top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

တာချီလိတ် နယ်စပ်မြို့လေးဆီ

  • Writer: Thiha Lu Lin
    Thiha Lu Lin
  • Sep 15, 2020
  • 4 min read

ရှမ်းပြည်နယ် အရှေ့ပိုင်းထဲမှာ ကျွန်တော် ပထမဆုံးခြေချဖူးတဲ့မြို့က တာချီလိတ် ပါ။ ဆယ်တန်းဖြေပြီးကာစ အချိန်လေးမှာ ဖေဖေတာဝန်ကျတဲ့ မိုင်းဖြတ်မြို့ကို သွားဖို့ တာချီလိတ်ကို လေယာဉ်နဲ့ လာရပါတယ်။ တာချီလိတ်မှာ တစ်ညအိပ်ပြီးမှ မိုင်းဖြတ်ကို နောက်ရက်မှာ သွားရတာမျိုးပါ။ ခုများတော့ လမ်းတွေ အတော် ကောင်းလာလိုက်တာ တာချီလိတ် - ကျိုင်းတုံ ခရီးတောင် ၃၊ ၄ နာရီလောက်နဲ့ ရောက်တာမျိုး။

ree

နယ်စပ်မြို့လေး တာချီလိတ်

တာချီလိတ်မြို့ဟာ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်ပြီး ကုန်စည်ကူးသန်းသူတွေ၊ အလုပ်အသွားအပြန်တွေနဲ့ အတော်စည်ကားသက်ဝင်ပါတယ်။ တစ်ဘက်က ထိုင်းနယ်စပ်မြို့လေး မယ်ဆိုင် နဲ့ ချစ်ကြည်ရေးတံတားလေးပေါ် ဖြတ်ပြီး ကူးလို့ လည်ပတ်လို့ရတယ်။ ဒီနေရာမှာ ထိုင်း၊ မြန်မာ၊ လာအို သုံးနိုင်ငံ ထိစပ်နေတဲ့နေရာရှိလို့ ရွှေတြိဂံဒေသလို့လည်း ခေါ်ဆိုကြတယ်။ တာချီလိတ်ကို ရှမ်းလို တာစီလိတ် လို့ ခေါ်ဆိုခဲ့ကြသေးတယ်။ မယ်ဆိုင်ချောင်းဖြတ်တဲ့နေရာမှာ မယ်ဇလီပင်ရှိခဲ့ဖူးတာကို အစွဲပြုပြီး မယ်ဇလီလှေဆိပ် ကို ရှမ်းလို ခေါ်ဆိုတာ ဖြစ်ပါတယ်။ အရင်က ကျိုင်းတုံစော်ဘွားလက်အောက်မှာပါ။ နောက်တော့ ကျိုင်းတုံစော်ဘွားသား စဝ်ကောင်တိုင်က အုပ်ချုပ်ပါတယ်။ အရင်ကတည်းကလည်း ကုန်စည်ကူးသန်းရေးမှာ အရေးပါခဲ့သလို အခုအချိန်မှာလည်း ကုန်စည်ကူးသန်းရေးအပြင် ခရီးသွားလှည့်လည်ရေးအတွက်ပါ အရေးပါလာပါတယ်။ နယ်စပ်ဖြတ်ကျော်လည်ပတ်ခွင့်နဲ့ ထိုင်းနဲ့ တခြားနိုင်ငံသားတွေ မြန်မာနိုင်ငံအတွင်းကို လာရောက်လည်ပတ်မှုများတဲ့ နယ်စပ်ဝင်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။ တာချီလိတ်နဲ့အနီးတဝိုက်မှာတော့ တာလေ နဲ့ ကျိုင်းလပ်မြို့များလည်း တည်ရှိပါတယ်။ ငွေကြေးအားဖြင့် ထိုင်းဘတ်ငွေကိုပဲ အဓိက သုံးစွဲပြီး ရုံးဌာနကိစ္စရပ်များအတွက်ကိုတော့ မြန်မာကျပ်ငွေ သုံးစွဲပါတယ်။

ree

ရာသီဥတု

နယ်စပ်မြို့လေးက တခြားရှမ်းပြည်နယ်ရဲ့ မြို့တွေလို အစဉ်အေးမြနေတာမျိုးတော့ မရှိပါဘူး။ မိုးတော့ ကောင်းသား။ ဆောင်းတွင်းရဲ့ ပုံမှန်အေးမြမှုလေးရှိပြီး ကျန်တဲ့ အချိန်တွေမှာတော့ ပူနွေးတတ်တာမို့ ဆောင်းတွင်းပိုင်းမဟုတ်ရင် အနွေးထည်ထူကြီးတွေ သယ်သွားဖို့ မလိုအပ်ပါဘူး။ မိုးတွင်းမှာတော့ ရေကြီးမြေပြိုတတ်တာမျိုးလည်း ရှိတတ်ပါသေးတယ်။


ဘယ်လိုသွားမလဲ

ကားနဲ့ကတော့ ရန်ကုန်ကနေဆို အတော်ဝေးဝေး သွားရမယ်။ ရန်ကုန် - တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ဖြစ်နေမှာမို့ ဈေးအရရော၊ လူပင်ပန်းတာရောအရပါ တွက်ချေ မကိုက်လှဘူး။ တောင်ကြီး - ကျိုင်းတုံလမ်းလည်း လှတယ်ဆိုပေမဲ့ ကားစီးရချိန်ကြာတော့ လူပင်ပန်းတယ်။ ကျိုင်းတုံ - တာချီလိတ်က အဝေးပြေးကားနဲ့ဆို ၅ နာရီလောက် စီးရတတ်ပြီး၊ အိမ်စီးကားလေးမျိုးဆို ၃ နာရီခွဲလောက်ပဲ ကြာတတ်ပါတယ်။ အကောင်းဆုံးကတော့ လေယာဉ်ပါ။ လေယာဉ်အတော်များများ ခရီးစဉ်ဆွဲပါတယ်။ ဈေးနှုန်းအားဖြင့် ၉ သောင်းကျပ်ဝန်းကျင်ကနေ ၁ သိန်း ၂ သောင်းကျပ် ခန့် အထိ ရှိတတ်ပါတယ်။ လေယာဉ်ချိန်အားဖြင့် ၂ နာရီဝန်းကျင်ခန့် စီးနင်းရပါတယ်။


လည်ပတ်စရာ တာချီလိတ်မှာ

တာချီလိတ်မြို့ကို ပြန်ရောက်လာတော့ ငယ်ငယ်က မလည်ပတ်ဖြစ်ခဲ့တာတွေ ခုမှ အတိုးချ လည်ပတ်ခဲ့ရတယ်။ မြို့ခံတော်တော်များများ ပြောတဲ့အတိုင်းပါပဲ၊ တာချီလိတ်မြို့လေးက လည်ပတ်စရာနေရာတွေ နည်းပါးပါတယ်။ ဒါကြောင့်လည်း တစ်ဘက်နိုင်ငံကို ကူးပြီး မယ်ဆိုင် ကနေ ချင်းရိုင်၊ ချင်းမိုင် လောက်ထိကို သွားလည်ကြသူများပါတယ်။ တာချီလိတ်ကို သွားဖို့ စဉ်းစားပြီဆိုရင်တော့ အဲ့ဒီဘက်တွေထိပါ သွားနိုင်ဖို့ ကြိုတင်ပြင်ဆင် စဉ်းစားသင့်ပါတယ်။ ဒါမှ သွားရတာ ပိုပြီး တန်မယ်ပေါ့။ ကျွန်တော်ထင်တာတော့ တာချီလိတ်တစ်ဝိုက်က သဘာဝအလှအပတွေ ရှိလိမ့်ဦးမယ်ဗျ။ မဖော်ထုတ်နိုင်သေးလို့သာနေမယ်။ တစ်ဘက်အခြမ်းမှာတော့ ဂူတွေ၊ ရေကန်တွေ ပြစရာ ရှိနေသေးတာပဲ။ ဒီဘက်မှာလည်း ရှိရမယ်။ တစ်ချိန်တော့ ထွက်လာလိမ့်မယ်လို့ ကျွန်တော် ယုံတယ်။ ကဲ အခုတော့ ရှိနေတဲ့ လည်ပတ်စရာနေရာလေးတွေပဲ အရင် လည်ပတ်ကြည့်ကြရအောင်ပါ။


တာချီလိတ်ရွှေတိဂုံစေတီတော်

ဒီမြို့ကိုရောက်ရင် ရန်ကုန်ရွှေတိဂုံစေတီကြီးနဲ့ ပုံစံတူ တည်ထားတဲ့ တာချီလိတ်ရွှေတိဂုံကို အရောက်လာဖူးကြတယ်။ ထိုင်းနိုင်ငံက ခရီးသွားတွေအပြင် အခြားနိုင်ငံသားတွေလည်း လာလေ့ရှိပါတယ်။ ရှေးဟောင်းမဟုတ်ပေမဲ့လည်း လာရောက်ဖူးမြော်သူများပါတယ်။ ကုန်းမြင့်ပေါ်မှာ တည်ရှိတာဖြစ်လို့ ဘုရားရင်ပြင်ပေါ်ကနေ တာချီလိတ်မြို့ရဲ့အလှကို ကောင်းကောင်းမြင်ရပါတယ်။

ree
ree

မဟာမြတ်မုနိဘုန်းကြီးကျောင်း

တာချီလိတ်က မဟာမြတ်မုနိဘုန်းကြီးကျောင်းဟာလည်း ခရီးသွားသူတွေကြား စိတ်ဝင်စားစရာ ဖြစ်ပါတယ်။ ကျောင်းဆောင်တည်ဆောက်ပုံတွေကို လာလေ့လာရင်း ဘုရားဖူးကြပါတယ်။ ဘုရားဆင်းတုတော်တွေနဲ့အတူ ရှိတဲ့ နာမည်ကျော်ဆရာတော်ကြီးများရဲ့ ရုပ်ပုံတွေကိုလည်း ဖူးတွေ့ကြရဦးမှာပါ။

ree
ree

စိန်ဂျုဒ် ကက်သလိခ်ဘုရားရှိခိုးကျောင်း

တာချီလိတ်မှာ နှစ်ခြင်းဘုရားကျောင်းတွေရော၊ ကက်သလစ်ဘုရားကျောင်းတွေရော များစွာရှိပါတယ်။ ဒီ စိန်ဂျုဒ် ကက်သလိခ်ဘုရားရှိခိုးကျောင်းကတော့ ပရဟိတဂေဟာတစ်ခုနဲ့ တွဲဖက်ထားတာ ဖြစ်ပါတယ်။ ဘုရားကျောင်းရဲ့ မျက်နှာချင်းဆိုင်မှာ ဂေဟာ က ရှိပါတယ်။

ree

အာခါဈေး

ကျိုင်းတုံဘက်ကလာရင်ဖြစ်ဖြစ်၊ လေဆိပ်ကလာရင်ဖြစ်ဖြစ် တာချီလိတ်က ဈေးကြီးတွေထဲမှာ အာခါဈေးက အရင်ဆုံးတွေ့မြင်ကြရတာပါ။ တောင်ကြီး - တာချီလိတ်လမ်းမကြီးပေါ်မှာပဲ တည်ရှိပြီး စည်ကားတဲ့ ဈေးတစ်ခုဖြစ်ပါတယ်။

ree

ဝမ်ကောင်းဈေး

မနက်ဈေး စည်စည်ကားကားလေးတစ်ခုကို မြင်ချင်ရင်တော့ ဝမ်ကောင်းဈေးကို အလည်သွားနိုင်ပါတယ်။ မနက်ပိုင်းလေးတစ်ချက်ပဲ ရှိတာပါ။ မဟာမြတ်မုနိဘုန်းကြီးကျောင်းနားမှာ ပဲ ဖြစ်ပါတယ်။


တာလော့ဈေး

တာချီလိတ်ဈေးလို့လည်း သိကြတဲ့ တာလော့ဈေးကတော့ တကယ့်ဝယ်ကောင်းတဲ့ ဈေးတစ်ခုပါ။ ထိုင်း နဲ့ တရုတ်ပစ္စည်းတွေ ပေါတယ်။ ဖက်ရှင်အသုံးအဆောင်တွေမှာ နာမည်ကြီးတံဆိပ်မျိုးစုံ အတုတွေ အကုန်ရှိတယ်။ အတုဆိုပေမဲ့ အစစ်နဲ့မခြားတဲ့ အတုတွေမို့ ဈေးလည်း မသေးပါဘူး။ သိန်း ၂၀ တန်လောက်ကို ၂ သိန်းလောက်နဲ့ ရမှာမျိုးဆိုရင် ဝယ်ကြမယ် မဟုတ်လား။ ဒါပေမဲ့ အစစ်တော့ မဟုတ်ဘူးပေါ့ဗျာ။ နာမည်ကြီးအနုပညာရှင်တချို့လည်း ဒီမှာ ဝယ်လေ့ရှိတယ်လို့တော့ သတင်းသဲ့သဲ့ကြားတယ်။ အိတ်၊ ဖိနပ်၊ ခါးပတ် နာမည်ကြီးတံဆိပ်အတုတွေ တထည်ရာတည်း ရှိတဲ့နေရာပါပဲ။ ဒါ့အပြင် ဒီဗီဒီလိုမျိုး နိုင်ငံခြားကော်ပီခွေလေးတွေလည်း ဒီဈေးမှာ စုံတယ်။ ငယ်ငယ်က ရောက်တုန်းကဆို ကျွန်တော်က အခွေတွေချည်း ပတ်ဝယ်တာ။ ခုလည်း အခွေတွေပဲ ဝယ်မိပြန်တယ်။ Bossa သီချင်းပုံစံအခွေတွေ ဒီမှာ တွေ့လို့လေ။

ree

လွယ်ယွန်းခမ်းရှေးဟောင်းစေတီတော်

ဒီစေတီကတော့ ဒီအရပ်မှာ ထူးခြားတယ်။ တောင်စောင့်ဘီလူးညီနောင် ရုပ်တုတွေနဲ့တင် အတော်လေး တစ်မျိုးဖြစ်မိသွားနိုင်တယ်။ တောင်စောင့်ဘီလူးညီနောင် ရုပ်တုက တာချီလိတ်မြို့ဘက်ကို လှည့်ပြီး စောင့်ရှောက်နေဟန်ပေါ့လေ။ ဆုနန္ဒာ (ခေါ်) အဝတ္တာ နဲ့ ဆုနန္ဒီ (ခေါ်) နဝတ္တာ ဘီလူးညီနောင်က အသားစားကျူးပြီး လူတွေကိုပါ ဖမ်းဆီးစားသောက်နေလို့ ဂေါတမဘုရား က တန်ခိုးပြဆုံးမရာကနေ အကျွတ်တရားရတယ်လို့ သမိုင်းကို ဖော်ပြထားတာ ဖတ်ရပါတယ်။ ဘုရားက ဆံတော် ၃ ဆူ ပေးပြီး ဒီမှာ ဘုရားတည် စေတယ်လို့လည်း သိရပါတယ်။ ဒီစေတီကို သွားရင် ထူးခြားတာ နှစ်ခု တွေ့ပါမယ်။ တစ်ခုက မိန်းမ မတက်ရတဲ့ တောင်စောင့်ဘီလူးညီနောင် ရုပ်တုကြီး နှစ်ခု ပါ။ ကြက်သီးထလောက်စေတယ်။ ဒုတိယတစ်ခုကတော့ ဌာပနာတိုက်ကို မြင်တွေ့ရတဲ့ ဂူပေါက်ကြီးကို ပိတ်ဆို့ထားတဲ့ ကျောက်တုံးကြီးတွေ ဖြစ်ပါတယ်။ ဦးလုံးလုံ ဆိုတဲ့ ဘုရားဒါယကာတစ်ဦးက ဗုဒ္ဓဓါတ်တော်မွေတော်တွေ ရှိတယ်ဆိုရင် ဖော်ပြဖို့ တောင်းလျှောက်တဲ့အခါ မြေကြီးလှုပ်ပြီး စေတီ အနောက်ဘက်မှာ ဂုပေါက်ပွင့်တယ် ဆိုပါတယ်။ အဲ့ဒီ ဂူထဲ ကြည့်တဲ့အခါ ဓါးစက်လှံစက်တွေ ရှိပြီး ဝါးလုံး ထိုးထည့်တာ ဝါးလုံးပျက်စီးသွားလို့ အန္တရာယ်မဖြစ်ရလေအောင် ကျောက်တုံးတွေနဲ့ ပိတ်ခဲ့တယ် ဆိုပါတယ်။ ခုလည်း ဒီဂူပေါက်နေရာကို တူးဖော်နေတာ တွေ့ရပြီး တောင်စောင့်နတ်တွေ က အချိန်မတန်သေးလို့ တားဆီးတာကြောင့် လုပ်ငန်းရပ်ဆိုင်းထားရတာကို တွေ့ကြရပါလိမ့်မယ်။ တာလေငလျင်အပြီးမှာ ပျက်စီးသွားလို့ စေတီကို မိုင်းဖုန်းဆရာတော်ကြီးဦးစီးမှုနဲ့ ပြန်ပြင်ထားတယ်လို့ သိရပါတယ်။ တာချီလိတ်ကနေ မိုင်းဖုန်း လမ်းအတိုင်း သွားရင် မိုင်းဖုန်းလမ်းခွဲမှာ တွေ့ရတဲ့ တောင်ပေါ်ကို တက်သွားရတာဖြစ်ပါတယ်။

ree
ree

မိုင်းဖုန်း

မိုင်းဖုန်းဆရာတော်ကြီးရဲ့ တန်ခိုး ဂုဏ်သတင်းနဲ့အတူ မိုင်းဖုန်းနယ်မြေဟာလည်း မြန်မာ နဲ့ ထိုင်း လူမျိုးတွေကြား ဆရာတော်ဖူးတဲ့ခရီးစဉ် အတော်များလာပါတယ်။ ဒီဘက်ရောက်တုန်း ကျွန်တော်လည်း မိုင်းဖုန်းဆရာတော်ကြီး ရဲ့ သီတင်းသုံးရာကျောင်းတော်တွေဆီကို အလည်အပတ် သွားဖြစ်ခဲ့ပါတယ်။ မိုင်းဖုန်းဆရာတော်ကြီးကတော့ အခုနှစ်ပိုင်းတွေမှာ လူသူတွေနဲ့ ဝေးဝေး တရားအားထုတ်ဖို့ဆိုပြီး ဘယ်အရပ်ဘယ်ဆီမှာ ရောက်နေမှန်း ဘယ်သူမှ မသိကြရတဲ့ အနေအထားနဲ့ တရားဓမ္မကိုပဲ အာရုံစိုက်နေတယ်လို့ သိရပါတယ်။ မိုင်းဖုန်းသွားတဲ့ ခရီးလမ်းတလျှောက်က ရွာစဉ်လေးတွေ ဖြစ်သွားရတာ စိတ်ဝင်စားစရာလေးတွေပါ။ ရှမ်းရွာလေးတွေ ဖြစ်ပါလိမ့်မယ်။ တစ်ရွာဝင်ခါနီး တွေ့ရတဲ့ မုခ်ဦးလေးတွေရဲ့ ပုံစံလေးတွေကိုလည်း အထူးသတိပြုမိတယ်။ ကြားခဲ့ရသလောက် ဒီမုခ်ဦးကို ရွာတွေ အပြိုင်အဆိုင် အလှဆင်ကြတယ်ဆိုလားပဲ။ မိုင်းဖုန်းဆရာတော် သီတင်းသုံးတဲ့ ကျောင်းဆောင်တော်တော်များများဟာ ထူးခြားတဲ့ တည်ဆောက်ဟန်လေးတွေ ရှိတာကို သတိပြုမိတယ်။ နိုင်ငံတကာက လှူဒါန်းထားတဲ့ ကျောင်းဆောင်တွေလည်း ရှိနေတယ်။ တောင်ထိပ်မှာ၊ ရေကန်ထဲမှာ၊ မြေပြင်မှာ ဒီနယ်တဝိုက်ကို ကျောင်းဆောင်တွေ များစွာပါပဲ။ သဘောအကျဆုံးက ဘူတန်နိုင်ငံက လှူဒါန်းထားတဲ့ ကျောင်းဆောင်လေးပါ။ ချစ်စရာ လက်ရာဟန်ပန်လေးနဲ့ သိပ်သဘောကျမိတယ်။ မိုင်းဖုန်းဆရာတော် တည်ထားတဲ့ လွန်းလိန်းစေတီ ကိုလည်း ဖူးမြင်ခဲ့ရတယ်။ ကျောင်းဆောင်လက်ရာတွေကို လေ့လာရတာနဲ့တင် အတော် တန်တဲ့ ခရီးစဉ်လေး ဖြစ်ခဲ့ပါတယ်။

ree
ree
ree
ree
ree
ree
ree

တိက္ခက ရပ်တော်မူဘုရား

မိုင်းဖုန်းသွားတဲ့ လမ်းပေါ်မှာပဲ တည်ရှိနေတဲ့ တိက္ခက ရပ်တော်မူဘုရား ဟာလည်း အမြဲလိုလို ပျားစွဲနေတတ်တဲ့ ဘုရားပါ။ ဉာဏ်တော်မြင့်မြင့်နဲ့ ကုန်းမြင့်လေးပေါ်မှာ တည်ရှိနေပါတယ်။ ပျားစွဲတဲ့နေရာ ပြောင်းလေ့ရှိတယ်လို့လည်း သိရတယ်။ ကျွန်တော်သွားတဲ့အချိန်တော့ မေးစေ့နေရာမှာ ပျားစွဲနေတာကို လှမ်းမြင်ရပါတယ်။

ree

မဲခေါင်မြစ်ထဲ လှေစီးလည်

မိုင်းဖုန်းကျောင်းဝန်းထဲ မဝင်ခင် လာအို - မြန်မာ နယ်ခြားစောင့်တပ်တွေ ရှိရာ ဆိပ်ကမ်းလေးကနေ မဲခေါင်မြစ်ထဲ လှေစီးပြီး မိုင်းဖုန်းကျောင်းဝန်းကို ရေထဲကနေ ပတ်ကြည့်လို့ရသေးတယ်။ ရွှေကျောင်းကို ရေထဲကနေ လှမ်းမြင်ရတယ်။ တစ်ဘက်မှာလည်း လာအိုနိုင်ငံရဲ့ နယ်စပ်မြို့လေးက ဆိပ်ကမ်းကို လှမ်းမြင်ရတယ်။ ဟိုဘက်ဒီဘက် ကုန်ကူးနေတဲ့ သူတွေလည်း များတယ်။ တာချီလိတ်မှာက ထိုင်းနဲ့ မယ်ဆိုင်မြစ် ခြားနေပေမဲ့ ဒီနေရာမှာတော့ လာအိုနဲ့ ခြားနေတာ ဖြစ်ပါတယ်။ လှေစီးခက တစ်ဦးကို ၁၅၀၀ ကျပ်ထင်ပါတယ်။ မိနစ် ၂၀ လောက်တော့ စက်လှေနဲ့ လှည့်ပတ်ကြည့်ခွင့်ရခဲ့တယ်။

ree
ree
ree

တာချီလိတ်ညဈေး

တောင်ကြီး - တာချီလိတ်လမ်းပေါ်က ရှမ်းရိုးမကွင်း ထဲမှာ တာချီလိတ်ညဈေး ရှိပါတယ်။ ညတိုင်း ဆိုင်ခန်းစုံစုံရှိတတ်တယ်။ ရန်ကုန်၊ မိုးကုတ်၊ မန္တလေးအစားအစာလေးတွေ ရောင်းတတ်သလို၊ ထိုင်းဘက်က ပုံစံလေးတွေလည်း ရောင်းတတ်တယ်။ ကျွန်တော်က ဒီမှာ ခေါက်မုန့်တွေ စားရတာ ကြိုက်တယ်။ ကလေးလိုပဲ ကိုယ်ကြိုက်တဲ့အရုပ်ပုံပါတဲ့ ကတော့ခွက်လေးကို ရှာ၊ ခေါက်မုန့်ကို အဲ့ဒီ ကတော့ခွက်လေးထဲ ထည့်ပြီး စားရတာ ငယ်ငယ်တုန်းကအချိန်တွေကို ပြန်လွမ်းစရာပေါ့။ ခေါက်မုန့်ကလည်း အချိုစားမလား၊ ဝက်အူချောင်းကြက်ဥတွေထည့်ပြီး ခပ်စပ်စပ်လေး စားမလား၊ အစုံရတယ်နော်။ ခေါက်မုန့်အစပ်လေး ခုမှ စားဖူးပြီး သဘောတွေကျနေတာ။

ree
ree

နဂါးနှစ်ကောင်ဘုန်းကြီးကျောင်း

တောင်ကြီး - တာချီလိတ်လမ်းမကြီးပေါ်မှာပဲ မြင်သာတဲ့ ဘုန်းကြီးကျောင်းတစ်ခုက နဂါးနှစ်ကောင် ဘုန်းကြီးကျောင်းပါ။ ရှေ့မှာ နဂါးနှစ်ကောင်ကြီး ထင်းနေအောင် မြင်ရပါတယ်။ အတွင်းက ကျောင်းကြီးက သစ်သားတွေနဲ့ ခမ်းနားလိုက်တာ ဆိုတာ။ နှီးဘုရားကြီးကို ပူဇော်ထားရှိပါတယ်။ လေ့လာသင့်တဲ့ နေရာတစ်ခုပါ။

ree

အခြားလည်ပတ်စရာနေရာများ

ခုလို ဆိုတော့လည်း ပြန်ကြည့်လိုက်ရင် တာချီလိတ်က လည်ပတ်စရာတွေက ဘုရားနဲ့ ဘုန်းကြီးကျောင်းတွေချည်း ဖြစ်နေပြန်သလိုပဲ။ တကယ်လည်း အဲ့လို ဖြစ်သွားတယ်။ ရှိနေတဲ့ တောင်တွေ၊ ဂူတွေ၊ ရေတံခွန်တွေကို စနစ်တကျ ဖော်ထုတ်နိုင်ရင် ပိုကောင်းလာမယ်။ ပြီးတော့ ခရီးသွားတွေ လည်ပတ်လို့ရမဲ့ ရှမ်းရွာလေးတွေ ရှိလာစေချင်တယ်။ မိုင်းကိုး ဆိုလည်း စိတ်ဝင်စားစရာပေါ့လေ။ မိုင်းကိုးက ရှမ်းမလေးတွေ အရမ်းချောကြတယ်ဆိုလားပဲ။ ပြီးတော့ ရာသီအချိန်အခါလိုက်ပေါ်တတ်တဲ့ ချောင်းသာလိုမျိုး ရေကစားစရာနေရာတွေ၊ ချောင်းလေးဘေးနား ငါးကင်အသားကင်လေး စားလို့ရတဲ့ တဲအိမ်လေးတွေနဲ့ စားသောက်ဆိုင်လိုမျိုးနဲ့ ကာစီနိုအသေးစားလေးတွေ ပဲ လူငယ်တွေကို စွဲဆောင်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့် တာချီလိတ်ကို လည်ပတ်မယ်ဆိုရင် တာချီလိတ်တစ်ခုတည်း အပြင် တစ်ဘက်နိုင်ငံကိုပါ ကူးလူးပြီး အချိန်ယူ လည်ပတ်တာ ပိုတန်တယ်လို့ ဆိုချင်ပါတယ်။

ree

တည်းခိုစရာ

တာချီလိတ်ကို သွားခါနီး ဟိုတယ်ဘယ်မှာတည်းရမလဲ အတော်ရွေးရခက်တယ်။ နောက်ဆုံး ဟိုတယ် တာချီလိတ် ကို ရွေးလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ရေကစားကွင်းကြီး တစ်ခုနဲ့တူတဲ့ ရေကူးကန်ကြီး ပိုင်ဆိုင်နေတာရယ်။ အဲ့ဒီ ရေကူးကန်က အမြဲလိုလို တက်ကြွပျော်ရွှင်စရာ သီချင်းလေးတွေ ဖွင့်ပြီး အလန်းစား ယူနေလို့ရတာရယ်၊ အခန်းတွေက ရေကန်လေးရှေ့မှာ ရှိပြီး စိတ်ကြည်နူးစရာ ဘန်ဂလို ပုံစံတွေ ဖြစ်နေတာရယ်ကြောင့် ရွေးဖြစ်တာ။ တာချီလိတ်မှာ ဟိုတယ်ဈေးနှုန်းတွေက တစ်ခုနဲ့တစ်ခု မကွာလှဘူး။ ဟိုတယ်လည်း ရွေးစရာများတယ်။ ဒီလို မြေပြင်ကျယ်ကျယ် ဘန်ဂလိုမျိုးတော့ ရှားတယ်လေ။ အခန်းအမျိုးအစားဆိုလည်း ရွေးချယ်စရာ (၃) မျိုးလောက်ရှိတယ်။ ဟိုတယ်က မနက်စာနဲ့ အစားအသောက်လည်း တော်တော်ကောင်းတယ်။ ဟိုတယ်တွေမှာ အစားအသောက် အရမ်းကောင်းလေ့မရှိတာမို့ ပထမ နေ့လည်စာ မှာစားတုန်းက သိပ်အထင်မကြီးခဲ့ဘူး။ တကယ်စားကြည့်တော့မှ ကောင်းတယ်လို့ ခံစားသွားရတယ်။ အခန်းတွေလည်း ခေတ်မီတယ်။ ရေကူးကန်ထဲ အချိန်ပြည့်သာ ဆင်းနေချင်စိတ်ပေါက်လောက်အောင် လူတွေအမြဲစည်ကားနေတာ။ ဒီမှာ မတည်းခိုလည်း ဒီမှာ ရေလာကူးလို့ရနေတော့ မြို့ခံလူငယ်တွေ၊ နိုင်ငံခြားသားတွေ အများကြီး တွေ့ရတယ်။ Bar ကလည်း ကောင်းတာကိုး။


တခြား ရွေးချယ်စရာတွေအနေနဲ့ ကလပ်လည်း ရှိတဲ့ ရွှေဘူးသီး ဟိုတယ်၊ Regina ဟိုတယ်၊ Zanr Meeq Akha (ဇန်းမွန်အာခါ) ဟိုတယ်၊ J My King ဟိုတယ်၊ ရွှေမြန်မာဟိုတယ် စတာတွေ ရှိသေးတယ်။ ပြီးတော့ နည်းနည်းသက်သာတဲ့ Golden Cherry ဟိုတယ်၊ San Sai ဟိုတယ် တို့လည်း အဆင်ပြေပါတယ်။ တချို့ဟိုတယ်တွေ ကာစီနိုလည်း ရှိတော့ ပျော်ရမယ်လေ။

ree

စားသောက်စရာ

တာချီလိတ်က အစားအစာလေးတွေတော့ သဘောကျသား။ ရှမ်းအစားအစာ၊ အာခါအစားအစာ၊ တရုတ် နဲ့ ထိုင်းအစားအစာတွေ ရှိတယ်။ အာခါ အစားအစာတွေကိုတော့ အဓိက စားကြည့်သင့်တယ်လို့ ညွှန်းချင်ပါတယ်။ Akar Zone စားသောက်ဆိုင်၊ Akar Traditional စားသောက်ဆိုင် တို့မှာ အာခါဟင်း ထမင်း ကောင်းပါတယ်။ တရုတ်၊ ထိုင်း အစားအစာ ရော၊ ရန်ကုန် အလွမ်းပြေ စားချင်ရင်ရော Jazz Café ကို သွားသင့်တယ်။ အားကစားရုံလမ်း (Arrkazar Yon Street) မှာ ရှိတာပါ။ သူတို့ရဲ့ နာမည်ကြီး ရေခဲမုန့်လေးတွေလည်း မြည်းစမ်းခဲ့ဦး။ ကော်ဖီသီးသန့်လေး အရသာကောင်းကောင်းသောက်မယ်ဆို မဟာမြတ်မုနိ ဘေးလမ်း (ဇီဇဝါလမ်းဆိုလား) က DIY Café ရှိတယ်။ ပန်းရောင်အပြင်အဆင်နဲ့ ချစ်စရာလေး။ ကော်ဖီဆိုင်က သေးသေးလေးပေမဲ့ နိုင်ငံခြားက ဆိုင်လေးတွေအတိုင်းပဲ။ J My King Café လည်း မိုက်တယ်။ ခေါဝ်ဖွန်း (ဆန်တို့ဟူး) အသုပ်ကောင်းကောင်း စားချင်ရင်တော့ ဆန်ဆိုင် (၅) လမ်းမှာ ရှိတဲ့ ခေါဝ်ဖွန်း၊ ခေါဝ်ဖွန်းထို ဆိုင်လေး အရမ်းကောင်းတယ်။ များသောအားဖြင့် သူတို့က ပွဲပြင်ရင် ဒီအတိုင်း ဘာမှ မထည့်ဘဲ ပြင်ပေးလိုက်တာ။ အစပ်အဟပ်တည့်အောင် ကိုယ့်ဟာကိုယ် ပြင်ဖို့ အဆာပလာအမှုန့်နဲ့ အရည် အစုံကို ဗန်းကြီးနဲ့ ချပေးထားတယ်။ ကိုယ့်စိတ်ကြိုက်စပ်ပြီး သုပ်ရုံပဲ။ တော်တော်စားကောင်းတယ်။ ကျွန်တော်က ဘယ်ဟာထည့်ရမှန်းမသိလို့ သူငယ်ချင်းတွေ ပြင်ပေးတဲ့အတိုင်းပဲ စားလိုက်တော့တယ်။ ဒီဘက်မှာ အရမ်းခေတ်စားနေတဲ့ မူကထ အကင်တွေဆိုရင်လည်း တန်တယ်။ ညဘက် အစာပြေ အချိုတည်းချင်ရင်တော့ ချစ်ကြည်ရေးတံတားနားက လှည်းကလေးနဲ့ ဆိုင်လေးတွေဆီက အချိုမုန့်တွေ၊ သစ်သီးတွေ ဝယ်စားရတာလည်း သိပ်ကောင်းပါတယ်။

ree

ညဘက်ပျော်ဖို့ကောင်းတဲ့ တာချီလိတ်

တာချီလိတ်မှာတော့ ဘားတွေ၊ ကလပ်တွေ နဲ့ ကာစီနိုတွေလည်း ရှိတော့ အဆင်ပြေတယ်။ ညဘက် ထိုင်လို့ကောင်းတဲ့ ဘားလေးတွေပြောပြချင်တယ်။ အဲ့ဒီမှာ လောက်ပန် လို့ခေါ်တဲ့ အရက်နဲ့ ဖျော်ရည်ရောပြီး ချိုမွှေးမွှေးသောက်ရတာလေးကို လူငယ်တွေ သဘောကျကြတယ်။ လမ်းမကြီးပေါ်က ကြယ်တာရာ ဆိုင်၊ Ray Bar ၊ Playhaus ၊ 999 ဆိုင်တွေ သဘောကျမိတယ်။ KTV ဆိုလည်း 1G17KTV က နာမည်ကြီးတယ်။ ခုဆို နှစ်ခုတောင် ရှိပြီ ထင်တယ်။ Club ဆိုလည်း Red Light Relaxation House ၊ SBT Club ၊ 88 Point Club တွေ ရှိပါတယ်။

ree

တာချီလိတ်ကို အလည်အပတ်သွားရတာက တစ်မျိုးတစ်ဘာသာ ကွဲပြားပါလိမ့်မယ်။ နယ်စပ်မြို့ဖြစ်လို့ ယဉ်ကျေးမှုစုံပါတယ်။ အလည်အပတ်သွားသူအတွက် အန္တရာယ်ဖြစ်နိုင်တာမျိုး မတွေ့ရပါဘဲ အေးချမ်းနေတဲ့ မြို့လေးအသွင် ဖြစ်နေပါတယ်။ မနက် နဲ့ ညနေပိုင်းလေး အလုပ်သွားအလုပ်ပြန်ချိန် နယ်စပ်ဖြတ်ကျော်တံတားပေါ်မှာ စည်စည်ကားကားလေး ဖြစ်နေတတ်တာကလွဲရင် လူသိပ်ရှုပ်တဲ့ မြို့လေးတော့ မဟုတ်ပါဘူး။ သန့်ရှင်းမှုအနေအထားကလည်း အထိုက်အလျောက် ရှိပါတယ်။ မီးလေး မှန်ပြီး နေပျော်တယ်။ ကျွန်တော် သွားလည်တုန်းကတော့ တာချီလိတ်တစ်ဝိုက်နဲ့ မယ်ဆိုင်၊ ချင်းရိုင် အထိ သွားခဲ့တာပါ။ ချင်းမိုင်အထိပါ သွားဖို့ အစီအစဉ်ရှိပေမဲ့ သူငယ်ချင်းတွေနဲ့ နေ့ချင်းပြန်လောက်ပဲ စီစဉ်နိုင်ခဲ့လို့ ချင်းမိုင်ထိတော့ မရောက်ဖြစ်ခဲ့ပါဘူး။ နောက်တစ်ပုဒ်မှာတော့ တာချီလိတ်ကနေ ချင်းရိုင်ထိ ခရီးစဉ်အကြောင်း၊ ရွှေတြိဂံဒေသ နဲ့ နိုင်ငံကူးလက်မှတ်ပြုလုပ်ပုံအကြောင်းတွေကို တင်ပြသွားမှာပါ။ တာချီလိတ်ကို နောက်တစ်ခေါက်ရောက်ဦးမယ်ဆိုရင် တစ်ဘက်ခြမ်းကိုတော့ ပိုလည်ဖြစ်ဦးမယ် ထင်ပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Tena, Sai Hein Mhan

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

Comments


Thiha, the traveller logo

Thiha, The Traveller

Travel & Lifestyle Blog

  • Facebook
  • Instagram
  • YouTube
  • TikTok
  • Twitter
  • Spotify
  • Pinterest
  • RSS

TIPS & INSPIRATION

Get Inspired! Receive travel discounts, the secrets and tips that you need to get to know the most impressive places in the world.

သတင်းလွှာ ရယူဖို့ ဖောင်ဖြည့်နိုင်ပါတယ်။ ပြည်တွင်းပြည်ပ ခရီးစဉ်များ နေ့စဉ်တင်ဆက်မှုအသစ်တွေ အပါအဝင် ကံစမ်းမဲလက်ဆောင်များ၊ ခရီးစဉ်လျှော့ဈေးများ စတဲ့ စတဲ့ အခွင့်အရေးများစွာကို ရယူခံစားနိုင်မှာ ဖြစ်ပါတယ်ခင်ဗျာ။

Copyright © 2024 Idea Landmark Myanmar | Thiha, the Traveller - All Right Reserved.

I may earn commission (at no extra cost to you) from some affiliate links if you choose to purchase through them. (Learn more)

bottom of page