Search
  • Thiha Lu Lin

ကျွန်တော်နဲ့ Business Class

Updated: Sep 9

ကျွန်တော် လေယာဉ်နဲ့ ခရီးတွေသွားနေပေမဲ့ Business Class ကနေ စီးဖို့ အာရုံမလာခဲ့ဘူး။ ဆိုလိုတာက ငွေပိုမဖြုန်းချင်တာရော၊ သွားခဲ့တဲ့ခရီးတွေရဲ့လေယာဉ်ချိန် မကြာတာရယ်ကြောင့်ရော ဒီခုံအမျိုးအစားကနေ စီးဖို့ သိပ်မလိုအပ်လှဘူးလို့ ကျွန်တော်ယူဆတယ်လေ။ လေယာဉ်စီးရင် ကြောက်တတ်တာကလည်း ဟိုးငယ်ငယ်လေးကတည်းက ဆိုတော့ လေယာဉ်အချိန်အကြာကြီးစီးမှ ရောက်မဲ့ ခရီးတွေဆိုရင် လူက သိပ်မတက်ကြွလှဘူး။


ဒူဘိုင်း ခရီးစဉ် ဖြစ်လာတော့ လေယာဉ်ချိန်ကြာကြာစီးရမဲ့ကိစ္စကို ရှောင်လွှဲမရဖြစ်လာတယ်။ ကိုယ်ကလည်း ရောက်ဖူးချင်တာကိုးနော်။ စီးသွားမဲ့ လေယာဉ်က Emirates ဆိုတော့ နာမည်ကြီးလေကြောင်းလိုင်း။ လေယာဉ်ထွက်မဲ့အချိန်က သန်းခေါင်ကျော် မနက်ပိုင်း ၁ နာရီ ၅၅ မိနစ်။ ကြာမဲ့အချိန်က ၆ နာရီ။ ဒါပေမဲ့ လေယာဉ်ပေါ်မှာ အိပ်လိုက်သွားရင် ဒီ ၆ နာရီဆိုတာ ဘာမှ ကြာလှတာမဟုတ်ပါဘူးလို့ တွေးရင်းနဲ့ ဒီခရီးစဉ်ကို သဘောကျသွားတယ်။ ၆ နာရီကြာစီးရမှာမို့ Emirates လေယာဉ်ရဲ့ နာမည်ကြီး Business Class ကို စီးဖို့ မျှော်မှန်းမိတယ်။ ဒါမှလည်း သက်တောင့်သက်သာ ဖြစ်မှာကိုး။ ဈေးနှုန်းကတော့ မြန်မာငွေနဲ့ဆို လေယာဉ်လက်မှတ်ခ အသွားအပြန် သိန်း ၄၀ ကျော် ကျသင့်သွားမယ်။ Economy Class ဆိုရင်တော့ သိန်း ၂၀ ဝန်းကျင်ပဲ ကျသင့်မယ်။ ဈေးနှုန်းကွာတဲ့အလျောက် ဘာတွေ ကွာခြားမလဲ သိချင်လာမိတယ်။


ဒူဘိုင်း ကို Emirates လေယာဉ် နဲ့ ဇန်နဝါရီလ (၁၀) ရက်နေ့ မနက် ၁ နာရီ ၅၅ မိနစ်မှာ ထွက်လာခဲ့တယ်။ ရန်ကုန်လေဆိပ်အသစ်ကြီးရဲ့ အသားတကျမရှိမှုကြောင့် စက်လည်ပတ်စနစ်ချွတ်ယွင်းပြီး အထုတ်တွေကို လူတွေ၊ တွန်းလှည်းတွေနဲ့ သယ်ထုတ်နေရတဲ့အတွက် Check-in အချိန်က လိုအပ်တာထက် ပိုကြာသွားပြီး မနက် ၃ နာရီခွဲ မှ လေယာဉ်ထွက်နိုင်ခဲ့တယ်။ Check-in ဝင်ချိန်ကျမှပဲ Emirates မှာ Business Class အပြင် First Class ဆိုတာ ရှိသေးမှန်း သိလိုက်ရတယ်။ First Class ဆို ဘယ်လောက်တောင် ဈေးရှိမလဲလို့ တွေးမိသွားတယ်။ နောက်ထပ်လည်း Executive Class ဆိုတာ ရှိပါသေးတယ်တဲ့ဗျာ။


လေယာဉ်ပေါ်ရောက်လို့ Business Class ရဲ့ ထိုင်ခုံအပြင်အဆင်ကို တွေ့လိုက်တာနဲ့တင် သဘောတကျပြုံးလိုက်မိမှန်း ကိုယ့်ဟာကိုယ် သတိထားမိတယ်။ ထိုင်ခုံက ထိုင်ရ သက်တောင့်သက်သာ ရှိပြီး၊ ကျဉ်းတယ်လို့ အမြင်မှာ ထင်ရပေမယ့် ထိုင်ကြည့်တော့ ကိုယ်လုံးက ထိုင်ခုံလေးထဲ မြုပ်နေပြီး အတော်လေး အံကိုက်အဆင်ပြေနေတယ်။ ရှေ့တည့်တည့်မှာ အတော်လေး ကျယ်ပြန့်တဲ့ တီဗီမျက်နှာပြင် ရှိနေတယ်။ လက်ယာဘက်မှာတော့ ၈ လက်မ တက်ဘလက်အရွယ် control လုပ်နိုင်တဲ့ မျက်နှာပြင်တစ်ခု ရှိနေပြီး၊ ဂိမ်းကစားဖို့အတွက် ခလုတ်အနေနဲ့ရော၊ တီဗီ ရီမု အနေနဲ့ပါ သုံးနိုင်မယ့် လက်ကိုင်ခလုတ်တစ်ခု ရှိနေပြန်တယ်။ တစ်ခု ထူးခြားတာက အဲ့ဒီ ရီမု (Remote) ကို ဖုန်းအဖြစ် အသုံးပြုပြီး ထိုင်ခုံနေရာကွဲနေတဲ့ လေယာဉ်အတူစီး မိသားစု၊ မိတ်ဆွေတွေကို ဖုန်းခေါ်ဆိုနိုင်သလို၊ ကိုယ့်ရဲ့ credit card သုံးပြီး မြေပြင်ကို ဖုန်းခေါ်ဆိုနိုင်တာပါပဲ။


ဒူဘိုင်းကို ညပိုင်းသွားရတာမို့ စောစောကပြောသလို အိပ်လိုက်သွားရရင် ကျွန်တော့ရဲ့ ကြောက်စိတ် အဆင်ပြေလျော့ပါးသွားမယ်လို့ ကျွန်တော် ထင်တယ်လေ။ လေယာဉ်ပေါ်ရောက်တော့လည်း လေယာဉ်မောင်/မယ်တွေက တကယ့်ကို ပျူငှာဖောရွေ ဂရုစိုက်ကြပါတယ်။ အိပ်ရင်လိုအပ်မယ့် အောက်ခံမွေ့ရာလာပေးတယ်။ ခေါင်းအုံးနဲ့ စောင်ကတော့ ထိုင်ခုံမှာ တစ်ခါတည်း ပေးထားတာ တွေ့ရတယ်။ အောက်ခံမွေ့ရာ ခင်းပြီး ကိုယ့်စိတ်ကြိုက်အနေအထားအတိုင်း ခုံကို ပြင်ဆင်နိုင်ဖို့ ခလုတ် သုံးခု နဲ့ ပြပေးထားတယ်။ ကုလားထိုင်လို သက်တောင့်သက်သာ ဖြစ်ချင်တာလား၊ အိပ်ရာလို ပြန့်ပြူးနေချင်တာလား။ လေယာဉ် အတက် အဆင်းမို့ ထိုင်ခုံကို မတ်မတ်လေး ထားချင်တာလား ခလုတ်နှိပ်လိုက်ရုံနဲ့ အဆင်ပြေစေတယ်။ ပြတင်းပေါက်ဘက်ထိုင်ရရင်လည်း အရင်လို ပြတင်းပေါက် လိုက်ကာကို ဆွဲချ ဆွဲတင် လုပ်ဖို့ မလိုဘဲ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ အဖွင့် အပိတ် လုပ်နိုင်တဲ့အပြင် အဆင့်နှစ်ဆင့်နဲ့ ပြတင်းပေါက်ကို နည်းနည်းဖွင့်၊ များများဖွင့် စိတ်ကြိုက်လုပ်ဆောင်နိုင်တယ်။


