Search
  • Thiha Lu Lin

မြေနီ ခေါင်ရည် နဲ့ တောင်ဇလပ်တွေဆီ... အပိုင်း (၃)

ပြီးခဲ့တဲ့ရက်က ဝိတိုရိယတောင် တက်လိုက်ရလို့ လူတွေက ဒူးမခိုင်ချင် ဖြစ်လာတော့ ရွာစဉ်တွေ လျှောက်ပြီးမှ မင်းတပ်မြို့ကို သွားမဲ့ အစီအစဉ်အစား ကားနဲ့ မင်းတပ်မြို့ကို အရင်သွားပြီး မင်းတပ်မြို့အနီးအနားက ရွာတွေကိုပဲ သွားလိုက်တော့မယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဖြစ်နိုင်မယ်ဆိုရင်တော့ ကျွန်တော်တို့ သွားသလိုမျိုးထက် ပုံမှန်ခရီးစဉ်လေးအတိုင်း အေးရွာ ကနေ ချင်းရွာလေး ၃ ရွာ၊ ၄ ရွာလောက်ဖြတ်ပြီးမှ ကားစီးလို့ မင်းတပ်မြို့ကို လာတာ ပိုကောင်းပါတယ်။ ကျွန်တော်တို့အဖွဲ့မှာ လမ်းလျှောက်ဖို့ အတော်လေး ခက်ခဲနေတဲ့ မိတ်ဆွေတချို့ပါနေတဲ့အတွက် ခု နည်းလမ်းကို သုံးလိုက်ရတာပါ။ အေးရွာကနေ မင်းတပ်မြို့ကို ဖြည်းဖြည်းမောင်းလာရင် နှစ်နာရီလောက်တော့ အချိန်ပေးရပါတယ်။ လမ်းကတော့ ထုံးစံအတိုင်း တောင်ပတ်လမ်း မြေသားလမ်းတွေ၊ တစ်ဘက်က တောင်၊ တစ်ဘက်က ချောက်။ လမ်းက ကျယ်တော့ မိုးမရွာရင် မောင်းရ အဆင်ပြေပါတယ်။ လမ်းမှာလည်း ပျင်းစရာတော့ မကောင်းပါဘူး။ ချင်းရိုးရာအတိုင်း ကားလမ်းဘေးမှာပဲ အိမ်ဦးကိုမေးတင်ပြီး အိမ်နောက်က ချောက်ကြီးထဲမှာ ခြေတံရှည်တိုင်လုံးတွေနဲ့ ဆောက်ထားတာကို အသည်းတယားယား မြင်ကြရပါတယ်။ ခြေတံရှည်အိမ်လေးတွေက ခြေတံအနိမ့်အမြင့်ပေါ်မူတည်ပြီး အိမ်မှာ သွားရင် အိမ်က လှုပ်ခါနေတတ်ပါတယ်။ ဒါပေမဲ့လည်း သူတို့က သူတို့ဓလေ့ရိုးရာအတိုင်း ဒီလိုပဲ နေထိုင်အသားကျနေကြပါတယ်။ ကျွန်တော်ကတော့ အမြင့်ကြောက်သူမို့ အဲ့လို အိမ်လေးတွေမှာ နေရမယ်ဆိုရင် အတော်ကြောက်မိမှာပဲ။


ချင်းမြောက်ပိုင်းက အစည်ကားဆုံး မင်းတပ်

မင်းတပ်မြို့ကို ရောက်တော့ ကန်ပက်လက်မြို့တို့၊ အေးရွာတို့နဲ့ ရာသီဥတု ကွာသွားတာ စပြီး သတိထားမိတယ်။ သိပ်မအေးတော့ဘဲ နေသာထိုင်သာ ပိုရှိတယ်။ နေ့ခင်းဘက်ဆို ပူတဲ့ဘက်တောင် ရောက်ချင်တယ်။ မင်းတပ်မြို့က ကန်ပက်လက်မြို့ထက် မြို့ပိုကြီးတယ်။ အစိုးရရုံးတွေလည်း ပိုများတယ်။ ဘဏ်ကတော့ အစိုးရဘဏ်တစ်ခုတော့ သတိထားမိတယ်။ ပုဂ္ဂလိကဘဏ် မတွေ့မိဘူး။ အိမ်ခြေစိပ်တယ်။ တိုက်တာပိုများတယ်။ တိုက်တာဆိုပေမဲ့လည်း သူတို့ထုံးစံအတိုင်း ကားလမ်းမ မေးတင်ပြီး အိမ်နောက်ဘက်ကို ခြေတံရှည်တွေနဲ့ ချောက်ထဲ ချဆောက်ထားတာမျိုးတွေပဲ။ ဟိုဘက်မြို့တွေ ရွာတွေထက် နေ့ခင်းနေ့လည်ဆို လူစည်တယ်။ ဒါတောင် ကျွန်တော်တို့ရောက်တာ တနင်္ဂနွေနေ့မို့လို့ လမ်းရှင်းနေတာ။ အတော်များများက ဘုရားကျောင်းရောက်နေကြတယ်ပြောတယ်။ မင်းတပ်မြို့မှာတော့ ကန်ပက်လက်မြို့ထက်စာရင် ခရစ်ယာန်ဘာသာဝင် ပိုများပုံရတယ်။ မင်းတပ်မှာလည်း နာမည်ကြီး ဘုရားတွေရှိပါတယ်။ ရှေးဟောင်းဘုရားဖြစ်လို့တော့မဟုတ်ဘူး။ ညနေ နေဝင်ချိန်ကြည့်ရင် လှလို့ဆိုပြီး ဧည့်သည်တွေ သွားကြလို့ နာမည်ကြီးတာပါ။ မင်းတပ်မြို့က လျှပ်စစ်မီးရတဲ့ မြို့ပါ။ ကန်ပက်လက်မြို့မှာတော့ မကြာခင်ရတော့မယ်လို့ တလောက သတင်းစာထဲ ချင်းပြည်နယ်ဝန်ကြီးပြောတာ ဖတ်လိုက်ရတယ်။ ကျွန်တော်သွားတဲ့အထိတော့ ကန်ပက်လက်ရော အေးရွာရော လျှပ်စစ်မီး မရသေးဘဲ၊ ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးတွေနဲ့ ရပ်တည်နေကြပါတယ်။


