top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

ဇေယျာပူရ စစ်ကိုင်းမြို့

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • May 27, 2020
  • 5 min read

Updated: Sep 11, 2020

မန္တလေးမြို့ကို မကြာခဏရောက်တတ်ပေမဲ့ စစ်ကိုင်းမြို့ကိုတော့ နီးလျက်ဝေး ဝင်ဖြစ်ခဲ့တဲ့အခေါက်ပေါင်းက လက်ချိုးရေလို့ရမယ်ထင်ပါတယ်။ တခါတလေလည်း စစ်ကိုင်းတံတားသစ် (ရတနာပုံတံတား) ပေါ် အဖော်ကောင်းရင် ညဘက် လေညင်းခံထွက်ဖြစ်ပေမဲ့ စစ်ကိုင်းမြို့ကို လည်ပတ်တာမရှိသလောက်ပါ။ ဒီတစ်ခေါက် ခရီးကြုံတာရော၊ စိတ်လိုလက်ရ ရှိတာရော နဲ့ စစ်ကိုင်းမြို့ကို လည်ပတ်ဖြစ်တဲ့အခါမှ စစ်ကိုင်းမြို့ဟာ ခရီးသွားတွေ သွားကို သွားသင့်တဲ့ မြို့တွေထဲက တစ်မြို့ဆိုတာ သေချာသိလိုက်ရတယ်။ ဧရာဝတီမြစ်နဲ့လိုက်ဖက်လှပနေတဲ့ စစ်ကိုင်းတောင်ရိုး၊ အရပ် ၈ မျက်နှာ တွေ့မြင်နေရတဲ့ စေတီပုထိုးများနဲ့ သစ်ပင်သစ်တောများ၊ ခေတ်မီစွာ စည်ပင်တိုးတက်လာတဲ့မြို့ပြပုံရိပ်များ၊ တရားအားထုတ်ရာ နေရာများ စတဲ့ အလှပေါ်အယဉ်ဆင့်တဲ့နေရာလေးပါ။ လှလွန်းလိုက်တာ စစ်ကိုင်းမြို့ရယ်လို့ ပြန်တွေးတိုင်း ခံစားရပါတယ်။ ကျွန်တော်ပြောတာ ပိုတယ်ထင်ရင် ကိုယ်တိုင် လည်ပတ်ကြည့်လှည့်ပါလို့ ဖိတ်ခေါ်ချင်မိပါရဲ့ဗျာ။

ree
ရှင်ပင်နံကိုင်းဘုရားပေါ် မှ မြင်ကွင်း

နှစ် ၇၀၀ ကျော် သက်တမ်းနဲ့ စစ်ကိုင်းမြို့ အစ ဇေယျာပူရ

စစ်ကိုင်းမြို့ နဲ့ အင်းဝမြို့တို့ဟာ ဧရာဝတီမြစ်ခြားပြီး တစ်ဘက်တစ်ချက်မှာ ရှိနေတာပါ။ ဗုဒ္ဓသာသနာထွန်းကားရာ ဒီအရပ်ကို သင်္ခယာစောယွန်းမင်း က မြန်မာသက္ကရာဇ် ၆၇၇ ခုနှစ်မှာ အတုလဝတီမြို့ ကိုတည်ထောင်ပြီး ဇေယျာပူရ (ဇေယပုရ) လို့ ခေါ်တွင်ခဲ့ပြီးနောက် သက္ကရာဇ် ၇၀၁ ခုနှစ်မှာ ကျစွာမင်း၊ သက္ကရာဇ် ၇၁၁ ခုနှစ်မှာ ဆင်ဖြူရှင်အနော်ရထာမင်း၊ (၇) လသာနန်းစံအပြီး သက္ကရာဇ် ၇၁၁ ခုနှစ်မှာပဲ မင်းဖြစ်လာတဲ့ ဆင်ဖြူရှင်အနော်ရထာမင်း ရဲ့ ညီတော် တရဖျာငယ်မင်း၊ သက္ကရာဇ် ၇၁၄ ခုနှစ်မှာ မင်းပြောက်တို့ အသီးသီး အုပ်ချုပ်ခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းတော့ မင်းဖြစ်လာသူတွေဟာ အင်းဝ နဲ့ မန္တလေး ဘက်မှာ ထီးနန်းစိုးစံခဲ့ကြပါတယ်။ သက္ကရာဇ် ၇၂၆ မှာ စစ်ကိုင်း နဲ့ ပင်းယ တို့ ပျက်ခဲ့ရတယ်။ အဲ့ဒီနောက် အင်းဝ ဖြစ်လာရတယ်လို့ မှတ်သားရပါတယ်။ စတင်တည်ထောင်စဉ်ကနေ အခုလက်ရှိ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ် နဲ့ တွက်ချက်ကြည့်ရင် စစ်ကိုင်းမြို့ ဖြစ်တည်လာတာ နှစ်ပေါင်း (၇၀၀) ကျော်လာပြီဆိုတာ သိနိုင်ပါတယ်။ ရှေးခေတ်အခါက ဒီအရပ်မှာ လူတွေမနေသေးဘဲ၊ ဘီလူးတွေနေထိုင်ခဲ့ကြပြီး ဗုဒ္ဓသာသနာရောက်လာတဲ့အခါ အကျွတ်တရားရခဲ့တဲ့ နယ်မြေရယ်လို့ မှတ်သားမိပါတယ်။

ree

ရာသီဥတု

အပူအအေးပြင်းထန်တဲ့ဒေသတစ်ခုလို့ပဲ ဆိုပါရစေ။ ပူတဲ့ရာသီတွေမှာ စစ်ကိုင်းတောင်ရိုးပေါ်တက်ရင်တော့ အေးမြမှုလေးတွေ ခံစားရတတ်ပါတယ်။


စစ်ကိုင်းမြို့ကို သွားမယ်

ree
စစ်ကိုင်း ဇေယျာပူရကို ဦးဆုံးတည်ထောင်ခဲ့တဲ့ မင်း ဖြစ်သူ အသင်္ခယာစောယွန်း ရဲ့ ရုပ်တု

ရန်ကုန်ကနေ စစ်ကိုင်းကို သွားလည်မယ်ဆို စစ်ကိုင်းထိ တိုက်ရိုက်အဝေးပြေးကားတွေ စီးလို့ရပါတယ်။ ၁၁၀၀၀ ကျပ်ဝန်းကျင် ကျသင့်ပါမယ်။ တချို့လည်း မန္တလေး ကို စီးပြီး စစ်ကိုင်းကို ကူးလာတာမျိုးလည်း ရှိပါတယ်။ စစ်ကိုင်းဘူတာ ရှိတဲ့အတွက် ရထားနဲ့လာရင်လည်း အဆင်ပြေနိုင်သလို လေယာဉ်ပျံနဲ့ မန္တလေးလေဆိပ် ကိုဆင်းပြီး စစ်ကိုင်းကို ကားနဲ့ လာလို့ရနိုင်ပါတယ်။ မန္တလေးကနေ ဘတ်စ်ကား၊ အငှားယာဉ်၊ ဆိုင်ကယ်၊ သင်္ဘော အမျိုးမျိုးနဲ့ စစ်ကိုင်းဘက်ကို လာလည်လို့ရပါတယ်။


လည်ပတ်စရာ စစ်ကိုင်းမှာ

စစ်ကိုင်း လို့ ဆိုလိုက်တာနဲ့ ပထမဆုံး သတိရမိတာ စစ်ကိုင်းတောင်ကြီးပဲ။ စစ်ကိုင်းမြို့ဟာ စစ်ကိုင်းတောင်ကြီး ပိုင်ဆိုင်ထားတာနဲ့တင် လည်ပတ်စရာနေရာအတော်များများကို ပိုင်ဆိုင်ထားတယ်လို့ ဆိုချင်ပါတယ်။ စစ်ကိုင်းရဲ့ အရောင်သုံးစွဲမှုကို မြင်ရတာ တခြားမြို့တွေနဲ့မတူဘဲ နုပျိုမှုလေးရှိတယ်။ အဆောက်အဦးနဲ့ ဘုရားပုထိုးတွေမှာ အသုံးပြုတတ်တဲ့အရောင်လေးတွေဟာ အနု အလွင်လေးတွေ ဖြစ်နေတတ်တယ်။ ပန်းရောင်၊ အနီဖျော့၊ လိမ္မော်၊ အပြာနု၊ အစိမ်းနု စသဖြင့် နုသစ်တဲ့ ခပ်လွင်လွင် အရောင်နုနုတွေကို သုံးစွဲလေ့ရှိတာမို့ ကျွန်တော့်အတွက်တော့ စစ်ကိုင်းမြို့ဟာ ကျွန်တော်ရောက်ဖူးခဲ့တဲ့ အိန္ဒိယနိုင်ငံ က ပန်းရောင်မြို့တော် Jaipur လိုဖြစ်နေတယ်။ သမိုင်းဝင် သမိုင်းတွင်မဲ့ အဆောက်အဦးနဲ့ စေတီပုထိုးတွေ အများအပြားနဲ့မို့ လေ့လာစရာ မကုန်ခမ်းနိုင်တဲ့ စစ်ကိုင်းမြို့ကို တကယ်တမ်းလည်ပတ်မယ်ဆို တစ်ရက်တည်းနဲ့ မလုံလောက်ပါဘူး။ အနည်းဆုံး ၃ ရက်နဲ့ အထက် လိုအပ်မယ်လို့ သေသေချာချာ နှံ့နှံ့စပ်စပ် လည်ပတ်လိုသူ ခရီးဖော်တွေကို အကြံပြုချင်ပါတယ်။ ဘယ်တွေလည်ကြမလဲ ကြည့်ကြရအောင်။


တံတားညီနောင်

ree

မန္တလေးမြို့ကနေ စစ်ကိုင်းမြို့ကိုလာဖို့ ဧရာဝတီမြစ်ကူးတံတား နှစ်စင်းကို အသုံးပြုလေ့ရှိတယ်။ အင်းဝ ဘက် (မန္တလေးလေဆိပ်) ကနေ စစ်ကိုင်း တန်းသွားမယ်ဆိုရင် တံတားဟောင်းဖြစ်တဲ့ အင်းဝတံတား (စစ်ကိုင်းတံတား) ကို အသုံးပြုကြပြီး ရထားလည်း ယခုထိတိုင် ဖြတ်သန်းသွားလာဆဲ ဖြစ်ပါတယ်။ တံတားသစ်ဖြစ်တဲ့ ရတနာပုံတံတားကလည်း တစ်ဘက်မှာ အပြိုင်အဖြစ် ရှိနေပါတယ်။ စစ်ကိုင်းတံတား (အင်းဝတံတား) ကတော့ ၁၉၂၇ ခုနှစ်မှာ တည်ဆောက်ခဲ့တာ ဖြစ်ပြီး ဒုတိယကမ္ဘာစစ်ကြောင့် ပျက်စီးခဲ့ရပါသေးတယ်။ ခုလက်ရှိတံတားကို ၁၉၅၄ ခုနှစ်မှာ ပြန်လည်ပြင်ဆင်တည်ဆောက်ထားခဲ့တာ ဖြစ်ပါတယ်။ ရတနာပုံတံတားမှာတော့ ညနက်လေ လူငယ်တွေနဲ့ ပြည့်လေဖြစ်ပြီး ညဘက်လေညင်းခံ လာရောက်အပန်းဖြေတတ်ကြပါတယ်။ ဒီတံတားနှစ်စင်းလုံးကို မြင်ရတဲ့နေရာလေးက စကုမှော်ကျောင်းတိုက် ဘုန်းကြီးကျောင်းဝန်းထဲကပါ။ သိသူနယ်ခံအချို့လည်း ဒီနေရာလေးကို ဓါတ်ပုံ လာရိုက်လေ့ရှိပါတယ်။ ကျွန်တော်ကတော့ တံတားတွေကို မှတ်တမ်းတင်မဲ့နေရာကောင်းလေး လိုက်ရှာရင်း ရောက်သွားခဲ့တယ် ဆိုပါတော့။ ဒီနေရာကနေ စစ်ကိုင်းဒေသခံတွေရဲ့ ရေချိုးဆိပ်၊ အဝတ်လျှော်ဆိပ် ဖြစ်နေတဲ့ ဧရာဝတီမြစ်ရဲ့ အလှ၊ စက်သင်္ဘော သမ္ဗာန်တွေရဲ့ ကူးလူးသွားလာနေတဲ့ အလှပုံရိပ်တွေကို ခံစားကြရပါတယ်။


စစ်ကိုင်းအိုးတွေ သိပ်ကောင်း

ree

စစ်ကိုင်းအိုးတွေ ကောင်းတယ်ဆိုတဲ့နေရာမှာ နှစ်မျိုးကို ကျွန်တော် ရည်ညွှန်းချင်တာပါ။ အရင်က စစ်ကိုင်းအိုး ဆိုလိုက်တာနဲ့ ရေအိုးတွေကိုပဲ မျက်စိထဲမြင်လာတယ်။ ရေအိုးကိုပဲရည်ညွှန်းတယ်လို့ ကျွန်တော် ယူဆခဲ့ပါတယ်။ တကယ်တော့ စစ်ကိုင်းအိုး ဆိုရာမှာ ရေအိုးအပြင် ဂစ်တာအိုးတွေကိုလည်း ကောင်းတယ်လို့ ညွှန်းဆိုကြမှန်း ခုတော့ သေချာသိလိုက်ရပါတယ်။


စစ်ကိုင်းအိုးတန်း

ree

သောက်ရေအိုးကောင်းတွေ ဝယ်ဖို့အတွက်ရာက စစ်ကိုင်း - မုံရွာ/ရွှေဘိုလမ်းပေါ် အဝိုင်းပတ်အလွန်က အိုးတန်းလေးကို သွားရောက်လေ့လာ ဝယ်ယူနိုင်ပါတယ်။


စစ်ကိုင်းဂစ်တာ

ree

နိုင်ငံခြားကနေတောင် မှာယူရတဲ့အထိ အောင်မြင်နေတဲ့ စစ်ကိုင်းဂစ်တာအမျိုးမျိုး၊ မယ်ဒလင်၊ တယော၊ စတဲ့ ကြိုးတပ်တူရိယာအမျိုးမျိုး ကို စစ်ကိုင်းမှာ အောင်မြင်စွာ ထုတ်လုပ်နေတာ အားရစရာပါ။ ကျွန်တော် ဒီတစ်ခေါက်ရောက်တော့ New Wave ဂစ်တာထုတ်လုပ်တဲ့နေရာအထိ သွားရောက်လေ့လာ မှတ်တမ်းတင်ခွင့် ရခဲ့ပါတယ်။ ပြည်တွင်းဖြစ်ဂစ်တာလေးတွေရဲ့ အရည်အသွေးကို လေ့လာခွင့်ရခဲ့တာမို့ အားရမိပါတယ်။ ဒီအလုပ်ရုံ က ကနောင်မင်းသားကြီးရဲ့ သံမဏိစက်ရုံဟောင်း ရှိရာအရပ်မှာ တည်ရှိပါတယ်။ စစ်ကိုင်းမှာ နာမည်ကြီးတဲ့ ဂစ်တာတံဆိပ်တွေထဲမှာ New Wave တို့ ဟိန်းမင်း တို့ ပါဝင်ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်းပန်းခြံ

ree

မြို့လယ်တစ်နေရာက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုရှိရာ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံဟာလည်း အမှတ်တရ ဓါတ်ပုံရိုက်ဖို့ ကောင်းတဲ့နေရာဖြစ်သလို ဒီပန်းခြံရဲ့မျက်စောင်းထိုးမှာရှိတဲ့ ပန်းခြံကြီးတစ်ခုဟာလည်း အနားယူအပန်းဖြေဖို့ ကောင်းပါတယ်။


ရာဇမဏိစူဠာ ကောင်းမှုတော်ဘုရား

ree
ပြန်လည် မပြုပြင်ရသေးခင် ရွှေသင်္ကန်းနဲ့ ကောင်းမှုတော်ဘုရား

စစ်ကိုင်းမြို့ရောက်ရင် မဖူးမဖြစ် ဦးခိုက်ကြရတဲ့ ဘုရားအဖြစ်သိထားကြပြီးသားပါ။ ဒီဘုရားဟာ သမိုင်းတစ်လျှောက် ထုံးသင်္ကန်းနဲ့နေခဲ့ရာကနေ ရွှေသင်္ကန်းပြောင်းလဲ ယတြာအချေခံရတယ်လို့ ဆိုခဲ့ကြပါတယ်။ ခု အရပ်သားအစိုးရလက်ထက်မှာတော့ ပြန်ပြီး ထုံးသင်္ကန်း ပူဇော်နိုင်ခဲ့တာကို တွေ့ရပါတယ်။ ကောင်းမှုတော်ဘုရားပွဲဟာ စစ်ကိုင်းမြို့ရဲ့အစည်ကားဆုံး ဘုရားပွဲတော်တွေထဲမှာ တစ်ခု အပါအဝင်ဖြစ်သလို အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်ကြတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။ ဒီဘုရားကို သာလွန်မင်းတရားကြီးက မြန်မာသက္ကရာဇ် ၉၉၈ မှာ တည်တော်မူပြီး နန်းစဉ်ကိုးကွယ်ခဲ့တဲ့ ဘုရားရှင်ရဲ့ သပိတ်တော် နဲ့ စွယ်တော်မြတ် တွေကို ဌာပနာထားတယ်လို့ မှတ်သားရပါတယ်။ ကျွန်တော် သိထားခဲ့တဲ့ တချို့ပြောသလို မိဖုရားကြီးရဲ့ သားမြတ် (ရင်သား) ပုံစံ တည်ထားတယ်ဆိုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီစေတီပုံစံက အရင် သရေခေတ္တရာပြည် င တပါးမင်း တည်ထားခဲ့တဲ့ သရမာစေတီပုံစံကို နမူနာယူတည်ဆောက်ထားတာသာ ဖြစ်တယ်လို့ ထပ်ပြီး မှတ်သားရပါတယ်။

ree

ဒီဘုရားရဲ့ ရင်ပြင်ပေါ်က သနပ်ခါးတန်းလေးနဲ့ အမှတ်တရပစ္စည်းဆိုင်တန်းလေးတွေက ဒီစေတီနဲ့ ယှဉ်တွဲမှတ်မိနေစေတဲ့ အမှတ်သညာလို့ ဆိုရမလားဘဲ။ သနပ်ခါးဖီးလိမ်းပြင်ဆင်ဖို့ ကျောက်ပြင်ကြီးတွေ ချထားပေးတာလည်း သဘောကျစရာပါ။ ဒီဘုရားရဲ့ အနီးက မေတ္တာကန်တော်ကနေ မြင်ရတဲ့ စေတီမြင်ကွင်းကလည်း တစ်မျိုးဆန်းပါတယ်။ စစ်ကိုင်း ကောင်းမှုတော်ဘုရားဟာ စစ်ကိုင်း - မုံရွာ/ရွှေဘို ကားလမ်းပေါ်မှာ တည်ရှိပါတယ်။


ရတနာမုနိ ဆင်များရှင်ဘုရား

စစ်ကိုင်းမြို့တွင်း တစ်နေရာမှာရှိနေတဲ့ (ဗိုလ်ချုပ်ရုပ်တုနဲ့ မနီးမဝေး) ရတနာမုနိ ဆင်များရှင် ဘုရားဟာ မိုးညှင်းမင်းတရားကြီး တည်တော်မူခဲ့တာ ဖြစ်ပါတယ်။ ငလျင်ဒါဏ်ကြောင့် ပြိုကြခဲ့တဲ့အတွက် ဒုတိယမင်းခေါင်မယ်တော်ကြီး အမိတ္တသီရိ မိဖုရားကြီးက ဆင်ရုပ်တွေနဲ့ဝန်းရံ ထပ်မံတည်တော်မူခဲ့လို့ မူလအမည် ရတနာစေတီ အစား ဆင်များရှင်ဘုရားလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျွန်တော် ရောက်သွားချိန်တုန်းက စေတီကို ထပ်မံပြင်ဆင်ဖို့အတွက် လုပ်ဆောင်နေကြတာကို တွေ့ခဲ့ရပါတယ်။


ရွှေတောင်ဦးမော်

စစ်ကိုင်းသင်္ဘောဆိပ်အနီးက ရွှေတောင်ဦးမော်တော်ပေါ်မှာ သီရိဓမ္မာသောကမင်းကြီးတည်ထားတဲ့ (၈၄၀၀၀) စေတီတွေထဲ တစ်ဆူအပါအဝင်ဖြစ်တဲ့ ရွှေတောင်ဦးမော်စေတီ ရှိပါတယ်။ ကမာကူရ ဂျပန်ဘုရားကြီးဟာလည်း ဒီစေတီဝန်းထဲမှာပဲ တည်ရှိနေတာ ဖြစ်ပါတယ်။


သားဆုပန် ခြင်္သေ့သုံးဆယ်စေတီ

ree

သားဆုပန်လို့ရတဲ့ စေတီလို့ သိရပါတယ်။ ဖွဲ့စည်းပုံထူးခြားမှုရှိပြီး ခြင်္သေ့အကောင်သုံးဆယ်ကို ထည့်သွင်းတည်ဆောက်ထားတဲ့စေတီ ဖြစ်ပါတယ်။ ထုံးဘိုရပ်မှာ တည်ရှိပါတယ်။ သောတပန်အရပ်ကနေ ဝေဠုဝန်ချောင်ဆိုပြီး မေး သွားလို့ရပါတယ်။ နည်းနည်းတက်ရပါတယ်။ ဆုတောင်းမယ်ဆိုရင်တော့ သစ်သီး ၉ မျိုးနဲ့ ကန်တော့ပွဲ ကပ်ရတယ် ဆိုပါတယ်။


မရှိခဏဘုရား

ree

သူခိုးကြီး ငတက်ပြားရဲ့ ကောင်းမှုတော်လို့ မှတ်သားရသလို အင်းဝခေတ်က မိုးညှင်းမင်းတရားကြီးရဲ့ စစ်သူကြီး ရာဇသင်္ကြန် တည်ခဲ့တယ်လို့လည်း မှတ်သားရပြန်ပါတယ်။ ဒီစေတီကိုလည်း စစ်ကိုင်းမြို့တွင်းက ရတနာပုံတံတား နဲ့ စစ်ကိုင်းတောင် လမ်းခွဲသုံးမြောင့်ချွန် မရောက်ခင် အနီးအနားမှာ ဖူးမြင်နိုင်မှာ ဖြစ်ပါတယ်။


မဟာစည်းခုံစေတီတော်

ree

ပုဂံခေတ်လက်ရာပုံစံနဲ့ စေတီဖြစ်ပါတယ်။ စစ်ကိုင်းမြို့ ခုံးကျော်တံတားကနေ လှမ်းဖူးနိုင်တဲ့ ဘုရားပါ။ အရင်ကတော့ စေတီပေါ်တက်လို့ရပုံပါပဲ။ အခုတော့ တက်တဲ့လှေကားအပေါက်တွေကို အကုန်ပိတ်ထားတာ တွေ့ရပါတယ်။


ညီအစ်မကောင်းမှုစေတီတော်

ree

စစ်ကိုင်းမြို့ အနောက်တောင်အရပ်မှာ အင်းဝဘုရင်နရပတိ ရဲ့သမီးတော် စစ်ကိုင်းမိဖုရား နဲ့ သမီးတော် ပုခန်းမိဖုရား တို့ ညီအစ်မနှစ်ဦးရဲ့ ထူပါရာမ စေတီတော် (၂) ဆူကို အရှေ့အနောက်အပြိုင်တည်ထားတာ ကို ဖူးမြင်ကြရပါတယ်။ ငါးထပ်ကြီး ဘုရားအနားမှာ ဖြစ်ပါတယ်။


မဟာသိမ်တော်ကြီး

ree

ဒီနေရာလေးကိုလည်း မဖြစ်မနေ လည်ပတ်ဖို့ ညွှန်းဆိုချင်ပါတယ်။ မဟာသိမ်တော်ကြီးကို မူလအခြေအနေအတိုင်း ထိန်းသိမ်းထားပုံရပြီး ကျွန်တော် ရောက်တော့ ကံကောင်းစွာပဲ သိမ်ကြီးအတွင်း ဝင်တဲ့ တံခါးသော့ကိုင်ထားတဲ့ ဘုန်းဘုန်းတစ်ပါး ကျေးဇူးပြုလို့ သိမ်တော်ကြီးအတွင်း မျက်နှာကျက် နံရံတွေပေါ်က ဆေးရေးပန်းချီတွေကို ရှေးမူတွေအတိုင်း တွေ့ရှိ မှတ်တမ်းတင်ခွင့်ရခဲ့ပါတယ်။


အစေခံ ခံတပ်

ree

စစ်ကိုင်းခံတပ် (ခေါ်) အစေခံ ခံတပ် ကိုတော့ စစ်ကိုင်းမြို့ရဲ့ အနောက်တောင်အရပ်မှာ တွေ့ရပါတယ်။ မဟာသိမ်တော်ကြီး သွားတဲ့ လမ်းနဲ့ တူပါတယ်။ ခရစ်နှစ် ၁၈၇၉၊ မင်းတုန်းမင်းလက်ထက်မှာ အီတလီ ရေကြောင်း စစ်ဘက်ဌာနက ကွန်မိုတိုပဲရီ နဲ့ မိုလီနာရီတို့က ကြီးကြပ်ပြီး မြန်မာအင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကင်းဝန်မင်းကြီးရဲ့ အကြံအစည်ဖြစ်ပြီး ပြည်တွင်းပြည်ပ ရန်အမျိုးမျိုးက ကာကွယ်နိုင်အောင် တည်ဆောက်ထားတာပါ။ အဓိက က ရေကြောင်းရန်ကို ကာကွယ်ဖို့ ဖြစ်နိုင်ပါတယ်။ အခုတော့ ဒီခံတပ်ကို ရှေးဟောင်းသုတေသန က ထိန်းသိမ်းပြီး ပြတိုက်သဖွယ် ပြသထားတာ ဖြစ်ပါတယ်။


ကနောင်မင်းသားကြီး ရဲ့ သံချက်ဖို

ree

လမ်းညွှန်းမှာတော့ ကနောင်မင်းသားကြီး ရဲ့ သံမဏိစက်ရုံအဖြစ် ဆိုင်းဘုတ်ပြသထားတဲ့ ဒီသံချက်ဖိုဟာလည်း အထူးစိတ်ဝင်စားစရာပါ။ သာစည်ရပ် (ယခင် ရွှေတောင်ဦးမော်ရပ်) မှာ ရှိတဲ့ ဒီသံချက်ဖိုဟာ မင်းတုန်းမင်းလက်ထက် က တည်ဆောက်ခဲ့တဲ့ စက်ရုံ (၅၀) အနက်က ထင်ရှားတဲ့ စက်ရုံတစ်ခုဖြစ်ပါတယ်။ အမြော်အမြင်ရှိတဲ့ အိမ်ရှေ့စံ ကနောင်မင်းသားကြီးရဲ့ အစီအမံတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီစက်ရုံလည်ပတ်ဖို့ စက်ပစ္စည်းတွေကို မှာယူရမှာ ပစ္စည်းရောက်လျက်နဲ့ ထုတ်မပေးတဲ့ အင်္ဂလိပ်လူမျိုးတစ်ဦးကြောင့် လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်ဆိုင်းခဲ့ရတယ်လို့ သိရပါတယ်။ လေပူမှုတ်သွင်းပြီး သံရည်ကြိုတဲ့ဖိုအမျိုးအစားစက်ရုံလို့ သိရပါတယ်။ အခုတိုင် လေ့လာနိုင်တဲ့နေရာဖြစ်ပါတယ်။

