အိန္ဒိယမြောက်ဖျား ကက်ရှ်မီးယား က ရေခဲနှင်းတွေဆီ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

အိန္ဒိယမြောက်ဖျား ကက်ရှ်မီးယား က ရေခဲနှင်းတွေဆီ

အိန္ဒိယ ကို ခရီးသွားမယ်ဆိုပြီး စဉ်းစားတုန်းက သူသူကိုယ်ကိုယ် စဉ်းစားသလိုပဲ ကျွန်တော်လည်း စဉ်းစားမိပါတယ်။ လူနေအရမ်းထူထပ်ပြီး သန့်ရှင်းမှုအားနည်းတယ်လို့ ပြောပြောနေကြတဲ့ဆီကို ငါ တကယ် သွားလည်ချင်ပါ့မလား ပေါ့။ ခရီးစဉ်ကို စပြီး စဉ်းစားတော့ ဒီလိုနေရာလေးတွေမဟုတ်ဘဲ အိန္ဒိယက ဘယ်လိုနေရာမျိုး သွားရင် ငါ ပျော်မလဲပေါ့။ အဲ့ဒီအချိန်မှာ သိလိုက်ရတာက အိန္ဒိယ မြောက်ဖျားမှာ သိပ်လှပြီး နှင်းတွေ ရေခဲတွေရှိတဲ့ ကက်ရှ်မီးယား ပြည်နယ်လေး ရှိသေးတယ်ဆိုတာပဲ။ ဒါနဲ့ပဲ ဒီခရီးကို သွားဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။


ဘယ်လိုသွားမလဲ

အိန္ဒိယနိုင်ငံမြောက်ဖျား ကက်ရှ်မီးယားဒေသကို သွားမယ်ဆိုရင် ရန်ကုန်ကနေ Air India, Jet Airways, Thai Airways, Malaysia Airlines, Singapore Airlines, Air China စတဲ့ လိုင်းမျိုးစုံ ပျံသန်းပေမဲ့ Gaya, Kolkata, Bangkok စတဲ့ မြို့တွေကနေတဆင့် New Dehli ကို ပျံသန်းရပါတယ်။ အဲ့ဒီကနေမှ ပြည်တွင်းလေကြောင်း တစ်ခုခုနဲ့ Srinagar လေဆိပ်ကို ထပ်စီးရပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်ကနေ ဘန်ကောက်ကို သွားတယ်။ ဘန်ကောက်ကနေမှ Thai Airways နဲ့ New Dehli ကို ထပ်သွားတယ်။ New Dehli ကနေမှ Srinagar ကို Vistara လေကြောင်းလိုင်းနဲ့ သွားပါတယ်။ Vistara လေကြောင်းလိုင်းက ကီလိုအတွက် နည်းနည်း စကားပြောရတဲ့ လေကြောင်းပါ။ တစ်ဦးကို 15Kg ပဲ ပေးတတ်လို့ အနွေးထည်လေးလေးတွေ ပါလာရင် ပေါင်ပိုအတွက် ပေးရတတ်ပါတယ်။ အပြန်ကိုတော့ Air India နဲ့ ပြန်ပါတယ်။ သူကတော့ 20Kg ထိရလို့ အေးဆေးဖြစ်ပါတယ်။


အသွားသင့်ဆုံးအချိန်

ကျွန်တော်တို့လို အပူပိုင်းဒေသတွေက နှင်းတွေကိုမြင်ရပြီး လှပတဲ့ ရေခဲတောင်နဲ့ နှင်းလျှောစီးတာတွေ လုပ်ဖို့ ပိုပြီး စိတ်ဝင်စားတတ်ကြတော့ အပူပိုင်းဒေသက နိုင်ငံတွေအတွက် အောက်တိုဘာလ ကနေ ဧပြီလ အထိက အသင့်လျော်ဆုံး လည်ပတ်သင့်တဲ့ အချိန်ပါ။ နှင်းနဲ့ ရေခဲတွေကို စိတ်ကုန်နေတဲ့ အနောက်နိုင်ငံတွေအတွက်ကတော့ သူတို့ရဲ့ နွေရာသီအချိန်ဟာ လည်ပတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်သွားပါတယ်။ ဒါကြောင့်လည်း ကျွန်တော်သွားလည်ခဲ့တဲ့ မတ်လမှာဆိုရင် လူဖြူတွေကို မတွေ့ရသလောက်ပါပဲ။


J&K သို့မဟုတ် Jammu and Kashmir

J&K လို့ အတိုကောက်ခေါ်ကြတဲ့ Jammu and Kashmir ပြည်နယ်ဟာ အိန္ဒိယမြောက်ဖျား ပါကစ္စတန်နယ်စပ်နားမှာ ရှိပါတယ်။ ဟိမဝန္တာတောင်တန်းတွေနားမှာ ဖြစ်လို့ ရေခဲဖုံးနေတဲ့ တောင်တန်းတွေရဲ့ အလှကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်တစ်ခုပါ။ ဒီနေရာကို ပါကစ္စတန် ကရော၊ အိန္ဒိယ ကပါ ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ နေရာအဖြစ် လိုချင်နှစ်သက်ကြလို့ မကြာခဏဆိုသလို စစ်သွေးကြွကိစ္စရပ်တွေ ဖြစ်ပွားနေတတ်ပါတယ်။ အစွန်းရောက် အစ္စလာမ် နဲ့ ဟိန္ဒူတွေရဲ့ ပဋိပက္ခဖြစ်ပွားတတ်ရာ ဒေသလည်း ဖြစ်ပါတယ်။ တစ်ခုကောင်းတာကတော့ ပြဿနာဖြစ်ပွားရင်လည်း စစ်တပ်နဲ့သာ ဖြစ်ပွားတတ်ပြီး ပြည်သူ နဲ့ ဧည့်သည်တွေကို ထိခိုက်မှု မရှိစေဘူးလို့ သိရပါတယ်။ ဒီလို ပဋိပက္ခတွေ ဖြစ်ပွားတတ်တဲ့ ဒေသမို့လို့ Srinagar မြို့ကို ရောက်တဲ့အခါ တစ်မြို့လုံး အစောင့်အရှောက်တွေနဲ့ ပြည့်နေတာ သတိပြုမိပါတယ်။


ဒီ J&K ဒေသမှာ မြို့တော်အဖြစ် ရာသီဥတုပေါ်မူတည်ပြီး ပြောင်းလဲသွားတာ ထူးထူးခြားခြား သတိပြုမိပြန်ပါတယ်။ နွေရာသီမှာ Srinagar ကို မြို့တော်အဖြစ် သတ်မှတ်ပြီး Jammu ကို ဆောင်းရာသီမှာ မြို့တော်အဖြစ် သတ်မှတ်ပါတယ်။ Kashmir ဒေသ ဟာ ခရီးသွားတွေကို ဆွဲဆောင်အားပြင်းတဲ့ ဒေသတစ်ခုပဲ ဖြစ်ပါတယ်။ ဆွဲဆောင်အားပြင်းတယ်ဆိုပေမဲ့ ကိုယ့်ဟာကိုယ် ခရီးသွားဖို့အထိတော့ အဆင်သိပ်ချောလှတဲ့နေရာမဟုတ်ပါဘူး။ သက်ဆိုင်ရာ ဒေသခံခရီးသွားလုပ်ငန်းတစ်ခုခုနဲ့သာ မချိတ်ဆက်ထားခဲ့ရင် အတော်ဒုက္ခများနိုင်တဲ့နေရာပါ။ ယောကျ်ားပေါများပြီး အလုပ်အကိုင် ရှားပါးပုံပေါ်တဲ့ ဒီဒေသမှာ မသမာတဲ့နည်းနဲ့ရော သမာအာဇီဝကျကျပါ အလုပ်လုပ်နေကြသူတွေ အများကြီးမို့ ဒါတွေကို ရှောင်လွှားနိုင်ဖို့ရာက တစ်ကြောင်း၊ ဘာသာ နှစ်ခုရဲ့ ပဋိပက္ခဒေသတစ်ခုဖြစ်လို့ ဒီလိုပြဿနာမျိုးနဲ့ ရှုံချခံနေရတဲ့ ကိုယ်တွေနိုင်ငံကလို ဧည့်သည်တွေအတွက် လုံခြုံစိတ်ချရဖို့က အရေးကြီးတာမို့ ခရီးသွားလုပ်ငန်းတွေနဲ့ ချိတ်ဆက်သွားစေလိုတာတော့ စေတနာပါ။ ကျွန်တော် သွားတဲ့အချိန်မှာတော့ ဘယ်နိုင်ငံကလဲ မေးရင် စင်ကာပူကလို့ပဲ ညာဖြေဖို့ ဒေသခံလမ်းညွှန်က သင်ကြားပေးခဲ့ပါတယ်။


ကြိုတင်သတိပြုရမဲ့အချက်လေးတွေ

ဒီကက်ရှ်မီးယားကို လာမယ်ဆိုရင် သတိပြုရမှာက တတ်နိုင်သမျှ ဘာသာရေးကိစ္စ အငြင်းပွားတာမျိုးကို ဆင်ခြင်ရပါမယ်။ အိန္ဒိယ တစ်နိုင်ငံလုံးရဲ့ ပြဿနာတစ်ခုလို့ ဆိုရမလားမသိတဲ့ မုန့်ဖိုး (Tip Money) ကိစ္စအတွက်လည်း ကြိုတင်ပြင်ဆင်ရပါမယ်။ ဘာကိစ္စမဆို အသေးဆုံးကိစ္စရပ်ကနေ ကြီးကြီးမားမားထိ မုန့်ဖိုး မပေးမနေရ အတင်းကာရော (တစ်ခါတလေ ရိုင်းရိုင်းပျပျ) တောင်းတတ်ကြတာမို့ မလိုအပ်ရင် ဘယ်သူ့အကူအညီမှ မယူပါနဲ့။ အိတ်သယ် အိတ်ချကအစ ဘယ်သူ့ကိုမှ အားမနာဘဲ ကိုယ့်ဟာကိုယ် လုပ်ပါ။ မဟုတ်ရင်လည်း သူတို့ငွေ ရူပီး အကြွေ များများဆောင်ထားပါ။ ကိုယ်က မပေးတဲ့အခါ သူတို့အရပ် သူတို့ဒေသမို့ ကိုယ့်အတွက် လုံခြုံမှုမရှိတတ်လို့ လူများများနဲ့ ခရီးသွားတာ ပိုကောင်းတယ်လို့ အစကတည်းက ကျွန်တော်ဆိုထားတာပါ။ ပစ္စည်းတွေ ပျောက်လေ့မရှိပေမဲ့ ပိုက်ဆံအိတ် တစ်နေရာရာမှာ ကျန်ရစ်ခဲ့ရင်တော့ ပြန်ရဖို့ မမျှော်လင့်ပါနဲ့တော့။


ငွေကြေးလဲလှယ်မယ်

ရူးပီငွေ လဲလှယ်တဲ့အခါ ထုံးစံအတိုင်း လေဆိပ်အတွင်းက ပစ္စည်းရွေးတဲ့နေရာမှာ လဲရင် ငွေလဲနှုန်း နည်းတတ်ပါတယ်။ လေဆိပ်အပြင်ဘက်ခြမ်းက ငွေလဲကောင်တာတွေက ငွေလဲနှုန်းပိုကောင်းတယ်။ အပြင်ဘက်က စိတ်ချရတဲ့ ငွေလဲကောင်တာတွေမှာဆိုလည်း ငွေလဲဈေးနှုန်းက မှန်ပြီး များပါတယ်။ တစ်ဒေါ်လာ ကို ၆၁ ရူပီး ဝန်းကျင် ရတတ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင် သူတို့ ၁ ရူပီး က ၂၂ ကျပ်ခန့် ရှိပါတယ်။


SIM ကတ်ဝယ်ပေမဲ့ ဖုန်းသုံးမရတဲ့ ကက်ရှ်မီးယား

ကက်ရှ်မီးယားမှာ ဖုန်းသုံးမရပါဘူး။ ဟိုးအရင်က ဖုန်းလိုင်းတွေကတော့ သုံးလို့ရတယ်လို့ ဆိုပါတယ်။ ဟိုဘက်က ဟိုတယ်တွေမှာ အင်တာနက်ရပေမဲ့ အတော်လေးကို နှေးကွေးတဲ့ အင်တာနက်ကိုပဲ သုံးခဲ့ရပါတယ်။ ဒါကြောင့် ကက်ရှ်မီးယားဘက်ပဲ သွားမယ်ဆိုရင် SIM ကတ် မဝယ်တာ ပိုကောင်းပါတယ်။ Operator ၂ ခုလောက် လေဆိပ်မှာ ရောင်းတာ သတိထားမိတယ်။ Jaipur ဘက်ပါ သွားမယ်ဆိုရင်တော့ Vodafone ကို ရွေးဝယ်သင့်တယ်။ တစ်နေ့ကို ဒေတာ 1024MB နေ့စဉ်ရရှိမဲ့ SIM ကတ်ကို ၁၅၀၀ ရူပီး နဲ့ ဝယ်ရပါတယ်။ လေဆိပ်မှာပဲ ဝယ်လို့ရပါတယ်။


ဒေသခံတွေအကြောင်း

အမျိုးသားတွေ အပြင်ထွက်အလုပ်လုပ်ကြပြီး အမျိုးသမီးတွေကို အိမ်မှာထားတဲ့ စနစ်နဲ့ အသားကျနေတဲ့ နိုင်ငံဖြစ်လို့ အိန္ဒိယမြာက်ဖျားက ကက်ရှ်မီးယားဒေသမှာလည်း ဒီပုံစံလေးအတိုင်း ဖြစ်နေပါတယ်။ တစ်မြို့လုံး အမျိုးသားကြီးငယ်တွေကိုပဲ အများဆုံးတွေ့ရမှာပါ။ လူတွေက အိန္ဒိယတခြားဒေသက လူတွေနဲ့မတူ၊ ချောမောကြတယ်။ နှာခေါင်းလေးကအစ အတော်လှကြတယ်။ မေးရိုးအကျနဲ့ မျက်ခုံး မျက်လုံး မျက်တောင် အတော်ကြည့်ကောင်းကြသူတွေ များပါတယ်။ အသားလည်း ဖြူကြတာကို သတိထားမိတယ်။ အမျိုးသားတွေကတော့ မုတ်ဆိတ်နဲ့ နှုတ်ခမ်းမွှေးလေးတွေ အစဉ်အလာအတိုင်း ထားကြပါတယ်။ ဟိန္ဒူ နဲ့ အစ္စလာမ် ရောရာဒေသဖြစ်လို့ အမျိုးသမီးတချို့လည်း တစ်ကိုယ်လုံး မျက်လုံးကလွဲရင် အနက်ရောင်ဖုံးတတ်ကြသူတွေ ရှိသလို၊ ခေါင်းလေးပဲ ပုဝါခြုံတတ်သူတွေ ရှိပါတယ်။ စိတ်သဘောကောင်းပုံပေါ်ပေမဲ့ ဒေါသကြီးပုံလည်း ရပါတယ်။ အမျိုးသမီး လမ်းထွက်တာနည်းတော့ ခရီးသွားအမျိုးသမီးတွေကို အားကြီးနဲ့ ခပ်ရိုင်းရိုင်း စိုက်ငေးကြည့်တတ်တာမို့ နည်းနည်းတော့ လန့်စရာ တစ်ခါတလေ ဖြစ်သွားတတ်တယ်။ ဘယ်သွားသွား တစ်ဦးတည်းမသွားဘဲ အဖွဲ့နဲ့သွားတာ ကိုယ့်အတွက် ပိုကောင်းတာပေါ့။ မုန့်ဖိုး ဆိုတဲ့ကိစ္စကို ဘယ်သွားသွား မရှက်တမ်းပြောတာ ကြုံရမယ်။ နေသားကျလာတာနဲ့အမျှ ကိုယ့်ကို ပြုံးပြီး စကားတွေလာပြောနေတာမျိုးဖြစ်ဖြစ်၊ တစ်ခုခု ကူညီပေးတော့မှာမျိုးဖြစ်ဖြစ် လူတိုင်းကို ငါ့လာပြီး ပိုက်ဆံတောင်းတော့မှာလား ဆိုတဲ့ စိတ်ပျက်တဲ့ သံသယစိတ် ဝင်သွားပါလိမ့်မယ်။


အစားအသောက်ကောင်းတဲ့ ကက်ရှ်မီးယား

ဒီဒေသက အစားအသောက်ကို အိန္ဒိယတစ်ခွင်ထက် ပိုကြိုက်မိတယ်။ ကိုယ့်ပါးစပ်နဲ့ အစပ်အဟပ်တည့်နေတယ်လို့ ခံစားရတယ်။ စားစရာဆိုင်လေးတွေက သန့်ပြီး လှလှပပ စီစဉ်ပေးတတ်တယ်။ ရှုခင်းကအစပေါ့။ ဒါပေမဲ့လည်း ဒံပေါက်လိုမျိုးတောင် တစ်ဒေသ နဲ့ တစ်ဒေသ အရသာ မတူဘူး။ ကက်ရှ်မီးယားမှာဆိုလည်း ကျွန်တော် ရွာ ၃ ရွာလောက်ပြောင်းပြီး ဒံပေါက်စားဖူးတာ အရသာ တစ်ခုနဲ့ တစ်ခု မတူတာ ကြုံရပါတယ်။


လည်ပတ်ဖို့ကောင်းတဲ့ ကက်ရှ်မီးယားတစ်ခွင်

အိန္ဒိယမြောက်ဖျား ကက်ရှ်မီးယားမှာ လည်ဖို့ကောင်းတဲ့ နေရာလေးတွေ ရှိပါတယ်။ နယူးဒေလီ လေဆိပ်ကနေ ပြည်တွင်းလေယာဉ်စီးပြီး Srinagar လေဆိပ်ကနေ လာရတယ်။ ရောက်တဲ့အခါ Immigration ကောင်တာမှာ ဖောင်သွားဖြည့်ရပါတယ်။ Tour အစီအစဉ်နဲ့ဆိုရင် နယူးဒေလီရောက်ကတည်းက ဖြည့်ဖို့ ဖောင်တွေ ပေးတတ်ပါတယ်။ ဟိုကျမှ ဖြည့်လည်း ရပါတယ်။ အချိန်ပေးရတာတစ်ခုပါပဲ။ ဖြည့်တဲ့အခါ တည်းတဲ့ဟိုတယ် လိပ်စာ၊ ဖုန်း တွေ၊ ကိုယ့်ကို တာဝန်ယူပေးတဲ့ အေဂျင့်နာမည်နဲ့ ဆက်သွယ်ရန်လိပ်စာတွေ လိုအပ်ပါတယ်။ အဲ့ဒါတွေ ဖြည့်နိုင်ဖို့ Tour နဲ့သွားတာ ပိုပြီးကောင်းတဲ့သဘော ဖြစ်နေပါတယ်။ ဟိုး ရန်ကုန်/မန္တလေး က ထွက်လာတဲ့ လေယာဉ်အမှတ်တွေကအစ မှတ်မိနေဖို့ လိုအပ်ပါတယ်။ ဖောင်ထဲမှာ ဖြည့်ရလို့ပါ။ လေဆိပ်ကထွက်တာနဲ့ အေးမြတဲ့ ရာသီဥတုကို ခံစားရမယ်။ ထုံးစံအတိုင်း ယောက်ယက်ခပ်နေတဲ့ ဘာမှန်းမသိသော လူတွေကိုလည်း ရှောင်ပြီး ကိုယ့်ကားဆီကို သွားကြရပါတယ်။ အင်္ဂလိပ်စကားပြောကို အတော်များများ တတ်ကြတော့ ပူစရာသိပ်မလိုပါဘူး။


Dal Lake ရေပေါ် House Boat လေးပေါ်က နွေးထွေးတဲ့ကိုယ့်ကမ္ဘာ

Kashmir, Srinagar ကိုရောက်ရင် ပထမဆုံး လည်ပတ်သင့်တဲ့နေရာက Dal Lake ပါ။ အင်းလေးကန်နဲ့ အလားသဏ္ဍာန်တူပါတယ်။ ကန်ပေါ်မှာ အိမ်တွေ၊ ဆိုင်တွေ ဆောက်ပြီး ရောင်းဝယ်ဖောက်ကား နေထိုင်ကြတယ်။ ရေကန်လေးထဲ ရိုးရာလှေလေးစီးပြီး ရေခဲတောင်နောက်ခံနဲ့ သဘာဝအလှကို ခံစားနိုင်တယ်။ လှေလှော်တဲ့အခါ ညောင်ရွက်ပုံလှော်တက်လေးတွေနဲ့ လှော်ကြတာ စိတ်ဝင်စားစရာကောင်းတယ်။ အထူးခြားဆုံးက ရေပေါ်မှာ သင်္ဘောတွေ ထိုးထားပြီး ဟိုတယ်တွေအဖြစ် ဖန်တီးလို့ လာရောက်လည်ပတ်သူတွေကို ဘုရင်၊ ဘုရင်မတွေအသွင် ခံစားစေတာပါပဲ။ သဘောၤတစ်စီးဟာ အိမ်တစ်လုံးစာ ဖြစ်လို့ ဧည့်ခန်း၊ ထမင်းစားခန်း၊ မီးဖိုခန်း နဲ့ လူ ၇ ယောက်စာ ရေချိုးခန်းအိမ်သာ တွဲရက် အခန်း (၃) ခန်း ပါဝင်တာပါပဲ။ သင်္ဘောတစ်ခုဆီမှာ သက်ဆိုင်ရာ တာဝန်ပေးထားတဲ့ ဝန်ထမ်း ၃ ဦးရှိပါတယ်။ တစ်ဦးက အားလုံးကို စီမံကွပ်ကဲပေးပြီး တစ်ဦးကတော့ စားဖိုမှူး ပါ။ နောက်တစ်ဦးကတော့ အိပ်ခန်းထိန်းသိမ်းသူပဲ ဖြစ်ပါတယ်။


အခန်းတွေကို ရိုးရာပုံစံပြင်ဆင်ခြယ်သထားတာ ဓါတ်ပုံရိုက်ချင်စရာကြီးပါပဲ။ ဆောင်းတွင်းကာလမှာ နွေးထွေးနေအောင် ထင်းမီးထိုးတဲ့ အနွေးဓါတ်ပေးတဲ့ မီးဖိုတွေ ဧည့်ခန်းနဲ့ အိပ်ခန်းတွေမှာ ထားပေးထားပါတယ်။ အိပ်တဲ့အခါ ပိုအဆင်ပြေအောင် လျှပ်စစ်အနွေးဓါတ်ပေးတဲ့ အခင်းတွေ ထည့်ပေးထားတယ်။ အပူချိန်ကို ကိုယ်လိုသလို အပြင်းအပျော့ ချိန်ညှိပြောင်းလဲရုံပါပဲ။ မနက်စာ နဲ့ ညစာ ကို ဒီ House Boat ပေါ်မှာပဲ စားနိုင်အောင် စီစဉ်ချက်ပြုတ်ပေးပါတယ်။ ကျွန်တော်တို့ကတော့ ကြိုတင်ပြင်ဆင်သွားတဲ့ လက်ဖက်၊ ဂျင်းသုပ်တွေ၊ ငါးပိကြော်တွေနဲ့ မြန်မာအလွမ်းပြေ တွဲစားကြပါတယ်။ သူတို့လက်ရာလည်း အတော်ကောင်းပါတယ်။


Dal Lake ရေကန်ထဲမှာ မနက်စောစောနဲ့ ညနေပိုင်းနေဝင်ချိန်ကြည့်ရင်း လှည့်ပတ်ဓါတ်ပုံရိုက် ခံစားရတာ သိပ်ကောင်းပါတယ်။ တစ်ခုဆိုးတာက လှေတွေနဲ့ဈေးအတင်းလာရောင်းတတ်တဲ့ သူတွေကို ယဉ်ယဉ်ကျေးကျေး ငြင်းဆန်နေရတာပါပဲ။ “No, Thank You” လို့ နှစ်ခါလောက် ငြင်းလိုက်ရင်တော့ သူတို့တွေ ကိုယ့်လှေကနေ ပြန်ခွာသွားတတ်ကြပါတယ်။ တချို့လည်း ဇွဲကောင်းကောင်းနဲ့ ဆက်ရောင်းတတ်ကြတယ်။ လျစ်လျုရှုလိုက်ရင်တော့ သူတို့လည်း ပြန်ခွာသွားကြတာပါပဲ။ တတ်နိုင်သမျှ ငြင်းတဲ့အခါ မရိုင်းမိအောင်တော့ နေရတာပေါ့။ ကိုယ့်ဒေသမဟုတ်တော့ နည်းနည်းတော့ ပူရသေးတယ်လေ။ Dal Lake မှာ ရေကြောင်းလေးတွေအတိုင်း ဆိုင်ခန်းလေးတွေ လိုက်ကြည့်နိုင်သေးတယ်။ ရေဘဲလေးတွေ ရှိတယ်။ စိုက်ခင်းလေးတွေလည်း ရှိတယ်။ သဘာဝအလှတွေကို ရေခဲတောင်မြင်ကွင်းနဲ့ လှေပေါ်ကနေ ခံစားနိုင်တာကလည်း တစ်မျိုးတစ်ဘာသာ ထူးခြားနေတာပဲပေါ့။ လှေပေါ်မှာ ညအိပ်ရတဲ့ အရသာကလည်း တစ်မျိုးလေး ထူးခြားနေပြန်တယ်လေ။


ကျူးလစ်ပန်းတွေနဲ့ လှနေတတ်တဲ့ ပန်းခြံတွေ

အေးစိမ့်နေတဲ့ ချောင်းအတုလေးကို လှလှပပ ဖန်တီးထားလို့ သွားလည်ချင်စရာလေး ဖြစ်သွားတယ်။ ဘယ်သွာသွား လှမ်းမြင်နေရတဲ့ ဟိမဝန္တာတောင်တန်းကြီးတွေ ရေခဲဖုံးနေတဲ့အလှက ဒီဒေသကို ခရီးသွားချင်အောင် ဆွဲဆောင်လွန်းနေတာပါပဲ။ ပန်းခြံတွေမှာ ကျူးလစ်ပန်းပွင့်တဲ့အချိန်ဆို သိပ်လှနေတတ်တယ်။ ဧပြီလဆို ကျူးလစ်ပန်းတွေ မြင်ရပြီ။ ဆောင်းတွင်းတလျှောက်ရော မတ်လထိပါ ရွက်ဟောင်းတွေ ကြွေလို့ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ပင်တွေချည်း တစ်မြို့လုံး၊ တစ်နယ်လုံး ဖြစ်နေတာကို သတိထားလိုက်မိတယ်။ ပန်းခြံတွေမှာ ပန်းတွေလည်း နည်းနေတတ်တယ်။ ခရီးသွားဧည့်သည်တွေ သွားလည်ကြတဲ့ပန်းခြံ နှစ်ခုက Mughal Garden ပန်းခြံ နဲ့ Shalimar Bagh ပန်းခြံတွေပဲ ဖြစ်ပါတယ်။


Srinagar မှ Pahalgam ဆီသို့

ဒီတစ်ရက်ကိုတော့ နည်းနည်းလေး ချွေးထွက်အောင် စွန့်စားခန်းလေး လုပ်လိုက်တယ်။ Srinagar က House Boat မှာ ညအိပ်ပြီး မနက်ကို ကားလေးနဲ့ Pahalgam နယ်ဘက်ကို ထွက်ခဲ့ကြတယ်။ ၁ နာရီခွဲလောက် ကားမောင်းပြီး ရောက်လာတဲ့ ဒီဒေသမှာ လုပ်ဆောင်စရာတွေများတယ်။ Baisarn, Dabyan, Kahsmir Valley ကို လည်ပတ်တဲ့အစီအစဉ်၊ Pahalgam Valley ကို လည်ပတ်တဲ့အစီအစဉ်၊ Kanimarg ကို လည်ပတ်တဲ့အစီအစဉ်၊ Waterfall ကိုလည်ပတ်တဲ့အစီအစဉ်နဲ့ Tulyan Lake ကို လည်ပတ်တဲ့ အစီအစဉ်တွေရှိတဲ့အထဲက ဒီရာသီမှာ လုပ်ဆောင်လို့ရတဲ့ Baisarn, Dabyan, Kashmir Valley ကို လည်ပတ်တဲ့အစီအစဉ် ရွေးချယ်လိုက်တယ်။ ရူပီး ၁၀၀၀ ပေးရတဲ့ ဒီလေ့လာလည်ပတ်တဲ့ခရီးစဉ်မှာ မြည်းလေး ဒါမှမဟုတ် မြင်းလေးတွေနဲ့ တောင်ပေါ်တက်ရပါသေးတယ်။ မြင်းကို မြေပြင်ညီပေါ်မှာ စီးဖူးပေးမဲ့ ခုလို တောင်တက်ခရီး မိနစ် (၂၀) အကွာအဝေးကို မစီးဖူးသေးတဲ့ ကျွန်တော့်အတွက် ကြောက်လည်းကြောက်ရ၊ ပျော်လည်း ပျော်ရပါတယ်။ မြင်းလိမ္မာလေးတွေကို ထိန်းကျောင်းပေးတဲ့လူတွေက ဘေးကနေ တောက်လျှောက်လိုက်တယ်။ ကိုယ်တွေကတော့ မြင်းပေါ်မှာ ခန့်ခန့်ကြီးပေါ့။ တစ်ဘက်မှာ ချောက်၊ တစ်ဘက်မှာတောင် လမ်းကျဉ်းလေးတွေကို အသည်းတအေးအေးနဲ့ သွားရတဲ့နေရာလေးတွေရှိတယ်။ မြင်းက အားရပါးရ ခုန်ပြီး ကျော်တက်လိုက်တဲ့ နေရာလေးတွေရှိတယ်။ ဒီနေရာတွေကတော့ ဘဝအတွက် တကယ့်အမှတ်တရလေးဖြစ်အောင် အားလုံးပြီးသွားတဲ့အချိန် ကြည်နူးနေရတယ်။ တောင်ပေါ်ကိုရောက်တော့ အပန်းဖြေစရာ မြက်ခင်းစိမ်းကြီးကို တွေ့လိုက်ရတယ်။ ဝင်ကြေးက ငှားထားတဲ့ Local Tour မှာ ပါဝင်ပြီး ဖြစ်လို့ ပေးစရာမလိုဘူး။ ဒါတောင် အတင်းရှင်းပြလိုက်ရတယ်။ ရန်ဖြစ်မတတ်ဘဲ။ နောက်မှ ပေးဝင်တာ။ အဲ့ဒီမှာ နှင်းတွေကို စကိုင်ခွင့်ရတော့တာပဲ။ တောင်တက်လာတဲ့ လမ်းတလျှောက် နှင်းတွေ တွေ့ပေမဲ့ မြင်းပေါ်မှာမို့ ကိုင်ခွင့်မရဘူး။ ခု ပန်းခြံထဲဝင်တော့မှာ နှင်းတွေနဲ့ ဆော့ခွင့်ရတယ်။ ဓါတ်ပုံရိုက်ချင်သူတွေအကြိုက် ရိုးရာဝတ်စုံတွေနဲ့ ရိုက်ဖို့ ငှားတာတွေ ရှိတယ်။ ဓါတ်ပုံဆရာတွေလည်း ရှိတယ်။ ဘောလုံးကြီးထဲ လူဝင်ပြီး လှိမ့်ချတဲ့ ကစားနည်းတွေ ကစားလို့ရတယ်။ ဆွတ်ဖားစီးချင်လည်း ရသေးတယ်။ အတော်လေး စုံတယ်။ အရေးကြီးတာ ငွေပဲ။ နည်းနည်းတော့ ဈေးဆစ်ရတယ်။ ဘယ်နေရာပဲ ဖြစ်ဖြစ် ဈေးက အတော်တင်ထားတာ သတိထားမိတယ်။ မိနစ် (၂၀) ပန်းခြံထဲနေပြီးရင်တော့ မြင်းလေးတွေ စီးပြီး တောင်ခြေ ပြန်ဆင်းရပါတယ်။ ပြန်ရောက်တဲ့အခါလည်း သတိတရ မြင်းထိန်းတွေကို Tip ပေးဖို့ လိုအပ်ပါတယ်။ အဲ့ဒီကနေ ကျွန်တော်တို့က Gulmarg ဒေသဘက်ကို ၃ နာရီလောက် ကားမောင်းပြီး ဆက်သွားခဲ့ပါတယ်။


နှင်းတွေ ဖုံးလွှမ်းနေတဲ့ Gulmarg

ပထမသွားခဲ့တဲ့ Pahalgam ဒေသမှာကတော့ နှင်းတွေ တွေ့ရဖို့ တောင်ပေါ်ထိ မြင်းစီးတက်ခဲ့ရပေမဲ့ ခုသွားနေတဲ့ Gulmarg မှာတော့ တည်းခိုမဲ့ ဟိုတယ်နေရာကအစ နှင်းတွေ ရေခဲတွေ ဖွေးဖွေးလှုပ်ဖုံးလွှမ်းနေတဲ့နေရာဖြစ်ပါတယ်။ သိပ်လှတဲ့ နှင်းမြို့တော်လေးလို့ တင်စားချင်တယ်။ သွားတဲ့လမ်းတစ်လျှောက်မှာ ကက်ရှ်မီးယမ်းတွေရဲ့ လူနေထိုင်မှုပုံစံကို လေ့လာတွေ့ရှိနိုင်တယ်။ ရွာလေးတွေက ရိုးတယ်။ စောင်လို အင်္ကျီထူထူကြီးတွေ ဝတ်ထားတဲ့ အမျိုးသားတွေကို တွေ့ရများတယ်။ ဈေးလေးတွေ လမ်းလေးတွေက ကျဉ်းကျဉ်းလေးတွေနဲ့ ချစ်ဖို့ကောင်းနေတယ်။ ကိုယ်သွားနေတဲ့ ဟိမဝန္တာတောင်တန်းကို ရေခဲဖုံးနေတာ မြင်လိုက်ရရင် လူက အားတက်သွားတယ်။


Gulmarg ရောက်တော့ ညနေစောင်းနေပြီမို့ ဟိုတယ်မှာ Check-in ဝင်၊ ခဏနားတာနဲ့ အချိန်ကုန်သွားတယ်။ ဝိုင်ဖိုင်က ဒီဘက်တလွှားအတော် ညံ့ဖျင်းတာပါပဲ။ နှေးကွေးလေးလံလို့နေတယ်။ ညဘက် ၈ နာရီမှာ ဘူဖေးညစာ စားကြတယ်။ တစ်ခါတည်း ပါဝင်တာမှလည်း အဆင်ပြေမှာကိုး။ စားသောက်ဆိုင်ကလည်း အနီးအပါးမှာ မရှိဘူး။ ဟိုတယ်တွေမှာပဲ စားကြရမှာမျိုးလေ။ အခန်းထဲမှာ လေပူလွှတ်ပေးထားလို့ အိပ်ရတာ သက်တောင့်သက်သာ ရှိပေမဲ့ တခါတခါတော့ အသက်ရှူမဝချင်သလို ခံစားရတယ်။


နောက်နေ့မနက်ပိုင်း အနီးအပါးက အိမ်လေးတွေ၊ ဟိုတယ်တွေ နဲ့ ဓါတ်ပုံရိုက်ပြီး Ski Club ကို သွားကြတယ်။ တစ်ယောက်ကို ရူပီး ၈၀၀ နဲ့ Cable Car လေး စီးကြရတယ်။ ဒီကိုလာမယ်ဆိုရင်တော့ နှင်းစိုခံမဲ့ ဘောင်းဘီ၊ ဂျာကင်၊ ခေါင်းစွပ်၊ လက်အိတ် နဲ့ မျက်မှန်တွေ မဖြစ်မနေ ယူသွားကြပါနော်။ မပါခဲ့ရင် အဲ့မှာ ဝယ်လို့ရတယ်။ ဈေးတော့ တစ်ဝက်လောက်ထိ ဆစ်ချမှ အဆင်ပြေမယ်။ ဖိနပ်ဆိုလည်း လည်ရှည်ရေစိုခံ တွတ်ပီဖိနပ်မျိုးတွေ ငှားစီးရတယ်။ တစ်ရံကို ရူပီး ၁၀၀ ပေးငှားရတယ်။ အာရှ ရဲ့ အရှည်ဆုံး နဲ့ အမြင့်ဆုံး ပေ ၁၃၇၈၀ ရှိတဲ့ Cable Car ကို ကျွန်တော်ပထမဆုံး စီးရတာမို့ ရင်ခုန်တယ်။ တကယ့်အမြင့်ကြီးပဲ။ ပင်လယ်ရေမျက်နှာပြင်အထက် ၂၇၃၀ ရှိတဲ့ ဟိမဝန္တာတောင်ထိပ်က ရေခဲပြင်ကို သွားရတာ ဘယ်လောက်ရင်ခုန်ရသလဲ။ သူက နှစ်ဆင့်ရှိတယ်။ ကျွန်တော်တို့ကတော့ ပထမဆင့်ပဲ သွားခဲ့တယ်။ ဒုတိယဆင့်မှာ Ski စီးတဲ့သူ များတယ်။ ပထမဆင့်တင် အတော်ပျော်ရတယ်။ အဲ့ဒီမှာ ကော်ဖီဆိုင်လေးတွေ ယာယီလာဖွင့်ထားတာလေး ထိုင်သောက်ဖြစ်သေးတယ်။ နှင်းလျှောစီးဖို့ ဆွတ်ဖားလှည်းလေးတွေ ဆွဲပေးတဲ့ ဝန်ဆောင်မှုပေးတာတွေ့တယ်။ ဓါတ်ပုံရိုက်ပေးတဲ့ဝန်ဆောင်မှု စတဲ့ နှင်းနဲ့ရေခဲပေါ်ကစားတဲ့နည်းလေးတွေနဲ့ ဆွဲဆောင်ထားပြန်တယ်။ အပူပိုင်းဒေသ နှင်းမမြင်ဖူးတဲ့သူမို့ ကျွန်တော့်အတွက်တော့ အတော်လေး ပျော်စရာပါ။ သူငယ်ချင်းတွေ တပျော်တပါး နှင်းတွေလုံးပြီးပေါက်တန်းကစားကြ၊ ဓါတ်ပုံတွေ ရိုက်မဝ ဖြစ်ကြရတယ်။ ဒီကြားတည်း နှင်းတွေထဲ ခြေကျွံကျကျသွားလို့ မနည်းပြန်တက်ယူကြရသေးတယ်။ ကံသိပ်ကောင်းသွားတာက ကျွန်တော်တို့ သွားတဲ့နေ့မှာ နှင်းလေးတွေ ဖွဲဖွဲ ကျလာတာပါပဲ။ နှင်းကျတယ်ဆိုတာကိုပါ မြင်ဖူးသွားလိုက်တာပေါ့ဗျာ။


အပြန်မှာလည်း သတိပြုစရာလေးတွေ

သိပ်လှတဲ့ ကက်ရှ်မီးယား ကို နောက်ရက်မှာ နှုတ်ဆက်ပြန်ခဲ့ရတယ်။ Srinagar လေဆိပ်ကနေ နယူးဒေလီလေဆိပ်ကို ပြန်ခဲ့ရပြီ။ ဒီနေရာကျမှ အလုပ်တွေ ပိုလိုက်တာဆိုတာ မပြောပါနဲ့။ Srinagar လေဆိပ်ကို မရောက်ခင်ကတည်းက စစ်ဆေးရေးဂိတ်တွေမှာ ပါသမျှအိတ်တွေကို အကုန် စက်ထဲထည့်စစ်ရတယ်။ ကားပေါ်ကနေ အထုတ်ချ၊ စက်ထဲထည့်၊ လူလည်း အစစ်ခံ၊ ပြီးရင် ပစ္စည်းတွေ ပြန်တင်၊ ကားပေါ်ပြန်တက် လုပ်ကြရတာ။ အဲ့ဒီနေရာမှာ သတိထားရမှာက ဘယ်သူ လာပြီး ကူသယ်မယ်ပြောပြော အသယ်မခံပါနဲ့၊ မဟုတ်ရင် Tip ပေးပါဆိုတာနဲ့ ဒေါသထွက်ရလိမ့်မယ်။ အဲ့ဒီဂိတ်ကျော်ပြီးရင် လေဆိပ်ကို ရောက်မယ်။ လေဆိပ်အဝင်မှာလည်း တစ်ခါ စက်ကြီးတွေနဲ့ ထပ်စစ်ပါမယ်။ အဲ့ဒါပြီးမှ တစ်ခါ Immigration မှာ အလာတုန်းက ဖြည့်ခဲ့တဲ့ဖောင်ကိုပဲ အပြန်အတွက် ထပ်ဖြည့်ရပါတယ်။ အတူတူပါပဲ။ ဖြစ်နိုင်ရင် အလာတုန်းက ဖြည့်တာလေး မှတ်မိအောင် ဓါတ်ပုံရိုက်ယူထားလိုက်တာ ကောင်းတယ်။ သူတို့ကတော့ ချိုသာ ဖော်ရွေပါတယ်။ အဲ့ဒါပြီးရင် Check-in ဝင်၊ ဝင်ပြီးတာနဲ့ တစ်ခါ စက်ကြီးတွေနဲ့ ထပ်စစ်ပြန်ပါတယ်။ အဲ့ဒီအခါမှာ Boarding Pass ကို ကိုယ်နဲ့မကွာ ဆောင်ထားပါ။ အိတ်ထဲ ထည့်မပေးလိုက်ပါနဲ့။ တစ်ချိန်လုံး တောင်းကြည့်ပါတယ်။ Body Checking လုပ်တဲ့သူ ကိုပါ ပြရပါတယ်။ အိတ်ထဲမှာ အီလက်ထရောနစ်ပစ္စည်း (ဖုန်း၊ ကွန်ပျူတာ၊ ကင်မရာ) အကုန် ထုတ်ပြရပါတယ်။ ပြီးရင်တော့ အဆင်ပြေပါပြီ။ Srinagar လေဆိပ်ဟာ တောလေဆိပ်တစ်ခုလိုဖြစ်နေတော့ ငှက်ပေါင်းများစွာ လေဆိပ်ခန်းမထဲ ဝဲပျံနေတယ်။ ငှက်ချေးတွေလည်း ရှောင်ရတယ်။


ကက်ရှ်မီးယားပြည်နယ်ရဲ့ အလှဟာ တမူကွဲပြားပြီး ထူးခြားတဲ့အလှအဖြစ် ကျွန်တော်ကတော့ မှတ်တမ်းတင်ထားမိလိုက်တယ်လေ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Saw Kyaw Zin, May Zune Win, Yu Thandar Tin, Su Su Hlaing

Camera :: SONY Alpha 7II with 85mm Lens, SAMSUNG Galaxy Note5

Photos are modified in Lightroom by Thiha Lu Lin.

757 views0 comments
bottom of page