• Thiha Lu Lin

ကျွန်တော် နဲ့ ဖခင်များနေ့

ဟိုးငယ်ငယ်လေးတုန်းက ဖခင်များနေ့ဆိုတာ မပြောနဲ့ မိခင်များနေ့ဆိုတာတောင် သိပ်မသိခဲ့ဘူး။ နောက်တော့ မိခင်များနေ့ (တနည်း အမေများနေ့) က ၂၀၀၀ ခုနှစ်အလွန်မှာ လူတွေ သတိပြုမိလာတယ်။ လူငယ်ဖြစ်စ၊ ပြီးတော့ နိုင်ငံခြားဘာသာသင်တန်းတွေ စတက်ဖြစ်တဲ့အချိန်ဆိုတော့ မိခင်များနေ့နဲ့ ပတ်သက်တာကို ရင်းနှီးလာတယ်။ ဘဘဦးသုခ ရဲ့ မြန်မာအမေနေ့ သတ်မှတ်တာကိုပါ သတိထားမိလာတယ်။ မြန်မာလို့ အမေနေ့ကတော့ ပြာသိုလပြည့်နေ့ကို ယူခဲ့တယ်။ တစ်ကမ္ဘာလုံးအနေနဲ့ကတော့ ခရစ်ယာန်ဘာသာဝင်တွေ လက်ခံထားတဲ့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို မိခင်များနေ့ အဖြစ် သတ်မှတ်လို့ အခမ်းအနားတွေ လုပ်ခဲ့ကြတယ်။ ဒါပေမဲ့ ဖခင်များနေ့ဆိုတာကို ကျွန်တော် ရှိမှန်း သိပ်မသိခဲ့ဘူး။


ကျွန်တော့ဖေဖေ ဆုံးသွားပြီးနောက်ပိုင်းမှ ဘုရားကျောင်းတွေမှာ ဖခင်များနေ့နဲ့ ပတ်သက်ပြီး လှုပ်ရှားမှုတွေ စပြီး သတိပြုမိလာတယ်။ ဖခင်များနေ့ကိုတော့ ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ ကို သတ်မှတ်ပြီး အခမ်းအနားတွေ ပြုလုပ်လာတာကို သတိထားမိခဲ့ပါတယ်။ မိခင်များနေ့ရော ဖခင်များနေ့ပါ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတ်မှတ်ပုံချင်း ကွာခြားတတ်ပါတယ်။ Wiki ရဲ့ ဖော်ပြချက်အရဆိုရင် Afghanistan, Algeria, Albania, Antigua and Barbuda, Argentina, Aruba, Bahamas, Bahrain, Bangladesh, Barbados, Belize, Bermuda, Bosnia and Herzwgovina, Brunei, Burkina Faso, Cambodia, Canada, Chad, Chile, China, Colombia, Comoros, Costa Rica, Cuba, Curacao, Cyprus, Czech Republic, Dominica, Ecuador, Ethiopia, France, Gorgia, Ghana, Greece, Guyana, Hong Kong, Hungary, India, Ireland, Isle of Man, Jamaica, Japan, Kenya, Kuwait, Laos, Macao, Mali, Madagascar, Malaysia, Maldives, Malta, Mauritius, Mexico, Mozambique, Myanmar, Namibia, Netherlands, Nigeria, Oman, Pakistan, Panama, Paraguay, Peru, Philippines, Puerto Rico, Qatar, Saint Lucia, Saint Vincent and the Grenadines, Saudi Arabia, Senegal, Singapore, Sierra Leone, Slovakia, South Africa, Sri Lanka, Suriname, Trinidad and Tobago, Tunisia, Turkey, Uganda, Ukraine, United Kingdom, United States, Venezuela, Vietnam, Zambia, Zimbabwe ဆိုတဲ့ နိုင်ငံပေါင်း (၈၆) နိုင်ငံကတော့ ဖခင်များနေ့ကို ဇွန်လ တတိယပတ် တနင်္ဂနွေနေ့ကို သတ်မှတ်တယ်လို့ ဆိုပါတယ်။ ကျန်တဲ့ နိုင်ငံတွေကတော့ သီးခြားသတ်မှတ်ချက်မျိုးရှိနေတတ်ပါတယ်တဲ့။ ဥပမာ ထိုင်းနိုင်ငံဆို သူတို့ရဲ့ ဘုရင်မွေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၅ ရက်နေ့ကို ဖခင်များနေ့အဖြစ် သတ်မှတ်တယ်ဆိုတာမျိုးပေါ့။

ဖခင်များနေ့ ဖြစ်ပေါ်လာပုံနဲ့ပတ်သက်လို့ ဦးဆုံးဇာတ်လမ်းများ ကွဲပြားမှုရှိနေပေမဲ့ အများစု လက်ခံထားတာက မိခင်များကိုသာ ဂုဏ်ပြုနေပြီး မိခင်မရှိတော့ဘဲ ဖခင်ကသာ ရုန်းကန်ကျွေးမွေးပြုစုခဲ့တဲ့ မေတ္တာတရားကို ဂုဏ်ပြုသင့်တယ်လို့ မှတ်ယူထားတဲ့ Jane Addams က သူမရဲ့ ဖခင်ကို ဂုဏ်ပြုချင်တာရော၊ တစ်ကမ္ဘာလုံးက ဖခင်တွေကို ဂုဏ်ပြုသင့်တာရော တွေးလို့ နေ့ထူးတစ်ရက်ပေါ်လာဖို့အရေး ၁၉၁၂ ခုနှစ်လောက်က စလို့ လှုပ်ရှားလုပ်ဆောင်ခဲ့ပါတယ်။ ၁၉၂၄ ခုနှစ်က စတင်လို့ တစ်ကမ္ဘာလုံးက သတိပြုမိပြီး အခုဆိုရင် ဖခင်များနေ့မှာ မိမိတို့ ဖခင်ရဲ့ ဂုဏ်ကျေးဇူးတွေကို သတိတရ အောက်မေ့ ကျေးဇူးပြုတာမျိုး လုပ်ဆောင်နေကြပြီ ဖြစ်ပါတယ်။

သားဆိုတော့လည်း အဖေနဲ့ သိပ်အစေးကပ်လှသူတစ်ယောက်တော့ မဟုတ်ခဲ့တဲ့ ကျွန်တော်က ဖေဖေ့ ကျေးဇူးကြောင့်ပဲ ကျွန်တော်အရမ်းဝါသနာကြီးတဲ့ ခရီးသွားခြင်း နဲ့ နယ်မြေသစ် ဒေသသစ်ကို စူးစမ်းလိုခြင်း ဆိုတာကို သိခဲ့ရပါတယ်။ နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဖေဖေ တာဝန်ကျတဲ့နေရာတွေကို လိုက်နေ၊ လိုက်လည်ခွင့် ရခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ ဒေသတော်တော်များများကို ရောက်ရှိခွင့် ရခဲ့တယ်။ ဒါတွေကပဲ ခုချိန်မှာ ပြည်တွင်းခရီးစဉ်တွေဆိုရင် ဘယ်ဒေသက ဘယ်လိုမျိုးဆိုတာကို နယ်မြေသဘောတရား ကြိုတင် မှန်းဆ ပြင်ဆင်သွားလာနိုင်ခဲ့တယ်။ ဖေဖေ ကတော့ နှစ်နှစ် တစ်ခါ ဒေသစုံသွားခဲ့ရသူမို့ သူ့ဆီကနေ ဒေသန္တရ ဗဟုသုတတွေလည်း ကြားခွင့်ရခဲ့တယ်။ ဒါလေးတွေက ပြန်စဉ်းစားရင် သိပ်တန်ဖိုးရှိခဲ့ပြီး ကျွန်တော့ကို ခရီးသွားဝါသနာမျိုးစေ့ကို ထည့်သွင်းပေး၊ ကြီးထွားအောင် လုပ်ဆောင်ပေးလိုက်တယ်လို့ မှတ်ယူမိပါတယ်။

ဖေဖေ မရှိတော့တာ ၈ နှစ်လောက် ရှိလာပြီမို့ အသားတကျဖြစ်လာပေမဲ့ ဖေဖေ့မွေးနေ့၊ ဖေဖေ ကွယ်လွန်တဲ့နေ့ နဲ့ ခုလို ဖခင်များနေ့တွေ ကြုံလာတိုင်း အထူးသတိရမိတတ်တယ်။ ဖခင်များနေ့အတွက်ဆိုပြီး လက်ဆောင်ပေးခွင့် မရခဲ့တာကိုလည်း နှမြောလို့ မဆုံးပါဘူး။ ခုချိန်များ ဖေဖေ ရှိဦးမယ်ဆိုရင် ကျွန်တော် ဘာလက်ဆောင်နဲ့ ဂုဏ်ပြုကန်တော့ပန်းဆင်ရမလဲ တွေးရင်း မျက်ရည်ဝဲမိပါတယ်။

အဖေ လို့ လူပုဂ္ဂိုလ်ကို ခေါ်ခွင့်ရှိနေသေးတဲ့ မိတ်ဆွေတွေကတော့ ကျွန်တော် ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးကို အပျက်မကွက် အရယူလှည့်ကြပါဗျာ။

Happy Father’s Day!


ချစ်ခြင်းများစွာဖြင့်

သီဟလုလင် (Thiha, the Traveller)


#FathersDay2018 #HappyFathersDay

25 views0 comments