တယ်။ ပင်လောင်းမြို့လေးက သိပ်လှတယ်လို့ ရောက်ဖူးသူတိုင်းက ပြောကြပေမဲ့ ကျွန်တော့်မျက်စိထဲ ပုံဖော် မရဘူး။ မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများကတော့ သဘာဝအတိုင်း လှနေကြတာ များတာမို့ သူလိုကိုယ်လို အလှပဲ ဖြစ်မယ် ထင်မိတယ်။ တကယ်တမ်းတော့ ပင်လောင်းဒေသရဲ့အလှဟာ တည်ငြိမ်အေးချမ်းပြီး ဂုဏ်သိက္ခာရှိတဲ့ အလှမျိုးဗျ။


ပင်လောင်းမြို့ ဆိုသည်မှာ

အရင်က စော်ဘွားတွေ အုပ်ချုပ်ခဲ့တဲ့ ဒေသ တစ်ခုပေါ့။ လွယ်လုံနယ်လို့လည်း ခေါ်ကြတယ်။ ခုတော့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တစ်ခု ဖြစ်နေပါပြီ။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ တည်ရှိပြီး တောင်ကြီးမြို့ကဆို မိုင် (၅၀) လောက် ကွာဝေးပါတယ်။ စဝ်မိုးကျော် ကတော့ ပင်လောင်း (ယခင် လွယ်လုံ) ဒေသရဲ့ နောက်ဆုံးစော်ဘွား ဖြစ်ခဲ့ပြီး ၁၉၅၉ ခုနှစ် ဧပြီ ၂၉ မှာ အာဏာစွန့်ခဲ့ရတယ်လို့ သိရပါတယ်။ မြို့ရဲ့ ပုံစံက ဒယ်အိုးပုံစံပါ။


ရာသီဥတု

ပင်လောင်းမြို့ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၄၈၂၀ မှာ ရှိတာမို့ ရာသီဥတုလေးက အေးမြပါတယ်။ မိုးရာသီမှာလည်း မိုးများတတ်သေးတယ်။ ကိုယ်တွေလို အပူပိုင်းမြစ်ဝကျွန်းပေါ်သားတွေအတွက်တော့ နေပျော်တဲ့ ရာသီဥတုရှိရာ အရပ်ပေါ့လေ။ ဆောင်းတွင်းမှာဆိုရင် တစ်ခါတလေ ရေခဲတဲ့အထိ ဖြစ်တတ်ပါသေးတယ်။


ပင်လောင်းမြို့ကို ဘယ်လိုသွားမလဲ

ပင်လောင်းမြို့က ကြားမြို့လိုလေး ဖြစ်နေတော့ သွားရတာ နည်းနည်းတော့ ထောင့်သား။ ရန်ကုန်ကနေဆို လွိုင်ကော် ကား စီးကြရတာများတယ်။ အဲ့ဒီတော့ ပင်လောင်းကို ကားဝင်ရင် ည ၂း၃၀၊ ၃း၀၀ တို့လိုမျိုးကြီးတွေ ဝင်တာ။ နေပြည်တော် ပေါင်းလောင်း ဘက်ကနေလည်း လာလို့ရသေးတယ်။ နေပြည်တော်ကနေလည်း ရထား ရှိတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျံနဲ့ဆိုလည်း ဟဲဟိုးမှာ ဆင်းပြီး ၂ နာရီလောက် ကားနဲ့ ပင်လောင်း ပြန်သွားရတာပါပဲ။


ပင်လောင်းနဲ့ အနီးတစ်ဝိုက် လည်ပတ်စရာ

ပင်လောင်းမြို့ထဲမှာတော့ လည်ပတ်စရာ နည်းနည်းရှိပြီး များသောအားဖြင့်တော့ ပင်လောင်းကနေ ကားလေးနဲ့ မြို့ပြင်ထွက် ရွာတွေ၊ တောင်တွေ၊ တောတွေဆီ ခြေဆန့်ကြရပါတယ်။ ပင်လောင်းမှာ သဘာဝ ဝန်းကျင်က အတော် စိမ်းလန်းလှပေနေဆဲဖြစ်ပြီး ဂူ၊ ရေတံခွန် စတာတွေဟာလည်း သဘာဝအတိုင်းနီးပါး ရှိနေကြပါတယ်။ Trekking နဲ့ Hiking တွေ အပြင် Rock Climbing လုပ်လို့ကောင်းတဲ့ နေရာတွေတောင် ရှိတယ်လို့ဆိုပါတယ်။ ကျွန်တော် လည်ပတ်ဖြစ်ခဲ့တဲ့ နေရာတွေပဲ အဓိက ညွှန်းဆိုပေးသွားချင်ပါတယ်။


ပင်လောင်းဟော်နန်း

အရင်ကတော့ အဓိက လည်ပတ်စရာအဖြစ် ပင်လောင်းဟော်နန်း ကို ဖော်ပြခဲ့ပါတယ်။ ခုတော့ စိတ်မကောင်းစရာ ပင်လောင်းဟော်နန်းက လုံးဝ ပြိုကျပျက်စီးသွားရပါပြီ။ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၆ နှစ် ရှိပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။၂၀၂၀ မေလ ၁၉ ရက်နေ့ နေ့လည်ခန့်က ပြိုကျခဲ့တာပါ။ ၂၀၁၆ ခုနှစ် မေလတုန်းက မိုးသက်လေပြင်းကြောင့် အစိတ်အပိုင်းအတော်များများ ပြိုကျပျက်စီးခဲ့ဖူးပါတယ်။ ဟော်ဦးဘုရားခန်းတစ်ခန်း (ညီလာခံခန်းလို့လည်း ခေါ်တယ်) ပဲ ကျန်ခဲ့တာဖြစ်ပါတယ်။ ဒါတောင် အဲ့ဒီနှစ်က နှစ်ရက်ဆက်တိုက် လေကြီးမိုးထန်လို့ နောက်တစ်ရက်မှာပဲ ဘုရားခန်းလည်း ကြမ်းကျွံခဲ့တယ်လို့ သိရပါတယ်။ နောက်ဆုံးတစ်ခေါက်မှာတော့ ကျန်နေတဲ့ အပိုင်းအကုန် လုံးဝ ပျက်စီးသွားတာပါ။ ဒီဟော်နန်းဟာ ရှမ်းစော်ဘွားနယ်မြေ ၃၄ ခုမှာ ပါဝင်တဲ့ ပင်လောင်းစော်ဘွား နောက်ဆုံးမင်းဆက်ဖြစ်တဲ့ စော်ဘွားကြီး စဝ်မိုးကျော် နေထိုင်စံမြန်းခဲ့တဲ့ ဟော် ဖြစ်ပါတယ်။ အနီးမှာ ဆွေတော်မျိုးတော် တချို့က သီးသန့် အဆောက်အဦးလေးနဲ့ နေထိုင်ကြပါတယ်။ အရင် ညီလာခံခန်း ကျန်ရှိတုန်းက အပေါ်ထပ် တက်လေ့လာလို့ရပေမဲ့ ဖိနပ်နဲ့ တက်ရောက်တာမျိုး၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုတာ၊ မလေးမစားပြုမူသလို ဖြစ်တာမျိုး မလုပ်မိစေဖို့ သတိပေး ရေးဖူးတယ်။ ဒီဟော်နန်း မှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ရှိနေပါတယ်။ ရှေ့မှာလည်း တချို့ ဝင်ပူးသလို အဖြစ်အပျက်တွေကြောင့် အတော်ရှင်းယူခဲ့ကြရပါတယ်။ ကျွန်တော် တို့ သွားခဲ့တဲ့အချိန်တုန်းကလည်း အဆောက်အဦးထဲ ဝင်လိုက်တာနဲ့ ထူးခြားတဲ့ အမွှေးနံ့ တစ်ခု ရတာ ပြန်ပြောရင်းတောင် ကြက်သီးထရပါတယ်။ အပေါ်ထပ်ကို တက်ဖို့တောင် မဝံ့တော့ပါဘူး။ အဲ့ဒါကြောင့် မရိုမသေ မလုပ်မိဖို့ သတိပေးခဲ့တာပါ။ တစ်ခေတ်က ကြီးကျယ်ခမ်းနားခဲ့တဲ့ နန်းဆောင်ကြီးပေမဲ့ ဝတ္ထုဇာတ်လမ်းထက် ဆန်းပြားတဲ့ ဇာတ်လမ်းရှိခဲ့တဲ့ ဒီဟော်နန်းဟာ အလွမ်းဓါတ်ခံ ရှိသူတွေအတွက် မျက်ရည်ဝဲစရာနေရာ ဖြစ်မှာပါ။ ပင်လောင်းဟော်နန်းက အလျားပေ ၁၂၀ နဲ့ အနံ ၇၀ ပေခန့်ရှိတဲ့ နှစ်ထပ် အဆောက်အဦးပါ။ သစ်သားနဲ့တည်ဆောက်ထားပြီး အနီးမှာလည်း ဒီနေ့အထိ ပင်လောင်းစော်ဘွား၏ အမွေခံသားသမီးများ နေထိုင်လျက်ရှိပါတယ်။ မကြာခင် ပြန်လည်ပြီး တည်ဆောက်နိုင်ဖို့ လျာထားတဲ့အကြောင်း ဒေသခံတွေဆီက ကြားရပါတယ်။


စော်ဘွားအုတ်ဂူ

စော်ဘွား ဆွေတော်မျိုးတော်တွေရဲ့ အုတ်ဂူ ကတော့ မြို့လယ်မှာရှိတယ်လို့ ပြောရမဲ့ မွေတော်ဘုရားကြီး ရှေ့နားမှာတင် ရှိနေတာပါ။ ထူးထူးထွေထွေ မဟုတ်လှပေမဲ့ သမိုင်းကို စိတ်ဝင်စားသူတွေအတွက် ဟိုးခေတ်က အခေါ်အဝေါ်တွေနဲ့ အမည်နာမတွေကို သင်္ချိုင်းမှတ်တမ်းတွေကနေ လေ့လာနိုင်စေပါတယ်။


မွေတော်ဘုရားကြီး

ကန်သာယာကြီးကို ဖြတ်ပြီး မြင်ရတဲ့ မွေတော်ဘုရားကြီးက ပင်လောင်းမြို့ထဲ ဝင်လာတာနဲ့ ထင်ထင်ရှားရှားကြီး ဖူးမြင်ကြရမဲ့ ဘုရားကြီးပါ။ အဝေးကြည့်တင် အတော်သပ္ပါယ်ပါတယ်။ ကန်ဝန်းကျင်မှာလည်း ပြည်တွင်းပြည်ပ ဧည့်သည်တွေ ဓါတ်ပုံလာရိုက်ကြတာ များတယ်။


ပင်လောင်းမြို့မဈေးကြီး

မြို့လယ်မှာ ထင်ထင်ရှားရှားရှိနေပေမဲ့ အစည်ကားဆုံးအချိန်က ၅ ရက်ဈေးနေ့အချိန်ပါ။ တခြားမြို့၊ ရွာတွေမှာ မရနိုင်တဲ့ ထူးခြားတဲ့ ရှမ်းရိုးရာအစားအစာတွေ ရနိုင်တဲ့အချိန်လည်း ဖြစ်သလို၊ အဲ့ဒီနေ့ဆိုရင် အနီးဝန်းကျင်က ဆိုင်တွေကအစ ရောင်းအားကောင်းလို့ စားသောက်ဆိုင်တွေဆိုလည်း အထူးဟင်းလျာလေးတွေ ပြင်ဆင် ရောင်းချတတ်ကြပါသေးတယ်။ ခေါဝ်းစွပ်ပြားဆိုတဲ့ အမဲသားထမင်းဝါပြား ကို အထူး စားသောက်ကြပါတယ်။ လည်ပတ်တဲ့အချိန် ဈေးနေ့နဲ့ ကြုံကြိုက်မယ်ဆို မြည်းစမ်းကြည့်လှည့်ပါနော်။


လွယ်မောင်းတောင်

ပင်လောင်း မွေတော်ဘုရားကြီးဘေးကလမ်းအတိုင်း တက်သွားရင် လွယ်မောင်းတောင် ကို ရောက်ပါမယ်။ ပင်လောင်းမြို့မှာ အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ လွယ်မောင်းတောင်ဟာ ပေပေါင်း ၆၁၂၄ ပေ မြင့်တာမို့ တောင်ထိပ်ရာသီဥတုက အနည်းငယ် ကြမ်းပါတယ်။ မာယာလည်း များတယ် ဆိုရမယ်။ ချက်ချင်းမြူကျ ချက်ချင်းနေပူနဲ့မို့ အစိုးမရတတ်ပါဘူး။ တောင်ထိပ်မှာ ဘုန်းကြီးကျောင်း၊ စေတီတို့ ရှိပြီး ဆက်သွယ်ရေးတာဝါတိုင်လည်း ရှိပါတယ်။ ဒီတောင်ကို အားကစားသမားတွေကလည်း ကြိုက်တယ်။ တောင်တက်အားကစားအတွက် အဆင်ပြေတယ်။ ကား၊ ဆိုင်ကယ်တို့နဲ့လည်း တောင်ထိပ်ကို လွယ်လွယ်တက်လို့ ရသေးတော့ မဖြစ်မနေ သွားလည်သင့်ပါတယ်။ တောင်ထိပ်ကနေ အင်းလေးရေပြင်၊ ရှေ့မြင်နောက်မြင်တောင် စတာတွေကို မြင်တွေ့နိုင်ပါတယ်။ လွယ်မောင်းတောင်ကိုတော့ နေဝင်ဆည်းဆာ အလှကို ခံစားဖို့ အများဆုံးလာကြတာ ဖြစ်တဲ့အတွက် နေဝင်ချိန်အမီ တက်သင့်ပါတယ်။


စားလို့ရတဲ့ မြေကြီး

မြေကြီးစားတဲ့ အလေ့ရှိတဲ့ထဲမှာ ဒီနယ်တစ်ဝိုက်လည်း ပါဝင်ပါတယ်။ စားလို့ရတဲ့မြေကြီး တွင်းကို လွယ်မောင်းတောင်တက်လမ်းရဲ့ လမ်းဘေးတစ်နေရာမှာ တွေ့မြင်နိုင်ပါတယ်။ မိုးတွင်းမှာတော့ မိုးများရင် ခွဲခြားရခက်ပေမဲ့ မိုးကင်းတဲ့ ကာလတွေမှာ အလွယ်တကူ ခြစ်ယူစားသုံးနိုင်ပါတယ်။ ကျွန်တော်လည်း သေချာညွှန်ပြဖို့ ခက်နေတော့ ပင်လောင်းရောက်ရင် ဒေသခံ လမ်းညွှန်တွေနဲ့ ဆက်သွယ်ပြီး စားလို့ရတဲ့ မြေကြီးအကြောင်းကို မေးမြန်း မြည်းစမ်းခဲ့စေချင်ပါတယ်။ ရွာတွေမှာတော့ မီးခိုးကြပ်တိုက်ပြီး အဆာပြေ မုန့်ပုံစံ စားလေ့ရှိကြပါတယ်။


နန်းဟူးဘုရား

မြို့တွင်းမှာ မြို့ကို အပေါ်စီးကနေ အနီးကပ်မြင်လို့ရတာက နန်းဟူးဘုရား တောင်ပေါ်ကပါ။ ဘေးကပ်လျက်မှာ နန်းဟူးကျောင်းတိုက်လည်း ရှိပါတယ်။ ဒီနေရာကနေ ပင်လောင်းဟော် ကိုလည်း လှမ်းမြင်ရသေးတယ်။


ပင်တလဲ ကျိုက်ထီးရိုးဘုရား

မြို့နဲ့ နီးနီးစပ်စပ်မှာပဲ ရှိနေတဲ့ ပင်တလဲ ကျိုက်ထီးရိုး ဘုရားဟာလည်း ပင်လောင်းမြို့ကို အမြင့်ကနေ လှမ်းမြင်ရတဲ့ ပုံစံမျိုးမို့ ရှုခင်းကောင်းတယ် ဆိုရမယ်။ အနီးဝန်းကျင်ထက် သိသိသာသာ မြင့်တက်နေတဲ့ ကုန်းပေါ်မှာမို့ ဘုရားရင်ပြင်ကနေ ဘေးဘက်ကို ထိုင်ငေးရင် လယ်ကွင်းတွေ၊ တောင်တွေနဲ့ သိပ်လှပါတယ်။ ကျိုက်ထီးရိုးလိုပဲ ကျောက်တုံးလေးပေါ်မှာ တည်ထားတာမျိုးမို့ ပင်တလဲ ကျိုက်ထီးရိုး လို့ ခေါ်ဆိုတာ ဖြစ်ပါလိမ့်မယ်။ လူနည်းနည်း ပြတ်တယ်။ ကျွန်တော်တို့သွားတုန်းက ဘုရားဖူးလည်း မရှိဘူး။


လုံးနဂါးပတ်ဘုရား

ပင်လောင်းရောက်မှတော့ ဒီ လုံးနဂါးပတ်ဘုရားကို အရောက်လည်သင့်ပါတယ်။ နည်းနည်း လှမ်းပါတယ်။ ဒါပေမဲ့ လမ်းခရီးက တစ်လျှောက်လုံး ကြည့်မဝတဲ့ အလှတွေ ရှိနေတယ်။ အချို့ကျောက်ဆောင်လေးတွေဆို အလယ်မှာ လမ်းလေးပေါက်ပြီး ဓါတ်ပုံရိုက်ဖို့သိပ်လှနေတာ။ လုံးနဂါးပတ်ဘုရားရဲ့ သမိုင်းကလည်း ဒဏ္ဌာရီလိုလို ဘာလိုလိုနဲ့မို့ ပြောမပြတော့ဘဲ ချန်ထားခဲ့ရပါစေ။ ဇာတ်လမ်းက နှစ်မျိုး သုံးမျိုးလောက်တော့ ဖြစ်နေတယ်။ အဲ့ဒီမှာ နဂါးတွေ လာဖူးလေ့ရှိတယ်လို့ ယုံကြည်ကြတယ်။ ထူးခြားစွာပဲ နဂါးတွေ လာဖူးမယ်ဆို အသံတွေ မြည်ပြီး မကြာခင် ကွင်းအတွင်း ရေတွေ အလိုလို ပြည့်လာတယ်လို့ ဆိုတယ်။ ဂူလိုမျိုးလည်း တွေ့ခဲ့ရတယ်။ ဓါတ်ပုံရိုက်ဖို့တော့ အတော်လှပါတယ်။ မုဆိုးခြေရာ လို့ ယူဆရတဲ့ ခြေရာပုံစံကြီး တစ်ခုကိုလည်း ထိန်းသိမ်းထားတာ တွေ့ရပါတယ်။ မုဆိုးခြေရာ ဖြစ်တည်လာပုံကလည်း ဘုရားနဲ့ ဆက်စပ်တဲ့ သမိုင်းဒဏ္ဌာရီတွေထဲ တစ်ခု ပါဝင်ပါတယ်။


သစ္စာခရုရေအိုင်

လုံးနဂါးပတ်ဘုရားအနီးမှာပဲ ရှိတဲ့ နတ်ရေကန်လို့ ဆိုကြတဲ့ သစ္စာခရုရေအိုင် က ခရုလေးတွေကို လေ့လာရတာလည်း ထူးခြားပါတယ်။ ခရုလေးတွေတိုင်းဟာ ဖင်ပြတ်နေကြပေမဲ့ ကောင်းစွာ အသက်ရှင်သန်နေကြပါတယ်။ ခရုတိုင်း တစ်ပုံစံတည်း ဖင်ပြတ်နေကြတာက ဒီရေကန်ရဲ့ ထူးခြားမှုတစ်ခုလို့ ဆိုရပါမယ်။


စမ ကျောက်စာဘုရား

လုံးနဂါးပတ်ဘုရား သွားတဲ့ လမ်းပေါ်မှာပဲ စမ ကျောက်စာဘုရား ဆိုတာ လမ်းဘေး တစ်နေရာမှာ ရှိပါတယ်။ အရင်ကတော့ ဘုရား ရှိပုံမပေါ်ဘဲ၊ နောက်မှ အမိုးပုံစံ တည်လိုက်တာလို့ ယူဆိပါတယ်။ တစ်မျိုးတော့ ဖြစ်နေတယ်။ စမ ကျောက်စာ ဆိုတာ က အဲ့ဒီ စေတီလေးရဲ့ အောက်က ကျောက်တုံးပေါ်မှာ စ နဲ့ မ လို့ ယူဆရတဲ့ အက္ခရာပုံစံ ဖောင်းကြွလေးတွေ ဖြစ်နေတာကို ရည်ညွှန်းချင်တာပါ။ ကျောက်စာ လို့ ပြောကြပေမဲ့ ကျွန်တော့်အမြင်တော့ ကျောက်စာ ထက် တစ်ချိန်ချိန်က ကျောက်ဖြစ်သွားတဲ့ ခရုခွံလေးများလားလို့ သံသယဖြစ်မိပါတယ်။ ကြုံရင် လေ့လာကြည့်စေလိုပါတယ်။


ကောင်ဒေါ သဘာဝ လိုဏ်ဂူတော်ကြီး

မုဆိုးကြီး ကောင်ဒေါ ရဲ့ အရုပ်ကြီးလည်း ထုဆစ်ထားပြီး ဂူအဝင်ဝမှာ ထားထားတဲ့ ဒီ သဘာဝလိုဏ်ဂူဟာ တကယ်လှပါတယ်။ တကယ်ကို သဘာဝအဆန်ဆုံး ထိန်းထားပေးတာ သက်ဆိုင်ရာ စောင့်ရှောက်သူများနဲ့ ကျောင်းထိုင်ဘုန်းဘုန်းတို့ကို ကျေးဇူးတင်မိပါတယ်။ ဂူထဲမှာ ဘုရားတွေတည်၊ ဆင်းတုတော်တွေ မထားဘဲ၊ သဘာဝအတိုင်းကို ထားထားတဲ့အပြင် လေ့လာလိုသူတွေ အဆင်ပြေစေဖို့ မီးစက်မောင်းပြီး အတွင်းကို လျှပ်စစ်မီးကြိုးတွေ သွယ်တန်းပေးထားတယ်။ ကျွန်တော်တို့တတွေ တော်တော် နက်နက်အထိ ဝင်လေ့လာဖြစ်ခဲ့တယ်။ ဂူပေါက် ဆုံးနိုးနိုးသွားကြည့်ပေမဲ့ မီးသွယ်တန်းထားတာသာ ဆုံးသွားတယ် ဂူက မဆုံးသေး။ မြင်လည်း မမြင်ရတော့တဲ့အပြင် မိုးတွင်းမို့ ရေကလည်း လျှံလာတာနဲ့ ပြန်ထွက်လာခဲ့ကြတယ်။ ကျောက်ခတ်ပန်းဆွဲတွေ၊ ရေမှော်ပင်တွေ နဲ့ သဘာဝလိုဏ်ဂူကြီးဟာ နိုင်ငံခြားသားခရီးသွားတွေ အတော်သဘောကျလိုက်မဲ့ ဖြစ်ခြင်း။


တောင်ထီဗွာဂူ နဲ့ ဝင်္ကပါတောင်

ဒီကိုလည်း မဖြစ်မနေ လာလည်စေချင်ပါတယ်။ အဲ့ဒီ ဝင်္ကပါတောင် မရောက်မီ မြင်ရတဲ့ ရွာကြီးဟာ စနစ်တကျနဲ့ လှနေတာမို့ သဘောကျမိတယ်။ ဒီ ဝင်္ကပါတောင် ကို ရောက်ရင် ဓါတ်ပုံရိုက်ချင်စိတ် ပေါ်လာစေတဲ့ ကျောက်နံရံကြီးတွေရှိတယ်။ တောင်ထီဗွာဂူ ထဲမှာတော့ ဝင်္ကပါလို ဖြစ်နေတဲ့ လမ်းအသွယ်သွယ်ထဲ ဝင်သွားကြည့်ရတာ စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ တချို့လည်း စမ်းတဝါးဝါးတွေ ဖြစ်လို့။ သွားနေကျသူတွေကတော့ ဘယ်နေရာ ဘာရှိလဲဆိုတာ သိနေကြပြီ။ ကျွန်တော်လည်း ပထမတော့ ဘယ်လမ်းရွေးရမလဲ စဉ်းစားရခက်ခဲ့တယ်။ ထွက်ပေါက်မရှိတဲ့ နေရာလေးတွေလည်း ရောက်သွားသေးတယ်။ ဒါပေမဲ့လည်း အကျိုးရှိအောင် တွေ့သမျှ ဓါတ်ပုံရိုက်ပြီး ပြန်လှည့်တယ်လေ။ ထီဗွာ ဆိုတာ ရေဖြူလို့ အဓိပ္ပါယ်ရပါတယ်တဲ့။ မိုးရွာရင် ရေတွေ ရှိနေတတ်တယ်။ တခါတလေ ရေစီးသန်၊ ရေများနေလို့ လည်ပတ်ရ ခက်ခဲတာတွေ ကြုံရနိုင်ပါတယ်။ မိုးတွင်းမှာ တစ်ရက်နဲ့ တစ်ရက်တောင် အခြေအနေမတူပါဘူး။ ကျွန်တော်တို့ အဖွဲ့ သွားလည်တုန်းက ရေမရှိဘဲ၊ နောက်ရက် သွားလည်တဲ့ သူငယ်ချင်းတွေအဖွဲ့က ရေတွေကြီးနေလို့ လည်ပတ်ဖို့ အဆင်မပြေခဲ့ဘူးလို့ သိရပါတယ်။


လိမ္မော်ခြံ

ပင်လောင်းလိမ္မော်သီးလေးတွေ စားကောင်းတယ်။ လိမ္မော်ရာသီ မဟုတ်သေးပေမဲ့ ခြံထဲအထိ ဆင်းပြီး လိမ္မော်ပင်စိုက်ခင်းတွေကို လေ့လာခဲ့တယ်။ ဆောင်းတွင်းဆိုရင်တော့ လိမ္မော်ချိန်ရောက်ပြီမို့ ပိတ်ရက် ခရီးသွားသူတွေ ဝင်းမှည့်နေတဲ့ လိမ္မော်သီးတွေကို ခြံအပြည့် မြင်ကြရမှာပါ။ ဒါလေးလည်း ဗဟုသုတအဖြစ် သွားရင်း သဘာဝရှုခင်းတွေနဲ့ စိုက်ခင်းတွေကြား လည်ပတ်ပျော်ရွှင်နိုင်တယ်။


ပအိုဝ်းရိုးရာ ပလိုင်းယက်တဲ့ ရွာများ

ရိုးရာ ပလိုင်းယက်တဲ့ ရွာတွေကိုလည်း မဖြစ်မနေ လေ့လာစေချင်ပါတယ်။ ဒီနယ်မှာ ပလိုင်းကို အချောယက်တဲ့ ရွာ သပ်သပ်ရှိသလို၊ အကြမ်းယက်တဲ့ရွာလည်း သပ်သပ်ရှိနေတယ်။ အချောကတော့ အတော်လှတယ်။ ကျွန်တော်က အကြမ်း ပိုကြိုက်တယ်။ ရိုးရာပိုဆန်လို့လေ။ အဆင်ပြေမယ်ဆို အားပေးခဲ့စေချင်ပါသေးတယ်။ ကျပ် ၁၀၀၀ ကနေ ၅၀၀၀ ဝန်းကျင်လောက်ပဲ ရှိတတ်လို့ပါ။ ဒေသခံလမ်းညွှန်နဲ့ သွားပါ။ သွားတဲ့အခါ ယက်တဲ့အိမ်တွေအထိ သေချာလိုက်ပြပေးတာမို့ ယက်လုပ်နေတာတွေကိုလည်း လေ့လာခွင့်ရမဲ့အပြင် ဒီဒေသက လူနေမှုပုံစံတွေကိုလည်း ဗဟုသုတရမယ်။ အိမ်တည်ဆောက်ပုံနဲ့ မိသားစုပုံစံတွေကို မြင်တွေ့ရပါဦးမယ်။ သူ့ရာသီအခါဆို ရွာထိပ်မှာတင် စုရပ်အသီးသီး ရှိပြီး ရွာသူရွာသားတွေ စုပေါင်း ယက်လုပ်နေကြတာကို ချစ်စဖွယ် မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။


ပအိုဝ်းယွန်းထည်

ပအိုဝ်းမှာလည်း ယွန်းလုပ်ငန်း ရှိတယ်ဆိုတာ သိလိုက်ရတော့ ကျွန်တော် အံ့သြသွားတယ်။ လက်ဆင့်ကမ်း လုပ်ကိုင်နေသူ ရှားပြီး တိမ်မြုပ်လုမတတ်ဖြစ်နေတဲ့ ဒီလက်မှုလုပ်ငန်းကို ကျွန်တော် သိလိုက်ရတော့ အတော် စိတ်ဝင်စားမိတယ်။ ထုတ်လုပ်နေသူတွေက မိသားစုတစ်နိုင်ပုံစံလေးပဲ။ နောက်မျိုးဆက်သစ်တွေက အမွေဆက်ခံချင်ပုံ မရှိလို့ လူကြီးပိုင်းတွေကပဲ လုပ်ဆောင်နေတာ နှမျောမိတယ်။ ခက်တာက ယွန်းထည်တွေက ထူးခြားမနေတာ။ ပအိုဝ်း ယွန်းထည်က လက်ရာကြမ်းတယ်။ ပုဂံယွန်းထည်နဲ့ မတူဘဲ။ ဒါပေမဲ့ လက်မှုပညာမို့ အထူးစိတ်ဝင်စားမိတယ်။ လုပ်နေကျတာက ရေနွေးကြမ်းခွက်၊ ကွမ်းအစ်အငယ်စားလေးတွေမို့ ရောင်းပန်းမလှဖြစ်နေတာလို့ ယူဆမိတယ်။ ခေတ်နဲ့အညီ အသုံးတည့်မဲ့ ပစ္စည်းလေးတွေ ထုတ်လုပ်နိုင်ရင် ပအိုဝ်းယွန်းက တစ်ခေတ်ဆန်းလို့ ပြည်တွင်းပြည်ပ ခရီးသွားတွေရဲ့အိမ်ပြန်လက်ဆောင် ဝယ်စရာ ဖြစ်လာနိုင်တယ်လို့ ယူဆမိပါတယ်။ ဒီလုပ်ငန်း လုပ်ကိုင်ရာ ရွာကိုလည်း ဒေသခံလမ်းညွှန်ရဲ့ အကူအညီနဲ့ သွားရောက်လည်ပတ် အားပေးနိုင်ပါတယ်။


ဒုံးယေးခေါဝ်း ကျန်စစ်သားခြေရာ

ဒီဘက်ကိုလည်း အတော်လာရတယ်ဗျာ။ ဆိုင်ကယ်လေးနဲ့အသွား မိုးတွေ မိလိုက်သေးလို့ ရွာထဲ ဈေးဝယ်ပြန်တဲ့ Light Track လေးကို အကူအညီတောင်းတော့ လက်ဖက်ပင်တွေ သွားရောင်းပြီး ပြန်လာတဲ့ မိသားစုနဲ့တွေ့လို အဆင်ပြေသွားတယ်။ လက်ဖက်ပင်ပေါက်လေးတွေ ရောင်းပြီး ဝင်ငွေရှာတဲ့အကြောင်းကို ဗဟုသုတ အများကြီး ရလိုက်တယ်။ ရိုးသားလိုက်ကြတာဆိုတာလေ။ ကံဆိုးချင်တော့ ဆိုင်ကယ် စီးလာတာ မိုးကြီးမိ၊ ကံကောင်းချင်တော့ ကားနဲ့ လမ်းကြုံတင်ခေါ်တဲ့သူတွေ့၊ ဟော ကံဆိုးချင်ပြန်တော့ လမ်းတစ်ဝက်မှာ ကားကြီးတစ်စီး ပျက်လို့ တစ်လမ်းမောင်းသာသာ ကားလမ်းမှာ ကိုယ်လမ်းကြုံစီးတဲ့ ကားက ရှေ့ဆက် မတိုးသာတာနဲ့ ဆိုင်ကယ် ပြန်ပြောင်းစီး။ ဒီလိုနဲ့ပဲ ဒုံးယေးခေါဝ်း ရောက်လာတော့ ကျန်စစ်သားခြေရာ လို့ ယူဆရတဲ့ ခြေရာပုံစံ တစ်ခုကို ထိန်းသိမ်းထားတာကို တွေ့ခဲ့ရတယ်။ ဒီပင်လောင်းမှာ ကျန်စစ်သားခြေရာ က ဘယ်တစ်ဘက် ညာတစ်ဘက် တစ်နေရာစီ အတော်ဝေးဝေး ရှိနေတာ။ ဘယ်လိုတောင် ပေါင်ကြီး ကွ ပြီး ထားခဲ့သလဲ ကျန်စစ်သားရယ်ပေါ့။ ဒီ ဒုံးယေးခေါဝ်း မှာတော့ ကျန်စစ်သား ပုန်းခိုနေထိုင်ဖူးတယ်လို့ယူဆရတဲ့ ဂူကြီးလည်း ရှိတယ်။ ဂူက လေဝင်လေထွက်ကောင်းပြီး တစ်ဘက်ကမှာ မျက်နှာစာတွေက အပွင့်တွေနဲ့ မြင့်မြင့်မို့နေလို့တော့ အဆင်ပြေမဲ့ပုံပါ။ အတွင်းမှာ စေတီတစ်ဆူ တည်ထားတာ သတိပြုမိတယ်။ ဂူက ခပ်သေးသေးပါပဲ။


အခြားလည်ပတ်စရာနေရာများ

ပင်လောင်းနယ်ထဲ ပါဝင်တဲ့ နေရာတချို့ကို အချိန်ရမယ်ဆိုရင်တော့ ဆက်လည်စေချင်မိပါတယ်။ တော်တော်လှမ်းပေမဲ့လည်း ပင်လောင်းရဲ့ လည်ပတ်စရာနေရာတွေထဲမှာ ထည့်သွင်းထားတာတွေလည်း သတိပြုမိတယ်။ အချိန်လေးရရင် သေချာလည်ပတ်ခဲ့ပါနော်။

  • စင်းဆင်းရေတံခွန်

  • အေးချမ်းမြေ အပန်းဖြေစခန်း

  • ဟားရေတံခွန်

  • ရွက်ပုန်းသီးကော်ဖီစက်ရုံ (ပအိုဝ်းကော်ဖီ)

  • ဘီလူးချောင်းရေထွက် နဲ့ သဘာဝဂူ

  • ရှမ်းစက္ကူပြုလုပ်တဲ့လုပ်ငန်း

  • ပအိုဝ်းရိုးရာ မီးလုံးပွဲ၊ ဒုံးလွှတ်ပွဲ နဲ့ မိုးခေါ်ပွဲ (ရာသီအလိုက်)

  • လိန်းလီတံတား

  • နန့်မွန်ကြီး ရေတံခွန်


လည်ပတ်ဖို့အတွက် ဒေသခံ လမ်းညွှန်တွေနဲ့ ဆက်သွယ်ပါ

ကျွန်တော်တို့ ဒေသတစ်ခုကို သွားရင် အဲ့ဒီဒေသအကြောင်းနဲ့ ထူးခြားတဲ့ ဖြစ်ရပ်ဖြစ်စဉ်တွေ၊ စိတ်ဝင်စားစရာတွေကို သေချာ သိသင့်ပါတယ်။ ဒီအတိုင်းလေး သွားကြည့်ရုံနဲ့ တချို့နေရာတွေရဲ့ တန်ဖိုးကို မသိရတတ်ပါဘူး။ ဒါတွေကို သေချာ ရှင်းလင်းပြောပြနိုင်တာက ဒေသခံ လမ်းညွှန်တွေပါ။ မြန်မာပြည်ထဲ ပါးစပ်ပါ ရွာရောက်ပေမဲ့ ဒေသခံလမ်းညွှန်ပါရင် ပိုသွားရ လွယ်ကူပြီး ဗဟုသုတ ပိုဖြစ်ရပါတယ်။ ကျွန်တော့်ရဲ့ ပင်လောင်းခရီးစဉ်မှာ ဒေသခံလမ်းညွှန် အဖြစ် ကိုခွန် လို့ လွယ်လွယ်ခေါ်ကြတဲ့ ကိုခွန်လွန်စိန် ပါ။


သူက ကိုယ်နေထိုင်လည်ပတ်မဲ့ ပုံစံအလိုက် သေချာလေး ခရီးစဉ် ဆွဲပေးနိုင်ပါတယ်။ လမ်းကြောင်း သင့်မဲ့ လည်ပတ်စရာနေရာအစုံကို တစ်ခါတည်းတိုင်ပင်လုပ်ဆောင်နိုင်တဲ့အပြင် ကား၊ ဆိုင်ကယ် ငှားတာကအစ စီစဉ်ပေးနိုင်လို့ သူနဲ့ ချိတ်ဆက်တာ အဆင်ပြေဆုံး ဖြစ်မှာပါ။ ပင်လောင်းရောက်လို့ ဆက်သွယ်မယ်ဆိုရင်တော့ -

ပင်လောင်း ဒေသခံလမ်းညွှန် ကိုခွန်လွန်စိန် :: ဖုန်း ၀၉ ၂၆၀၈၉၀၈၈၀၊ ၀၉ ၇၈၃၅၃၀၀၄၅


တည်းခိုမယ်ဆိုရင်ရော

တည်းခိုဖို့က ခုစာရေးတဲ့ ၂၀၁၉ စက်တင်ဘာ ၁၁ အထိဆိုရင် ပင်လောင်းမှာ တည်းဖို့ အဆင်ပြေဆုံးက ပင်လောင်းဟိုတယ် ဖြစ်ပါတယ်။ လိုအပ်ချက် အများကြီး ရှိနေပေမဲ့ အဆင်အပြေဆုံး ဖြစ်မှာပါ။ ဈေးအားဖြင့် ၂၅၀၀၀ ကျပ်ကနေ စ ပါတယ်။ ၂ ယောက်ခန်းကနေ ၅ ယောက်ခန်းအထိ ရှိပါတယ်။ ဒါပေမဲ့ အခန်းအရေအတွက် အရမ်းနည်းလို့ ထင်သလို တွက်ချက်မရဘဲ ကြိုတင် ဖုန်းဆက်စုံစမ်းသင့်ပါတယ်။ နောက်ထပ် ရွေးချယ်စရာ တစ်ခု အနေနဲ့ ဝိုင်းဝိုင်းလည် တည်းခိုခန်းတစ်ခု ရှိပါမယ်။ အဆင့်မြင့်မြင့် ဈေးကြီးကြီး ဟိုတယ်ကြီးတစ်ခုလည်း မကြာခင် ဖွင့်တော့မှာပါ။ Luxury မှ ဆိုရင်တော့ အဲ့ဒီဟိုတယ်ကြီး ဖွင့်တဲ့အခါ တည်းခိုသင့်ပါတယ်။


စားသောက်ဖို့ဆိုရင်ရော

မနက်စာ နဲ့ အဆာပြေ အတွက်ဆို အရမ်းကောင်းတဲ့နေရာ (ကျွန်တော် အရမ်းကြိုက်တဲ့ဆိုင်) က မွေတော်ဘုရားကြီး ရှေ့တည့်တည့်က သစ်သားဆိုင်လေးနဲ့ နာမည်လည်း မရှိတဲ့ ဆိုင်လေးပါ။ ဆန်ပြုတ် (အတော်ကောင်း)၊ ဝက်သားချဉ် (အသားတုံးကြီးက အကြီးကြီးပဲ)၊ ဟင်းထုပ် (အသားများလိုက်တာ) ဒါတွေ မဖြစ်မနေ စားခဲ့ပါ။ ဈေးလည်း အရမ်းသက်သာတယ်။ စားလည်း အရမ်းကောင်းပါတယ်။

ထမင်းဟင်း တရုတ်စာ ကောင်းကောင်း၊ ဘီယာ အရက်လေးနဲ့ သောက်စားမယ်ဆိုရင် ဈေးမရောက်ခင်က အောင်ရင်ရင် စားသောက်ဆိုင် ရဲ့ လက်ရာ အတော်ကောင်းတယ်ဗျာ။ ရှုခင်းလေးနဲ့ ထိုင်ချင်ရင်တော့ စံနန်းတော် ဆိုင် လည်း အဆင်ပြေပါတယ်။ မနက်စာတော့ စံနန်းတော်မှာစားရင် လူများတဲ့အခါ အချိန်များများ မပေးရင် အဆင်မပြေဘူး။ သူတို့က ဖြေးဖြေးအေးဆေးပဲ လုပ်တာမို့ ဗိုက်ဆာနေတဲ့အချိန်ဆို ရူးသွားနိုင်တယ်။ စံနန်းတော် က ဟိုတယ်၊ တည်းခိုခန်း အထိလည်း လာပို့ပေးတဲ့ ဝန်ဆောင်မှုရှိတာတော့ အဆင်ပြေတယ်။ ဒါပေမဲ့ အနည်းဆုံး ပမာဏတစ်ခု မှာမှ ပို့ပေးတာမျိုးပါ။


ငွေကျပ် ၇၀၀၀၀ လောက်နဲ့ စပြီး ၂ ည အိပ်ခရီးစဉ် လည်ပတ်နိုင်မဲ့ ပင်လောင်းခရီး

ပင်လောင်းခရီးစဉ်က ဟိုးရှေ့မှာ ပြောခဲ့သလို ငွေကုန်တော့ များနိုင်တယ်။ ငွေမကုန်ရင် လူတော့ နည်းနည်း ပင်ပန်းနိုင်တယ်။ ချွေချွေတာတာလေးဆို ငွေကျပ် ၇၀၀၀၀ လောက်နဲ့ လည်ပတ်နိုင်မဲ့ ဒေသပါ။ အဖွဲ့နဲ့ ဆိုရင်ပေါ့လေ။ တစ်ဦးတည်းဆိုရင်တော့ အဲ့ဒီပမာဏနဲ့ မလွယ်လှပါဘူး။ ခရီးစဉ်တွေက ပင်လောင်းမြို့ထဲမှာအပြင် တဆင့်ခံ ဆက်သွားရမဲ့ နေရာတွေလည်း များလို့ ပိတ်ရက်များများလေး ရှိရင် သွားနေကျနေရာတွေထဲက ခွဲထွက်လို့ ပြောင်းလဲ သွားလာ လည်ပတ်နိုင်မဲ့ ဒေသသစ်တစ်ခုအဖြစ် တင်ပြပေးလိုက်ရပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo, Khun Lunsein

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,138 views0 comments
bottom of page