Entertainment နဲ့ ပတ်သက်လို့ အားရစရာကောင်းတာက အသစ်ထွက် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ၊ နိုင်ငံစုံက ရုပ်ရှင်နဲ့ တီဗီအစီအစဉ်တွေကို စိတ်ကြိုက်ရွေးချယ်ကြည့်နိုင်တဲ့အပြင် ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်အောင် စီစဉ်ပေးထားတာက အများထက် ထူးခြားမှုတစ်ခုပါပဲ။ ဂိမ်းသမားတွေအတွက်ကတော့ ဂိမ်းတွေကို ဆော့ပါလေ့။ သူတို့ပေးတဲ့ နားကြပ်ကလည်း အတော်လေး အရည်အသွေးကောင်းမွန်လို့ ရုပ်ရှင်ကြည့်နေရင်၊ သီချင်းနားထောင်နေရင် အပြင်အသံတွေ သိပ်မကြားရတော့အောင် ဆူညံသံတွေကို လျှော့ချပေးနိုင်ပါတယ်။ ကျွန်တော်ကတော့ မကြည့်ရသေးတဲ့ ကာတွန်းကားတွေချည်း လှိမ့်ကြည့်မိတယ်။ ခဏနေတော့ အိပ်ချင်လာလို့ အိပ်ရာခလုတ်လေး နှိပ်ပြီး ထိုင်ခုံကို အိပ်ရာပုံပြောင်းလိုက်တယ်။ သူတို့ပေးထားတဲ့ ခြေစွပ် နဲ့ မျက်စိကာတဲ့မျက်နှာဖုံးကို တပ်ပြီး အိပ်စက်ဖို့ ကြိုးစားတယ်။ ကိုယ့်ကို တစ်ဦးတစ်ယောက်က ထွေးဖက်ထားသလို ခံစားချက်တစ်မျိုးကြောင့် စိတ်ချလက်ချ အိပ်မောကျဖို့ ဖြစ်လာတယ်။ လေယာဉ်က အတော်လေး ငြိမ့်ညောင်းလို့ လေယာဉ်စီးနေတယ်ဆိုတဲ့ အသိတောင် မေ့သွားတယ်။ နောက်မှ သိရတာက လေယာဉ်ရဲ့ ခုံတွေကို အဲ့လိုမျိုး ထွေးဖက်ထားတဲ့ ခံစားမှုမျိုးရအောင် ဒီဇိုင်းထုတ်ထားတယ် ဆိုတာပဲ။ နောက်ထူးခြားတာတစ်ခုက လေယာဉ်ခုံကို အိပ်ရာပုံလှဲချလိုက်လို့ မြင်တွေ့ရတဲ့ လေယာဉ်အမိုးပေါ်က ကြယ်လေးတွေ လင်းလက်နေတဲ့ ပုံစံလေးပါ။ ကလေးတွေဆို Twinkle Twinkle Little Stars ဆိုပြီး ဆိုမိလောက်အောင် ကြယ်စုကြယ်ဝေးလေးတွေနဲ့ ကောင်းကင်ကို မော့ကြည့်ရင်း အိပ်မောကျရမဲ့ ခံစားမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်။ ဒါဟာလည်း နေ့ ည သွားလာနေတဲ့ ခရီးသည်တွေအတွက် အချိန်လွဲမှားမှုကြောင့် ဖြစ်ပေါ်လာမဲ့ မအီမသာဖြစ်မှုတွေ ကင်းဝေးပြီး ညဘက် အိပ်နေရတဲ့ ခံစားမှုမျိုး ရအောင်လို့ ဖန်တီးပေးထားတာလို့ သိရပါတယ်။ ဒီလုပ်ဆောင်ချက်က သင့်လျော်မှန်ကန်တယ်လို့ ကျွန်တော်ခံစားရတယ်။ လေယာဉ်ဆင်းတဲ့အချိန်မှာ လူက အိပ်မောကျလိုက်ရလို့ အားအင်အပြည့်နဲ့ တက်ကြွလန်းဆန်းနေတယ်။ ညဘက်အိပ်တော့လည်း အိပ်နေရင်း ဘေးက အသံတွေ မကြားရအောင် လေယာဉ်ရဲ့ စက်သံ မကြားရအောင် နားကြပ်တပ်အိပ်တယ်။ ပြီးတော့ လူကို အိပ်မောကျစေမယ့် သံစဉ်လေးတွေပါတဲ့ အခွေ ၆ ခွေလောက် ထည့်ပေးထားတော့ အဲ့ဒီထဲက ကိုယ်အဆင်ပြေမယ်ထင်တဲ့ အခွေလေး ဖွင့်နားထောင်ရင်း အိပ်လိုက်တယ်။


လေယာဉ်ထွက်ပြီး သိပ်မကြာခင်ဘဲ လေယာဉ်မယ်တစ်ဦးက မနက်စာ ကို ကြိုတင်ရွေးချယ်လို့ မှာကြားထားရင် သူတို့ မနက်ကို လာမနှိုးဘဲ အစားအသောက်အဆင့်သင့် ပေးလို့ရတယ် ဆိုတာကြောင့် သူတို့ရဲ့ Breakfast Menu ထဲက ကိုယ်စားချင်တာလေးတွေ တစ်ခါတည်း ရွေးပေးလိုက်တယ်။ ဖျော်ရည်အပြင် White Wine, Red Wine တွေ နှစ်သက်ရာ မှာကြားနိုင်ဖို့ Wine Menu လည်း ပေးပါသေးတယ်။ အစားအသောက်ပိုင်းမှာ ကျွန်တော် သွားခဲ့ရတာကတော့ မနက်စာ စားဖို့ပဲ ဖြစ်နေတော့ မနက်စာ Menu ထဲကနေ ရွေးရတယ်။ ရွေးတဲ့အခါ ကိုယ့်ပါးစပ်နဲ့ အရသာတွေ့ပါ့မလား စိုးရိမ်စရာ။ သူတို့ပေးထားတဲ့ Breakfast နာမည်လေးတွေက ဘယ်လို အသံထွက်ရမှန်း မသိအောင် ဖြစ်ဖြစ်သွားတယ်။ ဒါပေမဲ့လည်း ခေါင်းစဉ်လေးတွေအောက်က ပါဝင်တဲ့ အစားအသောက်စာရင်းအသေးစိတ်ကို ဖတ်ကြည့်ရင်တော့ ရှင်းလင်းသွားတယ်။ အဲ့ဒီနေ့ကတော့ ဗီယက်နမ်ပုံစံ ဆန်ပြုတ် ပါဝင်တဲ့ မနက်စာစုံ၊ ပြင်သစ်ပုံစံ ကြက်ဆင်သားညှပ် ပေါင်မုန့် ပါဝင်တဲ့ မနက်စာစုံ၊ အမေရိကန်ပုံစံ မနက်စာစုံ စတဲ့ ပုံစံ ၅ မျိုးထဲကနေ ရွေးခွင့်ရတယ်။ မနက်စာ ရွေးပြီးတော့ ခဏကြာတော့ လေယာဉ်မောင်မယ်တွေက အမျိုးသားတွေအတွက် နာမည်ကျော်ရေမွှေး၊ Roll on ၊ မျက်နှာသစ်ဆပ်ပြာ၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ မုတ်ဆိတ်ရိတ်တံ နဲ့ ရိတ်တဲ့အခါအသုံးပြုတဲ့ Foam ၊ ရိတ်ပြီးရင်သုံးတဲ့ ခရမ်၊ မျက်နှာလိမ်း အစိုထိန်းခရမ် တွေ ပါတဲ့ အိတ်တစ်လုံးကိုလည်း ပေးပါသေးတယ်။ ကျွန်တော့မှာ စင်ကာပူလေကြောင်းလိုင်းက ပေးထားတဲ့ လက်ဆောင်အိတ်တစ်ခု ရှိပေမဲ့ ဒီ Emirates က ပေးတဲ့ အိတ်လေးကို ပိုသဘောကျမိတယ်။ အိတ်ဒီဇိုင်းက ပိုလှပြီးတော့ အထဲမှာ ပါတဲ့ အသုံးအဆောင်တွေရဲ့ အမည်တွေက ပိုပြီး အဆင့်မြင့်နေတယ်။


လေယာဉ် မဆင်းခင် တစ်နာရီကျော်လောက်အလိုမှာ Good Morning နှုတ်ဆက်သံလေးနဲ့ ကျွန်တော့ကို လှုပ်နှိုးပြီး၊ မျက်နှာသုတ်ဖို့ ပရုတ်အနံ့ သင်းသင်းလေး ပါတဲ့ သဘက်နွေးနွေး တစ်ထည် ပေးပါတယ်။ တချို့လည်း အိမ်သာသွားကြ၊ မျက်နှာသစ် သွားတိုက် လုပ်ကြတယ်။ တကယ်က လေယာဉ်ထွက်စ က ပေးထားတဲ့ အိတ်လေးထဲကနေ ကျွန်တော်လည်း သွားတိုက် မျက်နှာသစ် လုပ်လို့ ရပေမဲ့ လူတွေ များတာရော၊ စောင့်ဆိုင်းမနေချင်တာရော နဲ့ (ပျင်းတာလည်း ပါတာပေါ့နော်) သူတို့ ကမ်းပေးတဲ့ မျက်နှာသုတ်ပုဝါလေးနဲ့ပဲ မျက်နှာကို သန့်စင်လိုက်တယ်။ ပြီးတော့ မနက်စာ ကို စောင့်ရင်း ညက ကြည့်လက်စ ကာတွန်းကားလေး ဆက်ကြည့်လိုက်တယ်။ ညက ညအိပ်သံစဉ်လေး ပြောင်းဖွင့်လိုက်ပေမဲ့ ခုမနက် ကာတွန်းကား ပြန်ကြည့်တော့ ကိုယ်ကြည့်ခဲ့တဲ့နေရာလေးကနေ ပြန်စကြည့်လို့ရနေတာကြောင့် သဘောကျမိပြန်ရော။ Emirates ဟာ ဖျော်ဖြေရေးနဲ့ ပတ်သက်ရင် အကောင်းဆုံးဖြစ်ရုံမကဘူး လေယာဉ်ပေါ်မှာ ကျွေးတဲ့အစားအသောက်မှာလည်း ထိပ်တန်းပါပဲ။ မနက်စာကို အတော်လေး ကောင်းကောင်း စားရပါတယ်။ Business Class မှာတောင် အတော်လေး အဆင်ပြေရင် First Class တို့ Executive Class တို့မှာဆို ဘယ်လောက်အဆင်ပြေမလဲ တွေးမိပါတယ်။ နောက်တော့ သိရတာက First Class တို့ Executive Class တို့မှာဆို ကိုယ်ပိုင်အခန်းလေးနဲ့ နေရသလိုမျိုး တံခါးအဖွင့်အပိတ်လုပ်လို့ရတယ်။ မှန်တင်ခုံ၊ မီနီဘားတွေ ပါတယ်။ အတော်လေး ဇိမ်ကျတယ်လို့ သိရတယ်။ ကျွန်တော် စီးတဲ့ Emirates ကတော့ တစ်ထပ်လေယာဉ်ပဲမို့သာ ဒီလောက်ပဲ ဖြစ်နေတာ၊ Emirates နှစ်ထပ် လေယာဉ်တွေမှာဆို ဘားကောင်တာနဲ့ အဲ့ဒီမှာ သွားပြီး ပါတီတစ်ခုရောက်နေတဲ့ ခံစားမှုမျိုး ရနိုင်အောင် စီစဉ်ပေးထားတဲ့အပြင် ရေချိုးခန်း၊ ရေနွေးငွေ့ခန်း ပါ ပါဝင်သေးတယ်လို့ သိရပါတယ်။ ကိုယ်လည်း အဲ့ဒီလိုမျိုး စီးကြည့် ကြုံကြည့်ချင်ပါသေးရဲ့။


ဒူဘိုင်း ရောက်ခါနီး လေယာဉ်ဆင်းတော့ သတိထားမိတာက လေယာဉ်မှာ ကင်မရာ တပ်ထားတယ်ဆိုတာပဲ။ လေယာဉ်ရဲ့ ရှေ့ဘက် နဲ့ လေယာဉ်ရဲ့ အောက်ဘက်တွေမှာ ကင်မရာ ပါပုံရတာကြောင့် မြေပြင်အနေအထားကို ကျွန်တော့ရဲ့ရှေ့ တီဗီကနေ အတိုင်းသား မြင်နေရတယ်။ ဒူဘိုင်းမြို့ရဲ့ အလှအပတွေကို မြင်ရသလို လေယာဉ် မြေပြင်နဲ့ ထိ၊ မထိ ဆိုတာကိုလည်း ကြည့်နေမြင်နေရတယ်လေ။


လေယာဉ်အကြာကြီးစီးရမှာ ကြောက်တတ်တဲ့ အမြင့်ကြောက်သမား ကျွန်တော့အတွက် ဒီ ဒူဘိုင်း ခရီးစဉ်ကတော့ Emirates ရဲ့ တမူထူးခြားတဲ့ ထိုင်ခုံ၊ ဖျော်ဖြေရေး နဲ့ အစားအသောက်ဝန်ဆောင်မှုတွေကြောင့် လေယာဉ်ကြောက်တဲ့စိတ်ပျောက်ပြီး လေယာဉ်စီးချင်စိတ်ကို ပိုလို့ တွန်းအားပေးနေခဲ့ပါတယ်။ ဒူဘိုင်း ဆိုတာ ဘယ်လိုမျိုးလဲ၊ ဘာတွေရှိသလဲ ဆိုတာတွေနဲ့ ပတ်သက်လို့တော့ ကျွန်တော် ထပ်ရေးပါဦးမယ်ဗျာ။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter