တလောလေးက ကျွန်တော့်ဆီကို ကျွန်တော့်ခရီးသွားစာတွေ ဖတ်နေကျ အစ်မတစ်ယောက် စကားပြောလာတယ်။ ကျွန်တော့်ရဲ့ ခရီးသွားဓါတ်ပုံတွေထဲက သူ့ ရင်ထဲ ထိရှတဲ့ ပုံတစ်ပုံ ကို သူ့မိတ်ဆွေ ပန်းချီဆရာ ဆီ ဆွဲပေးဖို့ ပေးထားဖူးတဲ့အကြောင်း ပြောလာပြီး ပန်းချီ (ကို) တင်အောင်မြင့် နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့အမည်နာမ နဲ့ သူ့အကြောင်းကိုပဲ ရင်းနှီးခွင့် ရခဲ့တာပါ။ သူ့ကိုတော့ လူချင်း မြင်ခွင့် စကားပြောခွင့်တော့ မရနိုင်တော့ပါဘူး။ အကြောင်းကတော့ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၁၄ ရက်နေ့ က ကြွေလွင့်သွားရှာလို့ ပဲ ဖြစ်ပါတယ်။ ဆုံးတဲ့အချိန်မှာ အသက် (၄၄) နှစ်သာ ရှိသေးတာမို့ အချိန်အများကြီး ကျန်သေးပေမဲ့ ကြွေလွင့်ခဲ့ရတယ်လို့ ခံစားရပါတယ်။ သူ့အကြောင်းကိုလည်း အဲ့ဒီ အစ်မနဲ့ စကားလက်ဆုံကြားရင်းမှ ပိုစိတ်ဝင်စားစရာ ဖြစ်လို့ အမှတ်တရ အဖြစ် ကျွန်တော့်ရဲ့ စာမျက်နှာမှာ တင်ရေးဖို့ ခွင့်တောင်းဖြစ်ခဲ့တယ်။ အဓိက က ကျွန်တော့်ရဲ့ ခရီးသွားဓါတ်ပုံတွေထဲက ရေနံချောင်း ရဲ့ပင်းချောင်းမှာ ရိုက်ကူးထားတဲ့ ဘဝပုံလေးတစ်ပုံကို သူ မကွယ်လွန်ခင် ပန်းချီအဖြစ် ခံစားပုံဖော်ပေးခဲ့တာမို့ရော၊ သူ့ ဘဝ အကြောင်းအရာက စိတ်ဝင်စားစရာ ဖြစ်တာမို့လို့ရော မှတ်တမ်းအနေနဲ့ ထားချင်လာလို့ပါ။
ပန်းချီကို စိတ်ပါမှ ဆွဲတဲ့သူဖြစ်လို့ သူ့မိတ်ဆွေ က သူညွှန်းထားတဲ့ ကျွန်တော့် ခရီးသွားဓါတ်ပုံလေးကို ပန်းချီအဖြစ် ဆွဲ၊ မဆွဲတောင် မသိခဲ့ရဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တကယ် ဆွဲသားပေးခဲ့ပါတယ်။ ကိုတင်အောင်မြင့် ဟာ စိတ်ပါမှ ပန်းချီဆွဲသူ၊ သီချင်းရေးသူ၊ ဗိသုကာပုံ ဖန်တီးသူ တစ်ယောက်ပါ။ ကဗျာ နဲ့ ဝတ္ထုတိုလေးတွေလည်း ရေးတတ်သေးတဲ့ အနုပညာဖန်တီးရရင် ကျေနပ်နေသူတစ်ယောက်လို့ ဆိုရမယ်ထင်ပါတယ်။ စက်မှုတက္ကသိုလ်ကျောင်းသားတစ်ဦး ဖြစ်ခဲ့သူ ကိုတင်အောင်မြင့် ဟာ ၁၉၉၅ ခုနှစ်မှာ ရန်ကုန်စက်မှုတက္ကသိုလ် မှာ ကျောင်းတက်ခဲ့ပြီး အဲ့ဒီအချိန်မှာ ဝန်းကြီးဦးသောင်း လက်ထက်ဖြစ်ပါတယ်။ ၁၉၉၅ မှာ ကျောင်း စတက်ပြီး ကျောင်းဖွင့်တာ ၁ နှစ်နဲ့ ၁ လသာ ရှိသေးချိန် ၁၉၉၆ အရေးအခင်း ဖြစ်တဲ့အတွက် ၁ နှစ် နဲ့ ၈ လ ကျောင်းပိတ်သွားပါတယ်။ ကျောင်းလည်း ပြန်ဖွင့်ရော ၇ ရက်ပဲ ကျောင်းတက်လိုက်ကြရပြီး စာမေးပွဲ ဖြေခိုင်းခဲ့တဲ့အတွက် ဝန်ကြီးဦးသောင်းဆီကို ကျောင်းသားတွေ စု လက်မှတ်ထိုး တင်ပြခဲ့ကြတယ်။ ဝန်ကြီးက စာသင်ရက်တိုးတာကို လက်မခံခဲ့လို့ ဒီပညာရေးစနစ်ကို ပုံပျက်ပညာရေးအနေနဲ့ ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ ဒီဆန္ဒပြပွဲထဲပါဝင်တဲ့ ဦးဆောင်သူ ၂၅ ယောက်ကို GTI တွေမှာ ခွဲဖြေခိုင်းခဲ့ပြီး လအနည်းငယ်အတွင်းမှာ ဖမ်းဆီးခဲ့ကြပါတယ်။ အဲ့ဒီအချိန် ကိုတင်အောင်မြင့် ကို မဖမ်းမိတဲ့အတွက် ဖခင်ကို ဖမ်းဆီးသွားပြီး လူစားပြန်လဲခိုင်းခဲ့တဲ့အတွက် ၁၉၉၈ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ အဖမ်းခံခဲ့သူဖြစ်ပါတယ်။ ထောင် ၃ နှစ်နဲ့ ၈ လကျော် ကျခဲ့ပြီး ၂၀၀၂ ခုနှစ် ဇူလိုင် ၂၈ မှာ ပြန်လွတ်လာခဲ့တာပါ။ ၂၀၂၀ မှာတော့ အပြီးတိုင်လွတ်လပ်ခြင်းနဲ့ လောကကို ထွက်ခွာသွားပြီလို့ ယူဆမိပါတယ်။
ထောင်ထဲရောက်နေပေမဲ့ ကြိုးစားမှုမလျော့တဲ့အတွက် သူ့ကို အထူးချီးကျူးမိတယ်။ ထောင်ထဲမှာ ဗိသုကာပညာရပ်ဆိုင်ရာတွေကို ၁ နှစ်ကြာ စဉ်းစားလေ့ကျင့်နေခဲ့တယ်။ အင်္ဂလိပ်စာကို ၁ နှစ်နီးပါး လေ့လာရင်း အဘိဓာန်ကို အက္ခရာစဉ်အလိုက် အလွတ်ကျက်မှတ်ခဲ့တာမျိုးတောင် လုပ်ခဲ့သူဖြစ်တယ်။ ထောင်ကထွက်ပြီးနောက်ပိုင်းမှာ ဗိသုကာပညာရပ်တွေကို ပိုပြီး ဆည်းပူးလေ့လာခဲ့သူပါ။
အနုပညာနဲ့ပတ်သက်ရင် ပါရမီရှင်လို့ ပြောနိုင်လောက်အောင် ပန်းပုပိုင်းမှာလည်း ကျွမ်းကျင်သူ ဖြစ်ပါတယ်။ ၆ တန်း ၇ တန်းလောက်ကတည်းက မြေဖြူတောင့်ကို ရေအိုးရွတ်ထားတဲ့ မိန်းမပျိုပုံ ထုကြည့်ဖူးပြီး အဲ့ဒီ မြေဖြူပန်းပုလေးကို စူပါဂလူးကော် လောင်းချလို့ ဆင်စွယ်ရုပ်လေးအသွင် ဖန်တီးယူခဲ့ဖူးရာကနေ ထောင်ထဲမှာတောင် ဆပ်ပြာခဲတွေနဲ့ ဘုရားဆင်းတုပုံတော်လေးတွေ ထုဆစ်ဖန်တီးပေးသူဖြစ်တယ်လို့ သိရပါတယ်။ တစ်ခါဆို သူဆွဲထားတဲ့ ပန်းချီကို ပျားဖယောင်းနဲ့ ပန်းပုပြန်ထုတာထိ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
အနုပညာကို ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာပြီး နှစ်သက်ရတာကို အယုံအကြည်လုံးဝ မရှိသူမို့ ဘယ်အနုပညာမဆို အတင်းကြိုက်ကြည့်ဖို့ မကြိုးစားခဲ့ဘဲ သူ့အလိုလို ရင်ထဲတိုးဝင်လာတဲ့ ဘယ်အနုပညာဖန်တီးမှုမဆို သဘောကျတတ်သူပါ။
အခုအချိန်မှာ ဆရာ ကိုတင်အောင်မြင့် ကတော့ အရှုပ်အထွေးတွေနဲ့ ၂၀၂၁ မြန်မာနိုင်ငံကို မမြင်ရတော့ဘဲ သာသာယာယာ ကြိုနှုတ်ဆက်သွားခဲ့ပြီ။ ကျောင်းသားဘဝမှာ ထောင်နန်းစံ ခဲ့ရပေမဲ့ အားမလျှော့ဘဲ ဝါသနာပါရာကို ရောက်တဲ့အရပ်မှာ ဖြစ်အောင်ကြိုးစားလေ့လာဆည်းပူးရင်း အပြင်လောက ပြန်ရောက်လာတဲ့အခါ ပိုတိုးတက်အောင် ကြိုးစားလုပ်ဆောင်ခဲ့တာကို မချီးကျူးဘဲ မနေနိုင်အောင်ပါဘဲ။ ကိုတင်အောင်မြင့် ဆွဲသားခဲ့တဲ့ ရေနံချောင်း ပင်းချောင်း ပန်းချီကားလေး ဟာ ကျွန်တော့်အတွက် မဟုတ်ပေမဲ့ ကျွန်တော့်အတွက်အလား ရင်ထဲကို ထိ စေပါတယ်။ ကြည့်မိတိုင်းလည်း ပီတိဖြစ်ရပြီး သဘောကျမိတယ်။ လာရောက်ပြီး ပြောပြပေးတဲ့ အစ်မ ကိုလည်း ကျေးဇူးတင်ပါတယ်။ အမြဲလေးစားနေပါမယ်ခင်ဗျာ။
အားလုံးပဲ ကပ်ရောဂါကြီးဘေးက အမြန်ကင်းဝေးပါစေခင်ဗျ။
သီဟလုလင် (Thiha, the Traveller)
Comments