top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

အချစ်ကြောင့်ဖြစ်တည်သော အလွမ်းဗိမ္ဗာန် Taj Mahal

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 8, 2021
  • 3 min read

တာ့ချ်မဟာ (Taj Mahal) ကို အချစ်ကြောင့်ဖြစ်တည်သော အလွမ်းဗိမ္ဗာန် လို့ တင်စားရင် လွန်တယ် မထင်ပါနဲ့နော်။ တေးရေး မင်းချစ်သူ ရေးပြီး၊ ဆုန်သင်းပါရ် ဆိုဖူးတဲ့ သီချင်းစာသားလေး ခုထိ စွဲနေတယ်။

“ကွေကွင်းသွားမှ လွမ်းကြမဲ့အစား...

ဆုံနိုင်တုန်း ချစ်ကြမယ်...

အိန္ဒိယက အလွမ်းဗိမ္ဗာန်မျိုး

တည်ဆောက်ပြီး မလွမ်းနဲ့ကွယ်...”


တာ့ချ်မဟာ (Taj Mahal) အလွမ်းဗိမ္ဗာန် ခရီးစဉ်ကို ဒီကနေသွားရင် ဗုဒ္ဓဂါယာဘုရားဖူးခရီးစဉ်တွေမှာ အများဆုံး ထည့်သွင်းပေးတတ်တယ်။ နောက်ပိုင်းတော့ ကက်ရှ်မီးယားခရီးစဉ်တွေမှာပါ ထည့်သွင်းရေးဆွဲလာကြတာကို သတိပြုမိပါတယ်။ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်းဝင် ဒီ ဗိမ္ဗာန်ကြီးဟာ အတွင်းပိုင်းမှာတော့ ထူးခြားမှုမရှိဘူး ထင်ရပေမဲ့ အဆောင်အဦးကြီးတစ်ခုလုံးတည်ဆောက်မှုအပိုင်းနဲ့ရော၊ ဒါကြီးဖြစ်ပေါ်လာစေတဲ့ နောက်ခံဇာတ်ကြောင်းတို့ကတော့ ဒီဗိမ္ဗာန်ကြီးဆီကို လာချင်စိတ် နိုးဆွပေးလွန်းပါတယ်လေ။ ဒီ Taj Mahal ဆီကို ကျွန်တော်ကတော့ ကက်ရှ်မီးယားခရီးစဉ်အပြီးမှာ ရောက်ခွင့်ကြုံခဲ့တာပါ။ အမြဲလိုလို ခရီးသွားဧည့်သည်တွေ ပြည့်နေတတ်ပြီး မနက်ပိုင်းနေထွက်ချိန်အလှကို မှတ်တမ်းတင်လိုသူများကြောင့် မနက်အစောပိုင်းကတည်းကကို တန်းစီစောင့်ဆိုင်းယူရတဲ့အထိပါပဲ။