အီကြာကွေးနဲ့ ဆန်ပြုတ်ကောင်းတဲ့ မင်းတပ်ဈေးဘက်

မနက်စာကို မင်းတပ်မြို့ရဲ့ တစ်ခုတည်းသော အစည်ကားဆုံးဈေးကြီးနားက မြို့နယ်အရံမီးသတ်တပ်ဖွဲ့ သက်သာဆိုင် (လက်ဖက်ရည်ဆိုင်) မှာ စားဖြစ်ကြတယ်။ ဒီဆိုင်က လူကြိတ်ကြိတ်တိုး၊ ထိုင်ခုံတောင် မနည်းလုရတယ်နော်။ ထုံးစံအတိုင်း ကျွန်တော်က ပိုးထတယ်။ ဒေသစာလေး စားချင်ပါတယ်ပေါ့။ ဒါတောင် အဖွဲ့ထဲပါလာတဲ့ အစ်ကိုတစ်ယောက်က ရှမ်းခေါက်ဆွဲ ရလားလို့ ဝန်ထမ်းကောင်မလေးကို မေးနေလို့ မနည်း တားယူရတယ်။ ရရင်လည်း စားလို့ကောင်းပါ့မလားပေါ့။ တော်သေးတယ် မရဘူးတဲ့။ မနက်စာကို ဒေသခံအတော်များများက ထမင်းကြော် နဲ့ လက်ဖက်ရည်ပဲ စားသောက်နေကြတာ သတိထားမိတယ်။ ကျွန်တော်က မနက်စာကို ဝဝ စားရမှ သဘောကျသူဆိုတော့ ထမင်းကြော်မဟုတ်ဘဲ ဘာစားစရာရလဲလို့မေးရတယ်။ ဆန်ပြုတ်ရတယ်ဆိုလို့ အရမ်းပျော်သွားတယ်။ ချင်းပြည်နယ်ဘက်က ဆန်ပြုတ်တွေလည်း စားလို့ကောင်းတယ် ကြားဖူးတာကိုး။ စားကြည့်မယ်ပေါ့။ နောက် အီကြာကွေးမှာစားတယ်။ ပဲပလာတာ မှာစားတယ်။ လက်ဖက်ရည်အရမ်းကောင်းတယ်ဆိုလို့ မှာသောက်တယ်။ ဆန်ပြုတ်က ကြက်သားတွေများများပါတော့ စားရအဆင်ပြေတယ်။ အရသာကတော့ ထူးခြားမနေပါဘူး။ အရသာထူးခြားပြီးတကယ်ကောင်းတာက အီကြာကွေး။ ရန်ကုန်မှာ ပွရောင်းနေတဲ့ အလယ်က အခေါင်းပေါက်ကြီးကြီးနဲ့ အီကြာကွေး ဖွယ်ဖွယ်ကြီးတွေ စားရတာများတော့ ခုလို အသားပြည့်ပြည့် ကျစ်ကျစ်လျစ်လျစ် အရသာ အရမ်းရှိတဲ့ အီကြာကွေးကို သဘောကျပြီး ဘယ်နှစ်ချောင်းမှန်းတောင်မသိအောင် စားဖြစ်သွားတယ်။ ဆန်ပြုတ်ထဲလည်း ထည့်စားတယ်။ ပဲပလာတာကတော့ ဒီအထက်ပိုင်းမှာတွေ့ရတဲ့ ပဲဝါအလုံးကြီးကြီးတွေနဲ့မို့ ကျွန်တော်က သိပ်မကြိုက်ဘူး။ ကျွန်တော်က အောက်ပြည်က စားတော်ပဲနဲ့ ပဲပလာတာကိုပဲ ကြိုက်တာ။ လက်ဖက်ရည်ကို အဖုံးလေးနဲ့ လာချပေးတယ်။ ဒါလေးကို သဘောကျတယ်။ ရန်ကုန်မှာလည်း အဲ့လိုလုပ်ပေးရင်ကောင်းမှာပဲ။ လက်ဖက်ရည်အရသာက ညွှန်းတဲ့အတိုင်း တကယ်ကောင်းပါတယ်။ စားသောက်ပြီးတော့ ဈေးထဲ ခဏပတ်ကြည့်တယ်။ မနက်ဖြန် ပြန်ရင် ဘာဝယ်ရမလဲဆိုတာ စ နည်းနာကြတာပေါ့။ ဝယ်ချင်တာလေးတွေနဲ့ ဝယ်ရမဲ့ဆိုင်လေးတွေ မှတ်ထားလိုက်တယ်။ ဈေးက အသစ်။ မီးလောင်ပြီး ပြန်ဆောက်ထားတာ မကြာသေးဘူးပြောတယ်။ ကြီးကြီးမားမားလည်း မဟုတ်ဘူး။ ငါးမိနစ်နဲ့တောင် ဈေးပတ်လို့ရတယ်။ ဒေသခံလမ်းညွှန်ညီငယ်လေးကတော့ အကြံပေးတယ်။ ရွာကိုသွားလည်ရင် ရွာက ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် လက်ဆောင်ဝယ်သွားတာ ကောင်းတယ်တဲ့။ ပြောလည်းပြော မုန့်ထုပ်တွေ၊ ခေါင်းလျှော်ရည်တွေ၊ သူစိတ်ကူးတည့်သလို ဝယ်နေတယ်။ ကလေးတွေအတွက် ကျောင်းစာအုပ် ဝယ်မလားတွေးမိပေမဲ့ ကျောင်းဖွင့်တဲ့အချိန်လည်းမဟုတ်တော့ အလဟသဖြစ်မှာလည်းစိုးတော့ တခြား အဝတ်လျှော်ဆပ်ပြာ၊ အအေးဗူးနဲ့ မုန့်တွေပဲ ပိုဝယ်လိုက်တော့တယ်။


ပန်းအော့ရွာဆီ ခြေလျင်ခရီးနှင်

ဈေးနားတစ်ဝိုက်မှာတင် ကားဂိတ်တွေရှိတော့ ဒီတစ်ဝိုက်က စည်ကားနေတယ်။ ဒီနေရာလေးကနေမှ မတူပီမြို့ဘက်ထွက်တဲ့လမ်းအတိုင်း မြို့ပြင်ကို ကားနဲ့ ထွက်လာတယ်။ မြေနီလမ်းလေးနဲ့ လမ်းဆုံတစ်နေရာရောက်တော့ ကားရပ်ပေးပြီး ဒီကနေ ဆင်းလျှောက်ရမယ်တဲ့။ စိတ်ထဲ ကားဝင်လို့ မရတဲ့နေရာဖြစ်မယ်လို့ပဲ တွေးထားလိုက်တယ်။ ဒီနေ့တော့ Trekking ဖြစ်သွားပြီ။ ရေသန့်ဘူးကြီးထက် ရေသန့်ဘူးသေး နှစ်လုံးထည့်ထားလိုက်တယ်။ Mask တော့ လိုရမယ်ရထည့်လာတယ်။ တကယ်လည်း လိုတယ်။ ဒီမှာက ဝိတိုရိယတောင်တက်တုန်းကထက် ဆိုင်ကယ်တဗျင်းဗျင်းနဲ့ အမြဲလိုလို ဖြတ်နေကြတော့ ဖုန်လုံးကြီးတွေ တလိမ့်လိမ့်လေ။ ဦးထုပ် ပါမလာတာတော့ နောင်တတွေရလို့ပေါ့ဗျာ။ ဒီကြားတည်း အေးမလားဆိုပြီး waist coat လေး ဝတ်လိုက်မိတော့ ပိုဆိုးသွားရော။ Trekking ဆိုပေမဲ့လည်း ဒေသကိုက တောင်ပေါ်ဒေသဖြစ်နေတော့ တောင်ကတော့ တက်ရ ဆင်းရ တုန်းပဲ။ လမ်းလေး ပြေပြေဖြစ်နေတာလေးမို့ လျှောက်ရအဆင်ပြေသွားတာပဲ ရှိတယ်။ ရွာရောက်ဖို့လည်း လမ်းအတော်လျှောက်ရပါတယ်။ လျှောက်နေရင်းနဲ့မှ သတိရသွားပြီး ဒေသခံဧည့်လမ်းညွှန်လေးကို မေးရတယ်။ ဒီမှာ ကားသွားဖို့အတွက် အကျယ်အဝန်းအဆင်ပြေတဲ့ လမ်းလည်း ရှိနေတယ်။ ဆိုင်ကယ်တွေလည်း ဖြတ်ဖြတ်နေကြတာကို ငါတို့က ဘာလို့ လမ်းလျှောက်နေကြရတာလဲ လို့။ ဒီတော့မှ အားလုံးလည်း ရယ်မိကြတယ်။ Trekking ခေါင်းစဉ်ကြီးနဲ့ဆိုတော့လည်း လျှောက်လိုက်ဦးပေါ့ သီဟရေ လို့ပဲ ကိုယ့်ကိုကိုယ် အားတင်းလိုက်ရတယ်။ ဝိတိုရိယတုန်းကတော့ ရာသီဥတု အေးမြတာရယ်၊ ဘေးဘီလေးက စိမ်းလန်းသယောင်ရှိတာရယ်၊ ရှုခင်းတွေက ရှင်းလင်းမြင်သာတာရယ်ကြောင့် သွားရကောင်းတယ်။ ဒီမှာတော့ နည်းနည်းခြောက်သွေ့တယ်။ လမ်းတစ်လျှောက်လည်း အိမ်ခြေတွေ ရှိပေမဲ့ ကျဲပြီး တစ်အိမ်စ နှစ်အိမ်စ ပဲတွေ့ရတယ်။ ဒါလည်း လူမရှိဘဲ ပိတ်ထားတာများတယ်။ တောင်ယာသွားလုပ်နေကြသလားတော့ မသိဘူး။ အိမ်လေးတွေက ထုံးစံအတိုင်း လမ်းကိုမေးတင်ပြီး ခြေတံရှည်တွေနဲ့ ချောက်ဘက်ကို ထုတ်လို့ ဆောက်ထားတယ်။ များသောအားဖြင့် သစ်သားအိမ်လေးတွေ။ ခြေတံတွေကလည်း သစ်လုံးတွေပဲ။ အိမ်လေးတွေက မကျယ်ဘူး။ ၁၅ ပေ ပတ်လည်လောက်ပဲ ရှိမယ်။ အိမ်လေးတွေရဲ့ဘေးမှာ အမိုးလေးတွေနဲ့ခြံသေးသေးလေးလုပ်ပြီး ဝက်တွေမွေးကြတယ်။ ချောက်ထဲကို လမ်းကြည့်ရင် ခြေတံရှည်တွေ စိုက်ထားတဲ့ အဆင့်တစ်ခုမှာ အိမ်သာလေးတွေ ဆောက်ထားတာ တွေ့ရတယ်။ တွေးမိတယ်။ အိမ်သာတက်ရင်တော့ အောက်က လေတဝှီးဝှီးနဲ့ ဖြစ်နေမလားဘဲ။ တချို့အိမ်တွေက အလုံပိတ်သွားကြပေမဲ့ အိမ်အနီးအပါးမှာ ဝဥလေးတွေကို လှီးဖြတ်ပြီး အခြောက်လှမ်းထားခဲ့ကြတယ်။

ဝက်စာ စဉ်းနေတာတဲ့

လမ်းဆက်လျှောက်ရင်း ရေသံကြားတော့ တောင်ဘက်ကို သတိထားကြည့်မိလိုက်တာ ဝါးခြမ်းပြားလေးကနေ ရေတွေ အဆက်မပြတ်ကျနေတာ တွေ့လိုက်ရတယ်။ ရာသီဥတုပူတာနဲ့ ရေကို ထိချင်ကိုင်ချင်စိတ်များပြီး လက်လေးနဲ့ ခံကြည့်တယ်။ အေးနေတာပဲ။ ဒီလို လမ်းမှာ ရေချပေးထားတာ လမ်းသွားလမ်းလာတွေ အမောပြေ ရေသောက်လို့ရအောင်တဲ့။ ကျွန်တော်တော့ မသောက်ရဲလို့ စမ်းမသောက်ကြည့်ခဲ့ရဘူး။ အေးနေတော့ ထည့်လာတဲ့ ရေသန့်ဗူးထက်စာရင် ပိုပြီး သောက်ချင်စရာတော့ ဖြစ်နေပါတယ်။ အရင်ကတော့ ဒီဒေသမှာ မြွေတွေ ရှိတယ်ပြောတယ်။ လမ်းသွားရင်း အပေါ်ကနေ ကျလာတတ်တယ်တဲ့။ ခုတော့ မြွေတွေလည်း နေစရာ မရှိတော့လို့ထင်တယ်။ မတွေ့ရတော့ဘူးတဲ့လေ။ ဖြစ်နိုင်လောက်တယ်။ လမ်းလျှောက်လာတဲ့ တစ်လျှောက် တစ်ဘက်က ချောက်၊ တစ်ဘက်က တောင်မှာ တောင်တွေက ကတုံးလေးတွေ ဖြစ်နေပြီ။ တောင်ယာအတွက် ရှင်းလင်းစိုက်ပျိုးထားတယ်။ တချို့တောင်ယာတွေဆိုရင် တကယ်မက်မက်ကြီး ဘယ်လိုများ စိုက်သလဲတောင် အံ့သြယူရတယ်။ တချို့လည်း မက်စောက်တဲ့နေရာမှာ တောင်ယာလုပ်ရင်း အောက်ကိုချော်ပြီး ပြုတ်ကျကြတယ်ပြောတယ်။ များသောအားဖြင့်တော့ ဒီလိုမျိုးက သူတို့အတွက် အေးဆေးပါတဲ့။ ကျွန်တော်ဖြင့် စဉ်းစားရင်းတော့ ခြေဖျာျးအေးလာတယ်။ အာဂချင်းတွေပါဗျာ။

စိမ့်စမ်းရေကို ခုလို ပိုက်တွေနဲ့သွယ်ယူ

လျှောက်တာ နာရီဝက်လောက်ကြာတော့ ရွာနား နီးလာတယ်။ ရွာအဝင်နားက စလို့ အိမ်ကြီးကြီးမားမားတွေ တွေ့လာရတယ်။ သစ်သားထရံကာပေမဲ့ သွပ်မိုးအိမ်လေးတွေ၊ တချို့လည်း သွပ်ပြားတွေကို အိမ်အကာအတွက်ပါသုံးကြတယ်။ အထူးသ့ဖြင့် ချောက်ဘက်ကို ဆောက်ထားတဲ့ အိမ်နောက်ပိုင်းကို သွပ်ပြားတွေနဲ့ ကာကြတယ်။ ကြည့်ရတာ လေတိုး မိုးတိုး ခံနိုင်အောင်ဖြစ်ပါလိမ့်မယ်။ ဒီရွာလေးမှာ ကလေးငယ်လေးတွေကအစ အိမ်အလုပ်ဝိုင်းကူနေကြတာ သတိထားမိတယ်။ ကိုယ်တွေများ အဲ့ဒီအရွယ်တုန်းက ဆော့ကောင်းတုန်း။ သူလေးတွေကျတော့ ဝက်စာ၊ နွားစာတွေ စဉ်းပေးနေကြတာ လူကြီးလေးတွေအတိုင်းပဲ သေသေသပ်သပ် ရှိတယ်။ ဓါးကိုင်လည်း ကျွမ်းကျင်ကြတယ်။ ဓါးဆိုမှ သတိရသွားတယ်။ ဒီဘက်ဒေသရဲ့ ဓလေ့လို့ပဲ ဆိုရမလား။ ချင်းအမျိုးသားအများစုက ကြီးကြီးငယ်ငယ် ပလိုင်းသေးလေးလွယ်ပြီး ဓါးတစ်ချောင်းအမြဲလိုလို ဆောင်ထားတတ်ကြတယ်။ ကန်ပက်လက်တို့ အေးရွာ တို့မှာကတည်းက သတိပြုမိတယ်။ အန္တရာယ်ကြုံလာရင် အသင့်ဖြစ်နေအောင်လား၊ တောကောင်တွေရန်မူရင် ကာကွယ်နိုင်အောင်လား၊ ဓလေ့တစ်ခုအနေနဲ့လားတော့ သေချာမသိပါဘူး။ ဒါပေမဲ့ ဒါလေးကလည်း ဧည့်သည်တွေအတွက် ဆွဲဆောင်မှုတစ်မျိုး ဖြစ်နေပါတယ်။


ရွာနားဝန်းကျင်မှာ သောက်ရေအတွက်ရော၊ အိမ်သုံးဖို့အတွက်ပါ စောစောကလို တောင်ပေါ်ရေကျတွေ၊ စမ်းချောင်းတွေကနေ ရေပိုင်ငယ်တွေနဲ့ အဆင့်ဆင့် သွယ်ယူကြတယ်။ ရေကတော့ ဒီစမ်းချောင်းလေးတွေ အသက်ဝင်နေသရွေ့ ဗုံးပေါလအော သုံးနိုင်စွဲနိုင်တဲ့သဘော ရှိပါတယ်။ ပန်းအော့ရွာဦးထိပ်နားရောက်ပြီလို့ လမ်းညွှန်လေးက ပြောတော့မှ ရွာလေးကို ပီပီပြင်ပြင် သတိပြုမိတယ်။ ပန်းအော့ရွာအဝင်ထိပ်လေးမှာ တိုက်တစ်လုံးကို မိသားစုတစ်စုက တက်ညီလက်ညီဆောက်နေကြတယ်။ အဲ့ဒီဘက်က ကလေးတွေ ဘယ်လောက်လိမ္မာလဲဆိုရင် သူတို့အိမ်ဆောက်တာကို သူတို့ကိုယ်တိုင် သဲတွေ၊ ဘိလပ်မြေတွေ သယ်ပေးနေကြတယ်။ လူလေးကြည့်တော့ လက်တောက်လောက်လေးတွေနဲ့။ နောက်ဆို သူက ပြောလို့ရပြီလေ၊ ငါ့အိမ်ကို ငါကိုယ်တိုင်ဆောက်လာတာလို့။ ရွာအဝင်ထိပ်တည့်တည့်က ကုန်းမြင့်လေးမှာ ထင်းထင်းလေး ရှိနေတာက မူလတန်းကျောင်း။ စာသင်ကျောင်းကို မြင်ရတော့ ဒီဒေသကလေးတွေအတွက် စိတ်ချမ်းသာမိတာအမှန်ပါ။ ကျောင်းပိတ်ချိန်ဆိုတော့ စာသင်ကျောင်းက ခြောက်ကပ်လို့။ ပန်းအော့ရွာက တခြားရွာတွေလို လမ်းတစ်လျှောက်မှာပဲ ရှိနေတာမျိုး မဟုတ်ပါဘူး။ လမ်းမကနေ အောက်ဘက်ကို ပြန့်ပြီး တည်ထားတဲ့ ရွာမျိုး။ အဲဒီတော့ ရွာက မရှည်ဘဲ တောင်အောက်ဘက်ကို ပြန့်သွားတယ်။ ကျွန်တော်တို့လည်း တောင်အောက်ဘက်ကို လိုက်ဆင်းရပါတယ်။ ဒါမှလည်း တကယ့် ရွာဓလေ့တွေကို မြင်ရမှာကိုး။ စပြီး ဆင်းလိုက်တာနဲ့ တောင်စောင်းကို မြေပြန့်ဖြစ်အောက် ဖန်တီးထားတဲ့ ဘောလုံးကွင်းကျယ်ကျယ်တစ်ခုကို တွေ့လိုက်ရတယ်။ ဒီပန်းဘော့ရွာက အတော်လေး အမြင်ကျယ်တယ်လို့ ခံစားရပါတယ်။ အိမ်လေးတွေက စိပ်တယ်။ တချို့ကတော့ အိမ်တစ်ခုလုံး သစ်သားတွေနဲ့ နှစ်ထပ်အိမ်၊ တချို့ကတော့ တကယ့် တဲစုတ်လေးလိုမျိုး။ ရေဒီယိုလိုင်းမိလို့ထင်တယ်။ အိမ်အများစု ရေဒီယိုနားထောင်ကြတယ်။ အဲ့ဒီနေ့က ရေဒီယိုက လာနေတဲ့သီချင်းက ကျွန်တော်သိပ်ကြိုက်တဲ့ Where Are You Now သီချင်းလေး။ ဒါတွေနားထောင်နေတယ်ဆိုကတည်းက ရွာက ခေတ်မီနေပြီလို့ သိလိုက်ပါပြီ။ တချို့အိမ်တွေမှာ Satellite စလောင်းတွေတောင် တွေ့တယ်။ သူတို့ဆီမှာတော့ SkyNet တို့ 4TV တို့ထက် အမည်းရောင် နဲ့ လိမ္မော်ရောင် စလောင်းတွေကို သုံးကြတာများပါတယ်။ TATA Sky ဖြစ်မယ်ထင်ပါတယ်။


ရွာထဲက ဘယ်အိမ်က ဘယ်လိုချမ်းသာတယ်။ သြဇာကြီးတယ်ဆိုတာ သိနိုင်တဲ့ တစ်ခုတည်းသောနည်းလမ်းက အိမ်ခြံဝန်းထဲမှာ စိုက်ထားတဲ့ တိုင်တွေပဲ။ နတ်တွေကို ပူဇော်တဲ့ အလေ့အထတစ်ခုက ခုထိ ရှိနေဆဲမို့ နွားနောက်တစ်ကောင်သတ်ပြီးရင် အဲ့ဒီ နွားနောက်ကို ကိုယ်စားပြုတဲ့ တိုင်လေး အိမ်ရှေ့မှာ စိုက်ကြတယ်။ နှစ်ကောင်ဆို နှစ်တိုင်ပေါ့။ ပြီးတော့ ကြက်ဥတွေလည်း တင်ပြီး ပူဇော်ကြတယ်။ ဒီလိုတိုင်များရင် ချမ်းသာကြောင်းပေါ်လွင်ပြီး သြဇာကြီးသူဖြစ်ကြောင်း အလိုလို သိနိုင်တယ်လေ။ နွားနောက်တစ်ကောင်ရဲ့ တန်ဖိုးကလည်း သိန်း ၂၀ လောက်ရှိတာကိုး။ တချို့အိမ်တွေမှာတော့ အိမ်သာ အနီးအပါးမှာ ဆောက်ထားတာ တွေ့ရတယ်။ တချို့လည်း ဘုံသုံးတယ်ထင်တယ်။ အိမ်သာ နှစ်လုံးကို ပတ်လည်အိမ်တွေက ဝိုင်းသုံးကြပုံရတယ်။ တောင်အောက်ပိုင်းမှာရှိတဲ့ အိမ်တွေက အဘွားအိုတွေ တော်တော်များများက ပါးမဲ (ပယဲ) ထိုးထားကြသူတွေများတယ်။ သူတို့ရဲ့ ပယဲထိုးပုံက မျိုးရိုးပေါ်မူတည်ပြီး အနည်းငယ်ကွာခြားတယ်ပြောတယ်။ အိမ်တိုင်းလိုလိုမှာတော့ ပြောင်းဖူးတွေ အိမ်ခေါင်မိုးထုတ်တန်းပေါ်မှာ လှမ်းထားကြတယ်။ ပြီးတော့ ခေါင်ရည်လုပ်ဖို့ ဆပ်နီခြောက်တွေ သိမ်းထားကြတယ်။ ခေါင်အိုးတွေထဲ စိမ်ပြီး ခေါင်ဖောက်ထားကြတယ်။ ဒါကို ချမ်းသာတဲ့အိမ်ရော ဆင်းရဲတဲ့အိမ်ရော လုပ်ဆောင်ကြပါတယ်။

