ဒူဘိုင်းမြို့က အမြင့်ဆုံး အဆောက်အဦးဆီ

Updated: Sep 10, 2020
ဒူဘိုင်းရောက်ရင် မဖြစ်မနေ သွားသင့်တဲ့အထဲမှာ The Dubai Mall လည်းပါတယ်။ ပိုက်ဆံတော့ ပိုပိုသာသာထည့်သွားချေနော်။ Branded တွေချည်းမို့ ဈေးတွေလည်း ကောင်းတယ်လေ။ အရင်ကတော့ အမေရိကားဘက်ကို တရုတ်အပါအဝင် ဒီဘက်နိုင်ငံအများစုက Shopping ထွက်ကြရတယ်။ ခုတော့ အမေရိကားမှာ ရှိသမျှတွေ ဒူဘိုင်းမှာတင် ဝယ်နိုင်နေပြီဆိုတော့ ခရီးအဲ့လောက်ဝေးဝေးသွားစရာ မလိုတော့ဘူး အချိန် ၅ နာရီလောက်ပေးပြီး Emirates Airline နဲ့ တိုက်ရိုက်ပျံလိုက်တာနဲ့တင် လိုချင်တာတွေ ဝယ်နိုင်နေပြီ။ အဲ့လိုအနေအထားမျိုးများ ကိုယ်တွေကလည်း Tour Guide ကို စပ်စုကြည့်တယ်လေ။ ဒါဆို ဒူဘိုင်းမှာ Shopping Mall ကဆိုင်တွေရဲ့ ဝင်ငွေတော်တော်များများက နိုင်ငံခြားသားတွေဆီက ရနေတာပေါ့ဆိုတော့ Tour Guide က ငြင်းတယ်။ ဒီဒူဘိုင်းမှာ ရောင်းနေတဲ့ ဈေးကြီးပေ့ ကောင်းပေ့ဆိုတဲ့ Branded ပစ္စည်းတွေဝယ်ယူသူ အများစုဟာ ဒီနိုင်ငံသားတွေပဲတဲ့။ နိုင်ငံသားဆိုလို့ တစ်ခါတည်း ရှင်းဦးမယ်။ ဒူဘိုင်းမှာက တခြား UAE တွေထက် ပိုလွတ်လပ်ပုံရတယ်။ ကျွန်တော့အမြင်သက်သက်ပေါ့လေ။ အဲဒီတော့ တခြား UAE နိုင်ငံတွေကလည်း ဒီ ဒူဘိုင်းမှာ လာဝယ်ကြတယ်လို့ Tour Guide က ရှင်းပြတယ်။ ဆိုတော့ နိုင်ငံသားတွေ ဝယ်တာလို့ပဲ သုံးလိုက်တယ်။ ဒီက နိုင်ငံသားတွေက အလုပ်လုပ်စရာမလိုဘဲကို လစာရနေကြတဲ့ ထူးဆန်းသူများပါ။ မိန်းမယူမယ်ဆိုလည်း နိုင်ငံတော်က ထောက်ပံ့သေး။ ဒါကတော့ ဘာသာရေးနဲ့ ဆက်နွယ်မလား၊ ဘာလား၊ ညာလား မသိချင်တော့ပါဘူး။ စကားမစပ် ဒူဘိုင်း Tour Guide က ဖိလစ်ပိုင်နော်။ The Dubai Mall ကိုရောက်တုန်းတော့ ကိုယ့်ရှိတာလေးနဲ့ ဝယ်နိုင်မဲ့ Branded အဝတ်အစားလေးတွေ ရှာဖွေ ဝယ်ရတော့မှာပေါ့။

The Dubai Mall မှာ ဘာတွေရှိသလဲ?

