Search
  • Thiha Lu Lin

ကလောမှာ တောလမ်းလျှောက်တာ သိပ်နာမည်ကြီးနေတယ် (၂)

Updated: Sep 9

Trekking တောလမ်းလျှောက်တာလုပ်ဖို့ ကျွန်တော်တို့ကသာ ကားကြီးစီးပြီး နေရာတစ်ခုထိ သွားပေမယ့် နိုင်ငံခြားသားတော်တော်များများကတော့ လမ်းပဲ လျှောက်လာတာ တွေ့ရလို့ ရှက်သလိုလိုတော့ ဖြစ်မိပါတယ်။ အလေ့အကျင့် မရှိသေးတဲ့ ကျွန်တော်တို့အတွက်ကတော့ ဒါလည်း ခပ်ကောင်းကောင်းပဲ လို့သာ တွေးထားလိုက်တယ်။ ခု တောလမ်း လျှောက်ဖို့အတွက် ပြီးခဲ့တဲ့ ရက်တွေကတည်းက Trekking Guide ဦးဦးရဲ ကလောသား က အကြံပြုထားလို့ အဝတ်အစားကို အထုတ် (၂) ထုတ် ခွဲထားလိုက်တယ်။ ကျွန်တော်တို့က ရွာကနေမှ အင်းလေး။ အဲ့ဒီကနေမှ ညောင်ရွှေ၊ တောင်ကြီးတက်။ ပြီးမှ ကလောပြန်ဆိုပြီး ခရီးစဉ် ရှည်ရှည် ဆွဲထားလို့ ရွာမှာ ညအိပ်ရင် ဝတ်ဖို့ အဝတ်အစား၊ ရေချိုးရင် သုံးဖို့ အသုံးအဆောင် (သဘက်ပါ ထည့်သင့်ပါတယ်။ ရှက်တတ်သူတွေကတော့ ရေလဲပုဆိုးနဲ့ ထမီတွေ ထည့်သွားသင့်တယ်။)၊ နောက်တစ်ရက်မှာ ဝတ်ဖို့ အဝတ်အစား တွေကို အိတ်အသေးထဲ သက်သက်ထုတ်ပြီး ကားနဲ့ ပို့လိုက်တယ်။ လူကတော့ တောလမ်းလျှောက်ဖို့ ကျောပိုးအိတ်လေး ပေါ့ပေါ့ပါးပါးထဲ ရေသန့်၊ ဆာရင်စားမယ့် မုန့်ထုပ်နဲ့ သစ်သီးနည်းနည်း၊ Power Bank၊ ကင်မရာ နဲ့ ဆက်စပ်ပစ္စည်းလေးတွေပဲ ထည့်သယ်သွားလိုက်တော့တယ်။ တချို့ တောလမ်းလျှောက်ဖို့ သက်သက်လာပြီး တစ်ညအိပ်လို့ နောက်ရက် ပြန်မယ့်သူအတွက်ကတော့ အိတ်ခွဲထည့်နေစရာ မလိုဘူးပေါ့။

မနက် ၈ နာရီခွဲ ဝန်းကျင်လောက်မှာ တောလမ်း စလျှောက်ရမယ့်နေရာလေး ရောက်ပြီး အားလုံးလမ်းဆင်းလျှောက်ကြပါတယ်။ အဲ့ဒီနေရာလေးက မြေနီလမ်းလေးဖြစ်ပြီး လမ်းကလည်း ကားသွားလို့ရအောင် ကျယ်ကျယ်ပဲ။ ရှုမျှော်ခင်းတွေကို အဲ့ဒီမှာကတည်းက တမေ့တမော ငေးကြည့်လောက်အောင် လှနေတာ တွေ့နေရပြီ။ မနက်ခင်း အားအင်အပြည့် လန်းဆန်းနေချိန်မို့ ဒီအချိန်လောက် ဓါတ်ပုံတွေ ရိုက်ထားတာ အကောင်းဆုံးပဲဆိုပြီး ရိုက်လိုက်ကြတာ။ နေရာတိုင်းကလည်း လှနေတယ်။ ဒီရှုခင်း ဒီမြင်ကွင်းတွေကို ကြည့်ရင်း မြန်မာနိုင်ငံမှာ လူဖြစ်ရတာကို ကျေနပ်ဂုဏ်ယူမိလာတယ်။ ရှမ်းပြည်ကြီးကိုလည်း ချစ်သထက် ချစ်လာတယ်။ ပုံဖော်ပြဖို့ ခက်ခဲလွန်းတဲ့ သဘာဝရဲ့အလှတွေက ဓါတ်ပုံထဲ ပြန်ကြည့်ရင်တောင် ဆီနဲ့ရေ လို ကွဲပြားခြားနားမှုကို အထင်အရှားမြင်ရတယ်။ ကင်မရာတွေ ဘယ်လိုပဲ ကောင်းနေနေ၊ သဘာဝရဲ့ အလှတရားက တကယ်ပီမြင်လွန်းနေရင် ကင်မရာထဲမှာ အဲ့ဒီအလှကို တူညီစွာ သိမ်းထားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဦးဦးရဲ ကလောသား က ရှင်းပြပါတယ်။ လမ်းမှာ ပွင့်နေတဲ့ ပန်းတွေ၊ အပင်တွေရဲ့ အကြောင်း။ အလေ့ကျပေါက်နေတတ်တဲ့ ဘယ်ရီသီးလေးတွေအကြောင်း။ စားဖို့သင့်တဲ့ အသီးနဲ့ စားလို့ မရတဲ့အသီးတွေရဲ့ အကြောင်း စုံစုံလင်လင် ရှင်းပြပေးနေလို့ လမ်းလျှောက်နေရတာနဲ့တောင် မတူဘဲ၊ ပင်ပန်းလို့ ပင်ပန်းမှန်း မသိအောင် လူက လန်းဆန်းလတ်ဆတ်နေတော့တယ်။

ဗော့ကာ အရက်ထုတ်နိုင်တဲ့ ရှားစောင်းတစ်မျိုးကို ပြလို့ အမိအရ မှတ်တမ်းတင်လိုက်ရသေးတယ်။ လမ်းမှာ လမ်းလျှောက်တဲ့သူတွေ များမယ်ထင်ထားပေမယ့် တစ်ဖွဲ့နဲ့ တစ်ဖွဲ့ သွားတဲ့ လမ်း နဲ့ လျှောက်တဲ့နှုန်းတွေပဲ ကွာလို့လား မသိဘူး။ ခုချိန်ထိတော့ မတွေ့ရသေးဘူး။ လျှောက်ရင်းလျှောက်ရင်းနဲ့ မြေနီလမ်းလေးက ကျဉ်းလာတယ်။ ရွာလေး တစ်ရွာကို ဝင်တော့ လှပတဲ့ ရိုးရာအိမ်လေးတွေနဲ့ ငရုတ်သီးဆွတ်တဲ့ ရာသီမို့ထင်တယ်။ ငရုတ်သီးအခြောက်လှမ်းထားတဲ့ မြင်ကွင်းတွေက မြို့ပြမှာ မြင်ရဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ မြင်ကွင်းတွေလေ။ ရွာကိုဖြတ်ပြီး လယ်ကွင်းတွေပေါ် စလို့ လမ်းလျှောက်တယ်။ ကန်သင်းရိုးဘောင်လေးပေါ်ကနေ တစ်ယောက်ချင်း အတန်းလိုက် လျှောက်ရတာကလည်း ရယ်မောပျော်ရွှင်စရာ။ တစ်ဦးကိုတစ်ဦး ချော်လဲမှာစိုးလို့ ထိန်းပြုကြရတယ်။ ရေဝင်ရေထွက်အတွက်လုပ်ထားတဲ့ နေရာလေးတွေမှာ ခြေချော် ဝင်သွားမှာစိုးလို့ တစ်ဦးကိုတစ်ဦး အပေါက်ရှိတယ်။ မြောင်းရှိတယ်။ အောက်ကြည့်လျှောက် အော်ပြော သတိပေးကြရတယ်။ မြက်ပင်ရှည်ရှည်လေးတွေရဲ့ ထိရှမှုကို အဝတ်လွတ်နေတဲ့ ခြေသလုံးသားတွေက သိနေတယ်။ မြက်ရှမှာ စိုးတယ်ဆိုတဲ့ စကားကို သတိရမိသွားရော။ တချို့ မြက်တွေကတော့ လူတစ်ယောက်လောက်ကို မြင့်တယ်။ ချင်း (ဂျင်း) ခင်း၊ စပါးခင်း၊ ပဲခင်း အမျိုးမျိုးကို ဖြတ်သန်းလာပေမယ့် လူချေ တိတ်တိတ်ဆိတ်ဆိတ်ပဲ။ လယ်ထဲမှာလည်း တချို့နေရာလောက်သာ လူတစ်ဦးစ နှစ်ဦးစ တွေ့ရတတ်တယ်။ အရာရာဟာ စိမ်းစိမ်းလန်းလန်းတွေချည်းပဲ။ သိပ်မကြာခင်တော့ လှည်းလမ်းတွေကို ဖြတ်လျှောက်ရတယ်။ လှည်းလမ်းဆိုလို့ သက်သာမယ် မထင်ပါနဲ့။ မိုးတွင်းမို့ ဗွက်ဗရပွနဲ့ ဖိနပ်တွေဆို ရစရာမရှိအောင်ကို ညစ်ထေးကုန်တယ်။ ဒါကြောင့် ဦးဦးရဲ ကလောသား ပြောခဲ့တဲ့ ဖိနပ်အကောင်းတွေ မစီးနဲ့ နှမြောစရာကောင်းတယ်ဆိုတာ ဒါပါလားလို့ တွေးမိသွားတယ်။ ကောင်းကင်ကြီးက ပြာလွင်နေပြီး ကျွန်တော်တို့သွားတဲ့အချိန်က မိုးကုန်ခါစ မို့ ကောင်းကင်မှာ တိမ်တိုက်ကြီးတွေ ရှိနေသေးတယ်။ အရိပ်ရလို့ တိမ်တွေကို ကျေးဇူးတင်ရတယ်။ ဒါတောင် နေအတော်စားသွားလို့ အသားလေးက မည်းပြာပြာလေး ဖြစ်သွားတယ်။ ကျွန်တော်တို့ အဖွဲ့ကတော့ ညီညီညွတ်ညွတ်နဲ့ တစ်ဦးကိုတစ်ဦးလည်း ထိန်းကူတာမို့ ရွှံ့တွေ ဗွက်တွေထဲ လဲမကျခဲ့ပါဘူး။ တချို့လဲကျလို့ ဗွက်တွေပေကျံပြီး တစ်နေ့လုံး အဲ့လို လျှောက်ရတယ်ပြောတယ်။ ချော်ကျတယ်ဆိုတာက လမ်းမှာ ဗွက်ထဲက မလျှောက်ရအောင် ကျောက်တုံးတွေပေါ် ခုန်ကူးရတာ ရှိတော့ အဲဒီကနေ အခန့်မသင့်ရင် ချော်လဲနိုင်တာမျိုးပါ။ အန္တရာယ်တော့ မရှိပါဘူး။ ကျွန်တော်တို့ကတော့ ချော်ကျလည်း ပျော်ပျော်ပဲ။ အမှတ်တရအဖြစ်တောင် မှတ်ယူပါတယ်။

တောင်တန်းကြီးတွေ၊ တောင်ကြီးတွေနဲ့ စိုက်ခင်းတွေကို အပြာရောင်ပေါ် အဖြူရောင် တိမ်တိုက်ကြီးတွေ နောက်ခံနဲ့ ရှုထောင့်စုံကနေ ပုံစံစုံကို မြင်ကြရတယ်။ တစ်ခါတလေ စိုက်ခင်းတွေက တချို့ စိမ်း၊ တချို့က ရိတ်သိမ်းပြီးစမို့ မြေဝါတွေကျန်ပြီး ဝါ၊ တချို့ကတော့ နီ နဲ့ အရောင်စုံရှုခင်းကြီးကို မြင်ရတာ တကယ့် အံ့မခန်းပါ။ ခုထိတော့ လမ်းလျှောက်ရတာ ပေါ့ပါးပါတယ်။ တောင်တက်ရတာလည်း မရှိသလို၊ လမ်းလျှောက်ရတာလည်း မောမနေဘူး။ လမ်းမှာ ခဏထိုင်ပြီး ကလောဈေးထဲက ဝယ်ထည့်လာတဲ့ ကော်ဖီသောက်၊ လိမ္မော်သီးစား နဲ့ နားလိုက်ကြသေးတယ်။ ရွာတစ်ခုအဝင်ထိပ်လို့ ပြောပါတယ်။ အမောပြေမှ ရွာထဲဝင်တော့ ရွာလေးက တိတ်တိတ်ဆိတ်ဆိတ်။ ကလေးလေးတွေရဲ့ အသံတချို့ကြားရပေမယ့် တစ်ရွာလုံးက အေးအေးချမ်းချမ်း။ လူခြေတိတ်တိတ်ဆိတ်ဆိတ်ရှိနေတယ်။ ရွာထဲကို ဝင်လာတဲ့ တောလမ်းလျှောက်အဖွဲ့သားတွေကို မထူးဆန်းတဲ့ပုံစံမျိုးနဲ့ပဲ ငေးကြည့်ကြတယ်။ ထူးခြားတာက လမ်းလျှောက်ဖြတ်သန်းလာခဲ့တဲ့ ရွာလေးတွေတိုင်းက အမျိုးသမီး ကြီးငယ်မဟူ သူတို့ရိုးရာအဝတ်အစားတွေပဲ ဝတ်ထားကြတယ်။ အမျိုးသားအများစုကလည်း ရှမ်းဘောင်းဘီတွေနဲ့ ကိုယ်ဗလာ၊ ဒါမှမဟုတ် T-Shirt တွေနဲ့ပေါ့။ ပြောသံကြားရတာကတော့ ဒီဒေသဘက်က အမျိုးသမီးတွေက ပေါက်တူးပေါက်ရတဲ့ အလုပ်ကြမ်းမျိုးစုံကို လုပ်ဆောင်နိုင်ကြအောင် စွမ်းတယ်ဆိုပဲ။ ပိုပြီးသန်စွမ်းကြပုံရပါတယ်။ ရွာထဲက အိမ်ဝန်းလေးတွေမှာ တချို့က ဝါးထရံကာ ခြေတံရှည်အိမ်ဖြစ်ပေမယ့် တချို့က ရှမ်းအုတ်တွေနဲ့ ဆောက်ထားတဲ့ အိမ်ကြီးအိမ်ကောင်းတွေလည်း တွေ့ရတယ်။ ခြံဝန်းကျယ်ကျယ်မှာ ထမင်းဟင်းချက်လို့ ထွက်တဲ့ မီးခိုးလား၊ အမှိုက်ရှို့လို့ ထွက်တဲ့မီးခိုးလား မသိဘူး။ အငွေ့တလူလူတက်နေတာက တကယ့်ပန်းချီကားတစ်ချပ်ပါပဲ။ အေးတဲ့ဒေသမှာ ပန်းတွေလည်း ပိုလို့ အရောင်စိုစို ပွင့်ကြတယ်။ ခူးမယ့်သူလည်း မရှိလို့ထင်တယ်။ တစ်လမ်းလုံး ဘေးဘီဝဲယာမှာ ပန်းရောင်စုံလေးတွေနဲ့ လှလို့။ တစ်ခါတစ်ခါ ကျွဲအုပ်တွေ တွေ့တယ်။ တစ်ခါတစ်ခါလည်း နွားအုပ်တွေ။ သဘာဝရဲ့ လွတ်လပ်ခြင်းကို ပြန်ပြောပြဖို့တော့ တော်တော်ခက်တယ်။


နေလည်း ခေါင်းထက်တည့်တည့်ရောက်လာသလို ဗိုက်ထဲလည်း တဂွီဂွီနဲ့ ဖြစ်လာတော့ ဦးဦးရဲ ကလောသားကို မေးရတယ်။ နေ့လည်စာ ဘယ်မှာစားမှာလဲလို့။ သူကလည်း အားတက်သရော ပြောရှာပါတယ်။ ဟိုးရှေ့တောင်လေးပေါ်က မြင်နေရတဲ့ အိမ်ခေါင်မိုးလေးတွေရှိတဲ့နေရာကို လက်ညှိုးထိုးရင်း အဲ့ဒီရွာတဲ့။ နီးပြီဟ ဆိုပြီး သွားပေမယ့် အမြင်လှည့်စားမှုလားမသိ။ တကယ်တမ်းသွားတော့ တော်တော်နဲ့ မရောက်နိုင်။ မောဟိုက်ဟိုက်ဖြစ်လာတော့မှ သြော် ငါ တောင်ကိုတက်နေတာပဲ ဆိုတာ သတိထားမိတယ်။ ဒါပေမယ့် ပြေပြေလေးပါ။ ဂေါ်ဖီခင်းတွေကို ဖြတ်သွားတော့ ဂေါ်ဖီတွေကို မခူးဘဲထားတာတွေ့ရတယ်။ တချို့လည်း ဒီအတိုင်း ဖျက်ဆီးထားတယ်။ ဈေးကောင်းမရတဲ့အခါမျိုးတွေမှာ သွားရောင်းဖို့ မလုပ်တော့ဘဲ ဒီအတိုင်းပစ်ထားလိုက်တာမျိုး၊ နွားကျွေးတာမျိုးနဲ့ ဖျက်ဆီးတာမျိုး လုပ်ကြတယ်လို့ ရှင်းပြတယ်။ တစ်လုံးကို တစ်ရာ၊ နှစ်ရာ ကျပ်လောက်နဲ့ ဂေါ်ဖီထုပ်ကြီးရတာ မယုံနိုင်စရာပါဘဲ။ သယ်သွားမလား၊ ဝယ်သွားမလား မေးရင်တော့၊ "ကျေးဇူးပါ" အထပ်ထပ်ပြောပြီး ငြင်းပစ်မှာ အသေအချာပါပဲ။ နည်းနည်းဟိုက်မယ့် တောင်လေးတချက်တက်လို့အပြီးမှာတော့ ရွာကို ရောက်ပါတယ်။ ပအို့ဝ်ရွာတွေကြားက တစ်ခုတည်းသော ဓနုရွာလို့ သိရတယ်။ နေ့လည်စာ စားမယ့် အိမ်က ရှမ်းအုတ်အခံနဲ့ ပျဉ်ထောင် နှစ်ထပ်အိမ်ပါ။ အောက်ထပ်တစ်ခုလုံးကိုတော့ ရှမ်းအုတ်နဲ့ ဆောက်ထားပြီး လှေကားကို အိမ်အပြင်ဘက်ကနေ ယူထားတာမို့ အပေါ်ထပ် ပျဉ်ထောင်အိမ်လေးကို ဘေးဘက်သစ်သားလှေကားကနေ တက်သွားရတယ်။ အပေါ်မှာ ဘုရားစင် အကြီးကြီးနဲ့အတူ အိမ်ခန်းကျယ်ကြီးမှာ ထမင်းစားပွဲဝိုင်းအပုနှစ်လုံးကို သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ခင်းကျင်းပေးထားတယ်။

ရောက်ရောက်ချင်း အန်တီကြီးတစ်ယောက်က အပြုံးနဲ့ကြိုလို့ နေရာချပေးတယ်။ အမောပြေသောက်ဖို့ လီမွန်တီး လေးကို ရေအေးလေးနဲ့ ဖျော်ပေးထားတယ်။ ခဏကြာတော့ ဦးဦးရဲ ကလောသား နဲ့ ကိုစည်သူ တို့ကပဲ ထမင်းပွဲ ဟင်းပွဲတွေကို ချပေးပါတယ်။ ရှမ်းထမင်းသုတ် ကို ကြက်ဥမကျက်တကျက်ကြော်လေးနဲ့ အုပ်ပေးထားပြီး ဂျူးမြစ်၊ ငရုတ်သီးခြောက်ကြော်လေးပါ ထည့်ပေးထားတယ်။ နာမည်ကြီးနေတဲ့ ထောပတ်သီးသုတ်လည်း ပါတယ်။ အရမ်းစားကောင်းတဲ့ ထောပတ်သီးသုတ်ပါ။ မရိုးနိ့စ် နဲ့ သုတ်တာ မဟုတ်ဘဲ ဒေသပုံစံလေးနဲ့ သုတ်ပေးထားတာ သိပ်စားလို့ကောင်းပါတယ်။ အားလူးကြော်လေးတွေလည်း ပုံစံ နှစ်မျိုးနဲ့ ကြော်ပေးထားလို့ အချောင်းကြိုက်ရင် အချောင်း၊ အပြားကြိုက်ရင် အပြား စားနိုင်သေးတယ်ဗျာ။ ဂျူးမြစ်ကြော်လည်း ပါသေးတယ်။ နေ့လည်စာတော့ ဒါပါပဲ။ ထမင်းသုတ်လေး ထပ်စားချင်ရင် လိုသလောက် ထည့်ပေးပါတယ်။ ကျွန်တော်ကတော့ တစ်ပွဲတည်းနဲ့တင် ဝ ပါတယ်။ သစ်သီးအချိုပွဲကိုတော့ အားရပါးရ စားဖြစ်တယ်။ ဖရဲသီး၊ လိမ္မော်သီး၊ နဂါးမောက်သီး နဲ့ စပျစ်သီး အလုံးကြီးတွေက စားလို့ ကောင်းမှကောင်း။ အမောပြေတယ်။ နေ့လည်နားနေတုန်းလေး မိုးတွေ ရွာလိုက်တာ သည်းသည်းမည်းမည်း။ ပြန်ထွက်လို့ အဆင်ပြေပါ့မလားတောင် တွေးမိတယ်။ မိုးရွာရင် ဆောင်းဖို့ ခေါက်ထီးသယ်ပါ ပြောထားလို့ ခေါက်ထီးတစ်လက်တော့ ပါတယ်။ ဒါပေမယ့်လည်း တောလမ်းလျှောက်တာ ထီး ဖွင့်ဆောင်းပြီး လျှောက်ဖို့ အတော်ပျင်းသားလား။ နောက်ဖေးမီးဖိုဆောင်က အတော်လေး ထူးခြားပြီး လှတယ်လို့ သူငယ်ချင်းတစ်ယောက်က အော်ပြောလို့ အားလုံးအနောက်ဘက် ဟင်းချက်တဲ့နေရာကို သွားကြည့်ကြတယ်။ တကယ်ကို ချစ်စရာလေး။ အိမ်အပေါ်ထပ်မှာကိုပဲ မီးဖိုဆောင်ရဲ့ အလယ်တည့်တည့်လောက်မှာ မြေသားကျင်းတစ်ခု (သံမံတလင်းအရော) လုပ်ထားပြီး ဖိုခနောက်ဆိုင်လို့ ထင်း၊ မီးသွေး၊ လောင်စာတွေနဲ့ ထမင်း၊ ဟင်းချက်၊ ရေနွေးအိုးတည်ကြပါတယ်။ မီးမှုတ်ပြောင်းတွေလည်း မြင်ရတယ်။ မမြင်ဘူးတာ ကြာ ကြာလှပေါ့ဗျာ။


အဆင်ပြေချင်တော့ ထမင်းစားနားနေတုန်းသာ မိုးက သည်းသည်းရွာတယ်။ ပြန်ထွက်ဖို့ အချိန်တန်တော့ မိုးသားကင်းစင်လို့ အလင်းလေးတောင် ပေါက်နေပြီ။ စိတ်ချမ်းသာရပါတယ်။ နေ့ခင်း ထမင်းစားပြီးချိန်မို့ စိတ်ကလည်း မပါချင်သလို၊ လူကလည်း မတက်ကြွတော့ဘူး။ ဒါကို အရယ်အမောလေးတွေ၊ အစအနောက်လေးတွေနဲ့ အချင်းချင်း အားပေး ရယ်မောရင်း တက်ကြွမှုကို ပြန်ယူရတယ်။ အဲ့ဒီရွာက ထွက်လို့ သိပ်မကြာခင်မှာပဲ ရွှံ့ဗွက်လမ်းမှာ ချော်နေတဲ့ ကျောက်တုံးတွေ၊ မြေသားတွေကြား သတိထား သွားရပြန်တယ်။ နောက်တော့ ဆူးပင်တွေများတဲ့ နေရာတစ်ခုကို ဆူးမခြစ်မိအောင် အတင်းရှောင်ရင်း သွားရပြန်ပါတယ်။ အဲဒါလေးကျော်တော့ စားရင် လျှာထူသွားတဲ့ သစ်တော်သီးနဲ့ တူတဲ့ အသီးတွေကို ဦးဦးရဲ ကလောသားက ပြတယ်။ တကယ်လည်း သစ်တော်သီးနဲ့ တူတယ်။ စားရင် စားလို့ရပေမယ့် ရှာက ထူထူ ထုံထုံ ဖြစ်သွားပြီး ဘာအရသာမှ ခံစားလို့ မရတော့ဘူး ဖြစ်သွားတယ် ပြောပါတယ်။ စမ်းတော့ မကြည့်ရဲခဲ့ပါဘူး။ အဲဒီနေရာလေးတွေ ကျော်သွားပြီးတာနဲ့ တောအုပ်လေးထဲက ထူးထူးခြားခြား ကြက်သီးထစရာကောင်းတဲ့ ရှေးဟောင်းစေတီပျက်တွေနား ရောက်လာတယ်။ စေတီတွေလှည့်ပတ်ကြည့်လိုက်တော့ ဌာပနာနေရာတွေ အဖောက်ခံထားရတယ်။ အဲဒီကနေထွက်လာတော့ တခြား Trekking အဖွဲ့တွေနဲ့လည်း ခပ်စိတ်စိတ် တွေ့လာရတယ်။ အများစုက နိုင်ငံခြားသား အဖွဲ့တွေ။ လမ်းလျှောက်ရတာလည်း ပိုပင်ပန်းလာတယ်။ တောင်တွေတက်ရတယ်ဆိုတာ ပိုပြီး သိသာလာတယ်။ ဦးဦးရဲ ကလောသားကတော့ ပြရှာပါတယ်။ ဟိုးဘက် တောင် ဘယ်နှလုံးအကျော်က မြင်နေရတဲ့ မိုဘိုင်းဖုန်းတာဝါတိုင် ရှိတဲ့ ရွာကို သွားကြမှာတဲ့။ နီးသယောင်ယောင်ပဲ။ ဒါပေမယ့် ခုနက နေ့လည်စာစားတဲ့ ရွာကတည်းက မှတ်သွားတယ်လေ။ နီးပေမယ့်လည်း ဝေးနေဦးမယ်ဆိုတာ။


တောင်တွေကို ကုတ်ဖဲ့တက်ရတာမျိုးလေးတွေပါ ရှိလာပြီးတော့ ချောင်းလေးတွေထဲ ဖြတ်ကူးရလာတယ်။ မိုးရွာထားလို့ ဗွက်ပေါက်နေပြီး ဖိနပ်မှာ ဗွက်တက်လို့ စီးထားတဲ့ ဖိနပ်မှာ ဗွက်အထူက ၂ လက်မလောက် ဖြစ်လာတယ်။ ရှိရင်းစွဲအရပ်ထက် ပိုမြင့်လာသလိုလို၊ လူလည်း လေးကန်လာတယ်။ မြေသားမာမာနေရာရောက်ပြီဆိုတာနဲ့ အတင်း ရွှံ့တွေကို မြေကြီးနဲ့ ပွတ်တိုက်ခွာယူရတယ်။ မိုးနဲ့ တိမ်တွေလည်း ဘယ်ပြေးသွားတယ်မသိဘူး။ နေကလည်း ပူလာတယ်။ အရိပ်ထဲဝင်ရင်တော့ အတော်လေး အေးမြနေပေမယ့် နေနဲ့ တိုက်ရိုက်ထိရင်တော့ ပူအိုက်နေပြန်တယ်။ ထင်းရှူးပင်နဲ့ ထင်းရှူးသီးလေးတွေကိုလည်း တွေ့လာရတယ်။ တစ်နေရာအရောက်တော့ တစ်ယောက် လှမ်းသတိပေးတယ်။ ဒီနေရာမှာ ဘယ်လိုအကြောင်းနဲ့မှ လမ်းလျှောက်တာ မရပ်ပါနဲ့တဲ့။ ကျွတ် တွယ်တတ်လို့တဲ့။ ကျွန်တော်ငယ်ငယ်က မျှော့လား ကျွတ်လား မသိဘူး အတွယ်ခံခဲ့ရဘူးတယ်။ ခြေသလုံးမှာ အမှိုက်ဖတ်ကြီး ကပ်နေတယ်ထင်ပြီး ခြေတစ်ဖက်နဲ့ ပွတ်ချလိုက်ပေမယ့် နည်းနည်းအကြာ နောက်တစ်ခါ ပြန်သတိထားမိတော့ အဲ့ဒီအမှိုက်မဲမဲကြီးက ရှိနေသေးပြန်တယ်။ အာ့နဲ့ ဖယ်မယ်လည်းလုပ်ရော သူ့ဟာသူ ပြုတ်ကျသွားပြီး၊ ဖောင်းကားနေလို့ အမှိုက်မဟုတ်ဘူးဆိုတာ သိလိုက်ရတယ်။ ဘာကောင်မှန်းလည်းမသိ လန့်အော်တော့ အိမ်ကလူတွေ အပြေးလာကြည့်ကြတာ မှတ်မိနေတယ်။ ခုလည်း ကျွတ် ဆိုတော့ လန့်တာပေါ့ဗျာ။ အားလုံး မိုးစိုနေလို့ လမ်းချော်နေပေမယ့်လည်း လူမလဲအောင် သတိထားသွားရင်း၊ လမ်းကို ခပ်သွက်သွက် လျှောက်ကြတယ်။ တောင်အောက် ခပ်မတ်မတ် ဆင်းရလို့ ချောင်းလေးတစ်ခုနားရောက်တော့ ဦးဦးရဲ ကလောသားက ဒီနေရာဆို ကျွတ် အန္တရာယ်ကင်းပါပြီ။ ကျွတ် ပါလာလား ဆိုတာ တစ်ယောက်ချင်းဆီကို စစ်ပေးမယ် ပြောပြီး သေချာ စစ်ပေးပါတယ်။ ကျွန်တော့မှာလည်း ဘာမှ ကပ်မပါလာလို့ သက်ပြင်းခုမှ ချနိုင်တယ်။ ချောင်းလေးကို ကျော်ပြီး အသွား၊ သူငယ်ချင်းတစ်ယောက်က ခြေသလုံးနာလာလို့ လိမ်းဆေး ခဏ လိမ်းလိုက်ဦးမယ်ဆိုတာနဲ့ သူ့ကို ခဏ ရပ်စောင့်နေတဲ့အချိန် အတူပါလာတဲ့ ညီမငယ်တစ်ယောက်က အလန့်တကြားပြောရှာတယ်။ အစ်ကို့ ခြေထောက်မှာ ကျွတ် ဆိုတာနဲ့ ကျွန်တော်လည်း လန့်ပြီး ကပြာကယာကြည့်မိတော့ ကျွန်တော့ ဖိနပ်ပေါ်မှာ တွန့်လိမ်နေတဲ့ ကျွတ်တစ်ကောင်ကို တွေ့လိုက်ရတယ်။ ဦးဦးရဲ ကလောသားကတော့ ဇိုးဇိုးဇက်ဇက်နဲ့ လက်နဲ့ ဖမ်းယူ ပစ်လိုက်ပါတယ်။


ညနေခင်းမှာ တိမ်တွေရယ်၊ နေဝင်ချိန်ရယ်ပေါင်းစပ်ပြီး တောလမ်းက အရမ်းလှနေတယ်။ ရှုခင်းတွေက တစ်ချိန်နဲ့တစ်ချိန် ရိုးမသွားရဘူး။ ဇာတ်လမ်းသိနေပေမယ့် တင်ပြပုံကောင်းလို့ အခန်းတိုင်း စိတ်ဝင်စားနေရတဲ့ ရုပ်ရှင်တစ်ခုကို ကြည့်နေရသလိုပါပဲ။ ကျောက်တောင်ကြီးတွေပေါ်ကို နောက်ဆုံးအနေနဲ့ ဖြတ်ရတော့မယ်။ ဒါက ဇာတ်ကားတစ်ခုလုံးရဲ့ အထွတ်အထိပ်ဆိုရမလား လူက ချွေးတွေ နင့်နေတယ်။ မောဟိုက်လာတယ်။ တောင်တက်ရတာ ပင်ပန်းလို့ စကားတောင် ဟဟ ပြောဖို့ ခက်လာတယ်။ ဒါတွေအားလုံးကို မေ့မေ့ပျောက်ပျောက်နဲ့ ကြိုးစားလျှောက်တဲ့နောက် သိပ်မကြာခင်ပဲ ရွာအဝင်လမ်းလေးရောက်လာတယ်။ နိုင်ငံခြားသားတွေ၊ ပြည်တွင်းခရီးသွားတွေ အားလုံးလည်း တွေ့လာရသလို၊ ရွာထဲကို ပြန်လာကြတဲ့ ကျောင်းသားကျောင်းသူလေးတွေ၊ နွားသိမ်းလာသူတွေ၊ စိုက်ခင်းက ပြန်လာသူတွေနဲ့ ရွာအဝင်လမ်းက စည်ကားနေတယ်။ ကျွန်တော်တို့ရဲ့ အောင်မြင်မှုမှတ်တိုင်အဖြစ် ဓါတ်ပုံရိုက်တော့ အဲဒီဓါတ်ပုံလေးကို အခုပြန်ကြည့်တိုင်းတောင် အဲ့ဒီနေ့က ဘယ်လောက်ကျေနပ်ခဲ့သလို ဆိုတာ ခံစားနေရတယ်။ မောလို့ စိုနေတဲ့ချွေး၊ မျက်နှာပေါ်က ပန်းတိုင်ဆိုတာကို ရောက်ရလို့ ပျော်ပြီး ပြုံးတဲ့ အပြုံး၊ ပြုံးထားပေမယ့် နွမ်းနယ်မှုတွေ အပြည့်ပေါ်နေတဲ့ မျက်နှာ။ အောင်မြင်မှုဆိုတာကို ခံစားရတဲ့ ခံစားချက်မျက်လုံးတွေက ဒီပုံထဲမှာ ပေါ်လွင်နေတယ်လို့ ကျွန်တော်တော့ ခံစားမိတယ်။ ညနေ ၄ နာရီခွဲ ဝန်းကျင်လောက် ရွာထဲရောက်ပါတယ်။


ရွာထဲ ခပ်လှမ်းလှမ်းလျှောက်ပြီးတော့ ကျွန်တော်တို့ တည်းမယ့် အိမ်ကိုရောက်လာတယ်။ ရွာထဲက အိမ်တချို့လည်း စားသောက်ဆိုင်လေးတွေ၊ အိမ်ခန်းလေးတွေ တိုးချဲ့ဆောက်ထားတာ တွေ့လို့ ဒီဘက်ဒေသမှာ အတော်လေး လုပ်လာကြပြီပဲလို့ တွေးမိသွားတယ်။ ကျွန်တော်တို့ တည်းမယ့် အိမ်မှာလည်း စားသောက်ဆိုင်လေး တွဲဖွင့်ထားပါတယ်။ အအေးစုံ၊ ဘီယာစုံ ဝယ်နိုင်ပါတယ်။ ဆိုလာမီးနဲ့မို့ ဖုန်းအားသွင်းဖို့ ကို ဆိုင်ထဲမှာပဲ အားလုံးက ဝိုင်းသွင်းယူကြရလို့ ဖုန်းတွေမှားမှာ သတိထားရတယ်။ ကျွန်တော်ကတော့ ဖုန်းကို အားအပြည့်ဖြစ်အောင် Power Bank နဲ့ လမ်းမှာ သွင်းလာလိုက်ပြီး၊ ဒီမှာတော့ ဖုန်းအားမသွင်းဘဲ၊ Power Bank ကိုပဲ အားသွင်းခိုင်းလိုက်တယ်။ ညစာ ကို ဦးဦးရဲ ကလောသားတို့ အဖွဲ့တွေ ပြင်ဆင်နေတုန်း ကျွန်တော်တို့နေမယ့် တဲလေးဆီ ပို့ပေးခဲ့တယ်။ ပါလာတဲ့ ညီမငယ် (၂) ယောက်က တစ်ဖွဲ့တည်း မဟုတ်တာမို့ သူတို့ကိုလည်း ငဲ့ပြီး အခန်းပုံစံလေးဖြစ်အောင် လိုက်ကာလေးတွေ ကာပေးရှာပါတယ်။ ပြီးတော့ ကျွန်တော်တို့တွေ အိမ်သာတက်၊ ရေချိုး လုပ်ကြဖို့ လိုက်ကြည့်တော့ အိမ်သာလေးတွေက ရေလောင်းအိမ်သာဖြစ်ပြီး (ဘိုထိုင် မဟုတ်တာကလွဲရင်) အတော်လေး သန့်ရှင်းပါတယ်။ အိမ်သာ ၅ လုံးလောက် ဆောက်ထားတယ်။ ကျွန်တော်တို့ တဲ ရဲ့အနောက်ဘက် သိပ်မဝေးတဲ့နေရာမှာ ၃ လုံး တွဲရက်နဲ့ ဟိုးဘက် ခပ်လှမ်းလှမ်းမှာ ၂ လုံးတွဲရက် ရှိတယ်။ လုံလောက်တယ် ဆိုရမယ်။ ရေချိုးခန်းကလည်း အဲ့ဒီ ခပ်လှမ်းလှမ်းဘက် အခြမ်းမှာ ၂ ခန်း နဲ့ ဒီဘက်ခြမ်းမှာ ၄ ခန်း ရှိတယ်။ ကန်အကြီးကြီး လုပ်ထားတာ နှစ်ခု ရှိလို့ အပြင်မှာ ချိုးချင်လည်း ရတယ်။ ရေချိုးခန်းတွေကလည်း ရေချိုးခန်းသာ ဆိုပါတယ်။ တံခါးတော့ မရှိဘူး။ ရေချိုးခန်းကို အပြင်ကနေတော့ မမြင်နိုင်အောင် ထောင့်ချိုးလေး လုပ်ထားပါတယ်။ ရေလဲ မပါတဲ့ ကျွန်တော့အတွက်ကတော့ ရွေးချယ်စရာ မရှိဘူးပေါ့။ ကျွန်တော် ရှိနေမှန်းသိအောင် ချွတ်ပစ်လိုက်တဲ့ အင်္ကျီလေးတွေကို အပြင်ဘက်မှာ လူမြင်သာအောင် တင်ထားပေးလိုက်ပါတယ်။ တခြားလူတွေလည်း ဒီနည်းလမ်းပဲ လုပ်ကြတာ သတိထားမိတယ်။ ညနေ လူတွေတော်တော် ရေချိုးလိုက်ကြလားမသိ။ တိုင်ကီထဲမှာ ရေက အောက်ခြေရောက်နေတော့ အတော်ခပ်ယူရပါတယ်။ လုံတော့ လုံလောက်ပါတယ်။


ရေချိုးပြင်ဆင်ပြီး သိပ်မကြာခင်ပဲ ဦးဦးရဲ ကလောသားတို့ အဖွဲ့တွေ ညစာ စားဖို့ လာခေါ်တယ်။ အားသွင်းထားတဲ့ ဖုန်းနဲ့ Power Bank တွေလည်း သွားပြန်သိမ်းလိုက်တယ်။ ညလည်း မှောင်လာတော့ ဆိုလာမီး စ ရလာတယ်။ အခန်းထဲမှာ ရှိတဲ့ မီးတစ်ပွင့်က ရွှေပါပဲ။ ထမင်းစားဖို့ တဲအိမ်လေးရဲ့ အနောက်ဘက်က တဲဆောင်လေး တစ်ခုထဲ ဝင်ကြတယ်။ စားပွဲလေးနဲ့ သေချာပြင်ဆင်ပေးထားပြီး ဟင်းကလည်း အသားဟင်းလေးတွေနဲ့ အတော်လေး အရသာ မြိန်မြိန်စားရပါတယ်။ အရည်သောက်အဖြစ် ပဲဟင်းလေး ပြင်ဆင်ပေးပြီးတော့ အရွက်ကြော်၊ အသုတ် နဲ့ တကယ့်ကို ညစာကောင်း ဖြစ်ခဲ့တယ်။ ထမင်းစားရင်း ရယ်စရာတွေဆက်ပြောလို့ အတူလိုက်လာတဲ့ ညီမငယ်တွေနဲ့ပါ နွေးနွေးထွေးထွေး စနောက်ဖြစ်ကြတယ်။ သူတို့လည်း ပျော်နေကြတယ်။ ထမင်းလည်း စားပြီးရော မီးပိတ်လိုက်တော့ အားလုံးက ရုတ်တရက် ကြောင်သွားတယ်။ ဆိုလာမီး ပိတ်ပြီလားပေါ့။ ဘယ်ဟုတ်မလဲ။ ဦးဦးရဲ ကလောသားတို့က အချိုပွဲကို ငှက်ပျောသီး ပျားရည်ဆမ်း ကျွေးတာ။ အဲဒါကို မီးတောက်အောင် လုပ်ပြီး ကျွေးချင်တော့ မီးပိတ်ပစ်လိုက်တယ်။ အမှောင်ထဲမှာ ငှက်ပျောသီးပျားရည်ဆမ်းက မီးတောက်အပြာရောင်လေးနဲ့ အရမ်းကို မိုက်နေတာ။ ပျော်လည်း ပျော်သွားကြတယ်။ စားသောက်ပြီးတာနဲ့ တဲပေါ်ပြန်တက် အနားယူရင်း ခြေထောက်ကို ဆေးလိမ်းကြတယ်။ ပါရာစီတမော သောက်ကြတယ်။ ဦးဦးရဲ ကလောသားကတော့ အုန်းဆီလိမ်းတာ ကောင်းတယ်ဆိုလို့ အားလုံး ခြေထောက်တွေကို လိမ်းကြတယ်။ တကယ်လည်း မနာကျင်တော့ဘူး။ တဲအိမ်လေးထဲမှာ အိပ်ရာလေးတွေကို စီစီရီရီ ခင်းပေးထားပြီးတော့ မွေ့ရာ၊ ခေါင်းအုံး၊ စောင် အားလုံးက ပြည့်စုံလုံလောက်တယ်။ အိပ်လို့လည်း ကောင်းတယ်။ ဆိုလာမီး မပိတ်ခင်ဘဲ မျက်လုံးက မှေးစင်းလို့ အိပ်ပျော်သွားတယ်။ ဖုန်းလိုင်းမိပြီး အင်တာနက်သုံးလို့ရနေတာတောင် သုံးချင်စိတ်ရှိတဲ့တိုင် ဆက်မသုံးနိုင်တော့ဘဲ အိပ်ပျော်သွားတာ မနက်မိုးမလင်းခင်ကို စောစောလေး နိုးလာတော့တယ်။


မနက်ပိုင်းကိုတော့ ရေမချိုးတော့ဘဲ မျက်နှာသစ်သွားတိုက်လောက်ပဲ လုပ်မယ် စိတ်ကူးပေမယ့် ကျွန်တော်က မချိုးရရင် မနေနိုင်လို့ ခပ်သွက်သွက်လေး ချိုးလိုက်သေးတယ်။ အားလုံး ရေချိုးပြင်ဆင်အပြီး ၇ နာရီထိုးခါနီးလောက်မှာ ညစာ စားတဲ့ တဲအိမ်လေးထဲ မနက်စာ ပြင်ဆင်ပေးထားတယ်။ ထမင်းကြော်လေးကို ဒေသပုံစံလေးနဲ့ ကြော်ထားပြီး ကော်ဖီမစ်လေးနဲ့ပေါ့။ စားသောက်ရင်း ညက ဘယ်သူက ဘယ်လိုအိပ်တယ်။ ဘယ်သူက ဘယ်လို အိမ်သာထသွားတယ်။ ဘယ်သူက ဘယ်သူ့ ရေဘူးကို ခိုးပြီး သောက်တယ်။ နဲ့ တစ်ယောက်ကို တစ်ယောက် စရင်း နောက်ရင်း ၇ နာရီခွဲလောက်မှာ အထုတ်အပိုးတွေကို ကားပေါ်တင်ဖို့ ဖြစ်လာတယ်။ ကလောဈေးထဲက ဝယ်လာတဲ့ စစ်စိမ်းရောင်ဖိနပ်တွေကို အဲဒီမှာပဲ ထားပစ်လိုက်တော့တယ်။ အစကတည်းကလည်း ပြီးတာနဲ့ ပစ်လိုက်ဖို့ စိတ်ကူးထားခဲ့တာကိုး။ ကျွန်တော်တို့ကို အင်းတိမ်ထိ အရောက်ပို့ပေးဖို့ ကားကလည်း အဆင့်သင့်ရောက်နေပြီ။ ပုံမှန်အားဖြင့် အဲဒီကနေ လမ်းလျှောက်လို့လည်း ရသေးတယ်။ အများစုကတော့ မလျှောက်ကြဘဲ ခုလို ကားနဲ့ သွားကြပါတယ်။ လမ်းမှာ ရှုခင်းလှတာလေးတွေတွေ့ရင် ဓါတ်ပုံဆင်းရိုက်ပြီး အင်းတိမ်ကို ထွက်လာကြတာ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ အင်းတိမ်ဘက်ကို ရောက်ပါတယ်။ အင်းတိမ်က ရှေးဟောင်းဘုရားတွေကို ပြုပြင်ထားလို့ အားလုံးက အသစ်ဖြစ်နေတာကို တွေ့တော့ ဝမ်းနည်းမိတယ်။ ဒါပေမဲ့လည်း ပြုပြင်သူတွေရဲ့ အတွေးက တစ်မျိုးရှိနိုင်တာမို့ သူများကုသိုလ်ယူတာကို မဝေဖန်ချင်တော့ပါဘူး။ အဲဒီကနေမှ လှေဆိပ်ဆင်းပါတယ်။ ဦးဦးရဲ ကလောသားတို့ စီစဉ်ပေးထားတဲ့အတွက် စက်လှေကလည်း အသင့်ကြိုနေပြီး အဲ့ဒီနေ့ အင်းလေးမှာ ဆက်လည်မယ့် အစီအစဉ်ကိုတော့ ကိုယ့်ဟာကိုယ် စီစဉ်ရေးဆွဲရပါတော့တယ်။


ဦးဦးရဲ ကလောသားတို့နဲ့ ကလောတောလမ်းလျှောက်ခရီးစဉ်က ဒီနေရာမှာပဲ ပြီးဆုံးပြီမို့ တစ်ယောက်ကိုတစ်ယောက် ခင်ခင်မင်မင်နဲ့ နှုတ်ဆက်ကြတယ်။ တကယ်လည်း ဧည့်ဝတ်ကျေပွန်လှလို့ လူချစ်လူခင်ပေါများတဲ့သူ ဖြစ်နေတာပါ။ ဝန်ဆောင်မှုလည်း အတော်လည်း ပြည့်စုံတယ်။ ခရီးစဉ်အားလုံးအတွက် စားသောက်နေထိုင်တာအပြင် ကားခ၊ စက်လှေခ အပြီးအစီး တစ်ယောက်ကို ၆သောင်းခွဲကျပ် ကျသင့်ပါတယ်။ စက်လှေက တစ်နေ့လုံး သုံးချင်သလိုသုံး၊ သွားချင်သလို သွားလို့ရပါတယ်။ ညနေ ဟိုတယ်ပြန်ပို့တဲ့အထိ အကျုံးဝင်ပြီးသားပါ။


ပင်ပန်းမှုတွေ ဘယ်လိုရှိရှိ၊ အောင်မြင်မှုကို ရယူနိုင်ရင် (သိပ်များကြီးကျယ်သွားသလား မသိဘူး။ အဟီး Trekking လေးတစ်ညအိပ်လျှောက်တာကို) ကျေနပ်ပျော်ရွှင်ရတာပါပဲ။ ဂုဏ်ယူရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ငါလုပ်နိုင်သွားပြီဆိုတဲ့ ကျေနပ်တဲ့စိတ်က ခရီးကပြန်လို့ အလုပ်ခွင်ပြန်ရောက်တာတောင် တသသ ဖြစ်နေတယ်။ အခက်အခဲရှိလည်း ငါ ဖြတ်ကျော်နိုင်ပါတယ်ဆိုတာ ခံစားရလာတယ်။ Trekking သွားတာ အနည်းနဲ့အများဆိုသလို ပင်ပန်းပါတယ်။ ဒါပေမယ့် ပင်ပန်းသလောက်လည်း ပြန်ရတဲ့ ကျေနပ်မှု၊ ခံစားမှု၊ ကြည်လင်မှု တွေက ဘာနဲ့မှ မလဲနိုင်အောင် ဖြစ်ရပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter