Search
  • Thiha Lu Lin

မြေနီ ခေါင်ရည် နဲ့ တောင်ဇလပ်တွေဆီ... အပိုင်း (၄)

Updated: Sep 11

ကားလမ်းပေါက်တဲ့ ရွာလေးကို ကျန်းမာရေးအတွက်လား၊ သက်လုံအတွက်လား၊ အပျော်ပဲလား၊ ဘာရည်ရွယ်ချက်ထားမှန်း ကိုယ့်ဟာကိုယ်တောင် ရေရေရာရာ မရှိလှပေမဲ့ မင်းတပ်မြို့နားက ပန်အော့ရွာကို လမ်းလျှောက်ရင်းရွှင်ရွှင်လန်းလန်းလေး ရောက်လာခဲ့တယ်။ ဝိတိုရိယတောင်တက်ထားလို့ ညကလည်း အိပ်ကောင်းတော့ အားပြည့်နေတာထင်ပါတယ်။ ဒါပေမဲ့လည်း တောင်ကုန်းလေး မို့မို့မောက်မောက်ပြေပြေလေးကို လျှောက်ရရင်တောင် ခြေထောက်က နာချင်သလိုလို၊ ရင်ထဲက မောလာသလိုလိုတော့ တစ်ခါတလေ ဖြစ်တတ်ပါသေးတယ်။

တောင်ထိပ်တောင်စောင်းက စတော်ဗယ်ရီခင်းကို မြင်ချင်ဇောနဲ့ အားကြိုးမာန်တက် တက်လိုက်တော့ ဒူးချောင်ချင်လာတယ်။ ဒေသခံဧည့်လမ်းညွှန်လေး ညွှန်းဆိုတဲ့ ရေတံခွန်ဆီကို သွားချင်စိတ်တွေက နွေနေပူပူမှာ အသောမသတ်နိုင်ဖြစ်နေတယ်။ အားလုံးတိုင်ပင်ပြီး မင်းတပ်ဘက် ကားလမ်းမကြီးထိပ်မှာ စောင့်ကျန်နေခဲ့တဲ့ ကားဆရာ ကိုသက် ကို ဖုန်းခေါ်လို့ ကားနဲ့ လိုက်လာပါ မှာရတယ်။ ရွာထဲမှာက ဖုန်းလိုင်းမမိဘူး။ တောင်ထိပ်က စတော်ဗယ်ရီခင်းထဲမှ ဖုန်းလိုင်း ရတော့ ချက်ချင်းလှမ်းခေါ်ခဲ့ရတယ်။ ကျွန်တော်လည်း စတော်ဗယ်ရီတွေ ခူးအပြီး တောင်အောက်ဘက်ကြည့်လိုက်တော့ ခပ်လှမ်းလှမ်းမှာ လမ်းကလေးအတိုင်း ဆင်းလာနေတဲ့ ကျွန်တော်တို့ ကားကို တွေ့လိုက်ရတယ်။ ဒါနဲ့ပဲ ရွာထဲ အမြန် ပြန်ဆင်းပြီး အဆင်သင့်စောင့်နေလိုက်တယ်။


ချင်းရွာတွေအလွန်က ရေတံခွန်လေး အမ်လောင်း

ဒီပန်အော့ရွာက မင်းတပ်မြို့နား အနီးဆုံးပဲ။ အဲဒီကနေ ဆက်သွားရင် နောက်ထပ် ရွာလေး ၂ ရွာ ၃ ရွာ ထပ်တွေ့ရသေးတယ်။ ရေတံခွန်ဆီရောက်ဖို့ မိနစ် ၂၀ လောက် ကားမောင်းရပါသေးတယ်။ ရှုခင်းလေးတွေကတော့ ဒီပုံစံလေးတွေပဲ၊ ဘေးတစ်ဘက်မှာ တောင် နဲ့ ကျန်တစ်ဘက်မှာ ချောက်။ တစ်ခုပိုတာက ကားလမ်းလေးက ကျဉ်းသွားတယ်။ ရွာမရှိတဲ့နေရာတွေဆို ဘေးက ချောက်က အတော်လေးနက်တာကို အသည်းတယားယားတွေ့ရတယ်။ တောင်တစ်ဘက်ကို မမြင်ရဘဲ ကွေ့ရတဲ့လမ်းချိုးလေးတွေ ရှိလာတယ်။ မပြောကောင်းမဆိုကောင်း ကားရဲ့ ဘရိတ်များ တစ်ခုခုဖြစ်ခဲ့ရင် မတွေးဝံ့စရာ။ ဒီလမ်းတွေမှာ ချင်းလူငယ် ကောင်လေး ကောင်မလေးတွေကတော့ ဆိုင်ကယ်လေးတွေနဲ့ အေးအေးဆေးဆေး ဖြတ်သွားနေကြတယ်။ တချို့နေရာလေးတွေမှာ ဆိုင်ကယ် ၃ စီး ၄ စီးလောက် နဲ့ လူငယ်အဖွဲ့တွေ လမ်းဘေးတစ်နေရာ ရပ်ပြီး စကားပြော၊ တစ်ခုခုသောက် နေကြတာ သတိထားမိတယ်။ လမ်းက ဟိုဘက်တွေလို မကောင်းလှဘူး။ မြေလမ်းမှာ ကျောက်ခဲတွေက မွစကြဲပြီး Slip ဖြစ်ချင်စရာ။ ဒါပေမဲ့လည်း ကိုယ်က ရောက်ဖူးချင်တော့ သွားရတယ်လေ။ မိနစ် ၂၀ လောက်အကြာမှာ နည်းနည်းလမ်းမြေကျယ်တဲ့နေရာရောက်တော့ ကားဆရာ ကိုသက်က ကားပြန်ကွေ့ဖို့ အဆင်ပြေတဲ့နေရာဖြစ်နေပြီမို့လို့ ကားကို ဒီမှာပဲ ရပ်ပြီး လှည့်ထားလိုက်မယ်ဆိုတယ်။ ဒေသခံဧည့်လမ်းညွှန်လေးကလည်း နည်းနည်း လမ်းလျှောက်ရင် ရောက်ပြီဆိုတာနဲ့ လမ်းလုံးဝ မလျှောက်ချင်တော့တဲ့တိုင်အောင် ဆင်းပြီး လမ်းလျှောက်ကြရတယ်။ ကားရပ်ထားတဲ့နေရာက ကုန်းမြင့်လေးပေါ်မှာလို ဖြစ်နေပြီး ရေတံခွန်ရှိတဲ့နေရာက ကားလမ်းကုန်းဆင်းလေးတစ်ခု ဖြစ်နေတယ်။ သက်တောင့်သက်သာ လျှောက်လာရပေမဲ့ အပြန်ကြရင် ငါတို့ ပြန်တက်ရဦးမှာပါလားဆိုပြီး သက်ပြင်း ခိုးချလိုက်မိပါတယ်။


အမ်လောင်းရေတံခွန်က ရုတ်တရတ် အဝေးက မမြင်ရဘူး။ နည်းနည်းနီးလာတော့ ရေကျသံလေးတွေကြားရတယ်။ နောက်တော့ ဗြုန်းခနဲ ရေတံခွန်ကို လှမ်းတွေ့လိုက်ရတယ်။ ရောက်ပါပြီဗျာ အမ်လောင်းလို့ ခေါ်ကြတဲ့ ရေတံခွန်ဆီ။ ရေတံခွန်ကြီးကြီးမားမားတွေ ရောက်ခဲ့ဖူးသူတွေအတွက် ဒီ အမ်လောင်းရေတံခွန်က သေးတယ်လို့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ ရေရှားတဲ့ ချင်းတောင်လိုနေရာမျိုးမှာတော့ အမ်လောင်းရေတံခွန်က အတော်လှနေတယ်။ အပန်းဖြေစရာနေရာ ရှားပါးတဲ့ ဒေသခံတွေအတွက် ဒီနေရာလေးက ပျော်စရာကောင်းတဲ့နေရာလေးလည်း ဖြစ်နေနိုင်တယ်။ နွေရာသီမို့ ရေနည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ရေများရင် ကားလမ်းကိုတောင် ကျော်ပြီး ဘေးက ချောက်ထဲ ရေဆင်းမဲ့ သဘောရှိတယ်။ ဘာလို့လည်းဆိုတော့ ချောက်ထဲ ငုံကြည့်မိတာ ချောက်မနက်ဘဲ အောက်မှာ တဆင့်ရှိနေတယ်။ အဲ့ဒီမှာလည်း ချောင်းရေစီးဖို့ လမ်းကြောင်းလေး ရှိနေတယ်။ ခုတော့ ရေမရှိဘူးပေါ့။ အဲ့ဒီချောင်းရေစီးဖို့နေရာရဲ့ အပေါ်မှာ သစ်သားတံတားလေးတစ်ခုကိုလည်း သေသေသပ်သပ်လေး ဆောက်ထားတော့ ဒီနေရာလေးမှာလည်း အပန်းဖြေကြပုံရတယ်လို့ တွေးမိတယ်။


ချင်းပြည်နယ်ဘက်ရောက်ကတည်းက ရေများများစားစား မထိတွေ့ရသေးတော့ ရေလေးတွေကိုင်ချင်စိတ်ပေါ်မိတယ်။ ဖြစ်နိုင်ရင် ရေပါချိုးချင်တာ။ ငှက်ဖျား ဘာညာကလည်း ကြောက်သေးတယ်။ ရေဘယ်လောက်နက်သလဲလည်း မသိဘူး။ ချိုးဖို့ အဝတ်အပိုလည်း ပါမလာခဲ့တော့ စိတ်လျှော့ရတယ်။ ရေတံခွန်က သေးပေမဲ့ သူ့နဲ့ နီးနီးလေးကိုရောက်တော့ သဘာဝရဲ့ အလိုလိုပြုပြင်ပေးမှုတွေနဲ့ကို လှနေတာ။ မိုးများလို့ ကျိုးကျထားတဲ့ သစ်ကိုင်းခြောက်ကြီးကြီးများများက ရေတံခွန်ကို ထိုင်ငေးဖို့ ခုံတန်းလေးတစ်ခုလိုပဲ။ ခိုင်ခိုင်ခံ့ခံ့နဲ့ လူ ၄ ယောက်လောက်ထိုင်နိုင်တယ်။ ရေလေးတွေကလည်း ကြည်လင်နေတာပဲ။ ရေတံခွန်တွေရဲ့ အောက်ခြေက ရေအားကြောင့် နက်တတ်ပေမဲ့ ခုရေတံခွန်က ရေကျတဲ့တည့်တည့်မှာတောင် ရေသိပ်မနက်လှဘူး။ ရေကျပုံက တိုက်ရိုက်ကျတာ မဟုတ်ဘဲ ဆင်ခြေလျှောပုံကျလို့လည်း ဖြစ်နိုင်တယ်။ ကျောက်တုံးအသေးအကြီးလေးတွေက ရေစပ်နားမှာ ရှိနေတော့ ဓါတ်ပုံရိုက်ဖို့အတွက်လည်း အဆင်ပြေတယ်။ အဆင်မပြေတာက အဲ့ဒီနေရာနားရောက်ဖို့ ကျိုးကျနေတဲ့ တခြားသစ်ကိုင်းခြောက်ကြီးတွေကို ကျော်ခွ သွားရတယ်။ အမှိုက်ပုံကြီးလိုဖြစ်နေပြီး ရှင်းလင်းမဲ့သူ မရှိဖြစ်နေတာဘဲ။ ဘယ်သူ့မှလည်း အပြစ်တော့ မဆိုသာပါဘူးလေ။ ဒီမှာလည်း အားလုံးက သူ့အလုပ်နဲ့သူဆိုတော့ ဒီရေတံခွန်ဘေးက သစ်ကိုင်းခြောက်ပုံကြီးကို ဘယ်သူက အလုပ်ပျက်ခံပြီး လာရွှေ့မလဲနော်။


ရေလေးတွေကို ဆော့ကြည့်တယ်။ အေးစက်နေတာပဲ။ နွေရာသီကိုတော့ ခဏမေ့တယ်။ ဘီယာဘူးလေး၊ အအေးဘူးလေး ပါလာရင် ရေခဲဘူးသယ်စရာမလိုဘဲ ဒီထဲ ခဏစိမ်ထားရုံနဲ့ သောက်လို့ရမယ်ထင်တယ်။ ဒီမှာအေးအေးဆေးဆေး နေဖို့ အချိန်များများရမယ်ဆိုရင်တော့ လူရော အအေးဘူးရော စိမ်ပြီး ရေဆော့ချင်သေးသား။ တောင်ပေါ်တက်နိုင်ရင် အပေါ်ဘက်ရေတံခွန်က ပိုလှတယ်ပြောပေမဲ့ အဲ့ဒီလောက်တော့ ခွန်အားမရှိတော့ပါဘူး။ အောက်မှာပဲ ဓါတ်ပုံလေးရိုက်ဖြစ်တယ်။ ဒေသခံလမ်းညွှန်လေးကတော့ ရေတံခွန်အပေါ်ဘက်သွားမယ် သူ့ကို ဓါတ်ပုံရိုက်ပေးပြောလို့ ဘယ်လိုသွားမလဲ ကြည့်လိုက်တယ်။ ရေတံခွန်ဘေးက ကျောက်တောင်ကို ကုတ်ဖဲ့ပြီး အပေါ်တက်သွားတာ၊ ကျွန်တော်က ကြည့်ရင်း အသည်းယားပြီး ဆက်မတက်ဖို့ တားယူရတယ်။ ကျွန်တော်တို့လည်း အပေါ်တက်ချင်ရင် အဲဒီလိုပဲ တက်ရမှာလား တွေးမိပြီး ရယ်ချင်သွားတယ်။ အချိန်လေး နည်းနည်းယူပြီး ဘာမှမကျယ်ဝန်းတဲ့ ရေတံခွန်ရေအိုင်လေးအနား နားနေလိုက်ကြတယ်။ နေ့ခင်းလည်း ၁ နာရီ ထိုးခါနီးပြီမို့ ဗိုက်ထဲကလည်း ဆန္ဒပြနေပြီ။ ဒါနဲ့ပဲ အားလုံး လာရာလမ်းအတိုင်း မင်းတပ်မြို့ထဲကို ပြန်လှည့်ခဲ့ကြတယ်။