အကြီးဆုံး Shopping Mall လို့ ညွှန်းဆိုကြပါတယ်။ အစုံဆုံးလို့လည်း သိရတယ်။ အဝတ်အထည်ကစပြီး လျှပ်စစ်ပစ္စည်း၊ ရွှေထည်ပစ္စည်းတွေအထိ ရနိုင်ပါတယ်။ Mall ထဲမှာလည်း Tour ဧည့်သည်တွေနဲ့ ပြည့်နေပါတယ်။ ဒေသခံ အမျိုးသမီး၊ အမျိုးသားတချို့လည်း ဈေးတွေဝယ်နေကြတယ်။ Mall ထဲကို စပြီး ဝင်လိုက်တာနဲ့ ကျယ်ဝန်းတဲ့ Public area ခေါ်မလား Promotion area ခေါ်မလား နေရာအကျယ်ကြီးကို ရောက်ပြီး Shopping Mall အထပ်အားလုံးကို လှမ်းမြင်နိုင်တယ်။ ရှေ့တည့်တည့်မှာ Information Counter ရှိပြီးတော့ ဆက်ဝင်သွားရင် Dubai Aquarium & Underwater Zoo ကိုတွေ့ရတယ်။ အပြင်ကနေ လှမ်းကြည့်ရင်လည်း မြင်နိုင်အောင် ပင်လယ်သတ္တဝါတွေကို Acrylic မှန်ကန် အမြင့်ကြီးမှာ ထည့်ပြထားတယ်။ အဲ့ဒီ Acrylic မှန်ကန်ကြီးထဲမှာ ရေလီတာပေါင်း ၁၀သန်း ရှိနေတယ်။ ထည့်မွေးထားတာတွေကလည်း တကယ့်ပင်လယ်ကောင်ကြီးကြီးမားမားတွေပါတယ်။ ငါးမန်းကြီးပဲတောင် အကောင် ၄၀၀ ရှိတယ်။ ဒီ Acrylic မှန်ကန်ကြီးက ဂရင်းနစ်စံချိန်ဝင်ထားတာနော်။ အထဲကို ဝင်မယ်ဆိုရင်တော့ ဝင်ကြေးပေးရတယ်။ ဝင်ကြေးတွေကလည်း အစားစားပဲ။ ကိုယ်က Underwater Zoo ပဲကြည့်မှာလား။ အပေါ်ထပ်က James Bond ဇာတ်ကားရိုက်တဲ့နေရာတွေ ကြည့်ဦးမှာလား၊ စသဖြင့် ကိုယ်သွားမဲ့နေရာလေးတွေအပေါ်မူတည်ပြီး ဈေးနှုန်း Package လေးတွေ ပြောင်းသွားတယ်။ Aquarium Tunnel ကိုဝင်မယ်ဆိုရင် ၄၈ မီတာ ရှည်တဲ့ ရေအောက်ကမ္ဘာလေးထဲ ခဏရောက်သွားသလို ခံစားရမယ်။ ကိုယ့်အပေါ်မှာ ဘေးမှာ ငါးမန်းနဲ့ ပင်လယ်သတ္တဝါတွေ ကူးလူးနေကြတာကို မှန်ထဲကနေတဆင့် တွေ့နိုင်မယ်။ ထပ်ပြီးထူးထူးခြားခြား အဲ့ဒီရေကန်ထဲကို သီးသန့် မှန်ဘောင်လေးနဲ့ ဆင်းဦးမလား၊ ရေငုတ်ချင်သေးလား။ ဒါတွေလည်း ရသေးတယ်ဗျား။ ကျွန်တော်ကတော့ ဈေးဝယ်ဖို့ ပိုစိတ်ဝင်စားနေလို့ ကိုယ်ဝယ်နိုင်တဲ့ ဈေးလျော့ထားတာလေးများ ရှိမလားဘဲ လိုက်ကြည့်မိနေတယ်။
The Dubai Mall The Dubai Mall The Dubai Mall The Dubai Mall
အပေါ်တစ်ထပ်ကို တက်ကြည့်မိတော့ Dubai Ice Rink ကိုတွေ့တယ်။ ရေခဲပြင်ပေါ်ကျယ်ကျယ်ဖန်တီးပေးထားပြီး အဲ့ဒီရေခဲပြင်ပေါ်မှာ လူကြီး၊ လူငယ်၊ ကလေးတွေ အစုံ ရေခဲပြင်စကိတ်စီးနေကြတယ်။ စကိတ်သင်ချင်လည်း ရတယ်။ Ice hockey လည်း ကစားနိုင်တယ်လို့ ပြောတယ်။ ဒါလည်း သက်သက်ဝင်ကြေးပေးရတယ်။

ဈေးဝယ်ချင်စရာ နာမည်ကျော် Brand ပေါင်းစုံလွန်းလို့ ပိုက်ဆံများရှိရင်တော့ တစ်ရက်အချိန်ပေးတောင် လည်လို့ မဆုံးနိုင်တဲ့နေရာပါ။ ကျွန်တော်တို့နဲ့ပါတဲ့ Tour Guide ကို မေးဖူးတယ်။ ဒူဘိုင်းက အမျိုးသမီးတွေက တစ်ချိန်လုံး အမည်းပုဝါကြီးတွေပဲ ဝတ်နေကြတာကို ဘာလို့ သူတို့နိုင်ငံသားတွေက Branded ဖက်ရှင်တွေ အဝယ်ဆုံး ဖြစ်နေရတာလဲပေါ့။ သူ ရှင်းပြတာကတော့ သူတို့က အိမ်မှာနေတဲ့အချိန်၊ မိန်းကလေးသူငယ်ချင်းအိမ်တွေ သွားတဲ့အချိန်တွေ၊ အမျိုးသားတွေရဲ့ မြင်ကွင်းမှာမဟုတ်ရင်တော့ အမည်းဝတ်ရုံကြီးတွေ ချွတ်ပစ်တတ်ကြတယ်တဲ့။ အထဲမှာ သူတို့ဝတ်ထားတာက တခြားနိုင်ငံသူတွေဝတ်စားသလိုပါပဲတဲ့လေ။ ဒါကြောင့် Branded ဖက်ရှင်တွေလည်း ရောင်းရပါတယ်တဲ့။ တစ်အိမ်ထဲမှာ ဧည့်သည်လာလို့ အမျိုးသား၊ အမျိုးသမီးတွေ စုနေကြရင် တစ်နေရာဆီခွဲပြီး နေကြရတယ်ပြောတယ်။ လင်မယားတောင်မှ ထိုင်မယ်ဆိုရင် သက်သက်စီ ထိုင်ကြရတယ်ပြောပါတယ်။ ကျွန်တော်က တကယ်လို့ ယောကျာ်းက မိန်းမကို မေးမယ်။ မိန်းမက ယောကျာ်းကို တစ်ခုခု မေးမယ်ဆို ဘယ်လိုလုပ်သလဲဆိုတော့ ဒီအတိုင်းပဲ အော်ပြောကြရတယ်တဲ့။ စဉ်းစားမိသေးတာက မျက်နှာတွေဖုံး၊ တကိုယ်လုံးဖုံးထားတော့ ကိုယ့်မိန်းမကိုယ်တောင် အဝေးကဆို မှတ်မိပါ့မလားပေါ့။ ဈေးဝယ်ထွက်ရင်း နေ့လည်ခင်း ဗိုက်ဆာတော့ ကျွန်တော်တို့ အောက်ထပ်မှာ ရှိတဲ့ စားသောက်တန်းကို လာခဲ့ကြတယ်။ စားသောက်တဲ့နေရာအကျယ်ကြီးမှာ ဒေသစာ စားမလား။ နိုင်ငံတကာက အစားအသောက်တွေ စားမလား။ အာရှစာ စားမလား အစုံရှိနေတယ်။ ကျွန်တော်တို့ကတော့ ရောက်တုန်းရောက်ခိုက် ဒီဘက်ဒေသက အစားအစာလေးတွေ ရွေးစားကြည့်တယ်။ ဒန်ပေါက်တို့ ဘာတို့ အတော်စားကောင်းတယ်ဗျ။ ကျွန်တော်တို့ဆီကနဲ့ မတူဘူး။ ဆီမပါသလောက်ဖြစ်နေပေမဲ့ အရသာရှိနေတယ်။
The Dubai Mall The Dubai Mall
ကမ္ဘာအမြင့်ဆုံး Burj Khalifa အဆောက်အဦးပေါ်တက်မယ်

ဒီ Burj Khalifa အဆောက်အဦးက ဆောက်ထားတာ မကြာသေးဘူး။ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိ တည်ဆောက်ချိန်ကာလ ၂ နှစ်အတွင်း ကျွမ်းကျင်အင်ဂျင်နီယာ ၃၈၀ ဦးနဲ့ အထပ်ပေါင်း ၁၆၀ မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး အဆောက်အဦးကို တည်ဆောက်ပြလိုက်တာပါ။ ကမ္ဘာ့အမြင့်ဆုံး ဓါတ်လှေကားထည့်သွင်းထားနိုင်တာကလည်း ထူးခြားမှုပါပဲ။ နေ့စဉ် ခရီးသွားဧည့်သည်တွေနဲ့ ဒေသခံတွေ ဒီ Burj Khalifa အဆောက်အဦးကို လာရောက်တန်းစီနေကြတဲ့ အဓိက အကြောင်းရင်းက ၁၂၄ ထပ်မှာ ရှိတဲ့ At the Top, Burj Khalifa နေရာကို သွားချင်ကြလို့ပါ။ ဒီနေရာကို သွားဖို့ လက်မှတ်တွေ ကြိုတင် Booking ယူထားရပါတယ်။ ညနေချိန်မှာ နေဝင်ချိန်ကို ကြည့်နိုင်ဖို့ အများစုက ဒီနေရာကိုလာကြပါတယ်။ ဒီနေရာကို သွားဖို့ Dubai Mall ရဲ့ စားသောက်တန်းကနေ သွားရပါတယ်။ ထုံးစံအတိုင်း တန်းစီရတာ ရှည်တယ်။ လူတွေများတယ်။ အမှတ်တရပစ္စည်းတွေ ရောင်းချင်တော့ တစ်ဖွဲ့ချင်းစီ ဓါတ်ပုံတွေ အတင်းရိုက်ခိုင်းတယ်။ ဒါလေးတွေတော့ သည်းခံရတယ်ပေါ့နော်။ အထုတ်အပိုးတွေ၊ ဈေးဝယ်ထားတာတွေနဲ့ ပေးမတက်ပါဘူး။ ဓါတ်ပုံသမားတွေဆိုရင်တော့ ယူသွားလို့ရတယ်။ တစ်ကိုယ်ရေ ကျောပိုးအိတ်လောက်တော့ ပေးသယ်ပါတယ်။ လုံခြုံရေးအရတော့ စစ်ဆေးပါတယ်။ အဲ့ဒီ "At the Top, Burj Khalifa" ကို ရောက်ဖို့အတွက် ဓါတ်လှေကားစီကိုတောင် အတော်လေး သွားကြရပါတယ်။ လမ်းမှာ စိတ်ဝင်စားစရာလေးတွေ ဖန်တီးပေးထားလို့ မပြင်းရဘူး။ တီဗီလေးတွေကနေ အဆောက်အဦးနဲ့ ပတ်သက်တာတွေ အချက်အလက်စုစည်းပြောပြပေးနေတယ်။ Lightbox တွေ X-Banner တွေနဲ့ ပြပေးတယ်။ ဒီလိုသွားနေရင်းနဲ့ပဲ ၁၂၄ ထပ်ကို တက်မဲ့ ဓါတ်လှေကားဆီ ရောက်လာတယ်။ လူတွေများချက်။ တန်းစီနေကြရတယ်။ ဓါတ်လှေကား ၃ စီးလောက်တွေ့တယ်။ တစ်ခါတက်သွားလိုက် တစ်ခါဆင်းလာလိုက်နဲ့ လူတွေမှ အများကြီး။ ခုစာဖတ်ရင်းနဲ့ စဉ်းစားနေပြီမို့လား ၁၂၄ ထပ်ကို ဘယ်လောက် အချိန်ကြာမလဲ ဆိုတာ။ ဒါကြောင့်လူတွေ အရမ်းတန်းစီနေရတာဖြစ်မယ်လို့ တွေးကောင်းတွေးနေမယ်။ တကယ်က အဲ့ဒီ ၁၂၄ ထပ်အမြင့်ကြီးကို တက်ဖို့ အချိန် ၁ မိနစ် (စက္ကန့် ၆၀) ပဲ ကြာတယ်ဆိုတာပြောရင် မင်းယုံနိုင်ပါ့မလားဘဲ။
At the Top, Burj Khalifa At the Top, Burj Khalifa At the Top, Burj Khalifa
ဓါတ်လှေကားစီးဖို့ တန်းစီနေတဲ့ အောက်မှာ ဓါတ်လှေကားတံခါးပေါ်မှာ ဓါတ်လှေကားရောက်နေတဲ့အထပ် Countdown လေးကို လေဆာမီးလေးနဲ့ အလှဆင်ပြပေးနေတယ်။ အဲ့ဒီနံပါတ်ကို ကြည့်တာနဲ့ အပေါ်ရောက်သွားပြီ။ အောက်ဆင်းလာနေပြီ ဆိုတာ သိသာတယ်။ Countdown က ၁ ကနေ ၁၂၄ ထိပဲ။ ကျွန်တော်တို့အလှည့်ရောက်လို့ ဓါတ်လှေကားထဲဝင်တော့ နည်းနည်းတော့ လန့်သလိုလိုရှိမိသား။ တံခါးပိတ်လိုက်တာနဲ့ မှောင်သွားတယ်။ စထွက်ခါနီးတာနဲ့ လေးဘက်လေးလံက နံရံတွေကနေ ရောင်စုံမီးလေးတွေက သီချင်းသံစဉ်လေးနဲ့ ကစားပြသွားတာ၊ ဓါတ်လှေကားထဲ ရောက်နေလား၊ ကလပ်ထဲရောက်သွားသလား တွေးရင်း ပျော်လာတယ်။ စက္ကန့် ၆၀ ဆိုတာ ဘယ်လိုကုန်သွားမှန်းလဲ မသိ။ မူးတာ၊ ရင်တုန်တာလဲ မရှိဘဲ ၁၂၄ ထပ်ကို ရောက်သွားတယ်။ ၁၂၄ ထပ်မှာ ရှုခင်းကြီးက "Wow" လို့ အော်ရလောက်အောင် လှတာ။ ကမ္ဘာကို အပေါ်စီးကနေ ကြည့်နိုင်တဲ့ အဆောက်အဦးတစ်ခုပါပဲ။ နေဝင်ချိန်ကို ခံစားရတာ အရမ်းလှတယ်။ ရှေ့မှာရှိနေတဲ့ သမုဒ္ဒရာကြီး၊ လူလုပ်ထားတဲ့ ကျွန်းပေါ်က ခေတ်မီတိုးတက်လွန်းတဲ့ မြို့ပြ တိုက်တာ။ အရာအားလုံးဟာ အံ့သြမှင်သက်စရာတွေချည်းပါပဲ။ အပြင်ကို ထိုးဖောက်မြင်နိုင်ပေမဲ့ အရမ်းလုံခြုံတဲ့ မှန်ထူထူကြီးတွေက အသည်းတယားယားနဲ့ ကြည့်ရှုသူကို ခံစားမှုပေးတယ်။ ၃၆၀ ဒီဂရီ အပြည့် မြို့အနှံ့ကို ကြည့်နိုင်တဲ့နေရာပါ။ ညဘက်ဆို ဒီ အဆောက်အဦးက မီးပျောက်လေးတွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် နဲ့ တကယ့်ကြယ်စုံတဲ့ညတစ်ခုကို ခံစားရသလို အဝေးကနေကြည့်ရင် ခံစားမြင်တွေ့နိုင်ပါတယ်။ At the Top ကိုလာကြတဲ့ အဓိကအကြောင်းရင်းကတော့ အပေါ်စီးကနေ ဒူဘိုင်းမြို့ရဲ့ အလှအပကို ခံစားဖို့၊ နေဝင်ချိန်နဲ့ နေထွက်ချိန်ကို ခံစားကြဖို့ အဓိကပါ။ တခြားအနေနဲ့ စိတ်ဝင်စားစရာကောင်းအောင် နည်းပညာနဲ့ ပေါင်းစပ်ထားတဲ့ ဒူဘိုင်းမြင်ကွင်းတွေ ကြည့်နိုင်မဲ့ တီဗီတွေရှိတယ်။ နားနေခန်း ကို တစ်ခုနဲ့တစ်ခု ပုံစံမတူအောင် ဖန်တီးထားတာတွေ ရှိတယ်။ ဒီနေရာရောက်ကြောင်း အမှတ်တရ ဓါတ်ပုံရိုက်နိုင်တဲ့ Photo Booth လေးတွေရှိတယ်။ အဲ့မှာ ရိုက်ဖို့က အတော်တန်းစီရပြီး ပိုက်ဆံလည်း ပေးရပါတယ်။ အချိန်ခဏလေးတွင်းမှာ ပုံထုတ်ပေးနိုင်လို့ အပေါ်ကနေ အောက်ဆင်းသွားရင် ကိုယ့်ပုံလေးက ဘောင်သွင်းပြီးသားလေး တန်းယူရုံပဲ။ အမှတ်တရပစ္စည်းဆိုင်လေးတွေ ရှိတယ်။ ဒီအဆောက်အဦးကိုပဲ ကော်ရုပ်၊ သစ်သားရုပ်၊ စတီးရုပ် စသဖြင့် အရွယ်အစား အမျိုးမျိုးပုံဖော်ထားတာတွေ ရောင်းတယ်။ ပန်းချီကား၊ ဓါတ်ပုံ၊ ပို့စကတ်နဲ့ သော့ချိတ်လေးတွေ လုပ်ရောင်းတယ်။ စုံစိနေတာပဲ။ ဈေးတော့ အတော်ကြီးပါတယ်။ ဒါနေရာလေးတွေကို မဖြစ်မနေ ဖြတ်သွားရအောင် အဆောက်အဦးပုံစံထွင်ထားတယ်ပြောရမလားဘဲ။ အဲ့ဒီကနေစပြီး ဓါတ်လှေကားစီးပြီးအောက်ဆင်းဖို့ကို အတော်လေး တန်းစီကြရပြန်တယ်။ လူတွေများလို့ အတန်းက အရှည်ကြီးဖြစ်နေတာ။ အဲ့ဒါကြောင့်လည်း အပေါ်မှာ ရိုက်တဲ့ပုံက အောက်မှာ ယူလို့ရတဲ့အထိ ဖြစ်နေတာနေမယ်။
ကျွန်တော်ကတော့ ဒီ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးရဲ့ ၁၂၄ ထပ်ကနေ ကမ္ဘာကြီးကို မြင်ကြည့်ရတဲ့အရသာကို မေ့ပစ်လိုက်ဖို့ အတော်ခက်ဦးမယ်။
At the Top, Burj Khalifa At the Top, Burj Khalifa At the Top, Burj Khalifa At the Top, Burj Khalifa At the Top, Burj Khalifa At the Top, Burj Khalifa
ကနေတဲ့ ရေပန်းကို ညစားစားရင်း ကြည့်နိုင်တယ်

အဲ့ဒီအဆောက်အဦးနဲ့ Dubai Mall နဲ့ဟာ ဆက်လျက် ရှိနေပြီးတော့ အဲ့ဒီကနေ အပြင်ကို လမ်းနည်းနည်းထွက်လျှောက်လိုက်တာနဲ့ Shopping Mall လေးတစ်ခုကို ထပ်တွေ့ပါမယ်။ သူ့ဆီသွားနေတဲ့လမ်းမှာ တံတားလှလှလေးတစ်ခုကို ဖြတ်ရတယ်။ တံတားပေါ်ကနေ Burj Khalifa အဆောက်အဦးကြီးရဲ့ အလှကို ထိပ်ဆုံး အောက်ဆုံး အဝေးကနေ လှမ်းမြင်နိုင်လို့ ဒီနေရာလေးကို လာကြတဲ့သူလည်း မနည်းဘူး။ ဓါတ်ပုံရိုက်လို့ ကောင်းတယ်လေ။ အဲ့ဒီနေရာရဲ့ တစ်ဖက်ကို ထွက်လိုက်တာနဲ့ Serifina ဆိုတဲ့ စားသောက်ဆိုင်လေးရှိတယ်။ Fine Dinning ဆိုင်လေးမို့လို့ အရမ်းတော့ ဈေးကြီးတယ်။ ဒါပေမဲ့ စားကောင်းပြီး နေရာ Booking ကြိုယူထားရင် ရေပန်းကတာကို အနီးဆုံးမြင်ရမဲ့ အပြင်ဘက်စားပွဲလေး ရနိုင်တယ်။ အဲ့ဒီကနေ ညစာစားရင်း The Dubai Fountain ကို အားပေးနိုင်တာပေါ့။ ညစာမစားဘဲ အခမဲ့ ကြည့်လို့လည်း ရပါတယ်။ အဲ့ဒီနားမှာ လမ်းလျှောက်ဖို့နေရာလှလှလေးတွေရှိတယ်။ ခုံတန်းလေးတွေရှိတယ်။ နိုင်ငံခြားသားအများစု ဒီလိုပဲ လာပြီး ကြည့်ကြ ပျော်ကြပါတယ်။ လမ်းမှာ ဘီယာ အရက် ဆေးလိပ်သောက်တာ တားမြစ်ထားတာမို့ အေးအေးချမ်းချမ်းလေး ပျော်နိုင်တယ်။
The Dubai Fountain The Dubai Fountain The Dubai Fountain The Dubai Fountain
အခြားလည်ပတ်စရာနေရာများ
ဒူဘိုင်းမှာ ခု ကျွန်တော်ပြောခဲ့တဲ့ နေရာလေးတွေအပြင် (ရှေ့က ရေးခဲ့ပြီးသားနေရာတွေပါ အပါအဝင်ပေါ့နော်) ထပ်ပြီး သွားလည်သင့်တဲ့ နေရာလေးတွေက
Dubai Gold Souk (ရွှေတွေ အတုံးလိုက် အတစ်လိုက် မမြင်ဘူးသမျှတွေ အံ့သြတကြီး မြင်ရမဲ့ ရွှေဈေးကြီးပေါ့။)
Dubai Creek (မြို့သစ်နဲ့ မြို့ဟောင်းလေးကို ရေငန်ချောင်းလေး ဖြတ်ပြီး သင်္ဘောစီးရတာလည်း အရမ်းပျော်ဖို့ကောင်းတယ်)
Dubai Dolphinarium (လင်းပိုင်လေးတွေရဲ့ ချစ်စရာပြကွက်လေးတွေကို မြင်ကြရမဲ့နေရာပါ။)
Wild Wadi Waterpark (စွန့်စားခန်းလေးတွေနဲ့ ရေဥယျာဉ်)
Ski Dubai (အပူပိုင်းဒေသမှာ နှင်းတွေနဲ့ Skiing လုပ်ချင်သူများအတွက် တကယ်ကို ရေခဲတောင်ပေါ်ရောက်သွားသလို ဖြစ်သွားမဲ့နေရာပေါ့။)
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments