Travel Blogger လုပ်ဖို့ စဉ်းစားနေပြီဆိုရင် ဖတ်ဖို့….
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

Travel Blogger လုပ်ဖို့ စဉ်းစားနေပြီဆိုရင် ဖတ်ဖို့….

ဒီစာကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တင်ပေးဖူးပါတယ်။ ဒါကို ခေတ်နဲ့အညီ ပြန်ပြီး တည်းဖြတ် တင်ပြချင်တာပါ။ လက်ရှိ ၂၀၁၈ ခုနှစ်မှာ မြန်မာနိုင်ငံမှာ ခရီးသွားစာလေးတွေကို Travel Blogger ခေါင်းစီးအောက်ကနေရော၊ မဟုတ်ပါဘူးဆိုပြီးတော့ရော ပြောနေသော်လည်း စာအားဖြင့်၊ ပုံအားဖြင့်၊ ဗီဒီယိုအားဖြင့် ရေးသားနေကြသူပေါင်း ၁၄၀ ကျော် ရှိလာပါတယ်။ အားလုံးဟာ Facebook ပေါ်မှာပဲ ရေးသားတင်ပြနေကြတာဖြစ်ပြီး Blog အနေနဲ့ Website သီးသီးသန့်သန့် ထားရှိသူက လက်ဆယ်ချောင်း မပြည့်ဘူးလို့ ဆိုရပါမယ်။ ဒီလိုရေးသားနေသူတွေထဲက ၁၀၀ ဝန်းကျင်လောက်က Page Like ၁၀,၀၀၀ အောက်မှာ ရှိနေကြပြီး၊ အတော်များများဟာ တစ်ထောင်တောင် မပြည့်ကြသေးသူများ ရှိနေပါတယ်။ ခရီးသွားစာတွေကို ပုံမှန်တင်ပြသူကတော့ ရာခိုင်နှုန်းအတော်ကို နည်းပါးနေပြီး အများစုဟာ ခရီးသွားစာ နှစ်ပုဒ်၊ သုံးပုဒ်လောက် နဲ့ ဆက်မသွားကြသူတွေပါ။ ပုံမှန်ရေးသားနေသူတွေထဲမှာမှ Page Like ၃ သိန်း ကျော်လွန်သူ (၂) ဦး၊ ၂ သိန်း ကျော်လွန်သူ အနည်းငယ် နဲ့ တစ်သိန်း နဲ့ နှစ်သိန်းကြား အနည်းငယ် ပဲ ရှိပါသေးတယ်။ ခရီးသွားစာလေးတွေ ရေးတာ ဝါသနာပါသူတွေကိုတော့ အားပေးလိုပါတယ်။ ပြင်ဆင်စရာ လိုအပ်ချက်လေးတွေကို ကျွန်တော်တို့ကိုယ်တိုင်လည်း ရေးရင်း လုပ်ဆောင်ရင်းနဲ့မှ မြင်လာရတာပါ။ ဆိုတော့ ဒီအတွေ့အကြုံလေးတွေလည်း တစ်ခါတည်း ဝေမျှပေးချင်ပါတယ်။


Blogger ဆိုတာ ဘာလဲ?

ဒါကို အတိုချုံးရှင်းပြရရင် စာရွက်ပေါ်မှာ ဘောပင်ကိုင်ပြီး ရေးတဲ့ စာရေးဆရာတွေကို Writer လို့ သုံးနှုန်းကြသလို အင်တာနက်ပေါ်က အကြောင်းအရာတစ်ခုခုကို စာရေးတဲ့ Platform တစ်ခုခုသုံးပြီး ရေးသားတဲ့သူကို Blogger လို့ ဆိုကြတာပါ။ Travel Blogger ဆိုတာကတော့ ခရီးသွားခြင်းနဲ့ ဆိုင်တဲ့ အကြောင်းအရာတွေကို ကိုယ်တိုင်လည်း ခရီးသွားပြီး ပြန်လည် ဝေမျှပေးသူ ဖြစ်ပါတယ်။ ဒီနေရာမှာ Travel Review ဆိုတဲ့ ကိစ္စလည်း ပြောပြရရင်၊ Reviewer တစ်ယောက်ဟာ Blogger ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ Blogger တိုင်းကတော့ Reviewer မဟုတ်လို့ သူ့အနေနဲ့ ကိစ္စရပ်တစ်ခုကို အချိန်ပြည့် သုံးသပ်ပြနေမှာ မဟုတ်ပါဘူး။ Travel Blogger တိုင်းဆီကနေ Travel Review တွေ ဖတ်ရမယ်လို့တော့ မတွေးလိုက်ပါနဲ့။ ခရီးစဉ်တစ်ခုကို သုံးသပ်ညွှန်းဆိုပြပေးတာမျိုး ဖြစ်နိုင်သလို၊ ခရီးသွားရင်း ခံစားရတာတွေကို ဖွဲ့နွဲ့ရေးသားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် Travel Blogger တစ်ဦးချင်းဆီတိုင်းမှာ သူ့မူ သူ့ဟန်နဲ့ သူပုံစံလေး ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ခရီးသွားဓါတ်ပုံလေးတွေနဲ့ Photo Blog တွေကိုလည်း ထည့်သွင်းစဉ်းစားရပါဦးမယ်။ ပုံစံခွက်တစ်ခုတည်းမှာတော့ ရှိနေမှာ မဟုတ်ပါဘူးလို့ ဆိုချင်ပါတယ်။


ခရီးသွားစာတွေ စရေးတော့မယ်ဆိုရင် ဘာတွေပြင်ဆင်ရမလဲ ဆိုတာ အခြေခံကျကျသိထားဖို့ လိုအပ်ပါတယ်။ ဒါတွေ လုပ်ဆောင်ထားရင် Professional Travel Blogger အဖြစ် ရပ်တည်ဖို့ ပိုနီးစပ်လာပါမယ်။

(၁) စာရေးချင်စိတ် ရှိဖို့လိုအပ်ပါတယ်။

စာရေးပျင်းနေရင် စာရေးသူ တစ်ဦးဖြစ်လာမှာ မဟုတ်ပါဘူး။ ကိုယ်က ခရီးသွားစာရေးသူ ဖြစ်ချင်တယ်ဆိုရင်တော့ ဒီအချက်က မဖြစ်မနေပြည့်စုံနေရမှာပါ။ စာရေးချင်စိတ်မရှိဘူးလား? ဒါဆိုလည်း ဓါတ်ပုံနဲ့ အနုပညာရသတစ်ခုကို ပေးစွမ်းနိုင်သူဆိုလည်း ဖြစ်ပါတယ်။ Travel Photo Blogger တစ်ဦးအနေနဲ့ ခရီးသွားအကြောင်းအရာတွေကို တင်ပြနိုင်ပါသေးတယ်။ စာအများကြီးရေးတာထက် ဓါတ်ပုံကောင်းတစ်ပုံကလည်း စကားတွေအများကြီးပြောနေနိုင်ပါတယ်။ ခရီးသွားစာရေးသူ အနေနဲ့ ကိုယ်က သွားချင်တာဆိုရင်တော့ စာရေးဖို့ စိတ်ထက်သန်နေမှ ဖြစ်မှာပါ။ စာရေးတဲ့အခါမှာလည်း စာအရေးအသား မပြေပြစ်လို့ဆိုပြီး စိတ်ဓါတ်မကျပါနဲ့။ ခရီးသွားစာရေးတဲ့အခါ ဒါကို အထိုက်အလျောက် စာဖတ်သူတွေ နားလည်ကြပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ဟိုးအရင် ၂၀၀၇ ခုနှစ်လောက်က ရေးခဲ့တဲ့ စာ ပြန်ဖတ်တော့ ကိုယ့်ကိုကိုယ် အရမ်းစိတ်ပျက်ပါတယ်။ ခုလည်း ကြိုးစားနေရတုန်း။ နောက်နှစ်တွေမှာလည်း ဒီနှစ်ရေးခဲ့တာကို ဖတ်ပြီး ပြန်ရယ်မိဦးမှာပါပဲ။


(၂) စာများများ ဖတ်ဖို့လိုအပ်ပါတယ်။

စာရေးမဲ့သူက စာများများဖတ်ဖို့လိုတယ်ဆိုတာ ဘယ်တော့မှ မမှားတဲ့ သီအိုရီတစ်ခုပါ။ ခရီးသွားစာတွေ အကြောင်းအရာတွေအပြင် တခြားအကြောင်းအရာအစုံ (ဆိုပါတော့ ဈေးကွက်ချဲ့ထွင်မှုနဲ့ဆိုင်တဲ့ အကြောင်းအရာတွေ၊ နိုင်ငံရေး နဲ့ နိုင်ငံတကာအကြောင်းအရာတွေ၊ ဦးဆောင်မှုပိုင်းဆိုင်ရာ အကြောင်းအရာတွေ၊ ရသဝတ္ထု နဲ့ ကဗျာတွေ၊ ဆောင်းပါးစုံတွေ) ကို သိရှိနားလည်ထားမယ်ဆိုရင် ကိုယ်သွားမဲ့ ခရီးစဉ်နဲ့ ကိုယ်ရေးမဲ့ အကြောင်းအရာအတွက် ပိုပြီးထူးခြားနေအောင် ပံ့ပိုးမှုပေးနိုင်တာကြောင့် ရေးသားတဲ့ ခရီးစဉ်ချင်း တူနေရင်တောင် ကိုယ်ရေးတဲ့ အကြောင်းအရာမှာ ထူးခြားမှုလေးတစ်ခု ပိုနေပါလိမ့်မယ်။ ခရီးစဉ်လေးတစ်ခုကို ဖွဲ့နွဲ့တဲ့အခါ ရသဝတ္ထုထဲက စာတစ်ကြောင်း၊ ကဗျာတစ်ပိုဒ်က အစ ထည့်ရေးလိုက်တာနဲ့ ဖတ်သူကို ပိုသဘောကျသွားလောက်အောင် ဖြစ်သွားတတ်ပါတယ်။


(၃) အများထဲက သိသာထင်ရှားသူတစ်ယောက်ဖြစ်ဖို့ ကြိုးစားရမယ်။

ဒါကတော့ နည်းနည်းခက်သွားပြီထင်ရတယ်။ ခရီးသွားအကြောင်းအရာရေးတာကို ဘာတွေ ထူးခြားနေရဦးမှာလဲ? ခရီးစဉ်အသစ်တွေ သူများမသွားခင် ကြိုသွားပြီး ရေးရမှာလား? အဲ့ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ကို အများသိမြင်စေဖို့ရာက အကြောင်းအမျိုးမျိုး ဖြစ်နိုင်ပါတယ်။ ခရီးစဉ်အသစ်အဆန်း၊ ကိုယ့်ရဲ့ ရေးဖွဲ့ဟန်၊ ကိုယ်တင်ပြတဲ့ အချက်အလက် နဲ့ ကိုယ့်ရဲ့ စာဖတ်သူတွေအပေါ်ဆက်ဆံပုံ စတဲ့ အချက်မျိုးတွေထဲက တစ်ခုခုကို ဆိုလိုတာပါ။ သတိထားမိပါလိမ့်မယ်။ တချို့ ခရီးသွားစာတွေဆိုရင် စာထဲမှာ icon တွေအများကြီး သုံးပြီး ရေးထားကြတယ်။ တချို့ကလည်း တဖွဲ့တနွဲ့။ တချို့ကတော့ ဓါတ်ပုံလှလှလေးတွေကို အသားပေးတယ်။ တချို့ကတော့ အသေးစိတ်ကို ဖော်ပြပေးတယ်။ တချို့ကျတော့လည်း တိုတိုပြတ်ပြတ် နဲ့ လိုရင်းပဲ ဖော်ပြထားတယ်။ တချို့က စွန့်စားရတဲ့ခရီးစဉ်တွေအကြောင်းပဲရေးတယ်။ ဒါတွေအားလုံးဟာ စာဖတ်သူတွေကို အသစ်အဆန်းတွေ ဖြစ်စေတာပဲ။ သူများနဲ့ မတူတဲ့ ပုံစံတွေနဲ့ စာဖတ်သူကို စွဲဆောင်ထားကြတာမျိုးလို့ ယူဆပါတယ်။ သူများနဲ့ မတူအောင် လုပ်ဆောင်အားထုတ်တာက ကိုယ့်ကို အများထဲက သီးသန့်ဖြစ်နေသူတစ်ယောက်အဖြစ် စာဖတ်သူတွေ ဂရုပြုမိစေနိုင်တယ်လေ။ စု၊ တု၊ ပြု ဆိုတာလေး အတိုင်းပါပဲ။ ဒါပေမဲ့ ကူးတော့ မချပါနဲ့။ ကိုယ်ပိုင်ဖန်တီးမှုလေး ဖြစ်ပါစေ။ ကိုယ်တိုင် စရေးပြီဆိုရင် သူများနဲ့မတူအောင် ဘယ်လိုလုပ်မလဲဆိုတာမျိုးလေး တွေးပြီး ပုံဖော်ရတာလည်း ပျော်ဖို့ကောင်းတယ်လို့ ကျွန်တော်ကတော့ ယူဆမိပါတယ်။


(၄) ဘာမှ အလကား မရဘူး ဆိုတာ သိဖို့လိုအပ်ပါတယ်။

Travel Blogger အနေနဲ့ ခရီးသွားစာရေးသူ ဖြစ်လာဖို့ဆိုတာ ရင်းနှီးမြှုပ်နှံမှု၊ ပေးဆပ်မှုတွေတော့ လုပ်ရပါတယ်။ စာဖတ်သူတွေအတွက် အနုပညာနဲ့ ပေးဆပ်တယ်ဆိုတာမျိုးတော့ မဟုတ်ဘူးနော်။ ဒီလိုစကားမျိုးကို ကျွန်တော်က အရမ်းရယ်ချင်တယ်။ ကျွန်တော်လည်း ကိုယ်ကြိုက်တာ ကိုယ်လုပ်တာပဲ။ စာဖတ်သူတွေကလည်း သူတို့ ဖတ်ချင်လို့ လာဖတ်တယ်။ မဖတ်ချင်ရင် မဖတ်ဘူး။ ဒီ့အတွက် တစ်ဦးကို တစ်ဦး ပေးဆပ်နေတာ မရှိဘူးလို့ ကျွန်တော်ကတော့ ခံယူထားတယ်။ ခရီးသွားစာရေးတာကို ကြိုက်လို့၊ စာဖတ်သူတွေရဲ့ Like & Share တွေကို မက်မောလို့ ကျွန်တော်ကတော့ ခရီးသွားစာတွေကို Page ထောင်ပြီး တင်ပါတယ်။ ဒါ အရိုးသားဆုံး ဝန်ခံတာပါ။ စာတွေတင်နိုင်ဖို့ ခရီးတွေသွား၊ စာတွေရေး၊ အင်တာနက်သုံးနေရတာကို ပေးဆပ်နေတယ်လို့ မယူဆပါဘူး။ ကိုယ်ပျော်လို့ ကိုယ်လုပ်နေတာချည်းပါပဲ။ အထက်က ကျွန်တော်ဆိုလိုတဲ့ ပေးဆပ်ရင်းနှီးမြှုပ်နှံမှုဆိုတာက အချိန်၊ ငွေ၊ စိတ် နဲ့ ကိုယ် ပါ။ ခရီးသွားစာရေးဖို့အတွက် အချိန်အားလေးရှိမှ ခရီးသွားနိုင်မယ်။ ခရီးသွားဖို့ ငွေလိုတယ်။ စိတ်သွားတိုင်း ကိုယ်ပါနိုင်မဲ့ ကျန်းမာရေးအခြေအနေလိုတယ်။ တစ်ခါ ကိုယ်ရေးတဲ့ ခရီးသွားစာကို တင်ဖို့ အင်တာနက်ဖိုး၊ စာရိုက်ဖို့ ဖုန်းနဲ့ ကွန်ပျူတာဖိုး၊ အားသွင်းရလို့ မီတာဖိုး စတဲ့ ငွေအင်အားလိုသလို၊ ဒါတွေလုပ်ဆောင်ဖို့ အချိန်အားလည်း ထပ်လိုပါတယ်။ ကိုယ်က ခရီးသွားစာရေးတဲ့အလုပ်ကို လုံးဝနှစ်မြှုပ်ပြီးလုပ်မယ်ဆိုရင်တော့ အဆင့်မြင့်ကင်မရာ နဲ့ ကင်မရာမှန်ဘီလူး တစ်စုံ (အနည်းဆုံး)၊ အဆင့်မြင့် ဖုန်း နဲ့ ကွန်ပျူတာ၊ စတဲ့ အခြေခံပစ္စည်းတချို့ကို မဖြစ်မနေ ပိုင်ဆိုင်ထားသင့်ပါတယ်။ အပျော်တမ်းဆိုရင်တော့ ကင်မရာကောင်းတဲ့ ဖုန်း နဲ့ ကွန်ပျူတာက လုံလောက်တဲ့အနေအထားပါ။ ဒါတောင် ကိုယ့်ရဲ့စာကို ဖတ်သူများလာအောင် Social Media ပေါ်မှာရှိနေတဲ့ လူတွေ သိဖို့ Boost လုပ်ပြီး ကြော်ငြာရတဲ့ ကြော်ငြာခကို ထည့်မတွက်ရသေးပါဘူး။


(၅) ဖေ့စ်ဘွတ်ပေါ်မှာ ကြော်ငြာရမယ်… မကြော်ငြာရဘူး

ဒါလေးကတော့ အမြင်ကွဲနိုင်တယ်။ Page မှာ ကိုယ်ရေးတဲ့အကြောင်းအရာကို Boost လုပ်ရင် သုံးစွဲသူအတော်များများဆီကို ရောက်သွားပြီး ကိုယ်ရေးတဲ့အကြောင်းအရာ ရဲ့ စွဲဆောင်မှုအပေါ်မူတည်လို့ Like & Share က လွယ်လွယ်တက်လာမယ်။ ဒီတော့ Boost လုပ် ကြော်ငြာဖို့ Facebook ကို ငွေပေးရတယ်။ သူကလည်း ဒီနည်းနဲ့ ငွေရှာတာမျိုးဆိုတော့ ဒီအတိုင်း ကိုယ့် Page မှာတင်တဲ့ စာတွေကို ကိုယ့် Page ထဲက ရာခိုင်နှုန်းနည်းနည်းပဲ မြင်အောင် လုပ်ထားပြီးသားကိုး။ ဒီတော့ ကြော်ငြာရင်တော့ ကိုယ်ရေးတဲ့စာ လူပိုသိသွားမယ်။ ကိုယ့် Page ကို Like ချင်သူတွေ များလာမယ်။ လူပိုသိလာမယ်။ ဒီနေရာမှာတော့ တချို့ကလည်း ဒီလို Boost ရတာကို ပြဿနာလို့ မယူဆကြပေမဲ့ တချို့ကျတော့လည်း ဒီလိုလုပ်ရတာကို သဘောမတွေ့ပါဘူး။ ဒါကိုလည်း နားလည်ပါတယ်။ စာရေးသူတစ်ဦးဟာ ကြော်ငြာမှ စာဖတ်သူလာမယ်ဆိုတဲ့ ခံစားချက်ကို မကြိုက်တတ်ကြပါဘူး။ ကိုယ်စိတ်အားသန်သလိုသာ ကိုယ်လုပ်ကြတာပါပဲ။ ချွင်းချက်တစ်ခုတော့ ရှိတယ်။ Facebook ဟာ တစ်နှစ်ထက် တစ်နှစ် ပိုပြီး စီးပွားရေးဆန်လာတယ်။ အရင်က Post တစ်ခုတင်လို့ ကိုယ့် Page ကို Like လုပ်ထားတဲ့သူတွေရဲ့ ရာခိုင်နှုန်းအတော်များများက မြင်တွေ့ခွင့်ရပေမဲ့ ခုဆို အရမ်း လျှော့ချလိုက်တယ်။ အဆိုးဆုံးက ငွေသုံး Boost လုပ်တတ်မှန်းသိရင် အဲ့ဒီသူတင်တဲ့ Post တွေဟာ မသုံးဖြစ်တဲ့အခါ မြင်တွေ့ရမှု ဆိုးဆိုးရွားရွား နည်းပါးသွားတတ်တာပါပဲ။ ဒါကြောင့် ဖြစ်နိုင်ရင် အစကတည်းက မ Boost ပါနဲ့။ Boost ခဲ့ရင်လည်း ပမာဏ နည်းနည်းပဲ Boost ပါ။ ဒါတောင် ပထမတစ်ခါ ၁ ဒေါ်လာ နဲ့ Boost လို့ ရောက်သွားတဲ့ ထိရောက်မှုမျိုးကို နောက်တစ်ခါ ၃ ဒေါ်လာလောက် Boost မှ ရောက်နိုင်တာမျိုး လှည့်ကွက်လေးတွေ ရှိထားပြန်ပါတယ်။ ဒီအချက်တွေကိုလည်း သတိပြုဖို့ လိုအပ်ပါတယ်။


(၆) စာရေးတဲ့အခါ ပုဂ္ဂိလိက ဆန်တာထက်၊ အများအတွက် ဖြစ်စေဖို့လိုအပ်ပါတယ်။

ကျွန်တော် ကိုယ်တိုင်လည်း အမြဲသတိထားရတယ်။ လူတိုင်းက ကိုယ့်အကြောင်းပဲ ပြောချင်ကြတာ။ စာဖတ်သူဆိုတာက စာတစ်ပုဒ်ဖတ်တဲ့အခါ သူတို့ ကိုယ်တိုင် လုပ်ဆောင်ရသလို ခံစားပြီး ဖတ်ကြတာမို့ ကိုယ့်ရဲ့ လက်တွေ့ဘဝကို အများရှေ့ချပြတာမျိုးထက်စာရင် လူတိုင်း ပါဝင်ခံစားနိုင်တဲ့ အနေအထားမျိုး၊ လူတိုင်းလိုက်ပြီး စိတ်ကူးယဉ်နိုင်တဲ့အနေအထားမျိုးဆို ပိုပြီးအဆင်ပြေတတ်တယ်။ စာဖတ်သူတွေ သိချင်နေတာ ကျွန်တော်တို့အကြောင်းမှ မဟုတ်တာ။ သူတို့ သိချင်နေတာ သူတို့သာ ဒီခရီးထွက်ရမယ်ဆိုရင် ဆိုတဲ့ သူတို့အကြောင်းပါ။


(၇) စိတ်ရှည်သည်းခံတတ်ဖို့လိုအပ်ပါတယ်။

ရောမမြို့ကြီးကို တစ်နေ့တည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်သလို ကျွန်တော်တို့တွေလည်း ကိုယ့်ရဲ့ ခရီးသွားစာတွေနဲ့ တည်ဆောက်ထားတဲ့ Page ဒါမှမဟုတ် Blog ကို အရှင်မွေး၊ နေ့ချင်းကြီး ချင်လို့တော့ မရပါဘူး။ ခရီးသွားစာလေး တစ်ပုဒ် နှစ်ပုဒ်လောက် တင်ပြီး Page Like ကို သောင်းနဲ့ သိန်းနဲ့ချီပြီး မျှော်မှန်းလို့ မဖြစ်နိုင်သေးပါဘူး။ ငွေနိုင်လွန်းလို့ Page ကို Promote လုပ်ဦးတော့ ဒီစာနည်းနည်းလေးနဲ့ကတော့ သိပ်ပြီး ထူးထူးခြားခြား Page Like တက်လာဖို့ မရှိပါဘူး။ စာဖတ်သူတွေကလည်း သူတို့အတွက် တကယ် အကျိုးရှိနိုင်မှ၊ ဖတ်လို့ ကြည့်လို့ ကောင်းမှလည်း Like ကြမှာကိုး။ သောင်းချီ သိန်းချီ ရှိပြီးသား Page တစ်ခုကို ချက်ချင်းဝယ်တင်ရင်တော့လည်း မပြောတတ်တော့ပါဘူးလေ။ ဒါက စိတ်ရှည်ရမဲ့အပိုင်း။ သည်းခံရမဲ့ အပိုင်းလည်း ရှိသေးတယ်။ Social Media ကို လူအမျိုးမျိုးသုံးတယ်။ ဖုန်းတစ်လုံးကို သောင်းဂဏန်းနဲ့ ဝယ်လို့ရလာချိန်မှာ အင်တာနက်သုံးပြီး Social Media ပေါ်မှာ ဆဲဖို့ဆိုတာ လွယ်ကူလွန်းသွားပြီ။ ကိုယ်ရေးတဲ့အကြောင်းအရာ မှားခဲ့ရင်တောင် မှားနေကြောင်းကို ဉာဏ်ရှိသူတွေက ယဉ်ကျေးအဆင့်အတန်းရှိစွာပဲ ထောက်ပြလိမ့်မယ်။ ဆဲဆိုရိုင်းစိုင်းခဲ့ရင် ဒါဟာ သူ့ရဲ့အဆင့်အတန်း အောက်ကျနေကြောင်းပြတာပဲ။ ဒီကြားတည်း မနာလိုစိတ်များသူတွေကလည်း ရှိတတ်လို့ တစ်မျိုးမဟုတ် တစ်မျိုး ကိုယ့်ကို စိတ်အနှောင့်အယှက်ပေးကြပါလိမ့်မယ်။ ကိုယ်သိတာလေးကိုမှ အမှန်ထင်နေတဲ့ အမှတ်မှားသူတချို့ရဲ့ ပြောဆိုတာကိုလည်း ခံရနိုင်ပါသေးတယ်။ ဒါတွေကို သည်းခံတတ်ဖို့ အားမွေးရပါဦးမယ်။ ကိုယ့်ဘက်ကလည်း အပြုသဘော ဝေဖန်ထောက်ပြတာ၊ အချက်အလက်မှားယွင်းမှုကို ပြင်ဆင်ပေးတာ၊ ကျန်နေခဲ့တဲ့ အချက်အလက်ကို ဖြည့်တင်းပေးတာမျိုးကို လိုလိုလားလား လက်ခံနာယူနိုင်ဖို့ လိုမယ်ထင်ပါတယ်။ ကိုယ်လည်းပဲ အမြဲ မှန်နိုင်တယ်လို့ မယူဆထားပါနဲ့။


(၈) ဈေးကွက်ကို နားလည်ဖို့လိုအပ်ပါတယ်။

ခရီးသွားစာရေးနေသူတွေက ကိုယ်ထမင်းကိုယ်စားပြီး ပျော်လို့ ငွေကုန်ခံ အပင်ပန်းခံ စာတွေရေး ပုံတွေတင်နေကြတာလား။ ဘာအလုပ်မှ မလုပ်တော့ဘဲ ခရီးပဲ သွားနေကြတာလား တွေးထင်စရာပါ။ လူတိုင်းက ကိုယ့်ရဲ့ ဖုန်းမျက်နှာပြင်မှာ ခဏတာ မြင်ရတဲ့ တခြားလူတစ်ဦးရဲ့ ပျော်ရွှင်ကြည်နူးမှုပုံရိပ်တွေကို တဒင်္ဂအမြင်လေးနဲ့ပဲ ဆုံးဖြတ်ကြတာများတယ်။ သူချည်း ခရီးသွားနေတယ်လို့ ဆိုစရာအကြောင်းရှိတယ်။ ခရီးသွားစာရေးနေကြသူတိုင်းက ခရီးချည်းပဲ ထွက်နေကြတာမဟုတ်ပါဘူး။ ဒီခရီးတွေရဲ့နောက်မှာ တခြားအကြောင်းချင်းရာတွေလည်း ရှိတတ်ပါတယ်။ ကျွန်တော်ဆိုလည်း အလုပ်ကိစ္စနဲ့ ရွာတွေ၊ မြို့တွေ၊ နိုင်ငံတွေ သွားရတာရှိသလို၊ အနားယူခရီးသက်သက် ထွက်ခဲ့တာတွေလည်း ရှိပါတယ်။ ခရီးသွားစာရေး၊ ပုံတင်တဲ့အခါတွေမှာတော့ ကိုယ်ပျော်နေတဲ့ပုံရိပ်လေးတွေပဲ တင်ဖြစ်တတ်ကြတော့ တချို့က အထင်လွဲစရာအကြောင်း ရှိနိုင်တယ်။ ဒါဆို ခရီးသွားစာရေးသူတွေက တခြားအလုပ်လုပ်ရင်း တစ်ဖက်က ဝါသနာပါတဲ့အလုပ်လုပ်တာပေါ့။ ခရီးသွားစာရေးတဲ့ Travel Blogger တွေရဲ့ ဝင်ငွေက တခြားအလုပ်ကနေပဲ ရတာပေါ့လို့ ထင်စရာ ရှိတယ်။ တကယ်ကတော့ Professional Travel Blogger တစ်ဦး အဖြစ် ပီပြင်လာပြီ ဆိုတာနဲ့ ကိုယ့်ကို စပွန်ဆာပေးမဲ့သူတွေ တန်းစီ ပေါ်ပေါက်လာတာပါပဲ။ သွားမဲ့ ခရီးစဉ်ကို စပွန်ဆာပေးမဲ့ Tour ကုမ္ပဏီတွေ၊ လေကြောင်းလိုင်းတွေ ရှိတယ်၊ ဖိတ်ခေါ်မဲ့ နိုင်ငံတကာခရီးသွားအဖွဲ့အစည်းတွေရှိတယ်။ ခရီးစဉ်မှာ အသုံးပြုမဲ့ ဖုန်း၊ ကင်မရာ၊ ကျောပိုးအိတ်၊ မျက်မှန်၊ ဦးထုပ်၊ ဘောင်းဘီ၊ အင်္ကျီ၊ အဝတ်အထည်၊ အချိုရည်ဘူး၊ စားသောက်ဆိုင်၊ စားသောက်ကုန်၊ အစရှိသလို သူ့နည်းသူဟန်နဲ့ လူမြင်သာအောင် ကြော်ငြာပြလို့ရတဲ့အတွက် စပွန်ဆာပေးမဲ့သူတွေရှိတယ်။ တချို့ကလည်း ပစ္စည်းချည်း လက်ခံသလို၊ တချို့တော့ ပစ္စည်းအပြင် သတ်မှတ်တန်ဖိုးတစ်ခုနဲ့ အသုံးပြုပေး၊ ကြော်ငြာပေးတယ်။ ဒါမှမဟုတ်လည်း သတ်မှတ်တန်ဖိုးတစ်ခုနဲ့ ကြော်ငြာပေးနိုင်တယ်။ ဒီလိုမျိုး ဝင်ငွေရှာဖွေနိုင်မဲ့အကြောင်းလည်း Professional Travel Blogger တစ်ဦးမှာ အခွင့်အရေးတွေ ရှိပါတယ်။ ဒါကြောင့် ကိုယ်က ဒီလို ခရီးသွားစာတွေနဲ့ ဝင်ငွေရှာမယ်စိတ်ကူးရင်တော့ ဈေးကွက်သဘောတရား ကို နားလည်ဖို့ ကြိုးစားစရာလည်း လိုအပ်ပါသေးတယ်။


(၉) ပေးသမျှယူ… လာသမျှကြိုနေရင်လည်း အဆင်မပြေတတ်ဘူးဆိုတာ သိဖို့လိုအပ်ပါတယ်။

အောင်မြင်တဲ့ Travel Blogger ဖြစ်လာတဲ့အခါ နောက်က လိုက်လာမဲ့ ကြော်ငြာရှင်တွေရဲ့ အားက မနည်းလှပါဘူး။ ဒါပေမဲ့ ကိုယ့်အနေနဲ့ ဒီအခြေအနေကို ကောင်းကောင်း ကိုင်တွယ်တတ်ဖို့ လိုအပ်ပါတယ်။ ကြော်ငြာရှင်တိုင်းက ပေးသမျှကို ယူပြီး ကြော်ငြာပေးနေရင် ကိုယ့်အပေါ် အယုံအကြည်ကင်းမဲ့လာသလို၊ ကိုယ်ရေးတဲ့စာတွေကိုလည်း စီးပွားရေးဆန်တဲ့ဘက် ရှုမြင်ပြီး ဖတ်ချင်သူ တဖြည်းဖြည်း နည်းလာပါလိမ့်မယ်။ ဖြစ်နိုင်ရင် Brand တစ်ခုတည်းနဲ့ တစ်သက်လုံး လက်တွဲလုပ်ဆောင်သွားနိုင်တာ ပိုကောင်းပါတယ်။ နိုင်ငံခြားက တချို့ Travel Blogger တွေကို လေ့လာကြည့်ရင် သိသာပါတယ်။ သူတို့ကို စပွန်ဆာပေးတဲ့ ဘောင်းဘီ ပဲ ဆိုပါတော့။ ဒီ ဘောင်းဘီနဲ့ပဲ အမြဲလက်တွဲလုပ်ဆောင်သွားလို့ သူ့ကိုလည်း ဒီဘောင်းဘီနာမည်နဲ့ တွဲမြင်သလို၊ ဘောင်းဘီကို မြင်လိုက်တာနဲ့ ဒီ Travel Blogger ကို သတိတရ ရှိသွားတာမျိုးကို ဆိုလိုတာပါ။ လာသမျှ ကြိုနေလို့ ကိုယ့်အပေါ် အယုံအကြည်မဲ့သွားနိုင်တယ်ဆိုတာကို ဥပမာ ပြောရရင် ဖုန်းကုမ္ပဏီတစ်ခုက စပွန်ဆာ ပေးလို့ ဒီတစ်လအတွင်းမှာ ကိုယ်က ဒီဖုန်းလေး ကောင်းကြောင်း အမျိုးမျိုး သိသိသာသာရော မသိမသာရော ကိုယ့်ခရီးစဉ်အကြောင်းအရာထဲမှာ ထည့်ရေးပေးနေတယ်ဆိုပါတော့ နောက်တစ်လမှာ နောက်ဖုန်းကုမ္ပဏီတစ်ခုက ဖုန်းမော်ဒယ်အသစ်ထွက်လို့ စပွန်ဆာပေးပြန်တဲ့အခါလည်း ဒီအတိုင်းပဲ ကောင်းပါတယ်ဆိုပြီး ထည့်ရေးပေးနေမယ်ဆိုရင် ကိုယ့်အပေါ် စာဖတ်သူတွေက ပြက်ရယ်ပြုနိုင်ပါတယ်။


(၁၀) လက်တွေ့ဆန်တာမျိုးကို ပိုကြိုက်တတ်ကြတာ သိဖို့လိုအပ်ပါတယ်။

နိုင်ငံတိုင်းလိုလိုမှာ လူလတ်တန်းစား ဟာ လူဦးရေအများဆုံးပါ။ ဒါကြောင့် လူလတ်တန်းစားကို ပစ်မှတ်ထားတဲ့ ဝန်ဆောင်မှုတွေက အရမ်းအောင်မြင်တတ်ကြပါတယ်။ ချွင်းချက်တွေလည်း ရှိနိုင်ပါတယ်။ အကြမ်းဖျဉ်းသဘောတရားအရတော့ လူလတ်တန်းစားတွေအတွက် ဦးတည်ရေးသားပေးတဲ့ ခရီးစဉ်တွေက စာဖတ်သူတွေ ပိုကြိုက်ကြပါတယ်။ သိန်းသုံးဆယ်လောက် အကုန်အကျခံပြီး သွားရမဲ့ ကျွန်းလှလှ ခရီးစဉ်ထက် ၁ သောင်းခွဲလောက်နဲ့ ရောက်မဲ့ အပန်းဖြေခရီးစဉ်ကို ပိုပြီး စိတ်ဝင်စားတတ်ကြပါတယ်။ သိန်းသုံးဆယ်တန် ခရီးကိုတော့ သွားဖူးချင်လိုက်တာ ဆိုတဲ့ ခံစားချက်ကလွဲရင် လက်တွေ့မဆန်လို့ သိပ်မစဉ်းစားတော့တာမျိုးမို့ လက်တွေ့ကျတဲ့ ဘဝနေထိုင်မှုပုံစံနဲ့ ခရီးသွားဟန်တွေကို တော်တော်များများက ပိုသဘောကျတတ်ကြပါတယ်။ စိတ်ကူးယဉ်လို့ကောင်းတဲ့ ခရီးစဉ်မျိုးကိုလည်း သဘောကျသူတွေလည်း ရှိတော့ ရှိနိုင်ပါတယ်။


(၁၁) နည်းပညာနောက်ကို မျက်ခြေပျက်မခံဖို့လိုအပ်ပါတယ်။

ကိုယ်က နည်းပညာကို သုံးစွဲနေရသူဖြစ်လို့ ခရီးသွားစာပေရေးသားခြင်းနဲ့ စပ်ဆိုင်နိုင်တဲ့ ဘယ်နည်းပညာကိုမှ မျက်ခြေပျက်မခံဖို့ လိုအပ်ပါတယ်။ ရိုးရိုးဖုန်းကင်မရာ ထက် အဆင့်မြင့်ဖုန်းကင်မရာတွေက ရုပ်ထွက်ပိုကောင်းလို့ စာဖတ်သူတွေ ပိုစိတ်ဝင်စားကြတယ်။ အဆင့်မြင့်ဖုန်းကင်မရာတွေထက် ပရော်ဖက်ရှင်နယ်ဓါတ်ပုံကင်မရာတွေက ပုံထွက် ပိုကောင်းတယ်။ ပရော်ဖက်ရှင်နယ်ကင်မရာတွေထက် သယ်ရပေါ့ပါးပြီး ဝန်ကျဉ်းတဲ့ ရေစိုလည်းခံတဲ့ အဆင့်မြင့်ကင်မရာသေးသေးလေးတွေက ခရီးသွားသူတွေအတွက် ပိုအဆင်ပြေတယ်။ ပုံထွက်လည်း မညံ့ဘူး။ ဒါတွေထက် ကောင်းကင်ကနေ လှမ်းပြီး ဓါတ်ပုံရိုက်လို့ရတဲ့ ဒရုန်းကင်မရာတွေက ပုံတွေကို စာဖတ်သူတွေ ပိုစိတ်ဝင်စားကြတယ်။ ခု ကျွန်တော် အသုံးပြုနေတဲ့ Samsung Galaxy S9+ ဆိုရင် ရေစိုခံတယ်။ ရေစိမ်ခံတယ်။ ဆိုတော့ ရေကူးကန်ထဲ အလှရိုက်ဖို့ အဆင်ပြေတယ်။ ကင်မရာရဲ့ အလင်းအမှောင်ကလည်း Lens Aperture နှစ်ခုနဲ့ အလုပ်လုပ်တော့ ညဘက်ရိုက်ရင် အလင်းအားနည်းတယ်ဆိုရင်တောင် ပုံထွက်ကောင်းပြီး လင်းနေတယ်၊ နေ့ဘက်ကျပြန်ရင်လည်း ဖွေးဖွေးကြီး ဖြစ်မနေဘူး။ ခု လူတိုင်း သဘောကျကြတဲ့ အနှေးရိုက်ချက် Slow-motion ဆိုလည်း ဒီ S9+ ဖုန်းနဲ့ ရိုက်ရင် Super Slo-Mo ကြောင့်မို့လို့ အတော်လေး လှလှပပနဲ့ အဏုစိတ်အနည်းပြကွက်ကို မြင်ရနိုင်တယ်။ ဒါတွေဟာ ခရီးသွားသူတွေ၊ ခရီးသွားစာရေးသူတွေအတွက် လက်စွဲတော် အဖော်ကောင်းလို့ ဆိုရမယ်။ ဒီလိုမျိုး နည်းပညာအသစ်အသစ်တွေကိုလည်း ကိုယ်က သိဖို့ ဗဟုသုတပြည့်စုံနေတာကလည်း ကောင်းတဲ့အချက်ပါပဲ။


(၁၂) တာဝန်ယူရဲတဲ့စိတ်သဘော ရှိရပါမယ်။

ကိုယ်က Professional ကျကျ ရပ်တည်ချင်တယ်ဆိုရင် ကိုယ့်ရဲ့ ခရီးသွားစာအပေါ်မှာ တာဝန်ယူမှုလည်း ရှိရပါတယ်။ လိမ်ညာပြောဆိုတာမျိုး နဲ့ ညွှန်းဆိုတာမျိုး မလုပ်သင့်ပါဘူး။ အချက်အလက် ထိန်ချန်ထားတာမျိုးလည်း မလုပ်သင့်ပါဘူး။ ဆိုလိုတာက ဒီခရီးစဉ်သွားလို့ ရေတံခွန်လှလှလေး တွေ့မယ်၊ ဒါပေမဲ့ အဲ့ဒီကို ရောက်ဖို့ လမ်းလျှောက်ရတာ ၄ နာရီလောက် ရှိမယ်။ ဒါကို အဲ့လောက်အချိန်ပေး လမ်းလျှောက်ရတယ်ဆိုတာ ချန်လှပ်ခဲ့တာမျိုး ရှောင်ရှားရပါမယ်။ ကိုယ့်ဘက်က အချက်အလက်မှားယွင်းလို့ ထောက်ပြပြောဆိုလာတာကိုလည်း နားလည်လက်ခံ ညှိနှိုင်းပြင်ဆင်သင့်ပါတယ်။


(၁၃) လိုအပ်လာတဲ့ ဓါတ်ပုံ နဲ့ ဗီဒီယို နည်းပညာတွေကို နားလည်ဖို့ ကြိုးစားရမယ်။

ခေတ်နဲ့အညီ တိုးတက်လာတဲ့ ဓါတ်ပုံပြင်ဆင်မှု နဲ့ ဗီဒီယိုပြင်ဆင်မှုနည်းပညာတွေကို တတ်ကျွမ်းနားလည်နေအောင် ကြိုးစားရပါဦးမယ်။ ဓါတ်ပုံတစ်ပုံကို ဒီအတိုင်း မပြုမပြင်ဘဲ တင်လိုက်တာထက်၊ အလင်းအမှောင် နဲ့ အရောင်ရဲ့ သဘောတရားတွေ နားလည်ပြီး ပြင်ဆင်တင်ပြတာက စာဖတ်သူကို ပိုပြီး စွဲဆောင်နိုင်မှာ ဖြစ်လို့ ဒီအချက်တွေကို သိရှိနားလည်အောင် ကြိုးစားရပါမယ်။ ကိုယ်တိုင်မလုပ်ဘဲ ကျွမ်းကျင်သူတွေကို အပ်နှံလုပ်ဆောင်စေတဲ့အခါမျိုးမှာလည်း ကိုယ်လိုချင်တဲ့ အနေအထားနဲ့ သူတို့ လုပ်ပေးလိုက်ဟာတွေကို သုံးသပ်နိုင်ဖို့ စွမ်းရည်လည်း လိုအပ်တဲ့အတွက် ဒီအကြောင်းကို သိရှိထားတာဟာ မမှားပါဘူး။


(၁၄) Facebook Platform မရှိတော့ရင်ဆိုတာကို ကြိုစဉ်းစားဖို့လိုပါတယ်။

ကိုယ်သေချာအချိန်ပေး ရေးသားပြင်ဆင်တင်ပြထားသမျှကို Facebook တစ်ခုတည်းမှာပဲ တင်နေရင်းက Facebook ကြီးသာ အကြောင်းတစ်ခုခုကြောင့် ပျောက်ဆုံးရပ်ဆိုင်းသွားခဲ့မယ်ဆိုရင် ဒီဟာတွေကို ဘယ်မှာ တင်မလဲဆိုတာမျိုး တွေးပြီး ပြင်ဆင်ထားသင့်ပါတယ်။ ကိုယ်ပိုင် Website (Blog) တစ်ခု ရှိထားတာဟာလည်း ရေရှည်ကောင်းတဲ့အချက်ပါ။


ဒီအချက်တွေကတော့ Travel Blogger တစ်ယောက်လုပ်ချင်လိုက်တာလို့ တွေးတောနေသူတွေအတွက် စဉ်းစားဖို့ အထောက်အပံ့ဖြစ်မယ်ထင်ပါတယ်။ ဒါတွေဖတ်ပြီး အကြီးအကျယ် စိတ်ဓါတ်ကျသွားမလား၊ စိတ်ဓါတ်တက်ကြွသွားမလားတော့ ကျွန်တော် မခန့်မှန်းတတ်ပါဘူး။ ခုလည်း နေ့တိုင်းလိုလို ခရီးသွားစာတွေရေးတဲ့သူတွေ Facebook ပေါ်မှာ ပေါ်ပေါ်လာနေတုန်းပါပဲ။ ဒါကြောင့်မို့လည်း မလုပ်ချင်တော့ပါဘူးလို့တော့ မတွေးလိုက်ပါနဲ့။ ကိုယ်နေတဲ့လမ်းထဲမှာ စားသောက်ဆိုင်တွေ များလွန်းလို့ ကိုယ်က စားသောက်ဆိုင်မဖွင့်ရတော့ဘူးလို့ မဆိုလိုပါဘူး။ တခြားဆိုင်တွေနဲ့ ကွဲပြားတဲ့ မီနူး၊ အရသာ နဲ့ ဝန်ဆောင်မှုကို ပေးနိုင်ဖို့ပဲ လိုအပ်တာပါ။ သူများထက် ငါ ပိုလုပ်နိုင်တယ်လို့ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်မွေးပြီး ခရီးသွားစာတွေ ဒီနေ့ပဲ စရေးကြည့်လိုက်ပါတော့လို့ ကျွန်တော်ကတော့ တိုက်တွန်းအားပေးချင်ပါတယ်။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


283 views0 comments
bottom of page