top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ပွေးလှမြို့ က ပွေးလှဟော်နန်း

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Feb 12, 2021
  • 2 min read

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုဒေသ က ပွေးလှရွာ လို့ လူသိများတဲ့ ပွေးလှ ဟာ တကယ်ကို စည်ပင်တဲ့မြို့လေး ဖြစ်နေပါပြီ။ "ဥသြဧစီ ပွေးလှတည်" ဆိုပြီး စာချိုးနဲ့ မှတ်သားခဲ့တဲ့အတွက် ကောဇာသက္ကရာဇ် ၁၁၁၃ ခုနှစ်မှာ ပွေးလှကို စတင်တည်ထောင်ခဲ့တာမို့ အခုဆို နှစ်ပေါင်း ၂၆၀ ခန့်ရှိပြီ လို့ ဆိုနိုင်ပါတယ်။ သက်တမ်း အတော်ရှည်တဲ့ ဒေသတစ်ခုလို့ ပြောရမှာပါ။ သို့သော်လည်း ခုထိတိုင် အေးအေးငြိမ်းငြိမ်းတိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ သူ့အထာနဲ့သူ နေနေတဲ့မြို့လေးလို့ ဆိုရပါမယ်။ ပွေးလှဝန်းကျင်မှာ ဖော်ထုတ်စရာ သဘာဝအလှအပတွေ အများကြီးရှိနေတာ သွားလည်တုန်းက သတိပြုမိခဲ့တယ်။ ခရီးသွားတွေ မမြင်မတွေ့ဖူးသေးတဲ့ သဘာဝအလှတွေ မြင်ရမဲ့နေရာလို့ ယူဆမိပါတယ်။ ပွေးလှဝန်းကျင်မှာ တောလမ်းလျှောက်ဖြစ်ခဲ့သလို၊ မြို့လည်း ပတ်ကြည့်ခဲ့တယ်။ ဈေးလည်း ပတ်ကြည့်ခဲ့တယ်။ ဟင်းသီးဟင်းရွက် နဲ့ ပန်းတွေ ပေါများတာလည်း သတိပြုလိုက်မိပါတယ်။ ပွေးလှအကြောင်းပြောရင် ပြီးခဲ့တဲ့ ကျွန်တော့်ရဲ့ ခရီးစဉ်တုန်းက ပင်းတယကို လည်ပတ်ရင်း အမှတ်မထင် ရောက်ဖြစ်ခဲ့တဲ့ ပွေးလှဟော်နန်း ကို သတိရမိသွားတယ်။ ဒါကြောင့်လည်း ပွေးလှဟော်နန်း အကြောင်းလေးကို သီးသန့်လေး ရေးတင်ဖြစ်တာပါ။


ပွေးလှဟော်နန်း

ပင်းတယ ကို အလည်ရောက်တုန်းက ဒေသခံတချို့က ပင်းတယဟော်နန်း ထက် ပွေးလှဟော်နန်း အကြောင်းကို ပိုပြောပြကြတာ များတော့ ပွေးလှဟော်နန်းကို ကျွန်တော် ရောက်ဖူးချင်လာတယ်။ တကယ်တမ်း ရောက်ဖူးတော့လည်း စိတ်ထဲနင့်နေအောင် ခံစားရပြီး သဘောတကျလည်း ရှိနေမိပါတယ်။ ပွေးလှဟော်နန်း ရဲ့ တည်ဆောက်ထားပုံက ထူးခြားပါတယ်။ တခြားဟော်နန်းတွေနဲ့ မတူတဲ့ ကျောက်သားနံရံတွေနဲ့ ဖွဲ့စည်းထားတယ်လို့ ခံစားရတယ်။ သိလိုက်ရတာက အိန္ဒိယသားတွေ ကျောက်စရစ်ထွင်းထုလို့ ဟော်နန်းကို ဖန်တီးပုံဖော်ခဲ့ကြတယ်လို့ ဆိုပါတယ်။ လက်သမားတွေကတော့ တရုတ်က လို့ ထပ်သိရပြန်ပါတယ်။ အဆောက်အဦးရဲ့ ဟန်ပန်က ဥရောပဆန်သလိုလို ဖြစ်နေတာကလည်း ထူးခြားမှုပါ။ ဥရောပဟန်အဆောက်အဦးကို မြန်မာမှုလက်ရာ အတွင်းအပြင်အဆင်နဲ့ တွဲဖက်မြင်တွေ့ရပါတယ်။ သက်တမ်းအားဖြင့်တော့ နှစ် ၁၂၀ ခန့်ရှိနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဂျပန်ခေတ်ကတည်းက တည်ဆောက်ထားတာလို့ ယူဆလို့ရပါတယ်။ ဒီဟော်နန်းကြီး ဟာ ကျက်သရေဆောင် ရွှေစလွယ်တော်ရ စဝ်စံမြ ရဲ့ ဟော်နန်းကြီး ဖြစ်ပြီး အခုထိတိုင် စော်ဘွားကြီးရဲ့ ဓါတ်ပုံတွေနဲ့ မဟာဒေဝီ အပါအဝင် ဆွေတော်မျိုးတော်တွေရဲ့ ဓါတ်ပုံမှတ်တမ်းတွေကို အဖြူအမည်း၊ ရောင်စုံ အသွယ်သွယ်နဲ့ တွေ့မြင်လေ့လာနိုင်ကြဦးမှာဖြစ်ပါတယ်။