မာတိကာ


Taj Mahal အလွမ်းဗိမ္ဗာန် ဖြစ်တည်လာပုံ

တကယ်တော့ ဒီဗိမ္ဗာန်ဖြစ်တည်လာပုံဟာ အိန္ဒိယဇာတ်ကားတွေထဲကအတိုင်း တကယ်ကို ရှုပ်ထွေးတာပါ။ နန်းတွင်းအရှုပ်အထွေးတွေကြားက အချစ်နဲ့ အလွမ်းဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။ အိန္ဒိယဟာ ဟိန္ဒူနဲ့ အစ္စလာမ်ဘာသာတွေ ကိုးကွယ်တည်ရှိရာဖြစ်နေပြီး အစ္စလာမ်ဘာသာဝင်တွေက အုပ်ချုပ်ခံလူတန်းစား ဖြစ်နေကြပါတယ်။ ဒီဇာတ်လမ်းရဲ့ အစကတော့ ဒီဗိမ္ဗာန်ကြီးကို တည်ဆောက်ခဲ့တဲ့ ဘုရင်ကြီး Shah Jahan ရဲ့ မိထွေး Nur Jahan ပါ။ အိန္ဒိယနန်းတွင်းမှာ အမျိုးသမီးတွေရဲ့ အနုအင်အား ကြီးမားပုံကို သူ့မိထွေးတော်က ပြသခဲ့တယ်ဆိုရမယ်။ ခု Taj Mahal အဆောက်အဦးပုံစံဟာ ဘုရင်ကြီးရဲ့မိထွေးတော် Nur Jahan က သူ့အဖေအတွက် ဆောက်ပေးခဲ့တဲ့ I’timad-ud-Daulah ဂူဗိမ္ဗာန်နဲ့ တထပ်တည်းတူညီပြီး အကြီးအသေးပဲ ကွာခြားလောက်အောင် ဘုရင်ကြီးအပေါ် လွှမ်းမိုးမှု ရှိခဲ့တယ်လို့ ဆိုကြပါတယ်။ ဒါကို Baby Taj Mahal အဖြစ် ဒီနေ့ ပြစားနေကြပါတယ်။ Nur Jahan ဟာ လည်လွန်းလို့ ချီးသင့်ခဲ့တဲ့ ဘီး လို့ ဆိုခဲ့ကြတယ်။ နန်းတော်တစ်ခုလုံးကို စီမံအကွက်ချနိုင်ခဲ့ပေမဲ့ လင်ပါ သားတော်မောင်တွေကို အရေးမပေးဘဲ သားမက်ကို နန်းတင်မဲ့အရေးမှာ သားတော်မောင်တွေက ပုန်ကန်တယ်။ ဒါနဲ့ သားတော်မောင်တွေထဲက အထွေးဆုံး Shah Jahan ကို သူ့ရှေ့က နတ်ရွာစံဖခင်ကြီးနန်းတင်ခဲ့တဲ့ အကိုကြီးကို ကျော်လို့ နန်းတင်နိုင်အောင်ထိ စွမ်းခဲ့တယ်။ Shah Jahan ကို Nur Jahan ကိုယ်တိုင်ကပဲ သူ့တူမ Mumtaz Mahal နဲ့ လက်ဆက်ပေးခဲ့တာဆိုတော့ကာ သူသိပ်တော်လွန်းခဲ့တယ်လေ။


ဒီ Taj Mahal ဆိုတဲ့ ဂူဗိမ္ဗာန်ကြီးက Shah Jahan က သူ့မိန်းမ Mumtaz Mahal အတွက် ရည်စူးခဲ့တာပေါ့။ ၁၃ နှစ်နဲ့ အိမ်ထောင်ကျခဲ့ပြီး ကလေး (၁၃) ယောက် မွေးခဲ့ရပြီး (၃၉) နှစ်အရွယ်မှာ (၁၄) ယောက်မြောက်ကလေးကို မွေးအပြီးမှာပဲ ကံကုန်ခဲ့ရတဲ့ မင်းသမီး Mumtaz Mahal အတွက် ရည်စူး တည်ဆောက်ခဲ့တာပါ။ သူဟာ သား (၈) ယောက်နဲ့ သမီး (၆) ယောက် မွေးဖွားခဲ့တယ်လို့ ဆိုရပါမယ်။ ကလေးတိုင်းကတော့ အဖတ်မတင်ပါဘူး။ တချို့က အသေမွေးတာ၊ မွေးပြီးသေတာ နဲ့ တချို့က ခပ်ငယ်ငယ်မှာပဲ အသက်ဆုံးပါးတာတွေ ရှိတယ်လို့ ဆိုပါတယ်။ Shah Jahan ဟာ သူ့အတွက် ဂူဗိမ္ဗာန်ကြီးကို ယမုံနာမြစ် တစ်ဘက်ကမ်းမှာ အနက်ရောင် မာဘယ်လ်ကျောက်တွေနဲ့ သူ့အမျိုးသမီး ဂူဗိမ္ဗာန်နဲ့ ဆန့်ကျင်စွာ Black Taj Mahal အနေနဲ့ ဆောက်လုပ်တုန်း လွန်သွားခဲ့တယ်ဆိုရမယ်။ ဒီဂူဗိမ္ဗာန်ကတော့ Foundation အဆင့်လောက်ပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒီဘက် Mumtaz Mahal အတွက် ဆောက်လုပ်ထားတဲ့ အဖြူရောင်မာဘယ်လ်ကျောက်နဲ့ ဗိမ္ဗာန်ကြီးက မဂိုဘုရင်တွေ ဘယ်လောက် ချမ်းသာတယ်ဆိုတာ ခန့်မှန်းကြည့်နိုင်လောက်အောင် ထူးခြားပါတယ်။ သုံးထားတဲ့ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ ကောင်းမွန်လွန်းလို့ နှစ်ပေါင်း ၅၀၀ ကျော်ကြာတာတောင် အရောင်မမှိန်ဘဲ ရှိနေခဲ့တာပါ။ ဒါတောင် ခုတလောမှာ အရောင်ပြောင်းလာလို့ဆိုပြီး ပိုတင်းကြပ်တဲ့ စည်းကမ်းအသစ်တွေနဲ့ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို စစ်ဆေးနေကြတယ်။


Taj Mahal အတွင်းမှာ ဘာရှိလဲ

တကယ်က အုတ်ဂူ လေးလုံးပဲ ရှိပါတယ်။ အဆောက်အဦးသာ ကြီးမားတာ၊ ဝင်ပြီးကြည့်စရာက နည်းနည်းသေးသေးရယ်။ အတွင်းမှာ လူတိုင်းဝင်ခွင့်ပြုတဲ့နေရာအဝိုင်းတစ်ခုရှိပြီး အထဲမှာ အုတ်ဂူ နှစ်လုံးပြထားတယ်။ ဘုရင်ကြီး Shah Jahan ရဲ့ အုတ်ဂူ နဲ့ Mumtaz Mahal ရဲ့ အုတ်ဂူ။ နည်းနည်းသေးတာက မိဖုရားဟာပေါ့နော်။ အတွင်းဘက်မှာ အစောင့်တွေ ရှိနေတယ်။ အုတ်ဂူဝန်းကျင်ကို သံတန်းတွေနဲ့ ကာထားတယ်။ အတွင်းကို ဝင်ကြည့်ပါဆိုပြီး အစောင့်တွေ အတင်းခေါ်လိမ့်မယ်။ ကြည့်ပြီးရင် သူတို့ မုန့်ဖိုးတောင်းလိမ့်မယ်။ တကယ်က ဝင်ကြည့်လည်း မထူးဘူး။ အဲ့ဒါ အုတ်ဂူအစစ်တွေလည်း မဟုတ်ပါဘူး။ အုတ်ဂူအစစ်က အဲ့ဒီအဆောက်အဦးရဲ့ အောက်ထဲမှာ။ အဝင်ပေါက်ကနေ ဝင်လာရင် အဆောက်အဦးအောက်ဘက် သွားတဲ့လမ်းကြောင်းလှေကားတစ်ခုကို ပိတ်ထားတာ တွေ့ရမယ်။ အဲ့ဒီကနေဝင်ရတယ်လို့ ဆိုကြတယ်။ အုတ်ဂူအစစ် နှစ်လုံး ရှိပြီး၊ အဲ့ဒီ အုတ်ဂူနှစ်လုံးကိုတော့ သူတို့သတ်မှတ်ထားတဲ့ အခါကြီးရက်ကြီးတချို့မှာပဲ ဖွင့်လှစ်ပြသတယ်လို့ သိရတယ်။ ဘယ်ရက်တွေလည်းတော့ ကျွန်တော်လည်း မသိဘူးရယ်။


Taj Mahal ဆီ ဘယ်လိုသွားကြလဲ

ရန်ကုန်ကနေ Air India, Jet Airways, MAI နဲ့ THAI Airways တွေကို စီးပြီး ကြားမှာ Gaya, Kolkata, Bangkok တွေမှာ ခရီးတစ်ထောက်နား လေယာဉ်ပြောင်းစီးပြီး Delhi လေဆိပ်ကို သွားကြရမှာပါ။ အတိုဆုံးခရီးစဉ်က Air India နဲ့ Gaya လေဆိပ်ကနေ တဆင့်သွားတဲ့လမ်းကြောင်း ဖြစ်ပြီး ၄ နာရီခွဲ လောက် လေယာဉ်စီးရပါတယ်။ ဘန်ကောက်ကတဆင့်စီးတဲ့ THAI Airways နဲ့ဆိုရင်တော့ ၇ နာရီခွဲ လောက် ကြာမြင့်နိုင်ပါတယ်။ ရန်ကုန်ကနေ Delhi လေဆိပ်ရောက်တဲ့အထိ ခန့်မှန်းကြာချိန်တွေပါ။ Taj Mahal ရှိရာ Agra (အာဂရာ) နယ်ကိုတော့ နယူးဒေလီ Delhi လေဆိပ်ကနေ ကားပြန်စီးရပါတယ်။ ကားမောင်းချိန် ၃နာရီခွဲ ရှိပါတယ်။


Taj Mahal ဝင်ကြေး

ဒီအဆောက်အဦးကို ဝင်ရောက်ကြည့်ရှုလေ့လာဖို့အတွက် ဝင်ကြေးပေးဆောင်ရပါတယ်။ နိုင်ငံခြားသား တစ်ဦးကို ရူပီး ၁,၀၀၀ ပေးရပါတယ်။ ဒေါ်လာနဲ့ဆိုရင် $15 လောက် ကျသင့်သွားမှာပါ။ Tour တွေနဲ့သွားရင်တော့ သူတို့ Package ထဲမှာ ပါဝင်တွက်ချက်ထားပြီးသား ဖြစ်တတ်ပါတယ်။ Taj Mahal မှာ ဝင်ကြေးဆောင်တဲ့အခါ မြန်မာပတ်စပို့ ပြရင် ရူပီး ၅၀၀ ပဲ ပေးရမယ်။ တစ်ရက်တည်းမှာ Agra Fort သွားခဲ့ရင် အဲ့မှာ ဝင်ကြေးက ၄၀ ပဲ ပေးရမယ်။ ကျန်တဲ့ တခြား Fort တွေမှာတော့ ၅၀ ပဲ ပေးရတတ်ပါတယ်။


ဖွင့်ချိန် ပိတ်ချိန်

အရမ်းတိကျစွာပဲ ဗိမ္ဗာန်ဆီဝင်တဲ့ ရှေ့ဂိတ် နဲ့ နောက်ဂိတ်တွေကို နေမထွက်ခင် မိနစ် (၃၀) အလိုမှာ ဖွင့်ပြီး နေမဝင်ခင် မိနစ် (၃၀) အလိုမှာပိတ်ပါတယ်။

လက်မှတ်အရောင်းကောင်တာတွေကိုလည်း ထိုနည်းတူ နေမထွက်ခင် တစ်နာရီအလိုမှာ ဖွင့်ပြီး နေမဝင်ခင် (၄၅) မိနစ် အလိုမှာ ပိတ်ပါတယ်။

တောင်ဘက် ဂိတ် ကတော့ မနက် (၈) နာရီမှာ ဖွင့်ပြီး ညနေ (၅) နာရီမှာ ပိတ်တယ်။

Taj ပြတိုက် ကိုတော့ မနက် (၉) နာရီမှာ ဖွင့်ပြီး ညနေ (၅) နာရီမှာ ပိတ်ပါတယ်။


လုံခြုံရေးတင်းကြပ်တဲ့ အဝင်

အတွင်းကို ဝင်ဖို့ အတော်အတန် စိတ်ရှည်ရှည်တော့ တန်းစီယူရပါတယ်။ အမျိုးသားတွေအတွက်ကတော့ ပိုပြီးအဆင်ပြေတယ်။ စစ်ဆေးချိန်မကြာဘူး။ တတ်နိုင်သမျှ ကျောပိုးအိတ်နဲ့အထုပ်အပိုးတွေ ယူဆောင်မသွားရင် မြန်မြန်ပြီးနိုင်တယ်။ အမျိုးသမီးတွေကို စစ်ဆေးချိန်က အတော်လေး ကြာပါတယ်။ စောစော မသွားခဲ့ရင် ပိုကြာပြီး နေ့လည်အပူချိန်နဲ့ဆို စိတ်ညစ်သွားနိုင်ပါတယ်။


ရာသီဥတု

အတော်ပူပါတယ်။ မနက်ခင်းမှာတော့ လူအုပ်ကြီးနဲ့ ချွေးတွေစို့နေတတ်တယ်။ မနက်ခင်း နေထွက်ချိန်အလှကို ဓါတ်ပုံရိုက်၊ လူအုပ်ကြီးရှောင်ရင်း၊ ရာသီဥတုပါ သိပ်မပူသေးတဲ့ မနက်စောနိုင်သမျှ စောစောသွားတာ အကောင်းဆုံးပါ။


ဆောင်ရန်၊ ရှောင်ရန်များ

ခရီးသွားတွေ သိထားသင့်တာက ဒီ Taj Mahal ကို အလည်လာမယ်ဆိုရင် သူတို့ဆီက ဝန်ဆောင်မှုပေးမှာက ဖိနပ်ကို အပေါ်ကနေ ထပ်အုပ်ပြီး စွပ်ရတဲ့ ဖိနပ်အစွပ် (ဖုန်သဲတွေ အဆောက်အဦးထဲ မပေအောင်ရယ်၊ ခရီးသွားတွေလည်း ဖိနပ်ချွတ်စရာ မလိုအောင်ပေါ့နော်။) ရေသန့်ဘူးသေး တစ်ဘူး နဲ့ မြေပုံစာရွက်တွေ ပေးတတ်ပါတယ်။ ဟိုးလမ်းမဘက်ကနေ အတွင်း လက်မှတ်ဂိတ်အထိကို ဘတ်စ်ကားငယ်လေးတွေ အခမဲ့စီးနင်းလို့ရတယ်။ အိန္ဒိယထုံးစံအတိုင်း Tip Money လေးတော့ ဆောင်ထားရတတ်တယ်။ တခြား ရှောင်သင့်တာတွေက -

  • အစားစားတာ နဲ့ ဆေးလိပ်သောက်တာတွေ

  • အရက်သေစာသောက်စားတာ နဲ့ မူးယစ်ဆေးဝါးသုံးစွဲတာတွေ

  • ချွန်ထက်တဲ့အရာတွေ ဆောင်ယူလာတာနဲ့ တခြား မိုဘိုင်းဆက်စပ်ပစ္စည်းတချို့

  • ဖုန်းပြောတာမလုပ်ဘဲ ဖုန်းပိတ်ထားဖို့

  • Tripod ယူဆောင်လာတာလည်း မရပါဘူး။ (Selfie Stick တော့ ခွင့်ပြုတယ်)

  • ကင်မရာ ယူဆောင်ခွင့်ရတယ်။

  • နံရံတွေနဲ့ အဆောက်အဦးကိုကိုင်တွယ်တာ ခြစ်တာ တွေ ခွင့်မပြု

  • ဗိမ္ဗာန်အတွင်းမှာ ဓါတ်ပုံနဲ့ ဗီဒီယိုရိုက်ခွင့်မပြု

  • ဗိမ္ဗာန်အတွင်းမှာ ဆူညံခြင်းခွင့်မပြု


ဓါတ်ပုံရိုက်လို့ကောင်းတဲ့ Taj Mahal

ဒီ Taj Mahal ဆီကို သွားတာ အဓိကက သိပ်လှတဲ့ ဓါတ်ပုံကောင်းလေးတွေ ရဖို့ပါ။ မနက်နေထွက်ချိန်နဲ့ ဂူဗိမ္ဗာန်ရဲ့ အလှကို ဖမ်းယူကြဖို့၊ ပြီးတော့ ပန်းခြံ နဲ့ ရေကန် အလှတွေကို ဖမ်းယူကြဖို့ပါ။ ဒါပေမဲ့ မျှော်လင့်ချက်ကြီးရင် ဒါဏ်ရာလည်းကြီးတယ် (ဒါ ရင်ဘတ်ထဲကဓါး ဇာတ်ကားထဲမှာ မခိုင်ကြီး ပြောတဲ့စကား)။ သိပ်မှန်တယ်။ လူသိပ်များလာတာနဲ့အမျှ လူရှင်းတဲ့ ပုံကောင်းရဖို့ သိပ်ခက်ပါတယ်။ ကျွန်တော်တို့ဆိုလည်း အတော် လုယက် ရိုက်ယူခဲ့ရတယ်။ Taj Mahal ဘေးက ယမုံနာမြစ်ထဲကနေ ရိုက်တဲ့ပုံတွေဆိုလည်း သိပ်လှတာ။ ကျွန်တော် ရိုက်ခွင့်မကြုံခဲ့ဘူး။ ဒါကြောင့် ဓါတ်ပုံရိုက်မယ်ဆိုပေမဲ့လည်း ပုံကောင်းကောင်းရဖို့ အရမ်းကြီးတော့ မျှော်လင့်ထားလို့မရဘူးပေါ့။


ဒီတော့ အချစ်ကြီးလို့ အလွမ်းဗိမ္ဗာန်ကြီးတောင် ခမ်းခမ်းနားနား ဆောက်ပေးခဲ့တဲ့ ဘုရင်ကြီးရဲ့ မေတ္တာတရားကို ခံစားရင်း ဂန္ဓဝင်အဆောက်အဦးကြီးဆီကို အလည်သွားဖို့ အိန္ဒိယနိုင်ငံ ကို စဉ်းစားသင့်တယ်။ ဒီတစ်နေရာတည်းမှ မဟုတ်ဘူး၊ အိန္ဒိယမှာ လည်လို့ သိပ်ကောင်းတဲ့နေရာလေးတွေလည်း ရှိနေသေးတယ်ဆိုတာ နောက်ထပ်ပြောပြချင်မိပါသေးတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Saw Kyaw Zin, May Zun Win, Yu Thandar Tin, Su Su Hlaing, Thiha Lu Lin

Camera :: SONY Alpha 7II with 85mm Lens & Yi Action Cam.

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page