ဝေးဝေးလံလံ မသွားဘဲ တိုက်ကြီးမှာ လည်ကြမယ်
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဝေးဝေးလံလံ မသွားဘဲ တိုက်ကြီးမှာ လည်ကြမယ်

မြို့တော်ကြီးကနေ အသက်ရှူကျပ်တဲ့နေ့တွေကို ရင်ဆိုင်ကျော်လွှားဖို့ လူများတဲ့ မြို့လည်ပန်းခြံတွေကို ခဏ မေ့ပစ်လိုက်ပြီး တိုက်ကြီးမြို့ ဘက်ကို လမ်းထွက်မိတော့မှ တိုက်ကြီးမြို့ဝန်းကျင်ဟာလည်း ခရီးသွားတွေအတွက် လည်ပတ်စရာစုံလင်တဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့မှန်း သိလိုက်ရတော့တယ်။ တိုက်ကြီးမြို့ဝန်းကျင်မှာ စိမ်းလန်းတဲ့ သဘာဝဘေးမဲ့တောတွေ၊ တောင်တွေ၊ သမိုင်းဝင်ဘုရားစေတီတွေနဲ့ ရေတံခွန်တွေ ရှိနေတာမှန်း ခုတခေါက်အလည်ရောက်တော့မှ သေချာသိလိုက်ရတော့တယ်ဗျ။

သုံးထပ်ရေတံခွန်ဆီအသွားလမ်းမှာ တွေ့ရတဲ့ အနုပညာလက်ရာများ

တိုက်ကြီးမြို့ဝန်းကျင်ဟာလည်း ခရီးသွားတွေအတွက် လည်ပတ်စရာစုံလင်တဲ့ ရန်ကုန်တိုင်းဒေသကြီးထဲက မြို့လေးတစ်မြို့မှန်း သိလိုက်ရတော့တယ်။

တိုက်ကြီးမြို့ဆိုတာ

ရန်ကုန်မြို့တော်ကြီးရဲ့ အဓိက သောက်ရေသုံးရေတွေကို ဖြန့်ဖြူးပေးနေတဲ့ ပင်မကြီးတစ်ခုအဖြစ် သတိပြုမိနေခဲ့ပါတယ်။ ရန်ကုန်ရဲ့ မြောက်ဘက်အကျဆုံးအပိုင်းမှာ တည်ရှိနေတဲ့ ဒီမြို့ဟာ ရပ်ကွက် ၈ ခုနဲ့ ဖွဲ့စည်းထားတယ်လို့ မှတ်သားရပါတယ်။ အရင် ကိုလိုနီခေတ်မှာတော့ တိုက်ကြီးဟာ ဟံသာဝတီခရိုင်ထဲမှာ မထင်ရှားတဲ့ရွာလေးသာ ဖြစ်ခဲ့ပေမဲ့ ၁၈၇၇ ခုနှစ် ရန်ကုန် - ပြည် မီးရထားလမ်း ပေါ်က ဘူတာရွာလေးအဖြစ် စတင်အသက်ဝင်လာခဲ့ပြီး ခုဆို ရန်ကုန်တိုင်းဒေသကြီးရဲ့ မြောက်ပိုင်းခရိုင်ထဲမှာ ပါဝင်ခဲ့ပြီဖြစ်ပါတယ်။ ၁၉၀၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ တိုက်ကြီးကို မြို့အဖြစ် သတ်မှတ်ခဲ့တယ်လို့ ဖတ်မှတ်ရပါတယ်။ ဒါကြောင့် အခုလာမဲ့ ၂၀၂၀ ဒီဇင်ဘာလ ၂၉ ရက်နေ့ဆိုရင် တိုက်ကြီးမြို့ဆိုပြီး ဖြစ်လာတာ ၁၁၂ နှစ် သက်တမ်းရှိခဲ့ပါပြီ။


တိုက်ကြီးမြို့တခွင်မှာ လည်ပတ်စရာ

ရန်ကုန်မြို့နဲ့ နီးနီးနားနားပဲ ခရီးသွားလည်ပတ်ချင်သူတွေအတွက် တိုက်ကြီးမြို့ဝန်းကျင်မှာ လည်ပတ်စရာ အမျိုးအစား စုံစုံလင်လင် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီးထဲမှာ ပါနေတဲ့တိုင် မြို့ပြရဲ့ ဟန်ပန်တွေ နည်းပါးပြီး ဒေသအသစ်တစ်ခုကို ရောက်ရှိသလို ခံစားရတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ ဘယ်တွေလည်ပတ်လို့ကောင်းလဲဆိုရင်…


