Namaste (မင်္ဂလာပါ)!
ပြီးခဲ့တဲ့ ၂၀၁၈၊ ဖေဖော်ဝါရီလ က ကျွန်တော်ရဲ့ အိန္ဒိယခရီးစဉ်မှာ ကျွန်တော် အရမ်းရောက်ဖူးချင်နေခဲ့တဲ့ ပန်းရောင်မြို့တော်လေးဆီကို ရောက်ခွင့်ကြုံခဲ့ရပါတယ်။ ပန်းရောင်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတဲ့ Jaipur မှာ ကျွန်တော်မျှော်လင့်ထားတာက ပန်းရောင်တိုက်တာ အဆောက်အဦးတွေ အများကြီးတွေ့ရမယ် ထင်ထားပေမဲ့ လိမ္မော်နုဘက်သန်းတဲ့ အရောင်လေးတွေ တစ်မြို့လုံး ဖြစ်နေတယ်လို့ ထင်မိပါတယ်။ ဒါကို ပန်းရောင်လို့ သူတို့ခေါ်သလားတော့ သိပ်မပြောတတ်ပါဘူး။ တစ်မြို့လုံးကို ခြုံကြည့်ရင်တော့ ချစ်စရာအရောင်နုလေးတွေနဲ့ ပန်းရောင်မြို့တော်လေးလို့ တင်စားထိုက်တယ် မြင်မိပါတယ်။
Jaipur ဟာ တခြား အိန္ဒိယမြို့တွေနဲ့ ကွဲပြားတဲ့ လူနေထိုင်မှုပုံစံ၊ ယဉ်ကျေးမှု နဲ့ ဗိသုကာတွေကို ပိုင်ဆိုင်ထားပါတယ်။ မြို့တော်တွေလောက် အညစ်အကြေးနဲ့ လူမြင်မတင့်တာမျိုး မရှိဘဲ၊ အတော်လေး သန့်ရှင်းနေတာ သတိပြုမိတယ်။ သမိုင်းကြောင်းတွေအရ အရေးပါတဲ့ အဆောက်အဦးအများအပြားနဲ့ ဒီမြို့ဟာ နိုင်ငံခြားသားခရီးသွား များပြားပြီး နေထိုင်ရတာ ပိုပြီး လုံခြုံသလို ခံစားရပါတယ်။ အစားအသောက်ရွေးချယ်စရာလည်း ပိုများပြီး ကျွန်တော်တို့နိုင်ငံသားတွေ ခံတွင်းနဲ့ကိုက်တဲ့ အစားအစာတွေ ရှိပါတယ်။ ဒီအချက်ဟာ ကျွန်တော်တို့ ဒီပန်းရောင်မြို့တော်ကို ပိုပြီး အလည်သွားဖို့ တွန်းအားတွေပါပဲ။
ခရီးစဉ်အတွက် အရေးပါတဲ့အချက်အလက်များ
ဗီဇာ (ပြည်ဝင်ခွင့်)
မြန်မာတွေ ဗီဇာယူရပါတယ်။ ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့်က အိန္ဒိယသံရုံးမှာ ယူရတာပါ။ (၆) လသက်တမ်းကျန်တဲ့ ပတ်စပို့၊ လတ်တလောကူးထားတဲ့ နောက်ခံအဖြူ နဲ့ ပတ်စပို့ပုံ၊ ကိုယ့်ပတ်စပို့ထဲက အချက်အလက်တွေပါတဲ့ စာမျက်နှာကို စကင်န်ဖတ်၊ မိတ္တူကူးထားတာတွေ လိုအပ်ပါတယ်။ iVisa ကနေ လျှောက်ထားမယ်ဆို အွန်လိုင်းငွေပေးချေစနစ် (Credit Card, Debit Card ဒါမှမဟုတ် PayPal account) တွေ ရှိရပါမယ်။ ဗီဇာကြေးကတော့ ပုံမှန် (၉၆) နာရီအချိန်ယူရင် $87၊ အမြန်လိုလို့ (၇၂) နာရီ အချိန်ယူရင် $117၊ အရမ်းအမြန်လိုရင် (၄၈) နာရီ အချိန်ယူပြီး $152 ပေးသွင်းရပါမယ်။ အွန်လိုင်းကနေဆို အွန်လိုင်းကြေးသက်သက်ရှိနိုင်ပါမယ်။ ကျွန်တော့်တုန်းကတော့ ဗီဇာယူတဲ့အခါ ကိုယ်တိုင်သွားပြီး လက်ဗွေနှိပ်၊ ဓါတ်ပုံရိုက်ခံပြီး ပတ်စပို့ပြန်ထုတ်ရပါတယ်။ ခုတော့ မလိုအပ်တော့ဘူးလို့ သိရပါတယ်။
လေယာဉ်
ရန်ကုန်ကနေ ဆို ဈေးသက်သာတာက Air Asia ရှိပါမယ်။ လေယာဉ်နှစ်ဆင့်ကို ဘန်ကောက်ကနေ ပြောင်းစီးရပါတယ်။ ကိုယ်ဝယ်တဲ့အချိန်ပေါ်မူတည်ပြီး အနည်းဆုံး ၈ နာရီ ဝန်းကျင် ကနေ ၁၆ နာရီလောက်ထိ ဖြစ်နိုင်ပါတယ်။ လေဆိပ်မှာ စောင့်ရချိန်တွေပါ ပါဝင်ပါတယ်။ Thai Airways, MAI, Air India တွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ ၆သိန်းခွဲကျပ် ခန့်ကနေ ၁၅ သိန်းကျပ်လောက်အထိ လေယာဉ်ပေါ်မူတည်ပြီး အသွားအပြန်ကို ကုန်ကျနိုင်ပါတယ်။
တည်းခိုရေး
ဈေးနှုန်းအားဖြင့် မြန်မာငွေ ၄ သောင်းကျပ်တန်အခန်းတွေကနေ အစားစား ရှိပါတယ်။ နိုင်ငံတကာမှာ ရှိနေတတ်တဲ့ ဟိုတယ်တွေလည်း ဒီမှာဖွင့်ထားတာ ရှိပါတယ်။ မသွားခင် အင်တာနက် ဒါမှမဟုတ် ဖုန်းအက်ပလီကေးရှင်းကနေ ဘွတ်ကင်တင်သွားနိုင်ပါတယ်။
ငွေကြေး
INR (Indian Rupee) ရူပီးငွေ ကို အသုံးပြုပါတယ်။ မြန်မာငွေ ၁၀၀၀ ကျပ်ကို ၄၅.၆ ရူပီး ရပါတယ်။ ဒေါ်လာနဲ့ဆို တစ်ဒေါ်လာ ကို ၇၁.၉၂ ရူပီး ပေါက်ပါတယ်။
သွားလာရေး
တစ်နေကုန်ကားငှားမယ်ဆိုရင် ကားအကောင်းစားဆို မြန်မာငွေ ၉ သောင်းကျပ်လောက်ထိ ကျသင့်တော့ နည်းနည်းများပါတယ်။ ကျွန်တော်တို့ဆို တုတ်တုတ်နဲ့ သွားလည်ကြတာများတယ်။ ဈေးကတော့ ထုံးစံအတိုင်း ပြောရဆိုရပေါ့နော်။ သူတို့လည်း မူတယ်။ ကိုယ်လည်း သူတို့ထက် ၁၀ ဆ ပြန်မူရပါတယ်။ ဒါဆို အလုပ်ဖြစ်တယ်။ နည်းနည်းဝေးလံတဲ့ Fort လိုမျိုးတွေ သွားဖို့ကျတော့ ကားက မရှိမဖြစ်လိုပြန်ရော၊ ၉ သောင်းလောက်ဆို ၆ ယောက်စီး ရတဲ့အတွက် ကိုယ်က အဖွဲ့လိုက်ဆိုရင်တော့ တန်ပါတယ်။
လာရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်
နိုဝင်ဘာ ကနေ ဖေဖော်ဝါရီလ အတွင်းက အေးတဲ့အချိန်မို့ နေရကောင်းတဲ့အတွက် လည်ပတ်ဖို့ အသင့်ဆုံးပါ။ ၂၂ ကနေ ၂၈ ဒီဂရီဆယ်ဆီယပ်လောက်ပဲ ရှိတတ်ပါတယ်။ မတ် ကနေ ဇူလိုင်လ အတွင်းကတော့ အပူချိန် ၄၅ ဒီဂရီဆယ်ဆီယပ်ဝန်းကျင် ရှိတတ်လို့ အရမ်းပူပြီး လည်ပတ်သူတွေ ပင်ပန်းလွန်းပါတယ်။
Jaipur မြို့ဆိုတာ
အိန္ဒိယနိုင်ငံ Rajasthan ပြည်နယ်ရဲ့ မြို့တော် တစ်ခုဖြစ်ပြီး၊ ဘုရင်တွေ နန်းစံခဲ့တဲ့အရပ်ဖြစ်ပါတယ်။ ၁၇၂၇ ခုနှစ်မှာ တည်ဆောက်ခဲ့ပြီး ခုတော့ မြို့ဟောင်း (ပန်းရောင်မြို့တော်) ဆိုပြီး ခေါ်ဆိုကြပါတယ်။ ပန်းရောင်မြို့တော်လို့ ခေါ်ရတဲ့အဓိက အကြောင်းရင်းက မြို့မှာရှိတဲ့ အဆောက်အဦးတွေရဲ့ အရောင်ကြောင့် ဖြစ်ပါတယ်။ တိုင်လုံးတွေနဲ့ နန်းတော်ရာက ထင်ရှားသလို၊ ဥယျာဉ်တွေ၊ ပြတိုက်တွေ၊ တံတိုင်းတွေလည်း ခုထိ ကြွင်းကျန်နေဆဲ၊ လှပနေဆဲပါ။ ခုနောက်ပိုင်းဆို မြို့တော်ရဲ့ အဆောက်အဦးတိုင်းဟာ သတ်မှတ်ထားတဲ့ အရောင်ပဲ တစ်မြို့လုံးအတိုင်းအတာ သုံးစွဲကြရပြီး၊ မြို့ခံတွေဟာလည်း ကမ္ဘာလှည့်ခရီးသည်တွေဆီက ဝင်ငွေစီးဆင်းမှုများတဲ့အတွက် အသေအချာလိုက်နာ လုပ်ဆောင်လာကြတာ သတိပြုမိပါတယ်။
အထင်ကရ လည်ပတ်သင့်တဲ့နေရာများ
Hawa Mahal
ဒါက မြို့လယ်ကောင်မှာ မြင်တွေ့ကြရမဲ့ ထူးခြားခမ်းနားတဲ့ဗိသုကာရယ် အရောင်အသွေးရယ် ရှိတဲ့ နန်းတော်ကြီးပါ။ ဒီအဆောက်အဦးကြီးကို အနီနဲ့ ပန်းရောင်အသွေးရှိတဲ့ သဲကျောက်တွေနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ဒီနန်းတော်ဟာ City Palace ရဲ့ ထောင့်စွန်မှာ တည်ရှိပြီး ဒီနေရာကနေ မြို့သူမြို့သားတွေ ဖြတ်သန်းသွားလာတာကို ရှုစားခဲ့တယ်လို့ သိရပါတယ်။ မျက်နှာလောက်ပဲ မြင်ရမဲ့ ဖွင့်ပိတ်လို့ရတဲ့ အပေါက်ငယ်လေးတွေကနေ တဆင့်ဖြစ်ပါတယ်။ ၁၇၉၉ ခုနှစ်မှာ မဟာရာဂျာ Sawai Pratap Singh က တည်ဆောက်ခဲ့တာပါ။
ကျွန်တော်တို့ကတော့ အပြင်ဘက်ကနေ ဓါတ်ပုံရိုက်ရတာကို အရမ်းသဘောကျတယ်။ လူတွေ အမြဲ ပြည့်နေတတ်လို့ မနက်စောစော သွားပါ။ အဆောက်အဦးကို ကိုယ်နဲ့ အနီးကပ် ရေပြင်ညီ တစ်ပြေးတည်း ရိုက်ချင်ရင် အဲ့ဒီနန်းတော်ရဲ့ တစ်ဘက်လမ်းမှာ ကော်ဖီဆိုင်တွေ ရှိပါတယ်။ ကော်ဖီဆိုင်ရှိမှန်း ရုတ်တရက်ဆို မသိသာပါဘူး။ အောက်ထပ်ဆိုင်လေးတွေရဲ့ လှေကားကနေ အပေါ်ထပ်ကို တက်သွားမှ ကော်ဖီဆိုင်တွေ တွေ့ရပါမယ်။ အဲ့ဒီမှာ ကော်ဖီသောက်ရင်း ဓါတ်ပုံရိုက်ပါ။ ဒီအတိုင်း သွားရိုက်လို့ လက်ခံမှာ မဟုတ်ပါဘူးနော်။ သူတို့က