Search
  • Thiha Lu Lin

စလေမြို့ က ကမ္ဘာကျော် ရုပ်စုံကျောင်းကြီး

“အောင်ကျော်လှဝင်း ရုပ်စုံခင်း” ဆိုတဲ့ လင်္ကာနဲ့ စတင်တည်ဆောက်ခဲ့တဲ့ မြန်မာသက္ကရာဇ် (၁၂၄၄) ကို အမှတ်အသားပြုခဲ့တဲ့ နှစ်ပေါင်းရာကျော်သက်တမ်းရှည် ဘုန်းတော်ကြီးကျောင်း ကို အားလုံး သိကြမယ် ထင်ပါတယ်။ ဟုတ်ပါတယ်… စလေမြို့ က ကမ္ဘာကျော် ရုပ်စုံကျောင်းကြီးပါ။


ကျွန်တော်တို့ နိုင်ငံမှာ ရုပ်စုံကျောင်းတွေ အညာဒေသတခွင်မှာ အတော်များများရှိပါတယ်။ အဲ့ဒီထဲမှာ ကမ္ဘာကျော်တဲ့အထိ ပေါက်မြောက်လူသိများခဲ့တာကတော့ စလေရုပ်စုံကျောင်းကြီးပဲ ဖြစ်ပါတယ်။ နှစ်သက်တမ်းရှည်ကြာတဲ့ ကျောင်းကြီးဖြစ်ရုံသာမကဘဲ ကျောင်းကြီးမှာ ရှိတဲ့ ခုထိတိုင် ပဟေဠိ ဖြစ်နေဆဲ သက်ဝင်ပီပြင်လွန်းလှတဲ့ ရုပ်စုံပန်းပုကားချပ်ကြီးတွေကြောင့် ပဲ ဖြစ်ပါတယ်။ အခြားသော ရုပ်စုံကျောင်းတွေမှာလည်း ၅၅၀ ဇာတ်နိပါတ်တော်လာ ဇာတ်လမ်းဇာတ်ကွက်တွေ ထုလုပ်ထားပေမဲ့ မတူတာကတော့ စလေရုပ်စုံကျောင်းကြီးမှာရှိတဲ့ ရုပ်စုံပန်းပုတွေဟာ ပါဝင်တဲ့ ဇာတ်ရုပ်တွေရဲ့ မျက်နှာပေးအမူအရာ က အစ ပီပီပြင်ပြင် အသေးစိတ်ဖော်ကြူးထားလို့ပဲ ဖြစ်ပါတယ်။ ဒီအချက်ကို ကျွန်တော် စလေမြို့ရောက်လို့ စလေရုပ်စုံကျောင်းကြီးကို လည်ပတ်လေ့လာခွင့်ရခဲ့တုန်းက အထူးသတိပြု အံ့သြခဲ့ရပါတယ်။


စလေရုပ်စုံကျောင်း ဖြစ်ပေါ်လာပုံ

ဒီ စလေရုပ်စုံကျောင်းတော်ကြီး ကို ကုန်းဘောင်ခေတ်နှောင်း မြန်မာသက္ကရာဇ် ၁၂၄၄ ခုနှစ် မှာ တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ခရစ်နှစ်အရဆို ၁၈၈၂ ခုနှစ် ဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒီကျောင်းကြီးကို ကမ္ဘာကျော် ရှား (စေး) ကုန်သည်တစ်ဦးဖြစ်တဲ့ ဦးဘိုးကြည် နဲ့ ဇနီး ဒေါ်ရွှေသက် တို့က တည်ဆောက်ပြီး သုဓမ္မာဂိုဏ်းထောက်ဆရာတော်ကြီး ဦးဂုဏ သီတင်းသုံးဖို့အတွက် လှူဒါန်းကုသိုလ်ပြုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီရုပ်စုံကျောင်းတည်ဆောက်ရေးအတွက် သီပေါမင်း ကလည်း လိုအပ်တဲ့ ကျွန်းသစ်တွေကို နိုင်ငံပိုင်သစ်တော ကနေ အခွန်အခမဲ့ ထုတ်ယူခွင့်ပြုဖို့ စာချွန်တော်ထုတ်ပေးခဲ့တာပါ။


အဲ့ဒီခေတ်က ဘုန်းတော်ကြီးကျောင်းတွေ တည်ဆောက်ရာမှာ ကျောင်းမှာ သီတင်းသုံးမဲ့ ဆရာတော်ရဲ့ သီလ၊ ပညာ၊ ဘုန်းသမ္ဘာအရှိန်အဝါ နဲ့ လျော်ညီတဲ့ ကျောင်းပမာ ကို အကန့်အသတ်နဲ့ ဆောက်လုပ်ခွင့်ပြုလေ့ရှိပါတယ်။ ကုန်းဘောင်ခေတ် ကပေါ့လေ။ ဒီ့အတွက် ဂိုဏ်းထောက်ဆရာတော် ဦးဂုဏ အတွက် ဆောက်လုပ်ခွင့်ပြုဲ့ကျောင်းပုံစံ က လှေကား (၄) စင်းတပ် အိမ်တော်ပုံကျောင်းတော် ပါ။ အိမ်တော်ပုံ ဆိုတာ အိမ်ရှေ့မင်းတွေနေတဲ့ အိမ်ပုံစံမျိုး ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အဲ့ခေတ်က အိမ်ရှေ့မင်းတွေ ဘုရင်ဖြစ်သွားခဲ့ရင် သူတို့နေထိုင်ရာအိမ်တော်တွေကို ဘုန်းတော်ကြီးတွေကို လှူဒါန်းလေ့ရှိကြပါတယ်။ ခုက အသစ်တည်ဆောက်မှာ ဖြစ်ပေမဲ့ အိမ်ရှေ့မင်းနေထိုင်ရာ အိမ်ပုံစံမျိုး တည်ဆောက်ခွင့်ရတာ ဖြစ်ပါတယ်။


သစ်တွေကိုတော့ ရခိုင်ရိုးမစပ်က သစ်ခုတ်သမားတွေနဲ့ ခုတ်ယူခဲ့ပြီး တညောင် (စညောင်) ရွာက လက်သမားနဲ့ ဗိသုကာပညာရှင်တွေ နဲ့ ကျောင်းဆောက်ခဲ့တာပါ။ ပန်းပဲဖိုကအစ ပြောင်းရွှေ့သယ်ယူလာပြီး ဗိသုကာပညာရှင်တွေ လိုအပ်တဲ့သံပုံစံကို စိတ်ကြိုက်သွန်းယူနိုင်ဖို့ စီစဉ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ဒီကျောင်းကြီးမှာ အတိုဆုံးရိုက်သံ တစ်လက်မခွဲ အရွယ်ကနေ အရှည်ဆုံး ၁၃ လက်မအရွယ်ထိ သွန်းလုပ်အသုံးပြုထားပါတယ်။


စလေရုပ်စုံကျောင်းတော်ကြီး ကို တည်ဆောက်ရာမှာ လူတစ်ဖက်စာလုံးပတ်ရှိတဲ့ တိုင်လုံးရေ ၁၅၄ တိုင် နဲ့ တည်ဆောက်ခဲ့ကြပါတယ်။ ခုထိတိုင်လည်း ကျောင်းကြီးရဲ့ အောက်ဘက်မှာ တိုင်လုံးကြီးတွေကို ခမ်းခမ်းနားနား တွေ့မြင်ရပါဦးမယ်။ ကျောင်းကြီးရဲ့ အကျယ်ဟာ အလျား ၁၅၄ ပေ နဲ့ အနံ ၇၆ ပေ ရှိပါတယ်။ အဆောင်တွေအနေနဲ့ -

(၁) ကျောင်းဦးပြဿဒ်

(၂) စနုဆောင်

(၃) ဆောင်လှ (ဇေတဝန်ဆောင်)

(၄) ဆောင်မ (ယွန်းဆောင်)

(၅) ခုံးဆောင်

(၆) အနောက်ဆောင် (ဘောဂဆောင်) ဆိုပြီး အဆောင် ၆ ဆောင် ပါဝင်ပါတယ်။ အဆောင်တွေရဲ့ ပတ်လည်မှာ စင်္ကြံသွားလမ်း နဲ့ လသာဆောင်တွေလည်း ပါဝင်ပါသေးတယ်။ ထူးခြားစွာပဲ စင်္ကြံတိုင်တွေကို မိုးရေစားတဲ့ဒါဏ်က ကာကွယ်ဖို့ သဲကျောက်တွေနဲ့ အရုပ်တွေထုဆစ်ပြီး ဖုံးအုပ်ထားပါသေးတယ်။ မူလကတည်းက အုတ်လှေကားတွေကိုပဲ ဖန်တီးခဲ့တာလည်း သဘောကျမိပါတယ်။ လက်ရန်းတွေကို နယားအရုပ် ပန်းတော့လက်ရာတွေနဲ့ ဆင်ယင်ထားပြီး နယားရုပ် ပါးစပ်ဖွင့်ရုပ်တု နဲ့ ပါးစပ်ပိတ်ရုပ်တုတွေ နှစ်စင်းစီ ထည့်သွင်းဖန်တီးထားပါတယ်။ အရင်ကတော့ ကျောင်းရဲ့ အနောက်ဘက်မှာ မီးတင်းကုတ် ရှိနိုင်တယ်လို့ ဆိုပါတယ်။ အဲ့ဒီခေတ်ကာလက ကျောင်းမှာ ဆရာတော်တွေ သီတင်းသုံးရင် ၂၄ နာရီ မီးမပြတ်စေရအောင် မီးဖိုပေးရတဲ့ မီးတင်းကုတ်တွေ ရှိတတ်ပါတယ်။ ခုတော့ ပျက်စီးသွားပုံရှိတယ်လို့ သိရပါတယ်။ ဒီရုပ်စုံကျောင်းကြီးရဲ့ ပထမဆုံးကျောင်းထိုင်ဆရာတော်ကတော့ မင်းတုန်းမင်းနဲ့ စိန်တုံးမိဖုရားကြီးတို့ ကိုးကွယ်ခဲ့တဲ့ ဆရာတော်ကြီးဦးဂုဏ ပါပဲ။ ကျောင်းတော်ကြီး ဟာ မြန်မာသက္ကရာဇ် ၁၂၅၄ ခု (ခရစ်နှစ် ၁၈၉၂ ခုနှစ်) မှာ ပြီးစီးခဲ့ပါတယ်။


ပန်းပုရုပ်စုံများနဲ့ ကျောင်းတော်ကြီး

စလေရုပ်စုံကျောင်းတော်ကြီးကို ကမ္ဘာကျော်သွားစေတာကတော့ ကျောင်းတော်ကြီးရဲ့ မြောက်ဘက်မျက်နှာစာ မှာ အပြည့်နီးပါး ချိတ်ဆွဲထားတဲ့ ရုပ်စုံပန်းပုကားချပ်တွေကြောင့်ပဲ ဖြစ်ပါတယ်။ ဒီရုပ်စုံပန်းပုကားချပ်တွေဟာ ငါးရာ့ငါးဆယ် နိပါတ်တော်နဲ့ ဓမ္မပဒ သရုပ်ဖော်ဇာတ်တော် ပန်းပုရုပ်တွေဖြစ်ပြီး၊ ဇာတ် အစ အဆုံး ဖော်ကျူးထားတာမျိုးမဟုတ်ဘဲ၊ ဇာတ်တော်ထဲက ဖန်တီးသူစိတ်ကြိုက်ဇာတ်ကွက်တစ်ကွက် ကိုသာ ထုတ်နုတ်ဖန်တီးထားတာ ဖြစ်လို့ ဆရာတော်ကြီးရဲ့ မူလ စိတ်ကူး ကို မှန်းဆရတာလည်း တစ်မျိုးစိတ်ဝင်စားစရာ ဖြစ်ရပါတယ်။ ရှေ့မှာဆိုခဲ့သလို အခြားရုပ်စုံကျောင်းတွေနဲ့ မတူစွာပဲ မျက်နှာဟန်ပန်အမူအရာက အစ အသေးစိတ်ထုဆစ်ထားတာကြောင့် ပိုပြီးတန်ဖိုးကြီးလှတယ်လို့ ပြောရပါမယ်။ ဒီ ပန်းပုရုပ်စုံကားချပ်ကြီးတွေကို ဖန်တီးပုံဖော်ပေးခဲ့သူတွေကတော့ အဲ့ဒီခေတ်က နာမည်ကျော်ပန်းပုဆရာကြီးတွေ ဖြစ်ကြတဲ့ ဦးရှမ်း နဲ့ ဦးရွှေပြည့် တို့ ဖြစ်ပါတယ်။ မူလက ရုပ်စုံပန်းပုကားချပ် အတော်များများရှိခဲ့ပေမဲ့ အခုအခါမှတော့ (၂၆) ချပ် သာကျန်ရှိနေပြီး သူခိုး၊ ဓားပြ မသမာသူတို့လက်ချက်နဲ့ ပျောက်ဆုံးခိုးယူခံလိုက်ရတာတွေလည်း ရှိခဲ့ပါတယ်။ ဒီကားချပ်တွေဟာ ရတနာပုံခေတ် လက်ရာတွေဖြစ်ပြီး ဇာတ်ဟန်ပန်းပုအမျိုးအစားလို့ ဆိုပါတယ်။ ကားချပ်တွေဟာ ဇာတ်တော်တွေထဲက စိတ်တိုင်းကျထုတ်နုတ်ထားတဲ့ တစ်ကွက်ကောင်းတွေဖြစ်တော့ မူလ ဂုဏ်းထောက်ဆရာတော်ကြီး ရဲ့ စိတ်ကူး ကို တိတိကျကျ ဖော်ထုတ်ဖို့ ခက်ခဲခဲ့ပါတယ်။ အကြောင်းကတော့ ရုပ်စုံကျောင်းကြီး အပြီးမသတ်ခင်မှာပဲ ပါတော်မူခဲ့ရသလို၊ နယ်ချဲ့လက်အောက်မှာ ဂိုဏ်းထောက်ဆရာတော်ကြီးကိုလည်း လူမှုရေးဖောက်ပြန်မှုမှာ သက်သေအဖြစ် ဆွဲခေါ်ရုံးတင်စစ်ဆေး သိက္ခာချမှုတွေ ပြုလုပ်ခဲ့တာကြောင့် အမှုအပြီးမှာ ဆရာတော်ကြီးဟာ ကျောင်းကို စွန့်လို့ ဘယ်သူ့မှအသိမပေး ခြေဦးတည့်ရာ ကြွလို့ ဇာတ်မြုပ်သီတင်းသုံးပြီး ပျံလွန်တော်မူတဲ့အထိ ပျောက်ကွယ်သွားခဲ့ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဆရာတော်ကြီးရဲ့ မူလစိတ်ကူးနဲ့ ရည်ရွယ်ချက် ကို ဂဃနဏ ရှင်းပြပေးနိုင်မဲ့သူ မရှိ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။


ပြတိုက် တစ်ဖြစ်လဲ ရုပ်စုံကျောင်းတော်ကြီး

မြန်မာဘုရင်တွေရဲ့ နောက်ဆုံးကာလတွေဆီကနေ နယ်ချဲ့လက်အောက်ကို ကျော်လွန်လို့ ခေတ်သစ် စနစ်သစ်တွေ အလီလီပြောင်းခဲ့ပြီး သက်တမ်းရှည်စွာ တည်ရှိနေဆဲ စလေရုပ်စုံကျောင်းတော်ကြီး ဟာ အခုအခါမှာတော့ ပြတိုက် အဖြစ် ပြည်တွင်းပြည်ပ ခရီးသွားတွေက စိတ်ဝင်တစားလာရောက်လည်ပတ်လေ့ ရှိကြပါပြီ။ မနက် ၉း၃၀ ကနေ ညနေ ၄း၃၀ အထိ ဖွင့်လှစ်ပြသထားပြီး တနင်္လာနေ့ နဲ့ အစိုးရ ရုံးပိတ်ရက်တွေမှာတော့ ပိတ်ထားလေ့ရှိပါတယ်။ အရင်ကတော့ ဝင်ကြေး သတ်မှတ်ထားလို့ လူကြီးတစ်ဦးကို ၅၀၀ ကျပ် ပေးဆောင်ရပါတယ်။ အခုတော့ ဝင်ကြေးမရှိတော့ဘူးလည်း ကြားပါတယ်။ နိုင်ငံခြားသား ကတော့ တစ်ဦးကို ၅၀၀၀ ကျပ် လို့ သိရပါတယ်။


ကျောင်းတော်ကြီးရဲ့ အပြင်ဘက်တလျှောက်က ရုပ်စုံပန်းပုကားချပ် ဇာတ်တော်တွေကို တအံ့တသြလေ့လာရတာလည်း အတော်စိတ်ဝင်စားစရာဖြစ်သလို၊ ကျောင်းကြီးပေါ်မှာ ရှိတဲ့ ကျောင်းကြီးဒါယိကာ ဦးဘိုးကြည် ရဲ့ ပုံနဲ့ အတူ စလေ နဲ့ အနီးဝန်းကျင်က တူးဖော်ရှာဖွေရရှိထားသမျှ ရှေးဟောင်းအမွေအနှစ်တွေ၊ ဘုရားဆင်းတုတော်တွေ၊ ပန်းပုရုပ်တုတွေ၊ အိုး၊ ကျောက်၊ လက်မှုပစ္စည်းတွေ၊ ပုလ္လင်တွေ၊ ပေစာ ပုရပိုက်တွေကို သေချာစုစည်း ထိန်းသိမ်းထားပါသေးတယ်။ အဆိုအရတော့ ဦးဘိုးကြည်တို့ ဇနီးမောင်နှံ က ဂိုဏ်းထောက်ဆရာတော် ဦးဂုဏ ကို လှူဒါန်းခဲ့တဲ့ ရုပ်တုပေါင်း (၄၅) ခု၊ ရှေးဟောင်းပစ္စည်း၊ ပေစာ ပုရပိုက်တွေ ရှိနေတယ်လို့ သိရပါသေးတယ်။


စလေရှေးဟောင်းသုတေသန ပြတိုက်က ကျောင်းကြီးအနောက်မှာ

စလေရုပ်စုံကျောင်းကြီးရဲ့ အနောက်ဘက်က တိုက်ပုလေးဟာ ပြတိုက်လေးပါ။ မထင်ရပါဘူး။ အတွင်းမှာ တန်ဖိုးကြီးလှတဲ့ သမိုင်းအမွေအနှစ်တွေ ရှိနေပါတယ်။ စလေဦးပုည ရဲ့ လက်ရေးမှု ပေစာထုတ်ကြီးအပြင် ရွှေနဲ့လုပ်ထားတဲ့ ပေစာထုပ်ကြီးတွေ နဲ့ ရှေးဟောင်းအမွေအနှစ်တွေ ထိန်းသိမ်းပြသထားပါတယ်။ စလေနဲ့ အနီးဝန်းကျင်က ဖော်ထုတ်တွေ့ရှိသမျှ ရှေးဟောင်းပစ္စည်းတွေလည်း စုစည်းပြသထားပါသေးတယ်။


စလေရုပ်စုံကျောင်းကြီး ဟာ သူ့ရဲ့ မျက်နှာစာမှာ ချိတ်ဆွဲထားတဲ့ ဇာတ်တော်ရုပ်စုံပန်းပုကားချပ်တွေလိုပဲ စိတ်ဝင်စားစရာ၊ ဝမ်းသာစရာ၊ ဝမ်းနည်းစရာ ဇာတ်သွားတွေနဲ့ နှစ်ပေါင်း ၁၄၀ ခန့် ခရီးကို ထီးတည်းကြီး အားယူကျော်ဖြတ်ခဲ့ရတာပါ။ သူ့ရဲ့ ရုပ်စုံပန်းပုတစ်ချပ်ချင်းဆီက ကြည့်ရှုသူတွေကို တရားပြရင်း အနုပညာရသခံစားမှုတစ်မျိုးဆီကို ပေးစွမ်းသလို ကျောင်းကြီးနဲ့ ဆက်စပ်မှုအားလုံးဟာလည်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ တကယ်ကို ရင်ထဲဆို့နင့်စရာလည်း ဖြစ်နေပါတယ်။ ဒီ စလေရုပ်စုံကျောင်းကြီး ဟာ နောင်နှစ်ပေါင်းများစွာလည်း ခေတ်စနစ်အမျိုးမျိုးကို ကျော်ဖြတ်ရင်း ဒီဇာတ်လမ်းတွေကို နောင်လာနောင်သားတွေကို ဆက်ပြီး ပြောပြနေပါဦးမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ စလေမြို့ကို ရောက်ခဲ့ရင် ဝင်ရောက်လည်ပတ်လေ့လာဖို့ တိုက်တွန်းပါရစေ။ ဒီစာလေး ဖြစ်မြောက်ဖို့အတွက် အစစအရာရာ ပြောပြလမ်းညွှန်ထောက်မ ပေးပါတဲ့ ဆရာကြီး ဦးလတ် (စာပေဗိမာန်ဆုရ စာရေးဆရာကြီး မောင်မောင်လတ် - ရှေးဟောင်းသုတေသန) ကို ကျေးဇူးအထူးတင်ပါကြောင်း မှတ်တမ်းတင် ဂါရဝ ပြုပါတယ်ခင်ဗျာ။


အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Layong

Camera :: SONY Alpha 7II with 16-35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1 view0 comments
About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2021 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter