Thiha Lu Lin
ခရီးသွားရင်း ဟိုတယ်မှာ သရဲအခြောက်ခံရဖူးလား?
ကျွန်တော်တို့တွေ ခရီးသွားရင်း ခေတ္တတည်းခိုကြတဲ့ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အသီးသီးမှာ တခါတရံ မမြင်အပ်တဲ့ ပရလောကသားတွေနဲ့ ပက်ပင်းတိုးပြီး အိပ်မရဖြစ်ရတာမျိုး ကြုံတတ်ကြတယ်။ ကျွန်တော်က ဟိုးအရင် ကုမ္ပဏီဝန်ထမ်း၊ INGO ဝန်ထမ်း ဘဝတွေတုန်းကတည်းကလည်း အလုပ်ကိစ္စနဲ့ ခရီးတွေထွက် ဟိုတယ်တွေတည်းခဲ့ရသလို၊ ခု ခရီးသွားစာရေးသူ ဖြစ်လာတော့လည်း ခရီးသွားရင်း ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း အစုံ တည်းရတော့တာပါပဲ။ ထူးခြားတယ်ပဲ ဆိုရမလား ကျွန်တော် ခုချိန်ထိ သရဲခြောက်ခံရတယ်ဆိုတာ မရှိသေးပါဘူး။ သရဲခြောက်တယ်လို့ ထင်ရတဲ့ ကိစ္စတော့ နှစ်ခု သုံးခု ကြုံခဲ့ဖူးတယ်။ ဒီညတော့ ကျွန်တော့်ကိုယ်တွေ့ သရဲခြောက်ခံရတယ်လို့ ထင်ရတဲ့ အကြောင်းတွေရယ်၊ ကျွန်တော့်မိတ်ဆွေအရင်းခေါက်ခေါက်တွေ ကြုံခဲ့ရတဲ့ ဟိုတယ်တွေက သရဲခြောက်ပုံတွေကို ပြောပြချင်ပါတယ်။ အသည်းနုရင်တော့ မဖတ်ဘဲ ကျော်သွားနော်။

ကိုယ်တွေ့ ဖြစ်ရပ်များး
သရဲခြောက်တယ်ဆိုတာ ရုပ်ဆိုးပန်းဆိုးမျိုး၊ ဝိညာဉ်လို အရိပ်အရောင်ဝိုးတဝါးမျိုး၊ အိပ်နေတုန်း ဟိုဆွဲဒီဆွဲမျိုး စသဖြင့် ကျွန်တော်ကြားဖူးတယ်။ သရဲကားတွေထဲကလိုမျိုး ဖြစ်မယ်လို့လည်း ထင်မိတယ်။ တကယ်တမ်း သရဲခြောက်တာ ကျွန်တော် ကြုံရတဲ့အခါ သရဲခြောက်တာ အစစ် ဟုတ်၊ မဟုတ် ခုထိ မဝေခွဲတတ်ပါဘူး။
မြို့လယ်အထင်ကရရှေးအဆောက်အဦးကြီးရဲ့ အပေါ်ထပ်က သရဲခြောက်ပုံ
ကျွန်တော် ငယ်ငယ်က အသံလွှင့်စကားပြောသူ (Radio Announcer) တစ်ဦး လုပ်ခဲ့ပါတယ်။ အဲ့ဒီအချိန်က ကျွန်တော်လုပ်တဲ့ အသံလွှင့်ဌာနမှာ အခုနောက်ပိုင်းနှစ်တွေလို Live လွှင့်တာ မရှိပါဘူး။ ရှားရှားပါးပါး ဗယ်လင်တိုင်းမ်ည နဲ့ နှစ်သစ်ကူးည နှစ်ညပဲ တိုက်ရိုက်အသံလွှင့်ခဲ့ပါတယ်။ ဗယ်လင်တိုင်းမ်ညကတော့ ပုံမှန်ထုတ်လွှင့်ချိန်အတိုင်းဆိုတော့ သိပ်မထူးဘူး။ ထူးတာက နှစ်သစ်ကူးညပါ။ သရဲအရမ်းခြောက်တယ်လို့ နာမည်ကြီးတဲ့ စတူဒီယိုအခန်း။ မျက်နှာဖြူလူကောင်ကြီးကြီးတွေ ဗီဒိုထဲ ဝင်ထွက်နေတာကို အရှင်လတ်လတ် မြင်ခဲ့သူတွေများတယ်ဆိုတဲ့ အခန်းကို သရဲမခြောက်ခံဘူးတဲ့ ကောင်လေးတစ်ယောက် ညဘက် တိုက်ရိုက်အသံလွှင့်ဖို့အတွက် ရောက်သွားတယ်။ မီးကို နေရာအနှံ့မထွန်းထားဘဲ စတူဒီယိုအပြင်ဘက်က လှေကားတစ်ခွင်နဲ့ လေ ျှာက်လှမ်းက မှောင်နေတယ်။ အထဲမှာ ဆူလို့ လူကြီးကို သတင်းပို့ဖို့အတွက် ကျွန်တော်က မှောင်တဲ့ လှေကားဘက်အပြင်ကို ထွက်လိုက်တယ်။ အသံလွှင့်စတူဒီယိုမို့ မှန်ချပ်တွေနဲ့ပဲ တံခါးနဲ့ နံရံတွေကို အလှဆင်ထားပေမဲ့ စတစ်ကာအမည်းကပ်ထားတော့ အလင်းက အပြင်ကို နည်းနည်းပဲထွက်တယ်။ အလုပ်ကိုပဲ အာရုံစိုက်ရင်း လူကြီးဆီ သတင်းပို့ ဖုန်းပြောနေတော့ နောက်ဘက်က မှန်တံခါးတွေရယ်၊ မှန်နံရံတွေက တဂျိန်းဂျိန်း အသံမြည်ပြီး လှုပ်နေတာ မသိလိုက်ဘူး။ အသံတော့ သဲ့သဲ့ကြားတယ်။ ခြောက်တဲ့ သရဲပဲ စိတ်မရှည်တော့တာလား မသိဘူး။ မှန်တံခါးတွေအားလုံးက ပေါက်ကွဲမတတ် အကျယ်ကြီး မြည်ပြီး လှုပ်လာတော့မှ… ကျွန်တော့်မှာ ဖုန်းထဲက လူကြီးကိုတောင် အားမနာနိုင်တော့ဘဲ၊ ကျွန်တော် သရဲအခြောက်ခံနေရပါပြီဆိုပြီး အထဲကို အရူးလို ပြေးဝင်ခဲ့ရတာ ခုပြန်ပြောရင်းတောင် ကြက်သီးထမိတယ်။

တောင်ကြီးက ဟိုတယ်တစ်ခုက သရဲခြောက်ပုံဆန်း
ဒုတိယတစ်ခေါက် သရဲခြောက်တယ်လို့ ထင်မိတဲ့အဖြစ်အပျက်က တောင်ကြီးက သရဲအရမ်းခြောက်တယ်ဆိုတဲ့ ဟိုတယ်မှာ ကြုံခဲ့တာပါ။ အဲ့ဒီတုန်းကတော့ အဲ့ဒီဟိုတယ်ဟာ သရဲခြောက်မှန်း ကျွန်တော် မသိခဲ့ဘူး။ INGO ဝန်ထမ်း ဖြစ်နေတဲ့ ကျွန်တော်က ရုံးနဲ့လည်း နီးပြီး ရုံးက ချမှတ်ထားတဲ့ ခွင့်ပြုပမာဏနဲ့လည်း ကိုက်ညီတဲ့ ဒီဟိုတယ်မှာ အမြဲလိုလို တည်းဖြစ်တယ်။ သရဲအကြောင်း မသိခင်အထိပေါ့။ ရှေ့တစ်ခေါက် တည်းတုန်းက ဘာမှ မဖြစ်သလိုဘဲ။ ဒီတစ်ခေါက်မှာတော့ ပထမဆုံးညမှာ ကျွန်တော့်အပေါ်ထပ်က ပြေးလွှားသံတွေ ကြားတယ်။ လှေကားကို အရေးကြီးကိစ္စပေါ်လို့ ပြေးလွှားဆင်းပြေးသလိုမျိုး အသံတွေကြားတယ်။ ပြီးတော့ ကျွန်တော့် အိပ်ရာနဲ့ ကပ်လျက်က မှန်ပြတင်းတံခါးနဲ့ ခန်းပြည့်မှန်နံရံကို တစ်ခုခုနဲ့ ဘုတ်ခနဲ လာလာထိသံကြားတယ်။ ရေကို ပုံးလိုက်ကြီး လောင်းချသံတွေကြားတော့ မီးလောင်တာလားဆိုပြီး လန့်သွားတယ်။ ဒါပေမဲ့ အခြေအနေက အေးဆေးပဲမို့ ပြန်အိပ်ပျော်သွားတယ်။ နောက်ရက် မနက်စာ စားရင်း ဝန်ထမ်းတွေကို မေးကြည့်တယ်။ တစ်ယောက်ယောက် အရေးပေါ်အခြေအနေ ဖြစ်သွားလို့လားဆိုတော့ အားလုံးက ဘာမှမဖြစ်ဘူး အေးဆေးပဲလို့ပဲ ဖြေကြတယ်။ စိတ်ထင်တာနေမှာပါပဲ တွေးလိုက်တယ်။ အဲ့ဒီမနက်က ထတာနောက်ကျလို့ မနက်စာခန်းမှာ ကျွန်တော်ပဲ ဧည့်သည်ကျန်တယ်။ ကျွန်တော့်အခန်းက မနက်စာအထပ်ရဲ့ အောက်ဘက် နှစ်ထပ်လောက်မှာ ရှိတာပါ။ စားပြီးတာနဲ့ အခန်းပြန်ဝင်ဖို့ ဆင်းလာတယ်။ တစ်ယောက်တည်းပဲ၊ သေချာတယ်။ အခန်းသော့ကို လှည့်ဖွင့်တယ်။ တံခါးကို လှည့်ဖွင့်ရင်းက လူကို နောက်တစ်လှမ်း ဆုတ်လိုက်ချိန်မှာ ကျွန်တော်နောက်တည့်တည့်မှာ ခြေသံမကြား ဘာမကြား အသံတိတ်ရပ်နေတဲ့ နဖူးပြောင်ပြောင်နဲ့ တရုတ်ကြီးတစ်ယောက် ရှိနေပြီး သူ့ခြေထောက်ကို နင်းမိသွားတယ်။ ကျွန်တော်က မနက်ခင်းလည်း ဖြစ်တော့ အတော် ဒေါသထွက်သွားတယ်။ ဘာလို့ လန့်အောင်လုပ်တာလဲ ဆိုပြီး သူ့ကို ပြောလိုက်တယ်။ သူက ကျွန်တော့်ကို ဂရုမစိုက်ဘူး။ ကျွန်တော့်ကို ကျော်ပြီး ကျွန်တော့်အခန်းထဲကို အတင်းဝင်ဖို့လုပ်တယ်။ အဲ့ဒီအချိန်မှာ အခန်းထဲကို ကြည့်ပြီး မျက်နှာတစ်ချက် ပျက်သွားတယ်။ “ဟာ မှားသွားတယ် မှားသွားတယ်” ဆိုပြီး နောက်ဆုတ်သွားတယ်။ ကျွန်တော်လည်း အဲ့ဒီလူက ဘယ်အခန်းကလည်း ကျွန်တော့်အရှေ့ခန်းကများလားဆိုပြီး လှည့်လည်း ကြည့်ရော အဲ့ဒီလူ လုံးဝ ပျောက်သွားတယ်။ ကျွန်တော် အဲ့ဒီကျမှ လန့်သွားတာ။ အဲ့လောက်မြန်မြန် လှေကား ဆင်းတက် လုပ်ဖို့လည်း မလွယ်သလို၊ အသံလည်းမကြားဘူး။ ယောကျ်ားချင်း လာ Crush နေပုံလည်း သူ့ပုံက မပေါက်ပါဘူး။ အဲ့ဒီနောက်ပိုင်းတော့ ကျွန်တော် အဲ့ဒီဟိုတယ်မှာ မတည်းဖြစ်တော့ဘူး။

မိတ်ဆွေတွေရဲ့ ဟိုတယ်သရဲ ဆုံကြပုံများ
ကျွန်တော်က ဘုရားကျေးဇူးတော်နဲ့ သရဲ ခြောက်ခံရတာ ဆိုးဆိုးရွားရွား မရှိခဲ့သလို၊ သရဲခြောက်ခံရတာလား ဘာလားတောင် မသေချာတာမျိုးများတယ်။ ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေတချို့ရဲ့ ဟိုတယ်သရဲ အတွေ့အကြုံတွေကမှ ပိုလန့်စရာ ဖြစ်နေတယ်။ ပြန်ပြီးဝေမ ျှပါရစေဦး။
ဘန်ကောက်ဟိုတယ်တိုင်းက သရဲ ရှိနေတာလား
ကျွန်တော် ဘန်ကောက်ကို ကြိမ်ဖန်များစွာ ရောက်ဖူးတယ်။ အထူးသဖြင့် နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လုပ်တုန်းက ရုံးချုပ်က ဘန်ကောက်မှာ ဖြစ်နေတော့ ခဏခဏ သွားရတော့တာပေါ့။ ကျွန်တော်တို့ကို ရုံးနားက နာမည်ကြီးဟိုတယ် တစ်ခုမှာ အမြဲထားတယ်။ ဟိုတယ်က သိပ်ကောင်း သိပ်ခမ်းနားပါတယ်။ အခန်းတွေကလည်း ကျွန်တော်လုပ်တဲ့ ကုမ္ပဏီနဲ့ သဘောတူချက်ယူထားတော့ မိသားစုခန်းလိုမျိုးကို ဈေးချိုချိုနဲ့ ကျွန်တော်တို့တွေ တည်းခွင့်ရတယ်။ ဧည့်ခန်း၊ ထမင်းစားခန်း၊ အိပ်ခန်း၊ ရေချိုးခန်း ကျယ်ကျယ်ပါတဲ့ အဲ့ဒီအခန်းနံပါတ် 7007 ဆိုတာကို ကျွန်တော် သိပ်သဘောကျတာ။ ကျွန်တော်တည်းခဲ့သမ ျှ တခါမှ သရဲမခြောက်ခံခဲ့ရဘူးတဲ့ အဲ့ဒီအခန်းမှာ ကျွန်တော့်အထက်အရာရှိတစ်ဦး တည်းတော့ ညဘက်မှာ ဝတ်ရုံဖြူနဲ့အမျိုးသမီးတစ်ဦး ဧည့်ခန်းထဲ ဟိုဒီ သွားလာနေတာကို သူအိပ်နေရင်းက ဖြတ်ခနဲနိုးပြီး တွေ့လိုက်ရတယ်တဲ့။ သူက မကြောက်တတ်သူမို့ အိပ်မရတဲ့အတူတူဆိုပြီး မီးတွေထဖွင့်လို့ ကွန်ပျူတာဖွင့်ပြီး အလုပ်တွေ လုပ်နေခဲ့လိုက်တယ်ဆိုပဲ။
အဲ့ဒီဟိုတယ်မှာပဲဗျ။ နောက်ထပ် လုပ်ဖော်ကိုင်ဖက် မိတ်ဆွေအကိုတစ်ဦးက သူနေတဲ့အခန်းမှာ သေးစော်နံလို့ဆိုပြီး ဟိုတယ်ကို Complaint တက်ပါတယ်။ နောက်ဆုံးဟိုတယ်က တစ်ခန်းထဲမှာ အိပ်ခန်း နှစ်ခန်း၊ ရေချိုးခန်း နှစ်ခန်း ပါတဲ့ အခန်းတစ်ခုနဲ့ အစားထိုးပေးလိုက်တယ်။ အဲ့ဒီမှာတင် ဇာတ်လမ်းစပါရောလား။ ဒီဘက် Master Bedroom မှာ အိပ်ပြီဆို ဟိုဘက် အခန်းသေးထဲက ကလေးတွေခုန်ပေါက်ကစားနေသလို ဆူညံသံတွေ ဆက်တိုက်ထွက်လာတယ်။ ဒါနဲ့ အိပ်မရလို့ အဲ့ဒီဘက် ခန်းထဲ သွားဝင်အိပ်ပြန်တော့ ဒီဘက် Master Bedroom ထဲက ဆူညံပြန်ရော။ ရေချိုးခန်းတွေကလည်း ဟိုဘက်အခန်းက ရေကျလိုက်၊ ဒီဘက်အခန်းက ရေကျလိုက်နဲ့ အတော်လေး ဒုက္ခများသွားတယ်။ အဲ့ဒီအကိုက တကယ်မကြောက်တတ်လွန်းလို့သာ တော်တော့တယ်။ ကျွန်တော်သာဆို ရူးများသွားမလားဘဲ။
နောက်ထပ် ဘန်ကောက်က ဟိုတယ်တစ်ခုမှာတော့ နှစ်ယောက်ကုတင်မှာ နှစ်ယောက်အတူ အိပ်နေကြတဲ့ ကောင်မလေးနှစ်ယောက်မှာ ဒီဘက် နံရံဘက်ခြမ်းမှာ အိပ်တဲ့ ကောင်မလေးက အိပ်ရာနဲ့ နံရံနဲ့ကြား နည်းနည်းခွာထားတဲ့ နေရာအလွတ်မှာ ကလေးအရွယ် မိန်းကလေး တစ်ဦး ထိုင်ကြည့်နေတာကို မျက်စိအဖွင့်မှာ တွေ့လိုက်ရလို့ ချက်ချင်းအခန်းပြောင်းယူရဖူးတယ်တဲ့။
တောင်ကြီးက ဟိုတယ်သရဲ
အဲ့ဒီဟိုတယ်က ဘယ်မှာရှိသလဲ ကျွန်တော် သေချာမသိဘူး။ တောင်ကြီးမှာတော့ သေချာတယ်။ ကျွန်တော့်မိတ်ဆွေက အရောင်းစာရေးအနေနဲ့ နယ်တွေကို ခရီးထွက်ရတာ၊ ဒီတစ်ခါက တောင်ကြီး တက်ရတယ်။ အဲ့ဒီရက်က ပွဲတော်ရက်လိုမို့ ဟိုတယ်ခန်းတွေ မရသလောက်ဘဲ။ ရတဲ့ဟိုတယ်အခန်းကိုပဲ ယူလိုက်ရတယ်။ အခန်းထဲ ဝင်တာနဲ့ အတော်လေး မသိုးမသန့် ခံစားလိုက်ရတယ်။ ရောက်ရောက်ချင်း မောလို့ဆိုပြီး အိပ်ရာပေါ် ပက်လက်ပစ်လှဲလိုက်ချိန်မှာ မှေးခနဲ အိပ်ပျော်သွားပြီး သူ့အိပ်ရာအပေါ်တည့်တည့်က မျက်နှာကျက်မှာ ပုံဆိုးပန်းဆိုးနဲ့ သူ့ကို ဖမ်းဆုပ်တော့မလို ပေါ်လာတယ်။ သူကြိုးစားလှုပ်လည်း မရဘူး။ အတင်း လှုပ်ပြီးထတော့မှ သူ နိုးလာတယ်။ အဲ့ဒီမှာ စိတ်ထဲ လုံးဝ မသန့်တော့လို့ ရန်ကုန်ကို အားချင်း ပြန်ဆင်းတယ်။ အိမ်လည်းရောက်ရော သူ့အချစ်ဆုံးခွေးလေးက ထွက်မကြိုလို့ လိုက်ရှာတော့မှ ခြံထဲက ခြုံလေးထဲမှာ သေနေတာကို တွေ့လိုက်ရတယ်။ သူကတော့ ဒါဟာ သူ့ကိုယ်စား အသေခံပေးသွားရှာတာလို့ ခုထိ ယုံကြည်နေတုန်းပဲ။
ကျွန်တော် တည်းခဲ့တဲ့ ဟိုတယ်မှာပဲ တောင်ကြီးသြင်္ကန်မှာ သီချင်းသွားဆိုကြတဲ့ မင်းသမီးတွေ၊ အဆိုတော်မမတွေ ကြုံခဲ့တာကတော့ ကျွတ်ဆင်ပါ။ အဲ့ဒီဟိုတယ်ရဲ့ ထိပ်ဆုံးဘက်က အခန်းတွေက အတော်လေး ရှုခင်းကောင်းတယ်။ တောင်ကြီးရဲ့ လမ်းလေးတွေနဲ့ အဆောက်အဦးတွေကို မြင်ရတယ်။ အထပ်တိုင်းမှာ အဲ့ဒီထိပ်ဆုံးအခန်းရှိတယ်။ တစ်ထပ်က အခန်းကိုတော့ ပိတ်ထားလေ့ရှိတယ်ကြားတယ်။ အဲ့ဒီတုန်းက သီချင်းသွားဆိုတဲ့အဖွဲ့က မိန်းကလေးတွေချည်း တစ်ခန်းထဲ စု စကားပြောနေတာ ၅ - ၆ ယောက်လောက် ရှိတယ်တဲ့။ အဲ့ဒီအချိန်မှာ နံရံကနေ ဆံပင်ရှည်ရှည် မိန်းကလေးတစ်ယောက် ထွက်လာတာကို သေချာ မြင်လိုက်ရတယ်။ အဲ့ဒီအပြင် အဲ့ဒီမိန်းကလေးက မျက်နှာမှာ မျက်လုံး၊ နှာခေါင်း၊ ပါးစပ် ဘာမှ မပါဘဲ ပြောင်ချောကြီးနဲ့မို့ အားလုံးက လန့်အော် ပြေးကြရတဲ့အထိပါပဲ။
အဲ့ဒီဟိုတယ်မှာပဲ INGO တုန်းက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေနှစ်ဦး က တစ်ခန်းတည်း အတူ အိပ်ကြတယ်။ အဲ့ဒီအချိန်မှာ တစ်ယောက်ရဲ့ ကုတင်အောက်မှာ မိန်းမတစ်ယောက်က နောက်ကျောပေးပြီး လာလာထိုင်တယ်တဲ့။ အဲ့ဒါကို ကန်ထုတ်တယ်။ မရဘူး။ ပိုကပ်လာလို့ဆိုပြီး လက်သီးနဲ့ ဆွဲထိုးတော့ လက်ကို ချုပ်ထားတယ်။ သူ သတိဝင်လာချိန်မှာ သူ ထ ထိုးနေတာ ဘေးကုတင်က နောက်ထပ်မိတ်ဆွေတစ်ဦးကို ဖြစ်နေတယ်။
မိတ္ထီလာကန်ဝယ် သရဲကောက်ခဲ့ပါ့ကွယ်
ကျွန်တော့်ရဲ့ အရင်းနှီးဆုံး မိတ်ဆွေဆီက ပြန်ကြားခဲ့ရလို့ အဲ့ဒီဟိုတယ်မှာ မိတ္ထီလာရောက်တော့ မတည်းရဲခဲ့ဘူး။ တကယ့်ကို လှတဲ့ ဟိုတယ်ပါ။ အဲ့ဒီတစ်ခေါက်ကတော့ အဲ့ဒီက ကန်ဘက်ကို လှည့်ထားတဲ့ အခန်းတစ်ခုမှာ တည်းတဲ့ ညီမလေးတစ်ဦးက ညဘက် တစ်ယောက်တည်း တီဗီလေးကြည့်ရင်း စောစော အိပ်ရာဝင်ဖို့ ပြင်ဆင်နေပါတယ်။ အဲ့ဒီအချိန်မှာ တံခါး ခေါက်သံ ကြားလို့ သွားထဖွင့်တယ်။ အဲ့မှာတင် တစ်ခုခုက သူ့ကို ဖြတ်ပြီး တိုးဝင်သွားတာကို လေဖြတ်တိုက်သလိုခံစားမှုမျိုးနဲ့ အေးခနဲ ခံစားလိုက်ရတယ်။ ဘယ်သူမှလည်း အပြင်မှာ ရှိမနေဘူး။ အတူပါလာတဲ့ အခြားအခန်းက သူငယ်ချင်း တစ်ယောက်ယောက် နောက်နေတာလို့ပဲ ထင်နေတယ်။ အခန်းတံခါးကို ပြန်ပိတ်ပြီး အိပ်ဖို့ လုပ်တော့ သူ့ဘေးမှာ တစ်ယောက်ယောက်က စွေ့ခနဲ ဝင်အိပ်လိုက်တဲ့ ခံစားချက် ရလိုက်တော့ ချက်ချင်း ငုတ်တုတ် ထ ထိုင်မိသွားတယ်။ အဲ့ဒီမှာ သူသတိထားမိသွားတာက တီဗီလိုင်းက သူ ဖွင့်ထားတဲ့ လိုင်း မဟုတ်တော့ဘဲ Fashion TV လိုင်း ဖြစ်နေတယ်။ အဲ့ဒါနဲ့ Remote ယူပြီး လိုင်းပြန်ပြောင်းတယ်။ သိပ်မကြာဘူး အဲ့ဒီ Fashion TV လိုင်း ပြန်ပြောင်းသွားပြန်တယ်။ ၃ ခါလောက် ဖြစ်လာတော့ သူ လုံးဝ သိလိုက်ပြီး အဲ့ဒီအခန်းမှာ မအိပ်ရဲတော့ဘဲ အခြားအခန်းပြောင်းအိပ်လိုက်ရတယ်တဲ့။ သူတို့ တည်းတဲ့ တောက်လေ ျှာက်တော့ ညတိုင်း အခန်းတံခါးလိုက်ခေါက်သံ ကြားကြားနေရတယ်ဆိုပဲ။ ကျွန်တော် အဲ့ဒီဟိုတယ်ကို အခန်း လှမ်းမေးရင်း သရဲခြောက်လား လို့ စသလို နောက်သလို မေးဖူးတယ်။ ရုတ်တရက် ဟိုဘက်က ဖုန်းဖြေတဲ့ မိန်းကလေး ခဏတိတ်သွားပြီး အဲ့ဒါတွေ မရှိတော့ပါဘူး ဆိုတဲ့ စကားကြောင့် ကျွန်တော် တော်တော်ရီချင်သွားမိတယ်။
ချောင်းသာ က ဟိုတယ်သရဲ ခြေသံ
ချောင်းသာ မှာ ကြုံရတဲ့ ဟိုတယ်သရဲ ကတော့ အုပ်စုလိုက်ကို မဖြုံတဲ့သဘောပဲ။ ကျွန်တော်တို့ ယောကျ်ားလေးတွေချည်း ၆ ယောက်လောက် စုသွား စုနေတဲ့ အဲ့ဒီ ဘန်ဂလိုအခန်းမှာ ညဘက် ကို ခြေသံကြားရသလိုလို၊ တံခါးလာဖွင့်သလိုလို အမြဲ ရှိနေတယ်။ အခန်းထဲမှာလည်း လေ ျှာက်သွားနေတာကို ခံစားရတယ်။ ဒါပေမဲ့ ကုတင်ပေါ်နေတဲ့ ကျွန်တော်တို့က မခံစားရဘဲ၊ ကြမ်းပြင်ပေါ် Extra ထိုးအိပ်တဲ့ သူငယ်ချင်းက ကောင်းကောင်း သိနေခဲ့တယ်လေ။
ပုဂံမှာရော ဟိုတယ်သရဲမရှိဘူးထင်လို့လား
ဘုရားပုထိုးတွေ ပေါတဲ့ ပုဂံမှာလည်း ဟိုတယ်တချို့က သရဲခြောက်တဲ့ဟိုတယ်အဖြစ် နာမည်ကြီးပါတယ်။ ကျွန်တော့် မိန်းကလေးမိတ်ဆွေတစ်ဦးတည်းခိုခဲ့တဲ့ ဟိုတယ်မှာ ညဘက် သူမ ရုတ်တရက်ကြီး နိုးလာချိန် ပြတင်းပေါက်က ဖြာကျနေတဲ့ လရောင်ကနေ အခန်းထောင့်နားက ပုဂံခေတ် စစ်သူကြီး ဝတ်စုံ ပြောင်ပြောင်လက်လက်တွေနဲ့ အမျိုးသားတစ်ယောက် အခန်းထောင့်မှာ ရပ်နေတာကို ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတယ်။ သူမ အော်ဖို့ ကြိုးစားပေမဲ့ လုံးဝ အသံမထွက်ဘူး။ အဲ့ဒီအချိန်မှာ အဲ့ဒီ စစ်သူကြီးပုံနဲ့ အမျိုးသားဟာ အငွေ့လို တဖြည်းဖြည်း ပျောက်ကွယ်သွားတော့တယ်။
နတ်မတောင်တက်လည်း ဟိုတယ်သရဲ တွေ့နိုင်တယ်
နတ်မတောင်ဆိုရင် အရင်နှစ်တွေက အတော်လေး ခေတ်စားတာ။ အဲ့ဒီက ထင်းရှူးတောတွေနဲ့ ဆက်စပ်နေတဲ့ ရှုခင်းလှလှ ဟိုတယ်တစ်ခုမှာ ဘန်ဂလိုလေးတွေက သေးသေးလေးတွေနဲ့ ချစ်စရာလေးတွေ။ မီးက ည ၇ နာရီလောက်ကနေ ၁၀ နာရီလောက်ထိပဲ စက်မောင်းပေးတယ်။ မနက်ပိုင်းကျ တစ်ခါ ပြန်မောင်းတယ်။ အဲ့ဒီတော့ ည ၁၀ နာရီလောက်ကနေ မနက်အထိက လရောင်အဖော်ပြုရုံပဲ။ အဲ့ဒီဟိုတယ်မှာ ကျွန်တော်လည်း တည်းဖူးတယ်ဗျ။ နှစ်ယောက်ခန်းမှာ တစ်ယောက်တည်း အိပ်ခဲ့ရတော့ ညဘက်မှာ ခြောက်ခြားသလိုလိုပဲ။ ဒါပေမဲ့ မူးအောင်သောက်ထားတော့ တန်းအိပ်ပျော်တယ်။ အဲ့ဒီဟိုတယ်မှာ နာမည်ကြီးတာက ကလေးသရဲ။ ဘိုမလေးလို့ ထင်ရတဲ့ ကလေးမ ငယ်ငယ်လေးတစ်ယောက် အခန်းတံခါးတွေ ခေါက်တတ်တယ်။ ခေါက်ပြီး ထွက်ပြေးတယ်။ ဖွင့်ကြည့်ရင် ချစ်စရာ မိန်းကလေးတစ်ဦး ဂါဝန်လေးနဲ့ ထွက်ပြေးသွားတာကို တွေ့ရတတ်တယ်။ သူ ပြန်လှည့်ကြည့်တတ်တယ်။ တစ်ခါတလေများဆိုရင်တော့ ကိုယ့်အခန်းထဲ ရောက်နေပြီး ကုတင်ပေါ် ခုန်တောင် နေတတ်သေးတယ်တဲ့ဗျား။

ဟိုတယ်သရဲ အကြောင်းကတော့ ပြောမယ်ဆို ပြောမကုန်။ ကျွန်တော်ကိုယ်တိုင် ခရီးတွေ ဒီလောက်သွားပြီး သိပ်မကြုံဖူးခဲ့ပေမဲ့ သူငယ်ချင်း အရင်းခေါက်ခေါက်နဲ့ မိတ်ဆွေတွေဆီက ပြန်ကြားရတာတွေက မနည်းမနော။ ခု ဒီအကြောင်းရေးတင်ရင်လည်း သေချာတယ် စာဖတ်သူတွေထဲမှာလည်း ကိုယ်တွေ့ကြုံခဲ့ရတဲ့ အဖြစ်အပျက်တွေ ရှိနေမယ်။ ရှိရင်လည်း ပြောပြပေးဦး၊ ဖတ်ပြီး ကြောက်ရတာပေါ့။ ခု ကျွန်တော် မှတ်မိသလောက် ဟိုတယ် သရဲတွေအကြောင်း စုစည်း ဖော်ပြပေးလိုက်တယ်။
အပေါ်မှာ ကျွန်တော့် ကိုယ်တွေ့နဲ့ ကျွန်တော့်မိတ်ဆွေရင်းတွေ ပြန်ပြောပြတဲ့ ကိုယ်တွေ့ ခရီးသွားရင်းကြုံရတဲ့ သရဲ အကြောင်းတွေ ဖတ်ပြီးပြီဆိုတော့ ဒီတစ်ခါ ဒီအကြောင်းလေးကို ကျွန်တော့် Page မှာ တင်လိုက်တော့ စာဖတ်သူတွေထဲကနေ အတွေ့အကြုံတွေ လာဝေမျှကြသူတွေ ပြောပြသမျှကိုလည်း ပြန်ပြီး စုစည်းဖော်ပြပေးလိုက်ရပါတယ်။ ဖတ်ပြီး အိပ်ပျော်အောင် အိပ်နော်။
မသန္တာမောင်မောင် ရဲ့ အတွေ့အကြုံ
အမြန်လမ်းစဖွင့်ခါစ နေပြည်တော်က အထွက်မှာ ကြုံခဲ့ရဖူးတယ်။ ည ၁ နာရီဝန်းကျင်လောက်ဖြစ်မယ်။ ညီမက ကားမူးတတ်တဲ့သူဆိုတော့ ကားပေါ်မှာတော်ရုံမအိပ်ဘူး။ အဲ့နေ့က ကားပေါ်ကနေ လှမ်းတွေ့လိုက်တာ ဝတ်စုံအဖြူနဲ့ကောင်မလေးတစ်ယောက် လက်လေးလွှဲပြီး လမ်းလျှောက်နေတာ။ ကားက သူ့ကို ကျော်သွားတယ်။ သိပ်မကြာဘူး ထပ်တွေ့တယ်။ အစက အဲ့နားရွာတစ်ရွာရွာကပဲ နေမှာပါဆိုပြီးတွေးရင်း ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့လည်း မြက်ပင်တွေနဲ့မှောင်နေရောပဲ။ ဒါကတော့ လုံးဝအသေအချာကြီး မြင်ခဲ့ရတဲ့အမှတ်တရပဲ။
ဒေါ်အေးမျိုးဦး ရဲ့ အတွေ့အကြုံ
ရပ်စောက်ဈေးရှေ့က တည်းခိုခန်းမှာ တစ်ခါအခြောက်ခံရဖူးတယ်။ ကိုယ်တစ်ယောက်ထဲ TV ကြည့်နေတဲ့အချိန် ရေချိုးခန်းထဲကရေတွေ ထွက်ကျတဲ့ အသံကြားရတာ။ သွားကြည့်တော့ ရေပိုက်က ပွင့်နေလို့ ပြန်ပိတ်ခဲ့တယ်။ ငါပဲရှိတာ ဘယ်သူလာဖွင့်လဲပေါ့။ ပိတ်ပြီးသိပ်မကြာဘူး ပြန်ပွင့်။ ပိတ်လိုက်ဖွင့်လိုက်နဲ့။ စိတ်ကတိုတော့ ငိုးမသရဲမခြောက်နဲ့ ကြောက်တယ်ဟ လို့ပြောမှ ငြိမ်သွားတာ။ အဲ့ဒါနဲ့ ညဘက်အိပ်တော့ တံခါးလာခေါက်သံကြားရတယ်။ မဖွင့်ကြည့်ရဲလို့ စောင်ခြုံနေနေတုန်း တံခါးပွင့်ပြီး အခန်းထဲဝင်လာတဲ့အသံကို အတိုင်းသားကြားရတယ်။ မျက်စိလုံးဝမဖွင့်ဘဲ ဘုရားစာချည်းဆိုနေလိုက်တာ။ တန်းစီသွားတဲ့ယောကျ်ားပြန်အလာ ဖုန်းဆက်မှ လူကပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။ ဘာအသံမှဆက်မကြားရတော့ဘူး။ မနက်မှ CCTV ကိုပြန်ကြည့်ခိုင်းမှ အဲ့အချိန် ဘယ်သူ့မှ အခန်းရှေ့ကတောင် ဖြတ်မလျှောက်ဘူး။
ကိုမိုးထက် ရဲ့ အတွေ့အကြုံ
ပုဂံမှာအခြောက်ခံရဖူးတယ်။ ဝင်ဝင်ချင်း သော့က အခန်းထဲကျန်ခဲ့ပြီး အပြင်မှာခတ်မိတာ။ နောက်ပြီး ဘေစင်ကြီး ပြုတ်ကြကွဲခဲ့တယ်။ အိပ်တော့ အပြင်က တံခါးခေါက်တာ လမ်းလျှောက်တာတွေကြားရတယ်။ ထူးဆန်းတာက အဲ့ဟိုတယ်ထဲလူတစ်ယောက်မှမရှိတာ။ ဝန်ထမ်းတွေက ပြန်အိပ်တာလို့်ပြောကြတယ်။
မသက်ထက်ဝင်း ရဲ့ အတွေ့အကြုံ
ကလောသွားတုန်းကဆို အခန်းထဲ ကိုယ်တစ်ယောက်ပဲကျန်ခဲ့တာ။ နေ့ခင်းဘက်ကြီး ရေချိုးခန်းထဲမှာ shower gel တွေကို ပစ်ပေါက်ဖြုတ်ချတာ။ ကုတင်ပေါ်ကတောင်မထရဲဘူး။ တရုတ်ဘက်သွားတုန်းကလည်း Suite room ကြီးကို အခန်းထဲဝင်တာနဲ့ စိတ်က မသိုးမသန့်ကြီးဖြစ်တာ။ ညရောက်တော့ ကိုယ်အိပ်နေတာကို တစ်ယောက်က စိုက်ကြည့်နေသလိုချည်း ဖြစ်နေလို့ ပဌာန်းထဖွင့်ထားရတယ်။ အခန်းထဲဝင်ခါနီးရင် Bell တီးပီး နေဖို့ ခွင့်တောင်းရတယ်လို့တော့ ကြားဖူးတယ်။
မဖြူနွယ်နွယ်ထွန်း ရဲ့ အတွေ့အကြုံ
ခြောက်ခံရဖူးတယ်။ တနေကုန်နေပူထဲ ရိုက်ကူးရေးလုပ်ထားလို့ ရေချိုးပြီး ဆေးသောက်အိပ်လိုက်တာ။ အိပ်ယာပေါ်ကနေ အောက်မှာစောင်ခြုံလျှက်လေး ပြုတ်ကျနေတာ။ ကိုယ့်ဘာသာကိုယ်တောင် အံ့သြတယ်။ တကယ်သာပြုတ်ကျရင် သိနေရမှာလေ။ နောက်တခါ အဝတ်ဘီဒိုထဲမှာ ချိတ်ထားတဲ့အင်္ကျီက ဘီရိုအပြင်ဖက် လွှင့်ပစ်ထားသလို တွေ့ရတာမျိုးလည်း တစ်ခါဖြစ်ဖူးတယ်။ ပြဿနာက ဟိုတယ်ဆို လုံးဝ အိပ်မရတာ (မဖြစ်မနေကလွဲရင် ညမအိပ်ဘဲ ပြန်ခဲ့တာများတယ်။ ကားပေါ် ရထားပေါ်ပဲ အိပ်ပစ်လိုက်တော့တာ) အမြဲလိုပဲ။ TV channel တွေ သူ့အလိုလိုပြောင်းတာကျ အောက်က reception ကနေ ပြောင်းနေတယ်ပဲ ထင်နေတာ ခုမှ ကြောက်ရမှန်းသိတော့တယ်။
မစုနန္ဒာဝင်းမောင် ရဲ့ အတွေ့အကြုံ
ကိုယ်လည်း မိထ္ထီလာကန်နားက ဟိုတယ်ပဲ။ အလုပ်ကိစ္စနဲ့သွားတာ သုံးယောက်မိန်းကလေးချည်းပဲ။ ယူတာကတော့ ထောင့်စွန်းခန်း ကန်နဲ့လမ်းတော့ မြင်နေရတယ်။ ကိုယ်က အိပ်တာများကျိုးလို့။ ဘေးက အစ်မ က စုရည်းစားနဲ့ ph ပြောတာမပြီးတော့ဘူးလားတဲ့။ ကိုယ်လည်း အိပ်ချင်မူးတူးနဲ့ ဘာမှမပြောတော့ဘူး။ မနက်ကျထပ်ပြောတော့ ညက ရည်းစားနဲ့လည်း ph မပြောပါဘူး။ အစောကြီးအိပ်ပျော်သွားတာလို့။ သူကလည်း မရဘူး အခိုင်အမာပဲ။ ညက တိုးတိုးတိုးနဲ့ပြောနေပါတယ် တဲ့။
မမေသဉ္ဖာ ရဲ့ အတွေ့အကြုံ
ပုဂံက ဟိုတယ်တစ်ခုမှာ ညဘက် အိပ်ဖို့ပြင်နေတုန်း ရေချိုးခန်းတံခါးက ဝုန်းခနဲအကျယ်ကြီးမြည်ပြီး ပိတ်သွားတာ။ လေတိုးရအောင်လည်း ညဘက်မို့တံခါးတွေအကုန် သေချာပိတ်ထားတာလေ။
သူမ ရဲ့ အတွေ့အကြုံ
ခရီးထွက်ရင် သေချာခြောက်ခံရတာတော့မရှိပါဘူး။ ဒါပေမဲ့ အခန်းထဲဝင်လိုက်ရင် စိတ်ထဲရှင်းလင်းနေသလိုဖြစ်ပြီး မကြောက်ပဲဖြစ်နေရင် မရှိဘဲ။ တချို့ကကျ စိတ်ထဲကကို ကြောက်နေတာ မသိုးမသန့်ဖြစ်တာတော့ ကြုံဖူးပါတယ်။ ချောင်းသာက နာမည်ကြီး ဟိုတယ်တစ်ခုက garden view အခန်းမှာ ညဘက်ကြီး ရေချိုးခန်းထဲက ရေသံတွေကြားရတာရယ်၊ မီးသေချာပိတ်အိပ်တာကို မီးပြန်ပွင့်နေတာရယ် တော့ကြုံဖူးတယ်။ အဲ့ဟိုတယ်ပဲ seaview တည်းဖြစ်တော့ အခန်းထဲဝင်တာနဲ့ စိတ်တမျိုးဖြစ်သလို ရေချိုးခန်းထဲလည်း အပြင်မှာစောင့်မနေရင်မသွားရဲတာမျိုးဖြစ်တယ်။ အခန်းပြင်ဘက်မှန်ကာထားတာမို့ အကုန်မြင်နေရတာတောင် အမျိုးသားက အဲ့အပြင်ဘက်မှာ ဂစ်တာတီးနေတာကို ကိုယ်က အိပ်ခန်းထဲမှာ ကြောက်သလိုဖြစ်နေတာ ထူးဆန်းတယ်။ တချို့ဟိုတယ်ကျ အမျိုးသား အပြင်ထွက် မုန့်ဝယ် ဘာညာတောင် မကြောက်မိဘူး။
ကိုထွန်းသက်ဦး ရဲ့ အတွေ့အကြုံ
မန္တလေးက ဟိုတယ်တစ်ခုမှာ သူငယ်ချင်းတစ်ယောက်ကြုံတာက အပေါ်ထပ်က ဝုန်းဒုန်းကြဲတဲ့အသံတွေကြားလို့ Reception ကိုအကြောင်းကြားပြီးကြည့်ခိုင်းတော့ တက်ကြည့်ပြီး ဘာမှမရှိကြောင်း လာပြန်ပြောတယ်တဲ့။ ရေချိုးမလို့ HDD နဲ့ဖွင့်ထားတဲ့ TV ကို pause လုပ်ပြီး ရေချိုးခန်းထဲဝင်တော့ ပြန်ပြန်ပွင့်လာတယ်။ ၂ ခါတိတိ ပြန်ထွက်ထွက်ပြီး pause လုပ်တာ။
မဝါဆို ရဲ့ အတွေ့အကြုံ
Burmugrad hospital နားက hotel မယ် air con ကိုသူကပိတ်တယ် ကိုယ်တွေကဖွင့်တယ် ညဆိုအာ့ဇာတ်လမ်းစတာပဲ။ အင်္ကျီက ဖလံနည်အကွက်ညိုစင်းလေးနဲ့ အညာဘက်ကလိုမျိုး ပိန်ပိန်သွယ်သွယိ အဒေါ်ကြီးတစ်ယောက် သူ့ကချမ်းနေပုံရတယ်။ အဲ့လို။ နောက်တခုက ပဲခူးက အဲ့ဒါကတော့ အကြမ်းကြီး ကိုယ်တွေတောင်ကံကောင်းလို့ မသေတာ။
မသွဲ့ ရဲ့ အတွေ့အကြုံ
လတ်တလောသွားထားတဲ့ ဘားအံခရီးမှာ နာမည်ကြီးဟိုတယ်တစ်ခုပဲ။ အစကတည်းက အဲ့ဟိုတယ်ရဲ့ဘေးဆုံးအခန်းက ခြောက်တယ်လို့ ကြားဖူးထားတာ (ကိုယ်တွေကထင်လိုက်တာက ဘန်ဂလိုလို့ထင်လိုက်မိတာ မှားသွားတာပဲ)။ Booking ကြိုမတင်ထားဘဲ၊ ညဖက်ရောက်ပြီး ရတဲ့အခန်းယူရတော့ ၂ ထပ်ဆောင်ရဲ့ဘေးဆုံးခန်း အပေါ်ထပ် အောက်ထပ် ၂ ခန်းလုံး ဘေးဆုံးခန်းရတာ။ အခန်းရှေ့ရောက်တော့ သူငယ်ချင်းနဲ့ တစ်ယောက်နဲ့တစ်ယောက် ပြောကြသေးတာ ဟဲ့ ဘေးဆုံးခန်းကြီးနော် ငါတို့ကြားထားတာလည်း ဘေးဆုံးခန်းနော်။ ဒါပေမယ့် ဘန်ဂလိုမလား ဘာညာပြောကြပြီး အိပ်ကြတာ။ ကိုယ်က အစတည်းက တစ်ညလုံး မအိပ်တတ်တဲ့လူ။
တူတူအိပ်တဲ့ သူငယ်ချင်းရော အစ်မရောက အိပ်ပျော်နေကြပြီ။ ကိုယ်လည်း မနက်ကျ လည်ရမှာနဲ့စောအိပ်မယ်လေ ဆိုပြီး ၁၂ ကျော်လောက်က စပြီးအိပ်တာ။ အိပ်ပျော်တာလို မပျော်တာလိုနဲ့ ပထမဆုံး ကိုယ့်ကုတင်ဘေး လူတွေလာရပ်ပြီး ကိုယ့်ကို ငုံ့ကြည့်နေတယ်ခံစားရတာ။ နောက်ကျ အိပ်မက်လိုလိုနဲ့ ကောင်မလေးတစ်ယောက်က သူ့အတွက်ဖဲပြားလေးလုပ်ပေးပါဆိုပြီး ကိုယ့်ကိုလာပြောတယ် (ကျွန်တော်က handmadeတွေ လုပ်ပါတယ်)။ အဲ့တော့ စိတ်ထဲမှာ သြော် ငါအလုပ်မလုပ်ဖြစ်တဲ့ရက်မို့ စိတ်စွဲတာနေမှာပါလေဆိုပြီး ဆက်အိပ်တာ မရဘူးဆက်မက်တယ်။
သူကပဲ ဒီအောက်မှာ သူ့ပစ္စည်းတွေမြှုပ်ထားတယ်။ သူရှိနေတယ်ဆိုပြီး ထပ်လာပြောတယ်။ အဲ့ချိန်လူက အစတည်းကမကြောက်တတ်တဲ့အထဲပါတဲ့အပြင် ခရီးသွားတိုင်း အိပ်တဲ့နေရာတိုင်းမှာ အစောင့်တွေရှိသလို ခနခနကြုံရတော့ မကြောက်ဘူးရယ်။ အချိန်ကိုကြည့်တော့ ည ၂ နာရီကျော်နေပြီ။ ဒါပေမယ့် အရမ်းအိပ်ချင်နေပြီလေ။ မနက်ကျလည်း စောစာထပြီး လည်ရမှာဆိုတော့ လက်အုပ်လေးချီပြီး တောင်းပန်ပါတယ်။ အိပ်ပါရစေ။ ကျွန်တော်က မိဘနဲ့ မိသားစုကို အရိုးသားဆုံးရှာဖွေကျွေးနေတဲ့သူပါ။ ဒီစကားမှန်ပါက ဘာအိပ်မက်မှမမက်ပဲ အိပ်ပျော်ပါရစေဆိုပြီး တောင်းပန်အိပ်မှ အိပ်လို့ရတာ။ အိပ်ပျော်တာမှ မိုးတွေ တဝုန်းဝုန်းရွာနေတာတောင် မသိလိုက်တာဘဲ။ မနက်လင်းလို့ အခန်းပတ်လည်ကြည့်မိမှ ကိုယ့်ကုတင်ခေါင်းရင်းတည့်တည့်မှာ ရေတွင်းတခုရှိတယ်။ သူ့ဘေးမှ နတ်ကွန်းလိုလေးတစ်ခုရှိတယ်။ အဲ့ကျမှ သေချာသွားတာ။
နောက်ထပ် ပိုသေချာသွားတာက အပေါ်ထပ် အခန်းမှာအိပ်တဲ့ ညီမလေးတစ်ယောက်က ကိုယ်ပြောပြတာတွေကြားတော့ အစ်မ ဘယ်ချိန်လောက်အိပ်တာလဲတဲ့ ၂ နာရီကျော်လောက်ပဲလို့ ပြောတော့။ သူက ၃ နာရီလောက်က မိုးသံတွေကြားပြီးနိုးလာတာတဲ့ အဲ့မှာ ကောင်မလေးအသံလေးနဲ့ ၃ နာရီပဲရှိသေးတာ စောသေးတယ် ပြန်အိပ်ဆိုပြီး အသံကြားလိုက်တယ်တဲ့။
အဲ့ဒါဆို အောက်ထပ်ကနေ တောင်းပန်လိုက်လို့ အပေါ်ထပ်ရောက်သွားတာနေမယ်လို့ပြောပြီး ရယ်ကြရသေးတယ်။
(ကိုယ်တွေမှာ တောင်နံရံဘေးကရေကူးကန်လှလှကြီးနဲ့.ပုံတွေရိုက်မယ်တွေးထားတာလည်းမရိုက်ဖြစ်ပဲ မြို့ထဲကဟိုတယ်ပြောင်းတည်းခဲ့ရတာ)
မဖြူ ရဲ့ အတွေ့အကြုံ
နေပြည်တော်သွားတုန်းကလေ ဟိုတယ်မှာ ဘန်ဂလိုလေးနဲ့ တည်းခါမှ ရေချိုးခန်းထဲကနေ စကားတွေပြောလိုက် အခန်းတံခါးတွေဆွဲဖွင့်လိုက် တံခါးတွေလာခေါက်လိုက်နဲ့လေနော်။ သတ္တိ ရှိရှိနဲ့ အခန်းနှစ်ခန်းငှါးပီး တစ်ခန်းထဲ လေးယောက်စုအိပ်ခဲ့ရတယ်။ ခြောက်တယ်ဆိုတာလေ မပြောပါနဲ့တော့။ ရေချိုးခန်းကလည်း တစ်ညလုံးရေသံတွေဆိုတာ သရဲကားထဲကအတိုင်းပဲ ကြောက်စရာကောင်းချက်။
ခေတ္တရာသူ ရဲ့ အတွေ့အကြုံ
ကျွန်မတို့မြို့ရဲ့ မြို့လယ်က တည်းခိုခန်း တစ်ခုမှာပေါ့။ သူကဒေါင့်ကျတယ်။ ကျွန်မတို့အိမ်က တည်းခိုခန်းနောက်ဘက်က။ ည ညဆို ခေါင်းမိုးပေါ် ခဲသေးသေးလေးတွေနဲ့ ပစ်ချတယ်။ တစ်ညလုံး ရေတွေကျတယ်။ လာတည်းတဲ့သူတွေ အိမ်သာတက်တာပဲဖြစ်ဖြစ် ရေချိုးတာပဲဖြစ်ဖြစ် အပြင်ကနေ အခန်းကိုဂျက်ချသွားရော။ အထဲက လူက အော်ဟစ်အကူအညီတောင်းတော့ ကျွန်မတို့တွေကကြားရင် မန်နေဂျာသွားပြောရတယ်။ ဘယ်သူမှမရှိဘဲ ဂျက်ချချသွားတာ ခဏခဏပဲ။ တည်းခိုတဲ့သူတွေက ကြောက်တော့ တစ်ညပဲ ထွက်ပြေးကုန်ရော။ ည ညဆို အခန်းတွေရှေ့မှာ လမ်းတွေလျှောက်နေတဲ့ ခြေသံတွေကြားရတယ်ဆိုပဲ။
ခုတော့ အဲ့တည်းခိုခန်းပိတ်လိုက်ပါပြီ။ ရောင်းမယ်ဆိုတာတောင် ဘယ်သူမှ ဝယ်မဲ့သူမရှိဘူး။
မခင်စန္ဒာကျော် ရဲ့ အတွေ့အကြုံ
မော်လမြိုင် သွားလည်တုန်းက ဟိုတယ်ကို ည ၉ နာရီလောက် ရောက်တယ်။ ရေမိုးချိုးပြီး သားမိနှစ်ယောက် အိပ်ခါနီး မနက်ကျရင် ၆ နာရီလောက် ထမယ် သမီးမနိုးရင် အမေနှိုးပေးပါလို့ ပြောမိတာလေးကို မနက် ၃ နာရီအတိမှာ လူကို လာပုတ်ပြီး ထတော့ ၆ နာရီ ထိုးပြီတဲ့။ ကိုယ်လည်း မျက်လုံးဖွင့်ကြည့်တော့ အမေက တစ်ဖက်ကုတင်မှာ အိပ်ပျော်နေတယ်။ ကိုယ်လည်း အူကြောင်ကြောင်ဖြစ်ပြီး ဖုန်းက နာရီ ကောက်ကြည့်တော့ ၃ နာရီပဲရှိသေးတယ်။ ငါ့ဖုန်းများ နာရီမှားနေလို့လား ဆိုပြီး နာရီတွေယူကြည့်တော့လည်း အကုန် ၃ နာရီပဲ။ အဲ့ဒါနဲ့ အမေ့ကို နှိုးပြီး အမေလာနှိုးတာလားမေးတော့ အမေက မနှိုးပါဘူးတဲ့။ ကိုယ့်မှာ အူအူကြောင်နဲ့ မျက်စိတွေကြောင်ကုန်လို့ မနည်းပြန်အိပ်ယူရတယ်။ အတော်နောက်တဲ့ သရဲပါ။
ကိုကောင်းမြတ်ထက် ရဲ့ အတွေ့အကြုံ
ပင်းတယ က ဟိုတယ် တစ်ခုမှာ သရဲအခြောက်ခံရဖူးးပါတယ်။ စစချင်း ရေပိတ်ထားပါလျက် ညနက်လာတာနဲ့ ရေချိုးခန်းထဲ ရေချိုးသံတွေ ကြားရ။ ဘေးကသူငယ်ချင်းက ကုလားသေ ကုလားမောအိပ်။ ပြတင်းပေါက်တံခါးလည်း အခန်းထဲ air con ဖွင့်ထားလို့ ကိုယ်က လိပ်ကာပိတ်လေးတောင် သေချာမှတ်မှတ်ရရထုံးပြီးမှ အိပ်တာ တရေးနိုးလည်းကြည့်ရော အဲ့တံခါး ပွင့်နေတဲ့ အပြင် လေထဲ ညက ကိုယ်သေချာထုံးခဲ့တဲ့ လိုက်ကာက လွင့်နေတာ။
မဇင်ဝတ်ရည်သဲအိမ် ရဲ့ အတွေ့အကြုံ
ကလောသွားတုန်းက ခြောက်ခံရဖူးတယ်။ တည်းတဲ့ဟိုတယ်က ကိုလိုနီခေတ်ထဲကရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ဒုတိယရှေးကျဆုံးဟိုတယ်။ ကြောက်စရာ ရုပ်ဆိုးဆိုးကြီးတော့မတွေ့ခဲ့ဘူး။ သူငယ်ချင်းနဲ့ နှစ်ယောက်ခန်းယူပြီး ညအိပ်တော့ လမ်းလျှောက်နေတဲ့ခြေသံကြောင် နိုးလာတာ အိပ်ရာနဲ့အိမ်သာနဲ့ကို ခေါက်တုံ့ခေါက်ပြန်လျှောက်နေတာ။ မနက်လင်းလို့ သူငယ်ချင်းကိုမေးကြည့်တော့ သူမဟုတ်ဘူးတဲ့။ နောက်ညတွေကျ ခေါင်းမြီးခြုံအိပ်တော့တာပဲ။
မလင်းလက် ရဲ့ အတွေ့အကြုံ
Cousin တွေနဲ့ ကလောသွားတုန်းက ကြုံဖူးတယ်။ ညအိပ်တော့ အခန်းထဲမှာ မိန်းကလေး ၃ ယောက်ပေါ့။ ၂ ယောက်က တစ်ကုတင် ကိုယ်က တစ်ကုတင်။ ခရီးပမ်းလာကြတော့ မနက်လည်း လျှောက်လည်မှာနဲ့ အစော အိပ်ကြတာ။ ညလယ် လောက်ကျ ရေချိုးခန်းထဲကနေ စကားပြောသံလို ကြားတာ။ နာမည် ရွတ်သလိုကြီး။ အသံက လိုဏ်သံ ပေါက်သလို ထွက်လာတာ။ ဟိုနှစ်ယောက်ကို ကြည့်တော့ အိပ်ပျော်နေသလိုပဲ။ ကိုယ်လည်း ကြောက်တာ နဲ့ အတင်း ပြန်အိပ်တာ။ မနက်ကျ မနက်စာ စားရင်း ပြန်ပြောဖြစ်ကြတာ။ အမှန်က အဲ့အချိန် သူတို့လည်း နိုးနေတယ်။ သူတို့ ကြည့်ုပြန်ရင်လည်း ကိုယ်က အိပ်ပျော်နေသလိုဖြစ်နေတာ။ တစ်ယောက်နဲ့ တစ်ယောက် ၅ မိနစ်လောက်ပဲကွာမယ်။ အဲ့ထဲမှာ အစ်မ တစ်ယောက်က ဘုရား တရား တော်တော်လုပ်တယ်။ သူက စိတ်ထဲမှာရှိနေတာ ပိုသိနေတယ်။ သူများတွေထက် ရေချိုးရင် ကြာကြာတောင်မချိုးရဲဘူး။ အဲ့မှာ တည်းခဲ့တဲ့ ၂ ရက်။
မမို့မို့ ရဲ့ အတွေ့အကြုံ
ကလောက ဟိုတယ်တစ်ခုမှာ သူငယ်ချင်းတွေအဖွဲ့လိုက်သွားတုန်းက ခြောက်ခံရဖူးတယ်။ တစ်ခန်းကို သုံးယောက်နေကြတာ။ မိန်းကလေးတွေချည်းဆိုတော့ မအိပ်ခင် အခန်းတစ်ခန်းတည်းစုပြီး ည၁၀နာရီလောက်အထိ မအိပ်သေးဘဲ wine တွေ မူးနေကြတာ။ ပြီးတော့ အချင်းချင်းပြောနေကြတာ မနက်ကို ၅ နာရီထရမှာ စောစောအိပ်ကြစို့ ဆိုပြီး အခန်းခွဲအိပ်ကြတာ။ မနက်လည်းကျရော ၅ နာရီမတ်တင်းလောက်ကို ဟိုဘက်က ညီမလေးတွေအခန်းကို နာမည်ခေါ်ပြီး သွားနိုးတယ်။ ထကြည့်တော့ ဘယ်သူမှမရှိဘူး။ သူတို့က ကိုယ်တွေလာနိုးတယ်ပဲထင်နေကြတာ။ တကယ်တော့ ကိုယ်တွေက အိပ်ကောင်းတုန်း။ အဲ့အချိန်မှာပဲ ကိုယ်က အိပ်မောကျနေရာကနေ စောင်ရဲ့ ထောင့်အစွန်းနဲ့ မျက်နှာကို ဖတ်ခနဲအရိုက်ခံရပြီး နိုးလာတာ။ လန့်ဖြန့်သွားတာပဲ။ ကုတင်ပေါ်လည်း ကိုယ်တစ်ယောက်တည်းအိပ်တာ။ ဟိုဘက်ကုတင်က နှစ်ယောက်ကလည်း အိပ်မောကျနေတာ။ အခုချိန်ထိ အဖြေရှာလို့မရဘူး။ အဲ့တာသရဲခြောက်တာလားမသိဘူး။ ကိုယ်တွေက ငါးနာရီ ထမယ်ပြောလို့ လာနှိုးပေးတာလားမသိဘူး။
မညော်ညော် ရဲ့ အတွေ့အကြုံ
မှတ်မှတ်ရရ တစ်သက်မှာတစ်ခါ ပုပ္ပားက Hotel ခေါ်မလား Motel ခေါ်မလား အဲ့မှာတည်းတုန်းကခြောက်ခံရဖူးတယ်။ ခရီးသွားတာက နယ်ဘက်မှာ ပွဲတစ်ခုရှိလို့ မိန်းကလေးတွေ ရှစ်ယောက်လောက်ရှိမယ်ထင်တယ် စုသွားကြတာပေါ့။ အဲ့ဟိုတယ်ရောက်ရောက်ချင်း ခရီးပန်းတော့ ခဏဆိုပြီး တန်းအိပ်ကြတာပေါ့။ နိုးလာတော့ ပါလာတဲ့အဖွဲ့ထဲက ကောင်မလေး ၃ ယောက်က ထူးဆန်းတဲ့အိပ်မက်မက်တယ်တဲ့။ သူတို့ပြန်ပြောပြတော့လည်း တိုက်ဆိုင်တာလားတော့မသိဘူး အိပ်မက်ကအတူတူပဲ။ အိပ်မက်ထဲမှာ ဆောက်လက်စ တိုက်တစ်ခုပါတယ်။ သားအမိနှစ်ယောက် လက်ချိတ်ထားပြီး ရပ်ကြည့်နေတာတဲ့။ ဘိလက်မြေဖျော်တဲ့စက်တွေလဲပါတယ်တဲ့။ အဲ့လိုပြန်ပြောပြကြတယ်။ ကိုယ်ကလည်း ကိုယ်မမက်တော့ အဲ့အထိထူးဆန်းတယ်လို့ပဲထင်မိတာ။ တခြားဘာမှမတွေးမိသေးဘူး။ ခဏနေတော့ ညနေစောင်း နေဝင်ခါနီးလောက်ကျတော့ ရေချိုးမယ်ဟဲ့ဆိုပြီး ရေချိုးခန်းထဲဝင်လိုက်တယ်။ ရေချိုးခန်းထဲမှာက ရေပိုက်ခေါင်းအောက်မှာ ရေတိုင်ကီတစ်ခုချထားတယ်။ ရေခွက်နဲ့ခပ်ချိုးရမယ်ပေါ့။ အဲ့ရေပိုက်ခေါင်းက ရေသိပ်မလုံတော့ တိုင်ကီထဲကို ရေကတစ်တောက်တောက်ကျနေတာ။ ကိုယ်လဲ ရေချိုးခန်းထဲဝင်ပြီး တံခါးအပိတ် ရေပိုက်ခေါင်းက ရေတွေဝေါကနဲကျလာရော။ စိတ်ထဲတော့ တမျိုးဖြစ်သွားပေမဲ့ ရေပိုက်မလုံလို့လေဆိုပြီးတွေးပြီးတော့ အပြင်မှာ shampoo ကျန်ခဲ့လို့ဆိုပြီး တံခါးအဖွင့် ရေက လုံးဝကျတာရပ်သွားရော။ အဲ့ဒါနဲ့မသင်္ကာလို့ တံခါးပြန်ပိတ်တော့ ရေက ဘုံဘိုင်ကိုဖွင့်လိုက်သလို ဝေါကနဲပြန်ကျလာပြန်ရော။ ကြောက်ကလည်း ကြောက်နေပြီ။ ဒါပေမဲ့သေချာအောင် တံခါးကို ဖွင့်လိုက်ပိတ်လိုက် ၃ခါ ၄ခါလောက်လုပ်ကြည့်တယ်။ အံမယ် သရဲကလည်း ရေပိုက်ကို ဖွင့်လိုက်ပိတ်လိုက်လုပ်နေသလားမသိဘူး။ အကြောက်လွန်ပြီး ရေချိုးခန်းထဲကနေ တချိုးတည်းပြေးတော့တာပဲ။ အခန်းပြောင်းပြီးတောင်မနေရဲတော့လို့ ဟိုတယ်ပါပြောင်းပြေးရတော့တာ။
မချောအိ ရဲ့အတွေ့အကြုံ
နေပြည်တော် က တည်းခိုခန်းတစ်ခုမှာကြုံခဲ့ဖူးတယ်။ မနက်ဖြန်ရေးဖြေစာမေးပွဲရှိလို့ ည ၉ နာရီလောက် စာကျက်နေတုန်းမှာ မျက်နှာကျက်ကို အဆက်မပြတ်ထုနေတဲ့ အသံကြားတယ်။ အခန်းတံခါးဖွင့်ထားရဲ့သားနဲ့ တံခါးပိတ်လိုက်တဲ့အသံတွေလည်းကြားတယ်။ မနက်၂ နာရီလောက် ရေဆွဲချသံတွေကြားတယ်။ ဘေးအခန်းတွေမှာ လူမရှိဘူး။ နောက်ဆုံးမအိပ်ရဲလို့
လမ်းပေါ် ထွက်ထိုင်ခဲ့ရတယ်။
ကိုဇက် ရဲ့ အတွေ့အကြုံ
ကင်ပွန်းစခန်းတောင်ခြေ မှာရှိတဲ့ hotel ဘန်ဂလိုလေးတွေနဲ့။ သိပ်တော့ မမှတ်မိတော့ပါ။ ည ၁၂ နာရီလောက် အိပ်နေတုန်း ခေါင်းရင်းက အုတ်နံရံ အထူကြီးကို ဘုန်းဆို အကျယ်ကြီးလာ ပုတ်လို့ အိပ်နေတဲ့ လူ ၃ ယောက် လုံး ချက်ချင်း လန့်နိုးပြီး ညတွင်းချင်း အခန်း ပြောင်း အိပ်ခဲ့ရတယ်။ Hotel ဝန်ထမ်းတွေ ခေါ်ပြီး ဓာတ်မီးတွေ နဲ့ ထရှာကြည့်တော့လည်း အသံမြည်စရာ ဘာ တစ်ခုမှ မတွေ့ ခဲ့ရဘူး။ သွားခေါ်ပြီး အခန်းပြောင်းခိုင်းတော့လည်း ဘာမှသိပ်မပြောရဘဲ အခန်းပြောင်းပေးလိုက်တယ်။ အမြဲတမ်းခြောက်နေကြလား မသိဘူးဘဲ။
ကိုကျော်စိုးဟန် ရဲ့အတွေ့အကြုံ
BKK က Juldis Tower မှာ တည်းတုန်းက ကြုံတာ အမှတ်အရဆုံးပဲ။ အေးအေးဆေးဆေးနေချင်လို့ ၂ ယောက်ခန်းယူပြီး ၁ ယောက်တည်းနေလိုက်တာ။ နေ့လည်ပိုင်း အခန်းရောက်ရောက်ချင်းတည်းက စိတ်ထဲမှာ တစ်မျိုးကြီး ခံစားနေရတာ။ အဲ့ဒါနဲ့ ကိုယ်လည်း စိတ်ကဖြစ်တာပါဆိုပြီး မေ့လိုက်တယ်။ ညနေပိုင်းရောက်တော့ အပြင်မှာ ညစာတွေဘာတွေစား ဟိုသွားဒီသွားနဲ့ ည ၁၁ လောက်ပြန်ရောက်တယ် Hotel ကို။ ရောက်ရောက်ချင်း ပင်ပန်းလို့ တန်းအိပ်တော့မယ်လုပ်လိုက်တာ။ မီးပိတ်ပြီး ၁၅ မိနစ်လောက်အကြာမှာ စတာပဲ။ အိပ်တဲ့ခေါင်းရင်းက နံရံကို အားခပ်ပြင်းပြင်းနဲ့ "ဒုန်း" ဆိုပြီး ထုတဲ့အသံစကြားရတယ်။ သိပ်မကြာဘူး. ဘေးက ဘီရိုထဲက ခေါက်သံတွေကြားရရော။ အဲ့အချိန်မှာ လူက ဘာလုပ်ရမှန်းတောင် မသိတော့ဘူး။ ကြောင်တောင်တောင်ဖြစ်ပြီး အဲ့အချိန်မှာ အရှေ့တံခါးကိုလည်း လာခေါက်သံကြားပြန်ရော။ တံခါးဖွင့်ပြီး ထွက်ပါကြည့်လိုက်တာ။ ဘယ်သူမှမရှိတဲ့အပြင်.. တိတ်ဆိတ်ပြီး ရှင်းနေတာပဲ။ လူတစ်ယောက်မှကိုမရှိတာ။ အခန်းထဲပြန်ဝင်ပြီး messenger ကနေ online ဖြစ်နေတဲ့ ဘော်ဒါတွေကို အကျိုးအကြောင်းလှမ်းပြောတော့ သူတို့က မေတ္တာသုတ်ရွတ် သားကြီးတဲ့။ ကိုယ်ကလည်း မေတ္တာသုတ်က မရ။ အဲ့အချိန်မှာပဲ ရေချိုးခန်းထဲက tap ကို ဖွင့်လိုက်ပိတ်လိုက်လုပ်တာ။ အဲ့အသံတွေ အခုထိနားထဲက မထွက်ဘူး။ မထူးဘူးကွာ ဆိုပြီး ရေချိုးခန်းထဲ ဝင်ချသွားတော့ tap က ပိတ်နေတဲ့ပုံဖြစ်နေပြီး အောက်မှာ ရေတွေက ရွှဲနေပြီ။ အဆိုးဆုံးကတော့ ပြန်ထွက်လာပြီး ရတဲ့ ဘုရားစာလေးတွေဆိုပြီး အိပ်မယ်အလုပ်မှာ ကုတင်အောက်ကနေ လက်ဖဝါးနဲ့ ရိုက်သလို "ဗြန်း" ကနဲ ရိုက်ချတဲ့ အသံကြီး ကြားလိုက်ရရော။ အဲ့မှာ လုံးဝအဆင်မပြေတော့ဘူး။ အခန်းပြောင်းဖို့လုပ်တော့မယ်။ အဆင်မပြေရင်လည်း ညတွင်းချင်းပဲ Hotel ပြောင်းမယ်ဆိုပြီး လစ်ရတော့တာပဲ။
မချောစုဝေ ရဲ့ အတွေ့အကြုံ
ဘန်ကောက် ခေါင်ရိုင်ဘက