လင်းတလူးရွာ နားက ထူးခြားတဲ့ ကျောက်ထပ်စေတီ နဲ့ သဘာဝအလှတွေ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

လင်းတလူးရွာ နားက ထူးခြားတဲ့ ကျောက်ထပ်စေတီ နဲ့ သဘာဝအလှတွေ

ကျွန်တော် စစ်ကိုင်းဘက်ကို ခရီးနှင်ပြီး စစ်ကိုင်းအလွန်က လင်းတလူးရွာ ဆီကို အရောက်သွားလည် ဖြစ်တော့ ထူးထူးခြားခြား ကျောက်ထပ်စေတီတစ်ဆူ ကို ဖူးတွေ့ခွင့် ရခဲ့ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားပွဲတော်ချိန်ဆို ထမင်းကုသိုလ်အလှူအတန်းတွေနဲ့ ဘုန်းကြီးဆွမ်းကပ် ဓလေ့တွေ ရှိခဲ့ပေမဲ့ ၂၀၂၀ ခုနှစ်မှာတော့ ကပ်ရောဂါကြီးကြောင့် ဘုရားပွဲ လုပ်ခွင့်မရခဲ့ဘူးလို့ ရွာထဲက ထန်းလျက်ဖိုရှင်တချို့ တသသ ပြောနေတာကို ကြားခဲ့ရပါသေးတယ်။ တမူထူးတဲ့ ကျောက်ထပ်စေတီအကြောင်း အပြင် မြေမျက်နှာသွင်ပြင် အလှ ထူးခြားပြီး အညာဓလေ့ အပြည့်နဲ့ စိတ်ဝင်စားစရာဖြစ်တယ် ကြားလို့ အပြေးလေး သွားလည်ဖြစ်ခဲ့ပါတယ်ဗျား။

လင်းတလူးရွာနားက ကျောက်မှိုလုံးတွေကလည်း မိုးတွင်းမှာ ရေတိုက်စားမှုနဲ့အတူ ကျန်ရစ်ခဲ့တဲ့ သဲနှုန်းမြေနဲ့ကျောက်တုံးတွေဟာ မှိုလုံးကြီးပုံစံ လှတပတ မြင်တွေ့ကြရတာမျိုးမို့ ဓါတ်ပုံရိုက်ချင်စရာ ဖြစ်နေပါတယ်။

အောင်တော်မူ ကျောက်ထပ်စေတီ

နွားကျောင်းသားတွေကနေ ကျောက်ချပ်လေးတွေ ထပ်ပြီး တည်ရာက စတင်သန္ဓေတည်လာတာ ဖြစ်မယ်လို့ အရပ်စကား ကြားရတဲ့ ဒီ အောင်တော်မူ ကျောက်ထပ်စေတီ ဟာ နှစ်ပေါင်း ရာကျော် ရှိနိုင်တယ်လို့ ဒေသခံတွေ က ခန့်မှန်းကြပါတယ်။ ဒီဒေသတခွင်မှာ သဲမြေအမျိုးအစားတွေမှာ မိုးအခါ သဲချောင်းတွေ ရေစီးလို့ တိုက်စားပြီး ကြွင်းကျန်ရစ်ခဲ့တဲ့ ကျောက်ချပ်အလွှာလေးတွေ ရှိတတ်တာကို သတိပြုမိပါတယ်။ ဒီကျောက်ချပ်လေးတွေ ကို စေတီပုံစံ စုစုစည်းစည်း အချပ်လိုက်အလွှာလိုက် တည်ထားတာကို မြင်တွေ့ဖူးမြင်ရမှာမျိုးပါ။ စေတီအနီးမှာလည်း သဲချောင်းကြီးကို မြင်တွေ့ကြရပါမယ်။ စေတီတည်ရာမှာ အတွင်းမှာတော့ မြဲအောင် တွယ်ကပ်နေအောင် တစ်ခုခု အသုံးပြုထားခြင်း ရှိ၊ မရှိ မသိရပေမဲ့ အပြင်ပန်းအမြင်မှာတော့ ကျောက်ချပ်လေးတွေကို ဒီအတိုင်း ထပ်ထားတဲ့ပုံစံမျိုး မြင်တွေ့ကြရပါမယ်။ ကောဇာသက္ကရာဇ် ၁၃၇၃ ခုနှစ် မှာ ရန်ကုန်က အလှူရှင်တွေက ထီးတောင်တင်လှူပူဇော်ထားတယ်လို့ ကျောက်စာ အရ သိရပါတယ်။ ဒါကြောင့် ထိပ်မှာ ထီးတော် ကို မြဲအောင် စနစ်တကျ တွဲပြီးတည်ထားတာလေး မြင်ကြရပါမယ်။ ကျောက်ချပ်လေးတွေကို ရွှေရောင်ဆေးသင်္ကန်းကပ်ထားပြီး နောက်ထပ် ဆုတောင်းပြုသူတွေ၊ ယတြာချေသူတွေက ကျောက်ချပ်လေးတွေ ထပ်ထပ် ဖြည့် ဆုတောင်းအဓိဌာန်ထားလေ့လည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ အရင်ကတော့ ဘုန်းတော်ကြီးတွေ ရှိပေမဲ့ ရွာနဲ့ အလှမ်းဝေးတာမို့ အခုနှစ်တွေမှာ သီတင်းမသုံးကြဘူးလို့ သိရပါတယ်။ ဟုတ်ပါတယ် ရွာနဲ့ တော်တော်ဝေးဝေးကို သွားဖူးကြရတာမျိုးပါ။

စေတီအနီးဝန်းကျင်မှာ ဘိုးဘိုးကြီးနန်း၊ ဇော်ဂျီနန်းလိုမျိုး အထက်ပုဂ္ဂိုလ်တွေအတွက် ရုပ်တုတွေနဲ့ နန်းဆောင်ငယ်တွေ ဆောက်လုပ်ပေးထားသလို၊ စေတီကပ်လျက်ပတ်လည်မှာတော့ ပွင့်တော်မူပြီးသော ဘုရားရှင်တွေကို ဖူးမြင်ကြရပါမယ်။


ထန်းလျက်ဖိုတွေပေါတဲ့ လင်းတလူးရွာ

အညာရဲ့ အရသာကို ခံစားကြရတဲ့ လင်းတလူးရွာကြီး ကိုရောက်ရင် အဓိကလမ်းမကြီးဟာ ကတ္တရာလမ်းကောင်းကောင်းနဲ့ ဖြစ်ပေမဲ့ ရွာမှာ နွားလှည်းတွေကို အဓိက အသုံးပြုသွားလာနေကြတာကို တွေ့ရပါတယ်။ အိမ်ဝိုင်းတွေဟာလည်း တကယ့်ဗမာအိမ်ဝိုင်းပုံစံတွေများပြီး နွားကြီးတွေ၊ ကောက်ရိုးပုံကြီးတွေနဲ့ အတော်သဘောကျချင်စရာ ဖြစ်ပါတယ်။ ထန်းပင်တွေ ပေါများလို့ အရင်ကနေ အခုထိအောင် ထန်းချက်ဖိုတွေ ရှိနေပြီး ထန်းလျက်ကောင်းတွေ ဝယ်ယူရရှိနိုင်ပါတယ်။ နို့ထန်းလျက်၊ ထန်းလျက်ပေါက်ပေါက်၊ ဖွဲနုထန်းလျက်၊ မုန့်လုပ်ထန်းလျက်မျိုးစုံ၊ ဇီးထန်းလျက် စသဖြင့် မုန့်လုပ်ဖို့ရော၊ ဒီအတိုင်းအချိုတည်း အဆာပြေအတွက်ပါ ထန်းလျက်အခြေခံ အစားအသောက်တွေ ပြုလုပ်ရောင်းချနေကြပါတယ်။ ထန်းရည်တဲတွေလည်း ရှိတတ်ပြီး ထန်းရည်သောက်လို့ရနိုင်ပါတယ်။ အခု ကိုဗစ်ကပ်ကာလမှာတော့ ဧည့်သည်မရှိသလောက်ပါပဲ။ နောက်ပိုင်း ဖွံ့ဖြိုးလာတာနဲ့အမျှ ထန်းချက်ဖိုတွေ နည်းပါးလာပြီး ပန်းရံ၊ ရက်ကန်း စတဲ့ လုပ်ငန်းတွေ ပြောင်းလဲလုပ်ဆောင်လာကြပါတယ်။ မြေမျက်နှာပြင်နဲ့ ရာသီဥတုအနေအထားအရ ဝါ၊ ပဲစင်းငုံ စတာတွေကို အဓိက စိုက်ပျိုးကြပါတယ်။


သဲချောင်းကြီးများ

အောင်တော်မူ ကျောက်စေတီ နောက်ဘက်နားမှာ ဆင်ခြေလျှောလေးအတိုင်း ဆင်းသွားရင် သဲချောင်းကြီး ရောက်ပါတယ်။ အဲ့ဒီမှာ ခုလို ပွင့်လင်းရာသီ နဲ့ နွေရာသီ ရေခမ်းချိန်ဆို ရေမရှိသလောက် နည်းပါးနေတတ်ပြီး လျှောက်ကြည့်လို့ကောင်းပါတယ်။ အရင်ကတော့ လူချိုးဖို့အထိ ရေကျန်တတ်ပေမဲ့ အခုတော့ ရေအတော်နည်းနေပါတယ်။ တချို့နေရာလေးတွေမှာ စိမ့်ရေထွက်လေးတွေ မြင်တွေ့ရပြီး ချစ်စရာကောင်းစွာ အဲ့နေရာလေးတွေမှာ သောက်ရေခွက်လေးတွေ ထားပေးလို့ နွားကျောင်းရင်းဖြစ်ဖြစ်၊ ခရီးကြုံရင်ဖြစ်ဖြစ် ရေငတ်ပြေ သောက်သုံးကြလေ့ရှိတယ်လို့ သိရပါတယ်။


ကျောက်မှိုလုံးကြီးများ

ဒီလို အောက်ခံက မြေသားမှာ အပေါ်က ကျောက်တုံးကြီး မပြိုလဲဘဲ ကျန်ရစ်ရင်း မှိုပွင့်လုံးကြီးပုံစံ ဖြစ်ပေါ်နေတာမျိုးကို နိုင်ငံရပ်ခြားတွေမှာလည်း မြင်တွေ့နိုင်ပါတယ်။ မှတ်မှတ်ရရ ကျွန်တော် ထိုင်ဝမ်ရောက်တုန်းကတောင် ပင်လယ်ရေနဲ့ လေ တိုက်စားလို့ ပုံစံအမျိုးမျိုး ဖြစ်ပေါ်နေတဲ့ ကျောက်တုံးတွေနဲ့ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ထားတာ တွေ့ဖူးပါတယ်။ ခု လင်းတလူးရွာနားက ကျောက်မှိုလုံးတွေကလည်း ဒီလိုမျိုးပါပဲ။ မိုးတွင်းမှာ ရေတိုက်စားမှုနဲ့အတူ ကျန်ရစ်ခဲ့တဲ့ သဲနှုန်းမြေနဲ့ကျောက်တုံးတွေဟာ မှိုလုံးကြီးပုံစံ လှတပတ မြင်တွေ့ကြရတာမျိုးမို့ ဓါတ်ပုံရိုက်ချင်စရာ ဖြစ်နေပါတယ်။ ရာသီဥတုပူတဲ့အချိန်ဆိုရင်တော့ အဲ့ဒီထဲ ဆင်းသွားရတာ အတော် စိတ်အိုက်ပါတယ်။ တောင်ကုန်းလေးကနေ ဆင်းပြီး ကျောက်မှိုလုံးတွေရှိရာဆီ သွားရတာ နည်းနည်းတော့ ပင်ပန်းနိုင်ပါတယ်။


ဘယ်လိုသွားမလဲ?

ဒီဘက်ကို အလည်သွားမယ်ဆိုရင်တော့ လင်းတလူးရွာကို အရင်လာရမှာပါ။ စစ်ကိုင်းကနေ မုံရွာ ရွှေဘိုလမ်းခွဲမှာ ရွှေဘိုလမ်းအတိုင်း ဆက်လာခဲ့ရင် ကျားမင်းကြီးရွာ မရောက်ခင်မှာ စေတီကြီးတစ်ဆူ နဲ့အတူ အဝါရောင်လမ်းညွှန်ဆိုင်းဘုတ် ကို လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ မြင်ကြရပါမယ်။ အဝါရောင်ဆိုင်းဘုတ်လေးမှာ ရွာနာမည်များစွာကို ရေးထားတာမို့ ရုတ်တရက်ဆို မျက်စိလျှမ်းနိုင်ပါတယ်။ ပုသာ၊ မကျီးကုန်း၊ တောင်ကြား၊ လင်းတလူး၊ ချိုင်းကြီး လမ်း လို့ ရေးသားထားပြီး လမ်းတလူးရွာသို့ ၁ မိုင် ၁ ဖာလုံ လို့ ဖော်ပြထားပါတယ်။ အဲ့ဒီလမ်းအတိုင်း ဝင်လာရမှာပါ။ ကတ္တရာလမ်းပဲ ဖြစ်ပါတယ်။ အတော်လေး ဝင်မိရင် လင်းတလူးကျေးရွာ မှ လှိုက်လှဲစွာကြိုဆိုပါ၏ ဆိုတဲ့ အုတ်ဆိုင်းဘုတ်အကြီးကြီး ကို မြင်ကြရမှာပါ။ အဲ့ဒီအတိုင်း ရွာကိုဖြတ်လို့ နည်းနည်းကျော်လိုက်တာနဲ့ မြေလမ်းလေးထဲကို ဆိုင်းဘုတ်ခပ်သေးသေး ညွှန်ပြထားတဲ့ ကျောက်စေတီသို့ ဆိုတာလေး တွေ့ပါလိမ့်မယ်။ သတိပြုရမှာက ကားနိမ့်ရင် အဆင်မပြေပါဘူး။ သဲကလည်း အရမ်းဆွဲလို့ သတိပြုရပါတယ်။ ခါတိုင်းနှစ်တွေမှာတော့ တန်ဆောင်မုန်းလပြည့်နေ့ ဘုရားပွဲလုပ်လေ့ရှိတာမို့ မြေညှိပေးတတ်ကြပေမဲ့ ဒီနှစ်မှာ မြေညှိမှုမလုပ်နိုင်ကြလို့ လမ်းက အဖုအထစ်တွေနဲ့ ကားနဲ့ဆို အတော် ဒုက္ခများနိုင်ပါတယ်။ မြေလမ်းကတော့ စေတီအထိ ပေါက်ပါတယ်။ ကျွန်တော့် ကားနဲ့အဆင်မပြေနိုင်တာကြောင့် လမ်းတစ်ဝက်မရောက်ခင်ဘဲ ပြန်လှည့်ပြီး ရွာကနေ ဆိုင်ကယ် ငှား စီးလို့ လည်ပတ်ခဲ့ရပါတယ်။ ဆိုင်ကယ်ခတော့ ၅၀၀၀ ကျပ် ပေးရပါတယ်။ ရွာကနေ အဲ့ဒီမြေနီလမ်းအတိုင်း မိနစ် ၂၀ လောက် သွားကြရပါလိမ့်မယ်။ အရင်ဆုံး လမ်းရဲ့ညာဘက်ခြမ်းမှာ ကျောက်မှိုလုံးကြီးတွေကို မြင်ကြရပါမယ်။ ပြီးရင် လမ်းအဆုံးမှာ ကျောက်ထပ်စေတီ ကို ဖူးပြီး အောက်ဘက်ဆင်းလို့ သဲချောင်း ကို လေ့လာနိုင်မှာမျိုးပါ။ ကားနဲ့သွားတဲ့အခါ ထနောင်းဆူးတွေကိုတော့ သတိထားဖို့လိုပါမယ်။ ကားဘီးမှာ စူးပြီး ပါလာတတ်လို့ပါ။


အပြန်လက်ဆောင်

ဒီဒေသဘက်ကို အလည်လာရင်း အိမ်ပြန်လက်ဆောင်အနေနဲ့ ဝယ်ဖို့အကောင်းဆုံးကတော့ ဒေသ ထန်းလျက်ဖိုတွေက ထွက်တဲ့ ထန်းလျက်စားသောက်ကုန်အမျိုးမျိုးပဲ ဖြစ်ပါတယ်။ တချို့ထန်းလျက်ဖို၊ ထန်းချက်ဖိုတွေရဲ့ လုပ်ငန်းခွင်ကိုလည်း လေ့လာနိုင်ဦးမှာ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ နို့ကြံသကာ ခေါ်လား နို့ထန်းလျက် ခေါ်လား သေချာမမှတ်မိတဲ့ ဟာလေး တော်တော် ကြိုက်နေပါပြီ။


သတိပြုစေချင်တာလေးတွေ

ကန္တရပင်တွေ ပေါက်တာများလို့ ဆူးရှိတဲ့အပင်တွေပဲ ဖြစ်တဲ့အတွက် ရှမိတာ ခြစ်မိတာတွေ ဖြစ်နိုင်ပါတယ်။ ခဲလုံး ကျောက်လုံးလေးတွေ ခပ်မွမွ ထွက်တတ်တဲ့မြေမျိုးဖြစ်လို့ ဆင်ခြေလျှောတွေ၊ တောင်ဆင်းတောင်တက်တွေမှာ ချော်လဲနိုင်ပါတယ်။ လက်ထောက်မိရင် လက်မှာ ပေါက်ပြဲနိုင်ပါတယ်။ မြေလမ်းမှာ သဲတွေလည်း ရှိလို့ ရုန်းတဲ့အခါ ဘီးချော်ပြီး ကားလည်သွားတာ၊ ဆိုင်ကယ်လဲပြိုတာမျိုး ဖြစ်နိုင်တဲ့အတွက် သတိနဲ့ မောင်းနှင်ပါ။ မိမိပါလာတဲ့ အမှိုက်တွေကို မိမိနဲ့ တပါတည်း ပြန်ယူသွားပြီး အမှိုက်တွေ မပစ်ခဲ့ပါနဲ့။ အထူးသဖြင့် နှာခေါင်းစည်း (Mask) တွေကိုလည်း မစွန့်ပစ်ခဲ့ဘဲ၊ အမှိုက်ပုံးတွေ့မှသာ စွန့်ပစ်ပေးကြပါ။


ဒီ အောင်တော်မူ ကျောက်စေတီ၊ သဲချောင်း နဲ့ ကျောက်မှိုလုံးတွေဆီကို သွားမယ်ဆိုရင်တော့ အရမ်းကြီး မျှော်လင့်ထားလို့တော့ မဖြစ်နိုင်သလို၊ အိကျိအိကျိ ပျော့ပျော့စိစိတွေနဲ့လည်း မကိုက်ပါဘူး။ လွယ်လွယ်အပြစ်မြင်တတ်သူတွေနဲ့လည်း အဆင်မပြေပါဘူး။ ဆန်းပြားနေမှာမျိုး မဟုတ်ပေမဲ့ ကျောက်ထပ်စေတီရဲ့ ဖွဲ့စည်းပုံထူးခြားမှုကို ဖူးမြော်လိုသူတွေ၊ နေရာအသစ်အဆန်း ကို ဘယ်လိုပဲဖြစ်ဖြစ် လည်ပတ်ရတာ စိတ်ဝင်စားသူတွေ၊ ဘူမိဗေဒ သဘာဝသွင်ပြင်အနေအထား ပြောင်းလဲမှုကို စိတ်ဝင်စားသူတွေ၊ အညာဓလေ့ကို လေ့လာလိုသူတွေ၊ ဓါတ်ပုံဝါသနာရှင်တွေအတွက်ကတော့ အဆင်ပြေပါတယ်။ ခြောက်သွေ့ပူပြင်းတဲ့ သွင်ပြင်ခံစားမှု၊ မြင်ကွင်းနဲ့ ရှား ထနောင်း စတဲ့ ကန္တာရအပင်တွေသာ လမ်းတလျှောက်မြင်တွေ့ရနိုင်ပြီး အသွားအလာကလည်း သဲလမ်း မြေလမ်း ဖြစ်တာမို့ ဖုန်လည်း ထတတ်ပါသေးတယ်။ ခရီးခပ်ဆန်းဆန်းလေး လည်ချင်သူတွေအတွက်တော့ သွားရောက်လည်ပတ်ဖူးမြော်လှည့်ပါလို့ ဆိုချင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Ko Sai

Camera :: SONY Alpha 7II with 16 - 35mm Lens, Samsung Galaxy Note10+

Photos are modified in Lightroom by Thiha Lu Lin.

101 views0 comments
bottom of page