ပြင်ဦးလွင် မှာ နောက်ထပ် လည်စရာ

Updated: Sep 9, 2020
မေမြို့ သို့မဟုတ် ပြင်ဦးလွင် ကို အရောက်အပေါက်များတဲ့ ကျွန်တော့အတွက် လည်စရာတွေက ထပ်လာတော့ သွားရတာ ပျင်းစရာဖြစ်လာတယ်။ ရာသီဥတုလေး သဘောကျလို့သာ သွားရတယ်၊ သိပ်ပြီး ထူးခြားတဲ့ခံစားမှု မပေးတော့ဘူး။ ပန်းပွဲတော်အချိန်လေး ရောက်လို့ ပန်းလှလှတွေကို စိတ်ကူးယဉ်ခဲ့သမျှကလည်း ဟိုးအရင်တုန်း ပန်းပွဲတော်တွေနဲ့ ပန်းအလှချင်းက ကွာခြားနေပြန်တယ်။ နေရာကျဉ်းကျဉ်းလေးထဲမှာ ပန်းအစစ်နဲ့ အတု ရောထားတဲ့ အဖြစ်သာသာ ပန်းပွဲတော်ကလည်း ကျွန်တော့ကို ရင်မခုန်စေတော့ပြန်ဘူး။ ဒီအချိန်လေးမှာပဲ ကျွန်တော့ ညီမ က သတင်းတစ်ခုပေးလာတယ်။ "နင်... YGW ခြံ ရောက်ပြီးပြီလားတဲ့"။
ဘယ်ရမလဲ ချက်ချင်းဆိုသလို နောက်တစ်မနက်မှာ နန်းမြိုုင်မှာ ကော်ဖီသောက်ပြီး အပြေးသွားလိုက်တယ်လေ။ ပိတ်ချင်းမြောင်ရေတံခွန် သွားတဲ့ လမ်းပေါ်မှာ တည်ရှိတဲ့ အပန်းဖြေနေရာသစ်လေးတစ်ခုပါ။ ပြင်ဦးလွင်ကနေ Toll Gate ကျော်လာပြီး တောင်အောက် အကွေ့လေးတွေနဲ့ ဆင်းသွားရတဲ့ ကားလမ်းလေး လွန်တာနဲ့ လမ်းရဲ့ ညာဘက်ခြမ်း နံရံတစ်ခုရဲ့အောက်မှာ ရောင်စုံမှုတ်ဆေးတွေနဲ့ရေးသားထားတဲ့ YGW ခြံသို့ ဆိုတဲ့ လမ်းညွှန်စာသားလေးကို တွေ့ရပါမယ်။ ကားလမ်းမကနေ မြေနီလမ်းလေးကို ရုတ်တရက်ကွေ့လိုက်ရတာမျိုးဖြစ်ပြီး၊ ကားတစ်စီးမောင်းစာသာသာ ရှိတဲ့လမ်းလေးထဲ ဝင်ရတာဖြစ်လို့ ကားနှစ်စီးရှောင်ဖို့ အတော်လေး သတိထားရပါတယ်။ စဝင်လိုက်တာနဲ့ ရွာလေးတစ်ခုကို ရောက်သွားသလို ခံစားချက်လေးတွေနဲ့အတူ လယ်ကွင်းလေးတွေကို ဖြတ်သွားရပါတယ်။ ၂ မိနစ်လောက် မောင်းလိုက်တာနဲ့ YGW ခြံကို ရောက်ပါမယ်။
YGW ခြံလေးဟာ ကျွန်တော် ရောက်တဲ့အခုချိန်မှာတော့ အပန်းဖြေစခန်းအဖြစ် ဖွင့်တောင် မဖွင့်ရသေးပါဘူး။ သိရသလောက် ဇန်နဝါရီ ၂၃၊ ၂၀၁၇ ကျမှ ဖွင့်မယ် ပြောပါတယ်။ ရုပ်ရှင်ရိုက်ကွင်းတစ်ခုလာတည်ရာကနေ ဖေ့စ်ဘွတ်ပေါ် ပြန့်သွားပြီး လူတွေ လာရောက်လည်ပတ်နေကြတာလို့ ဆိုပါတယ်။ ဒါကြောင့်လည်း စားသောက်ဆိုင်လေးကို ကမန်းကတန်း ဖွင့်လိုက်ရတယ်လို့ သိရပါတယ်။ ကျွန်တော် တွေ့ရတာတွေကလည်း ဆောက်လက်စ အဆောက်အဦတွေနဲ့ စိုက်ပျိုးလက်စ အပင်ကြီး အပင်ငယ်တွေ ပါပဲ။ YGW ခြံရဲ့ အတွင်းမှာ ကားနဲ့ဆိုင်ကယ်အတော်များများ ရပ်နားနိုင်ဖို့ နေရာလေး ဖန်တီးပေးထားသလို၊ နားချင်စရာ ဘန်ဂလိုလေးတွေနဲ့ ကျောက်ထိုင်ခုံလေးတွေ ခင်းကျင်းဖန်တီးပေးထားပါသေးတယ်။
တောလမ်းလေးပေါ် ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်လုပ်နိုင်သလို၊ တိရစ္ဆာန်ချစ်သူတွေအတွက် ယုန်၊ ဘဲ၊ ကြက်ဆင်၊ မျောက်၊ ဝက်ဝံ၊ အောက်ချင်းငှက် စတဲ့ အကောင်လေးတွေကို မြင်တွေ့ အစာကျွေးနိုင်ပါသေးတယ်။ မြင်းတို့၊ ခွေးတို့လည်း တွေ့ရပါတယ်။ ဓါတ်ပုံရိုက်ချင်သူတွေ သဘောအကျဆုံးကတော့ လင့်စင်တစ်ခုပေါ်က အမေရိကန်အလံနဲ့ အလှဖန်တီးထားတဲ့ နေရာလေးတွေပါ။ မြန်မာနိုင်ငံအလံပုံကိုလည်း တွေ့ရပါမယ်။
ဒါ့အပြင် လူရိုင်းပုံရုပ်တုကြီးကလည်း စွဲဆောင်မှုရှိလှပြီးတော့ ဟိုးရှေးခေတ်က ပစ္စည်းဟောင်းလေးတွေ (ဥပမာ - မီးခံသေတ္တာ၊ လက်နှိပ်စက်၊ တယ်လီဖုန်း၊ စက်ဘီး၊ ဆိုင်ကယ် စသည်) ကိုလည်း ရှေးဟောင်းပစ္စည်းစုဆောင်းထားတဲ့ ပြခန်းလေးအသွင် တွေ့မြင်ရပါတယ်။ ကျား၊ တောကြောင် စတဲ့ အကောင်လေးတွေရဲ့ အရေခွံတွေ၊ ရုပ်သွင်းတွေကိုလည်း မြင်တွေ့ရပါတယ်။ ဒါတွေကလည်း လာရောက်လည်ပတ်သူတွေကို အရမ်းစွဲဆောင်နေပါတယ်။
အစားအစာ မှာစားရင်တော့ လက်ရာအရမ်းကောင်းတဲ့ အားလူးစိမ်းသုပ်လေးကို စားဖြစ်အောင်စားခဲ့နော်။ အတော်လေး ကောင်းတယ်။ နောက်ထပ်ညွှန်းကြတာက YGW ထမင်းကြော်။ သူက ပုဇွန်တစ်မျိုးတည်းနဲ့ပဲ ရတယ်လို့ ဆိုပါတယ်။ စားကောင်းပါတယ်။ ဝန်ထမ်းအင်အားနဲ့ လာရောက်သူက မမျှသေးတော့ တစ်ခုခုမှာဖို့၊ ငွေရှင်းဖို့ကအစ အရပ်ကူပါ လူဝိုင်းပါ အော်ခေါ်ရပါလိမ့်မယ်။ ဝန်ထမ်းလေးတွေကလည်း သိပ်မသွက်လှသေးပါဘူး။ အလုပ်စ လုပ်ခါစ ကလေးငယ်တွေ များတော့ တစ်မျိုးတော့ ဖြစ်နေပါမယ်။ ကျွမ်းကျင်မှုနည်းပါးသေးတယ်လို့ ဆိုချင်တာပါ။
အရမ်းကြီး ထူးခြားနေတာမျိုး မရှိပေမယ့် ပြင်ဦးလွင်မှာ နောက်ထပ် အနားယူစရာ ဝင်ကြေးမရှိတဲ့ အပန်းဖြေစခန်းတစ်ခုအဖြစ် အားလပ်ရက်မှာ ပြင်ဦးလွင်ရောက်ဖြစ်ခဲ့ရင်တော့ သွားလည်ကြည့်သင့်တဲ့ နေရာတစ်ခုအဖြစ်တော့ ညွှန်းဆိုပေးချင်ပါတယ်။ ဖေ့စ်ဘွတ်ပေါ်တင်ဖို့ ပုံကောင်းလေးတွေ များကြီးရနိုင်ပါတယ်လို့ ဆိုချင်ပါတယ်ဗျာ။

YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin YGW Garden in Pyin Oo Lwin
-03.png)





Comments