Search
  • Thiha Lu Lin

ရုံးထုတ်စစ်ဆေးခြင်းမခံရတဲ့ တရားခံ တစ်ဦး ရဲ့ ၂၁ ရက်တာ အကျဉ်းစံခရီး

Updated: Mar 31

လူထုက ကိုယ်ရွေးကောက်ထားသူတွေ ပြန်လည်အုပ်ချုပ်ခွင့်ရဖို့ နည်းအမျိုးမျိုးနဲ့ ကြိုးပမ်းနေကြရသလို စစ်အာဏာရှင်တွေကလည်း သူတို့အာဏာတည်မြဲရေးအတွက် ပုံစံမျိုးစုံနဲ့ လုပ်ဆောင်နေဆဲပါပဲ။ တဖြေးဖြေး နဲ့ အကြမ်းဖက်တဲ့အခြေအနေမျိုးကိုလည်း ရောက်မှန်းမသိ ရောက်လာနေတယ်။ ခုရက်တွေဆို အကျအရှုံးက လူထုဘက်မှာ အတော်လေး များလာတော့ အားလုံးက ဝမ်းနည်းကြေကွဲမှုတွေ ပိုတိုးလာပြီး နာကျည်းစိတ်ကလည်း ပိုကြီးလာတယ်လို့ ဆိုရပါမယ်။ နိုင်ငံတကာသတင်းဌာနတွေကပါ အားရခဲ့ကြတဲ့ Silent Strike Campaign လိုမျိုးကတော့ တကယ်ကို ကျေနပ်စရာအနေအထား ဖြစ်ခဲ့ရပါတယ်။ အဲ့ဒီရက် မတ်လ (၂၄) မှာပဲ စစ်အစိုးရ ဟာ မတ်လ (၃) ရက်နေ့က ဖမ်းဆီးခဲ့တဲ့သူတွေကို ၂၁ ရက်ကြာ ဖမ်းဆီးထိန်းသိမ်းထားရာကနေ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲ့ဒီထဲမှာ တာမွေသပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရတဲ့ မိတ်ဆွေညီမတစ်ယောက်လည်း ပါဝင်ခဲ့လို့ သူတို့ကို နာမည်ပေးထားတဲ့အတိုင်း “ရုံးထုတ်စစ်ဆေးခြင်းမခံရသော တရားခံ” တစ်ဦး ရဲ့ ၂၁ ရက်တာ အကျဉ်းစံခရီး ကို မေးမြန်းပြီး အားလုံးသိရအောင် ပြန်ဝေမျှလိုက်ပါတယ်။ ခေါင်းစီးကို အဲ့ စကားလုံးသုံးရတဲ့အကြောင်းကတော့ ရယ်ချင်စရာ ဖြစ်လို့ပါ။ အသေးစိတ်ကိုတော့ အင်တာဗျူးဖတ်ရင်း သဘောပေါက်သွားမှာပါဗျ။



ညီမရေ မနေ့က ပြန်ထွက်လာရတယ်ဆိုတော့ အခြေအနေ ဘယ်လိုများလဲ။ ဘယ်လို ပါသွားတာလဲ။

အခြေအနေက ဟိုထဲမှာတော့ အကုန် အေးအေးဆေးဆေးပါပဲ။ ညီမတို့ ဘယ်လိုပြောရမလဲ သူများကို ယုံစားတယ်ပေါ့။ ယုံစားတယ်ဆိုတာ Defense တွေ ရှိတယ်အစ်ကိုရယ်။ ညီမက စစ်ကြောင်းတွေ လိုက်နေကျပဲ။ Defense ကောင်တွေက မပြေးနဲ့ မပြေးနဲ့ ဘာမှမဖြစ်ဘူး ထိုင်နေ ထိုင်နေ ဆိုတော့။ ထိုင်နေလိုက်တော့ အန္တရာယ်က ဘယ်ကလာလည်း မမြင်ရတော့ဘူးလေ။ ပြီးလဲပြီးရော Defense က ကောင်တွေက ရွှေ့သွားရော။ ထိုင်ပြီးရွှေ့ ထိုင်ပြီးရွှေ့ ဆိုတော့ ကိုယ်တွေက ရွှေ့တာပေါ့။ ရွှေ့ရင်းနဲ့ Tear Gas တွေ ဘာတွေ မှန်ပြီးတော့ အရမ်းမွှန်ပြီးတော့ ဘယ်မှမလျှောက်နိုင်တော့ဘဲ အဲ့နားက စည်ပင်ရုံးရှိတယ် သမိန်ဗရမ်းတို့ မီးပွိုင့်ကြီးရှိတယ် လမ်းဆုံကြီးဖြစ်သွားတော့ ရဲတွေက ကြိုက်တဲ့ဆီက လာသလို ဖြစ်သွားတာပေါ့။ လမ်းဆုံမှာ ပိတ်မိသလို ဖြစ်သွားတာပေါ့။ Defense တွေက အဲ့ဒီအချိန်တုန်းကအော်တယ်။ မပြေးနဲ့ မပြေးနဲ့ ဘာမှပြေးစရာမလိုဘူး၊ ကြောက်စရာမလိုဘူးပေါ့၊ ကျွန်တော်တို့ရှိတယ် ကျွန်တော်တို့ရှိတယ်ပေါ့။ အေး ပြီးရောပေါ့၊ နင်တို့က ငါတို့ကို ကာထားတယ်ဆိုပြီး ကိုယ်တွေက စိတ်ချယုံလိုက်တာပေါ့နော်။ ခါတိုင်းက သူတို့က သွားနေကျ အတွေ့အကြုံလည်း ရှိတယ်ဆိုတော့ အင်းပေါ့ ငါတို့မပြေးဘူးပေါ့။ ပြီးလည်းပြီးရော သူတို့က ပြေးတဲ့ကောင်တွေကို မြင်တယ်ပေါ့။ အဲ့ဒီ ပြေးတဲ့ကောင်တွေကို ဆွဲထိုး ဆွဲထိုး ဘာဖြစ်တယ် ညာဖြစ်တယ် အဲ့လိုတွေဖြစ်တယ်။ ဖြစ်ချင်တော့ အဲ့ဒီစစ်ကြောင်းက ရဲတွေနဲ့ ထိတ်တိုက်တွေ့ပြီး ချချင်နေတယ်လို့တော့ ကြားတာပဲ။ အဲ့မှာ ရဲတွေကလည်း ပြောတယ်။ သူတို့ကို ဓါတ်ဆီပုလင်းတွေကို အဝတ်စစို့ပြီးတော့ ပစ်တာမျိုးတွေ ခံရတယ်ပေါ့နော်။ နင်တို့က ငါတို့ကို မီးရှို့ပြီး သတ်ချင်နေသလား၊ တော်တော် သတ္တိတွေ ရဲနေသလား အဲ့လိုမျိုးတွေ ရဲတွေက ပြောဆိုကြတာပေါ့နော်။ နင်တို့က ကွန်မြူနစ်တွေ ဘာတွေ ရဲတွေကပြော။ ဖုန်းတွေကိုလည်း အဲ့ဒီအချိန်ကတည်းက သိမ်းလိုက်တာ အကုန်လုံးကို။ ညီမက ခဏလေးဆိုပြီး အိမ်ကို “ပါသွား” ဆိုတာလေး တစ်လုံးပဲ မက်ဆေ့ချ်ပို့လိုက်နိုင်တယ်။ ရဲတစ်ယောက်ကကျတော့ ယူသွားလိုက် ဆိုပြီး ဖုန်းကို ယူသွားခိုင်းတယ်။ ရဲတစ်ယောက်က ဘာလို့ပေးရမှာလည်း ဖုန်းတွေအကုန် ဒီမှာပေးဆိုပြီး ပြောတယ်။ သူတို့က ဒီမှာ ပေးရင်ပေး၊ မပေးရင် အင်းစိန်ရောက်ရင် စစ်လို့မိရင် ပိုဆိုးမယ်။ အဲ့လိုမျိုးဆိုတော့ ကိုယ်တွေက ကြောက်တယ်လေ။ နောက်မြင်ရတာ ဘာမှ မရှိဘူးဆိုတော့ အဲ့ဒါနဲ့ ပေးလိုက်တယ်။ တချို့တွေက ဘောင်းဘီတွေထဲ အတင်းထိုးထည့်လာတာ၊ ဖင်ကြားတည်းတွေ ထည့်လာတာ အဲ့လိုမျိုး ဖုန်းတွေပါလာတော့မှ အိမ်ကို ဖုန်းဆက်။ အဖမ်းခံရပြီလို့ ပြော။ အဲ့ကျတော့မှ သူတို့တွေက သိကြတယ်။ ဒါပေမဲ့ အင်းစိန်ရောက်တော့ ပိုပြီးတော့ စနစ်ကျတယ်။ ဒီမှာက ပေးပေးဆိုပြီး အကုန်လုံးသိမ်းသွားတာ။ အင်းစိန်မှာကျတော့ ဖုန်းတွေပါလာကြလား ဆိုပြီး ဖုန်းတွေနောက်မှာ နာမည်၊ အဖေနာမည် တစ်ခါတည်းကပ်ပြီးတော့မှ သူတို့က သိမ်းတာ။ ဒီမှာကျတော့ အခု သွားထုတ်တော့ သူတို့က ဖုန်းမော်ဒယ်နံပါတ်ရယ်၊ ဖုန်းနံပါတ်ရယ် ကို ဖုန်းမှာ ကပ်ပေးထားတယ်။ သူတို့စာရွက်မှာ ကိုယ့်ဖုန်းကို ရှာရတယ်။ သူတို့က ဆင်းမ်ကတ်တွေ ထုတ်ပြီးတော့ ဖုန်းနံပါတ်တွေ ရေးလိုက်တယ် ထင်ပါတယ်။ ညီမတို့ လော့ခ်တွေလည်း ချထားတော့လေ။


ညီမတို့ကို ဘယ်မှာ ထိန်းသိမ်းထားတာလဲ။

အင်းစိန်မှာပဲ အစ်ကို။ ပထမက သူတို့က ခေါ်ခေါ်သွားချင်းမှာ ကျိုက္ကဆံ ကို အရင်ခေါ်သွားရော။ ကျိုက္ကဆံကနေမှ သူတို့စစ်ဆေးတာတွေဘာတွေလုပ်။ စစ်ဆေးတယ်ဆိုတာက နာမည်ဘယ်သူလဲ၊ အဖေနာမည်ဘယ်သူလဲ၊ ဘယ်မှာနေတာလဲ၊ ဘာလုပ်သလဲ ပေါ့နော်။ အဲ့တာတွေ စစ်ပြီးတော့မှ Marshall Law အချိန် ည ၉ နာရီလောက်မှ သူတို့က ညီမတို့ကို အင်းစိန်ကို ရွှေ့တာ။


ရဲစခန်းအရင်ခေါ်သွားသေးတယ်ဆို?

မဟုတ်ဘူး။ ကျိုက္ကဆံ အားကစားကွင်းကြီး ရှိတယ်လေ။ အဲ့ဒီကို ခေါ်သွားတာ။ ယောကျ်ားလေးတွေရော၊ မိန်းကလေးတွေရော။ ယောကျ်ားလေးတွေက ဟိုဘက် တစ်ခြမ်း၊ မိန်းကလေးတွေက ဒီဘက်တစ်ခြမ်းထည့်ထားတာ။


အဲ့ဒီနေ့က ညီမတို့ စစ်ကြောင်းမှာ ဘယ်နှစ်ယောက်လောက်ရှိသလဲ။

ဆန္ဒပြသူက ထောင်ကျော်တယ်။ အဲ့အထဲမှာ အယောက် ၃၀၀ လောက် ထိန်းသိမ်းခံလိုက်ရတယ်။ ယောကျ်ားလေးက ၁၅၀၊ ၁၆၀ အဲ့လောက် ရှိတယ်။ ညီမတို့ စစ်ကြောင်းမှာ မိတာ အများဆုံးပဲ။ ထောင်ထဲရောက်တော့ ဆရာမတွေက ပြောတယ်။ ဘာလို့ မိန်းကလေးတွေ အများကြီး ဖမ်းလာရတာလဲဆိုပြီး အဲ့လိုမျိုး ရဲတွေကိုတောင် ပြောတယ်။ ဒါပေမဲ့ သူတို့က မလွှတ်ဘူး။ ပုံမှန်က ညီမတို့ သိထားတာက တစ်ည လောက်ပဲနေရမှာပေါ့။ မဟုတ်လည်း ၃ ည လောက်ပဲ နေရမယ်ပေါ့။


အစ်ကိုလည်း အဲ့လိုပဲ ထင်မိတာ။ ညီမတို့ စစ်ကြောင်းအဖမ်းခံရတဲ့ မတ်လ ၃ ရက် မတိုင်ခင်ကပဲ လူ ၅၀၀ လောက်လွှတ်တဲ့ သတင်းကြားမိတော့ တစ်ညလောက်ပါပဲ ဆိုပြီး ထင်မိတာ။

ရှေ့ကလူတွေက အေးဆေးပဲ။ အဲ့မှာတစ်ညနေပြီး စားလိုက်အိပ်လိုက်နဲ့ ပြန်လွတ်လာတယ် ဘာညာဆိုတော့ သိတယ်မှတ်လား အဲ့လိုတွေကြောင့် ညီမတို့လည်း တစ်ည ဒါမှမဟုတ် ၃ ည အများဆုံး ထင်မိတာ အဲ့လို။ ပိုဆိုးတာက ညီမတို့စစ်ကြောင်းက GSC စစ်ကြောင်းဆိုပြီး ပြောလိုက်တဲ့လူ ရှိတာရယ်၊ ကျောင်းသားခေါင်းဆောင် ၁၀ ယောက်လောက်ပါတယ်လို့ ပြောလိုက်ကြတာရယ် အဲ့လိုမျိုးတွေ ရှိတယ်။ ညီမတို့ အဖမ်းခံရတဲ့ ညက အင်းစိန်ကို ပို့လည်းပို့ရော ထောင်ပိုင်က အစောကြီးကတည်းက လာပြောတယ်။ သမီးတို့ ဆန္ဒပြတယ်လို့ မပြောနဲ့ မုန့်သွားစားတယ်လို့ပြော၊ ခရီးသွားဟန်လွှဲပါလာတယ်လို့ပြောဆိုပြီးတော့ ကိုယ်တွေက ဇာတ်လမ်းတွေ ဆင်ရတာပေါ့။ ငါတို့ ညီအစ်မတွေက Parisian မှာ မုန့်သွားစားတာ၊ မုန့်သွားစားရင်းနဲ့ လူစုကို တွေ့တော့တွေ့တယ်ပေါ့။ ဒါပေမဲ့ မျက်ရည်ယိုဗုံးတွေက ကျွန်မတို့ ဘက်ကို ရောက်လာတော့ ကျွန်မတို့က မပြေးနိုင်တော့ဘဲ ရဲတွေက ဝင်ဖမ်းတာကို ခံလိုက်ရတာပေါ့။ ကိုယ်တွေက အဲ့လိုမျိုးတွေ လျှောက်ဖြီးရတာပေါ့။ ပြစ်မှုမမြောက်အောင်။ ဒို့အရေး ဒို့အရေး လုပ်ဖို့လာတာ ပြောတဲ့သူတွေက ပိုကြာကုန်ရော။ ပြီးတော့ ကျောင်းသားတွေ ပါတော့ သူတို့ ကျောင်းသားတွေကို စစ်တယ်။ ညီမတို့ကိုက ရောက်ရောက်ချင်းည စစ်ကြောရေးမှာ တစ်ခါပဲ စစ်တာ။ ကျောင်းသားတွေကျတော့ ကျောင်းသားခေါင်းဆောင်တွေ ပါတယ်မို့လား။ ကျောင်းသားခေါင်းဆောင်က ဘယ်သူတွေလဲ။ သူတို့တွေ လှုံဆော်လို့ ပါလာတာမှတ်လား။ အဲ့လိုတွေ စစ်ကြောရေး က ကျောင်းသားတွေကို ခေါ်တယ်။ နောက်ပိုင်းကျတော့ သိပ်မစစ်တော့ပါဘူး။ သံသယရှိတဲ့သူလောက်ပဲ စစ်တယ်။


အင်းစိန်ရောက်တော့ရော..

သူတို့ Hall ခန်းထဲပဲ အစ်ကိုရယ်။ တစ်ဆောင်ပေးထားတယ်။ ကြမ်းခင်း ပါကေးခင်းထားတယ်။ ပန်ကာတွေ၊ မီးတွေ ပေးထားတယ်။ ပြီးသွားလို့ရှိရင် အဲ့ဒီ Hall ခန်းထဲမှာပဲ အယောက် ၈၀ လောက် အိပ်ရတယ်။ မိန်းကလေး အယောက် ၈၀။ အဲ့လိုမျိုး ရှိတယ်။ Hall က တော်တော်တော့ ကျယ်တယ်။ ပေ ၂၀ ဟိုဘက်ကို ပေ ၈၀ လောက်ရှိမယ်။ ၂၀ x ၈၀ အခန်းထဲမှာ အဲ့လိုနေရတာပေါ့။ ဒါပေမဲ့ နောက်ပိုင်း အိမ်က ပါဆယ်ပို့တဲ့ အထုပ်တွေများလာတာနဲ့ ဘာနဲ့ဆိုတော့ ကိုယ်တွေက ပက်လက်အိပ်ပြီးရင် စောင်းဖို့ မစဉ်းစားနဲ့တော့ စောင်းလို့ မရတော့ဘူး။ ပထမတော့ ခြင်တွေ အရမ်းကိုက်တယ်။ စရောက်တဲ့နေ့က အိမ်က ပါဆယ်တွေ ဘာတွေ ပို့လို့ရတာ မသိသေးတော့ မပို့ကျသေးတော့ ခြေထောက်တွေ၊ လက်တွေမှာဆို ခြင်ကိုက်ဖုတွေ အများကြီးပဲ။ နောက်ပိုင်း လိမ်းဆေးတွေ အိမ်က ပို့ပေးတော့မှ ခြင်ကိုက်တာ နည်းနည်းသက်သာသွားတာ။ ခြင်ကိုက်မခံရတော့ဘူး။ ကောင်းကောင်းမွန်မွန်ပါပဲ။ ကောင်းကောင်းမွန်မွန်ဆိုတာ ဒီလို၊ ထမင်း ၃ နပ်ကျွေးတယ်။ ထုံးစံအတိုင်း ပဲဟင်း ဘာညာနဲ့ပေါ့။ ရံဖန်ရံခါလည်း ကြက်သား ဝက်သား ကြက်ဥ အဲ့လိုမျိုးတွေ ကျွေးတယ်။ ကောင်းကောင်းမွန်မွန်ပဲ နေရထိုင်ရတာတော့။ အိမ်သာရေချိုးခန်းက အထဲထဲမှာ ရှိတယ်။ အဲ့ အထဲထဲက ကျတော့ မသန့်ဘူး။ အရမ်းညစ်ပတ်တယ် အဲ့လိုမျိုး။ အဲ့ဒါနဲ့ အပြင်မှာ ကွင်းပြင်ကြီး ပုံစံမျိုးပေါ့နော်၊ ကာတော့ ကာထားတယ်။ အဲ့လို ကွင်းပြင်ကြီးမှာ အုတ်ကန်ကြီး အကြီးကြီးတွေ ၆ ခု လောက်ရှိတယ်။ အဲ့လိုအုတ်ကန်ကြီးတွေမှာ သွားပြီးတော့ ရေချိုး မျက်နှာသစ် ဘာညာလုပ်။ အိမ်သာလေးတွေဆို ကိုယ်တစ်ဝက်လေးတွေပဲ ရှိတယ်။ သန့်သန့်ပြန့်ပြန့်ပါပဲ။ ရေလောင်းအိမ်သာကိုပဲ သူတို့က အုတ်ကလေးတွေ အုတ်ကလေးတွေ နဲ့ ကာထားပြီး၊ သူတို့က တစ်ခုခု လုပ်မှာစိုးလို့ထင်ပါတယ် ထိုင်လိုက်ရင် ခေါင်းလေးတွေက ပေါ်နေတယ်။ ထိုင်လို့လည်း အဆင်မပြေ ထလို့လည်း အဆင်မပြေ။ မိန်းမတွေပဲ ရှိတော့ တော်တော့ တော်သေးတာပေါ့။ မိန်းကလေးအဆောင်ဆိုရင် အဲ့လိုမျိုး ရဲမေတွေပဲ ဝင်ရတယ်။ ရဲတွေဘာတွေ ကျန်တဲ့ ယောကျ်ားလေးတွေ တစ်ယောက်မှ ဝင်ခွင့်မရှိဘူး။ သူတို့က အမြဲတမ်း တံခါးပိတ် သော့ခတ်ထား အဲ့လိုမျိုး။ သူတို့က ဖြစ်ချင်တော့ ကျောင်းသားများတော့ ဘာမှမလုပ်ရဲဘူး။ သိတယ်မှတ်လား ကျောင်းသားတွေဆိုတော့ လုပ်လိုက်ရင် ပိုဆိုးသွားမယ်ဆိုပြီးတော့ အဲ့လိုမျိုးစိုးတာရယ်။ ကျောင်းသားမိဘတွေ၊ ပါမောက္ခတွေကလည်း အရမ်းလိုက်နေကြတာရယ်ကြောင့် သူတို့က ဘာမှမလုပ်ဘူး။ ပြီးတော့ ညီမတို့က ပြစ်မှုအတပ်မခံရသေးဘူး။ အချုပ်သားလည်း မဟုတ်ဘူးပေါ့နော်။ အဲ့ဒါ ထိန်းသိမ်းခံရတာပဲဆိုတော့ သူတို့က ဘာမှမလုပ်ရဲဘူး။ လေသံမာမာတောင် မပြောဘူး။ အဲ့လိုမျိုး။ လုပ်လိုက်တာနဲ့ သူတို့ အပြောခံရမယ်ဆိုတာ သိတော့လေ။ ဟိုအထဲမှာတော့ ကောင်းကောင်းမွန်မွန် ပါပဲ။ ဒါပေမဲ့ အဲ့လိုမျိုး အပြင်နဲ့ အဆက်အသွယ်တော့ မရ။ ဖြစ်ချင်တော့ အိမ်က ပါဆယ်ပို့ရင် စာလေးတွေ ပါလာတယ်။ ညီအစ်မ နှစ်ယောက်ထဲမှာ တစ်ယောက်က ခြေထောက်မှာ ဒဏ်ရာရထားတယ်လို့ သိရတယ်ဆိုတော့ ကိုယ်တွေက တကယ်တော့ ဘာမှမဖြစ်ဘူး အစ်ကိုရယ်။ ဘာဆိုဘာမှ ဒဏ်ရာမရထားဘူး။ အဲ့တော့ ကိုယ်တွေက ငိုရရော၊ ငါတို့က ဘာမှ ဒဏ်ရာ ရမထားဘူး၊ အိမ်ကလူတွေက စိတ်ပူနေတော့မှာပဲ ဘာဖြစ်တယ် ညာဖြစ်တယ် အဲ့လိုတွေ ဖြစ်။ နောက်တော့ လမ်းကြောင်း အဆက်ဆက်နဲ့ လိုက်ပေါ့နော်။ လိုက်ပြီးတော့မှ ကိုယ်တွေကို သတင်းလာမေး ဘာညာပြီးတော့မှ အိမ်ကလည်း ဘာမှ ဒဏ်ရာမရဘူးဆိုပြီးသိတာ။ အဓိကကတော့ အနေဆင်းရဲ အစားဆင်းရဲပေါ့နော်။ စားနေကျလည်းမဟုတ်၊ နဂိုကတည်းက ချေးများတယ်။ အိပ်တော့လည်း သူက ပါကေးကို ဘာမှမရှိဘူး။ အဲ့ ပါကေးမှာပဲ စောင်ကို ခေါင်းအုံးပြီးအိပ်။ အပေါ်က ပန်ကာကြီးတော့ ဖွင့်ပေးထားတယ်။ အဲ့ဒီပန်ကာကြီးနဲ့ မနက်ဆိုရင် ကိုယ်တွေလက်တွေ ကိုက်ခဲပြီးတော့ ဖြစ်နေရော။


အဲ့သတင်းက ဘယ်က ထွက်သွားတာလဲ

မသိဘူး။ ဘယ်က ဘယ်လို သတင်းထွက်သွားလဲ မသိဘူး။ အိမ်ကိုမေးတော့လည်း မသိဘူး အဲ့လိုပဲ ပြောနေကြလို့တဲ့။ ဖြစ်တော့ဖြစ်တယ် မိန်းကလေးထဲမှာလည်း။ ယောကျ်ားလေးတွေထဲမှာလည်း အရိုက်ခံရတာတို့ ဘာတို့ ရှိတယ်။ မိန်းကလေးထဲမှာကျတော့ အရိုက်မခံရဘူး။ ညီမတို့ သပိတ်စစ်ကြောင်းမှာကျတော့ လူပိလို့ ခြေထောက်ကျိုးသွားတာတို့ ခြေထောက်တွေ ခေါက်သွားတာတို့ အဲ့လိုတွေရှိတယ်။ ကောင်မလေး တစ်ယောက်ဆို ခြေသလုံးကြီးဆို ကျောက်ပတ်တီးကိုင်လိုက်ရတယ် ထောင်ထဲမှာ။ သူတို့ လုပ်တော့လုပ်ပေးပါတယ် အဲ့လိုမျိုး။ ဆရာဝန်တွေဘာတွေလာတယ် အမြဲတမ်းပဲ။ နေ့လည်တစ်ခေါက် ညနေတစ်ခေါက်။ ဆေးခန်းပြမဲ့သူရှိလား ဘာညာ အဲ့လို လာမေးတယ်။ ဆေးလိုချင်လည်း ဆေးတောင်းပေါ့နော်။ ဟိုလိုမျိုး နှိပ်စက်တာတော့ မရှိဘူး။


ညီမတို့ အထိန်းသိမ်းခံထားရတဲ့ ၂၁ ရက်မှာ ထူးထူးခြားခြား လုပ်ရတာတွေ ရှိလား။

ဘာမှမလုပ်ရဘူး။ အိပ်လိုက်စားလိုက်ပဲ။ အိပ်တယ်၊ မနက် ၇ နာရီလောက်ဆို သူတို့က မနက်စာ လာပို့တယ်။ ထမင်းကြော်ကို ပဲကတ္တီပါပြုတ်နဲ့ ကြော်ထားတာ၊ ဒါမှမဟုတ်ရင် ဆန်ပြုတ်။ ပြီးရင် ရေနွေးပေးတယ်။ ညီမတို့က အိုဗာတင်းတို့ ကွေကာအုတ်တို့ သောက်ရင်သောက်၊ ကော်ဖီကြိုက်တဲ့သူကလည်း ကော်ဖီသောက်။ ကိုယ့်အိမ်က ပို့တဲ့ဟာပေါ့နော်။ အဲ့လိုမျိုးသောက်။ သောက်ပြီးသွားလို့ရှိရင် ခေါက်ဆွဲပြုတ်တွေဘာတွေဆိုရင် ရေနွေး ယူထားပြီးတော့ စား။ နေ့လည် ၉ နာရီ ၁၀ နာရီလောက်ဆိုရင် နေ့လည်စာ ဆိုပြီး လာပို့သွားတယ်။ အဲ့ကျရင် ပဲဟင်းတို့ ငပိကြော်တို့နဲ့ ထမင်းနဲ့ပေါ့နော်။ ၃ နာရီ ၄ နာရီဆိုရင် ညနေစာ လာပို့သွားပြီ။ ကြက်သား ဝက်သားကျွေးတဲ့နေ့ဆိုရင်တော့ တန်းစီရတယ်။ ကိုယ်စားလည်း မရဘူး။ ကိုယ့်တစ်ယောက်စာ ကိုယ်တန်းစီပြီး ယူရတယ်။ သူတို့က အစောကြီးကျွေးတော့ ညဘက်တွေကျ ဗိုက်ဆာရင် ရေနွေးလည်း သူတို့က အချိန်ပြည့်ပေးထားတာ မဟုတ်တော့ မရှိဘူး။ ညနေ ၆ နာရီဆိုရင် ကိုယ်တွေနေတဲ့ အခန်းတံခါး ကို လာပိတ်သွားပြီ။ အပြင်ထွက်လို့မရတော့ဘူး။ ခေါက်ဆွဲတွေဘာတွေကို ရေစိမ်၊ ပွလာမှ စား။ ကော်ဖီကြိုက်တဲ့သူဆို ရေတွေနဲ့ ရေသန့်ဗူးထဲ ခေါက်ပြီးမှ သောက်၊ အဲ့လိုမျိုးတွေ နေရတာ။ တကယ် ထောင် လိုမျိုးပါပဲ။ ဟိုလို အလုပ်ကြမ်းတော့ မလုပ်ရဘူးပေါ့နော်။ ဘာမှမလုပ်ရဘူး။ အိမ်သာသန့်ရှင်းရေးတွေဘာတွေကျတော့ နှစ်ကြီးသမားတွေက လာလုပ်ပေးတယ်။ ကိုယ်တွေ အခန်းသန့်ရှင်းရေးတွေ သူတို့လုပ်ပေးတယ်။ အိပ်လိုက်စားလိုက်ပါပဲ။ ကိုယ်တွေက အိပ်တော့ အိပ်တယ်။ အချိန်မြန်မြန်ကုန်သွားရင် စိတ်ဆင်းရဲစရာတွေ မတွေးဖြစ်တော့ဘူးပေါ့ အစ်ကိုရယ်၊ ဝမ်းနည်းမနေတော့ဘူးဆိုပြီး အိပ်တယ်။ ဘယ်လောက်ပဲအိပ်အိပ် ကြည့်လိုက်ရင် ကိုယ်အိပ်ပျော်သွားတဲ့အချိန်က နာရီဝက် တစ်နာရီပဲ ရှိသေးတယ်။ အကြာကြီးနှစ်နှစ်ခြိုက်ခြိုက်လည်း အိပ်မပျော်ဘူး။ အဲ့လိုတွေတော့ ရှိတာပေါ့။ ရံဖန်ရံခါ အိမ်က စာ ခိုးထည့်ပေးလိုက်တဲ့ အချိန်တွေရှိရင် အဲ့စာတွေဖတ်ပြီး ငိုရပြန်ရော။ ဒီအတိုင်းဆိုရင် ဘာမှမသိရရင် မေ့မေ့ပျောက်ပျောက်ပဲ။ အိမ်က စာတွေ တွေ့ရင် ငိုပြီ ညီအစ်မ နှစ်ယောက်စလုံး။ ညီအစ်မ နှစ်ယောက် အတူတူ ပါသွားတာ ဆိုတော့။


ပြန်ထွက်ရတော့မယ်ဆိုတာရော ညီမတို့ ဘယ်လို သိရသလဲ။

ထွက်ခါနီးကျတော့ ၂၄ ရက်နေ့ ထွက်မယ်ဆိုရင် ၂၃ ရက်နေ့ ညမှာ ညနေစောင်းလောက်မှာ ထောင်ပိုင်က လာပြောတယ်။ သူတို့က အတပ်မပြောရဲဘူး အစ်ကိုရယ်။ ဘာဖြစ်လို့လည်းဆိုတော့ ၃ ရက်လောက်နေတော့ ညီမတို့ကို လွှတ်မယ်ဆိုတော့ ရဲတွေက စာရင်းတွေ ဘာတွေ လာကောက်တော့ သူတို့ကလည်း လွှတ်မယ်ထင်ပြီးတော့ လွှတ်မယ်ဆိုပြီး ပြောရော၊ ပြီးတော့ မလွှတ်ဘူး။ တစ်ပတ်ပြည့်တဲ့ အခါကျတော့လည်း သူတို့က ညနေစောင်းကျတော့ စာရင်းတွေဘာတွေ လာကောက်တော့ ကျွန်မတို့ ပြန်လွှတ်တော့မှာလား ဘယ်အချိန်ပြန်ရမှာလဲ ဆိုတော့ အင်းတဲ့ ဒီအတိုင်းဆိုရင် မိုးချုပ်သွားမှာပေါ့၊ မိုးချုပ်သွားရင် Martial Law အချိန်ဖြစ်သွားတော့ နင်တို့က Martial Law အချိန်မှာ ပြန်ပို့တယ်ဆိုရင်လည်း ငါတို့ကို ကြောက်ပြီးတော့ Martial Law အချိန်မှာ ပြန်လွှတ်တယ်။ ကလေးတွေကို ဒုက္ခရောက်အောင် ဘာဖြစ်တယ် ညာဖြစ်တယ် နဲ့ ပြောကြဦးမယ် တဲ့။ အဲ့ဒါကြောင့်မို့ ဒီနေ့တော့ မပြန်ရဘူးတဲ့။ သြော်အေးအေး မပြန်ရဘူးပေါ့။ နောက်နေ့လည်းကျရော ဆီး စစ်ရမယ် ဆိုပြီးတော့လာပြောရော။ ဆီးဗူးတွေလာပေးတယ်။ အကုန်လုံးက သောင်းကျန်းကြရော။ ကျွန်မတို့က ဆေးမှုနဲ့ကျတာ မဟုတ်ဘူးပေါ့။ ဘာဖြစ်လို့ ဆီးစစ်ရမှာလဲ ဘာဖြစ်တယ် ညာဖြစ်တယ် ဖြစ်ရော။ နောက်ဆုံးကျတော့ မတတ်နိုင်ဘူး သူတို့လက်ထဲမှာပဲ ရှိတာ ဆီးစစ်မယ်ဆိုလည်း ပေးရမှာပဲ ဆိုပြီး ပေးလိုက်ပြန်ရော။ ပြီးလည်းပြီးရော ဆေးစစ်တဲ့အဖြေ မရသေးလို့ မရသေးလို့ဆိုပြီး နောက်တစ်ပတ် တစ်ပတ် အဲ့လို ဆွဲသွားတာ။ နောက်တစ်ပတ်နေတဲ့အချိန် ၁၇ ရက်နေ့လည်း ကျရော သမီးတို့ကို ၅၀၅-က နဲ့ ပြစ်မှုကို ပုဒ်မတပ်ဖို့ အခု ရမန်ယူထားတယ်တဲ့ တစ်ပတ်တဲ့။ ဟာ သေပြန်ပြီလို့။ အဲ့ဒါ ၂၅ ရက်နေ့အထိ၊ ဒီနေ့အထိ သူတို့ ရမန်ယူထားတာ။ ဒီနေ့ကျမှ သူတို့က ပုဒ်မတပ်ရင်တပ်မယ်၊ မတပ်ရင်မတပ်ဘူး။ ဒါပေမဲ့ သူတို့က ပုဒ်မ မတပ်ဘူးဆိုရင်လည်း စိစစ်တာနဲ့ဘာနဲ့ ငါတို့က ကြာဦးမှာလို့။ ပုဒ်မတပ်ခံရပြီဆိုရင်လည်း ငါတို့က ရှေ့နေနဲ့လိုက်၊ တရားသူကြီးနဲ့တွေ့နဲ့လို့ အချိန်ကတော့ တော်တော်ကုန်ဦးမှာလို့၊ ထောင်ထဲမှာပဲ ကုန်တော့မှာလား မသိဘူးလို့ စိတ်တွေ ဒုန်းဒုန်းချလိုက်ပြီ။ ၂၅ ရက်နေ့မှာ တစ်ခုခု သိရမယ်ဆိုပြီးတော့။ အဲ့ဒါဖြစ်ချင်တော့ ပြီးခဲ့တဲ့ ၂၃ ရက်နေ့ ညကျမှ ထောင်ပိုင်က လာပြောတာ… သူအိပ်မက်မက်တယ်တဲ့၊ ၃ ရက်နေ့က ကလေးတွေ အကုန်လုံး ပြန်ရတယ်လို့ တဲ့။ သူတို့ကလည်း မပြောရဲတော့ဘူးလေ။ ရဲက ခိုင်းတဲ့အတိုင်း သူတို့က လုပ်ရတာဆိုတော့။ သူတို့ကလည်း ထပ်ဆဲခံရမှာစိုးတော့ အိပ်မက်မက်တယ် သမီးတို့တွေ အကုန်ပြန်ရမယ်ပေါ့။ တချို့ကလည်း ရှေ့နေကိုယ်စားလှယ်လွှဲစာတွေ ရောက်လာပြီ။ လက်မှတ်ထိုးပြီးတော့ ပြန်ပေးပေါ့နော်။ တချို့ကလည်း ကျွန်မတို့ ကိုယ်စားလှယ်လွှဲစာ မရောက်သေးဘူးပေါ့။ မရောက်သေးရင် လက်မှတ်မထိုးနဲ့တော့၊ တစ်ခုခုဆိုရင်လည်း အိမ်ရောက်မှ လုပ်တော့ပေါ့ ဘာဖြစ်တယ် ညာဖြစ်တယ် အဲ့လိုမျိုးတွေ ပြောရော။ အဲ့ဒါ မနေ့က မနက် အစောကြီးကျမှ ၅ နာရီခွဲလောက်မှ ရဲမေ တစ်ယောက်က လာပြောတာ။ ပြောတာတောင် မပြောရဲဘူး။ သမီးတို့ ထထ ထ၊ မျက်နှာတွေ ဘာတွေသစ်တဲ့၊ သွားတွေဘာတွေ တိုက်ထား ထောင်မှူးက ပြောခိုင်းလိုက်လို့တဲ့။ သြော် အင်းပေါ့ အကုန်လုံးက ထ။ ပြီးလည်းပြီးရော ထောင်မှူးက ရောက်လာပြီး ညီမလေးတို့ မအော်ကြနဲ့နော်။ တိုးတိုးနေတဲ့ ဆိုပြီးတော့ ကိုယ့်ပစ္စည်းလေးတွေ ကိုယ်သေချာသိမ်းထား၊ လှူချင်တာရှိရင်လည်း ထားခဲ့ဆိုတော့ သြော် အဲ့ဒါဆို ငါတို့က ပြန်ရမှာလား တခြားထောင်ကို ရွှေ့မှာလား အဲ့လိုဖြစ်နေသေးတာ။ နောက်ဆုံးကျမှ အထုပ်တွေ ယူပြီးတော့မှ ထွက်ဆိုတော့မှ ထွက်။ အဲ့ဒါတောင်မှ သူတို့က စစ်သေးတယ်။ ညီမတို့ ခံဝန်တွေ ဘာတွေ ထိုးရတယ်။ ခံဝန်မှာကျတော့ သူတို့က “ရုံးထုတ်စစ်ဆေးခြင်းမခံရသော တရားခံ” ဆိုပြီး အဲ့ဒီခေါင်းစဉ်နဲ့ပေါ့နော်။ အဲ့ဒီခေါင်းစဉ်အောက်မှာ ဘယ်နေ့ဘယ်ရက်က ဘယ်သူက ဘယ်လိုဘယ်လို အဖမ်းခံရတယ်ပေါ့။ အကယ်၍ ရုံးချိန်းရှိရင်လည်း မပျက်မကွက် လာပါ့မယ်ပေါ့။ အဲ့လိုမျိုးတော့ ပါတယ်။ ဒါပေမဲ့ အပြင်ပြန်ရောက်တော့ ရှေ့နေတွေ မေးကြည့်တော့ ဘာမှမဟုတ်ဘူး။ ဒါ စာအနေနဲ့ပဲ ရှိတာ၊ လွှတ်လိုက်ပြီပေါ့ အဲ့လိုမျိုးပြောတယ်။ အဲ့ဒါပြီးတော့လည်း မထွက်ရသေးဘူး။ ဗိုလ်မှူးတင်ဝင်း က သြဝါဒတွေ ချွေသေးတာ။ ဆိုက်ဝါးတွေက ပြောသေးတာ။ သူတို့ကပေါ့နော် အာဏာကို သိမ်းတာ မဟုတ်ပါဘူး။ ခဏထိန်းထားတာပေါ့။ တစ်နှစ်ပြည့်ရင် ရွေးကောက်ပွဲလုပ်ပြီး ပြန်ပေးမှာပါပေါ့။ ဒီမှာ ဆန္ဒပြတဲ့သူတွေကလည်း မလိမ်မာ တစ်ခါမိုက်မို့ သူက သဘောထားကြီးစွာနဲ့ ခွင့်လွှတ်ပေးပြီး ဒီလူတွေကို ပြန်လွှတ်ပေးလိုက်တာပါပေါ့။ ဟား သူတို့က အဲ့လိုမျိုးတွေပြော။ ကိုယ်တွေက လုပ်ချင်လို့ ပါလာတာ မဟုတ်ဘူး မို့လား။ ကီးဘုတ်ဖိုက်တာဆိုတဲ့ အဖွဲ့က လှုံဆော်လို့ပါလာကြတာမှတ်လား အဲ့လိုမျိုးတွေ ပြောကြရော။ အဲ့ဒါနဲ့ ရယ်တဲ့ သူတွေကလည်း ရယ်ပေါ့နော် အောက်မှာ။ သူက ပြောပြီးရော ပြန်ချင်နေကြပြီမို့လား နိဂုံးချုပ်တယ်ပေါ့။ သူပြောချင်တာတွေ ပြောပြီး၊ သူတို့ဘက်က ဟာတွေပေါ့နော် ပြောပြီးတော့ ပြန်သွားရော။ အဲ့ဒါနဲ့ YBS တွေနဲ့။ ညီမတို့က တာမွေဆိုတော့ တာမွေစခန်း ၄၀ ကို သူတို့က ပြန်လိုက်ပို့ပေးတယ်။ အိမ်ကလူတွေက လာကြိုပေါ့။ မနေ့ကတော့ ၃ ရက်နေ့မှာ ဖမ်းမိတဲ့သူ တော်တော်များများကို လွှတ်လိုက်တယ်။ အယောက် ၆၀၀ လောက်ရှိတယ်။


ကျန်ခဲ့တဲ့သူတွေရော ရှိလား။

ရှိတယ် ရှိတယ်။ မိန်းကလေးထဲမှာဆိုရင် ၆ ယောက်လောက်ရှိတယ်။


ဘာဖြစ်လို့ ကျန်ခဲ့တာလဲ။

သူတို့က အရင်ကတည်းက တက်ကြွလှုပ်ရှားသူတွေ။ ၂၀၀၇ ရွှေဝါရောင်ကတည်းကလည်း လုပ်ထားတဲ့သူတွေတို့၊ သူတို့ရဲ့ facebook တွေ ဘာတွေကြည့်လိုက်ရင်လည်း လော်ကြီးကိုင်ပြီးတော့ အော်ထားတာတို့၊ လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြနေတာတို့ အဲ့လိုပုံတွေတွေ့လို့ သူတို့က။ အရင် ပြစ်မှုအဟောင်းလည်း ရှိတယ် ထင်ပါတယ်။ အဲ့လိုလူတွေကို ဆွဲထုတ်ပြီးတော့မှ သူတို့က ပြန်စစ် လိုက်တာ။ ညီမတို့ အခန်းထဲကကိုပဲ ကောင်မလေး ၃ ယောက် က ပါသွားတာ။ သူတို့ကို စစ်ကြောရေးခေါ်သွားရင် လက် ၃ ချောင်း ကို ၂ နာရီ ၃ နာရီလောက် ထောင်ခိုင်းထားပြီး စစ်တာ။ တချိန်လုံး အဲ့လက်ကို မချခိုင်းဘူးတဲ့။ ယောကျ်ားလေးကျတော့ ညီမတို့ ပါသွားတဲ့ စစ်ကြောင်းမှာကျတော့ ဗလကသ က ဒုဥက္ကဋ္ဌ ပါလာတာ။ အဲ့ကောင်လေးကျတော့ မျက်လုံးတွေ စည်းပြီးတော့ ခေါင်းတွေရိုက် ဘာတွေရိုက် အဲ့လိုမျိုးတွေ စစ်တာတဲ့။ ယောကျ်ားလေးတွေကျတော့ ရိုက်နှက်ပြီး စစ်တယ်။ မိန်းကလေးတွေကျတော့ ကိုယ်တွေသိရသလောက်က မရိုက်ဘူး။ သူတို့က စစ်ကြောရေးပြန်လာပြီးရင် ကိုယ်တွေကို ပြောပြတယ်ဆိုတာ သိမှာပေါ့နော်။ သိတော့ သူတို့ကို တခြားအဆောင်ကို ရွှေ့လိုက်တာ၊ အဲ့ကတည်းက သူတို့သတင်းက မရတော့ဘူး။ စောဖိုးခွား လည်း တွေ့တယ်။ ယောကျ်ားလေးတွေ နေတဲ့အဆောင်နဲ့က ညီမတို့နဲ့က မျက်နှာချင်းဆိုင်ပေါ့နော်။ အလယ်မှာ ပေ ၂၀၀ လောက်တော့ ခြားမယ်။ အဲ့ဒီယောကျ်ားလေးအဆောင်မှာ ပထမ ယောကျ်ားလေးတွေ အများကြီး မရောက်လာသေးခင် လူမင်း က အဲ့မှာ ရှိနေတာ တဲ့။ ပြီးတော့မှ ယောကျ်ားလေးတွေ ရောက်လာတော့မှ လူမင်း ကို Ambulance နဲ့ တခြား နေရာ ရွှေ့လိုက်တယ်ပေါ့ အဲ့လိုမျိုး သတင်းတွေလည်း ပြောကြတယ်ပေါ့။ မင်းထင်ကိုကိုကြီး တို့လည်း ဒီထောင်ထဲမှာပဲပေါ့။ ထောင်ထဲက သတင်းတွေတော့ ရကြတာပေါ့။ နှစ်ကြီးသမားတွေနဲ့ ရံဖန်ရံခါ တွေ့ရင် စကားပြောလို့ရတာကိုး။ နှစ်ကြီးသမားတွေကလည်း ခိုးပြီးတော့ ပြောပြတာကိုး။


Defense ထဲက ပါလာတဲ့သူတွေရော ရှိလား

ရှိတယ်။ သူငယ်ချင်းတစ်ယောက်ပေါ့နော်။ သူက ဒိုင်းကိုင်တာ။ သူ့လက်ကို အရိုက်ခံထားရတယ်။ ဒါပေမဲ့ Defense တော်တော်များများ မပါဘူး။ သူတို့ကျတော့ မြင်ရတာကိုး။ ရဲလာပြီဆို အရင်ဆုံး မြင်ရတာ သူတို့လေ။ ဒါပေမဲ့ သူတို့က ပြေး လို့ တစ်ချက် မအော်သွားဘူး။ ရွှေ့နေတဲ့ အချိန်မှာပဲ ညီမတို့ကို Tear Gas တွေမှန်ပြီး ညီမတို့က မပြေးနိုင်တော့ဘဲ စည်ပင်ရုံးနံရံလေးမှာ ကပ်ပြီးတော့ ရဲလာတဲ့အချိန်မှာ မပြေးနဲ့ မပြေးနဲ့ဆိုပြီး တုတ်ကြီးကိုင်ပြီး ပြေးလာတာ။ အဲ့ဒီအချိန်မှာ ကိုယ်တွေက အဖမ်းခံလိုက်ရရော။ ပြေးတောင် မပြေးလိုက်ရဘူး။ လူတွေကလည်း အာရုံ မရကြတာပေါ့နော် လူများတော့။ အလံက ရွှေ့ရွှေ့လို့ အော်နေချိန်မှာ နောက်က လူတွေက မရွှေ့ဘူး။ လူအုပ်ကတော်တော်များတယ် အဲ့ဒီနေ့က။ နှစ်ထောင် သုံးထောင်လောက် ရှိမယ်ထင်တယ်။ အဲ့ဒီထဲမှာ ညီမတို့ ၃၀၀ လောက် အဖမ်းခံရတာ။ ညီမတို့က နောက်တစ်ခါ မပြေးနဲ့ မပြေးနဲ့ ဆိုရင် အဲ့ဒီ Defense က ကောင်တွေကို ေ-ာက်ခွက်ရိုက်မှာ လို့။ သူတို့ကျတော့ တော်တော်များများ လွတ်သွားတယ်။ ညီမပြောတာက သိလိုက်တာက ကျောက်မြောင်းဘက်ကနေ ဆင်းလာပြီး ဗညားဒလလမ်းကို လာပြီး ဗလီထိပ်ရောက်တော့ သူတို့က ဒီဘက်ကို ပြန်ပြီး ကွေ့ပြီးတော့ သမိန်ဗရမ်းဘက်ပေါ့ ကြက်ဘဲဈေးဘက်ကို သွားပြီး ကျောက်မြောင်းရပ်ကွက်တွေထဲကို ပြန်ဝင်မယ်ထင်တာ။ ပြီးတော့ ကျောက်မြောင်းထဲမှာပဲ ပြမယ်ဆိုတော့ ကိုယ်က ရပ်ကွက်ထဲမှာပဲ ပြမယ်ထင်လို့ လိုက်သွားတာ။ ဒါပေမဲ့ မဟုတ်ဘူး သူတို့က ပြန်ပတ်တာ။ အဲ့ဒီ ရဲတွေ ရှိတဲ့နေရာမှာ ထိပ်တိုက်တွေ့ပြီးတော့ ထိပ်တိုက် ထိုင်ချပစ်လိုက်ကြတာ။ ဖြစ်ချင်တော့ လမ်းက သုံးဆုံလောက် ဖြစ်သွားတာ။ ကြိုက်တဲ့နေရာက လာဆိုပြီး ဖိတ်ခေါ်သလို ဖြစ်သွားတော့ မနိုင်ဘူးလေ။ သူတို့ Defense ကလည်း အဲ့လောက် အားကောင်းတာ မဟုတ်ဘူး။ ရဲတွေနဲ့ မတူဘူးလေ။ ဖြစ်ချင်တော့ ရဲတွေထဲမှာ တချို့က ရဲဝတ်စုံဝတ်ပြီး စစ်ဖိနပ်စီးထားတဲ့သူတွေ ပါတယ်။ အဲ့လိုလူတွေဆို အရမ်းကြမ်းတယ်။ အရမ်းဆဲတာ။ အဲ့ကျရင် ရဲတွေက လိုက်ထိန်းတယ်။ အဲ့လိုကောင်တွေကို။ ဟေ့ကောင် မင်းတော်တော့ ဘာဖြစ်တယ် ညာဖြစ်တယ် မပြောနဲ့ ဘာဖြစ်တယ် ညာဖြစ်တယ် ရဲတွေက ထိန်းတော့ ထိန်းရှာတယ်။ ညီမတို့ အဖမ်းခံရတဲ့နေ့ကပဲ မြောက်ဥက္ကလာမှာ အဖမ်းခံရတဲ့ ရပ်ကွက်ထဲက ကောင်မလေးတွေဆိုရင် သေနတ်ဒင်တွေနဲ့ အထုခံထားရတာ။ သူတို့ကိုဆို ရပ်ကွက်ထဲတွေထိ ဝင်ဖမ်းပြီး သေနတ်ဒင်တွေနဲ့ထုတာ။ ကောင်မလေးတွေဆို ကွဲပြဲနေတာပဲ နဖူးတွေတို့ နားထင်တွေတို့။ ကိုယ်တွေ တာမွေမှာတော့ အဲ့လိုတွေ အလုပ်မခံရဘူး။ ဖြစ်ဖြစ်ချင်း ယောကျ်ားလေးတွေ ခေါင်းကွဲဘာကွဲတော့ ရှိတာပေါ့နော်။ ဒိုင်းကိုင်ထားတဲ့သူတွေ ဘာတွေဆိုရင်တော့ သူတို့က ရိုက်တာဘာညာတော့ ရှိတယ်။ မိန်းကလေးတွေကိုတော့ အဲ့လောက် မလုပ်ဘူး။ ကိုယ်တွေ ကံကောင်းတယ်ပြောရမှာပေါ့နော်။


လူထုဆန္ဒရဲ့ အောင်ပွဲ နီးပြီလို့တော့ ကျွန်တော် ယုံကြည်ပါတယ်။ စနစ်တကျ ဆန္ဒဖော်ထုတ်တဲ့ နည်းလမ်းကောင်းတွေကို သေချာ ဖော်ဆောင်ရင်း အသေအပျောက်အနည်းဆုံးနဲ့ အောင်ပွဲရယူနိုင်မဲ့ အနေအထားမျိုး ဖြစ်နိုင်ဖို့ မျှော်လင့်မိပါတယ်။ ဒီနေ့ ဝေမျှတဲ့ အတွေ့အကြုံအင်တာဗျူး ကနေလည်း ဆင်ခြင်ပြင်ဆင်စရာတွေ ရရှိပြီး ပိုပြီး ကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မြန်မာနိုင်ငံကြီး ဟိုအရင်ကလို ပြန်ပြီး အေးချမ်းလှပလို့ အာဏာမရူး၊ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်ကို တကယ်တိုးတက်အောင် လုပ်ဆောင်နိုင်မဲ့ ပြည်သူချစ်သော စစ်မှန်တဲ့ ခေါင်းဆောင်ကောင်းတွေ နေရာရရှိနိုင်ကြပါစေလို့ ဆန္ဒပြုမိပါတယ်။


လေးစားစွာဖြင့်

သီဟလုလင် (Thiha, the Traveller)

358 views0 comments