ree
သံချက်ဖို အတွင်းတစ်နေရာ

သီတဂူဗုဒ္ဓတက္ကသိုလ်

ထူးခြားတဲ့ အဆောက်အဦးပုံစံနဲ့ သီတဂူဆရာတော်ကြီးရဲ့ ဗုဒ္ဓတက္ကသိုလ်ဟာလည်း လေ့လာမှတ်တမ်းတင်ချင်စရာ အတော်ကောင်းပါတယ်။


စစ်ကိုင်းတောင်

ree

“စစ်ကိုင်းတောင် ဗျိုင်းတောင်သို့ဖွေး” ဆိုတဲ့ စကားအတိုင်း စစ်ကိုင်းတောင်ပေါ်မှာ စေတီပုထိုးတွေ အတော်များများ ရှိပါတယ်။ အရင်က စေတီပုထိုးတွေက ထုံးသင်္ကန်းနဲ့မို့ ခုလို ဗျိုင်းရဲ့ အဖြူရောင်နဲ့ တင်စားခေါ်ဆိုကြတာ ဖြစ်ပါမယ်။ ခုတော့ ရွှေတောင်လို့ပဲ ပြောရမယ်ထင်ပါရဲ့။ တောင်ထွတ်ပေါင်း ၅၀ နဲ့ ဖွဲ့စည်းထားတဲ့ ဒီသမိုင်းဝင်တောင်တော်ပေါ်မှာ သာသနာတော်ထွန်းကားနေပုံက အံ့မခန်းပါ။ ချောင် ၉ ချောင်ကနေ စခဲ့တဲ့ ဒီအရပ်ဟာ ခုတော့ ချောင်ပေါင်း ၁၀၀၀ ကျော်နေပြီလို့ သိရပါတယ်။ စစ်ကိုင်းတောင်ရိုးတစ်လေ ျှာက်က ဘုရားစုံ ဖူးဖို့ဆို အတော်ကို အချိန်ပေးရမှာပါ။ စစ်ကိုင်းတောင်ရိုးက ရှေးဟောင်းစေတီနဲ့ ဘုရားများ၊ အဆောက်အဦးနဲ့ ကန်တော်များကို လေ့လာလို့မဆုံးနိုင်ပါဘူး။


တိလောကဂရုဂူ

အတွင်းမှာ နံရံဆေးရေးပန်းချီများနဲ့ ထူးခြားတဲ့ AD 1672 ခန့်က တည်ထားခဲ့တဲ့ ညောင်ရမ်းခေတ်လက်ရာ တိလောကဂရုဂူ ကို ရှေးဟောင်းအဆောက်အဦးအဖြစ် အသိအမှတ်ပြု ထိန်းသိမ်းထားပြီး ဖြစ်လို့ မဖြစ်မနေ သွားရောက်လေ့လာသင့်ပါတယ်။


ဆွမ်းဦးပုညရှင်စေတီတော်

ree

စစ်ကိုင်းရောက်ရင် မဖြစ်မနေ သွားရောက် ဖူမြော်သင့်တဲ့စေတီတစ်ဆူကတော့ ပုညရှင်အမတ်ကြီး တည်ထားတော်မူခဲ့တဲ့ ဆွမ်းဦးပုညရှင်စေတီ ပါ။ ဒီစေတီမှာ ကျွန်တော် အရမ်းသဘောကျတာကတော့ ရင်ပြင်က အရောင်အသွေးစုံလင်လှတဲ့ ကြွေပြားလေးတွေဖြစ်ပါတယ်။ ဓါတ်ပုံရိုက်လို့ အတော်လှပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့နဲ့ ဧရာဝတီမြစ်ရဲ့ အလှကိုလည်း ဒီနေရာကနေ ခံစားမှတ်တမ်းတင်နိုင်ဦးမှာ ဖြစ်ပါတယ်။ ဆွမ်းဦးပုညရှင် စောင်းတန်းမှာ ရောင်းတဲ့ အရွက်စုံ အသုပ်ဆိုင်လေးလည်း အရမ်းစားကောင်းတယ် ညွှန်းကြပါတယ်။ စားကြည့်စေချင်ပါတယ်။ ကျွန်တော်ကတော့ မစားဖြစ်လိုက်ပါဘူး။


ဥမင် (၃၀) ဘုရား

ree

ဆရာတော် ပတူကြီးသင်္ဃရာဇာ တည်ထားခဲ့တဲ့ ဥမင် (၃၀) ဘုရားဟာလည်း နိုင်ငံခြားက Instagrammer တွေ သဘောကျကြတဲ့ Photo Spot တစ်ခု ဖြစ်ပါတယ်။ ဖွဲ့စည်းထားတဲ့ပုံစံ နဲ့ အရောင်အသွေး လှပမှုကြောင့် ခရီးသွားအတော်များများ ဒီမှာ ဓါတ်ပုံရိုက်ကူးလေ့ရှိပါတယ်။ ဒီ ဥမင် ၃၀ ဘုရား စောင်းတန်းမှာလည်း အရွက်ပေါင်းစုံနဲ့ ကိုယ်ကြိုက်ရာအရွက်သုပ်ခိုင်းလို့ ရတဲ့ အသုပ်ဆိုင်လေးတွေ အတော်နာမည်ရပါတယ်။ ကျွန်တော်တော့ မစားဖြစ်လိုက်ဘူး။


ဥမင် (၉၀) ဘုရား

ဥမင် (၉၀) ဘုရားလည်း ရှိပါသေးတယ်။ သူရဲ့ ဖွဲ့စည်းထားပုံကလည်း ထူးခြားပြီး အောက်ဘက် အဆောက်အဦးကို ဂူပုံစံလေး ချိတ်ဆက်လို့ ဘုရားဆင်းတုတွေ ထည့်သွင်းတည်ထားပါတယ်။ အပေါ်ထပ်ကို တက်ဖို့ အဆောက်အဦးအရဲ့ ထောင့်လေးထောင့်မှာ ကြောင်လိမ်လှေကားတွေ ထည့်သွင်းထားပြီး ဘုရားဆင်းတုတော်ကြီးတစ်ဆူကို ထပ်ပြီး ဖူးကြရပါမယ်။


အရိယဝံသ ရုပ်စုံကျောင်း

ree

စစ်ကိုင်းရောက်ရင် မဖြစ်မနေ သွားသင့်တဲ့နေရာထဲမှာ ဒီရုပ်စုံကျောင်းလည်း ပါဝင်ပါတယ်။ ရှင်မဟာအရိယဝံသ ဆရာတော် သီတင်းသုံးခဲ့ရာ ကျောင်းတော်ကြီးမှာ အနုသုခုမ အစုံအလင်နဲ့ အတော်လေး လေ့လာစရာ ဖြစ်နေပါတယ်။


အခြားလေ့လာဖူးမြော်သင့်သော စေတီပုထိုးများ

ree
စစ်ကိုင်းတောင်တစ်နေရာက မကိုဋ်မှန်ကူချောင် သိမ်တစ်ခုပေါ်မှာ

စစ်ကိုင်းတောင်တလျှောက် ဘုရားပုထိုးများပြားသလို၊ ရှေးဟောင်းအဆောက်အဦး၊ ကျောင်းနဲ့ ကန်တွေလည်း များပြားပါတယ်။ ကားနဲ့အပြင် ဆိုင်ကယ်နဲ့ သေချာလေ့လာသင့်ပါတယ်။ အထက်မှာ ကျွန်တော်ပြောပြထားတဲ့ နေရာတွေအပြင် သွားရောက်သင့်တဲ့အခြားနေရာများကတော့ -

  • အင်းဝတံတားဦး မင်္ဂလာစေတီ (ဒုတိယမင်းခေါင် ကောင်းမှု)

  • ရှင်ဖြူ ရှင်လှ ဘုရား (အလောင်းစည်သူမင်း ကောင်းမှု)

  • ရွှေကြက်ယက် ရွှေကြက်ကျ ဘုရား (အလောင်းစည်သူမင်း ကောင်းမှု)

  • နန်းဦးစေတီ

  • စေတီလှ (အသင်္ခယာစောယွမ်း ကောင်းမှု)

  • ရှင်ပင်နန်ကိုင်း ဘုရား (ကြံသိုင်းအမတ် ကောင်းမှု)

  • ချမ်းသာကြီး ချမ်းသာရ ဘုရား (ကြံသိုင်းအမတ် ကောင်းမှု)

  • စစ်ကိုင်း ငါးထပ်ကြီး ဘုရား (မင်းရဲရန္တမိတ် ကောင်းမှု)

  • သားပန်ဘုရား

  • ထူပါရုံဘုရား (အင်းဝ နရပတိမင်း ကောင်းမှု)

  • အောင်မြေလောက စေတီ (ဘိုးတော်ဘုရား ကောင်းမှု)

  • သစ္စာစေတီ (ကျန်စစ်သားမင်း ကောင်းမှု)

  • မဟာစေတီ (အင်းဝ နရပတိမင်း ကောင်းမှု)

  • ခါဝဲတောင်ဘုရား (စိုးမင်းကြီးိမလာဒေဝီ ကောင်းမှု)

  • ရွှေဂူကြီးဘုရား (အင်းဝ နရပတိမင်း ကောင်းမှု)

  • ရွှေမုဌောစေတီ

  • လေးကျွန်းမာရ်အောင် (တနင်္ဂနွေမင်း ကောင်းမှု)

  • ရှစ်မြောင့်ဘုရား - ရနတာမြစည်းခုံ

  • တောင်ဖီလာ ဘုရား (ပထမတောင်ဖီလာဆရာတော် ကောင်းမှု)

  • ရွှေမင်းဝံစေတီ

  • ဇိနမာန်အောင် လောကချမ်းသာကြေးဘုရားကြီး

  • အဘယစေတီ

  • အိမ်တော်ရာ အောင်မြေလောကကျောက်စေတီ

  • ဇေတဝန်စေတီ

  • ပတ္တမြားစေတီ (သီရိဓမ္မာသောကမင်းကြီး ကောင်းမှု)

  • ဥမင် (၆၀) ဘုရား

  • အေးစေတီ

  • သမ္ဘူလဘုရား

  • လွမ်းစေတီ

  • မဟာအောင်မြေကံတလူဘုရား (ရွှေနန်းကျော်ရှင် ကောင်းမှု)

  • သပြေတန်းခံတပ်

  • ဆင်ကျုံးခံတပ်

  • ယဉ်ကျေးမှုပြတိုက် (ဗုဒ္ဓပြတိုက်)

အချိန်ရရင်တော့ ညနေ ၅ နာရီ နောက်ပိုင်းဆိုရင် ရတနာပုံတံတား၊ စစ်ကိုင်းဆွမ်းဦးပုညရှင်ဘုရား၊ ရှင်ပင်နံကိုင်းဘုရား စတဲ့ နေရာတွေက နေဝင်ချိန်ခံစားလေညင်းခံဖို့ သင့်လျော်တယ်လို့ ဆိုကြတဲ့အတွက် လည်ပတ်ဖို့အချိန်ကောင်းလေးအဖြစ် မှတ်ထားသင့်ပါတယ်။


ဘယ်မှာတည်းမလဲ

စစ်ကိုင်း ကို လည်ဖို့ အများစုက မန္တလေးမှာပဲ တည်းကြတယ်။ ကျွန်တော်ကတော့ စစ်ကိုင်းမြို့က ဟိုတယ်တွေမှာ တည်းခိုအနားယူရင်း အချိန်ယူလည်ပတ်သွားလာဖို့ အကြံပြုချင်ပါတယ်။ ဖြစ်သင့်လျက်နဲ့ အများကြီး မဖြစ်လာတဲ့ ခရီးသွားလုပ်ငန်းအတွက် အားမရမိလို့ ကျွန်တော့်ရဲ့ ခရီးဖော် တွေကို တိုက်တွန်းချင်တာပါ။ စစ်ကိုင်းမြို့ရဲ့ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ဟိုတယ်လုပ်ငန်းတွေ အောင်မြင်လာဖို့ မေ ျှာ်လင့်မိပါတယ်။ ရွေးချယ်စရာဟိုတယ်တွေ ကတော့ Hotel Sagaing ၊ ရွှေပြည့်စုံဟိုတယ် ၊ Golden World Hotel ၊ Happy Hotel ၊ Top Royal Hotel တို့ပါ။ ဒါ့အပြင် စစ်ကိုင်းမှာ အအေးခန်း ဧည့်ရိပ်သာ Guest House တွေလည်း များပါတယ်။ River View Guest House ဆိုလည်း ဧရာဝတီမြစ်ကို မြင်ရတာမို့ ကောင်းမွန်ပါတယ်။ အခြားရွေးချယ်စရာ Guest House တွေလည်း ရှိပါသေးတယ်။


စားမယ်ဆိုရင်

မြန်မာအစားအသောက် ကောင်းတယ်ပဲ ပြောရမယ်။ စစ်ကိုင်းမှာ မြန်မာဘူဖေးတို့ မြန်မာထမင်းဆိုင် ကောင်းတွေရှိပါတယ်။ ပန်းဝါ ထမင်းဆိုင်ဆိုလည်း အရသာ နဲ့ ဖောရွေမှုမှာ နာမည်ရနေပါတယ်။ မြဧရာ မြန်မာဘူဖေး ဆိုတာလည်း ကောင်းပါတယ်။ အရွက်စုံအသုပ်တွေက ရှေ့မှာဆိုခဲ့သလို ဆွမ်းဦးပုညရှင် နဲ့ ဥမင် ၃၀ တို့မှာ စားနိုင်ပါတယ်။ ကောင်းမှုတော်ဘုရားဝန်းက VIP ဆိုတဲ့ ဆိုင်မှာလည်း ငုံးဥမုန့်လင်မယား နဲ့ အကြော်စုံ ကောင်းတယ် သိရတယ်။ အဲ့ဆိုင်က ကြက်သွန်ဖြူ ပျားရည် မန်ကျည်းသီး အချဉ်ရည်က နာမည်ရတယ် ဆိုပါတယ်။ ပြီးတော့ တိုးတက်ဝေ ဆီချက်၊ ကမ်းနားက ကြက်ခြေထောက်သုပ်ဆိုင်၊ ပန်ပန် ရဲ့ အထောင်းမျိုးစုံ၊ ဈေးထဲက ကျောက်ကျောနဲ့ အချဉ်ပေါင်း၊ ထူပါရုံလမ်းအကျော်က မာလာဟင်းနဲ့ ဖက်ထုပ်ဆိုင်တွေ နာမည်ရကြပါတယ်။


စစ်ကိုင်းမြို့ဟာ ကျယ်ပြန့်တဲ့ ခေတ်မီမြို့တော်တစ်ခု ဖြစ်ပေမဲ့ မြန်မာ့ယဉ်ကျေးမှု ဓလေ့နဲ့ ထုံးစံတွေ မပျောက်ပျက်သေးတဲ့မြို့ပါ။ ဒီမြို့လေးမှာ ထိန်းသိမ်းလက်ဆင့်ကမ်းစရာ ရှေးဟောင်းအမွေအနှစ်တွေအများကြီးလည်း ကိန်းအောင်းနေပါသေးတယ်။ ဒါတွေကို လေ့လာဖို့ စစ်ကိုင်းမြေ ကို ခရီးထွက်သင့်ပါကြောင်း ကျွန်တော့်ရဲ့ ခရီးဖော်တွေကို အကြံပြုတိုက်တွန်းချင်ပါတယ်ခင်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wanna Aung

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page