ချင်းဘွားဘွားရဲ့ သဘာဝဆန်တဲ့အလှ

ရွာထဲရောက်တာနဲ့ ကလေးငယ်တွေမြင်တိုင်း မုန့်လက်ဆောင်တွေပေးတယ်။ သူတို့က လက်နှစ်ဖက်နဲ့ သေချာယူပြီး ကျေးဇူးတင်စကားပြောတယ်။ သိပ်တော့ ရှက်ကြောက်နေတာ မရှိပါဘူး။ ချစ်ဖို့ကောင်းကြတယ်။ ပါးမဲ (ပယဲ)ထိုးထားတဲ့ အဘွားတွေကိုလည်း ဆပ်ပြာတုံး၊ ခေါင်းလျှော်ရည်တွေ လက်ဆောင်ပေးပြီး သူတို့ကို ဓါတ်ပုံရိုက်ယူတယ်။ ဒီလိုလေး အပေးအယူတော့ လုပ်ရတာပေါ့နော်။ ရွာအတွင်းပိုင်းလေးဝင်ပြီး တောင်စောင်းတစ်လျှောက် ဆက်သွားတော့ ရွာပြင်လို့ ခေါ်မလားမသိဘူး အောက်ဘက်ပိုင်းတစ်နေရာရောက်လာတယ်။ အုတ်ဂူလေးတွေတွေ့တော့ ဒါ သူတို့ရွာရဲ့ သင်္ချိင်း ဖြစ်မယ်လို့ တွေးမိတယ်။ အဲ့ဒီနားမှာလည်း အိမ်လေးတွေ ရှိနေတယ်။ နွားနောက်လှလှလေး တစ်ကောင်လည်းတွေ့တယ်။ သူတို့ကို ဒီအတိုင်း ကိုင်ချင်တိုင်း ကိုင်လို့မရဘူး။ စိတ်ရိုင်းဝင်နေရင် ကိုယ်ထိမယ်လေ။ အိမ်သုံးဆားလေးကို လက်ထဲထည့်ပြီး အစာကျွေးရင်း ကိုင်လို့တော့ရတယ်။ ဒါပေမဲ့ ကျွန်တော်တော့ မစမ်းရဲခဲ့ပြန်ပါဘူးဗျာ။ လှပြီး ယှဉ်မဲ့ပုံလေးပါ။ နွားနောက်ကို ဒီဘက်ဒေသမှာက စားဖို့ပဲ မွေးကြတာပါ။ ပွဲတော်တွေမှာ နွားနောက်သတ်မယ်၊ ဆိတ်သတ်မယ်၊ ဝက်သတ်မယ်။ ဒါတွေနဲ့ ဧည့်ခံမယ်။ ဒီလိုပေါ့။ အဲ့ဒီ နွားနောက်ရှိတဲ့အိမ်ရဲ့ ရှေ့ဘက်မှာ ကျောက်တုံးလေးတွေကို ထိုင်ခုံပုံစံလုပ်ထားတာလေးတွေ အများကြီးတွေ့တယ်။ ဝမ်းသာအားရ သွားထိုင်လိုက်တယ်။ ခြေထောက်လည်း အရမ်းညောင်းနေပြီကိုး။ သတိပြုမိတာက ဒီကျောက်တုံးလေးတွေကို ရည်ရွယ်ချက်တစ်ခုခုနဲ့ ဖန်တီးထားတာဖြစ်မလား၊ ဘာလို့ ဒီနားကျမှ ဒီလိုကျောက်တုံးထိုင်ခုံတွေ အများကြီးစုနေရသလဲ စဉ်းစားမိသွားတော့ မေးကြည့်ရတယ်။ တကယ်တော့ ဒီကျောက်တုံးလေးတွေက ထိုင်ခုံတွေ မဟုတ်ဘဲ အိမ်ပုံစံ တည်ထားတာတဲ့။ အရင်က အယူအဆအရ လူဟာ သေသွားရင် သွားစရာ နေစရာ မရှိဖြစ်နေတတ်လို့ နေစရာ စီစဉ်ပေးထားတာတဲ့။ အရိုးအိုးတွေကို ဒီကျောက်တုံးအိမ်လေးတွေအောက်မှာ ထားထားကြတယ်တဲ့လေ။ ခုနောက်ပိုင်းတော့ လူတွေကို အုတ်ဂူလေးတွေနဲ့ပဲ သင်္ဂြိုလ်တော့တယ်တဲ့။ ဒီကျောက်တုံးအိမ်လေးတွေကိုတော့ အစဉ်အလာမဖျက်ဘဲ၊ သေသွားတဲ့နွားနောက်တွေအတွက် ဆက်ပြီး ဆောက်လုပ်ပေးကြပါတယ်တဲ့။ ဒါကတော့ ဒေသခံလမ်းညွှန်လေးဆီက ကြားရသမျှပါ။

လူသေရင် နေစရာရှိအောင် ဆောက်ပေးခဲ့တဲ့ ကျောက်အိမ်လေးတွေ၊ ခုတော့ နွားနောက်သေရင် ဆောက်ပေးတယ်တဲ့

ကျွန်တော်တို့ အဆင်ပြေစွာပဲ နည်းနည်းချို့တဲ့ပုံရတဲ့ ချင်းအမျိုးသမီးကြီးတစ်ဦးနေတဲ့ အိမ်လေးထဲ ဝင်ကြည့်ခွင့်ရခဲ့တယ်။ အိမ်လေးက ဆယ်ပေပတ်လည်လေး။ ထရံကာ သက်ကယ်မိုးအိမ်လေးပေါ့။ အိမ်ရှေ့လေးမှာ ၂ပေလောက်ရှိတဲ့ ထင်းထားတဲ့ အခန်းလေးတစ်ခု။ အတွင်းခန်းထဲမှာက မီးဖို၊ အိပ်တဲ့နေရာ၊ အဝတ်သေတ္တာ၊ စုံစီနဖာကို စနစ်တကျစီပြီးထားတာလေး တွေ့ရတယ်။ ဒီမှာပဲ ချက်၊ ဒီမှာပဲ အိပ် ပေါ့။ မီးဖိုကို အိမ်ထဲမှာ ထားတဲ့အတွက် ဆောင်းတွင်းဆိုလည်း အနွေးဓါတ်လေး ရနေမယ် ထင်ပါတယ်။ အိမ်ဘေးမှာတော့ ဆပ်နီနဲ့ ခေါင် ဖောက်ထားတဲ့အိုးတွေကို စီထားတာတွေ့တယ်။ သူ့ဆီမှာပဲ ဆပ်နီခြောက်တွေကို အိတ်လိုက်ကြီး သိမ်းထားတာတွေ့တယ်။ ရွာထဲက အိမ်လေးတွေမှာ အဆင်ပြေရင်ပြေသလို ငရုတ်သီး၊ ဆေးရွက်ကြီး နဲ့ ကော်ဖီပင်လေးတွေ စိုက်ထားကြတာတွေ့ရတယ်။ ဂေါ်ရခါးတို့လို စင်ထိုးပြီးစိုက်ရတဲ့ အသီးအနှံပင်တွေလည်း တချို့စိုက်ထားကြတယ်။

ချင်းအိမ်လေးထဲ ဝင်ကြည့်မိတော့.. ခုလိုတွေ့တယ်

ရွာက ထင်တာထက် တိတ်ဆိတ်နေတယ်။ အိမ်ခြေလည်းနည်းတော့ နည်းနည်းပတ်လိုက်တာနဲ့တင် တစ်ရွာလုံးနှံ့သွားတဲ့ သဘောရှိတယ်။ ကျွန်တော်တို့ ကားလမ်းမဘက် ပြန်တက်လာကြတယ်။ အဲ့ဒီကနေမှာ ရွာအဝင်ဘက်ကို ပြန်လျှောက်လာကြပြီးတော့ တောင်ပေါ် တောင်စောင်းမှာ စိုက်တဲ့ စတော်ဘယ်ရီခင်း ရှိတဲ့နေရာဆီ သွားကြတယ်။ ဒီဘက်မှာ စတော်ဘယ်ရီသီး စိုက်မှန်း ရှိမှန်း ခုမှ သိတယ်။ တောင်စောင်းကို မြေသားလှေကားထစ်တွေ လုပ်ပေးထားပေမဲ့ အတော် တက်ရခက်ပါတယ်။ နောက်ကို ပြန်လှိမ့်ကျသွားမလား စိတ်တထင့်ထင့်နဲ့ တက်ရတယ်။ အရမ်းလည်းမြင့်ပါတယ်။ တောင်မတက်ချင်တော့ပါဘူးဆိုမှ အခုတောင်ကို အတော်လေးတက်ယူရတယ်။ မက်လွန်းတော့ တက်တဲ့လူလည်း ဟိုက်လာတယ်။ ဖြေးဖြေးချင်း နားနားပြီးတက်ယူရတယ်။ တကယ်က ၁၀ မိနစ်တောင် မတက်ရတဲ့ခရီးပါ။ ဒါပေမဲ့ အရမ်းတန်ပါတယ်။ စတော်ဘယ်ရီခင်းရှိတဲ့နေရာကို ရောက်တဲ့အချိန်မှာ လူက ပေါ့ပါးလန်းဆန်းသွားတယ်။ ရှုခင်းက အတော်လေးလှသလို၊ လေအေးလေးတွေ တိုက်နေတယ်လို့ ခံစားရလာတယ်။ စတော်ဘယ်ရီခင်း မရောက်ခင် ယာခင်းပိုင်ရှင်ရဲ့ အိမ်လေးကို အရင်တွေ့ရတယ်။ ရိုးရိုးလေးပဲ အိမ်လေးက။ ဒါပေမဲ့ နေချင်စရာလေး။ အိမ်အတွင်းထဲမှာ ပိုစတာလေးချိတ်ထားတာက လျှီးပန် ရဲ့ ငှီရိမ္ထာ သဘာဝစတော်ဘယ်ရီခင်း တဲ့။ ကျွန်တော် ၃ ထောင်ဖိုး ခူးခိုင်းလိုက်တယ်။ ကိုယ်တိုင်လည်း လိုက်ခူးတယ်။ ချက်ချင်းခူးပြီး ချက်ချင်းစားတယ်။ အရသာ အရမ်းရှိတယ်။ စတော်ဘယ်ရီသီးလေးတွေက နီမြန်းနေပြီးတော့ ချိုနေတယ်။ ၃ ထောင်ဖိုးကို ကျွတ်ကျွတ်အိတ်နဲ့ ၂ အိတ်တောင်ရတယ်။ နေ့ခင်းပိုင်း ၄ ယောက်စားကြတယ်။ ညပိုင်းတောင် ဝိုင်လေးနဲ့ တွဲသောက်ဖို့ အများကြီးကျန်နေသေးတယ်။ သဘာဝစစ်စစ်မို့ စားရတာ ပိုကောင်းတာ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။ မြေပြန့်ကြီးမှာ ရှိနေတဲ့ စတော်ဘယ်ရီခင်းထက် တောင်စောင်းစတော်ဘယ်ရီခင်းက ပိုလှတယ်။ အတန်းလိုက် သေသေချာချာစိုက်ထားတယ်။ ရေဖြန်းစနစ်နဲ့စိုက်တယ်။ ခူးရတာ အသည်းတော့ ယားတယ်။ ခြေချော်ပြီး တောင်စောင်းကနေ လိမ့်ကျသွားမလားပေါ့။ ဒီ Trekking ကတော့ ခုလို သဘာဝသစ်သီးလေးတွေ အားပါးတရ စားရတာနဲ့ကို ပျော်စရာကောင်းနေတယ်လို့ ခံစားရတယ်။


ဒီကနေ မင်းတပ်မြို့ထဲက ဟိုတယ်ပြန်နားမယ်လုပ်တော့ လမ်းညွှန်ညီလေးက သတိပေးတယ်။ ဒီနားမှာ ရေတံခွန်တစ်ခုရှိတယ်။ ရောက်တုန်းသွားပါလားတဲ့။ တောင်ပေါ်မှာ ရေတံခွန်ရှိတယ်ဆိုတဲ့ စိတ်ကူးလေးက ရေတံခွန်ကို မြင်ချင်စိတ် ပိုနိုးကြားသွားစေသလားပဲ။ ရာသီဥတုကလည်း ပူနေတော့ ရေတံခွန်ကို အရမ်းသွားချင်စိတ်ပေါ်လာတယ်။ ချက်ချင်းတိုင်ပင်ပြီး သွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ လမ်းတော့ မလျှောက်နိုင်ဘူး။ ကားနဲ့ပဲ သွားမယ်ဆိုတော့၊ ကားနဲ့ပဲ သွားမှရမယ်၊ ဝေးတယ်လို့ပြောရှာပါတယ်။ ဒါနဲ့ပဲ ကားကို လှမ်းခေါ်ပြီး ပန်းအော့ရွာကနေပဲ စောင့်နေလိုက်တော့တယ်။




သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter