top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ပုဂံ က ရှေးအကျဆုံး ဟိန္ဒူဘုရားကျောင်း နတ်လျောင်း


ကျွန်တော်တို့နိုင်ငံမှာ အိန္ဒိယ ဗြဟ္မဏ ကိုးကွယ်ယုံကြည်မှုဟာလည်း ထွန်းကားခဲ့သေးတယ်လို့ ဆိုနိုင်ပါတယ်။ ပုဂံ မတိုင်ခင် ပျူခေတ်ကတည်းက ကိုးကွယ်ယုံကြည်သက်ဝင်သူများ ရှိနေခဲ့ပြီး သရေခေတ္တရာ နဲ့ ဗိဿနိုး မြို့တွေရဲ့ အဆောက်အဦးနဲ့ သမိုင်းအထောက်အထားတွေအရ ထင်ထင်ရှားရှား သိရနိုင်ပါတယ်။ ပုဂံမှာ ဗုဒ္ဓဘာသာစေတီပုထိုးအုတ်ကျောင်းတွေ များစွာကြားမှာ ထူးထူးခြားခြားလေး တည်ရှိနေတာကတော့ နတ်လျောင်း ဟိန္ဒူ ဘုရားကျောင်းဆောင်လေး ပဲ ဖြစ်ပါတယ်။ ဒီကျောင်းကို ကျွန်တော်လည်း အရင်ကတည်းက သတိပြုမိပေမဲ့ သမိုင်းအချက်အလက်တွေနဲ့ ဆက်စပ်စဉ်းစားဆင်ခြင်မိတာမျိုး သိပ်မရှိခဲ့တော့ ဒီအတိုင်းလေး ဓါတ်ပုံရိုက်ပြီး ပြန်ခဲ့တာ များတယ်။ ခုတစ်ခေါက်တော့ ပိုပြီး ဖတ်မှတ်လေ့လာဖြစ်မှ စိတ်ဝင်စားစရာ ကောင်းတယ်ဆိုတာ သိလိုက်ရပါတယ်။


#AlphaTraveller #TravelWithAlpha #A7M2


နတ်လှောင်ကျောင်း သို့မဟုတ် နတ်လျောင်းကျောင်း

ဒီဘုရားကျောင်းကို နတ်လှောင်ကျောင်း လို့လည်း သိကြသေးတယ်။ အနော်ရထာမင်းကြီးက နတ်ကိုးကွယ်မှုကို တိုက်ဖျက်တဲ့အနေနဲ့ နတ်တွေကို လှောင်ပိတ်ချုပ်နှောင်ထားတဲ့နေရာ လို့လည်း ယူဆပြောဆိုခဲ့ကြသေးတယ်။ အဲ့ဒါကြောင့်လည်း နတ်လှောင်ကျောင်း ရယ်လို့ ပြောဆိုကြတာ ဖြစ်နိုင်ပါတယ်။ တကယ်တမ်း ဖြစ်နိုင်ချေရှိတာကတော့ အထဲမှာ ရှိနေတဲ့ ဗိဿနိုးနတ်မင်းကြီးရုပ်တုက လဲလျောင်းနေပုံ ထုဆစ်ထားတာ ရှိတာကြောင့် နတ်လျောင်းကျောင်း လို့ ခေါ်တွင်ခဲ့တာ လို့ ဖတ်မှတ်ရပါတယ်။ ခုထိလည်း စာအုပ်တွေမှာရော လူတွေရဲ့ အခေါ်အပြောမှာပါ နတ်လှောင်ကျောင်း ဖြစ်လိုက် နတ်လျောင်းကျောင်း ဖြစ်လိုက် ဖြစ်နေတုန်းပါပဲ။ နတ်လျောင်းကျောင်း ရဲ့ ဘွဲ့အမည်ကိုတော့ တမီလ်ဘာသာနဲ့ ရေးထိုးထားတဲ့ ကျောက်စာမှာ “နာနာ ဒေစီဗွင်နာဂရအလဝါ ဘုရားကျောင်း” လို့ ခေါ်ဆိုကြောင်း သိရပါတယ်။


ဗိဿနိုးနတ်မင်း ရဲ့ ဆယ်ဘဝဖြစ်စဉ်များ ရှိရာကျောင်း

၁၁ ရာစု က တည်ဆောက်ခဲ့တဲ့ နတ်လျောင်းကျောင်း ဟာ လေးထောင့်အုတ်တိုက် ဖြစ်ပြီး အထက်မှာ ကွမ်းတောင် ထည့်သွင်းတည်ဆောက်ထားပါတယ်။ အတွင်းမဏ္ဏိုင်လေးဘက်မှာ ဗိဿနိုး နတ်မင်းရဲ့ ရုပ်တုတွေ ပူဇော်ထားရှိပြီး၊ အပြင်ဘက်နံရံမုခ်ကပ်တွေမှာတော့ ဗိဿနိုးနတ်မင်းရဲ့ ဆယ်ဘဝ ဖြစ်စဉ်တွေကို ရုပ်တုတွေနဲ့ ထုဆစ် သရုပ်ဖော်ထားပါတယ်။ မစ္ဆ ငါးမင်းဘဝ၊ ကုရ်မ လိပ်မင်းဘဝ၊ ဝါရဟ ဝက်မင်းဘဝ၊ နရသီဟ ခြင်္သေ့မင်းဘဝ လို တိရစ္ဆာန်ဘဝတွေ အပြင် ကြာပလ္လင်မှာ ထိုင်နေရပ်၊ ရပ်တော်မူနေဟန် စတဲ့ ကိုယ်နေဟန်အမျိုးမျိုးနဲ့ ရုပ်တုတွေ ကိုလည်း မြင်တွေ့ကြရပါသေးတယ်။ ဒီ ဆယ်ဘဝ သက်တော်စဉ်မှာ (၉) ဘဝမြောက်ဟာ ဂေါတမဘုရား ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် အဲ့ဒီမှာလည်း ဖူးမြင်တွေ့နိုင်ဦးမှာပါ။ ဗိဿနိုးနတ်မင်းရဲ့ ဘဝသက်တော်စဉ်တွေထဲမှာ ကျန်စစ်သားမင်း နဲ့ ရာမမင်း တို့လည်း ပါဝင်တယ်လို့ ယူဆရေးသားထားတာကိုလည်း ရှေးရာဇဝင်ကျမ်းတွေမှာ ဖော်ပြကြောင်း ရေးသားထားတာမျိုး ဖတ်ဖူးခဲ့ပါသေးတယ်။ ဒီ နတ်လျောင်းကျောင်းက ဆယ်ဘဝဖြစ်စဉ်မှာတော့ သူတို့ရဲ့ရုပ်တုတွေ မပါဝင်ပါဘူးနော်။ ကြုံတုန်းစကားစပ်မိလို့ ပြောပြတာပါ။


ထူးခြားတဲ့ လှဲလျောင်းနေပုံ ဗိဿနိုးနတ်မင်း ရုပ်တု

နတ်လျောင်းကျောင်းထဲကို ဝင်သွားတာနဲ့ စပြီး မြင်ရတဲ့ ရုပ်တုပါ။ အလယ်တည့်တည့်မှာ ထင်ထင်ရှားရှားရှိပြီး အနန္တနဂါးပေါ်မှာ ဗိဿနိုးနတ်မင်း လှဲလျောင်းနေတဲ့ ပုံထုဆစ်ထားပါတယ်။ အဲ့ဒီမှာ သူ့ချက်နေရာကနေ ကြာတွေ ထွက်ပြီး ကြာပွင့် (၃) ပွင့်မှာ အခြား ဗြဟ္မဏနတ် (၃) ပါး တည်ရှိနေဟန် ထုဆစ်ထားပါတယ်။ တကယ်တော့ မူလလက်ရာထက် ပြန်ပြီး ပြုပြင်ထားတဲ့လက်ရာသာ ဖြစ်ပါတယ်။ ဌာပနာတိုက်ဖောက်သူတွေ၊ ရှေးဟောင်းလက်ရာနဲ့ ရုပ်တု ခိုးယူသူတွေရဲ့ ဒါဏ်တွေကြောင့် အတော် ပျက်စီးခဲ့ရပါပြီ။ ဗိဿနိုး ဂဠုန်စီးနေတဲ့ ရုပ်တု ဆိုရင် ဂျာမနီနိုင်ငံက ဘာလင်ပြတိုက်တောင် ရောက်နေပြီလို့ သိရပါတယ်။


နတ်လျောင်းကျောင်း က အနော်ရထာမင်း ရဲ့ ကောင်းမှုလား?

ဗုဒ္ဓဘာသာကို ပြန့်ပွားအောင် ပြုလုပ်ခဲ့သူ အနော်ရထာမင်းကြီး ရဲ့ ကောင်းမှုကုသိုလ်တစ်ခုလို့ တချို့က ဖော်ပြကြတော့ စဉ်းစားစရာ သို့လော သို့လော ဖြစ်ရပါတယ်။ တမီလ်လူမျိုးတွေကို အခွင့်အရေး ပေးခဲ့ပြီး ကိုးကွယ်ရာ ဟိန္ဒူဘာသာ၊ နဲ့ နတ်ကိုးကွယ်မှု စတာတွေကို သူ့ခေတ်သူ့အခါက လိုက်လျောခွင့်ပြုခဲ့ပုံ ရပါတယ်။ သူက တည်ဆောက်ခွင့်ပြုမှ တည်ဆောက်ရမဲ့ခေတ်မျိုးဖြစ်လို့ သူ့ရဲ့ ကောင်းမှုကုသိုလ်အဖြစ် ဖော်ပြခဲ့ကြတာလည်း ဖြစ်မယ်လို့ ယူဆကြပြန်ပါတယ်။


နတ်လျောင်းကျောင်းကို ဘယ်လိုသွားမလဲ

တခြားစေတီပုထိုးတွေလို လမ်းညွှန်း မရှုပ်ပါဘူး။ နာမည်ကြီး ဘုရားတစ်ဆူဖြစ်တဲ့ သဗ္ဗညုဘုရားကြီး ရဲ့ အနောက်ဘက်လေးမှာ ကပ်လျက်တည်ရှိပါတယ်။ ၂၀၁၆ သြဂုတ်လ တုန်းက ငလျင်ဒဏ် ပြင်းပြင်း ခံစားခဲ့ရသေးတာကြောင့် အရင်ကလို ကားနဲ့ တန်းဝင်လို့ မရတော့ဘဲ ခပ်လှမ်းလှမ်းမှာ ရပ်လို့ ခြေလျင် လေ့လာဖူးမြော်ရမှာပါ။


နတ်လျောင်းကျောင်းထဲ ဝင်ပြီး လေ့လာတဲ့အခါ အုတ်ကျောင်း ခပ်သေးသေးလေးပေမဲ့ စိတ်ဝင်စားစရာဖြစ်စေတယ်လို့ ယူဆမိတယ်။ နံရံဆေးရေးတချို့လည်း ဟိုတစ်စ ဒီတစ်စ အရောင်လွင့်နေတာ ခပ်များများရယ်။ ပြည့်စုံတဲ့ နံရံဆေးရေးပန်းချီတွေရယ်၊ ရှေးမူလအတိုင်း ရုပ်တုအပြည့်အစုံရယ်သာ ရှိနေဦးမယ်ဆိုရင် ပိုပြီး ကြည်နူးစရာ ဖြစ်စေမှာပါ။ နတ်လျောင်းကျောင်းထဲကနေ အပြင်ကို လှမ်းကြည့်လိုက်ရင် အဝင်မုခ်ဦးပြတင်းက လှမ်းမြင်ရတဲ့ သဗ္ဗညုဘုရားကြီး မြင်ကွင်းဟာလည်း သပ္ပါယ်လှပနေတဲ့အပြင် ဓါတ်ပုံရိုက်ဖို့ အရမ်းကောင်းပါတယ်။ ပုဂံကို ရောက်ရင် သဗ္ဗညုဘုရားဖူးရင်း လေ့လာကြည့်နိုင်ဖို့ ညွှန်းဆိုပေးချင်တာပါဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Win Kyaw Thu (Freelance Tourist Guide)

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

226 views0 comments
bottom of page