ပွေးလှဟော်နန်းကြီးကို အကျယ် ၂ဧက မြေပေါ်မှာ နှစ်ထပ် တည်ဆောက်ထားပြီး အပေါ်မှာ အခန်း ၁၀ ခန်း၊ အောက်မှာ အခန်း ၁၀ ခန်း၊ စုစုပေါင်း အခန်း ၂၀ ထည့်သွင်း တည်ဆောက်ထားပါတယ်။ ပေ ၈၀ လောက်ရှည်လျားပြီး ပေ ၅၀ ဝန်းကျင် ကျယ်ဝန်းပါတယ်။ ဟော်နန်းကြီးတစ်ခုလုံးကို အသုံးပြုမှုမရှိလို့ တချို့နေရာတွေမှာ အနည်းငယ် ယိုယွင်းသယောင် ဖြစ်နေတာတွေ့ရတဲ့တိုင် အတော်ကြံ့ခိုင်နေတဲ့ အနေအထားမှာတော့ ရှိပါသေးတယ်။ ပြတိုက်အနေနဲ့ စနစ်တကျ မပြုလုပ်နိုင်သေးတာမို့ အခန်းတွေကို အလင်းကောင်းကောင်း မရသလို၊ အသုံးအဆောင်တွေကလည်း ဂိုထောင်သဖွယ် ဖုန်တွေနဲ့ အနေအထားမကျ ဖြစ်နေတာမျိုး တွေ့ရပါတယ်။ ကျွန်တော် အခန်းအတွင်းကို လေ့လာကြည့်တဲ့အခါ အဲ့ဒီခေတ်က အနေအထားကို ခန့်မှန်းနိုင်လောက်တဲ့ အသွင်အပြင်တွေ မြင်တွေ့ခဲ့ရပါတယ်။ စော်ဘွားနေခဲ့တဲ့ အခန်း၊ ကုတင် နဲ့ အဲ့ဒီခေတ်က သုံးစွဲခဲ့တဲ့ မီးကြိုးအမျိုးအစားကအစ ယခင်အတိုင်းရှိတုန်းပါ။ တံခါးချက်တွေလည်း အတော်ထူးခြားတာ တွေ့ရပါတယ်။


တခြားသောအခန်းတွေ ဒီအတိုင်း ပစ်ထားတဲ့တိုင် အောက်ထပ် နောက်ဖေးဝင်ပေါက်လေးက အဖွားဒေါ်စောမြအေး နေတဲ့ နေရာလေးတစ်ခုနဲ့ ဘုရားခန်းကြီး ကတော့ အဆင်ပြေပြေရှိနေပါတယ်။ ဘုရားစင်ကြီးကလည်း ဒီဟော်နန်းစတည်ကတည်းက ဘုရားစင်မို့ နှစ်ပေါင်းရာကျော်ပြီ ဖြစ်ပါတယ်။ အပေါ်ထပ် ဧည့်ခန်းနံရံပေါ်က ဓါတ်ပုံတွေက တကယ့်သမိုင်းတွေပါပဲ။ ဦးဆုံးစော်ဘွားကနေ နောက်ဆုံးစော်ဘွားအထိ ပုံတွေကို မြင်တွေ့ရပါတယ်။ ကျွန်တော်ကတော့ အပြင်ဘက်က မြင်ရတဲ့ အဆောက်အဦးပုံစံကို ပိုသဘောကျပါတယ်။ ကျွန်တော် ရောက်ခဲ့စဉ်က ဆုံခွင့်ရခဲ့တဲ့ အဖွားဒေါ်စဝ်မြအေး ဟာ တစ်ဦးတည်းကျန်တော့တဲ့ စော်ဘွားသမီးတော် ဖြစ်ပြီး အသက်လည်း ၉၀ နီးပါး ရှိတော့မယ် ဖြစ်ပါတယ်။ သားသမီး (၈) ဦးထွန်းကားခဲ့တဲ့ ပွေးလှစော်ဘွားကြီးမှာ အခုတော့ သမီးတော် တစ်ပါး သာ အဲ့ဒီရောက်ချိန်က သက်ရှိထင်ရှား ကျန်နေခဲ့ပြီး အတော်လေး ဖြတ်လျတ်သန်စွမ်းတာကိုလည်း သတိပြုခဲ့မိပါတယ်။ အင်္ဂလိပ်စကားအတော် ပိုင်နိုင်ကျွမ်းကျင်တာ သတိပြုမိလို့ စပ်စုကြည့်မိတော့ တက္ကသိုလ်ပါမောက္ခတစ်ဦး ဖြစ်တယ်လို့ သိခဲ့ရပါတယ်။ တောင်ကြီးတက္ကသိုလ် သမိုင်းဌာန က ဖြစ်ပေမဲ့ အင်္ဂလိပ်လို အသံထွက်က အစ ပီသနေတာဟာလည်း အဲ့ဒီခေတ်က ပညာရေးကို တီးခေါက်မိစေပါတယ်။ သက်ကြွယ်သူ ဖြစ်တာမို့ သမီးတော် ဟာ အတော်တော့ စကားပြောရ ခက်ခဲနိုင်ပါတယ်။ သူစိတ်လိုလက်ရ ရှိချိန်ဆိုရင်တော့ လိုက်လံရှင်းပြတတ်ပေမဲ့ စိတ်မပါရင်လည်း မပါသလို ဂရုမစိုက်တတ်ပြန်ပါဘူး။ ဒါလေးတော့ နားလည်ပေးရပြန်ပါတယ်။ အများပိုင် ပြတိုက်မဟုတ်တာမို့ ဒီလောက် ဧည့်ခံပြီး ရှင်းပြပေးတာကိုပဲ လေ့လာသူတွေအနေနဲ့ ကျေးဇူးတင်ရပါပြီ။ ခုဆို ဆရာမကြီးလည်း ဖြစ်၊ သမီးတော်လည်းဖြစ်တဲ့ ဒေါ်စဝ်မြအေး ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၆ ရက်နေ့ ၂၀၂၀ မှာ ကွယ်လွန်သွားရှာပြီလို့ စိတ်မကောင်းစွာ ကြားသိလိုက်ရပါတယ်။ ပွေးလှစော်ဘွားမျိုးနွယ်တွေထဲမှာတော့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်ခဲ့ဖူးတဲ့ ဦးစဝ်အောင်မြ တို့ ကျန်ရစ်ဆဲလို့ သိရပါသေးတယ်။


လည်ပတ်သူတို့ သတိပြုစရာ

ပွေးလှဟော်နန်း ဟာ အများပြည်သူနဲ့ဆိုင်တဲ့ ပြတိုက်တစ်ခု မဟုတ်သေးတာမို့ လည်ပတ်တဲ့အခါ အထူးသတိပြုပြီး နေထိုင်နေဆဲ မိသားစုကို စိတ်အနှောင့်အယှက်မဖြစ်စေဘဲ လည်ပတ်ဖို့ လိုအပ်တယ်လို့ မေတ္တာနဲ့ သတိပေးပါရစေ။


သွားလည်မယ်ဆိုရင်

ကျွန်တော်ကတော့ ပင်းတယကို လည်ရင်း ပွေးလှရွာကို သွားခဲ့တာမို့ ပင်းတယ ကနေ ၈ မိုင်အကွာ က ပွေးလှရွာထဲမှာ ရှိပါတယ်။ Google Maps မှာလည်း အလွယ်ရှာနိုင်ပါတယ်။ ကလော အောင်ပန်း ကနေ ဆိုရင်လည်း အောင်ပန်း - ပင်းတယလမ်းအတိုင်း သွားရင် တွေ့ရမှာ ဖြစ်ပါတယ်။


နှစ်ပေါင်း ရာကျော်ရှိနေကြတဲ့ ဟော်နန်းတွေထဲမှာ အတော်ခိုင်ခံ့ပြီး ပုံစံလည်း တမူထူးခြားတဲ့ ပွေးလှဟော်နန်း ကတော့ ရောက်ဖူးသူတိုင်း အံ့သြရတဲ့ ဟော်နန်းတစ်ခုပါ။ သေချာလေး ထိန်းသိမ်းပြီး ပြတိုက်လေး ဖြစ်လာရင် ပိုကောင်းမယ်ဆိုပေမဲ့လည်း မိသားစုတွေရဲ့ ဆန္ဒက အရေးကြီးပါတယ်။ အခုအတိုင်းအတာလေးမှာလည်း ကျေနပ်စရာ ဖြစ်ပါတယ်။ ပွေးလှဟော်နန်း ကို လည်ပတ်ရင်း သိပ်လှတဲ့ ပွေးလှရဲ့ အခြားသော သဘာဝအခြေခံ လည်ပတ်စရာနေရာလေးတွေကိုလည်း လေ့လာခဲ့ပါဦးလို့ ဆိုချင်ပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Aung Min Maw

Camera :: SONY Alpha 7II with 16 - 35mm, Samsung Galaxy Note9

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page