မင်းတပ်မြို့မှာ စားစရာ

မင်းတပ်မြို့ထဲ စားသောက်ဆိုင်တွေက ရွေးစရာသိပ်မရှိလှဘူး။ ရှိတဲ့အထဲကပဲ ဖြစ်သလို စားလိုက်ကြတယ်။ ဘီယာဆိုင်လေးတွေက အစားအသောက်တွေက စားဖို့အဆင်ပြေပါတယ်။ အရမ်းကြီးတော့ မျှော်လင့်မထားနဲ့ပေါ့။ ကြက်သားသုပ်၊ ဝက်သားသုပ်၊ နွားနောက်သားသုပ်တွေ ကောင်းတယ်။ ပဖာရွက်နဲ့ သုပ်တာမို့ ဒေသအရသာ သေသေချာချာ ရနေတယ်။ စားလို့ကောင်းတယ်။ သိပ်ပြီး ဆန်းပြားတာတွေ မမှာပါနဲ့။ ကိုယ်မျှော်လင့်သလို ဖြစ်လာမှာမဟုတ်ဘူးနော်။ မှာစားမိလိုက်တဲ့ ပြည်လုံးချမ်းသာ၊ ဝက်ချိုချဉ်၊ တုံယမ်း တို့အတွက် နောင်တတွေ ရမိခဲ့ပါတယ်ဆို။ အရွက်ကြော်၊ ကြက်ကြော်တွေတော့ စားလို့ကောင်းတယ်။


မင်းတပ်မြို့က ကိုယ်ထူကိုယ်ထ ချင်းရိုးရာပြတိုက်လေး

စားလည်းပြီးရော မင်းတပ်မြို့ထဲ ဘယ်သွားရဦးမလဲ စဉ်းစားရပြန်တယ်။ လမ်းညွှန်လေးက Museum ရှိတယ်၊ သွားမလားတဲ့။ သူက Museum လို့ပဲ ပြောပါတယ်။ ကျွန်တော်က ကိုယ့်ဘာသာကိုယ် စိတ်ထဲက ပြတိုက် လို့ ဘာသာပြန်လိုက်တော့ မျက်လုံးထဲ ရန်ကုန်အမျိုးသားပြတိုက်တို့ ပုဂံယဉ်ကျေးမှုပြတိုက်တို့လိုမျိုး မြင်လာပြီး၊ သွားကြည့်ဖို့ အားတက်သွားတယ်။ ဒါနဲ့ပဲ Chin Museum ရှိတဲ့ ဘဝသစ်ရပ်ကွက်ထဲ ရောက်လာတယ်။ ရောက်ပြီလို့ ဆိုတော့ မျက်စိထဲမှာ ပြတိုက်နဲ့တူတာမျိုး တစ်ခုမှ မတွေ့။ ဆိုင်းဘုတ်ကြီး လိုက်ရှာလည်းမတွေ့တော့။ ဘယ်မှာလဲ ပြတိုက် ဆိုတော့.. ဒီမှာလေတဲ့။


အစိမ်းရောင်နဲ့ လိမ္မော်ရောင်ကို ခပ်ရဲရဲ တွဲပြီး သုတ်ထားတဲ့ တစ်ထပ်တိုက်ပုငယ်လေး။ ရှေ့မျက်နှာစာအပေါ်မှာ ဗီနိုင်းနဲ့ Antiques and Culture Exhibition Centre လို့ ရေးထားတဲ့ ဆိုင်းဘုတ်ပုံစံတစ်ခု။ ဒါကိုမြင်လိုက်ရတော့ ပါးစပ်က လွှတ်ခနဲထွက်သွားတာ... "The world cutest museum ever!" နောက်မှ သိရတာက ဒီဒေသတစ်ဝိုက်မှာ အစိုးရက တည်ထောင်ပေးထားတဲ့ ပြတိုက်မရှိသေးဘဲ၊ တစ်သီးပုဂ္ဂလအနေနဲ့ တည်ထောင်ထားတဲ့ ပြတိုက်ငယ်လေးပဲ ရှိတာပါ။ ဒါပေမဲ့ ဒီပြတိုက်ငယ်လေးဟာ အတော်လေး စုံလင်ပြည့်စုံတဲ့နေရာလေးတစ်ခုဆိုတာ အတွင်းထဲကို ရောက်မှ သိလိုက်ရပါတယ်။ ကျွန်တော်တို့ မြင်တွေ့ရတဲ့ အဆောက်အဦးငယ်လေးဟာ ဆောက်လုပ်ထားတာ မကြာသေးဘဲ၊ ပြတိုက်အတွက်ရည်ရွယ်ထားပေမဲ့ ပစ္စည်းတွေကို ပြောင်းရွှေ့ရတာမျိုး မလုပ်ရသေးတဲ့အတွက် နောက်ဘက်က ပျဉ်ထောင်နှစ်ထပ်အိမ်ရဲ့ အောက်ဘက် ညာဘက်ခြမ်းက အခန်းလေးထဲမှာပဲ စီစီရီရီပြသထားပါတယ်။ ပြတိုက်အဆောက်အဦးထဲ ပြောင်းလိုက်ရင်တော့ ပိုပြီး သပ်သပ်ရပ်ရပ် လင်းလင်းရှင်းရှင်း ရှိသွားမယ်ထင်ပါတယ်။ ခြံဝင်းထဲမှာတော့ ချင်းရိုးရာအိမ်ဝင်းလေးတွေရဲ့ ထုံးစံအတိုင်း နွားနောက်သတ်ပြီး ကိုယ်စားပြုတဲ့ တိုင်လေးတွေကို ထောင်ပြထားတယ်။ ဒီမှာထောင်ထားတာကတော့ အနုပညာပိုဆန်ပါတယ်။ ရွာထဲကလို သစ်သားခွ ချောင်းကြီးကိုပဲ ထောင်ထားတာမျိုးမဟုတ်ဘဲ အမြင်လှနေတယ်။


ပြတိုက် ဆိုတဲ့အသုံးအနှုန်းက နည်းနည်းများတစ်မျိုးဖြစ်နေမလား တွေးမိတယ်။ ဒီအိမ်လေးထဲက ပြခန်းလေးထဲရောက်တာနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားလောက်အောင် အဖိုးတန်လွန်းမက တန်လွန်းလှတဲ့ ရှေးဟောင်းပစ္စည်းလေးတွေ အများကြီးတွေ့လိုက်ရတယ်။ အရပ်မြင့်မြင့်မားမား၊ ခန္ဓာကို တုတ်တုတ်ခိုင်ခိုင် နဲ့ အသံသြသြပိုင်ရှင် ခန့်ညားသူအစ်ကို တစ်ဦးကနေ အင်္ဂလိပ်လို ကောင်းကောင်းမွန်မွန် စတင် ရှင်းပြပါတယ်။ ကျွန်တော်တို့အဖွဲ့ထဲမှာ နိုင်ငံခြားသားတွေပါတော့ သူတို့ကို ဦးစားပေးအနေနဲ့ အင်္ဂလိပ်လို ရှင်းပြပေးတာပါ။ ပုံမှန်အားဖြင့်တော့ မြန်မာလိုပဲ ပြောပါတယ်။ ဒီမှာ ပြတိုက်ဖွင့်ရင် သူ့ ပြခန်းထဲက ရှေးဟောင်းပစ္စည်းတွေလောက် စုံအောင် ပြနိုင်ပါ့မလား တွေးမိတယ်။ သူပြောတဲ့အတိုင်းဆို သူတို့ ဘိုးဘွားစဉ်ဆက် ပစ္စည်းတွေကို ထိန်းသိမ်းလာခဲ့ပုံပါပဲ။ ပြခန်းထဲ ဝင်လိုက်တာနဲ့ တည့်တည့်မှာ တွေ့ရတာက ရှေးခေတ်က ချင်းလူမျိုးတွေရဲ့ ဖြူမည်းဓါတ်ပုံမှတ်တမ်းတွေ ပြီးတော့ ဓါတ်ပုံအယ်လ်ဘမ်။ ဓါတ်ပုံတွေက အရမ်းအသက်ဝင်ပြီး ဟိုးခေတ်ဆီကို ပြန်ရောက်သွားသလိုပါပဲ။ ပြခန်းအဝင်တံခါးရဲ့ ဘယ်ဘယ်မှာ နွားနောက် အပါအဝင် မျောက်၊ တောဝက်၊ တောင်ဆိတ်၊ အောက်ချင်း စတဲ့ သတ္တဝါတွေရဲ့ အရိုးခေါင်းတွေကို ချိတ်ဆွဲပြထားတယ်။ ဒါတွေက ဘိုးစဉ်ဘောင်ဆက် လိုက်ခဲ့တဲ့ အမဲတွေအတွက် ဂုဏ်ယူမှုတစ်ခုပြယုဂ်ပေါ့။ ကိုယ်လည်း သူပြောသမျှတော့ လိုက်မှတ်တာပဲ၊ များလွန်းတော့ နည်းနည်းရှုပ်ကုန်တယ်။ ထူးထူးခြားခြား မှတ်မိနေတာတစ်ခုက မျောက်ခေါင်းအရိုးခြောက်တစ်ခုကို ပြြ့ပီး ဒီမောျက်ရဲ့ အသားက စားလိုက်ရင် ကြက်သားအတိုင်းပဲတဲ့။ ရုတ်တရက်မို့ ကြောင်သွားပေမဲ့ အဲ့ဒီစကားကို ကိုယ့်ဘာသာ ပြန်ရေရွတ်ရင်း ရယ်ချင်သွားတယ်။ အဲ့ဒီမျောက်ကို ချက်ပြီး ကြက်သားအတိုင်းပဲ စားမလားလို့ လာပေးရင်တောင် စားရဲမယ်မထင်ပါဘူးဗျာ။


ဝင်ပေါက်ရဲ့ ညာဘက်ခြမ်းမှာတော့ စားပွဲရှည်ကြီးပေါ် နှစ်ပေါင်း လေးရာ ငါးရာလောက်ကတည်းက ရိုးရာအသုံးအဆောင်ပစ္စည်းတွေကို ခင်းကျင်းပြသထားတယ်။ ချင်းအမျိုးသားတွေ ဆောင်းတဲ့ ခေါင်းဆောင်း ၃ မျိုးလည်း ခင်းပြထားလို့ ကျွန်တော်လည်း ယူဆောင်းကြည့်သေးတယ်။ ပိုပြီးပီပြင်အောင် သေနတ်ပါ ယူပြီး ဓါတ်ပုံရိုက်တယ်လေ။ ဒီနယ်ဘက်မှာက သေနတ်ကို လိုင်စင်နဲ့ ကိုင်ကြတယ်လို့ သိရတယ်။ ဒါကြောင့်လည်း သေနတ်ဖင်မှာ အမှတ်အသားလေးတွေ ပါတယ်။ ဒီ ချင်းရိုးရာအသုံးအဆောင်တွေ ပြသထားတဲ့ စားပွဲအထက်က တန်းတစ်ခုမှာတော့ ရိုးရာအထည်တွေကို ချိတ်ဆွဲပြသထားပါတယ်။ တစ်ဘက်ခြမ်းမှာတော့ ချင်းရိုးရာ သုံးလေ့ရှိတဲ့ တောင်းတွေကို ပြထားတယ်။ ယက်ထားတဲ့ပုံက အတော်လေး ဆန်းပြားတယ်။ တောင်းကို ပုံစံ နှစ်မျိုးလောက် သုံးစွဲနိုင်အောင် ဖန်တီးထားတာ ချီးကျူးစရာပါပဲ။ ဒီတောင်းတွေကို ပြောင်းထည့်လှောင်ဖို့ သုံးကြတယ်။ ရှေးဟောင်း ရိုးရာ လက်စွပ်၊ လက်ကောက်၊ ဆွဲကြိုးတွေကိုလည်း တွေ့ရတယ်။ တချို့ဆွဲကြိုးတွေက တိရစ္ဆာန်တွေရဲ့ အစွယ်တွေဖြစ်လို့ ဒီဆွဲကြိုးကို ကြည့်ပြီး ဒီအမျိုးသမီးရဲ့အိမ်က အမျိုးသားတွေ အမဲလိုက်ပညာ ဘယ်လောက်တော်ကြောင်း မှတ်ချက်ပြုနိုင်အောင်ပါပဲ။ တိရစ္ဆာန်တစ်ကောင်မှာ အစွယ် နှစ်ခုပဲ ရနိုင်မှာမို့ ဆွဲကြိုးအရှည်ကြီးဆိုရင် တိရစ္ဆာန်ဘယ်နှစ်ကောက်တောင် စတေးရမလဲ တွေးမိတော့ ဘာရယ်မဟုတ် ကြက်သီးထမိတယ်။ အရင်က ကျားဆွဲလေ့လည်းရှိတာမို့ အမျိုးသမီးတွေက မြွေခလောက်သံနဲ့ဆင်တူတဲ့ အသံမြည်တဲ့ခြူလေးတွေ၊ ခေါင်းလောင်းလေးတွေကို လက်ဝတ်တန်ဆာအနေနဲ့ ဆင်မြန်းကြသလို အဝတ်အထည်တွေမှာလည်း ချိတ်ဆွဲတန်ဆာဆင်ကြတယ်လို့ သိရတယ်။ ခေါင်ရည်အိုးလေးတွေနဲ့ ပလိုင်းအမျိုးမျိုးကိုလည်း ပြသပေးထားသလို ပန်းချီ နဲ့ ဓါတ်ပုံတွေလည်း စုစည်းပြသပေးထားတာမို့ သေချာလေ့လာသင့်တဲ့ ပြခန်းလေးတစ်ခုဆိုတာတော့ အသေအချာပါပဲ။ ရောက်ခွင့်ရလို့လည်း ဝမ်းသာမိတယ်။ ဒီကိုလာတဲ့ ဧည့်သည်တွေကို ဝင်ကြေးအနေနဲ့ သီးသန့်ကောက်ယူတာမျိုး မရှိပါဘူး။ ဒါပေမဲ့ စေတနာအလျောက် အလှူငွေထည့်သွင်းနိုင်ဖို့ သေတ္တာပုံးကြီးတစ်ခုကို ပြခန်းပြတင်းပေါက်နားမှာ ထားပေးထားတယ်။ ရှင်းလင်းပြသတဲ့အစ်ကို ကို ပေးရင်လည်း မယူဘဲ၊ သေတ္တာပုံးထဲပဲ ထည့်ခိုင်းပါတယ်။ ဒီငွေတွေက ဒီပြခန်းငယ်ကနေ ပြခန်းကြီး ဖြစ်လာဖို့ အများကြီး ပံ့ပိုးပေးတယ်လို့လည်း သိရပါတယ်။ ထိုက်သင့်တယ်လို့ ယူဆလို့ ကျွန်တော်ကတော့ ငါးထောင် ထည့်ဖြစ်တယ်။ ပြခန်းကအထွက် ခြံဝင်းလေးထဲ ကြည့်မိတော့ ဝိတိုရိယမှာတောင် မတွေ့ရသလောက်ဖြစ်နေတဲ့ သစ်ခွရိုင်းတွေကို ခြံထဲက သစ်ပင်လေးတွေမှာ ကပ်ပြီး ပြသထားတာ သတိထားလိုက်မိတယ်။


နှာမှုတ်တူရိယာ ကျွမ်းကျင်တဲ့ ချင်းဘွားဘွားဆီ

ဒီနေ့က မင်းတပ်မြို့မှာ နောက်ဆုံးအချိန်ဖြုန်းရမဲ့ ရက်ဆိုတော့ အထူးတလည် စဉ်းစားမနေဘဲ မင်းတပ်မြို့ထဲ ကြည့်စရာ ရှိသမျှ လိုက်ကြည့်နေလိုက်တယ်။ ချင်းပြည်နယ် တောင်ပိုင်းက မြို့တွေမှာ နှာခေါင်းနဲ့ ပုလွေမှုတ်ပြနိုင်တဲ့ သက်ကြွယ်သူ အဘွားတွေ ရှိနေတယ်။ အဲ့ဒီထဲက မင်းတပ်မြို့မှာဆို ပါးမဲ (ပယဲ) ထိုးထားတဲ့ အဘွားက ၃ ဦး ရှိပြီး ခု သွားတွေ့ဖြစ်တဲ့ အဘွား ဒေါ်ယော်ထျန်း က အသက် (၉၀) အရွယ် နှာခေါင်းအသုံးပြုပြီး ပုလွေမှုတ်နိုင်တဲ့ အဘွားတစ်ဦး ဖြစ်ပါတယ်။ အဘွားတို့အိမ်မှာ မိသားစု စုံစုံလင်လင် ရှိနေကြပြီး အထက်တန်းကလေးတွေအတွက် ဗေညေလ အမည်နဲ့ ပညာရေးဘော်ဒါဆောင်တစ်ခုကိုလည်း ဖွင့်ထားပါတယ်။ အဘွားဒေါ်ယော်ထျန်းဆီ ရောက်တော့ အသက် (၉၀) အရွယ်နဲ့ မလိုက်အောင် ဖြတ်လတ်မှုတော့ ရှိနေပါသေးတယ်။ နားနဲ့ မျက်စိလည်း ကောင်းနေပုံရပါတယ်။ သူ တီးမှုတ်မဲ့သီချင်းကို သူ ပြန်ကြားနိုင်တယ်။ ကိုယ်ပြောသမျှကို နားထောင်နိုင်သေးတယ်ဆိုတော့ နားက ကောင်းမွန်နေသေးလို့၊ သူနဲ့အတူ Selfie ရိုက်တော့ သူ့ပုံ သူ ဖုန်းထဲမြင်ရတာရယ်၊ ကျွန်တော့မျက်နှာကို ဖုန်းမျက်နှာပြင်ပေါ်မှာ သွားပွတ်နေတာရယ်ကို ထောက်ရင် မျက်စိလည်း ကောင်းမွန်နေသေးလို့ လို့ယူဆမိပါတယ်။


ဧည့်သည်လာနေကျမို့ မိသားစုအတွက် အထူးအဆန်းမဟုတ်တော့သလိုဘဲ သူတို့လုပ်ကိုင်စရာရှိတဲ့ အိမ်မှုကိစ္စတွေကို သူတို့ဘာသာဆက်လုပ်နေကြတယ်။ သမီးတစ်ဦးကတော့ အဘွားဝတ်ဆင်ဖို့ နားကပ်၊ လည်ဆွဲ စတဲ့ လက်ဝတ်လက်စားတွေကို ဆင်မြန်းပေးနေတယ်။ အဘွားဒေါ်ယော်ထျန်းက ရိုးရာအဝတ်အစားစုံစုံလင်လင်နဲ့ မဟုတ်ရင် မတီးမှုတ်ဘူးတဲ့။ မိသားတစ်စုလုံးကတော့ သူတို့လုပ်စရာရှိတာ လုပ်နေပေမဲ့ ဧည့်သည်တွေကိုတော့ စကားနဲ့ ဝိုင်းဧည့်ခံတတ်ပါတယ်။ ထမင်းချက်နေတဲ့ အစ်မတစ်ယောက်ကလည်း ချက်လည်းချက် ပြောလည်းပြောပေါ့။ ခဏကြာတော့ အားလုံးအဆင်သင့်ဖြစ်သွားတဲ့နောက် အဘွားဒေါ်ယော်ထျန်း က သူ စိတ်ထဲ ခံစားရတဲ့ Mood လာတဲ့ သီချင်းတစ်ပုဒ်ကို နှာခေါင်းနဲ့ စမှုတ်ပြပါတယ်။ အချိန်အားဖြင့် ၁ မိနစ်ခွဲ လောက် မှုတ်ပြပါတယ်။ နှာခေါင်းကနေ သာယာတဲ့ဂီတသံဖြစ်အောင် မှုတ်တဲ့ တူရိယာတစ်မျိုး ရှိမှန်း ခုမှ ကျွန်တော်သိရပါတယ်။ အဲ့ဒီတူရိယာကို ကျွမ်းကျွမ်းကျင်ကျင် နှာခေါင်းကို အသုံးပြုပြီး တီးမှုတ်ပြနေသူကလည်း အသက် (၉၀) အရွယ် အဘွားတစ်ဦး ဆိုတာကလည်း ဂီတသံကို နားထောင်ရင်း သနားဂရုဏာစိတ်ဖြစ်လာတယ်။ ပိုတယ်ပဲ ပြောပြော တကယ်ကို မျက်ရည်ဝဲတက်လာတယ်။ အဘွား ဒေါ်ယော်ထျန်း က မကန်းချင်းလူမျိုးပါ။ ခု သူမရဲ့ စိတ်ထဲမှာ လွန်သွားပြီဖြစ်တဲ့ အမျိုးသားဖြစ်သူကို သတိရတဲ့စိတ်နဲ့ ဝမ်းနည်းစရာသီချင်းတစ်ပုဒ်ကို တီးမှုတ်ပြတာ လို့ သိရပါတယ်။ မကန်းချင်းစကားပဲ ပြောတာမို့ သမီးဖြစ်သူက ဘာသာပြန်ရှင်းပြပေးပါတယ်။ ကျွန်တော်ထင်ပါတယ်။ ဒီ ဝမ်းနည်းစရာသီချင်း ကို သူမ တကယ် လွမ်းဆွတ်ပြီး တီးမမှုတ်တယ်ဆိုတာ သေချာပါတယ်။ ကျွန်တော်တို့လည်း အဲ့ဒီ အလွမ်းခံစားချက်ကို ချက်ချင်းရလိုက်လို့ပါ။ သမီးဖြစ်သူကတော့ ဖာဖာထေးထေးပြောပါတယ်။ ဧည့်သည်တွေလာတာကို ပျော်လို့လည်း တီးမှုတ်တာပါတဲ့။ အဲ့ဒီစကားကိုတော့ ကျွန်တော် မထောက်ခံချင်မိပါဘူး။


စာဖတ်သူတွေ ဘာတွေးမိနေမလဲဆိုတာ ကျွန်တော်ခန့်မှန်းမိတယ်။ ဒီအဘွားကို အမှီပြုပြီး မိသားစု ရပ်တည်နေကြတာလား။ သားသမီးတွေက ခိုင်းစားနေသလား လို့ တွေးကောင်းတွေးမိမယ်။ ဒါပေမဲ့ ဒီမိသားစုက သူ့လုပ်ငန်းနဲ့သူ လည်ပတ်မှု ရှိနေပြီးသားပါ။ ခုလို ဧည့်သည်လာတဲ့အခါ တီးမှုတ်ပြရတာကို အဘွားကိုယ်တိုင်လည်း စိတ်မညစ်ခဲ့ဘဲ၊ ကျွန်တော့အမြင်ပြောရရင် သူ့ကို အသက်ရှည်ဆေးဖြစ်စေပါလိမ့်မယ်။ အသက်ကြီးသွားပေမဲ့ လူပိုတစ်ယောက်လည်း ဖြစ်မနေခဲ့ဘူးဆိုတာ အဘွားက စိန်ခေါ်သက်သေပြနေပါတယ်။ နောက်မျိုးဆက်ကို လက်ဆင့်ကမ်း သင်ပြပေးချင်တဲ့တိုင်အောင် ခံယူလိုသူမရှိဖြစ်နေတဲ့ ဒီ နှာခေါင်းပုလွေမှုတ် ပညာအတွက် အဘွားက စိတ်မကောင်းဖြစ်ရုံကလွဲပြီး ဘာမှမတတ်နိုင်ဘူးလို့ ဆိုပါတယ်။ အဘွားအတွက် ထိုက်သင့်တဲ့ အလှူငွေလေး ပေးခဲ့ပါတယ်။ အမှတ်တရ Selfie ရိုက်ဖြစ်ခဲ့တာကတော့ ဒီခရီးစဉ်ထဲမှာ ကျွန်တော်အပျော်ဆုံးကိစ္စ ဖြစ်သွားခဲ့ပါတယ်။


မင်းတပ်ဈေးက အပြန်လက်ဆောင်

မင်းတပ်မြို့ရဲ့ လည်ပတ်စရာတွေကို ဒီနေ့အတွက် ဒီလောက်နဲ့ပဲ ရပ်ပြီး ညဘက်ကို စောစော အိပ်ရာဝင်ခဲ့တယ်။ မနက်စောစောနိုးတာနဲ့ လူစုံပြီဆို မင်းတပ်ဈေးကို ချီတက်ခဲ့ကြတယ်။ မနက်စာကို မနေ့က စားခဲ့တဲ့ အရံမီးသတ်သက်သာဆိုင် မှာပဲ အီကြာကွေး၊ ဆန်ပြုတ်၊ လက်ဖက်ရည်တွေ ထပ်စား ထပ်သောက်ကြတယ်။ ပြီးတာနဲ့ ဈေးထဲဝင်တယ်။ ဒီနေ့က တနင်္လာနေ့ဆိုတော့ ဈေးတစ်ဝိုက် လူအရမ်းစည်နေတယ်။ အဝေးပြေးကားဂိတ်လည်းဖြစ်တော့ လူပိုရှုပ်နေတယ်။ ဈေးထဲကို မြန်မြန်ဝင်ပြီး မနေ့ကတည်းက မှတ်ထားတဲ့ ဆိုင်တွေကို သွားလို့ ထောပတ်သီး ဝယ်တယ်။ နွားနောက်သားခြောက် ဝယ်တယ်။ မင်းတပ်ရဲ့ ထောပတ်သီးက အမျှင်မပါဘဲ အရသာကလည်း လုံးဝ မခါးလို့ စားလို့အရမ်းကောင်းတယ်။ ဈေးလည်းကောင်းတယ်။ ထောပတ်သီးအလုံးကြီးတွေက တစ်လုံးကို ၇၀၀ ကျပ် ပေးရတယ်။ ဒါပေမဲ့ စားရတာ အရမ်းကောင်းတော့ ကျွန်တော့အတွက် တန်တယ်လို့ မှတ်ပါတယ်။ နွားနောက်သားခြောက်ကတော့ နှစ်သောင်းဖိုးလောက် ဝယ်တယ်။ ဈေးထဲကနေ ပြန်ထွက်တော့ ရိုးရာအထည်တစ်ခုခု ဝယ်ဖို့ စဉ်းစားမိတယ်။ အဓိကက လက်ဆောင်ပေးဖို့ ဝယ်ချင်တာ။ ဈေးထဲက ဆိုင်ထက် ကျွန်တော့ကို ဆွဲဆောင်နေတာက ကားလမ်းမပေါ်က လမ်းတစ်ဘက်ခြမ်းမှာရှိတဲ့ Chin's Treasures ချင်းရိုးရာအထည်ဆိုင်။ အရုပ်မတွေမှာ ချင်းဝတ်စုံတွေကို ဖက်ရှင်ကျကျ ဝတ်ပေးထားတာ စိတ်ဝင်စားဖို့ကောင်းသလို အတွင်းမှာလည်း ရိုးရာအဝတ်အထည်အပြင် ရိုးရာလက်ဝတ်တန်ဆာတွေ၊ ရိုးရာအသုံးအဆောင်တွေပါ ရောင်းချပေးနေတာ။ မင်းတပ်ချင်း ဝတ်စုံနဲ့ အသုံးအဆောင်တွေက ဈေးသက်သာပြီး တခြား ချင်းလူမျိုး (ဆိုပါတော့ ဟားခါး၊ ဖလမ်း၊ တီးတိန်၊ မီဇိုး၊ ဇိုးမီး၊ စတဲ့) ရိုးရာဝတ်စုံနဲ့ ရိုးရာအသုံးအဆောင်တွေက ဈေးကြီးတတ်ပါတယ်။ ဂျပ်ခုတ်အထည်တွေဆို ပိုပြီး ဈေးကြီးပေးရပါတယ်။ ဒီကနေ Shopping လေးလုပ်ပြီးတော့ ဒေသခံဧည့်လမ်းညွှန် ညီငယ်လေးကို နှုတ်ဆက်လို့ ညောင်ဦးလေဆိပ်ကို ပခုက္ကူဘက်ကနေ ပြန်ဆင်းကြပါတယ်။ အသွားတုန်းကနဲ့ မတူတဲ့ လမ်းကြောင်းကနေ သွားကြတာပါ။


နှုတ်ဆက်ခဲ့ပြီ မင်းတပ်ရေ

မင်းတပ်မြို့ အထွက်မှာတင် လမ်းပြင်နေလို့ဆိုပြီး ကားတန်းအရှည်ကြီးနဲ့ စောင့်စားလိုက်ရပါတယ်။ ဒါမှ ချင်းပြည်နယ်ရဲ့ အရသာကွ လို့ ကိုယ့်ဘာသာ ဖြေသိမ့်တွေးရင်း ချင်းတောင်တန်းတွေကနေ မြေပြန့်ကို တရွေ့ရွေ့နဲ့ ရောက်လာခဲ့တယ်။ ကမ္မမြို့ကို ရောက်တော့ ကားဆရာ ကိုသက် က ဒီမှာ ဝက်အူချောင်းကောင်းတယ်လို့ဆိုပါတယ်။ သူ့မိတ်ဆွေ ဂျပန်ကိုပို့ဖို့ ဝယ်ခိုင်းလိုက်လို့ ခဏဆင်းဝယ်မယ်ဆိုပြီး ဝယ်ပါတယ်။ ကျွန်တော်က အရင်ကတည်းက Tour တွေ ကားဆရာတွေနဲ့ သွားရင် ဟိုဆိုင် ဒီဆိုင် လိုက်ပြပြီး ဝယ်ခိုင်းတာမျိုးကို ဝယ်ချင်မှလည်း ဝယ်တယ်။ သူ စပြောတဲ့အချိန်တုန်းကလည်း ဝက်အူချောင်းများ လို့ပဲ တွေးမိလိုက်တယ်။ ကယားဝက်အူချောင်း၊ ဒေါ်မြရင်ဝက်အူချောင်း အဲ့သလို ဝက်အူချောင်းကောင်းတယ်ဆိုတာတွေ စားဖူးပြီးသားမို့ အထူးတလည် ဝယ်ချင်စိတ်မပေါ်မိပါဘူး။ တကယ်တန်း ဝက်အူချောင်းရောင်းတယ်ဆိုတဲ့ ဆိုင်လည်းရောက်ရော စိတ်က ပြောင်းသွားတယ်။ သူတို့က ဆိုင်ရှေ့မှာ ဝါးလုံးတန်းလေးတွေထိုးပြီး ဝက်အူချောင်းကို ပန်းတွေလို သီထားတယ်။ ပုလုံးလုံးလေးတွေ ပြီးတော့ နေလှန်းရင်း ချိတ်ပြထားတော့ ကြည့်ရတာလှပြီး စားချင်စရာ ဖြစ်နေတယ်။ ဈေးလည်းကောင်းတယ်။ တစ်လုံးကို တစ်ရာ ဆိုလားပဲ။ ကိုယ်က ၁ သောင်းဖိုးယူရင် သူက တွက်ပြီး ဖြတ်ပေးတယ်။ အိမ်ရောက်တော့ စားကြည့်တယ်။ စားကောင်းတယ်။ တစ်ခုပဲ နောက်တစ်ခါသွားလို့ ဝယ်မယ်ဆိုရင် အဆီအရမ်းများပုံရတဲ့ အရမ်းကြည်နေတဲ့ ဝက်အူချောင်းတွေ မယူဘဲ၊ အနီများတဲ့အချောင်းတွေ ယူမယ်လို့ပဲ မှတ်ထားလိုက်ပါတယ်။


မနက် ၉ နာရီလောက် မင်းတပ်က ထွက်လာတာ ညနေ ၄ နာရီလောက် ညောင်ဦးလေဆိပ်ကို ရောက်တယ်။ လမ်းမှာ နားနားနေနေနဲ့ တွေ့သမျှနေရာ ဝင်လည်အချိန်ဖြုန်းတာလည်း ပါလို့ပါ။ အဲ့ဒီကနေ လေယာဉ်နဲ့ ရန်ကုန်ရွှေမြို့တော်ကြီးကို ပြန်ရင်း တောင်ဇလပ်၊ ခေါင်ရည် နဲ့ မြေနီလမ်းတွေကို နှုတ်ဆက်ခဲ့ရတယ်။

နွေရာသီရေခမ်းနေတဲ့ ယောချောင်း

ခရီးစဉ်ကုန်ကျစရိတ် တွက်မယ်

ခရီးစဉ်တစ်လျှောက်လုံး ကုန်ကျစားရိတ်အနေနဲ့ တွက်ကြည့်တော့ တစ်ဦးစာ အနေနဲ့ဆိုရင် -

  • ရန်ကုန် - ညောင်ဦး - ရန်ကုန် လေယာဉ်ခ အသွားအပြန် ၃၉၄,၃၅၀ ကျပ်

  • ဟိုတယ်ခ (ကန်ပက်လက်မြို့) Mountain Oasis ၃၀,၀၀၀ ကျပ် (တစ်ည)

  • ကန်ပက်လက်မြို့ နေ့လည် + ညစာ + တောင်ထိပ်နေ့လည်စာ ၂၀,၀၀၀ ကျပ်

  • အေးစခန်း Trekking House တည်းခိုခ + ညစာ ၂၅,၀၀၀ ကျပ် (တစ်ည)

  • ဟိုတယ်ခ (မင်းတပ်မြို့) Mountain Oasis ၃၀,၀၀၀ ကျပ် (တစ်ည)

  • မင်းတပ်မြို့ နေ့လည်စာ + ညစာ ၂၀,၀၀၀ ကျပ်

  • ဒေသခံ ဧည့်လမ်းညွှန် ဝန်ဆောင်ခ ၈၀,၀၀၀ ကျပ် (လေးရက်)

  • Super Custom ကားငှားရမ်းခ ၉၆,၀၀၀ ကျပ် ( စုစုပေါင်း ၅ ဦးဖြင့် တစ်ဦးနှုန်း) ================================================== သုံးညအိပ် လေးရက်ခရီးစဉ်အတွက် စုစုပေါင်း ကုန်ကျငွေ ၆၉၅,၃၅၀ ကျပ်

*** မှတ်ချက်။ ။ ရေဗူး၊ အအေးဘူး၊ ဘီယာ၊ အရက်၊ မုန့်၊ အပြန်နေ့လည်စာ စတဲ့ အသေးသုံးများ မပါဝင်သေးပါ။ ဘောက်ဆူးဝန်ဆောင်ခပေးတာတွေလည်း မပါသေးပါဘူး။ လက်ဆောင်ဝယ်တာတွေ မပါသေးပါဘူး။


ဒါကတော့ လေယာဉ်ပါဝင်တဲ့အတွက်ရော၊ သီးသန့်ခရီးစဉ်ဖြစ်နေတာအတွက်ရောကြောင့် ဈေးကတော့ ခုလို ဖြစ်ပါတယ်။ လေယာဉ်အစား ကားနဲ့သွားနိုင်ရင်တော့ ၃သိန်းခွဲလောက် ပိုထွက်လာမှာဖြစ်လို့ ၃ သိန်းဝန်းကျင်နဲ့ သွားနိုင်တဲ့ ခရီးစဉ်ဖြစ်မှာပါ။ ဟိုတယ်ခ ကတော့ တစ်ဦးနှုန်းနဲ့ ယူတာဖြစ်လို့ နှစ်ယောက်တည်းရင် တစ်ဦး ၁သောင်းခွဲဖြစ်မယ်လို့တော့ မထင်လိုက်ပါနဲ့။ ကျွန်တော်တို့သွားတုန်းက ဧည့်ပါးချိန်မို့ နှစ်ယောက်တစ်ခန်း မနေရဘဲ တစ်ဦးကို ဘန်ဂလိုတစ်လုံး ရခဲ့ပါတယ်။


ခရီးစဉ်ကို ကျွန်တော်သွားခဲ့သလို ရန်ကုန် ကနေ ညောင်ဦး ကို လေယာဉ်၊ ညောင်ဦးကနေ ဆော ကို ဖြတ်ပြီး ကန်ပက်လက်၊ ပြီးတော့ ဝိတိုရိယတောင်တက်မယ်။ အဲ့ဒီကနေ အေးရွာ (အေးစခန်းရွာ)၊ ပြီးတော့ မင်းတပ်မြို့။ မင်းတပ်ကနေမှ ပခုက္ကူဘက်ကနေ ညောင်ဦး ကို ကားနဲ့သွားမယ်။ ညောင်ဦး ကနေမှ ရန်ကုန်ကို လေယာဉ် စီးမယ်။ ဒီလို သွားလို့ရသလို။ ပြောင်းပြန်အနေနဲ့ ရန်ကုန် - ညောင်ဦး - မင်းတပ် - အေးရွာ - ဝိတိုရိယ - ကန်ပက်လက် - ညောင်ဦး - ရန်ကုန် ဆိုပြီး ပြန်သွားလည်း ရပါတယ်။


ချင်းပြည်နယ် တောင်ပိုင်းခရီးစဉ်လေးကြောင့် ချင်းပြည်နယ် မြောက်ပိုင်းမှာလည်း ဘာတွေရှိမလဲ သိချင်လာမိတယ်။ နာမည်ကျော် ရိဒ်ရေကန်အပြင် ချင်းပြည်နယ်ရဲ့ မြောက်ပိုင်းအလှအပကို ခံစားချင်လာတယ်။ ခုတော့ ပါးစပ်ဖျားမှာ -

"မြေနီလမ်းလေးကိုရောက်ရင် ကားလေးစီးရင် ဖုန်ထလာ၊ ဒါဟာလည်း ချင်းပြည်ရဲ့ အလှတစ်ခုပါ။

သူငယ်ချင်း လိုက်ခဲ့စမ်းပါ။ အလည်တစ်ခေါက် လိုက်ခဲ့စမ်းပါ။ တို့များ ချင်းဓလေ့ထုံးစံ မြင်စေချင်စမ်းတယ်။" ဆိုတဲ့ သီချင်းလေး အခါခါ ဆိုမိနေတော့တာပါပဲ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter