Search
  • Thiha Lu Lin

ဝိဇယပူရ ပင်းယ

ကျွန်တော် ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းက ဇေယျာပူရ (စစ်ကိုင်း)၊ ရတနာပူရ (အင်းဝ) နဲ့ အမရပူရ ဆိုတဲ့ ပူရ အမည်နဲ့ နေပြည်တော်ဟောင်း သုံးမြို့ ကို ရေးခဲ့ဖူးပါတယ်။ ကျန်နေသေးတဲ့ ဝိဇယပူရ (ပင်းယ) အကြောင်းကိုတော့ ခု ၂၀၁၉ နှစ်ဆုံးပိုင်းမှ ရေးဖြစ်တယ် ဆိုပါတော့။ အင်းဝ ကို လူ သိများပေမဲ့ ပင်းယ ကိုတော့ တခုတ်တရလည်ပတ်ကြသူ နည်းပါးပါသေးတယ်။ အင်းဝ နဲ့ ယှဉ်ရင် ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းအမွေအနှစ်လည်း နည်းပါးသလို၊ ပြုပြင်မှုတွေလည်း များခဲ့ပြီး၊ လူနေအဆောက်အဦးများနဲ့ စိုက်ခင်းတွေကြား ပျောက်ပျက်သွားတာတွေလည်း ရှိနေလို့ပါ။ ပင်းယ နဲ့ ပတ်သက်လို့ အထင်ကရတွေကို မန္တလေးသူ/သားတွေပဲ မေးမေး၊ ယခု ပင်းယမြို့ဟောင်းဝန်းကျင် ဖြစ်နေတဲ့ တံတားဦးဝန်းကျင်ပဲ မေးမေး ရုတ်တရက် မဖြေနိုင်ကြသလို၊ ဆယ်ကျော်သက် နဲ့ အသက် ၂၀ ကျော် လူငယ်များဟာလည်း ကောင်းစွာ မသိကြတာ များပါတယ်။ မန္တလေး၊ အင်းဝ နားရောက်လက်စနဲ့တော့ ပင်းယ ပါ တစ်ပါတည်း လေ့လာ ဘုရားဖူးနိုင်ဖို့အတွက် ရည်ရွယ် ရေးသားလိုက်ပါတယ်။


ပင်းယခေတ် ဆိုတာလည်း ရှိခဲ့တယ်

အင်းဝခေတ် မတိုင်ခင်က ပင်းယခေတ် နဲ့ စစ်ကိုင်းခေတ် ဆိုတာ ရှိခဲ့ပါတယ်။ ပုဂံ မပျက်သုဉ်းခင်လေးမှာ ပုဂံနဲ့ အပြိုင်လို့ ဆိုပါတယ်။ ပုဂံခေတ် နှောင်းပိုင်း နရသီဟပတေ့မင်းလက်ထက်မှာ မြင်စိုင်းဒေသက ဗိန္ဒကမင်းမျိုးနွယ် ပျော့ရှမ်းမျိုး သိင်္ခဗိုလ် ဟာ သားတော် သုံးဦး (အသင်္ခယာ၊ ရာဇသင်္ကြန် နဲ့ သီဟသူ) တို့ကို နရသီဟပတေ့မင်းထံ အပ်နှံခစား စေခဲ့တယ်။ နရသီဟပတေ့မင်း ကံကုန်ပြီး သား ဒလစားကျော်စွာ နန်းတက်လာတဲ့အခါမှာ ရှမ်းညီနောင် သုံးဦး ကို အကြီးဆုံးက မြင်စိုင်းမြို့၊ အလတ်က မက္ခရာမြို့ နဲ့ အငယ်ဆုံး သီဟသူ ကို ပင်လယ်မြို့တွေမှာ မြို့စားအဖြစ် ချီးမြှောက်ခဲ့ပါတယ်။ အလတ် ရာဇသင်္ကြန်ကံကုန်ချိန်၊ အငယ်ဆုံး သီဟသူက အကြီးဆုံး အသင်္ခယာ ကို အဆိပ်ကျွေးလုပ်ကြံလို့ အစ်ကိုတွေရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူခဲ့တယ်။ ပြီးတော့ အင်းဝ ကို ပြောင်းရွှေ့ပြီး ယခု အင်းဝမြို့နေရာမှာ ပင်းယမြို့ ကို (၄) ကြိမ် တည်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ နောက်တော့ အင်းဝတောင်ဘက် ငါးမိုင်အကွာ ပန်းလောင်မြစ်အနား မှာ ပင်းယမြို့ကို ခရစ်နှစ် ၁၃၁၃ ဖေဖော်ဝါရီ ၉ ရက်မှာ တည်ထောင်ခဲ့တယ်လို့ မှတ်သားရပါတယ်။ ပင်းယ နဲ့ စစ်ကိုင်း ဟာ သီးခြား မင်းပြိုင်များနဲ့ နန်းပြိုင် အုပ်ချုပ်ခဲ့ကြောင်းလည်း တွေ့ရပါတယ်။


“သော်တာလ၊ ပင်းယတည်သည့် တစ်စီးရှင်” လို့ အမှတ်အသားပြုခဲ့တဲ့အတိုင်း ပင်းယ နန်းတည်နှစ် ဟာ မြန်မာသက္ကရာဇ်အားဖြင့် ၆၇၄ ခုနှစ် ဖြစ်ပါတယ်။ ခုဆိုရင် ပင်းယ သက်တမ်းဟာ နှစ်ပေါင်း ၇၀၀ ကျော်သွားပါပြီ။


ပင်းယ ကို ဘယ်လို သွားမလဲ

ပင်းယ ကို မန္တလေးက ကားဆရာတွေ မေးရင်တောင် ရုတ်တရက် တွေဝေသွားပါလိမ့်မယ်။ ဒါကြောင့် သေချာ နေရာပြောပြနိုင်ဖို့ လိုပါတယ်။ ပင်းယမြို့ဟောင်း ကို အလည်သွားမယ်ဆိုရင် မန္တလေး ကနေ တံတားဦး (လေဆိပ်ဝန်းကျင်နေရာတွေဟာ ပင်းယမြို့ဟောင်းထဲ ပါပါတယ်) ကနေ တောင်ဘက် (၁) မိုင်ခန့်အကွာ မန္တလေး - မြင်းခြံ မီးရထားလမ်း နဲ့ စကားအင်းရွာကြား ပန်းလောင်မြစ် ရဲ့အနောက်ဘက်ကမ်းမှာ တည်ရှိပါတယ်။ အရှင်းဆုံး ပြောရရင်တော့ တံတားဦး စကားအင်းရွာ ဝန်းကျင် လည်မယ်လို့ ပြောမှာ အဆင်ပြေပါမယ်။


ပင်းယမြို့ဟောင်း လည်စရာ

အင်းဝ ကျတော့ သိပ်သိသာလှတာ။ ပင်းယ ကျတော့ ဘာလို့ရယ် မသိ သိပ်မထင်ရှား။ ရှေးဟောင်းအမှတ်သညာ အနီရောင် ငုတ်တိုင်လေး အနည်းစုတော့ တွေ့မိပေမဲ့ ဒီလောက်ပါပဲ။ တစ်ခု ထူးခြားတာက ပင်းယမြို့ဟောင်းတည်ရှိရာကို သွားရင်း စကားအင်းရွာလေး ရောက်တော့ မန္တလေးကနေ အဝေးကြီးသွားလိုက်ရတဲ့ အညာဗမာရွာကြီးတစ်ခုကို ရောက်သွားသလို ပါပဲ။ ရိုးရှင်းနေတာလေး မြင်ရတယ်။ ဘုရားပွဲ သိပ်စည်တဲ့ ဒီရွာလေးကို သဘောကျမိတာတော့ အမှန်ပါ။ ကဲ လည်စရာလေးတွေ ကြည့်လိုက်ရအောင်။


ပင်းယရွှေစည်းခုံစေတီ

ပင်းယမြို့တည်တဲ့ သီဟသူမင်း ကပဲ ပင်းယရွှေစည်းခုံ ကို တည်ထားခဲ့တာ ဖြစ်ပါတယ်။ စကားအင်းရွာထဲ ရှိတာပါ။ ဒီဝန်းကျင်မှာပဲ ရှေးဟောင်းအရပ် ဖြစ်ကြောင်း ငုတ်တိုင်လေးတွေကို တွေ့ကြရပါတယ်။ အနော်ရထာမင်းစော လက်ထက်ကတည်းက ကိုးကွယ်ခဲ့တဲ့ ဓါတ်တော် ခုနစ်ဆူအနက်က ငါးဆူ ကို ဌာပနာထားတဲ့ စေတီလို့ သိရပါတယ်။ မူလ တည်ထားတဲ့ သီဟသူမင်းရဲ့ စေတီက ငယ်နေလို့ သားတော် ဥစ္စနာမင်းက အပြင်ကနေရံပြီး ထပ်ငုံတည်ထားတာလို့ မှတ်ရပါတယ်။ ပင်းယခေတ်မှာ ထီးတင်တဲ့ အလေ့ ရှိပြီဆိုတာကိုလည်း အပြင်စေတီ သဘာဝဘေးဒါဏ်ကြောင့် ပြိုကျရာမှာ အတွင်း သီဟသူ တည်တဲ့စေတီမှာ ထီးတင်လျက် အကောင်းအတိုင်းတွေ့ခဲ့ရာကနေ လေ့လာမှတ်သားနိုင်ခဲ့ကြောင်းလည်း သိရပါသေးတယ်။ အခု လက်ရှိ မြင်တွေ့နေရတဲ့ စေတီကတော့ စဉ့်ကွင်းမင်းလက်ထက်က ပြန်လည် ပြင်ဆင်ထားတဲ့ စေတီပဲ ဖြစ်ပါတယ်။


ပင်းယ ဂူကြီး သုံးလုံး

​ရှေး​ဟောင်း ဂူကြီး သုံးလုံးထဲက ​တောင်ဘက်အစွန်းဆုံးက ဂူ

ပင်းယ ကို လာရတဲ့ အသက်က ဒီ ဂူကြီး သုံးလုံးပါ။ အခြား မလည်ပတ်ချင်ရင်တောင် ဂူကြီး သုံးလုံးတော့ မဖြစ်မနေ လည်ပတ်သွားရောက် လေ့လာသင့်ပါတယ်။ စကားအင်းရွာ ကို သွားတဲ့ လမ်းပေါ် တံတာဦး - ကျောက်ဆည် ကားလမ်း အနောက်ဘက်မှာ တည်ရှိပါတယ်။ ဂူကြီးသုံးလုံး ဆိုလို ဟိုလို သဘာဝဂူကြီးတွေ မဟုတ်ပါဘူးနော်။ ပုဂံဘုရားတွေလို လိုဏ်ဂူတော် တည်ဆောက်ထားတာ မျိုးပါ။ ဒီဂူကြီးတွေကို ဘယ်သူတည်တယ်ဆိုတာ အတိအကျမသိကြသေးပါဘူး။ နှုတ်ပြောနဲ့ပဲ တောင်ဘက်အဆုံးက ဂူ ကတော့ သီဟသူမင်း တည်တယ်လို့ ဆိုပါတယ်။ ရပ်ထဲ ရွာထဲတော့ ဥစ္စာစောင့် ရှိတယ်လည်း ဆိုကြပြန်တယ်။ ပုဂံခေတ်လက်ရာတွေနဲ့ အရမ်းတူပြီး နှစ်ထပ် လိုဏ်တွေ ဖြစ်လို့ အပေါ်တက်တဲ့ လှေကားတွေလည်း အတွင်းဘက်မှာ တွေ့ရပြန်တယ်။ ပြိုပျက်နေတာများပြီး တောင်ဘက်တစ်ခုပဲ တော်တော်များများ အကောင်းအတိုင်း ကျန်နေပါတယ်။ ကျောက်စာဂူ ထဲမှာ ကျောက်စာနှစ်ချပ်တွေ့ရတာကြောင့် ကျောက်စာထဲက စာအရဆိုရင် သီဟသူမင်းရဲ့သား ဥစ္စနာမင်းကြီးက ဂူသုံးခု မြေနေရာလှူဒါန်းတယ်လို့ ရေးထိုးထားလို့ ဂူကြီး၊ ဂူပြောက်၊ လတ်ထဂူ တို့ကို သူတည်ထားတယ်လို့လည်း ဆိုကြပါသေးတယ်။ ကျောက်စာပါ သက္ကရာဇ်ကြောင့်ပဲ သံသယဖြစ်စရာ ဖြစ်နေဆဲလို့ သိရပါတယ်။

​ရှေး​ဟောင်း​ကျောက်စာ ထိန်းသိမ်းထားတဲ့​နေရာ

ဂူကြီး သုံးလုံး ဟာ ထုထည်ကြီးမားကြပြီး ပုံစံလည်း တူပါတယ်။ တစ်ဂူ နဲ့ တစ်ဂူ ကို ပေ ၁၂၀ အကွာမှာ တောင် မြောက်တန်းပြီး တည်ဆောက်ထားပါတယ်။ အလယ်ဂူကတော့ အကြီးဆုံးပါ။ ဘေး နှစ်ဂူ မှာက လိုဏ်ပတ်လမ်းတွေ ပါပြီး ဂူပေါ်တက်ဖို့ လှေကားတွေ ပါပါတယ်။ အခုအခါမှာတော့ တက်ဖို့ကို မတက်ကြဖို့ သတိပေးစာများ ကပ်ထားတာလည်း တွေ့ခဲ့ရပါတယ်။ လေးဘက်မုခ်ရှိကြပြီး မုခ်တိုင်းမှာ ဘုရားဆင်းတု တစ်ဆူစီ ရှိကြပါတယ်။ နံရံဆေးရေးပန်းချီတွေ ရှိခဲ့တယ်လို့ ဆိုပေမဲ့ အထောက်အထားက အတော်ရှာရမဲ့ပုံ တစ်ခုတလေတောင် ရေးရေး ကျွန်တော် မတွေ့မိ။ (စဉ့်ခွက်) စဉ့်ကွင်းအရုပ်တွေတော့ နည်းနည်းပါးပါး ကျန်ရစ်နေတုန်းပဲ။ ဒါတောင် ပုံက ဘာပုံမှန်း မှန်းဆရ ခက်နေပြီ။ ဓါတ်ပုံရိုက်ဖို့တော့ အတော်လှတဲ့နေရာတစ်ခု ဖြစ်ပါတယ်။

ပင်းယ စကားအင်းရွာရဲ့ မြင်ကွင်း​လေး

ပင်းယနန်းတော်ရာ

အတော်ကို ရှာရပါတယ်။ ရွာဥက္ကဌအိမ်ပါ ရောက်ပြီး မေးခဲ့ရတာ အမှတ်တရပါပဲ။ ဂူကြီးသုံးလုံး မြောက်ဘက် နဂါးမောက်စိုက်ကွင်းဘေးက လှည်းလမ်းလေးအတိုင်း ၁ ဖာလုံ လောက် လျှောက်မှ တွေ့ရပါတယ်။ အရင်ဆုံးတွေ့ရတာက ဘုရားပြိုကျနေပြီး ကုန်းလို ဖြစ်နေတဲ့ တစ်ဆူပါ။ ဘေးက လမ်းလေးအတိုင်း ဆက်လျှောက်ရင် နန်းတော်ရာ ရှိကြောင်း မှတ်တမ်းတင် စိုက်ထူထားတဲ့ မှတ်တိုင်ပဲ ရှိပါတော့တယ်။ ဘယ်နားမှာ ဘာရှိနိုင်မလဲ ကျွန်တော်လည်း အနီးဝန်းကျင် လိုက်ကြည့်ပေမဲ့ စိုက်ခင်းတွေပဲ တွေ့ပြီး မှန်းဆရ ခက်ခဲပါတယ်။ ရှေးဟောင်းသုတေသနအဖွဲ့ကတော့ ပင်းယနန်းတော်ရာကို ၁၉၉၄ ခုနှစ် က ၂ လတာ တူးဖော် မှတ်တမ်းတင်ခဲ့တယ်လို့ မှတ်တိုင်မှာ စာထိုးထားပါတယ်။ နန်းတော်ကြီးဟာ ဧရိယာစတုရန်းပေ ၁၂၀၀၀၀ ကျော် ကျယ်ပြန့်ကြီးမားတယ် ဆိုပါတယ်။ ရှေးမြန်မာမင်းတွေ တည်ဆောက်တဲ့အတိုင်း အဆောင်များစွာကို စမုခ်ဆောင် စနုဆောင် တို့နဲ့ ပေါင်းကူးဆက်စပ်ထားပြီး အဆောင် (၁၀) ဆောင်မက ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။ မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။


နန်းဦးစေတီ

နောက်မှ သိရတာက နန်းတော်ရာ မှတ်တိုင်ရဲ့ ဘေးက ဘုရားပြိုလေးတစ်ဆူဟာ နန်းဦးစေတီပါတဲ့။ နန်းဦးစေတီရဲ့ မူလပုံစံကို ခန့်မှန်းမရလောက်အောင် ဖြစ်နေပါပြီ။


ရတနာမြစည်းခုံစေတီ

ပင်းယ မှာ ရတနာမြစည်းခုံ နာမည်တူ နှစ်ခု ရှိပါတယ်။ နောက်တစ်ခုက ပဉ္စမာလိန္ဒရတနာမြစည်းခုံပါ။ ကျွန်တော် ရှာမရခဲ့ဘူး။ ခု ရတနာမြစည်းခုံစေတီကတော့ တံတားဦးဘူတာ သွားတဲ့ လမ်းကနေ ဒေသခံတွေကို အနည်းငယ် မေးမြန်းသွားခဲ့ရပါတယ်။ စေတီကြီးက သဲကျောက်တွေနဲ့ တည်ဆောက်ထားပုံရတယ်။ ပဲ့ကျနေတဲ့ နေရာတွေမှာ သဲတွေ ဖြစ်နေတာ သတိထားမိလို့ပါး။ အဝင်က ဘုန်းကြီးကျောင်းလေးဆီ တက်တဲ့ လှေကားလေးကတော့ ဓါတ်ပုံရိုက်ချင်စရာလေး ဖြစ်ပါတယ်။


ရန်အောင်မြင်စေတီ

တံတားဦး သဲမောင်းကန်ရွာမှာ ရှိပါတယ်။ ပင်းယခေတ်မှာ တည်ဆောက်ထားလို့များ ပင်းယထဲ ထည့်ထားသလား ထင်မိပါတယ်။ အတော်ဝေးဝေး သွားရသလိုပါပဲ။ လေဆိပ်သွားတဲ့ လမ်းကနေ အမြန်လမ်းကို အနောက်လမ်းအတိုင်း ဆက်သွားရတာပါ။ အင်းဝဘုရင် မင်းခေါင်ကြီး က ရန်အောင်မြင်အရပ်မှာ စည်းခုံကြီးတည်ထားပြီး ရန်အောင်မြင်စည်းခုံကြီးလို့ ခေါ်စေတယ်လို့ မှတ်သားရပါတယ်။ တချို့အထောက်အထားတွေအရလည်း မင်းခေါင်ကြီးက ပြန်ပြုပြင်သူဖြစ်ပြီး အနော်ရထာမင်းစော (အနိရုဒ္̕ဓမင်း) က စတင်တည်ခဲ့တာလို့ ဆိုပါသေးတယ်။


ပင်းယအောင်စည်းခုံစေတီ

အောင်စည်းခုံစေတီကတော့ မင်းကြီးစွာစော်ကဲ တည်ခဲ့တာပါ။ စကားအင်းရွာ မှာပဲ တည်ရှိတာမို့ စကားအင်းအနီးအနား ပတ်ပြီး ဘုရားဖူးနိုင်ပါတယ်။ ဘုရားပေါ်တက်ပြီး ပတ်လမ်းလျှောက် ရှုခင်းကြည့်ရတာလည်း အတော်လှပါတယ်။ စဉ့်ကွင်းတွေလည်း ရှိပြီး ခုတော့ အနည်းငယ်က ကျန်ရှိပါတော့တယ်။


စကားအင်းရွာ

ပင်းယ ကို လည်ပြီဆိုရင် မဖြစ်မနေ ဖြတ်သွားကြရမဲ့ ဒီ စကားအင်းရွာ လေးကိုလည်း လည်ပတ်လေ့လာသင့်ပါတယ်။ ကျွန်တော်ဆို ရွာလယ်က ရေကန်နား အကြော်ဆိုင်လေး ထိုင်စားရင်း ရွာဓလေ့ကို လေ့လာခဲ့သေးတယ်။ လှည်းတွေနဲ့ ခုထိ ခရီးသွားလာနေဆဲ၊ မန္တလေးနဲ့ ဒီလောက်နီးနေတာတောင် သီးသန့်အရပ်တစ်ခုလို ရိုးရှင်းနေတာလေး သဘောကျမိနေတယ်။

စကားအင်းရွာ က ကန်​

မဟာမင်္ဂလာစေတီ

တံတားဦးမြို့ထဲမှာ ရှိတဲ့ မဟာမင်္ဂလာစေတီဟာ ပင်းယ နဲ့ အင်းဝ နေပြည်တော်နှစ်ခု ရဲ့ အလယ်ဗဟိုချက် လို့ ဆိုပါတယ်။ ဒုတိယမင်းခေါင် က မြန်မာသက္ကရာဇ် ၈၄၂၊ နန်းတက်တဲ့နှစ်မှာပဲ တည်ခဲ့တာပါ။ အတွင်းထဲမှာ လေ့လာစရာ ဟိုးခေတ်က ပန်းချီလက်ရာတွေနဲ့ ပန်းပုလက်ရာလေးတွေ ရှိပါတယ်။ ကျောက်စာတိုင်ကျောင်း ဆရာတော် ဦးအာစိဏ္ဏ ရေးဆွဲထားတဲ့ ပန်းချီကားတွေနဲ့ ရုပ်လုံးပေါ်ဇာတ်တော်တွေက စိတ်ဝင်စားစရာပါ။


ပင်းယ ဟာ သူ့နောက်မှ ဖြစ်တည်လာတဲ့ အင်းဝ လောက် လည်ပတ်စရာ မများတဲ့တိုင် ခရီးသွားတွေအတွက် လေ့လာမှတ်သားစရာတွေ မများကြီးကျန်နေသေးတဲ့ လည်ပတ်စရာ အရပ်ပါ။ ဒီ့ထက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးအောင် လုပ်ဆောင်နိုင်သေးတဲ့ အရပ်လည်း ဖြစ်ပါတယ်။ ဘုရားပုထိုး ပြိုပျက်နေတာတွေလည်း ကျန်နေသေးသလို၊ ဗမာဆန်တဲ့ အညာဟန်ကိုလည်း တွေ့မြင်နေဆဲ အရပ်တစ်ခုပါ။ ဒီ့ထက်ပိုပြီး နီးဝန်းကျင်ရွာတွေက လေ့လာစရာတွေ၊ ဒေသတွင်းလုပ်ငန်းတွေ ဖော်ထုတ်နိုင်မယ်ဆိုရင် ပိုပြီး လည်ပျော်မဲ့အရပ်ဆိုတာ မလွဲပါဘူးခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wana Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter