ရေနံချောင်း ဟာ ကိုလိုနီခေတ်အဆောက်အဦးတွေရော၊ ရှေးဟောင်းအဆောက်အဦးတွေနဲ့ အတော် စိတ်ဝင်စား လည်ပတ်စရာ ကောင်းတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ရေနံချောင်းကို လည်ပတ်ခဲ့တုန်းက သဘောအကျဆုံးတစ်နေရာက တိပိဋကတ်စုံကျောက်စာရုံတော်ကြီး ပါ။
ဒီကျောက်စာရုံမှာ ဝိနည်းပိဋကတ်တော် ၁၁၄ ချပ်၊ အဘိဓမ္မာ ၂၁၃ ချပ်၊ သုတ္တန် ၁၂၄ ချပ် အားလုံးပေါင်း ၄၅၁ ချပ် ရှိတယ်
ဒီ တိပိဋကတ်စုံကျောက်စာရုံတော်ကြီး ကို အလွယ်အားဖြင့် ရေနံချောင်း ကျောက်စာရုံ လို့လည်းခေါ်ကြပါတယ်။ ဒီကျောက်စာရုံတော်ကြီးကို ၁၉၁၄ ခုနှစ်၊ အောက်တိုဘာ ၁၃ မှာ အုတ်မြစ်ချတည်ပြီး ၁၉၂၅ ခုနှစ် အောက်တိုဘာလ ၂၁ မှာ ပြီးစီးခဲ့တာ လို့ သိရပါတယ်။ မြို့မမြောက်ဒိုင်နယ်၊ ပုဏ္ဏားကုန်းရပ်ကွက်၊ ရတနာဂီရိတောင်တော်ဦးနေရာမှာ တည်ရှိတာပါ။ ကျောက်စာ ပိဋကတ်တိုက်၊ စေတီ၊ တန်ဆောင်း၊ ဆင်းတု အားလုံးကို တွင်းစားရိုး ဦးသာကံ နဲ့ ဒေါ်ခင်သင်၊ သမီး ခင်မမကြီး မိသားစုတို့က လှူဒါန်းခဲ့တယ် ဆိုပါတယ်။ ဒီကျောက်စာရုံမှာ ဝိနည်းပိဋကတ်တော် ၁၁၄ ချပ်၊ အဘိဓမ္မာ ၂၁၃ ချပ်၊ သုတ္တန် ၁၂၄ ချပ် အားလုံးပေါင်း ၄၅၁ ချပ် ရှိတယ်လို့ မှတ်သားရပါတယ်။
ကျွန်တော် ဖတ်မိခဲ့သလောက် စာရေးဆရာ ငြိမ်းကျော် ရဲ့ “ပါရမီဖက်ခင်မွန်” (၁၉၈၂) ဝတ္ထုအမည်ဟာ ဒီကျောက်စာရုံက ကျောက်စာအလှူကမ္ဗည်းတစ်ခုမှာ ရေးထိုးထားတဲ့ ပါရမီဖက်ခင်သင် ဆိုတဲ့ စာသားကို ယူပြီး ပြန်လည်ဖွဲ့ဆိုထားတာ ဖြစ်တယ်တဲ့။
အလည်ရောက်သွားချိန် ဒေသတွင်းက အလည်လာပြီး ဓါတ်ပုံရိုက်ကြသူတွေလည်း တွေ့သလို၊ နားနားနေနေ အပူရှောင်လာလည်သူတွေလည်း တွေ့ရပါတယ်။ အဆောက်အဦး ပရဝုဏ်တစ်ခုလုံးက ဆွဲဆောင်မှုရှိနေတာ တွေ့ရပါတယ်။ ကျောက်စာရုံရဲ့ မျက်နှာချင်းဆိုင်တစ်ဘက်ခြမ်းမှာ ထိုင်တော်မူကြီးတစ်ဆူကိုလည်း ဖူးမြင်ကြရမှာပါ။ ရေနံချောင်းရောက်ရင် မဖြစ်မနေ လည်ပတ်လေ့လာသင့်တဲ့နေရာလေးလို့ ဆိုချင်ပါတယ်ဗျာ။
ရေနံချောင်းတခွင် လည်ပတ်စရာအစုံ သိချင်ရင်တော့ ရှေ့မှာ ရေးသားထားပြီးဖြစ်လို့ ဒီမှာ နှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Min Hsann, Thiha Lu Lin
Camera :: SONY Alpha 7II with 16 - 35mm Lens
Photos are modified in Lightroom by Thiha Lu Lin.
Comments