ကျိုက်ပွန်သာလွန်စေတီတော်

ဘုရားပွဲတော်ချိန် (တပေါင်းလ) ဆို သိပ်စည်ကားလွန်းတဲ့ ကျိုက်ပွန်သာလွန်စေတီ ဟာ သမိုင်းဝင်စေတီတော်လို့ သိရပါတယ်။ ၁၄၁၀ ပြည့်နှစ်မှာ မွန်အမတ်ကြီး ဗညားကျန်းတော က တည်ထားကိုးကွယ်ခဲ့တာလို့ ဆိုပါတယ်။ ဒီစေတီဆီ သွားဖို့ရာ တိုက်ကြီးမြို့အဝင် Toll Gate ကနေ နည်းနည်း သွားလိုက်တာနဲ့ လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ တာခွတာဆုံလမ်းခွဲလေးကို မြင်ရပါမယ်။ အဲ့ဒီ လမ်းက သရက်ချောင်းထိပေါက်တဲ့ တာခွ-သရက်ချောင်းလမ်းပါ။ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းလေးမို့ လမ်းတလျှောက် လယ်ကွင်းတွေနဲ့ သာသာယာယာ ပါပဲ။ ကျိုက်ပွန်သာလွန်စေတီက သစ်စုကျေးရွာ မှာ ရှိနေတာပါ။ လမ်းရဲ့ ညာဘက်အခြမ်း ကားလမ်းမဘေးမှာပဲမို့ မြင်သာပါတယ်။ စေတီတော်ကြီးရဲ့ အနောက်ဘက်တစ်နေရာမှာ ယခင်ကျောင်းထိုင်ဆရာတော်ကြီးရဲ့ အရိုးအိုးဂူ ကိုလည်း သွားရောက် ဖူးမြော်နိုင်ပါသေးတယ်။


မင်းကျောင်းကြီး

ရန်ကုန် - ပြည်လမ်းမကြီးပေါ်မှာပဲ လမ်းရဲ့ဘယ်ဘက်အခြမ်းမှာ ထင်သာမြင်သာရှိတဲ့ မင်းကျောင်းကြီး ကိုလည်း ဝင်ရောက်လေ့လာဖူးမြော်နိုင်ပါသေးတယ်။ အတွင်းမှာ ရှေးဘုန်းကြီးကျောင်းကြီးလို့ ယူဆရတဲ့ အဆောက်အဦးကြီးကိုလည်း ခုထိ မြင်တွေ့နိုင်သေးသလို၊ အဝင်ဝထိပ်မှာ အောင်မြေဘုံစံ ထွဋ်ဘုန်းသာခေါင်ရန်မျိုးအောင် စေတီ နဲ့ အတွင်းမှာ ရွှေသာလျောင်းဘုရားကြီး တို့ကို ဖူးမြင်ကြရပါဦးမယ်။ အတွင်းက ရှေးဘုန်းကြီးကျောင်းကြီးဟာ နှစ်တစ်ရာကျော်သက်တမ်းရှိပြီးဖြစ်လို့ ရှေးဟောင်းသုတေသနကလည်း ရှေးဟောင်းအဆောက်အဦးအသိအမှတ်ပြုအမှတ်အသား လာရောက်ချထားပြီးဖြစ်တယ်လို့ သိရပါသေးတယ်။


တိုက်ကြီးရွှေငါးကြင်းကန်

စမွေးတုန်းကတော့ ငါးပေါက်သေးသေးလေးတွေပေမဲ့ မထင်မှတ်ဘဲ အကောင်ရေ တိုးပွားများပြားလာလို့ မီးသတ်ရေကန်ကြီးထဲ ပြောင်းရွှေ့မွေးခဲ့ရတယ်ဆိုတဲ့ ရွှေငါးကြင်းကန်ကြီးဆီကို ခရီးသွားတွေ အတော်မျက်စိကျနေကြပါတယ်။ အူယားချင်စရာ ပြွတ်သိပ်နေတဲ့ ရောင်စုံရွှေငါးကြင်းတွေ အစာကျွေးရတာ အတော်မျက်စိပဿဒဖြစ်ရပါတယ်။ တိုက်ကြီးမြို့ ရန်ကုန်-ပြည်လမ်းအတိုင်းလာပြီး လမ်းဆုံမီးပွိုင့်ကျော်တာနဲ့ လမ်းရဲ့ ဘယ်ဘက်ခြမ်း စည်ပင်ရုံးဘေးက ဝါးရောင်းတဲ့နေရာတွေရှိတဲ့လမ်းထဲကို ကွေ့ဝင်လိုက်ရင် (တကယ်တော့ သုဿန်သွားတဲ့လမ်းပါပဲ) အတွင်းမှာ မီးသတ်ကားတွေ၊ နာရေးကားတွေရပ်ထားတဲ့ နိဗ္ဗာန်ချမ်းသာနာရေးကူညီရေးအသင်း အဆောက်အဦးကို တွေ့ပါမယ်။ ကန်ကြီးက အဲ့အဆောက်အဦးရဲ့ နောက်မှာပါ။ ကားက အဲ့ဒီအသင်းဝန်းထဲမှာ ရပ်လို့ရပါတယ်။ အဲ့ဒီထိပ်မှာပဲ ငါးစာရောင်းပေးတဲ့ သူတွေရှိပါတယ်။ ရေသန့်ဗူးသေး (၄) ဗူး ကို ၁၀၀၀ ကျပ် ပေးရပါတယ်။ ကျွေးရတဲ့ပမာဏ အတော်ပါပဲ။ တချို့ကျတော့လည်း အိတ်လိုက် ကုသိုလ်ယူကြပါတယ်။


ဂျိုးဖြူကန်

၁၉၃၈ - ၁၉၃၉ ခုနှစ်တွေတုန်းက တူးဖော်တည်ဆောက်ခဲ့ပြီး ၁၉၄၀ ပြည့်နှစ်မှာ ပြီးစီးလို့ ရန်ကုန်မြို့တော်ကို နေ့စဉ် ဂါလံသန်းပေါင်းများစွာ ရေပေးဝေနိုင်ခဲ့တဲ့ ဂျိုးဖြူကန် ကို အချို့လည်း အလည်သွားတတ်ကြပါတယ်။ တကယ်တော့ အပြင်လူဝင်ခွင့်ပေးလေ့မရှိဘူးလို့လည်း သိရသလို၊ ခုလို ကိုဗစ်ကပ်ကာလဆိုရင် ပိုပြီး စည်းကမ်းတင်းကျပ်တယ်ဆိုပါတယ်။ ဒါပေမဲ့လည်း အကြောင်းအမျိုးမျိုးနဲ့ တချို့လည်း လည်ပတ်လို့ရကြပါတယ်။ ကျွန်တော်ကတော့ အလည်မသွားဖြစ်ပါဘူး။ အများပြည်သူ လွယ်လင့်တကူ ဝင်ထွက်ခွင့်မရှိပေမဲ့ ဂျိုးဖြူကန်ဘက်သွားတဲ့နေရာတကြောမှာ လည်ပတ်စရာတွေ ရှိပါတယ်။ ဂျိုးဖြူရေပိုက်လုံးကြီးတွေကလည်း သိပ်ကို ခန့်ညားပြီး ဓါတ်ပုံရိုက်ချင်စရာဖြစ်လို့ လမ်းတလျှောက်ရှုခင်းလှမယ် ထင်ရင် ပိုက်လုံးကြီးတွေနဲ့တော့ အမှတ်တရ ဓါတ်ပုံရိုက်ယူနိုင်ပါတယ်ဗျာ။


ဖူးကြီးကန်

ဖူးကြီးကန် ဆီကို တိုက်ကြီးကနေသွားမယ်ဆို အချိန်အတော်အတန်ပေးရပါတယ်။ ဖူးကြီးကန်လည်း ဂျိုးဖြူကန်လိုပါပဲ စည်းကမ်းတင်းကျပ်တဲ့နယ်မြေထဲမှာ ပါ ပါတယ်။ ဒါပေမဲ့လည်း တချို့လည်း လည်ပတ်ခွင့်ရကြပါတယ်။ ကျွန်တော်ကတော့ အလည်မသွားဖြစ်ပါဘူး။