အရမ်းပွင့်လင်းစွာ ဟောက်ထုတ်ပါလိမ့်မယ်။ နောက် ကျွန်တော့်အတွေ့အကြုံတစ်ခုက နန်းတော်ဘက်ခြမ်းမှာ ဓါတ်ပုံရိုက်တော့ ဘေးက နယ်ခံတစ်ဦးက လူတွေမလာအောင် တားပေးတယ်ဆိုပြီး အတင်း တားပါတယ်။ ပြီးတော့ လူတားခ ဆိုပြီး လာတောင်းလို့ အရမ်းအံ့သြခဲ့ရဖူးပါတယ်ဗျာ။ ဒါမျိုးလည်း သတိထားကြပါနော်။
City Palace
City Palace ကတော့ ဝင်ကြေး ရှိပါတယ်။ ကိုယ်တက်ချင်တဲ့နေရာအထိကို ဝင်ကြေးအဆင့်ဆင့်ခွဲထားပါတယ်။ ရောက်လက်စနဲ့တော့ တန်အောင်ပဲ တက်ကြည့်လိုက်ပါတော့လို့ အကြံပြုချင်ပါတယ်။ ကျွန်တော့်ဓါတ်ပုံတွေထဲမှာ တွေ့မဲ့ အပြာရောင်အခန်းလှလှလို နေရာမျိုးထိ တက်ကြည့် ဓါတ်ပုံရိုက်ဖို့အတွက်ဆိုရင် ဈေးတော့အတော်များသွားပါတယ်။ သူက အဆောက်အဦး ၄ ထပ် ရှိပါတယ်။ ၄ ထပ်လုံးတက်ဖို့အတွက်ဆို ရူပီး ၂၅၀၀ ပေးရပါတယ်။ မြန်မာငွေနဲ့ဆို ၄ သောင်းကျော်ာ် ပေးရတာပါ။ သာမန်ပဲ ဆို ရူပီး ၅၀၀ ပဲ ပေးရပါတယ်။ တက်ကြည့် ဓါတ်ပုံရိုက်ပဲမို့ သိန်းချီတန်သော ဓါတ်ပုံများ ကျွန်တော် ရခဲ့တယ်ပဲ ဆိုပါတော့လေ။ နေ့စဉ် မနက် ၉ နာရီခွဲကနေ ညနေ ၅ နာရီထိ ဖွင့်လှစ်ပါတယ်။ လက်မှတ်တွေကို ဝင်ပေါက်ဝက ဂိတ်မှာ ဝယ်ယူရပါတယ်။
ဒီနန်းတော်က မြို့လယ်ခေါင်မှာ တည့်တည့်မှာ တည်ရှိတာ ဖြစ်ပြီး ၁၇၀၀ ပြည့်နှစ်မှာ မြို့တော်ကို Amer ကနေ Jaipur ကို ရွှေ့လိုက်ရာကနေ တည်ဆောက်ခဲ့တာလို့ ဆိုရပါတယ်။ မဟာရာဂျာ Sawai Jai Singh တည်ဆောက်ခဲ့တာဖြစ်ပြီး အတော်လှပခမ်းနားတဲ့ ဗိသုကာ လက်ရာတွေကို ခံစားမြင်တွေ့ရပါတယ်။ သုံးစွဲထားတဲ့ အရောင်တွေနဲ့ အခန်းတိုင်း အခန်းတိုင်းရဲ့ ခမ်းနားမှုက တကယ်လေ့လာလိုသူတွေအတွက်ကတော့ ရွှေဖြစ်မှာပါ။ ဓါတ်ပုံ ရိုက်ချင်စရာက အခန်းတိုင်းလိုလိုပါ။ သူတို့ရဲ့ နန်းတော် ရင်ပြင်တွေမှာလည်း ရိုက်လို့ကောင်းတာတွေ အများကြီးပဲ။ တံခါးပေါက်တွေလည်းလှ၊ တိုင်တွေလည်းလှ၊ ကော်ဖီဆိုင်လေးလည်းလှနေတော့တာပါ။ အောက်ထပ်က တံခါးပေါက်လေးတွေဆို တံခါးပေါက်တစ်ခုချင်းဆီက အကြောင်းအရာ တစ်ခုချင်းကို ပြောပြနေသလိုပါပဲ။
Albert Hall Museum
ဒီနေရာလေးလည်း အချိန်ရမယ်ဆို ဓါတ်ပုံရိုက်လို့ သိပ်လှတယ်။ ရှေ့မှာ ခိုလေးတွေ ပျံနေချိန် ရိုက်ကြည့်ပါ။ လူလည်းရှင်းမယ်ဆိုရင်ပေါ့။ သူက အဝိုင်းပတ်ပုံစံ အလယ်မှာ ထီးထီးချည်း ရှိနေတာ။ ကားတွေဆိုင်ကယ်တွေက သူ့ကို ပတ်ပြီး သွားရတာမို့ ကိုယ်တိုင် ဆင်းမရိုက်နိုင်ရင်တောင် ကားပေါ်က လှမ်းရိုက် မှတ်တမ်းတင်နိုင်ပါတယ်။ ညဘက်ဆိုလည်း မီးရောင်တွေနဲ့ အတော်လှပါတယ်။ ရှေးအကျဆုံး ပြတိုက်တစ်ခုကို မြင်တွေ့ကြရမှာပါ။ သူ့ရဲ့ ရှေ့တည့်တည့်မှာ City Gate လည်းရှိပါတယ်။ ဒီ ဝင်ပေါက်မှာလည်း ခရီးသွားသူတွေ အတော်များများ မှတ်တမ်းတင် ဓါတ်ပုံ ရိုက်ကြပါတယ်။ အတော်တော့ ကား၊ ဆိုင်ကယ်၊ လူ ရှုပ်တဲ့နေရာပါ။ ဒီပြတိုက်ကို မနက် ၉ နာရီ ကနေ ညနေ ၅း၃၀၊ ည ၇ နာရီကနေ ၁၀ နာရီ ထိ နေ့စဉ်ဖွင့်လှစ်ပါတယ်။
Amer Fort (Amber Fort)
ဒီခံတပ်မှာ နန်းတော်လည်း ရှိနေပါတယ်။ Jaipur ကနေတော့ နည်းနည်းဝေးဝေး သွားရပါတယ်။ တောင်ကုန်းမြင့်ပေါ်မှာ တည်ရှိပြီး ဒီမှာ ဆင်စီးလို့ လည်ပတ်တာမျိုး လုပ်ဆောင်နိုင်ပါတယ်။ အမြဲလိုလိုလည်း ခရီးသွားဧည့်သည်တွေနဲ့ ပြည့်ကျပ်နေတတ်ပါတယ်။ လက်မှတ် ဝယ်တဲ့ကောင်တာ ရှိပါတယ်။ အဲ့ဒီမှာ လက်မှတ်ဝယ်ပါ။ ဈေးမများပါဘူး။ တရုတ်ပြည်က Great Wall လိုမျိုး မြင်တွေ့ကြရပါဦးမယ်။ အဲ့ဒီထဲက Sheesh Mahal အခန်းတစ်ခုမှာ မိဖုရားကြီးက ညဘက် ကြယ်တွေကြည့်ရင်း အိပ်ချင်တယ်ဆိုလို့ ဘုရင်က ညဘက် သူ့အခန်းထဲမှာ ကြယ်တွေလက်နေသလို တဖိတ်ဖိတ်လက်စေအောင် မျက်နှာကျက်နဲ့ နံရံတွေကို ခမ်းခမ်းနားနား ထူးထူးခြားခြား ဖန်တီးတည်ဆောက်ပေးထားတာကိုလည်း တွေ့ကြရဦးမှာပါ။ ဒီနေရာကို လာလည်တာနဲ့ နေ့တစ်ဝက် ကုန်နိုင်ပါတယ်။
Nahargarh Fort
နောက်ထပ်ခံတပ်တစ်ခုပါ။ ဒီနေရာလေးကိုလည်း အတော်အချိန်ပေး သွားယူရပါတယ်။ Aravalli တောင်တန်းရဲ့အစွန်းမှာ တည်ရှိပြီး ဒီနေရာကနေ ပန်းရောင်မြို့တော် Jaipur ရဲ့အလှကို မြို့လုံးပြည့်မြင်ရပါတယ်။ အပန်းဖြေစခန်းတစ်ခုလို ဖြစ်နေပြီး စားသောက်ဆိုင်လေးတွေလည်း ရှိပါတယ်။ နေဝင်ချိန်ကြည့်လို့လည်း အဆင်ပြေတယ်။ ဘုရင်ဟာ အရင်က မိဖုရား တစ်ဘက် ၄ ပါးစီနဲ့ နေခဲ့ပြီး မိဖုရားတစ်ပါးချင်းစီအတွက် ဆောင်နန်းတွေ ရှိသလို၊ အဆောင်တွေကို ပတ်လည်တည်ဆောက်ထားပြီး အလယ်မှာ ကွင်းပြင်ထားထားပါတယ်။ ပျော်ပွဲရွှင်ပွဲနဲ့ ကပွဲတွေကို အဲ့ဒီနေရာမှာ လုပ်လေ့ရှိပြီး ဘုရင်နဲ့ မိဖုရားခေါင်၊ ကျန်မိဖုရားငယ်တွေဟာ ကိုယ့်အတွက် သက်မှတ်ထားတဲ့ ပြတင်းတံခါးကနေ ကြည့်ရှုရတယ်လို့ မှတ်သားရပါတယ်။ ဒီခံတပ်က အခမ်းတစ်ခုက နံရံ နှစ်ဖက်ဟာ ထူးခြားစွာပဲ တစ်ဘက်က တိုးတိုးလေး လေသံနဲ့ ပြောရင် တစ်ဘက်နံရံက နားထောင်တဲ့အခါ ကိုယ့်နား လာပြောနေတယ်လို့ ထင်ရလောက်အောင် အသံကြားရပါတယ်။ ဒါကို ကျွန်တော်တို့ကိုယ်တိုင်လက်တွေ့ စမ်းခဲ့ကြပါသေးတယ်။ ဒီခံတပ် ကို နေ့စဉ် မနက် ၁၀ နာရီကနေ ညနေ ၆ နာရီထိ ဖွင့်လှစ်ပေးထားပါတယ်။ တစ်ခါတရံ အစောင့်ရဲ တချို့ လိုက်လံ ရှင်းလင်းပြတတ်ပါတယ်။ သူတို့ရှင်းပြတာလည်း စိတ်ဝင်စားစရာပါ။ သူတို့ကို မုန့်ဖိုးပေးဖို့ လိုအပ်ပါတယ်။
Chand Baori (Steps Well)
Jaipur မြို့ကနေ ၉၅ ကီလိုလောက်သွားရင် ရောက်မဲ့ Abhaneri မှာ သိပ်လှပြီး Instagram မှာ နာမည်ကျော်တဲ့ လှေကားထစ်များနဲ့ ရေတွင်းကြီး တစ်ခု ရှိပါတယ်။ အဲ့ဒီ ရေတွင်းကြီးအတွက် တကူးတက အချိန်ပေးပြီး ခရီးသွားတွေ လာကြည့်ကြတာပါ။ ဒီရေတွင်းဟာ နှစ်ပေါင်း ၁၀၀၀ ကျော်ပြီလို့ ဆိုပါတယ်။ အနက်အားဖြင့် မီတာ ၂၀ ရှိပြီး လှေကားထစ်ပေါင်း ၃၅၀၀ ထည့်သွင်းတည်ဆောက်ထားပါတယ်။ ၈ ရာစုလောက်က Chand Raja ဘုရင်က တည်ဆောက်ခဲ့တာပါ။ အိန္ဒိယရဲ့အကြီးဆုံး လှေကားထစ်ရေတွင်းကြီးလို့ သိရပါတယ်။
Panna Meena Ka Kund (Steps Well)
ဒီနေရာကိုလည်း Instagram က ဓါတ်ပုံအလှရိုက်လိုသူတွေ အတော်လာကြပါတယ်။ Chand Baori လောက် မကြီးပေမဲ့ အတော်လှပါတယ်။ သူကတော့ အဝါရောင်/ပန်းရောင်တွေ သုတ်ထားတယ်။ ကျွန်တော်တို့ ရောက်ဖြစ်ခဲ့တာ ဒီနေရာပါ။ ဒီအနီးအနားမှာ ရှေးဟောင်းအဆောက်အဦးအနည်းငယ် ရှိပေမဲ့ တခြားထူးထူးခြားခြားတော့ သတိမပြုမိပါဘူး။ ဒီနေရာကို မနက်စောစော ရောက်အောင်လာနိုင်မှ လှေကားထစ် ဆင်းခွင့်ရပါတယ်။ အစောင့်ရဲတွေကို မုန့်ဖိုးလေးဘာလေးပေး ချော့ပေါင်းဖို့လည်း လိုကောင်း လိုနိုင်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် ဆင်းခွင့် မပြုဘူးလို့ သိရပါတယ်။ အဓိကက မတော်တဆ ပြုတ်ကျနိုင်လို့ပါ။ တကယ်လည်း အသည်းယားစရာ မြင့်လည်းမြင့်ပြီး အကာအရံလည်း မရှိပါဘူး။
Jal Mahal (the Water Palace)
ရေနန်းတော် လို့ သိကြတဲ့ ဒီ Jal Mahal ကတော့ တကယ်က ၅ ထပ် အဆောက်အဦးပါ ရေပေါ်မှာတော့ ၃ ထပ်ပဲ မြင်ရပြီး ကျန် ၂ ထပ်က ရေအောက်မှာ မြုပ်နေပါတယ်။ Man Sagar ရေကန်ကြီးအတွင်းမှာ တည်ရှိပါတယ်။ အရင်ကတော့ လှေတွေနဲ့ သွားလို့ရတယ်လို့ ဆိုပါတယ်။ ခုတော့ လာရောက်ခွင့် ပိတ်လိုက်ပြီး အဝေးကနေပဲ ကြည့်ခွင့် ရှိပါတော့တယ်။ ကျွန်တော်တို့ကတော့ ရာသီဥတုကလည်း ပူလို့ ကားလေးပေါ်ကနေပဲ ဖြတ်ခနဲကြည့်ပြီး ဆက်သွားလိုက်တယ်။ အဲ့ဒီတဝိုက်လည်း လမ်းဘေးဆိုင်လေးတွေနဲ့ စည်ကားပါတယ်။ သစ်ကုလားအုတ် စီးချင်သူတွေ စီးနိုင်ဖို့ လုပ်ပေးတာလည်း ရှိတာတွေ့ရတယ်။ တစ်ခါတလေ မြွေဆရာတွေလည်း တွေ့ရတတ်ပြီး ကိုယ်တကယ် စိတ်မဝင်စားရင် ဗီဒီယို ဓါတ်ပုံ ရိုက်တာ မလုပ်ပါနဲ့။ ပြီးရင် သူတို့က ပိုက်ဆံ မပေးမချင်း ကိုယ့်နောက်လိုက်တောင်းပါလိမ့်မယ်။ Guide နဲ့ကအစ စကားများပြီး အတင်းတောင်းတတ်လို့ပါ။
The Patrika Gate (Jawahar Circle)
Jaipur မှာ မူလက ဂိတ်ကြီး ၇ ဂိတ် နဲ့ ပတ်လည် ကာရံထားခဲ့ပါတယ်။ နောက်တော့ ရှစ်ခုမြောက် ဂိတ်သစ်ကြီးတစ်ခုကို Sawai Man Singh က တည်ဆောက်ခဲ့ပြီး The Patrika Gate ကတော့ ကိုးခုမြောက် ဂိတ်ဖြစ်ပါတယ်။ Jaipur မှာ ရှိတဲ့ ဂိတ်တွေကတော့ Soorajpole Gate, Chaanpole Gate, Ajmeri Gate, Sanganeri Gate, Ghaat Gate, Samrat Gate, Zorawar Singh Gate, New Gate နဲ့ ဒီ Patrika Gate တို့ပဲ ဖြစ်ပါတယ်။ ဂိတ်တွေကို ဟိုဒီသွားလာရင် ကျွန်တော်တို့တွေ အမြဲလိုလို ဖြတ်သန်းသွားလာကြရပါတယ်။ ရောက်ရင် သတိပြုမိကြမှာပါ။ ဒီနေရာမှာ အသွေးအရောင်စုံတဲ့ ဖန်တီးတည်ဆောက်မှုကြောင့် ဓါတ်ပုံ ရိုက်ကူးကြဖို့ လာရောက်လည်ပတ်ကြတာ များပါတယ်။ ဒီဂိတ်ကြီး ကို ဝန်းရံပြီး အဝိုင်းပတ်အကြီးကြီး ရှိပါတယ်။ အဲ့ဒီ ကားအဝိုင်းပိတ်ကြီးကို Jawahar Circle လို့ ခေါ်ပါတယ်။ ဒီကားပတ်အဝိုင်းကြီးဟာ အတော်ကြီးမားလို့ အပေါ်စီးက မြင်ရတာမဟုတ်ရင် အဝိုင်းပတ်မှန်းတောင် မသိသာပါဘူး။ ဒါကြောင့်လည်း ဒီ ကားအဝိုင်းပတ်ကို အာရှရဲ့ အကြီးဆုံး ကားအဝိုင်းပတ်လို့ ဆိုပါတယ်။
အခြားလည်ပတ်စရာနေရာများ
တကယ်တော့ ကျွန်တော်လည်ပတ်ခဲ့တာ အထင်ကရနေရာတွေထဲက တချို့ပဲ ဖြစ်ပါတယ်။ အချိန်သိပ်မရလို့ ဈေးတောင် မပတ်ဖြစ်ခဲ့ဘူး။ သေသေချာချာလည်မယ်ဆိုရင် တစ်ပတ်လောက် အချိန်ပေးဖို့ လိုမယ်ထင်ပါရဲ့။ ဒီပန်းရောင်မြို့လေးရဲ့ အလှက ကော်ဖီဆိုင်တောင် လှတယ်ဆိုတာမျိုးပါ။ ကျွန်တော်တို့ ကော်ဖီဆိုင်တချို့ကို သွားခဲ့သေးတယ်။ ဓါတ်ပုံရိုက်ချင်စရာဖြစ်အောင် ဖန်တီးထားကြတယ်။ ကော်ဖီဆိုင်တွေအကြောင်းတော့ ထည့်မပြောတော့ပါဘူး။ အခြားလည်ပတ်လို့ ကောင်းတဲ့နေရာလေးတွေကို ကျွန်တော် မရောက်ဖြစ်ခဲ့ပေမဲ့ ကျွန်တော့် ခရီးဖော် တွေ အဆင်ပြေရင် သွားနိုင်ဖို့ ဖော်ပြပေးလိုက်ရပါတယ်။
• Jaigarh Fort
• Birla Mandir Temple
• Johari / Bapu / Triplia / Chandpol / Kishanpol Bazaar များ
• Jantar Mantar
• Sisodiya Rani Bagh
• Govind Dev Ji Temple
• Raj Mandir Cinema
• Mubarak Mahal
• Kanak Vrindavan
• Jaipur Zoo
• Ram Niwas Garden
• Anokhi Museum
• Khole Ke Hanuman Ji Temple
• Nahargarh Biological Park
• Jawahar Circle
• Jawahar Kala Kendra
• Statue Circle
• Ram Niwas Garden
• Garh Ganesh Temple
• Central Park
ပန်းရောင်မြို့တော် Jaipur ဟာ အိန္ဒိယထဲက မတူညီတဲ့ အိန္ဒိယလေးတစ်ခု ဖြစ်နေခဲ့တယ်လို့ ကျွန်တော်ကတော့ မြင်မိပါတယ်။ ထူးခြားတဲ့ အရောင်နဲ့ ဗိသုကာတွေ ရှိနေပြီး သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိတဲ့အရပ်လို့ ဆိုချင်ပါတယ်။ သန့်ရှင်းမှုက တခြားအိန္ဒိယမြို့တွေထက် သာလွန်နေတယ်လို့လည်း မှတ်ချက်ပေးချင်ပါတယ်။ ကျွန်တော်တို့လို ဓါတ်ပုံရိုက်တာ ကြိုက်တဲ့သူတွေအတွက်လည်း နေရာတိုင်းဟာ လှနေပါတယ်။ နောက်တစ်ခါများ အခါအခွင့်ကြုံခဲ့ရင် ကျွန်တော်ဟာ ဒီပန်းရောင်မြို့တော်လေးကို တစ်ခေါက် ပြန်လာဖြစ်ဦးမှာ အသေအချာပါ။ ကြည့်မဝတဲ့ သူ့အလှတွေကို ခံစားချင်သေးလို့ပေါ့ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Saw Kyaw Zin, May Zun Win, Yu Thandar Tin, Su Su Hlaing
Camera :: Sonay Alpha 7II with 85mm Lens, Samsung Galaxy Note5, GoPro
Photos are modified in Lightroom by Thiha Lu Lin.
Comments