top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ဖိလစ်ပိုင် အလည်မသွားခင် ကြိုပြင်ဆင်

ကျွန်တော့်ရဲ့ ၂၄ နိုင်ငံမြောက် အလည်သွားတဲ့နိုင်ငံက ဖိလစ်ပိုင်နိုင်ငံ ဖြစ်ခဲ့ပါပြီ.... လေယာဉ်ခ ကလွဲရင် ပြည်တွင်းအသုံးစရိတ် အတော်လေး သက်သာတာကို သိခဲ့ရသလို၊ အတော်လေး ပျော်ရတဲ့နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။ ရေမြေအနေအထား၊ လူနေထိုင်မှုပုံစံတွေက မြန်မာနဲ့ မကွာလှပါဘူး။ ဒါကြောင့် မြန်မာတွေ သွားလည်ရင် အရမ်းကြီး ယဉ်ကျေးမှုကွာဟတာမျိုးမရှိလို့ ထိုင်းနိုင်ငံ အလည်သွားရသလိုကို စိတ်လက်ပေါ့ပါးနေမှာပါ။

ဒါကြောင့် ဖိလစ်ပိုင်ကို အလည်သွားချင်သူတွေ ရှိရင် သိသင့်တာလေးတွေ ကြိုတင်သိရှိ ပြင်ဆင်နိုင်ဖို့ ကျွန်တော် သိထားသမျှ ပြန်လည် ဝေမျှပေးချင်ပါတယ်။



ဖိလစ်ပိုင်နိုင်ငံ ဆိုတာ


ဖိလစ်ပိုင် ဟာ ကျွန်းပေါင်း ၇၀၀၀ ကျော် (အတိအကျဆိုရင် ၇,၆၄၁ ကျွန်း) နဲ့ ပါဝင်ဖွဲ့စည်းထားတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာလည်း အပျက်အစီး အထိအခိုက်များခဲ့တဲ့ နိုင်ငံ တစ်ခု ဖြစ်ခဲ့သလို၊ စပိန်၊ အမေရိကန်၊ ဂျပန် စတဲ့နိုင်ငံကြီးတွေရဲ့ ကိုလိုနီနယ်ချဲ့ခြင်းကို ခံစားခဲ့ကြရတဲ့ နိုင်ငံ ဖြစ်ပါတယ်။ ၁၉၄၆ ခုနှစ်မှာမှ လွတ်လပ်ရေး ရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ လူဦးရေ ၁၁၄ သန်းခန့် ရှိနေပါတယ်။.



ဖိလစ်ပိုင် ကို ခရီးသွားဖို့ အကောင်းဆုံအချိန်


ဖိလစ်ပိုင် ကို ခရီးထွက်မယ်ဆိုရင် လူအစည်ဆုံးအချိန်သွားချင်တာလား၊ ရာသီဥတုအကောင်းဆုံးချိန် သွားချင်တာလား စိတ်ကြိုက်ရွေးချယ်သွားနိုင်ပါတယ်။ အားနည်းချက် အားသာချက်ကတော့ ငွေပိုကုန်တာ မကုန်တာပါပဲ။ ရာသီဥတုလည်း အပြောင်းအလဲမြန်တတ်တာမို့ ခရီးသွားမယ်ဆို သေချာချင့်ချိန်သွားလာသင့်ပါတယ်။


ဖိလစ်ပိုင်ကို ခရီးသွားလို့ အကောင်းဆုံးအချိန်ကတော့ ဒီဇင်ဘာလ ကနေ ဖေဖော်ဝါရီလ အတွင်း ဖြစ်ပါတယ်။ ပူနွေးစိုစွတ်နိုင်ငံမို့ ဒီအချိန်ဆို ရာသီဥတုဟာ အေးမြကောင်းမွန်နေပြီး ခရစ်ယာန်နိုင်ငံတစ်ခုမို့ ပွဲတော်လည်း များပြားတဲ့ကာလဖြစ်ပါတယ်။ တစ်ခုဆိုးတာက ခရီးသွားအရမ်းများတာမို့ သွားရလာရတာ နေရာတကာ ကြပ်ညပ်နေသလို ခံစားရစေပါတယ်။ ဈေးလည်း မြင့်တက်ပါတယ်။


မတ်လ ကနေ မေလ အတွင်းတော့ ရာသီဥတု အတော်ပူပါတယ်။ လေထုစိုထိုင်းဆလည်း မြင့်မားလို့ မြူဖြစ်ပေါ်မှုများတတ်ပါသေးတယ်။ တောင်ပေါ်ဒေသတွေကို သွားလည်ရင်တော့ အဆင်ပြေပါတယ်။ဇွန်လ ကနေ အောက်တိုဘာလ အထိတော့ မိုးတွင်းဖြစ်ပြန်လို့ မိုးစက်တွေကြား လည်ပတ်ရတတ်ပါတယ်။ ဆိုးတာက ကျွန်းနိုင်ငံမို့ မုန်တိုင်းတွေလည်း ရှိတတ်ပါသေးတယ်။ ဇူလိုင်လ နဲ့ သြဂုတ်လတွေကတော့ မိုးအများဆုံးလတွေပါပဲ။


အကုန်အကျအားဖြင့် အသက်သာဆုံးကတော့ မိုးတွင်းကာလမို့ ဖြစ်နိုင်ရင် မိုးဦးကျစ၊ မိုးကုန်ခါနီး လောက် သွားနိုင်ရင် ဈေးလည်းသက်သာ၊ ရာသီဥတုလည်း သင့်တင့်နေတတ်ပါတယ်။


ရာသီဥတု


ဖိလစ်ပိုင် ဟာ ကျွန်းနိုင်ငံ ဖြစ်တော့ ရာသီဥတုက ရုတ်တရက်ပြောင်းလဲတတ်ပါတယ်။ ဒီနေ့ မိုးအကြီးအကျယ်ရွာပေမဲ့ နောက်နေ့ နေခြစ်ခြစ်တောက် ပူနေတတ်ပြန်ပါတယ်။ ပူနွေးစိုစွတ်နိုင်ငံဖြစ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ ရာသီဥတု အနေအထား တော်တော်တူပါတယ်။ တစ်နှစ်ပတ်လုံးတော့ မိုးရှိနေတတ်ပြီး နည်းတာ များတာတော့ လပေါ်မူတည်လို့ ကွာခြားသွားပါတယ်။


မတ် ကနေ မေလထိက နွေ၊ ဇွန် ကနေ အောက်တိုဘာလထိက မိုး နဲ့ နိုဝင်ဘာ ကနေ ဖေဖော်ဝါရီလထိက ဆောင်းလို့ ပြောလို့ရပါတယ်။



ဘာတွေကြိုသိထားရမလဲ? ကြိုပြင်ဆင်ရမလဲ?


၁ // သွားရေးလာရေး

ဖိလစ်ပိုင်ကို မြန်မာကနေ တိုက်ရိုက်လေကြောင်းလိုင်းမရှိတဲ့အပြင် Check-through လေယာဉ်ပါ မရှိတာမို့၊ ထိုင်းနိုင်ငံကို တဆင့်ခံပြီး သွားရတဲ့အပြင် မဖြစ်မနေ ထိုင်းနိုင်ငံကို Immigration ဖြတ်ပြီး ဝင်ရပါတယ်။ ရန်ကုန်ကနေ ထိုင်းကို ၁ နာရီ လေယာဉ်ချိန်ရှိပြီး၊ ထိုင်းကနေ ဖိလစ်ပိုင် Manila ဖြစ်စေ၊ Cebu သို့မဟုတ် Boracay ဖြစ်စေ လေဆိပ်တွေကို လေယာဉ်ချိန် ၄ နာရီခန့် ကြာမြင့်ပါတယ်။ လေယာဉ်ခက မြန်မာ - ထိုင်း (အသွားအပြန်) ဆို ဒေါ်လာ ၁၅၀ ဝန်းကျင် နဲ့ ထိုင်း - ဖိလစ်ပိုင် (အသွားအပြန်) ကို အနိမ့်ဆုံး ဒေါ်လာ ၁၂၀ ခန့်ကနေ ၅၀၀ ခန့်အထိ ကျသင့်နိုင်ပါတယ်။

ကျွန်းနိုင်ငံဖြစ်လို့ နာမည်ကျော်ခရီးသွားမြို့ တစ်ခုနဲ့ တစ်ခု ကူးရင်လည်း လေယာဉ်တွေ အသုံးပြုရပါတယ်။ တချို့မြို့တွေကိုတော့ Speed Boat ရေယာဉ်ကြီးတွေ စီးနင်းသွားရပါတယ်။

မြို့တွင်းအသုံးပြုဖို့တော့ Grab app ရှိရင် အတော်အဆင်ပြေပါပြီ။ နေ့နေ့ညည ကားငှားသွားလာဖို့ လွယ်ကူတဲ့အပြင် လနဲ့ချီနေရင်တော့ အများသုံးဘတ်စ်ကားတွေကအစ တစ်ညလုံးပြေးဆွဲနေတာကြောင့် စီးနင်းအသုံးပြုနိုင်ကြပါမယ်။ ၃၉ ဗိုက်ပူကားတွေလို ဒေသတွင်းသုံးဘတ်စ်ကားတွေက ဈေးအတော်သက်သာပါတယ်။ သုံးဘီးဆိုင်ကယ် နဲ့ ဆိုင်ကယ် (Habal Habal) တွေကို ငှားစီးနိုင်ပေမဲ့ နိုင်ငံခြားသားအနေနဲ့က ဈေးဆစ်ဖို့တော့ လိုတတ်ပါတယ်။


၂ // ဗီဇာ

ဖိလစ်ပိုင်ဟာ မြန်မာကို ဗီဇာလွတ်လပ်ခွင့်ပေးထားတာမို့ အကုန်အကျ၊ အကြောင့်အကျမရှိ ဝင်ထွက်နိုင်ကြပါတယ်။ နေထိုင်ခွင့် ရက် ၃၀ ရရှိပါတယ်။ လေဆိပ်ရောက်တာနဲ့ Immigration ကို တန်းဝင်ရုံပါပဲ။ဒါပေမဲ့.....ဖိလစ်ပိုင်မှာ Arrival Card ပုံစံမျိုး ဖြည့်ရတာ ရှိပါတယ်။ အရင်ကတော့ စာရွက်မှာ ဖြည့်ကြရပြီး အခုတော့ ခေတ်မီမီ Online ကနေ ဖောင်ဖြည့်လို့ရပါပြီ။ မရောက်ခင် ၇၂ နာရီ ကြိုတင်ဖြည့်ထားနိုင်ပါတယ်။ eTravel ဆိုတဲ့ ဖိလစ်ပိုင်အစိုးရက တင်ထားတဲ့ Website ကနေ ကြိုတင်ရပါတယ်။ လေယာဉ် Check-in ကောင်တာတိုင်းမှာလည်း Website Link အတွက် QR Code ကို တင်ထားပေးပြီး သတိပေးထားသလို၊ လေယာဉ်ပေါ်မတက်ခင်လည်း Ground Staff တွေက Mic နဲ့ အော်ပြီး သတိပေးပါတယ်။ နိုင်ငံက ပြန်ထွက်တဲ့အခါမှာလည်း Departure လုပ်ပြီဆိုတာကို eTravel ကိုဝင်ပြီး ပြန်ဖောင်ဖြည့်ရပါတယ်။ Departure Card ပုံစံပေါ့။ လုံးဝဖြည့်ဖို့မေ့သွားခဲ့တယ်ဆိုရင်လည်း ပြဿနာသိပ်မရှိပါဘူး၊ ဖောင်စာရွက်တွေကို လေယာဉ်ပေါ်မှာ လေယာဉ်မယ်တွေက ယူမလားဆိုပြီး ပြပေးတတ်ပါတယ်။ အဲ့ဒီဟာကိုမှ မသိလိုက်ဘူးဆိုရင်တော့ Immigration မှာ တိုင်ပတ်ပြီပေါ့ဗျာ။ ရစ်တာတော့ မရစ်ပါဘူး၊ အဲ့ကျမှ အစအဆုံးဖြည့်ရပြီး သူများထွက်ချိန်၊ ကိုယ်မထွက်နိုင် ဖြစ်နေမှာပါ။

၃ // ငွေကြေး

Peso (ပေးစို) ငွေကြေးယူနစ်ကို အသုံးပြုကြပါတယ်။ 1 Peso ဟာ မြန်မာငွေကျပ် ၃၅.၇၈ နဲ့ ညီမျှပါတယ်။ 1 USD ဟာ 58.66 Peso ရပါတယ်။ ခရီးသွားများတဲ့နေရာတွေရဲ့ ငွေလဲကောင်တာနှုန်းထားကတော့ ဒေါ်လာ ၁၀၀ ဆို ၅,၇၀၀ ပေးစို ပဲ ပေးပါတယ်။ တချို့မြို့ကြီးတွေမှာတောင် ငွေလဲကောင်တာရှားပါးသလို၊ လေဆိပ်တွေမှာလည်း တွေ့ရခဲတာ ထူးခြားပါတယ်။ မြန်မာပြည်ရဲ့ Credit Card တွေ ဖိလစ်ပိုင်မှာ ကောင်းကောင်း အလုပ်လုပ်ပြီး ATM တွေကနေ ငွေထုတ်ရင်လည်း exchanged rate ကောင်းမွန်ပါတယ်။ ပေးစို ၄၀၀၀ ထုတ်ရင် မြန်မာငွေ ၂ သိန်း ၈ သောင်းကျော်ပဲ ဖြတ်တာ သတိပြုမိပါတယ်။


၄ // ဘာသာစကား

ဖိလစ်ပိုင်မှာ မြန်မာတွေလည်လို့ကောင်းတဲ့အချက်တစ်ချက်က သွားလေရာရာ အင်္ဂလိပ်စကား ကောင်းကောင်းပြောပြီး ဆက်ဆံရောင်းဝယ်နိုင်လို့ပါပဲ။ ဖိလစ်ပိုင်တွေဟာ ကိုလိုနီလက်အောက်ခံနိုင်ငံဖြစ်သလို၊ ခုချိန်မှာလည်း အင်္ဂလိပ်ဘာသာ မဖြစ်မနေပါဝင်တဲ့ Bilingual ကျောင်းတွေ တက်နေကြတာမို့ ကျောင်းမတက်နိုင်သူတွေကလွဲရင် အားလုံးဟာ အင်္ဂလိပ်ဘာသာကို ကျွမ်းကျင်ကြပါတယ်။ ဘာသာစကားပေါင်း ၂၉ မျိုးရှိတဲ့ နိုင်ငံပေမဲ့ Tagalog စကားကို အများစုကျွမ်းကျင်ကြပြီး အခြားတိုင်းရင်းသားဘာသာစကားတွေကိုလည်း ဒေသအလိုက် သုံးစွဲကြပါတယ်။ အင်္ဂလိပ်အပြင် စပိန် နဲ့ အာရဗစ်ဘာသာစကားတွေကိုလည်း ပြောဆိုနိုင်ကြပါတယ်။


၅ // အချိန်ကွာခြားချက်

ဖိလစ်ပိုင်နိုင်ငံဟာ မြန်မာနိုင်ငံထက် အချိန်အားဖြင့် ၁း၃၀ (တစ်နာရီခွဲ) စောပါတယ်။


၆ // ကိုးကွယ်ယုံကြည်မှု

စပိန်တွေရဲ့ ကိုလိုနီနယ်ချဲ့ခြင်းကို ခံခဲ့ရတာကြောင့် စပိန်တွေဆီက ကက်သလစ်ခရစ်ယာန်ဘာသာ ကို ရရှိခဲ့တာမို့ နိုင်ငံမှာ သက်ဝင်သူအများဆုံးဘာသာ ဟာ ကက်သလစ်ခရစ်ယာန်ဘာသာ ဖြစ်ပြီး အခြားသော ခရစ်ယာန်ဘာသာဝင် အနည်းငယ်၊ အစ္စလာမ် နဲ့ အခြားဘာသာ အနည်းငယ်စီ ရှိကြပါတယ်။ သူတို့ကိုယ်တိုင်က ခရစ်ယာန်ဘာသာဆိုတာကို ခွဲခြားပြောဆိုကြတာကို ဒေသခံဧည့်လမ်းညွှန်တွေရဲ့ အပြောအဆိုအရ သတိပြုမိလိုက်ပါတယ်။ ကက်သလစ်ခရစ်ယာန်ဘာသာ လို့ သုံးစွဲကြပြီး အခြားခရစ်ယာန်ဘာသာဝင်များကို သီးခြားအသုံးအနှုန်းနဲ့ ခွဲခြားပြောဆိုလေ့ ရှိကြပါတယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံကို အလည်လာရင် ဘာသာရေးနဲ့ပတ်သက်လို့ လိုက်နာစရာကတော့ ကက်သလစ်ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ထုံးတမ်းစဉ်လာကို သိရှိထားရင် လုံလောက်ပြီး ဘာသာရေးအစွန်းရောက်သူများလည်း မဟုတ်တာကို သတိပြုမိပါတယ်။ ဘုရားကျောင်းကြီးတွေကိုလည်း လည်ပတ်လေ့လာစရာတွေအဖြစ် ခွင့်ပြုထားပါတယ်။


၇ // SIM Card ဝယ်မယ်

ဖိလစ်ပိုင်ကို ထိုင်းကနေ သွားသူတွေကတော့ ထူးထွေ ဆင်းမ်ကတ်အသစ် ဝယ်မနေဘဲ ထိုင်းပြည်တွင်းသုံး AIS, Dtac တို့ကိုပဲ Roaming Data Package ဝယ်သုံးရင် အတော်အဆင်ပြေ သက်သာတာကို သိခဲ့ရပါတယ်။ လိုင်းလည်း မြန်ဆန်ကောင်းမွန်ပါတယ်။ဖိလစ်ပိုင်ရဲ့ ဆင်းမ်ကတ်မှ သုံးချင်ရင်တော့ eSIM တွေကို အသုံးပြုနိုင်ကြပါတယ်။ ကိုယ့်ရဲ့ဖုန်းဟာ eSIM သုံးလို့ရ၊ မရ အရင်သိထားဖို့ လိုပါတယ်။ eSIM သုံးတော့မယ်ဆိုရင် ရွေးစရာအနေနဲ့က

1.     Smart ($ 11) – 5G, Data only, 30 GB for 30 Days

2.     Nomad ($ 35) – 5G, Data only, 30 GB for 30 Days

3.     Airalo ($ 21) – LTE, Data only, 10 GB for 30 Days

4.     SimOptions ($ 39.9) – LTE, Data only, 10 GB for 30 Days


၈ // အဝတ်အစားပြင်ဆင်မယ်

ဖိလစ်ပိုင်က ပူအိုက်တာများလို့ ပေါ့ပါးတဲ့ ချည်ထည်တွေနဲ့ အတိုအပြတ်တွေ ထည့်သွားသင့်ပါတယ်။ ကျွန်းနိုင်ငံဖြစ်ပြီး ကမ်းခြေများလို့ ရေကူးဝတ်စုံနဲ့ ကမ်းခြေဝတ်စုံမျိုးတွေ ယူသင့်ပါတယ်။ အဖြူ နဲ့ အရောင်နုနုလွင်လွင်၊ အပွင့်ဆင်တွေနဲ့ လိုက်ဖက်ပါတယ်။ ရေထဲစီးတဲ့ ဖိနပ်ပါးမျိုး မဖြစ်မနေ ဆောင်သွားစေချင်ပါတယ်။ အတော်အသုံးတည့်တာပါ။ မျက်မှန် နဲ့ ဦးထုပ်ကလည်း သိပ်အရေးကြီးပါတယ်။ နေလောင်ခံလိမ်းဆေးနဲ့ နေလောင်ခံအဝတ်အစားအသုံးအဆောင်တွေက ကမ်းခြေတွေ၊ ကျွန်းတွေသွားတဲ့အခါ အထူးလိုအပ်ပါတယ်။ Whale Shark ကြည့်တဲ့ ခရီးစဉ်ပါမယ်ဆိုရင်တော့ နေလောင်ခံလိမ်းဆေးဟာ အဲ့အချိန်မှာ တားမြစ်ပစ္စည်းဖြစ်သွားပါတယ်။ မိုးကာလ သွားဖြစ်မယ်ဆိုရင်တော့ မိုးကာ နဲ့ ထီး ထည့်ယူသွားသင့်ပါတယ်။ ခရီးဆောင်ခေါင်းအုံးလေးလည်း ထည့်သွားပါ။ လေယာဉ်ချိန်ကြာတာရော၊ တစ်မြို့နဲ့ တစ်မြို့ကူးတဲ့ လေယာဉ်၊ ကား၊ လှေ စတာတွေလည်း အချိန်ယူတာကြောင့် လမ်းမှာ ကောင်းကောင်းအိပ်နိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်းပတ်ခရီးစဉ်တွေမှာ ဖုန်း နဲ့ ကင်မရာတွေအတွက် ရေစိုခံဖို့ Waterproof Case တွေ လိုအပ်ပါတယ်။ ပိုက်ဆံ၊ ပတ်စပို့တို့လိုမျိုးသယ်ဖို့ ရေစိုခံအိတ်အကြီးစားတွေလည်း လိုပါတယ်။


၉ // အစားအသောက်

ဖိလစ်ပိုင်လည်း ရိုးရာအစားအသောက် ရှာရမလွယ်လောက်အောင်ကို နိုင်ငံခြားအစားအသောက်တွေ လွှမ်းမိုးနေတာကို နေရာတကာ သတိပြုမိကြပါလိမ့်မယ်။ အထူးသဖြင့် Boracay တို့ Cebu တို့မှာဆို ကိုးရီးယား၊ ဂျပန် အစားအသောက်တွေ ပေါပေါများများ မြင်တွေ့ကြရမှာပါ။ ဖိလစ်ပိုင်အစားအသောက်တွေက ငန်လွန်း ချိုလွန်းတဲ့ဘက်ကို သွားလို့ အပေါ့စားတတ်ရင် အတော်လေး အဆင်မပြေဖြစ်ရတတ်ပါတယ်။ ငရုတ်သီးလည်း ရှာရခက်ပြီး အချဉ်ဆိုရင်လည်း သံပုရာသီးထက် လိမ္မော်သီးလို သေးသေးအလုံးလေးတွေကို အသုံးပြုတတ်ကြပါတယ်။ ဖိလစ်ပိုင် မှာ ကြက်သွန်နီကို အိတ်ထဲထည့်သယ်လာရင် အရေးယူခံရတယ်ဆိုလား တစ်ခါက ကြားမိလိုက်တယ်။ အရမ်း ဈေးကြီးသွားဖူးတယ်တဲ့။ ပြန်စဉ်းစားမိသလောက် ဟင်းတွေမှာ ကြက်သွန်နီ တွေ့ရခဲပါတယ်။ ကြက်သွန်နီဈေးက အခုတော့ ပုံမှန်ပြန်ဖြစ်နေပြီလို့တော့ သတင်းတွေမှာ တွေ့ပါတယ်။ အစပ်စားရမှ နေသာထိုင်သာရှိရင်တော့ ငရုတ်သီးလေးတွေ ဒါမှမဟုတ် အစပ်ကြော်တစ်မျိုးမျိုး ထည့်ယူသွားတာ ထမင်းပိုမြိန်ပါလိမ့်မယ်။


၁၀ // ပုံလှလှရိုက်မယ်

ဖိလစ်ပိုင်မှာ ဓါတ်ပုံရိုက်ဖို့ တစ်ယောက်တည်းသွားရင်တောင် စိတ်မပူရဘူး။ ဓါတ်ပုံရိုက်ပေးတဲ့ ဝန်ဆောင်မှုတွေက 100 Peso, 200 Peso (၃၀၀၀ ကျပ် ~ ၅၀၀၀ ကျပ်) လောက်နဲ့တင် ရနိုင်လို့ပဲ။ တခါတလေများဆို Donation ဆိုပြီး အလှူငွေကြိုက်သလောက်ထည့်ရုံနဲ့ ရနိုင်တယ်။ ကိုယ့်ဖုန်းလေး သူတို့လက်ထဲထိုးအပ်လိုက်တာနဲ့ အတောက်ပဆုံးပုံဖြစ်ဖို့ ကင်မရာ Setting ကို သူ့ဟာသူ ချိန်ပြီး ရိုက်ပေးတော့တာ။ လူတိုင်း ကောင်းတာမျိုး မဟုတ်ပေမဲ့ တော်တော်များများ ကောင်းကြလို့ နေရာတစ်ခုရောက်ရင် သူတို့နဲ့ပုံရိုက်ဖို့ တန်းစီ စောင့်ရိုက်ကြရတဲ့အထိပါပဲ။ မြန်မာပြည် မင်းကွန်းဘက်က ကလေးတွေလိုပေါ့၊ ကြည့်ရင်တော့ ဘာမှမဟုတ်သလိုနဲ့ ရိုက်ပေးတာလေးတွေ လှကြတယ်။ တချို့ဆို TikTok အတွက်ပါ ဗီဒီယိုကို ဂျွမ်းပြန်နေအောင် ဖုန်းကို ရှေ့တိုးနောက်ဆုတ်၊ အပေါ်မြှောက်၊ အောက်ချနဲ့ ရိုက်ပေးကြသေးတာ။ ရေအောက်ငုပ်ရတဲ့နေရာတွေမှာဆို ရေအောက်ရိုက်ကင်မရာငှားတဲ့ ဝန်ဆောင်မှုပါ ပေးကြသေးတယ်လေ။


၁၁ // လုံခြုံစိတ်ချရပါတယ်

ကျွန်တော် ဖိလစ်ပိုင်မရောက်ခင်က ဖိလစ်ပိုင် အရမ်းဆိုးတယ်။ လုယက်တယ်ဆိုတာမျိုး ခဏခဏ ကြားရလို့ လန့်ပါတယ်။ ရောက်သွားတော့ ထင်သလို မဟုတ်နေတာ ကျေးဇူးတင်မိတယ်။ လူနေမှုအဆင့်အတန်းက ကျွန်တော်တို့ မြန်မာနဲ့ မကွာဟပါဘူး။ ကြားထားတာထက်တော့ အများကြီး လုံခြုံစိတ်ချရမှု ရှိပါတယ်။


၁၂ // ကုန်ကျစရိတ် ဘယ်လောက်ရှိလဲ?

ချွေချွေတာတာ Backpacker တစ်ယောက်လိုသွားမယ်ဆိုရင် တစ်ရက်ကို ဒေါ်လာ ၂၅ လောက်ဆို (နေ၊ စား၊ လည်) အဆင်ပြေနိုင်ပါတယ်။ လေယာဉ်ခသာ ဈေးကြီးနေတာ။ တစ်ရက်ကို ဒေါ်လာ ၄၀ - ၅၀ လောက် သုံးရင် ချောင်ချောင်ချိချိ နေထိုင်စားသောက်လည်ပတ်နိုင်တယ်ပဲ ဆိုပါတော့။ မြန်မာပြည်တွင်းက Travels & Tours တွေနဲ့ သွားမယ်ဆိုရင် ဒေါ်လာ ၁,၆၀၀ ဝန်းကျင် ကုန်ကျနိုင်ပါတယ်။


၁၃// ဖိလစ်ပိုင်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားသင့်လား၊ Tour Agency နဲ့ သွားသင့်လား?

ဖိလစ်ပိုင်ကို ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားရင် ခက်ခဲတဲ့အပိုင်းလေးတွေ ရှိပါတယ်။ ဒီဘက်ကနေ ကြိုတင်ပြင်ဆင်ခိုင်းထားမှ အဆင်ပြေတာတွေများတဲ့အပြင် မြန်မာမိသားစုအများစုက အပျော်ခရီးမှာ အစအဆုံး ကိုယ်စီစဉ်နေရရင် မကြိုက်တတ်တာမို့ Tour Agency တွေနဲ့ ချိတ်ဆက်ပြီးသွားတာ ပိုကောင်းမွန်ပါတယ်။ တချို့ကိစ္စတွေ အတော်တိုင်ပတ်နိုင်ပါတယ်။ လူငယ်တွေ ကိုယ့်အစီအစဉ်နဲ့ကိုယ်သွားချင်ရင်တော့ ရက်ရှည်ရှည် တစ်လခန့် သွားနိုင်ရင် အဆင်ပြေနိုင်ပါတယ်။ တချို့ကိစ္စတွေက စမ်းတဝါးဝါးနဲ့ လုပ်ရမှာတွေဖြစ်လို့ အချိန်ယူလေ့လာရမှာတွေရှိတာကြောင့် နောက်ဆံတင်းစရာမရှိဘဲ နေထိုင်လည်ပတ်နိုင်သူတွေအတွက် ပိုသင့်လျော်ပါတယ်။


Watching whale sharks in Cebu

ဖိလစ်ပိုင်နိုင်ငံ ကို လည်ပတ်ချင်သူတွေအတွက် လိုအပ်တဲ့ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်နိုင်ဖို့ ကျွန်တော် သိထားသမျှနဲ့ ကြုံတွေ့ခဲ့ရသမျှတွေကို ပြန်ဆင်ခြင်ပြီး ဝေမျှတင်ဆက်ပေးလိုက်ပါတယ်။ ယဉ်ကျေးမှုချင်းလည်း မကွာသလို၊ စကားပိုပေါက်ပြီး ဂျင်းလည်းနည်းတယ်လို့ ယူဆမိတဲ့အပြင် နိုင်ငံခြားသားခရီးသွားတွေ မျက်စိကျနေတဲ့ ဖိလစ်ပိုင်နိုင်ငံ မသွားခင် သေချာဖတ်ရှုပြင်ဆင်သွားဖို့ အကြံပြုချင်ပါတယ်။


အားလုံးပဲ ဘေးကင်းကျန်းမာလို့ စိတ်ရွှင်လန်းကြပါစေ

သီဟလုလင် (Thiha, the Traveller)

125 views0 comments

Comentarios


bottom of page