Wat Tham Sua (Tiger Cave Temple) ကျားကျောင်း
- Thiha Lu Lin
- May 9, 2019
- 1 min read
Updated: Sep 11, 2020

Kanchanaburi ကန်ချနာဘူရီ က Wat Tham Sua မှာ ထိုင်တော်မူဘုရားကြီးနဲ့အတူ လက်ရာထူးခြားတဲ့ ကျောင်းတော်ရာကြီး ရှိနေပါတယ်။ Wat Tham Sua မှာ အမြဲလိုလို စည်ကားနေတတ်ပြီး ဈေးဆိုင်တွေကလည်း မြန်မာခရီးသွားတွေအတွက် ကြိုးစားပြီး မြန်မာလို စာတွေ ရေးထားတတ်ကြပါတယ်။ ဇော်ဂျီ နဲ့ ယူနီကုတ် ပြဿနာအရ သူတို့ ဆိုင်းဘုတ်တွေမှာ သဝေထိုး က ရှေ့နောက်တွေမှားပြီး သဘောကျစရာ ဖြစ်နေကြတယ်။ တောင်မြင့်လေးတစ်ခုမှာ တည်ထားတဲ့ ဒီကျောင်းတော်ရာ ကို ကြိုးဆွဲကားလေး စီးပြီး တက်လို့ရသလို၊ ခြေလျင်လည်း တက်လို့ရတယ်။ ခြေလျင်တက်တဲ့ လှေကားလေးကို ရောင်စုံလေးခြယ်ထားတာ လှနေတယ်။ ကြိုးဆွဲကားကလည်း စီးဖူးချင်စရာပါ။ နိုင်ငံခြားသားတစ်ဦးကို ဘတ် (၂၀) ပေးရပါတယ်။ ထိုင်းဆိုရင်တော့ (၁၀) ဘတ်ပါ။
အပေါ်မှာ ထိုင်တော်မူရုပ်ပွားတော်ကြီးက ထူးခြားတဲ့ဟန်ရှိပြီး သပ္ပါယ်ပါတယ်။ ကျောင်းတော်ရာ ပေါ်တက်လို့ အနောက်ဘက်က ရှုခင်းတွေ ကြည့်ရတာလည်း အတော်လှတယ်။ ကျွန်တော်တို့ရောက်တော့ အခါမဟုတ် မိုးရွာလို့ ခဏစောင့်လိုက်ရသေးတယ်။ ရှေ့ဘက်ကို ကြည့်ရင်းလည်း မြစ်ပြင်ကျယ်ကြီးနဲ့ မြို့ရဲ့ အလှတစ်မျိုး တွေ့ကြရပါတယ်။
ဒီနေရာကို Tiger Cave Temple လို့ ခေါ်ကြသေးတော့ တချို့က ဟိုအရင်နာမည်ကြီးခဲ့တဲ့ Wat Pa Luang Ta Bua (The Tigers Temple) နဲ့ မှားတတ်ကြတယ်။ ကျားတွေကို မွေးထားသလိုလိုနဲ့ မူးယစ်ဆေးကျွေးပြီး ကျားတွေနဲ့ ဓါတ်ပုံရိုက်ခံကြတာ ခေတ်စားခဲ့သေးတယ်။ တကယ်တော့ ကျားတွေရဲ့ အစိတ်အပိုင်းတွေ ရောင်းချအမြတ်ထုတ်တာကြောင့် ပြဿနာအကြီးအကျယ်တက်ပြီး ပိတ်ခဲ့ရတဲ့ ဘုန်းကြီးကျောင်းပါ။ ဒီနှစ်ခု ဟာ မတူပါဘူး။ ခုလည်း ပိတ်သွားပြီလို့ သိရပါတယ်။


အားလုံးပဲ အစဉ် ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)
Comentarios