• Thiha Lu Lin

အင်းဝ မှ ထူးခြားတဲ့ ညောင်ရမ်းခေတ်လက်ရာ စေတီများ

အင်းဝ ဟာ ခေတ် ၄ ခေတ် နဲ့ ရှင်သန်ခဲ့တာပါ။ ဒုတိယအင်းဝခေတ် ကို ညောင်ရမ်းခေတ်လို့ ခေါ်ဆိုကြောင်း သိမှတ်ခဲ့ရပါတယ်။

ညောင်ရမ်းခေတ်လက်ရာ လောကဒုဿမာရ်အောင်ဘုရား

အင်းဝ ရောက်ရင် ညောင်ရမ်းခေတ်လက်ရာ ဘုရားတွေ ကို ထူးထူးခြားခြား ဖူးကြရတာ သတိထားမိကြမယ်ထင်ပါတယ်။ အဲ့ဒီဘုရားတွေက အင်းဝ ဗားကရာကျောင်းကြီးကနေ လမ်းခွဲပြီးသွားရတဲ့ မနီးမဝေးမှာ ရှိကြပါတဲ့ မြင်းမိုရ်တောင်ဘုရား၊ လောကဒုဿမာရ်အောင်ဘုရား၊ ဝင်္ကပါဘုရား နဲ့ ကြောင်လိန်ဘုရားတွေပါ။ နောက် ၆ ဆူတန်း နဲ့ ၉ ဆူတန်း ဘုရားစုတွေ ဆိုတာ ရှိပါသေးတယ်။ တကယ်တော့ ဒီနေ့ ကျွန်တော် ပြောချင်တဲ့အကြောင်းက ရှေ့က မြင်းမိုရ်တောင်၊ လောကဒုဿမာရ်အောင်၊ ဝင်္ကပါ နဲ့ ကြောင်လိန်ဘုရားတွေ အကြောင်းပါ။ ဂန္ဓာလရာဇ်ရွာလေးအနီးမှာ တည်ရှိကြတာ ဖြစ်ပါတယ်။ တစ်နေ့က တစ်ယောက်လာမေးတာလေး သတိရမိသွားလို့ရယ်ပါ။ မြင်းမိုရ်တောင် တို့ ဝင်္ကပါ တို့ဟာ ဘုရားတည်ဆောက်ပုံ ဘာကြောင့်ကွဲပြားနေတာလဲ ဆိုတဲ့မေးခွန်းလေးကို ရလို့ တတ်နိုင်သမျှ ပြန်ရှာစုကြည့်မိခဲ့တာပါ။


ညောင်ရမ်းခေတ် လို့ဆိုရာမှာ ဒုတိယအင်းဝခေတ် ကို ညောင်ရမ်းခေတ်လို့ ခေါ်ဆိုကြောင်း သိမှတ်ခဲ့ရပါတယ်။ အင်းဝ ဟာ ခေတ် ၄ ခေတ် နဲ့ ရှင်သန်ခဲ့တာပါ။ ပထမအင်းဝခေတ်မှာ မင်းဆက် (၁၇) ဆက်နဲ့ AD 1364 ကနေ AD 1554 ထိ (မြန်မာသက္ကရာဇ် ၇၂၆ ကနေ ၉၁၆ ထိ) ရှင်သန်ခဲ့ပြီး၊ ဒုတိယအင်းဝခေတ်မှာတော့ မင်းဆက် (၁၀) ဆက်နဲ့ AD 1597 ကနေ AD 1751 ထိ (မြန်မာသက္ကရာဇ် ၉၅၉ ကနေ ၁၁၁၄ ထိ) ဖြစ်ခဲ့ပါတယ်။ တတိယအင်းဝခေတ်မှာ မင်းဆက် ၃ ဆက် နဲ့ စတုတ္ထအင်းဝခေတ်မှာ မင်းဆက် (၁) ဆက် အသီးသီးဖြစ်ခဲ့ပြီး ဆင်ဖြူရှင်၊ စဉ့်ကူးမင်း နဲ့ ဖောင်းကားစားမောင်မောင် တို့ဟာ တတိယအင်းဝခေတ်က မင်းဆက်တွေပါ။ စတုတ္ထအင်းဝခေတ်မှာတော့ ဘကြီးတော်မင်း တစ်ပါးပဲ ရှိခဲ့ပါတယ်။ စတုတ္ထအင်းဝခေတ် အလွန်မှာတော့ ကုန်းဘောင်ခေတ် ကို ရောက်ခဲ့တာပါ။ ကြားတည်းမှာ ပထမ နဲ့ ဒုတိယ အင်းဝခေတ်တွေကြား ပြတ်တောက်သွားတဲ့ ခုနှစ်တွေကို သတိပြုမိမယ်ထင်ပါတယ်။ ဒါဟာ တောင်ငူခေတ် ဖြစ်မယ်လို့ ယူဆနိုင်ပါတယ်။


အခု ကျွန်တော်တို့ လေ့လာကြမဲ့ အင်းဝ က ညောင်ရမ်းခေတ်ဘုရားတွေဟာ ဒုတိယအင်းဝခေတ်မှာ တည်ထားကိုးကွယ်ခဲ့တာလို့ ယူဆထားခဲ့ကြပါတယ်။ ဒုတိယအင်းဝခေတ်ကိုတော့ ဟံသာဝတီဆင်ဖြူရှင် ရဲ့ သားတော် ညောင်ရမ်းမြို့စားရှင်သစ္စာ က ပြိုကွဲနေတဲ့ ဟံသာဝတီက စပြီး ဝတီး၊ ယင်းတော်၊ လှိုင်းတက်၊ ပေါက်၊ မြိုင်၊ သာဂရ၊ ပင်းတလဲ၊ ပြင်စည် စတဲ့မြို့တွေကို သိမ်းယူအင်အားချဲ့ထွင်ပြီး အင်းဝမြို့ကို ပြန်ထူထောင်ခဲ့ရတာပါ။ ဒုတိယအင်းဝခေတ် မကုန်မီ နောက်ဆုံး မင်း ၃ ဆက်မှာအပါဖြစ်တဲ့ စနေမင်း က မာရ်အောင် ဘွဲ့ပါတဲ့ စေတီတွေကို ပထမဆုံး တည်တဲ့မင်းလို့ ပြောစမှတ်ရှိပါတယ်။ အဲ့ဒီခေတ်မှာ ဘုရင့်သင်္ချိုင်းနေရာတွေကို စေတီတည်တဲ့ အလေ့အထလည်း ရှိတာကို သိမှတ်ရပါပြီ။ စနေမင်း ကိုယ်တိုင်လည်း သူ့ဖခင် ရမည်းသင်းမင်းကြီး မင်းရဲကျော်ထင်ရဲ့ သင်္ချိုင်းရာမှာ စေတီတည်ခဲ့ပါတယ်။ မဟာဗောဓိဘုရား လို့ အမည်တွင်ပါတယ်။ စနေမင်းလက်ထက်မှာ မာရ်အောင် ဘွဲ့ပါတဲ့ စေတီ နှစ်ဆူ တည်နိုင်ခဲ့ပြီး သားတော် တနင်္ဂနွေမင်း လက်ထက်မှာလည်း ဖခင်ရဲ့ အမွေကို ဆက်ခံယူခဲ့ပါတယ်။ အချို့ကလည်း တနင်္ဂနွေမင်းဟာ အောင်မြင်ချင်စိတ်များလို့ မာရ်အောင် ဆိုတဲ့ ဘွဲ့ပါတဲ့ ဘုရားတွေ တည်တာလို့ ယူဆခဲ့ကြပါတယ်။ သူ့ရဲ့ စိတ်ကူးဟာ ဘုရားက မာရ်အပေါင်းကို အောင်မြင်ခဲ့သလို သူသည်လည်း အောင်မြင်ရမယ်လို့ စိတ်အားထက်သန်ခဲ့ပုံပါပဲ။ ဖခင်လက်ထက်တုန်းက မာရ်အောင် ဘွဲ့ပါ ဘုရား နှစ်ဆူ ပဲ တည်ခဲ့နိုင်ပေမဲ့ တနင်္ဂနွေမင်း လက်ထက်မှာတော့ ဇိနမာရ်အောင်၊ လောကဒုဿမာရ်အောင်၊ တိဿမာရ်အောင်၊ ငါးမာရ်အောင် နဲ့ လောကမာရ်အောင် ဆိုတဲ့ ဘုရား ၅ ဆူ ကို တည်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ လောကဒုဿမာရ်အောင် ဆိုတာ တကယ်တော့ အရပ်ခေါ်ကိုသာ မှတ်တမ်းတင်ခဲ့ရပြီး ကမ္ဗည်းကျောက်စာ ပျက်စီးနေတာကြောင့် နာမည်အမှန်ကို သေချာမသိနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ကျောက်စာမှာ “………သာမာရ်အောင်” ဆိုတဲ့ စာပဲ ဖတ်လို့ရတယ်လို့ ရှေးဟောင်းသုတေသနစာအုပ်မှာ ပါရှိပါတယ်။


အဲ့ဒီတော့ တခြားဘုရားစေတီတွေနဲ့မတူဘဲ တည်ဆောက်ဖွဲ့စည်းပုံ ဆန်းနေတဲ့ အင်းဝ ခေါ် အဝ မြို့တော် က ညောင်ရမ်းခေတ် ဒီဘုရားတွေမှာ အဆန်းဆုံးက မြင်းမိုရ်တောင်ဘုရား ပါ။ ရုတ်တရက်ဆို မျှော်စင်နဲ့ တူပြီး မျှော်စင်လောက်လည်း မမြင့်တာကို တွေ့ရတယ်။ အလယ်လှေကားကတော့ တန်းတန်းတက်နိုင်ပြီး ဘေးမှာလည်း လှေကားတွေ တွေ့ရပြန်တယ်။ ဘေးလှေကားတွေက တက်ရင် ထူးခြားတာက အတွင်းထဲဝင်သွားပြီး ခပ်ကျုံ့ကျုံ့ကျဉ်းကျဉ်းလေး အဆင်းအတက်လုပ်ရတာကို တွေ့ရတယ်။ အလယ်လှေကားအကြီးကတော့ Open Air ပေါ့လေ။ အပေါ်မှာ စေတီလေးနဲ့ ပြဿဒ်တွေကို တည်ထားတာကို ဖူးမြင်ကြရပါမယ်။ စူဠာမဏိစေတီနဲ့ ဝေဇယန္တာပြဿဒ်တွေ ပါ။ ဒီ မြင်းမိုရ်တောင်ဘုရား ဟာလည်း ရှေ့က ညောင်ရမ်းခေတ်ဘုရင်တွေ လုပ်လေ့လုပ်ထရှိခဲ့တဲ့ ဘုရင့်သင်္ချိုင်းရာပေါ် စေတီတည်တာမျိုးပါပဲ။ ဒီနေရာဟာ မာရ်အောင်ဘုရားတွေ အမွေဆက်ခံတည်ခဲ့တဲ့ တနင်္ဂနွေမင်း ရဲ့ သင်္ချိုင်းရာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ တနင်္ဂနွေမင်းရဲ့ သားတော် ဒုတိယအင်းဝခေတ်ရဲ့ နောက်ဆုံးမင်းဆက် မဟာဓမ္မရာဇာဓိပတိမင်း က တည်ထားပေးခဲ့တာပါ။ မဟာဓမ္မရာဇာဓိပတိမင်းကို ဟံသာဝတီပါမင်း၊ ဟံသာဝတီရောက်မင်း စသဖြင့်လည်း ခေါ်ကြပါသေးတယ်။ ဘုရားတည်ထားပုံက မျှော်စင်ပုံစံ ဆလင်ဒါသဏ္ဍာန်ရှိပါတယ်။ ပစ္စယံခုနစ်ဆင့် တည်ဆောက်ထားပြီး အပေါ်ပစ္စယံနှစ်ခုမှာ မုခ်ငယ်လေးတွေ ပါရှိပါသေးတယ်။ တောင်စဉ်ခုနစ်ထပ် ဝန်းရံထားတဲ့ မြင်းမိုရ်တောင် နဲ့ နေရထား လရထားတွေ လှည့်ပတ်နေတဲ့ပုံစံကိုယူပြီး တည်ဆောက်ထားတာလို့ မှတ်သားရပါတယ်။ ဒါကြောင့်လည်း မြင်းမိုရ်တောင်စေတီ လို့ ခေါ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော် သဘောအကျဆုံးက ဒီ မြင်းမိုရ်တောင်စေတီကနေ တစ်ဘက်က လောကဒုဿမာရ်အောင်စေတီ ကို မြင်ရတဲ့ မြင်ကွင်းကိုပါ။

မြင်းမိုရ်တောင်ဘုရား

တနင်္ဂနွေမင်း တည်ထားခဲ့တဲ့ ဝင်္ကပါဘုရား နဲ့ ကြောင်လိန်ဘုရားတွေကတော့ ပုံစံဆင်တူပါတယ်။ အဆောက်အဦးပုံစံကြီးတွေဖြစ်ပြီး အတွင်းမှာတော့ လိုဏ်ပတ်လမ်းတွေ တည်ရှိနေကြတာပါပဲ။ နံရံထဲမှာ ကပ်လျက်တည်ဆောက်ထားတဲ့ လှေကားတွေက ရုတ်တရက် ဘွားခနဲပေါ်လာပြီး အပေါ်တက်လို့ရတယ်ဟ ဆိုတဲ့ အတွေးနဲ့ စမ်းသပ်တက်ကြည့်ချင်စိတ်တွေ ပေါ်လာစေတယ်။ ဝင်္ကပါဘုရား အပေါ်ထိ ကျွန်တော် တက်ကြည့်ပြီး ရှုခင်းတွေ မှတ်တမ်းတင်ခဲ့ဖူးတယ်။ အတွင်းမှာလည်း လိုဏ်ပတ်လမ်းတွေက အတော်ဓါတ်ပုံရိုက်ချင်စရာ ကောင်းနေတယ်။ အတွင်းမှာ ဆင်းတုတော်တွေတော့ မတွေ့ရတော့ဘူး။ အရင်က ရှိခဲ့သလားတော့ သေချာမပြောတတ်။ ဒါကြောင့်ပဲ တချို့လည်း ဝင်္ကပါဘုရား ဆိုတာထက် ဝင်္ကပါအဆောက်အဦးလို့သာ ဆိုကြတယ်လို့ သိရပြန်ပါတယ်။ ဝင်္ကပါ ဆိုပေမဲ့ အတွင်းမှာ နက်နဲရှုပ်ထွေး ထွက်ပေါက်မဲ့ပြီး လမ်းပြန်ရှာရလောက်အောင် ခက်ခဲတာမျိုး မရှိပါဘူး။ ပုံမှန် လိုဏ်ပတ်လမ်းပုံစံမျိုးပါပဲ။ ကြောင်လိန်ဘုရားကတော့ ပုဂံက ကုလားကျောင်းခံလိုဏ်ဂူဘုရားတွေနဲ့ ပုံစံတူတယ်လို့ ဆိုပါတယ်။ တောင်လေးလုံး ဆိုပြီး ဘွဲ့တော်ရှိတယ်လည်း သိမှတ်ရပါတယ်။

ဝင်္ကပါဘုရား

ကြောင်လိန်ဘုရား

အင်းဝ ကို ဒီတစ်ခါ ရောက်ဖြစ်ရင် ဖွဲ့စည်းပုံထူးခြားတဲ့ ညောင်ရမ်းခေတ်လက်ရာဘုရားစေတီတွေရှိရာ ကို လည်ပတ်ရင်း သေချာ လေ့လာကြည့်ဖို့လည်း အကြံပြုလိုပါတယ်။ ကျွန်တော် ရှာဖွေသိရှိရသလောက်လည်း ပြန်ပြီး ဝေမျှတာပါ။ ဖွဲ့စည်းပုံထူးခြားရတဲ့ အကြောင်းတွေထဲမှာ ခေတ်အခြေအနေ၊ တည်ဆောက်သူတွေရဲ့ စိတ်ခံယူချက်နဲ့ ခံစားချက် စတာတွေလည်း ပါဝင်နေတာကို ခန့်မှန်းသိရှိရပါတယ်။ ဒီ့ထက်ပိုပြီး လေ့လာခွင့်ရချင်ပါသေးတယ်။ ထပ်သိထားတာများရှိရင်လည်း comment မှာ ပြန်လည်ဝေမျှခဲ့ကြပါဦးခင်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha

Camera :: Sony Alpha 7II with 16-35mm Lens, Samsung Galaxy Note9

Photos are modified in Lightroom by Thiha Lu Lin.

8 views0 comments