• Thiha Lu Lin

နှစ်ပေါင်း ၇၀၀ ကျော် ပင်းယခေတ်က ဂူဘုရားကြီး ၃ ဆူ

ကျွန်တော်တို့နိုင်ငံမှာ ဘုရင်တွေ အုပ်ချုပ်မင်းလုပ်ခဲ့တဲ့ ခေတ်တွေ နှစ်တွေ ထင်သာမြင်သာ ရှိခဲ့ပါတယ်။ မင်းဆက်အစုအလိုက် ခေတ်တွေ ပြောင်းလဲခဲ့ကြပါတယ်။ အင်းဝခေတ် မတိုင်ခင်က ပင်းယခေတ် နဲ့ စစ်ကိုင်းခေတ် ဆိုတာ ရှိခဲ့ပါတယ်။ ပုဂံ မပျက်သုဉ်းခင်လေးမှာ ပုဂံနဲ့ အပြိုင်လို့ ဆိုပါတယ်။

နှစ်ပေါင်း ၇၀၀ ကျော် ပင်းယခေတ်က ဂူဘုရားကြီး ၃ ဆူ ကို စကားအင်းရွာ ဘက်ရောက်ရင် ဖူးဖြစ်အောင် ဖူးစေချင်မိပါတယ်။

ပုဂံခေတ် နှောင်းပိုင်း နရသီဟပတေ့မင်းလက်ထက်မှာ မြင်စိုင်းဒေသက ဗိန္ဒကမင်းမျိုးနွယ် ပျော့ရှမ်းမျိုး သိင်္ခဗိုလ် ဟာ သားတော် သုံးဦး (အသင်္ခယာ၊ ရာဇသင်္ကြန် နဲ့ သီဟသူ) တို့ကို နရသီဟပတေ့မင်းထံ အပ်နှံခစား စေခဲ့တယ်။ နရသီဟပတေ့မင်း ကံကုန်ပြီး သား ဒလစားကျော်စွာ နန်းတက်လာတဲ့အခါမှာ ရှမ်းညီနောင် သုံးဦး ကို အကြီးဆုံးက မြင်စိုင်းမြို့၊ အလတ်က မက္ခရာမြို့ နဲ့ အငယ်ဆုံး သီဟသူ ကို ပင်လယ်မြို့တွေမှာ မြို့စားအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ အလတ် ရာဇသင်္ကြန်ကံကုန်ချိန်၊ အငယ်ဆုံး သီဟသူက အကြီးဆုံး အသင်္ခယာ ကို အဆိပ်ကျွေးလုပ်ကြံလို့ အစ်ကိုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ အင်းဝ ကို ပြောင်းရွှေ့ပြီး ယခု အင်းဝမြို့နေရာမှာ ပင်းယမြို့ ကို (၄) ကြိမ် တည်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်တော့ အင်းဝတောင်ဘက် ငါးမိုင်အကွာ ပန်းလောင်မြစ်အနား မှာ ပင်းယမြို့ကို ခရစ်နှစ် ၁၃၁၃ ဖေဖော်ဝါရီ ၉ ရက်မှာ တည်ထောင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ပင်းယ ကို ပန်းလောင်မြစ်နားမှာ တည်ခဲ့သလို ခေတ်အဆက်ဆက်လည်း ဘုရင်တွေဟာ မင်းနေပြည်တော်တွေကို မြစ်ကြောင်းသင့်ရာတွေမှာ တည်ခဲ့ကြတာ သတိပြုမိပါတယ်။ အင်းဝ ဆိုလည်း ဒုဋ္ဌဝတီမြစ်နဲ့ ဧရာဝတီမြစ်ဆုံတဲ့နေရာ၊ မက္ခရာ ဆိုလည်း ဇော်ဂျီ နဲ့ ဒုဋ္ဌဝတီမြစ် ဆုံရာ စသဖြင့် ဥပမာပေးရမယ်ထင်ပါတယ်။ ရေကြောင်းသွားလာရေးအတွက်ရော၊ ရေသုံးစွဲမှုအတွက်ကြောင့်လို့ ယူဆပါတယ်။ ပင်းယ နဲ့ စစ်ကိုင်း ဟာ သီးခြား မင်းပြိုင်များနဲ့ နန်းပြိုင် အုပ်ချုပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။ “သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်” လို့ အမှတ်အသားပြုခဲ့တဲ့အတိုင်း ပင်းယ နန်းတည်နှစ် ဟာ မြန်မာသက္ကရာဇ်အားဖြင့် ၆၇၄ ခုနှစ် ဖြစ်ပါတယ်။ ခုဆိုရင် ပင်းယ သက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်သွားပါပြီ။ ပင်းယခေတ်မှာ မင်းဆက် က ၆ ဆက်ဖြစ်ပြီး မြန်မာသက္ကရာဇ် ၆၇၄ ကနေ ၇၂၆ ထိ ကြာမြင့်ခဲ့ပါတယ်။

.

ပင်းယ မင်းနေပြည်တော်နေရာကြီးက အခုအခါမှတော့ အေးချမ်းဆိတ်ငြိမ်တဲ့ ရွာကြီးတစ်ရွာအနေနဲ့ သာ ရှိပါတော့တယ်။ သာယာတဲ့ စကားအင်းရွာ ဆိုတာ ရောက်ဖူးရင် သိပ်သာယာတာပဲလို့ ပြောစမှတ်ပြုရအောင်ပါ။ ရှေးဟောင်းဇုန် အနီးမှာ တည်ရှိနေတဲ့ ရွာကြီးဟာ တံတားဦးမြို့ ကနေ ၂ မိုင်အကွာ တံတားဦး-ကျောက်ဆည်လမ်းပေါ်မှာ ရှိနေပါတယ်။ နေ့ခင်းနေ့လည်ဆို တောင်သူရွာခံတွေ စိုက်ပျိုးကွင်းထဲ ဆင်းကြတာမို့ ပိုပြီး တိတ်ဆိတ်နေတတ်တဲ့ ရွာကြီးပါ။


ပင်းယ ဂူဘုရားကြီး သုံး ဆူ

ဒီ စကားအင်းရွာဘက် ရှေးမြို့ဟောင်း ပင်းယ ကို အလည်လာရတဲ့ အသက်က ဒီ ဂူကြီး သုံးလုံး ကြောင့်ဆိုလည်း မမှားပါဘူး။ ပင်းယ (စကားအင်းရွာ) မှာ တခြား မလည်ပတ်ချင်ရင်တောင် ဂူကြီး သုံးလုံးတော့ မဖြစ်မနေ လည်ပတ်သွားရောက် လေ့လာသင့်ပါတယ်။ စကားအင်းရွာ ကို သွားတဲ့ လမ်းပေါ် တံတာဦး - ကျောက်ဆည် ကားလမ်း အနောက်ဘက်မှာ တည်ရှိပါတယ်။ လမ်းပေါ်ကနေလည်း ထင်သာမြင်သာ ရှိလှပါတယ်။ ဂူကြီးသုံးလုံး ဆိုလို ဟိုလို ကျောက်တောင် သဘာဝလိုဏ်ဂူကြီးတွေ မဟုတ်ပါဘူးနော်။ ပုဂံဘုရားတွေလို လိုဏ်ဂူတော် တည်ဆောက်ထားတာ မျိုးပါ။ ဒီဂူကြီးတွေကို ဘယ်သူတည်တယ်ဆိုတာ အတိအကျမသိကြသေးပါဘူး။ နှုတ်ပြောနဲ့ပဲ တောင်ဘက်အဆုံးက ဂူ ကတော့ သီဟသူမင်း တည်တယ်လို့ ဆိုပါတယ်။ ရပ်ထဲ ရွာထဲတော့ ဥစ္စာစောင့် ရှိတယ်လည်း ဆိုကြပြန်တယ်။ ပုဂံခေတ်လက်ရာတွေနဲ့ အရမ်းတူပြီး နှစ်ထပ် လိုဏ်တွေ ဖြစ်လို့ အပေါ်တက်တဲ့ လှေကားတွေလည်း အတွင်းဘက်မှာ တွေ့ရပြန်တယ်။ ပုဂံခေတ်လွန်လက်ရာတွေ ဖြစ်မယ်လို့လည်း သုံးသပ်ကြပါတယ်။ ပြိုပျက်နေတာများပြီး တောင်ဘက်တစ်ခုပဲ တော်တော်များများ အကောင်းအတိုင်း ကျန်နေပါတယ်။ ဂူကြီး ၃ လုံးအနီးမှာ ကျောက်စာတွေသိမ်းဆည်းထားတဲ့ ကျောက်စာဂူအဆောက်အအုံလေးတစ်ခုကိုလည်း တွေ့ကြရပါမယ်။ ကျောက်စာဂူ ထဲမှာ ကျောက်စာနှစ်ချပ်တွေ့ရတာကြောင့် ကျောက်စာထဲက စာအရဆိုရင် သီဟသူမင်းရဲ့သား ဥစ္စနာမင်းကြီးက ဂူသုံးခု မြေနေရာလှူဒါန်းတယ်လို့ ရေးထိုးထားလို့ ဂူကြီး၊ ဂူပြောက်၊ လတ်ထဂူ တို့ကို သူတည်ထားတယ်လို့လည်း ဆိုကြပါသေးတယ်။ ကျောက်စာပါ သက္ကရာဇ်ကြောင့်ပဲ သံသယဖြစ်စရာ ဖြစ်နေဆဲလို့ သိရပါတယ်။


ဂူကြီး သုံးလုံး ဟာ ထုထည်ကြီးမားကြပြီး ပုံစံလည်း တူပါတယ်။ တစ်ဂူ နဲ့ တစ်ဂူ ကို ပေ ၁၂၀ အကွာမှာ တောင် မြောက်တန်းပြီး တည်ဆောက်ထားပါတယ်။ အလယ်ဂူကတော့ အကြီးဆုံးပါ။ ဘေး နှစ်ဂူ မှာက လိုဏ်ပတ်လမ်းတွေ ပါပြီး ဂူပေါ်တက်ဖို့ လှေကားတွေ ပါပါတယ်။ အခုအခါမှာတော့ တက်ဖို့ကို မတက်ကြဖို့ သတိပေးစာများ ကပ်ထားတာလည်း တွေ့ခဲ့ရပါတယ်။ လေးဘက်မုခ်ရှိကြပြီး မုခ်တိုင်းမှာ ဘုရားဆင်းတု တစ်ဆူစီ ရှိကြပါတယ်။ နံရံဆေးရေးပန်းချီတွေ ရှိခဲ့တယ်လို့ ဆိုပေမဲ့ အထောက်အထားက အတော်ရှာရမဲ့ပုံ တစ်ခုတလေတောင် ရေးရေး ကျွန်တော် မတွေ့မိ။ ကျွန်တော် ရှာမိသလောက်ပေါ့လေ။ ဂူဘုရားတွေရဲ့ အပြင်ဘက်မှာတော့ (စဉ့်ခွက်) စဉ့်ကွင်းအရုပ်တွေတော့ နည်းနည်းပါးပါး ကျန်ရစ်နေတုန်းပဲ။ ဒါတောင် ပုံက ဘာပုံမှန်း မှန်းဆရ ခက်နေပြီ။ စဉ့်ကွင်းဇာတ်ရုပ်တွေ ဖြစ်တယ်လို့တော့ အကြမ်းဖျဉ်း သိထားပါတယ်။ ဓါတ်ပုံရိုက်ဖို့တော့ အတော်လှတဲ့နေရာတစ်ခု ဖြစ်ပါတယ်။


၂၀၁၁ ခုနှစ်မှာ သဘာဝဘေးဒဏ် ခံစားခဲ့ရတဲ့ ဂူကြီး သုံးလုံး ရဲ့ ကြံ့ခိုင်ရေးအတွက် ၂၀၁၅ ခုနှစ်တုန်းကတော့ ပြုပြင်ဖို့ စီစဉ်ခဲ့တဲ့သတင်းတွေလည်း ဖတ်ရပါတယ်။ ဂူကြီး ၃ လုံး ရဲ့ ရှေးဟောင်းအဆောက်အဦးအမှတ်အသားတွေဖြစ်တဲ့ ၁၇၃၊ ၁၇၄ နဲ့ ၁၇၅ တွေကို မြန်မာဥသျှောင်ကုမ္ပဏီနဲ့ ပူးပေါင်းပြီး ရှေးဟောင်းသုတေသနဌာနက ပြုပြင်မယ်လို့ သိခဲ့ရပါသေးတယ်။


ပုဂံခေတ်နှောင်းလက်ရာ ဂူဘုရားတွေဖြစ်တဲ့ ပင်းယဂူကြီး ၃ လုံးဟာ မန္တလေး တံတားဦးဘက်မှာ ရှိပေမဲ့ ခရီးသွားတွေ ကျော်ကျော်သွားတတ်တဲ့ တိမ်မြှုပ်နေရာလေးတစ်ခုပါ။ ဒီနေရာလေးကို အလည်သွားရင်း အညာအရသာ ခံစားရတဲ့ စကားအင်းရွာ ကိုပါ လည်ပတ်ရင်း ပင်းယ ရှေးဟောင်းဇုန်ထဲက ရှေးအဆောက်အအုံနဲ့ ဘုရားစေတီတွေကို ဖူးမြော်နိုင်ဖို့ တင်ပြလိုက်ပါတယ်ခင်ဗျ။


ပင်းယ က ရှေးဟောင်းစေတီပုထိုးနဲ့ အဆောက်အဦးတွေအပါအဝင် စကားအင်းရွာကို အစုံလည်ပတ်ချင်သူတွေအတွက် ကျွန်တော် ရှေ့မှာ ရေးသားပြီးသားဖြစ်လို့ ဖတ်ရှု လည်ပတ်နိုင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wana Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

12 views0 comments