အောင်ပန်းမြို့၊ ငုံးသုံရွာ နားက ပုဂံခေတ်လွန်လက်ရာနဲ့ ရှေးဟောင်းဘုရားတွေ ကို ရောက်ခဲ့ရင် ဖူးစေချင်ပါတယ်။
ကျွန်တော် အောင်ပန်းကို ဒီတစ်ခါရောက်တော့ လာရတာအတန်ဆုံးလို့ ပြောနိုင်တာက ငုံးသုံရွာဘက်က ရှေးဟောင်းဘုရားကြီးတစ်ဆူကို မြင်တွေ့ဖူးမြော်ခွင့် ရလိုက်လို့ပဲ ဖြစ်ပါတယ်။ ပုဂံက ဂူဘုရားတွေနဲ့ ပုံစံတူ လိုဏ်ပါတဲ့ နှစ်ထပ် ဂူဘုရားကြီး ဖြစ်ပြီး ပုဂံခေတ်လွန် ညောင်ရမ်းခေတ်လက်ရာတွေ ဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။ ဒီ ဂူဘုရားကြီးဟာ လိုဏ်ပတ်လမ်းလည်း တည်ရှိပေမဲ့ ပြိုပျက်နေတာမို့ အပြည့်ပတ်ကြည့်လို့တော့ မရပါဘူး။ အပေါ်တက်ကြည့်ချင်ရင်လည်း အုတ်ပုံအပျက်အစီးတွေကြားက တက်ကြရတာမို့ ခြေမချော်အောင်တော့ သတိပြုရပါတယ်။ အတွင်းမှာ ရှေးဟောင်းဘုရားကြီးတွေ မြင်တွေ့ဖူးမြင်ရသလို အချို့ဆို ပျက်စီးယိုယွင်းနေပါတယ်။ စနစ်တကျ ပြန်လည်ပြုပြင်ဖို့ လိုအပ်နေပြီး အချို့ကလည်း လှူချင်ဇောနဲ့ ရှေးဘုရားတွေကို နယ်ခံတွေတောင် အသိမပေးဘဲ အလျင်စလို ပြုပြင်လိုက်တာမျိုးရှိလို့ ဒေသခံတွေ အတော်လေး သတိပြုထိန်းသိမ်းနေကြတယ်လို့လည်း ကြားခဲ့ရပါတယ်။ အတော်ကို စိတ်ဝင်စားစရာကောင်းလှတယ်လို့ ဆိုချင်ပါတယ်။ ယခင်ကဆို ဉာဏ်တော်လည်း အတော်မြင့်မားပုံရပြီး တန်ရုံ ရှမ်းပြည်ဝန်းကျင်မှာ တွေ့ရခဲတဲ့ ဗမာစေတီပုံစံဖြစ်ပါတယ်။ အတိုင်းအတာအားဖြင့်လည်း ပေ ၆၀ ဝန်းကျင်ပတ်လည်ရှိတာမို့ အတော်ကြီးမားပါတယ်။ ထောင့် လေးထောင့်မှာလည်း အရံ စေတီတွေ ရှိခဲ့ပုံရပြီး အတော်များများကတော့ အုတ်ပုံသာသာလေး ရှိပါတော့တယ်။
ရှမ်းပြည်နယ်တောင်ပိုင်း အောင်ပန်းမြို့ကို ရောက်ရင် အောင်ပန်းကနေ တဆင့် လည်လို့ကောင်းတဲ့ ငုံးသုံရွာက ဂူဘုရားကြီး ကို တင်ပြပေးလိုက်ရပါတယ်ဗျ။ သမိုင်းအချက်အလက်တွေ ပိုပြီး ရှာဖွေစုစည်းနိုင်ဖို့လည်း လိုအပ်နေပြီး ကြိုးစားနေကြတယ်လို့ သိခဲ့ရပါတယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Min Hsann, Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comentarios