အဘိုးကျောင်း

ဂျိုးဖြူကန်ဘက်ကို ရောက်တဲ့အခါ မဖြစ်မနေ လည်ပတ်သင့်တဲ့နေရာတစ်ခုကတော့ အဘိုးကျောင်း ပါ။ ဧကကျယ်ကျယ်ဝန်းဝန်းထဲမှာ စေတီတွေ၊ ကျောင်းတွေ၊ ကန်တွေ၊ ဗုဒ္ဓဝင်သရုပ်ဖော်ပြကွက်တွေ အများကြီးကို တစုတစည်းတည်းနဲ့ လေ့လာဖူးမြော်အပန်းဖြေနိုင်တဲ့နေရာပဲ ဖြစ်ပါတယ်။ ဒီ အဘိုးကျောင်း ကိုတင် တစ်ရက်တာအချိန်ပေး လည်ပတ်နိုင်တဲ့အထိ အဆင်ပြေပါတယ်။ အဘိုးကျောင်းဝန်းထဲ ဝင်လိုက်ပြီး ဘယ်ဘက်ခြမ်း ဝင်လိုက်တာနဲ့ ပထမဆုံး သပ္ပါယ်လွန်းတဲ့ သားတော်များ စေတီကြီးတစ်ဆူ နဲ့ ရဟန္တာရုပ်ပွားတော်တွေကို မြင်တွေ့ကြရပါမယ်။ စေတီကြီးအတွင်းအပြင်ကို လေ့လာဖူးမြော်နိုင်ပြီး အထက်ပစ္စယံကိုလည်း တက်ရောက်နိုင်ပါသေးတယ်။ စေတီကြီးနောက်မှာ မျှော်စင်ပမာ နှစ်ထပ်အဆောင်တစ်ခုလည်း ရှိပါသေးတယ်။ အဲ့ဒီကနေလည်း သားတော်များ စေတီကြီးကို လုံးပြည့် ဖူးမြော်နိုင်ပါတယ်။ စေတီကြီးအတွင်းမှာတော့ မှန်တံခါးနဲ့ အသေအချာသော့ခတ်ထားတဲ့ ကျောက်မျက်ရတနာအစစ်များနဲ့ ထုဆစ်ဖန်တီးထားတဲ့ ရုပ်ပွားတော်တွေ စံပါယ်နေကြတာကို ဖူးကြရဦးမှာပါ။ အတွင်းမှာ ပျံတော်မူသွားပြီဖြစ်တဲ့ ဒီအဘိုးကျောင်းဆရာတော်ကြီးရဲ့ ပုံတူရုပ်တုကိုလည်း မြင်တွေ့ဖူးမြော်ကြရဦးမဲ့အပြင် ရဟန္တတွေရဲ့ ဓါတ်တော်မွေတော်တွေကိုလည်း တွေ့မြင်ကြရပါမယ်။ အဘိုးကျောင်းအတွင်းက ကန်တွေမှာ ငါးစာကျွေးနိုင်ဖို့ ငါးစာလေးတွေလည်း ရောင်းပေးကြပါတယ်။ ဝန်းနေရာအတော်ကျယ်ဝန်းတာမို့ အေးအေးလူလူ လမ်းလျှောက်ပြီး တစ်နေရာနဲ့ တစ်နေရာကို လည်ပတ်နိုင်ပါတယ်။ တိရစ္ဆာန်ဘဝတွေကျင်လည်ခဲ့တဲ့ ဗုဒ္ဓဖြစ်စဉ်ကို ကလေးနဲ့လူငယ်တွေ လေ့လာနိုင်စေဖို့ သေချာဖန်တီးပြထားသလို၊ ဖွားတော်မူခန်း၊ ပရိနိဗ္ဗာန်စံတော်မူခန်း၊ အောင်ခြင်းရှစ်ပါး စတဲ့ ဗုဒ္ဓဝင်အခင်းအကျင်းမျိုးစုံကိုလည်း ကျယ်ကျယ်ဝန်းဝန်း ဖန်တီးပြထားပါတယ်။ စစ်ကိုင်းကောင်းမှုတော်ဘုရားကြီးရဲ့ ပုံစံတူ ဘုရားကြီးကိုလည်း ဖူးမြော်နိုင်တဲ့အပြင် ဂျပန် ကမာကူရရုပ်ပွားတော်ကြီးရဲ့ ပုံတူ ရုပ်ပွားတော်ကြီးကိုလည်း ဖူးတွေ့ကြရဦးမှာပါ။ ဒါ့အပြင် သမီးတော်များစေတီ (မူလ က သမီးတော်များစေတီပဲ ရှိလို့ ရှေ့က သားတော်များစေတီ လို့ နာမည်ပေးခဲ့တယ်ဆိုပါတယ်။)၊ ခင်ပွန်းကြီးဆယ်ပါးစေတီ၊ အမျိုးခေါ်အိုးပေါ်စေတီ၊ ဆယ်တောင်စေတီ စသဖြင့် စေတီကြီးအဆူဆူလည်း အဘိုးကျောင်းဝန်းထဲမှာ လှည့်ပတ်ဖူးမြင်နိုင်ပါသေးတယ်။ တစ်ဆူနဲ့တစ်ဆူလည်း ပုံစံနဲ့ အနေအထားချင်းမတူညီလို့ လည်ပတ်ဖူးမြော်ရတာဟာ ခရီးဝေးဝေးသွားနေရသူလိုမျိုး ခံစားရစေပါတယ်။ အဘိုးကျောင်း ကို သွားမယ်ဆိုရင် ဂျိုးဖြူကန်သွားတဲ့လမ်းအတိုင်း သွားရပြီး တပ်မတော်လေ့ကျင့်ရေးကျောင်း အမှတ် (၁) ရှိတဲ့ဘက်ကို ကွေ့လို့ သွားရင် ရောက်နိုင်ပါတယ်။


ဂုဏ်လင်းတောင် ဘေးမဲ့တောရ

ဂျိုးဖြူကန်သွားတဲ့လမ်းပေါ်မှာပဲ ဂုဏ်လင်းတောင် ဘေးမဲ့တောရ ကို လမ်းညွှန်တဲ့ ဆိုင်းဘုတ်လေး ရှိပါတယ်။ အဲ့ဒီအတိုင်း လမ်းသွယ်လေးထဲ ဝင်ပြီး တောင်ပေါ်တက်လို့ တောတောင်အရသာ နဲ့ တောင်ပေါ်ရှုခင်းတွေကို ခံစားနိုင်ပါသေးတယ်။ တောင်ထိပ်မှာတော့ ဘုန်းကြီးကျောင်း၊ ဘိုးမင်းခေါင်ရုပ်တုကြီး နဲ့ ရုပ်ပွားတော်တွေ၊ စေတီတွေ ရှိပါတယ်။ ကားတက်တဲ့လမ်းတော့ ပိတ်ထားဦးမယ်ထင်ပါတယ်။ ဆိုင်ကယ်နဲ့တက်ရင်တော့ ရပါတယ်။ ကျွန်တော်က ဆိုင်ကယ်နဲ့ တက်ခဲ့တာပါ။


သုံးထပ်ရေတံခွန် (ဂုဏ်လင်းတောင်)

ဂုဏ်လင်းတောင် လမ်းညွှန်းအတိုင်းပဲ တောင်ပေါ်လမ်း မတက်ဘဲ ၁၀ မိနစ်လောက် ဆိုင်ကယ်နဲ့ ဆက်ဝင်ရင် အရပ်ခေါ် သုံးထပ်ရေတံခွန် ကို ရောက်ပါတယ်။ ရေတံခွန်မြင့်မြင့်မျိုး မဟုတ်ပါဘူး။ မိုးတွင်းမှာတော့ ရေတံခွန်က ရေပြင်ကျယ်ပြီး ရေကျအား များပေမဲ့ ခုလို ဆောင်းတွင်း နဲ့ နွေတွင်းကာလတွေမှာတော့ ရေကျအတော်နည်းတဲ့ အပန်းဖြေနေရာလေးပါ။ ကြံဖန်ရှာကြံအနားယူကြရတဲ့ကာလဖြစ်တဲ့အလျောက်ရော၊ ဒေသခံတွေအတွက်ကတော့ လည်ပတ်အပန်းဖြေဖို့ အတော်အဆင်ပြေတာမျိုးပါ။ လမ်းက ကားဝင်ဖို့ ခက်ပါမယ်။ ကားနဲ့အတော်အတန်ဝင်လိုက်ရင်ကို လမ်းက အတော်ကျဉ်းမြောင်းသွားပြီး ဘေးက မြေသားနံရံတွေက အရမ်းမြင့်လာတာမျိုး ဖြစ်တာမို့ ကား ၂ စီးဖြစ်ဖြစ် ကားနဲ့ ဆိုင်ကယ်ဖြစ်ဖြစ် ရှောင်ဖို့တောင် ခက်နိုင်ပါတယ်။ တချို့နေရာလေးတွေမှာ တစ်ဘက်က ချောက်လိုဖြစ်နေတာမျိုးတောင် တွေ့လိုက်ရပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ လမ်းလျှောက်သွားပါ။ မလျှောက်နိုင်ရင် ဆိုင်ကယ် ကယ်ရီ ငှားစီးပါ။ အသွားအပြန်ကို ၅၀၀၀ ကျပ် ပေးရပါလိမ့်မယ်။ ဈေးအရတော့ အရမ်းကြီး မသင့်လှပေမဲ့ ဒေသခံတွေကို အားပေးလိုက်ပါ။ ရေတံခွန် က အောက်ဘက်ကို ဆင်းရပါတယ်။ ထိပ်မှာ ဆိုင်လေးတစ်ဆိုင်ရှိပြီး အစားအသောက်တွေ မှာစားလို့ရပါတယ်။ ရေတံခွန်ဆီ ဆင်းရ တက်ရတာက မိုးရွာရင်တော့ အတော် ချော်နိုင်ပါတယ်။ ခုလိုချိန်တောင် ခြေကုပ်မမြဲတဲ့ ဖိနပ်နဲ့ဆို ချော်နိုင်ပါသေးတယ်။ အမှိုက်ကိစ္စကတော့ ဆိုးပါတယ်။ လာလည်သူတိုင်းက အမှိုက်တွေကို ပြီးစလွယ်ပစ်သွားတာ အတော်ရုပ်ဆိုးတာပါ။ ဘယ်သူကမှလည်း တာဝန်ယူမဲ့ပုံမပေါ်သလို မြင်ရတာ စိတ်မချမ်းသာပါဘူး။ New Waste လို့ သတ်မှတ်ရမဲ့ Mask တွေကို လွှင့်ပစ်ထားတာတွေက အတော်လေး စိတ်ဆင်းရဲစေပါတယ်။ ဒီရေတံခွန်ကို မှီခိုလုပ်ကိုင်နေကြတဲ့ စားသောက်ဆိုင်တွေ၊ ကယ်ရီဆရာတွေ စုပေါင်းပြီး အမှိုက်ခြင်းတွေထားတာ၊ အမှိုက်သိမ်းတာမျိုးကို လုပ်ကြမယ်ဆိုရင်တော့ ပိုပြီးကောင်းမွန်မယ်လို့ အကြံပြုချင်မိပါတယ်။ သွားတဲ့ဧည့်သည်တိုင်းလည်း ကိုယ့်အမှိုက်ကိုယ် သိမ်းမယ်၊ စနစ်တကျ အမှိုက်ပုံးထဲပဲ ပစ်မယ်ဆိုရင် ဒီနေရာက အမြဲလာချင်စရာ ဖြစ်နေမှာပါ။


မြိုင်ဟေဝန် ဆင်စခန်း

ဖလုံရွာ က မြိုင်ဟေဝန် ဆင်စခန်း ဟာလည်း တိုက်ကြီးမြို့ကို လာလည်ရင်း လည်ပတ်လို့ ဆင်တွေကို အစာကျွေး၊ ဆင်စီး စတာတွေ လုပ်ဆောင်အပန်းဖြေနိုင်တဲ့ နေရာတစ်ခုပါ။ ရှေ့မှာလည်း အသေးစိတ် ကျွန်တော် ရေးပေးဖူးပါတယ်။ Facility အရမ်းကြီး ပြည့်စုံမနေတာကိုက ဒီစခန်းရဲ့ ဆွဲဆောင်မှုတစ်ခုလို့ ဆိုရမယ်။ တောနဲ့ နီးတယ်။ သဘာဝ အဆောက်အဦးပုံစံနဲ့ နေထိုင်တည်းခိုရပြီး အစားအသောက်ကလည်း ရွာပုံစံ အခင်းအကျင်းလေးနဲ့ ဖွယ်ဖွယ်ရာရာ ရှိတယ်။ ဆင်လိမ္မာတွေကို သဘာဝအတိုင်း ထိန်းကျောင်းပုံတွေကို အနီးကပ် လေ့လာနိုင်ပြီး ဆင်ထိန်း/ဆင်ဦးစီးတွေနဲ့ စကားပြောရင်း သူတို့ ဘဝတွေကို နားထောင်ရတာ အတော် သဘောကျစရာပါ။ ဆင်ထိန်း/ဆင်ဦးစီးတွေရဲ့ သူတို့ ထိန်းကျောင်းရတဲ့ ဆင်တွေအပေါ်ထားတဲ့ သံယောဇဉ်တွေ၊ သူတို့ရဲ့ ဆင်ထိန်းပညာ နဲ့ ဆင်ရိုင်းနှင်ပုံ အတွေ့အကြုံတွေကို တစ်ညတည်းနဲ့ ဗဟုသုတတွေ တော်တော် ရလိုက်တယ်။ နေတဲ့အိမ်လေးတွေရဲ့ အနီးမဝေးမှာပဲ တန်းလျားပုံစံ ဆင်ဦးစီး/ဆင်ထိန်းတွေရဲ့ မိသားစုလိုင်းခန်းလေးတွေ ရှိနေပြီး စားသောက်ဆောင်ကြီးတစ်ခုလည်း ရှိပါတယ်။ အဲ့မှာပဲ မနက်စာ၊ နေ့လည်စာ၊ ညစာ တွေ စားလို့ရတယ်။ လူတော့ သိပ်များများ အိပ်လို့မရဘူး။ အများဆုံး လူ ၁၂ ယောက်စာလောက်အတွက်ပဲ အိပ်ဖို့ အဆောင်က အဆင်ပြေတဲ့အနေအထားပါ။ ဆင်ကတော့ အကောင် ၃၀ ကျော် ရှိပြီး မွေးစ ဆင်လေးကနေ အသက် ၆၀ နီးပါး ဆင်တွေအထိ ရှိပါတယ်။ ဖလုံကနေ အတွင်းဘက် မြိုင်ဟေဝန်ဆင်စခန်းထိကို ဆိုင်ကယ် ကယ်ရီတွေနဲ့ ဝင်လို့ရတယ်။ ဆိုင်ကယ်နဲ့ဆို နာရီဝက်လောက် လာရမယ်။ ကားနဲ့ဆိုရင်လည်း ဒီလောက်ပဲ။ လမ်းက ကြမ်းလို့ 4X4 Drive ကားတွေနဲ့ ပိုသင့်လျော်တယ်။ မဟုတ်ရင် ကားဗိုက် မလွတ်တာလည်း များတော့ ကားခပ်မြင့်မြင့်လေးတွေမှ အဆင်ပြေပါတယ်။ ဆိုင်ကယ် ကယ်ရီဆိုရင် ၅၀၀၀ ကျပ် လောက်ပေးရမယ်။ မြိုင်ဟေဝန်ထိ တန်းရောက်မယ်။


မဟာမြတ်မုနိဘုရားကြီး နှင့် မြန်မာအေးစေတီ

မန္တလေး မဟာမြတ်မုနိဘုရားကြီး နဲ့ ပုံစံတူတယ်လို့ ဆိုနိုင်မဲ့ တိုက်ကြိး မဟာမြတ်မုနိဘုရားကြီးကိုလည်း ရန်ကုန်-ပြည်လမ်းမကြီးဘေး မီးပွိုင့်လမ်းဆုံ မရောက်ခင် ဖူးမြော်နိုင်ပါဦးမယ်။ အတွင်းမှာ သိုက်နန်း နတ်နန်းတွေ ရှိတာလည်း သတိထားမိပါတယ်။ တန်ဆောင်းတော်ကြီးကတော့ နှစ်ရာကျော်ပြီလို့ ဆိုပါတယ်။ ပြန်ပြုပြင်ထားပြီးပါပြီ။


တိုက်ကြီးမြို့မဈေးကြီး

ဈေးကြီးကတော့ အတော်စည်ကားသက်ဝင်သလို အတော်လည်း ကြီးမားတာ တွေ့လိုက်ရပါတယ်။ မနက်စောစောပိုင်းဆို ဈေးသွားဈေးဝယ်တွေ၊ အစားအသောက်ရောင်းချသူတွေနဲ့ စည်ကားနေတတ်ပါတယ်။


တိုက်ကြီးအန်းကုန်းတရုတ်ဘုံကျောင်း

မြို့မဈေးကြီးနဲ့ မလှမ်းမကမ်းမှာဘဲ အန်းကုန်းတရုတ်ဘုံကျောင်း ကို မြင်တွေ့ရပါမယ်။ ရန်ကုန်က ဧည့်သည်တွေတောင် တကူးတက လာရောက်လည်ပတ်ဖူးမြော်ဝတ်ပြုရတဲ့ နာမည်ကျော်ဘုံကျောင်း လို့လည်း သိရပါတယ်။ ကျွန်တော် သွားတော့ ပိတ်ထားတယ်ထင်မိလို့ မဝင်ဖြစ်ခဲ့ပါဘူး။


ပြည်လုံးချမ်းသာစေတီတော်

တရုတ်ဘုံကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ပြည်လုံးချမ်းသာစေတီတော် ရှိပါတယ်။ စေတီကြီးကို မှန်ခန်းနဲ့ ထားထားတာကို အတွင်းမှာ ဖူးမြင်ကြရပြီး မျက်နှာကျက်က နံရံတွေမှာ ပွင့်တော်မူပြီးသောဘုရားရှင်တော်တွေရဲ့ ရုပ်ပွားတော်တွေကို ဘွဲ့အမည်နဲ့တကွ ဖော်ပြအပူဇော်ခံထားရှိပါတယ်။


ပန်းတပွင့်တောင် တောရကျောင်း

တိုက်ကြီး နဲ့ မှော်ဘီအစပ်မှာ တည်ရှိတဲ့ ပန်းတပွင့်တောင် ဟာ တချိန်က နာမည်အလွန်ကြီးခဲ့ပြီး ခုထိလည်း လာရောက်လည်ပတ်ဖူးမြော်ကြဆဲ ဖြစ်ပါတယ်။ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းဖြစ်ပေမဲ့ တောင်ပေါ်မှာ စေတီတည်ထားလို့ စေတီဆီကိုလည်း အလည်လာရောက်ကြသူများပါတယ်။ စေတီက တောင်ပေါ်မှာဖြစ်လို့ တောင်တက်ရလေ့မရှိတဲ့ ရန်ကုန်သူ၊ ရန်ကုန်သားတွေ အကြိုက်ဖြစ်မှာပါ။ တောင်က ခပ်ပါးပါးလေးပဲ မြင့်လို့ တက်ရတာလည်း ပင်ပန်းတာ မရှိပါဘူး။ တောင်ပေါ်ကနေ မြင်ရတဲ့ ရှုခင်းလေးကလည်း အတော်သာယာပါတယ်။ မြစ်အလှနဲ့ စိမ်းစိုနေတဲ့ရှုခင်းတွေ၊ ရာဘာတောတွေရဲ့ အလှတွေကို ခံစားရင် ဘုရားဖူးနိုင်ပါတယ်။ တိုက်ကြီးမြို့ အပြန်လမ်းမှာ Toll Gate ကျော်သွားလိုက်ရင် လမ်းရဲ့ ဘယ်ဘက်ခြမ်းမှာ ပစ်တိုင်းထောင်အရုပ်ကြီး နှစ်ရုပ်နဲ့ မုခ်ဦးအကြီးကြီးက မြင်သာပါတယ်။ အဲ့ဒီလမ်းအတိုင်း ၄၅ မိနစ်လောက် ကားမောင်းဝင်ကြရပါတယ်။ လမ်းမှာတော့ နှင်းဆီခြံ၊ ဂန္ဓမာခြံ၊ မာလကာခြံ စတဲ့ သီးပင်စားပင်ပန်းပင် ခြံများစွာကို မြင်တွေ့ရင်း သွားရတာမို့ စိတ်ဝင်စားစရာဖြစ်သလို မျက်စိလည်း အေးရပါတယ်။ လမ်းကတော့ ကွန်ကရစ်လမ်းဖြစ်လိုက်၊ မြေလမ်းဖြစ်လိုက်နဲ့ပါပဲ။ လမ်းတော့ မဆိုးပါဘူး။ ပန်းတပွင့်တောင်က အပြန်ကိုတော့ တိုက်ကြီးက ဝင်ခဲ့တဲ့လမ်းအတိုင်းအပြန်ဘဲ မှော်ဘီဘက်ကို ထွက်ပြီး ပြန်တဲ့လမ်းနဲ့ ပြန်ရင် ပိုမြန်တဲ့သဘော ရှိပါတယ်။ ပန်းတပွင့်တောင်ကတော့ လာရ သွားရတဲ့အချိန်က ပိုကြာတယ်လို့ ဆိုပါရစေ။


ဒါတောင် နေရာမစုံလှသေးပါဘူး။ ရှေးဘုရားတစ်ဆူဖြစ်တဲ့ ရွှေညောင်ပင်ရွာနားက ပြည်လုံးချမ်းသာ မိုးဃ်ကောင်းဘုရား၊ မှန်ပြတောင်၊ မြင်းမိုရ်တောင် စတာတွေလည်း သွားလည်နိုင်ပါသေးတယ်။


ဘယ်လိုသွားလဲ

တိုက်ကြီးကို ဘတ်စ်ကားနဲ့ဖြစ်ဖြစ် ကိုယ့်ကားနဲ့ကိုယ်ဖြစ်ဖြစ် ကားငှားသွားတာဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ ကျွန်တော်ကတော့ မိသားစုအေးအေးလူလူ ကားမောင်းတာကို အာရုံမစိုက်ဘဲ မိသားစုကိုပဲ ပိုအချိန်ပေးချင်တယ်ဆို ကားငှားဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်သွားလာလို့ရပါတယ်။ Gold Tripper ဖုန်း - 09421085898 ကို ချိတ်ဆက်ပြီး သွားနိုင်ပါတယ်။ ကျွန်တော်လည်း Gold Tripper က ကားငှားသွားတာပါ။ ကားမောင်းပျင်းလို့။

ရန်ကုန်မြို့ပြမှာ မွမ်းကြပ်လွန်းနေပြီး ခရီးဝေးဝေးလည်း မသွားနိုင်သူများအတွက်တော့ တိုက်ကြီးမြို့ခရီးဟာ ရန်ကုန်တိုင်းအတွင်းမှာရှိနေတဲ့မြို့ပေမဲ့ မြို့ပြနဲ့မတူဘဲ လွတ်လပ်စိမ်းလန်းမှုတွေကို ပေးစွမ်းတဲ့အတွက် တကယ့်ခရီးသွားရတဲ့ အရသာကို ပေးနိုင်ပါတယ်။ နေ့ချင်းပြန် ခရီးလေးပေမဲ့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ဘဲ ၄ လကျော် နေခဲ့တဲ့ ကျွန်တော့်အတွက် တိုက်ကြီးခရီးဟာ ခရီးဝေးတစ်ခုကို သွားလည်ရသလိုကို ရင်ခုန်စိတ်လှုပ်ရှားမှုပေးစွမ်းတာ အမှန်ပါပဲဗျာ။

အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Min Hsann, Thiha Lu Lin

Camera :: SONY Alpha 7II with 16-35mm Lens & other Camera.

Photos are modified in Lightroom by Thiha Lu Lin.


613 views1 comment
bottom of page