Explore To Chin South Part 2
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

မြေနီ ခေါင်ရည် နဲ့ တောင်ဇလပ်တွေဆီ... အပိုင္း (၂)

ဒီစာလေးကို ကျွန်တော် ၂၀၁၇ ခုနှစ်တုန်းက ရေးခဲ့တာပါ။ Website မှာ ပြန်လည် တင်ဆက်ထားတာ ဖြစ်ပါတယ်။

ချင်းပြည်နယ်ဘက်သွားမယ်။ ဝိတိုရိယတောင် (ခေါ်) ခေါ်နူးစုမ် (ခေါ်) နတ်မတောင် လည်း တက်မယ်။ ရွာထဲတွေလည်း လမ်းလျှောက်မယ်ဆိုတော့ကာ ပြင်ဆင်စရာလေးတွေ ပြင်သွားဖို့တော့လိုတယ်ပေါ့ဗျာ။ ရိုးရိုးသွားတာထက် Hiking ရော Trekking ရော ပါတယ်ဆိုတော့ ဒါတွေအတွက်လည်း ထည့်စဉ်းစားရခဲ့ရတယ်။ ကျွန်တော်က ကလော Trekking တုန်းက ဘာတွေပြင်ဆင်ရမလဲဆိုတာမျိုး မှတ်မိနေသေးတော့ သိပ်ပြီး ထူးထူးထွေထွေ မပူပန်မိခဲ့ဘူး။ အရင်ကအတိုင်းပြင်ဆင်တယ်။ ဒါပေမဲ့ ချင်းပြည်နယ်ဘက်မှာကတော့ ကလောဒေသဘက်က ရွာတွေလောက် ပြည့်စုံမှု ပိုနည်းပါးတာကိုတော့ သတိချပ်ရတယ်။


နတ်မတောင် တက်ဖို့ ဘာတွေ ပြင်ဆင်ရမလဲ

ခရီးစဉ်တစ်ခုလုံးအနေနဲ့ ကျွန်တော် ပြင်ဆင်သွားတာတွေက -


  • အဝတ်အစားတွေကို သေတ္တာအစား အပျော့သားအိတ်နဲ့ပဲ ထည့်တယ်။ အကြောင်းက အပျော့သားအိတ်မို့ ကားပေါ်မှာ လိုသလို သွတ်ထိုးထည့်နိုင်လို့။ သေတ္တာကို ဘီးနဲ့ ဆွဲသွားရလောက်အောင်အဆင်ပြေမဲ့ လမ်းနည်းပါးလို့ပါ။

  • ကိုယ်လက်တွေမှာလိမ်းလို့ရတဲ့ ခြင်ဆေး ခရင်မ်ဗူး ထည့်တယ်။ ငှက်ဖျား ရှိတယ်လို့လည်း ကြားဖူးထားတယ်။ လိုရမယ်ရ ဆိုတဲ့ အတွေးလည်း ရှိတယ်။ ကန်ပက်လက်လို့ ချင်းပြည်နယ်ရဲ့ တောင်စခန်းမြို့မှာတောင် ကျွန်တော့အခန်းထဲ ခြင်ငယ်လေးတွေ တွေ့လိုက်ရတော့ ဒါလေးပါလာတာ အဆင်ပြေသွားတယ်။ ဒေသခံတွေကတော့ ပြောရှာပါတယ်။ အရင်က ခြင်မရှိဘူးတဲ့။ ဧည့်သည်တွေနဲ့အတူ ပါလာတာဖြစ်မယ်တဲ့။

  • Walking Shoe လို လမ်းလျှောက်ရင်လည်း ပေါ့ပါးမဲ့၊ တစ်ခုခုနဲ့ မတော်တဆခိုက်မိရင်လည်း ခြေထောက်ကို မနာအောင် ကာကွယ်ပေးမဲ့၊ လမ်းလျှောက်တာကြာလို့ ခြေထောက်ကို နာကျင်မှုနည်းစေမဲ့ ဖိနပ်ကိုလည်း သတိတရ ထည့်ပါတယ်။ ခြေညှပ်နဲ့သွားလည်း အဆင်ပြေပေမဲ့ လမ်းလျှောက်ဖို့ အဆင်ပြေအောင်ထုတ်ထားတဲ့ အားကစားဖိနပ်တွေကတော့ အသင့်လျော်ဆုံးလို့ ကျွန်တော်ထင်ပါတယ်။

  • ပေါ့ပါးလွတ်လပ်တဲ့ ဘောင်းဘီတို ကတော့ ဘောင်းဘီကျပ်ကျပ်၊ ဂျင်းဘောင်းဘီတို့ထက် ပေါင်ပွန်းတာ အသားပွန်းတာ သက်သာစေမယ်လို့ ယူဆမိပါတယ်။ တောထဲသွားလာရင်လည်း ကျပ်မနေတော့ ကျော်ရ လွှားရ အဆင်ပြေတယ်လေ။

  • အကိုက်အခဲပျောက်သောက်ဆေး နဲ့ ကြွက်သားရောင်ရမ်းတာ ကိုက်ခဲတာ သက်သာဆေးတဲ့ လိမ်းဆေး တွေလည်း အသင့်ဆောင်ထားရပါတယ်။ ပုံမှန် Gym မှာ လမ်းလျှောက်စက်နဲ့ လမ်းလျှောက်ကျင့်သူတွေတောင် ခုလို တောင်တက်တဲ့အခါမျိုးမှာ အတော်လေး မသက်မသာ ဖြစ်တတ်လို့ပါ။

  • ဦးထုပ် နဲ့ နှာခေါင်းစည်းပုဝါ ဒါမှမဟုတ် မျက်နှာဖုံး တွေလည်း ယူသွားရပါမယ်။ ဖုန်ထတာနဲ့ နေရောင်ခြည်ဒါဏ်က အတော်အသင့် ကာကွယ်နိုင်အောင်ပါ။

  • တစ်နေကုန် လမ်းလျှောက်ရမှာမို့ နေပူရင် အသားမမည်းအောင် လက်ရှည်အပါးလေး ဝတ်တာလည်း ကောင်းပါတယ်။

  • Power Bank ကို ဖြစ်နိုင်ရင် တစ်သောင်းအားလောက်ကို နှစ်ခုလောက်တော့ အနည်းဆုံး သယ်သွားပါ။ ဒီဘက်ပိုင်းမှာ မီးစက် အသုံးများလို့ ဖုန်းထဲမီးအားဝင်တာ နည်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ ခါတိုင်း အိမ်က လျှပ်စစ်မီးနဲ့အားသွင်းရင် ခဏနဲ့ အားပြည့်သမျှဟာ ဒီမှာ နာရီဝက်၊ တစ်နာရီကျော်မှ အားနည်းနည်း ဝင်တာမျိုး သတိထားမိတယ်။

  • MPT ဖုန်းလိုင်း အများဆုံးမိပါတယ်။ တောင်ပေါ်မှာတော့ ဘယ်လိုင်းမှ မမိပါဘူး။ Telenor မိတယ်ပြောပေမဲ့ ကျွန်တော် မစမ်းသပ်မိဘူး။ Ooredoo ကတော့ လုံးဝ မမိလို့ ဖြစ်နိုင်မယ်ဆိုရင် MPT ဖုန်းယူသွားတာ စိတ်ချရတယ်။ ကျန်တဲ့ ဖုန်းတွေပါလာရင်လည်း ဖုန်း Network ကို ပိတ်ထားတာ Airplan Mode လုပ်ထားတာမျိုးလုပ်မှ ဖုန်းဘက်ထရီအား ပိုခံ ပါတယ်။ မဟုတ်ရင် ဖုန်းက Operator Signal ကို လိုက်ရှာနေရလို့ထင်တယ်။ ဖုန်းအားကုန်တာ အရမ်းမြန်တယ်။

  • ရွာမှာ တစ်ညအိပ်မယ်လို့ စိတ်ကူးရင် တစ်ကိုယ်ရေသုံး ရေချိုးပစ္စည်း၊ သဘက်၊ အလှကုန်ပစ္စည်းတွေကိုလည်း သတိပြုပါ။ ပြီးတော့ စက္ကူလိပ်တွေလည်း ဆောင်ထားပါ။ Wet Tissue လိုမျိုးလည်း ဆောင်ထားသင့်ပါတယ်။

  • ဟိုရောက်တော့မှ ကျွန်တော် နောင်တ အရမိဆုံးက မျက်နှာလိမ်းတဲ့အစိုဓါတ်ထိန်းခရင်မ် နဲ့ နှုတ်ခမ်းစိုအောင်လုပ်ပေးမဲ့ နှုတ်ခမ်းနီတွေ ယူမသွားမိတာကိုပါပဲ။ တကယ်တော့ မျက်နှာရော၊ တကိုယ်လုံးပါ အသားပပ်တာပါ။ ဖြူဖြူမွဲခြောက်ခြောက်အသားမျိုး တောင်တက်ရင်းနဲ့ ဖြစ်လာတယ်။ မျက်နှာကြီး တင်းပြီး ယားလာတယ်။ နှာခေါင်းထိပ်က နီလာပြီး ယားလာတယ်။ နှုတ်ခမ်းတွေက အဖပ်တွေ လန်ချင်သလိုဖြစ်လာတော့မှ အဲ့ဒီအလှကုန်တွေကို သတိရသွားတယ်။ ဒါတောင် သွားတာက နွေရာသီကြီးနော်။ ဆောင်းရာသီသွားတဲ့ ဧည့်သည်တွေဆို ဘယ်လိုနေမလဲ မသိဘူး။

  • တောင်တက်လမ်းမှာ ဘာဆိုင်မှ မရှိဘူးဆိုလို့ ရေသန့်ဗူးသေးလေး ၂ ဗူးကို ကျောပိုးအိတ်ထဲ ထည့်ယူသွားပါတယ်။ အတော်အဆင်ပြေသွားတယ်။ ဆာတတ်တဲ့သူမျိုးဆို တောင်တက်လမ်းမှာ အနားယူတုန်းစားဖို့ မုန့်တစ်မျိုးမျိုးလည်း ထည့်သွားတာ ပိုကောင်းတယ်။


တောင် စတက်ဖို့ နေ့လည်စာထည့်ယူ

စားခဲ့ရတဲ့ မနက်စာ

ဒီနေ့ကတော့ ကျွန်တော့အတွက် အတော်ပင်ပန်းမဲ့နေ့ဆိုတာ သိနေတယ်။ အရမ်းရောက်ဖူးချင်နေတဲ့ ဝိတိုရိယတောင်ထိပ် ကို ရောက်ဖူးတော့မယ်ဆိုတဲ့ ရင်ခုန်နေမှုကလည်း ပိုတယ်။ တစ်ဆက်တည်း ဒီမနက်မှာ ချစ်စရာကောင်းတဲ့ ကန်ပက်လက်မြို့လေးကို တစ်ခါတည်း နှုတ်ဆက်ခဲ့ရတော့မယ်ဆိုတာလည်း သိထားရင်းနဲ့ မနက် ၆ နာရီလောက်မှာ အိပ်ရာကနေ နိုးလာတယ်။ မျက်စိပွင့်လို့ အသိဝင်လာတဲ့အချိန် ကျွန်တော့အခန်းမှာ ညက ဖွင့်ထားတဲ့ မျက်နှာကျက်မီးချောင်းက မီးလင်းနေလို့ ကမန်းကတန်း ထ ပေမဲ့ မီးက ပြန်ပိတ်သွားတယ်။ မီးစက် ခဏဖွင့်ပေးတာ ဖြစ်ပါလိမ့်မယ်။ နေရောင်ခြည်က အခန်းပြတင်းကနေ လုံလုံလောက်လောက် ဝင်နေပြီမို့ မီးလည်း မလိုတော့ပါဘူးလေ။ ရေချိုးဖို့ ရေပူ မရတော့မှာဘဲ စိတ်ပူမိပေမဲ့ တကယ်တမ်းရေချိုးချိန်မှာ ရေပူ ရနေတော့ အတော်လေး အဆင်ပြေသွားတယ်။ မနက်ကို ၈ နာရီလောက် ထွက်ဖို့ ချိန်းထားကြတော့ သိမ်းစရာရှိတာအကုန်ထုတ်ပိုးသိမ်းဆည်းတယ်။ တောင်တက်တဲ့အခါ ကိုယ်နဲ့ သယ်သွားမဲ့ ပစ္စည်းတွေကို ခွဲထည့်တယ်။ Laptop ကို နေရာတကာ သယ်သွားနေကျမို့ ခုလည်း ပါလာပြန်တော့ ဒါကြီးကို တောင်တက်တုန်းသာ သယ်ထားရရင် ဘယ်လောက်ပင်ပန်းလိုက်မလဲ တွေးမိတော့ အဝတ်အိတ်ထဲ ပြန်ပြောင်းထည့်လိုက်တယ်။ ရေဗူးအသေးလေး ၂ ဗူးတော့ ထည့်မှ ဖြစ်မယ်ဆိုပြီး ကျေပိုးအိတ်ထဲ ထည့်တယ်။ ဖုန်းနဲ့ ကင်မရာတွေကိုတော့ အလွယ်တကူ ထုတ်လို့ထည့်လို့ရမဲ့ နေရာမှာ ထားတယ်။ အားလုံး စီစဉ်ပြီးတာနဲ့ ကိုယ့်အထုတ်ကိုယ်ဆွဲပြီး Resort Reception ကို ထွက်လာလိုက်တယ်။


မနက်စာအခန်းထဲ ၇ နာရီခွဲလောက်မှာ လူစုံနေပြီ။ ဧည့်သည်နည်းတဲ့အချိန်မို့ မနက်စာကို ဘူဖေး မလုပ်ပေးနိုင်ဘဲ၊ ညကတည်းကနေ ကိုယ်စားချင်တာကို မှာထားရတာဆိုတော့ ကျွန်တော်က မြန်မာဆန်ဆန် ထမင်းကြော် ကို ကြက်ဥကြော်လေးနဲ့ပဲ မှာထားလိုက်တယ်။ တချို့လည်း အမေရိကန်မနက်စာ မှာစားကြတယ်။ အားလုံးစားဖို့ ကြက်သွန်ကြော်၊ မြေပဲကြော်နဲ့ ငါးခြောက်ကြော်တို့ကိုလည်း အရံဟင်းပုံစံချပေးပါတယ်။ ကော်ဖီကတော့ 3 in 1 Coffee Mix တွေပဲ ရပါတယ်။ ဒီကနေ တောင်ပေါ်တက်ကြတဲ့သူတိုင်းက ဒီဟိုတယ်မှာပဲ နေ့လည်စာထမင်းကို စီစဉ်သွားကြတယ်။ မနေ့ညကတည်းက ဟိုတယ်ကို ကြိုပြီး စီစဉ်ခိုင်းထားတယ်။ ထမင်းကြော်ကို ကြက်သားကြော် နဲ့ မှာလို့ရသလို ခေါက်ဆွဲကြော်လည်း မှာလို့ရတယ်။ ဒီနေ့လည်စာဗူးတွေကို ဟိုတယ်က ပြင်ဆင်ပြီး ဒေသခံဧည့်လမ်းညွှန်လက်ထဲ ထည့်ပေးလိုက်တယ်။ ဒီနေ့လည်စာက တောင်ထိပ်ရောက်ရင် စားဖို့ပေါ့။ ဟိုးအပေါ်မှာ ဘာဆိုင်မှ မရှိဘူးလေ။


နတ်မတောင် (ခေါ်) ဝိတိုရိယ (ခေါ်) ခေါ်နူးစုမ်တောင် အကြောင်း

ကိုယ်တက်မဲ့တောင်အကြောင်းလေးလည်း အကြမ်းဖျဉ်းသိတာ ပိုကောင်းတယ်ဆိုတော့ နည်းနည်းပြောပါရစေ။ ဒီ ၃ မည်ရ ဝိတိုရိယ (ခေါ်) ခေါ်နူးစုမ် (ခေါ်) နတ်မတောင် ကို ၁၉၃၆ ခုနှစ်က ဘောလီမိုး ကြိုးဝိုင်း အနေနဲ့ စပြီး ဖွဲ့စည်းခဲ့တယ်။။ ၁၉၉၇ ခုနှစ်ကျမှ အမျိုးသားဥယျာဉ်ဖြစ်သင့်တယ်လို့ အကြံပြုခဲ့ပြီး ၂၀၁၀ ခုနှစ်မှ အမျိုးသားဥယျာဉ်အဖြစ် အတည်ပြုဖွဲ့စည်းခဲ့တယ်။ ၂၀၁၂ ခုနှစ်မှာတော့ အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park) အနေနဲ့ တိုးမြှင့် သတ်မှတ်ပေးခဲ့ကြပါတယ်။ ဒီတောင်ဟာ ချင်းပြည်နယ်တောင်ပန်း ကန်ပက်လက်၊ မင်းတပ် နဲ့ မတူပီ (၃)မြို့နယ်အတွင်းမှာ ကျရောက်တဲ့ တောင်ပါ။ ၁၇၆၂၀၂ ဧက ကျယ်ဝန်းပြီးတော့ အမြင့်ပေ ၁၀၂၀၀ ပေ (၃၀၅၃) မီတာ ကျယ်ဝန်းတယ်လို့ သိရပါတယ်။


တောင်ခြေဆီ အရင် သွားရ

လမ်းစမလျှောက်ခင်

ကန်ပက်လက်ဟိုတယ်ကနေ ဝိတိုရိယတောင်ခြေ လမ်းစလျှောက်လို့ရတဲ့နေရာရောက်ဖို့ ကားနဲ့ အတော် သွားယူရသေးတယ်။ စိတ်အထင် မိနစ် ၃၀ လောက် မောင်းသွားရသေးသလိုပဲ။ လမ်းမှာ ဟိုတယ်အသစ် အဟောင်းလေးတွေ အတော်များများတွေ့ရတယ်။ တချို့က ခေတ်မီတဲ့အသွင်၊ တချို့ကတော့ ရိုးရာဟန်တွေနဲ့ ဧည့်သည်တွေကို ဆွဲဆောင်နေတယ်။ ကားက တောင်လေးကို ကွေ့ပတ်တက်ရင်း လမ်းစလျှောက်ဖို့ သတ်မှတ်နေရာလေးကို ရောက်လာတယ်။ အဲ့ဒီနေရာလေးမှာ နတ်မတောင် အမျိုးသားဥယျာဉ်ဆိုတဲ့ ဆိုင်းဘုတ်လေးတွေ့တော့ တောင်တက်လို့ ချွေးထွက် ရုပ်မပျက်သေးခင် ဓါတ်ပုံဖမ်းရိုက်ရသေးတယ်။ နိုင်ငံခြားသားတချို့ကတော့ ဟိုး တောင်ခြေ (ကျွန်တော်တို့ဟိုတယ်လောက်ကနေပေါ့) ဟိုးတောင်ထိပ်ထိကို လမ်းပဲ လျှောက်ကြတာဆိုလို့ အတော်အံ့သြသွားတယ်။ ကားနဲ့တက်လာတုန်းကလည်း နိုင်ငံခြားသူတစ်ယောက် အထုပ်အပိုးတွေလွယ်ပြီး ဆင်းလာနေတာ မြင်လိုက်ရတော့ ဒါ ဖြစ်နိုင်တယ်လို့ လက်ခံလိုက်တယ်။


တောင် စတက်ပြီ

စလျှောက်တော့ တောင်ပြေပြေလေးကို တက်ရတယ်။ လမ်းက မြေလမ်းလေး။ ဒေသခံလမ်းညွှန်လေးပြောတာကတော့ ဆိုင်ကယ်နဲ့ တောင်ထိပ်ထိ တက်လို့ရပေမဲ့ ခုတော့ ဆိုင်ရာ က တားမြစ်ထားတယ်တဲ့။ ပြီးခဲ့တဲ့ ခရီးသွားရာသီက နိုင်ငံခြားသားဧည့်သည်တွေ Complaint တက်ကြလို့တဲ့။ မြေလမ်းဆိုတော့ ဆိုင်ကယ်တွေ တဝေါဝေါဆို ဖုန်ထပြီး လမ်းလျှောက်တောင်တက်သူအတွက် မသက်သာဘူးလေ။ ဒါကိုတော့ သဘောကျမိသား။ စတက်ကတည်းက မြင်ကွင်းလေးတွေက ကိုယ်မြင်တွေ့နေကျ မြင်ကွင်းမျိုး မဟုတ်တော့ မောရကောင်းမှန်းတောင် မသိဘူး။ တောင်လေးတွေကို ဆက်ပြီး ဖောက်ထားတဲ့ မြေလမ်းလေးတွေက ကွေ့ကွေ့ကောက်ကောက်နဲ့ လှနေတယ်။ တောင်ခြေကို မြင်ရတာလည်း အသည်းယားစရာပေမဲ့ မနက်ပိုင်းမို့ မြူဆိုင်းပြီး လှနေတယ်။ တောင်ပေါ်ကို လှမ်းကြည့်တော့လည်း ကောင်းကင်အပြာရောင်အောက်မှာ တောင်စိမ်းစိမ်းလေးတွေက လှနေတယ်။ Selfie လေးဆွဲလိုက်၊ ရှုခင်းတွေ ဓါတ်ပုံရိုက်လိုက်နဲ့ အတော်လေး အလုပ်ဖြစ်နေတာ။ အရမ်းမြင်ဖူးချင်နေတဲ့ တောင်ဇလပ်ဆိုတာကိုလည်း မြင်ခွင့်ရခဲ့တော့ ဓါတ်ပုံရိုက်မဝဘူး။ ဒါတောင် ပန်းပွင့်တဲ့ရာသီ မဟုတ်တော့လို့ အပင်ပေါ်မှာ အနီက ခပ်ကျဲကျဲ ဖြစ်နေတယ်။

ဆိုင်ကယ်တွေ ဖုန်ထအောင် တက်လာကြ

လူသွားလမ်းဆိုပေမဲ့ ဆိုင်ကယ်နဲ့ ကားသွားလို့ရအောင် ဖောက်ထားတဲ့လမ်းလေးဆိုတာ လျှောက်ရင်းနဲ့ သတိထားမိလာတယ်။ သိပ်မကြာဘူး ဗရီး ဗရီး အသံတွေကြားလို့ နောက်လှည့်ကြည့်တော့ ဆိုင်ကယ်တွေနဲ့ လူငယ်တွေ တက်လာကြတာ။ တစ်စီးလည်း မပြီး နှစ်စီးလည်း မပြီး နဲ့။ ကြာတော့ ဖုန်ဒါဏ်ကို သည်းမခံနိုင်တော့လို့ အသင့်ပါလာတဲ့ မျက်နှာဖုံးစွပ်ကို ကောက်စွပ်ယူရတဲ့အဖြစ်။ ခုနကပြောတော့ ဆိုင်ကယ်ပေးမတက်တော့ဘူးဆိုပြီး ဘယ်လိုလုပ် ဆိုင်ကယ်တွေ တက်လာပြန်တာလဲလို့ တွေးမိသွားတယ်။ ဧည့်သည်များချိန် မဟုတ်လို့များလားလို့ တွေးမိတယ်။ နောက်တော့ ဒီ ဆိုင်ကယ်တွေကို ရှောင်ပေးရတာနဲ့ ဖုန်ကို ကွယ်ရတာနဲ့ အလုပ်မရှုပ်ချင်တာကြောင့် ပုံမှန်သွားတဲ့ ဆိုင်ကယ်လမ်းကြောင်းက မသွားတော့ပေါ့ မြက်ပင်လေးတွေကြားက လူတစ်ယောက်စာ သွားနိုင်တဲ့လမ်းကလေးတွေ တွေ့လို့ အဲ့ဒီကနေပဲ လမ်းလျှောက်တက်ခဲ့ကြတယ်။ လမ်းမှာ တစ်နေရာရောက်တော့ ဂျစ်ကားတွေပါ တွေ့လိုက်ရတယ်။ အဲ့ဒီကျမှ ခုသွားတဲ့လမ်းက ဆိုင်ကယ်ရော ကားပါ သွားလို့ရအောင် ဖောက်ထားပါလားလို့ သိလိုက်ရတာ။ ဒီဒေသက ဘေးမဲ့တောလိုလည်း ဖြစ်နေတော့ သားရဲတွေလည်း ရှိတယ်ပြောကြပါတယ်။ အရင်ကတော့ ကျား ပါ တွေ့တယ်ပြောတယ်။ နောက်ပိုင်း အန္တရာယ်ပြုမှာစိုးလို့ဆိုပြီး သတ်လိုက်ကြတယ်တဲ့။ ခုထိတော့ တောဝက်တွေလည်း ကျက်စားကြတယ်ပြောပါတယ်။ ကိုယ်တွေတော့ မတွေ့မိ။ အင်းလေ တွေ့ရင်လည်း ခုလို စာရေးနိုင်ပါတော့မလားနော်။ ထူးခြားတာတစ်ခုတွေ့တယ်။ အဲဒါက ခူယားကောင်လေးတွေ တတန်းကြီးစီတန်းပြီး ဟိုဘက်ကနေ ဒီဘက်ကို လမ်းဖြတ်ကူနေကြတာ။ အသည်းယားလိုက်တာဗျာ။ နည်းတဲ့အကောင်ရေမဟုတ်ဘူး။ တချို့လည်း ဖြတ်ကူးရင်း ဆိုင်ကယ်ကြိတ်ခံရလို့ သေနေကြပြီ။


တချို့နေရာတွေက အရမ်းမတ်လို့ တက်ရင်း မောလွန်းလို့ ခဏခဏ နားရတယ်။ တချို့နေရာတွေကျတော့လည်း တော်တော် မှောင်သွားတဲ့အထိကို သစ်ပင်အုပ်က ကြီးတယ်။ လေတိုးတဲ့အသံတွေက ရှေ့မှာ ရေတံခွန်များရှိလားထင်ရလောက်အောင် ပြင်းပြင်းထန်ထန် ကြားနေရတယ်။ တခါတလေလည်း သံစဉ်တစ်ပုဒ်လိုပဲ နားထောင်ကောင်းနေတယ်။ နေပူထဲမှာ ပူသလိုလို ရှိပေမဲ့ လေတိုက်ရင် လူကို အေးမြနေစေတယ်။ တောအုပ်ထူထူ အရိပ်များတဲ့နေရာများမှာ လေတိုက်ရင် စိမ့်ခနဲကို အေးသွားလိုက်တာ။ တောပန်းခြောက်လေးတွေ တော်တော်များများတွေ့ရတော့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ ဆောင်းရာသီများလာရင် ဒီတောပန်းတောင်ပန်းလေးတွေ အားလုံးလည်း ပွင့်နေမယ်။ တောင်ဇလပ်တွေလည်း တစ်ပင်လုံးရဲရဲနီနေကြမယ်ဆိုရင် အရမ်းများ ပိုလှနေမလားလို့လေ။ ခုတော့ တောပန်းတောင်ပန်းလေးတွေက ခပ်ကြဲကြဲမှာ အများစုက ခြောက်သွေ့နေကြပြီ။ ရှိတဲ့ မြေကပ်ပန်းလေးတွေ၊ လက်ကျန်တောပန်းတောင်ပန်းလေးတွေကိုပဲ ကပျာကယာ မှတ်တမ်းတင်ရတယ်။

ရဲရဲနီတဲ့ တောင်ဇလပ်ပန်းတွေ

လမ်းလျှောက်ရင်း သတိထားမိသွားတာက လမ်းရဲ့ ဘေးဘက်တွေမှာ ရောက်နေတဲ့ တောင်အမြင့် ကီလိုမီတာ ကို ဝါးခြမ်းပြားတိုင်လေးတွေနဲ့ ရေးမှတ်ဖော်ပြပေးထားတယ်ဆိုတာပါ။ လမ်းရဲ့ တချို့နေရာတွေမှာတော့ ရေသန့်ဗူးခွံတွေ၊ အအေးဗူးခွံတွေ၊ မုန့်ထုပ်အခွံတွေ၊ Snow Towel တွေ၊ ဘီယာဗူးခွံတွေ ဟိုတစ်စ ဒီတစ်စ တွေ့ရတော့ ဒီကိုလာတဲ့ ဧည့်သည်တွေကို စိတ်ထဲ အပြစ်တင်မိသွားတယ်။ အမှိုက်တွေကို သေချာ မပစ်ရင် နောက်ဆို ဒီနေရာကြီးဟာလည်း ဘယ်နိုင်ငံခြားသား၊ ဘယ်နိုင်ငံသားဧည့်သည်မှ လာချင်တော့မှာ မဟုတ်ပါဘူး။ ဒေသခံလမ်းညွှန်လေးကို အမှိုက်ပုံးမရှိဘူးလားမေးကြည့်တော့ တစ်နေရာအရောက်မှာ အမှိုက်ပုံးထားပေးကြောင်းကို လက်ညှိုးထိုးပြပါတယ်။ အဲ့ဒီမှာလည်း အမှိုက်ထည့်တဲ့သူတွေ သူ့ဟာသူ ရှိနေပါတယ်။ နောက်မှ သတိထားမိတာက ဒီအမှိုက်တွေဟာ ဒီဒေသက ဒေသခံလူငယ်တွေက စွန့်ပစ်တာ ဖြစ်နိုင်ဖို့ ပိုများတယ်ဆိုတာပါပဲ။ ဒီအထိရောက်လာတဲ့ ခရီးသွားအများစုဟာ သဘာဝကိုချစ်လို့ ဖြစ်နိုင်ချေ့ပိုများတာကြောင့် ဒီလို အမှိုက်တွေကို သူတို့လည်း မြင်ချင်မှာ မဟုတ်ကြပါဘူး။ ဒေသခံတွေ ဖြစ်ဖို့ ဘာလို့ ပိုများလဲ မေးရင်... ကျွန်တော်ကိုယ်တိုင် အဲဒီချိန်က ဒေသခံလူငယ်တချို့ရဲ့ အပြုအမူကို အမှတ်မထင်တွေ့လိုက်ရလို့ပါ။ မနက် ၈ နာရီခွဲလောက်က တောင်စတက်တာ နေ့လည် ၁၁ နာရီလောက်မှာ အာဆီယံအမွေအနှစ်ဥယျာဉ် ဆိုတဲ့ ဆိုင်းဘုတ်နေရာကို ရောက်ပါတယ်။ ဒီနေရာလေးကနေ တောင်ထိပ်ရောက်ဖို့ ၄ မိနစ်လောက်ပဲ တက်ဖို့ လိုတဲ့နေရာပါ။ ဒီနေရာမှာ ကျောင်းသားတွေ၊ အဖွဲ့အစည်းတွေ တချို့လာပြီး Camping လုပ်ကြတယ်လို့ သိရတယ်။ မြေကွက်လပ်လေးက အတော်ကျယ်တော့ အဆင်ပြေတယ်။ ယာယီတဲလေးတွေထိုးပြီး နေလို့ကောင်းမဲ့ပုံပါ။

စနစ်တကျ စွန့်ပစ်ပါနော်

တောင်ထိပ်မှာ ဘာရှိလဲ

ကျွန်တော်တို့အဖွဲ့ထဲက တစ်ယောက်ကမေးတယ်။ "သီဟ၊ တောင်ထိပ်မှာ ဘာရှိမယ်ထင်လဲ" တဲ့။ ခေါင်းထဲ ဦးဆုံးရောက်လာတာက စေတီတည်ထားမယ်ထင်တယ် ဆိုတာပဲ။ ဒါပေမဲ့ ချင်းပြည်နယ်ဘက်က တောင်ဖြစ်လို့ ခရစ်ယာန်တွေလည်း ရှိနိုင်တဲ့အတွက် ရှိကောင်းမှလည်း ရှိမယ်ပေါ့။ ပြန်တော့ မဖြေလိုက်မိဘူး။ တစ်ကယ်တန်း ဝိတိုရိယတောင်ထိပ်ကို ရောက်တဲ့အခါ ဘုရားဆင်းတုတော်ကြီး တစ်ခုကို တွေ့လိုက်ရတယ်။ ထင်တဲ့အတိုင်း မှန်နေတယ်ပေါ့။ ခုမှ ဆောက်လက်စ လို့တော့ သိရပါတယ်။ ဟိုးဘက်တောင်က ဒီ ဝိတိုရိယတောင်ထက် အနည်းငယ် နိမ့်ပေမဲ့ အဲဒီတောင်ပေါ်မှာတော့ စေတီတည်ထားတာအတော်လေး ပြည့်စုံနေပြီ။ ဝိတိုရိယတောင်ထိပ်ပေါ် အားရလောက်အောင် ဓါတ်ပုံမှတ်တမ်းတွေတင်ပြီးမှ တစ်ဖက်က စေတီရှိတဲ့ တောင်ကို ပြန်တက်ကြတယ်။ အဲ့ဒီမျှာ ဇရပ်တစ်ခု လုပ်ပေးထားတယ်။ ဒီဇရပ်ပေါ်မှာ နေ့လည်စာထမင်းစုစားကြမယ်ဆိုပြီး ပြင်ဆင်ဝေငှကြတယ်။ ဒါပေမဲ့ ဇရပ်ထဲမှာ ခဏနေကြည့်တာတောင် အတော်လေး ချမ်းစိမ့်စိမ့်ဖြစ်လာလို့ နောက်ဆုံးနေပူထဲ ပြန်ထွက်ထိုင်ပြီး စားကြရတာလည်း အမှတ်တရတစ်ခုပါ။


တောင်ဆင်းတော့ တောလမ်းသစ်ထွင်

တောင်ထိပ်ကို တပင်တပန်းတက်ရင်း ကမ္ဘာကြီးကို အထက်စီးကနေ ကြည့်ရတဲ့ အရသာဟာ အတော်လေး ချိုမြိန်ပါတယ်။ ဒါပေမဲ့ အပြန်ခရီးဆိုတာ ခေါင်းထဲ ဝင်လာတာနဲ့ လူက ရူးချင်ချင်ဖြစ်သွားတယ်။ ဒီလမ်းကပဲ ပြန်ဆင်းရမယ်ဆိုရင် ဒီနေ့လောက် ပျင်းစရာကောင်းတဲ့နေ့ ရှိမှာကို မဟုတ်တော့ဘူး။ ဒါပေမဲ့ ဘုရားက ကျွန်တော့ကို ဒီလိုမျိုး စိတ်ပျက်စေတဲ့အခွင့်တော့ မပေးရှာပါဘူး။ ဒေသခံလမ်းညွှန်ညီငယ်က တောင်ခြေကို မြန်မြန်လည်းရောက်မယ်။ တောလမ်းထဲကနေလည်း ဖြတ်လမ်းလို သွားရမဲ့နေရာ ပြမယ်ဆိုလို့ ဘယ်လိုပျော်မှန်းမသိ ပျော်သွားတယ်။ ဒါတောင် လမ်းရဲ့ သုံးပုံတစ်ပုံလောက်က တူနေသေးတယ်။ ဖြတ်လမ်းကို စဆင်းရမဲ့နေရာကတည်းက တောင်ကို ဖြတ်ဆင်းရသလိုမို့ နည်းနည်း မတ်သွားတယ်။ မလျှောအောင် သတိထားလျှောက်ရတယ်။ တစ်ခါတလေ ပြုတ်ကျမှာစိုးလို့ ဘေးဘက်က အပင်တစ်ခုခုကို အားပြုဆွဲယူလိုက်ရင် ဆူးကိုင်းကြီးတွေ ဖြစ်နေတတ်လို့ လက်နာသွားတယ်။ သစ်ပင်ကြီးတွေ လဲကျနေတတ်လို့ သစ်ပင်တွေပေါ်ကို ကျော်ခွပြီးလည်း သွားရတယ်။ အဆင်းက အတက်လို မမောပေမဲ့ ဒူးခေါင်းက နာချင်ချင်ဖြစ်လာတယ်။ လျှောမကျအောင် အားကန်ယူထားရတဲ့ တကယ့်အလုပ်အများဆုံးနေရာ ဖြစ်နေလို့နေပါလိမ့်မယ်။ ဖြတ်လမ်းသာဆိုပါတယ်။ အတော်တော့ လမ်းလျှောက်ရပါတယ်။ တောင်ခြေကို ရောက်တဲ့အချိန်မှာ ကားက အသင့်စောင့်နေပြီ။ အချိန်က ညနေ ၄ နာရီကျော်ပြီ။ တက်တဲ့တစ်ဖွဲ့လုံး တောင်ခြေမှာ လူစုံပြီဆိုမှ ငါတို့ လုပ်နိုင်ခဲ့ပြီဆိုပြီး ဓါတ်ပုံရိုက်ကြတယ်။ ပြီးတော့ ကားပေါ်တက်လို့ ဒီည စခန်းချမဲ့ အေးရွာ ကို ထွက်ခဲ့ကြတယ်။


အေးရွာ က တည်းခိုဆောင်လေး

မူလအစီအစဉ်မှာက အေးရွာ မသွားခင် လမ်းမှာရှိတဲ့ ထပ်ရှိရွာ ဆိုတာကို ဝင်လည်ဖို့ပါ။ ဒါပေမဲ့ တောင်တက်ထားရတဲ့ ခြေထောက်တွေနဲ့ လေ့ကျင့်မှုအားနည်းတဲ့ ကိုယ်ခန္ဓာတွေက စိတ်ရဲ့စေစားမှုနောက်ကို ဘယ်လိုမှ မလိုက်နိုင်ကြတော့လို့ ကားမောင်းတဲ့ကိုသက် က ဝင်ဦးမလားမေးတာကို "အန်ကယ်ကတော့ No ပါ" လုပ်လိုက်ရတယ်လေ။ နတ်မတောင်ကနေ အေးရွာ ကို ၄၅ မိနစ်လောက်ပဲ မောင်းလိုက်ရတယ် ရောက်လာတယ်။ အေးရွာ ဆိုပေမဲ့ အေးရွာထဲကို ရောက်တာ မဟုတ်ဘဲ၊ ဒီည စခန်းချလို့ တစ်ညတာ အိပ်မဲ့ အေးရွာက တည်းခိုခန်းလေးဆီပါ။ တည်းခိုဆောင်က ခြံကျယ်ကျယ် ကမ်းပါးယံပေါ်မှာ ဘုန်းကြီးကျောင်းပုံစံမျိုး ဆောက်ထားတယ်။ ချောက်ကမ်းပါးနားမှာ သစ်သားခုံတန်းလေး ချပေးထားတယ်။ ဒီနေရာကနေ နေဝင်ချိန်ကြည့်ရင် အရမ်းလှတယ်လို့ ပြောပေမဲ့ ကျွန်တော်တို့ရောက်တဲ့နေ့ကတော့ မြူတွေဖုံးနေလို့ နေဝင်ချိန်ဆိုတာ အစ ကို ရှာမရခဲ့ဘူး။ တည်းခိုမဲ့အခန်းလေးတွေကို ဒီအဆောင်ရှည်ရှည်မှာ ဆယ်ပေပတ်လည်အခန်းလေးတွေ ဟိုဘက် ဒီဘက် (အဆောင်ပုံစံ) ဖွဲ့ပြီး တံခါးလေးတွေနဲ့ ဖွဲ့စည်းပေးထားတယ်။ တည်းခိုခန်းဆိုတာထက် Trekking House အနေနဲ့ တစ်ညတာ တည်းခိုဖို့သာသာပဲလို့ ဆိုချင်ပါတယ်။ အိမ်သာတွေကို တည်းခိုဆောင်ရဲ့ အနောက်ဘက် အတော်ဝေးဝေးမှာ ထားတာကတော့ အတော် ကသိကအောင့် ဖြစ်ရတယ်။ အိမ်သာကတော့ ဘိုထိုင်မို့ စိတ်ချမ်းသာရတယ်။ သန့်တယ်။ ရေရအောင်လည်း သူ့နည်းသူ့ဟန်နဲ့ တောင်ကျချောင်းရေကို သေသေချာချာသွယ်ယူသိမ်းဆည်းပေးထားတယ်။ ရေချိုးခန်းကတော့ တည်းခိုဆောင်ရဲ့ အရှေ့ဘက်ခပ်လှမ်းလှမ်းမှာ ရှိပါတယ် ရေချိုးခန်း ၃ ခန်းကို သွပ်တွေနဲ့ ကာရံပေး၊ မိုးပေးထားတယ်။ အထဲမှာ တိုင်ကီ၊ ကော်ရေခွက်၊ ကော်ရေပုံးတွေ ထားပေးထားတယ်။ ရေနွေးလိုချင်သူတွေ ယူနိုင်ဖို့ အပြင်ဘက်မှာလည်း ရေနွေးကျိုတဲ့အိုးထားပေးပြီး ရေနွေးကျိုပေးတယ်။ တည်းခိုခ က တစ်ယောက် တစ်သောင်း ဖြစ်မယ်။ မနေ့က ဟိုတယ်မှာတော့ တစ်ယောက်ကို ၃ သောင်း ကျတယ်။


ချင်းရိုးရာ ညစာလေး

ခရီးစဉ်အရတော့ ဒီမှာပဲ ညစာ စားရမှာမို့ ညစာကို ဒီတည်းခိုဆောင်ကပဲ စီစဉ်ချက်ပြုတ်ပေးပါတယ်။ မရောက်ခင်တစ်ရက်အလိုကတည်းက ဒေသခံဧည့်လမ်းညွှန်ညီငယ်ကနေတဆင့် ခေါင်ရည်သောက်ချင်ကြောင်းပြောထားလို့ မင်းတပ်မြို့ကနေ ခေါင်ရည်ကို ဒီအေးရွာထိ ရောက်အောင် စီစဉ်ပို့ဆောင်ပေးထားပါတယ်။ ခေါင်ရည်ကို ဆပ်နီလို့ခေါ်တဲ့ အနှံတစ်မျိုးကနေ အချဉ်ဖောက်ဝိုင်ချက်ထားလို့ သိရပါတယ်။ ညစာမှာ ခေါင်ရည်နဲ့ အားပါးတရ စားကြရတော့မှာမို့ ချက်ချင်းတောင် ဗိုက်စာလာသလိုပါပဲ။ ဒီ အေးရွာ မှာလည်း မီးမရတာမို့ မီးစက်နဲ့ပဲ အလုပ်ဖြစ်နေကြတယ်ဆိုပါတော့။ ညစာကို မီးအလင်းနည်းနည်း သဘာဝကျကျ စားသောက်ရတာကလည်း မေ့မရနိုင်အောင်ပါပဲ။ နွားနောက်သားသုပ်၊ အသားနဲ့အရွက်ကြော်၊ ပန်းဂေါ်ဖီကြော် စတဲ့ဟင်းပွဲလေးတွေက အချိုမှုန့် နဲ့ ဆားအငံ အရသာ ခပ်ကင်းကင်းနဲ့ စားကောင်းနေပါတယ်။ ခေါင်ရည်ကလည်း ခံတွင်းရှင်းပေးလိုက်သလိုပဲ။ မူးတော့ မမူးလိုက်ဘူး။ ဒါပေမဲ့ ဒီညအတွက်တော့ ဒီခေါင်ဟာ ကျွန်တော့အတွက် လုံလောက်တယ်လေ။ အရမ်းလည်းပင်ပန်းနေပြီ။ မနက်ကျရင် ရွာထဲ Trekking လုပ်ရင်းစားဖို့ ထမင်းဗူးကိစ္စ ပြောရင်းနဲ့ အိပ်ချင်စိတ်ကို တင်းထားရတယ်။ ဒါပေမဲ့လည်း ကြာကြာ မတင်းနိုင်တော့လို့ ခပ်မြန်မြန် ခေါင်းအုံးလေးမှာ ခေါင်းချရင်း အိပ်မက်ထဲက ပယဲထိုးထားတဲ့ ချင်းအဘွားကြီးတစ်ယောက်အကြောင်း အိပ်မက်နေမိပါတော့တယ်။ မနက်ဖြန်မှာ ပယဲထိုးတဲ့ ချင်းအမျိုးသမီးကြီးတွေ နဲ့ ကျွန်တော် သီဟ တွေ့ကြပြီပေါ့ဗျာ။


အပိုင်း () ဆက်လက်ဖတ်ရှုပေးပါခင်ဗျာ။ စရေးခါစတုန်းက အဲ့လို စာရှည်ရှည် ရေးမိတတ်လို့ပါ။


သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

163 views0 comments
bottom of page