ရွှေတိဂုံ စေတီတော်ကြီးကို နှံ့နှံ့စပ်စပ် ဖူးဖို့ဆိုရင်…
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ရွှေတိဂုံ စေတီတော်ကြီးကို နှံ့နှံ့စပ်စပ် ဖူးဖို့ဆိုရင်…

နှစ်ပေါင်း ၂၅၀၀ တောင် သက်တမ်းရှိလာပြီဖြစ်တဲ့ ရွှေတိဂုံစေတီတော်ကြီး ဟာ ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုလည်း ဖြစ်တဲ့အပြင် ဗုဒ္ဓဘာသာတိုင်းရဲ့ အလေးအမြတ်ထားရာ တန်ခိုးကြီးစေတီတစ်ဆူဖြစ်တာမို့ မြို့ခံတွေရော၊ အနယ်နယ်အရပ်ရပ်က ခရီးသွားဧည့်သည်တွေရော၊ နိုင်ငံတကာခရီးသွားတွေကပါ စိတ်ဝင်တစားလာရောက် ဖူးမြော်လေ့လာကြရတဲ့ စေတီတော်မြတ်ကြီး ဖြစ်ပါတယ်။ ကမ္ဘာကျော်တဲ့ စေတီတော်ကြီးကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်ဖို့လည်း ကြိုးပမ်းနေကြပါတယ်။

Shwe Dagon Pagoda ရွှေတိဂုံစေတီတော်

ကျွန်တော်လည်း ငယ်ငယ်ကတည်းက ရွှေတိဂုံစေတီကြီးဆီကို မကြာခဏဆိုသလို ရောက်ဖူးခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်နေရာက ဘယ်လိုထူးခြားမှုတွေရှိတယ်ဆိုတာမျိုး သေချာလေ့လာ လည်ပတ်ဖူးမြော်ခဲ့တာမျိုး မဟုတ်ခဲ့ဘဲ သာမန်ဘုရားဖူးတစ်ယောက်လိုပဲ ဘုရားတစ်ပတ်ပတ်၊ ကိုယ့်နေ့နံသွား၊ ဒီလောက်နဲ့ ပြန်ခဲ့တာ များပါတယ်။ တကယ်တော့ ရွှေတိဂုံစေတီတော်ကြီးဟာ ထူးခြားတဲ့ မှတ်သားလေ့လာစရာတွေ အံ့ဘွယ်ရာတွေနဲ့ ပြည့်နှက်နေတဲ့ စေတီတော်ကြီးဆိုတာ ပိုလေ့လာလေ ပိုသိလာလေ ဖြစ်ရတာမို့ အခုဆို သေချာ အချိန်ယူ ဘုရားဖူးဖြစ်ပါတယ်။


မာတိကာ


လေးဆူဓါတ်ပုံ ရွှေတိဂုံ

ရွှေတိဂုံစေတီတော်ဟာ ဉာဏ်တော် ၃၂၆ ပေ မြင့်ပြီး သိင်္ဂုတ္တရကုန်းတော်ပေါ်မှာ တည်ရှိတာပါ။ တဖုဿ နဲ့ ဘလ္လိက ကုန်သည်ညီနောင် က ဂေါတမဘုရားရှင်ကို ဆွမ်းကပ်ခွင့်ရပြီး ဘုရားရှင်ဆီကနေ ဆံတော် (၈) ဆူ ကို ပင့်ဆောင်နိုင်ခဲ့ကြပါတယ်။ ဥက္ကလာပတိုင်းပြည် ရောက်တဲ့အခါမှာ ဆံတော် (၄) ဆူ ကို စေတီတော် တည်ထားဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဥက္ကလာပမင်းကြီး က ရွှေတိဂုံစေတီတော်အဖြစ် တည်ထားကိုးကွယ်ခဲ့တယ်လို့ သမိုင်းအကျဉ်း ဖတ်မှတ်ကြရပါတယ်။ ဂေါတမဘုရား ရဲ့ ဆံတော် အပြင် ဆူးလေနတ်ကြီးဆီက ရတဲ့ ကကုဿန်ဘုရား ရဲ့ တောင်ဝှေးတော်၊ ရောဟဏီ ဗိုလ်တထောင်နတ်ကြီးဆီက ရတဲ့ ကောဏာဂမနဘုရား ရဲ့ ရေစစ်တော်၊ ဒက္ခိဏ သင်္ကန်းကျွန်းကျိုက္ကဆံနတ်ကြီးဆီက ရတဲ့ ကဿပဘုရား ရဲ့ ရေသနုပ်သင်္ကန်းတော်တွေကို ပေါင်းစု ဌာပနာလို့ တည်ထားကိုးကွယ်ခဲ့တာလို့ ဆိုပါတယ်။


အံဘွယ် ၉ ပါး မဖြစ်မနေသွား

ရွှေတိဂုံရောက်ရင် ခါတိုင်းနဲ့မတူ အချိန်ယူပြီး သေချာ ဖူးမြော်ချင်သူတွေအနေနဲ့ကတော့ ဦးဆုံး အံဘွယ် ၉ ပါး ကို ရှာဖွေ လေ့လာဖူးမြော်စေချင်မိပါတယ်။ ထူးခြားတဲ့နေရာလေးတွေပေါ့။ ဆုတောင်းပြည့်တယ် ဆိုတာမျိုးထက် ထူးခြားတဲ့နေရာလေးတွေအဖြစ် ပိုပြီး သိသာစေချင်မိတာပါ။


(၁) ပတ္တမြားမျက်ရှင်ဘုရား

များသောအားဖြင့်တော့ ပတ္တမြားမျက်ရှင်ဘုရား လို့ သိကြတဲ့ တဝဂူ ဆုတောင်းပြည့်ဘုရား ကို တန်ဆောင်းတွေမှာ တပ်ဆင်ထားတဲ့ တီဗီတွေကနေတဆင့်ပဲ ဖူးမြော်ကြရပါတယ်။ အမျိုးသားတွေကတော့ တက်ရောက်ဖူးမြော်နိုင်တယ်ဆိုပေမဲ့လည်း အချိန်တိုင်း အလွယ်တကူ တက်ရောက်ခွင့် ရတာမျိုး မဟုတ်လို့ ဒီလိုပဲ တီဗီကနေ တဆင့် ဖူးမြော်ကြရတာ များပါတယ်။ အထက်ပစ္စယံ တစ်နေရာမှာ လျှို့ဝှက်တည်ထားတယ်လို့လည်း ဆိုပါတယ်။ အချို့ကတော့ အရင်ခေတ်က ဒီဘုရားမှာ သစ္စာအဓိဌာန်ပြုပြီး ညီအစ်ကိုချင်းသတ်ဖြတ် နန်းလုတာတွေ ရှိခဲ့ကြလို့ မင်းညီမင်းသားတွေ ဖူးမြော်ခွင့် ပိတ်ပင်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ အဓိဌာန်အောင်မြင် ဆုတောင်းပြည့်တဲ့ ဘုရား ဖြစ်တဲ့အတွက်လို့ မှတ်သားရပါတယ်။


(၂) ဘိုးဘိုးအောင်ဘုရား

တနင်္လာထောင့် ထီးတော်စေတီ နှစ်ဆူ ရဲ့ အရှေ့ဘက်၊ ပျော်ဘွယ် ဦးဘိုးလှတန်ဆောင်း ရဲ့ဘယ်ဘက်မှာ ဖူးမြင်နိုင်မှာကတော့ ဘိုးဘိုးအောင် ဘုရား ပါ။ အရှေ့ဘက်မုခ် နဲ့ နီးပါတယ်။ ဘိုးဘိုးအောင်ဘုရား ကို ပန်းပေါင်းစုံကြိတ်ပြီး စီရင်ဖန်တီးထားတဲ့အတွက် ပန်းပေါင်းဆင်းတု လို့လည်း ခေါ်ကြပါသေးတယ်။ တန်ဆောင်းမှာ ဆိုင်းဘုတ်အနီလေးနဲ့ ဘိုးဘိုးအောင်ဆုတောင်းပြည့်ဘုရား လို့ ရေးသားထားလို့ သိသာထင်ရှားပါတယ်။ ဂူဘုရား လို့ ဆိုနိုင်ပါတယ်။ အတွင်းဂူအတော်နက်နက်မှာ မှန်ခန်းနဲ့ ထားထားတာဖြစ်လို့ အဝေးကနေတော့ ရုတ်တရက် ထင်ထင်ရှားရှားမြင်တွေ့ဖို့တော့ ခက်ပါတယ်။ ဘိုးဘိုးအောင် နဲ့ မယ်တော် မယ်ငြိမ်းရာ တို့ တည်ထားတယ်လို့ ဆိုပါတယ်။


(၃) လာဘမုနိ ကကုသန်ဘုရား

လက်ပက်လက်ဘုရားလို့လည်း အများသိကြတဲ့ လာဘမုနိ ကကုသန်ဘုရား ကိုတော့ အရှေ့ဘက်မုခ် အာရုံခံတန်ဆောင်းထဲမှာ မြင်တွေ့ကြရပါတယ်။ တနင်္လာထောင့်နားမှာပဲ တည်ရှိနေတာပါ။ ကျန်းမာရေးအတွက် ဆုတောင်းပြုကြတယ်လို့ သိရပါတယ်။ လက်ဟန်တော်ကို အခြားဘုရားတွေနဲ့ မတူ ပက်လက်ဟန် ထုဆစ်ထားခဲ့လို့ လက်ပက်လက်ဘုရားလို့လည်း ခေါ်ခဲ့ကြတာပါ။ ပွင့်ပြီးတော်မူတဲ့ ကကုသန်ဘုရားကို ရည်မှတ် တည်ထားတယ်လို့ ဆိုပါတယ်။


(၄) ပြဒါးမျက်ရှင်ဘုရား

သရဘဂုဘုရား လို့လည်း သိကြသေးတဲ့ ပြဒါးမျက်ရှင်ဘုရား ကတော့ အရှေ့ဘက်မုခ် နဲ့ အင်္ဂါထောင့်ကြား မှာ တည်ရှိနေတာပါ။ ပြဒါးမျက်ရှင်ဘုရား လို့ဆိုလိုက်တာနဲ့ ဖူးပြီးသူတိုင်းက အရမ်းကြည်ညိုစရာကောင်းတယ်လို့ ဆိုရတဲ့အထိ အချိုးအစားပြေပြစ်တဲ့ ကြေးဆင်းတုတော် တစ်ဆူ ဖြစ်ပါတယ်။ အချို့ရဲ့ အဆိုအရတော့ ရွှေတိဂုံမှာ ရှိတဲ့ ဆင်းတုတော်တွေထဲမှာ ကြည်ညိုဘွယ်အကောင်းဆုံး လို့တောင် တင်စား သတ်မှတ်ကြတဲ့အထိပါပဲ။ ဇီးဖြူသီးအရွယ် ပြဒါးရှင်ဓာတ်လုံး ကို ဆင်းတုတော် ရဲ့ နဖူးတော်မှာ ဌာပနာထားတယ်လို့ ယူဆထားကြပါတယ်။ ဒါကြောင့် နဖူးတော်ဟာ မို့မောက်နေတာဖြစ်တယ်လို့ ဆိုကြပါတယ်။


(၅) ရှင်စောပုဘုရား

ဘားလေးဘားဘုရား လို့ပါ သိထားကြတဲ့ ရှင်စောပုဘုရားကတော့ အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြားက ရှင်စောပုတန်ဆောင်း မှာ တည်ရှိနေပါတယ်။ ဟံသာဝတီဘုရင်မကြီး ရှင်စောပု ရဲ့ ကောင်းမှုဖြစ်လို့ ရှင်စောပုစေတီလို့လည်း သိထားကြပါတယ်။ အနားမှာ စကားပင် (၄) ပင် ရှိပြီး ၁၂ ရာသီပတ်လုံး ပန်းပွင့်တယ်လို့ ပြောကြပါတယ်။ ကျွန်တော်တော့ သတိမပြုမိခဲ့ပါဘူး။


(၆) ရှင်အဇ္ဇဂေါဏဘုရား

ပုဂံပြည့်ရှင် သမုဒ္ဒရာဇ်မင်းလက်ထက်တုန်းက ဆိတ်မျက်လုံးတစ်ဘက်၊ နွားမျက်လုံးတစ်ဘက် နဲ့ ဆရာတော်တစ်ပါး ရှိခဲ့ဖူးတယ်။ ရှင်အဇ္ဇဂေါဏ လို့ ဘွဲ့အမည်တွင်ပါတယ်။ ဖိုထိုးတာကို အထူးစိတ်ဝင်စားတဲ့ ကိုယ်တော်အဖြစ်လည်း ဖတ်မှတ်ရဖူးပါတယ်။ ဆရာတော်တည်ခဲ့တဲ့ ဘုရား ကို ရှင်အဇ္ဇဂေါဏတန်ဆောင်းမှာ ဖူးမြင်ကြရပါတယ်။ ဘိုးဘိုးအောင်ဘုရားတန်ဆောင်းနဲ့လည်း မဝေးလှပါဘူး။ အချို့ကတော့ ဆရာတော်က သူတည်တဲ့ဘုရားမှန်းသိအောင် သူ့မျက်လုံးပုံစံအတိုင်း ရုပ်ပွားတော်ရဲ့ မျက်စိကို တစ်ဘက်ကျဉ်း တစ်ဘက်ကျယ် သွန်းလုပ်ခဲ့တယ်လို့ ယူဆထားကြပါတယ်။ ပင်မဆင်းတုတော်မှာတော့ အဲ့ဒီလို မျက်စိအကျဉ်းအကျယ်အနေအထားမျိုး ကျွန်တော် သတိမပြုမိပါဘူး။ ဆင်းတုတော်ကြီးရဲ့ ရှေ့မှာ ရှိနေတဲ့ မတ်ရပ်ကိုယ်တော်ဆင်းတုမှာတော့ မျက်စိနှစ်ဘက် မတူညီစွာ ဖန်တီးထားတာ ဖူးမြင်ရပါတယ်။ စိတ်အထင် ဆရာတော်ရဲ့ ပုံတူဆင်းတုများ ဖြစ်လေမလားလို့ တွေးမိပါတယ်။


(၇) ဆံတော်တွင်း

သောကြာထောင့်နားမှာ ရှိတဲ့ ဆံတော်တွင်းက ထင်သာမြင်သာ ရှိပါတယ်။ ပင်မပတ်လမ်းကြီးမှာ ထင်ထင်ရှားရှားမြင်ရပါတယ်။ ဆံတော်တွင်းတန်ဆောင်း လို့လည်း ဆိုင်းဘုတ်တပ်ဆင်ထားပါတယ်။ ဆံတော်တွင်း ရဲ့ ဘေးတစ်ဘက်မှာ ရှိနေတဲ့ ဒဂုံခင်ခင်လေး ရဲ့ ကောင်းမှု မဟာဗောဓိစေတီရဲ့ သွင်ပြင်ထူးခြားမှုကြောင့်လည်း သိသာတယ်ဆိုနိုင်ပါတယ်။ ဒီ ဆံတော်တွင်းတန်ဆောင်း ရဲ့ ကုသိုလ်ရှင်ဟာလည်း ဒဂုံခင်ခင်လေး လို့ သိရပြန်ပါတယ်။ ရွှေတိဂုံစေတီကြီး တည်စဉ်တုန်းက ဆံတော်များကို ဆေးကြောတဲ့တွင်းဖြစ်တယ်လို့ သိရပါတယ်။ ဆံတော်တွင်းက ရေဟာ ဧရာဝတီမြစ်ကြောင်းနဲ့ တကြောတည်း သင့်နေလို့ ဒီရေအတက်အကျရှိရင် ဆံတော်တွင်းမှာလည်း ရေအတက်အကျရှိတယ်လို့ ဆိုပါတယ်။ လပြည့်လကွယ်နေ့တွေမှာ ရေသံကြားရတတ်တယ်လို့လည်း ဆိုကြပြန်ပါတယ်။ အရင်က လိုဏ်ခေါင်းဖြစ်ပြီး ၁၈၇၉ ခုနှစ်မှာ အုတ်ပြသာဒ် ငုံလို့ တန်ဆောင်း တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း မှတ်သားရပြန်ပါတယ်။


(၈) ဝိဇ္ဇာဇော်ဂျီဘုရား

ပင်မပတ်လမ်းကြီးဘေးတင်ပဲ ထင်သာမြင်သာရှိပြီး အနားမှာ ရခိုင်တန်ဆောင်းကြီး အပါအဝင် သိသာထင်ရှားတဲ့ နေရာတွေ ရှိတာမို့ ရှာရသိပ်မခက်ပါဘူး။ စနေထောင့်နားမှာ ဖြစ်ပါတယ်။ သိသာထင်ရှားတာကတော့ စေတီငယ်ကို ကြည့်လိုက်ရင် ရုပ်ပွားတော်အထက်နားမှာ ဇော်ဂျီရုပ်လေးတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီ ဝိဇ္ဇာဇော်ဂျီဘုရား ကို ပန်းမဦးဘုရား လို့လည်း ဆိုကြပါသေးတယ်။ ပန်းကပ်ဖို့ မမီနိုင်အောင် စောစောထသွားလည်း ပန်းအလှူက အလိုလို ကြိုရောက်နှင့်နေတယ်လို့ ဆိုပါတယ်။ ဟိုးအရင်ခေတ်တုန်းက လောကီပညာအစီအရင်တွေနဲ့ တည်ခဲ့တာလို့ ဆိုကြပါတယ်။


(၉) ရှင်မထီးဘုရား

တနင်္ဂနွေထောင့်နားမှာ ရှိနေတဲ့ ရှင်မထီးတန်ဆောင်း မှာ ဖူးနိုင်တဲ့ ရှင်မထီးဘုရားပါ။ အတွင်းဘက်ကို ဝင်မှ ရှင်မထီးတန်ဆောင်းကို တွေ့ကြရမှာပါ။ အနားမှာ နောင်တော်ကြီးဘုရား၊ ရာဇမုနိဘုရား နဲ့ ကျောက်စာတိုက်တွေလည်း ရှိပါသေးတယ်။ ရှင်မထီးဆရာတော် ကတော့ ပျူစောထီး လက်ထက်က လို့ သိရပါတယ်။ ရှင်မထီးကျမ်းကို ပြုစုခဲ့သူလို့ သိရပါတယ်။ ရှေးဘုရားတစ်ဆူမှန်း သိသာထင်ရှားတဲ့ ဆင်းတုတော် တည်ဆောက်ဟန် ရှိပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ခန့်က တည်ထားတယ်လို့ ဆိုပါတယ်။


ခေါင်းလောင်းကြီးများ

ရွှေတိဂုံရောက်ရင် သမိုင်းဝင် ရှေးခေါင်းလောင်းကြီးတွေ ကို မြင်တွေ့ရတာလည်း တမျိုးစိတ်ကြည်နူးရပါတယ်။ ရွှေတိဂုံရင်ပြင်မှာ ခေါင်းလောင်း အရွယ်အစားစုံ (၂၉) လုံး ရှိတယ်လို့ ဆိုပါတယ်။ ဒီခေါင်းလောင်းတွေထဲမှာ အရင်ကတော့ ခေါင်းလောင်းကြီး ၃ ခု ရှိခဲ့ပေမဲ့ အခုတော့ ကြေးပိဿချိန် ၁၈၀,၀၀၀ ရှိတဲ့ ဓမ္မစေတီခေါင်းလောင်းကြီး က လွဲရင် အလေးပိဿချိန် ၁၅,၅၅၅ ရှိတဲ့ စဉ့်ကူးမင်း ခေါင်းလောင်း နဲ့ အလေးပိဿချိန် ၂၆,၀၀၀ ရှိတဲ့ သာယာဝတီမင်း ခေါင်းလောင်းတွေ ကတော့ လေ့လာဖို့ ကျန်ကြွင်းနေဆဲပါ။ ခေါင်းလောင်းစာတွေကိုလည်း မြင်တွေ့လေ့လာနိုင်တာမို့ စိတ်ဝင်စားသူတွေအတွက်ကတော့ တကယ့် အနှစ်တွေချည်းပါပဲ။


အခြား ထူးခြားနေရာများ

ရွှေတိဂုံစေတီတော်ကြီးကို လည်ပတ်ဖူးမြော်တဲ့အခါ အထက်က ဘုရား နဲ့ နေရာတွေအပြင် အခြားထူးခြားတဲ့နေရာတွေလည်း ရှိပါသေးတယ်။ ဒီနေရာတွေကိုလည်း သွားရောက်လေ့လာ ဖူးမြော်စေချင်မိပါတယ်။ အားလပ်ချိန်လေး များများ ရတဲ့နေ့မျိုးမှာ သေချာအချိန်ပေး လည်ပတ်ရှာဖွေ သင့်ပါတယ်။


ခြေတော်ရာတန်ဆောင်း

မြောက်ဘက်မုခ်စောင်းတန်း နားမှာ ခြေတော်ရာတန်ဆောင်း ရှိပါတယ်။ ခြေတော်ရာ လို့ ဆိုင်းဘုတ်နီလေး တပ်ထားလို့ ရှာရလည်း လွယ်ပါလိမ့်မယ်။ ခြေတော်ရာ ကို ဖူးရင်း ခြေတော်ရာ နားက မတ်ရပ်ဆင်းတုတော်နဲ့ တွဲလျက်ရှိနေတဲ့ ကျွန်းတိုင်လုံးကြီး ကို ဆုတောင်းပြည့်တယ်လို့ အချို့က ယူဆပြီး နဖူးနဲ့ထိလို့ အာရုံပြုဆုတောင်းတတ်ကြပါတယ်။ အဲ့ဒီ ကျွန်းတိုင်လုံးကြီးဟာ ဌာပနာတိုက်ထိ ရောက်တယ်လို့လည်း အချို့က ပြောဆိုကြပါတယ်။ ဒီခြေတော်ရာတန်ဆောင်းအတွင်းက ရုပ်ပွားတော်ကြီးကိုလည်း နဖူးနဲ့ ထိတွေ့ ဆုတောင်းတတ်ကြပါသေးတယ်။ ကျွန်းတိုင်ကြီးကိုတော့ အမျိုးသားအမျိုးသမီးမရွေး ထိတွေ့ဆုတောင်းနိုင်ပေမဲ့ ဒီရုပ်ပွားတော်ကိုတော့ အမျိုးသားတွေပဲ ထိခွင့်ရှိပြီး အမျိုးသမီးတွေ မထိရဘူးလို့ ဆိုပါတယ်။


ဝိဇ္ဇာဇော်ဂျီတန်ဆောင်း

မြောက်ဘက်မုခ် မှာပဲ ခြေတော်ရာတန်ဆောင်းနဲ့ မျက်နှာချင်းဆိုင် တည်ရှိနေတဲ့ ဝိဇ္ဇာဇော်ဂျီတန်ဆောင်း ကို အရမ်းချစ်ကြတဲ့ စုံတွဲတွေတော့ သဘောတွေ့ကြပါတယ်။ တမူထူးခြားစွာ တန်ဆောင်းဝင်ပေါက်ရဲ့ ထိပ်မှာ ရွှေရောင်အင်းပြားကြီး ကို ကပ်ထားတာ မြင်တွေ့ရပါလိမ့်မယ်။ ဒီအင်းပြားကြီးကြောင့် ချစ်သူတွေ တန်ဆောင်းထဲ အတူဝင်ရင် အဝင်မှာ ညာဘက် ဇော်ဂျီရုပ်တု ရဲ့ တောင်ဝှေး ကို ကိုင်ပြီး ဝင်၊ ဘုရားမှာ ဆုတောင်း၊ ပြန်ထွက်ရင် ဘယ်ဘက် ဇော်ဂျီရုပ်တု က ဓါတ်လုံးကို ကိုင် ကြရမယ်တဲ့။ ဒါဆို ဘယ်သူခွဲခွဲ မကွဲတော့ပါဘူးတဲ့လေ။ ကျွန်တော်လည်း ခုထိ ချစ်သူမရှိတော့ မစမ်းကြည့်မိဘူး။ စမ်းကြည့်ဖူးသူရှိရင် ဟုတ်၏ မဟုတ်၏ ပြောပြပေးပါဦးနော်။

ဝိဇ္ဇာဇော်ဂျီတန်ဆောင်းအတွင်းက နေလနောက်ခံနဲ့ ပြည်လုံးချမ်းသာဆုတောင်းပြည့်ဘုရား ရုပ်ပွားတော်ကို နောင်ပွင့်မယ့် အရိမေတ္တယျဘုရားရှင်ပုံတော် ဖြစ်မယ်လို့ ယူဆထားချက်လည်း ရှိပါတယ်။ ဘုရားပွင့်ချိန်မှာ အကျွတ်တန်းဝင်ကြမဲ့ ဝိဇ္ဇာဇော်ဂျီတွေ တရားအားထုတ်ကြရာ တန်ဆောင်း ဖြစ်မယ်လို့ တွက်ဆကြပါတယ်။


နဂါးကိုးကောင် ဆုတောင်းပြည့်ဘုရား

မြောက်ဘက်မုခ် က ဝိဇ္ဇာဇော်ဂျီတန်ဆောင်းဘေးမှာရှိတဲ့ တန်ဆောင်းလေးကနေ အတွင်းကို ဝင်သွားလိုက်ရင် နဂါးကိုးကောင်ဘုရား ကို ဖူးနိုင်ပါတယ်။ လမ်းညွှန်စာတန်းလေးလည်း ရှိပါတယ်။ ချောင်လေးထဲမှာ ခပ်ကျဉ်းကျဉ်းနေရာမှာ ရောက်နေသလိုတော့ ဖြစ်နေပေမဲ့ အမြဲလိုလို ဘုရားဖူးများပြားနေတတ်ပါတယ်။ လောကီအမှုရေးအတွက် အဓိဌာန်အောင်မြင်ဆုတောင်းပြည့်တယ် လို့ ယူဆကြလို့ လာရောက်ဝတ်ပြုသူ အတော်များတတ်တာပါ။


ရာဇာကြီးညီနောင်ဘုရား

မြောက်ဘက်မုခ်ကနေတက်လာရင် ဘုရားရင်ပြင်ပေါ်ရောက်ရောက်ချင်း ညာဘက်ခြမ်းမှာ မြင်ရမဲ့ ရှမ်းတန်ဆောင်း ထဲမှာ ထူးခြားတဲ့ ပုံတော်သွင်ပြင်နဲ့ ဖူးတွေ့နိုင်မဲ့ ဘုရားနှစ်ဆူကတော့ ရာဇာကြီးညီနောင်ဘုရား ပဲ ဖြစ်ပါတယ်။ ရှမ်းဟန် ရုပ်ပွားတော်လို့ ဆိုပါတယ်။ ကံရာဇာကြီး နဲ့ ကံရာဇာငယ် ညီနောင်နှစ်ပါး ရဲ့ ကောင်းမှု ဖြစ်မယ်လို့ ဆိုကြပါတယ်။ ဉာဏ်တော်အားဖြင့် ခပ်သေးသေး ပါပဲ။ ရုပ်ပွားတော်ကြီးတွေ ကြားမှာ မထင်မရှားလေး မြင်တွေ့ရမှာ ဖြစ်ပါတယ်။


နှစ်ကျိပ်ရှစ်ဆူ (သာသနဝေယာဝစ္စတန်ဆောင်း)

မြောက်ဘက်မုခ်စောင်းတန်းကနေ ရင်ပြင်ပေါ်ရောက်လို့ ရှမ်းတန်ဆောင်းရှိရာ ညာဘက်ကို ဆက်ပြီး အပြင်ပတ်လမ်းအတိုင်း လျှောက်လိုက်မယ်ဆိုရင် နှစ်ကျိပ်ရှစ်ဆူဘုရားတွေရှိတဲ့ သာသနဝေယာဝစ္စတန်ဆောင်း ကို ရောက်ပါလိမ့်မယ်။ ဦးခလာသီ၊ ဒေါ်ကျုံးတန်ဆောင်း လို့လည်း ခေါ်သေးတယ်လို့ သိရပါတယ်။ ကမ္ဗည်းကျောက်စာအရ ၁၂၅၅ ခုနှစ်မှာ တန်ဆောင်းကို လှူဒါန်းခဲ့တာလို့ ဆိုပါတယ်။ မုဒြာဟန်အမျိုးမျိုးနဲ့ နှစ်ကျိပ်ရှစ်ဆူသော ရပ်တော်မူရုပ်ပွားတော်တွေကို ဖူးမြင်ကြရမှာ ဖြစ်သလို၊ ရုပ်ပွားတော်တွေရဲ့ အောက်ခြေမှာ ဘွဲ့နာမတော်တွေနဲ့ နောက်ဘက်နံရံအပေါ်မှာ ကြေးပြားနဲ့ ဗုဒ္ဓဝင်အကျဉ်းကို ရေးသားထားတာလည်း တွေ့မြင်လေ့လာနိုင်ပါဦးမယ်။


ရာဇမုနိဘုရား

မြောက်ဘက်မုခ်ကနေ ရင်ပြင်ရောက်ရင် ဘယ်ဘက်ကို ချိုးလို့ အပြင်ပတ်လမ်းအတိုင်း သွားခဲ့မယ်ဆိုရင်တော့ ရာဇမုနိဘုရား ကို ဖူးကြရပါလိမ့်မယ်။ အရင်က ပန်းပေါင်းကိုယ်တော် လို့လည်း ခေါ်ခဲ့ကြပါသေးတယ်။ ဒီ ရာဇမုနိဆင်းတုတော်ကိုတော့ ညောင်ရမ်းမင်းသား က ဗုဒ္ဓဂါယာ သွားစဉ်မှာ ယူဆောင်လာခဲ့တဲ့ ဗောဓိသားနဲ့ ထုလုပ်တယ်လို့ ဆိုကြပါတယ်။ မင်းမြောက်တန်ဆာတွေနဲ့ အဆင်းသဏ္ဌာန်ထူးခြားလှတဲ့ ရုပ်ပွားတော်တစ်ဆူပါ။ မင်းစိုးရာဇာကိစ္စရပ်တွေကို လာရောက်ပူဇော် အဓိဌာန်တတ်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့်ပဲလား မပြောတတ် အရင်ခေတ်က အစိုးရပုဂ္ဂိုလ်တွေရဲ့ အလှူရှင်ကမ္ဗည်းတွေ များများစားစား မြင်တွေ့ရတဲ့ နေရာလည်း ဖြစ်ပါတယ်။


ယက္ခမယ်တော်ကြီး

မြောက်ဘက်စောင်းတန်း ကနေ ရင်ပြင်ရောက်ခါနီး ဘယ်ဘက်ကို လှမ်းကြည့်လိုက်တာနဲ့ မြင်တွေ့ရမဲ့ ယက္ခမယ်တော်ကြီး ဟာ အသားမစားတဲ့ ဘီလူးမကြီးအဖြစ် လူသိများပါတယ်။ လူသားတွေကို မေတ္တာနဲ့ စောင့်ရှောက်တတ်တဲ့ မေတ္တာရှင်မယ်တော်ကြီး လို့ ဆိုကြပါတယ်။ နိုင်ငံခြားထွက်ဖို့ ခက်ခဲနေသူတွေအတွက် အဆင်ပြေစေတယ်တဲ့။ ဒီလိုဆိုတော့ ခရီးသွားတာကို အားပေးတဲ့ မယ်တော်ကြီး ဖြစ်မယ်။ အိမ်ခြံမြေကိစ္စတွေ၊ အမှုအခင်းကိစ္စတွေ ရှိရင်လည်း ဒီမှာလာပြီး အဓိဌာန်ပြု ဆုတောင်းတတ်ကြတယ်လို့ သိရပါတယ်။ အသားမစားတဲ့မယ်တော်ကြီးဖြစ်လို့ သားသတ်လွတ် ကပ်လှူသင့်တယ်လို့ အကြံပြုကြပါတယ်။


ဓမ္မစေတီကျောက်စာ

ကျောက်စာလေ့လာလိုသူတွေသဘောတွေ့နိုင်တာက ဓမ္မစေတီကျောက်စာရုံ ပါ။ မြောက်ဘက်မုခ် ကနေ ဘယ်ဘက်အပြင်ပတ်လမ်းအတိုင်း ယက္ခမယ်တော်ကြီး၊ ရာဇမုနိဘုရား၊ ရှင်မထီးဘုရား တွေ လွန်တာနဲ့ ထောင့်လေးမှာ ထင်ထင်ရှားရှား မြင်တွေ့ရမှာပါ။


ဆွမ်းခံထွက်ဟန် ရုပ်ပွားတော်

ဓမ္မစေတီကျောက်စာရုံ ရဲ့ မျက်စောင်းထိုးမှာ ရှိနေတဲ့ တန်ဆောင်း ရဲ့ ဘေးကပ်လျက် ချောင်လေးထဲမှာ ဆွမ်းခံထွက်ဟန် ထုဆစ်ထားတဲ့ ရုပ်ပွားတော်ကို ဖူးကြရပါမယ်။ ရှင်အရဟံတန်ဆောင်း လို့ သိရပါတယ်။ အဲ့ဒီဘေးကပ်လျက်က ချောင်လေးထဲမှာပါ။ အရင်ကတော့ ဆုတောင်းပြည့်လိုဏ်ဂူထဲမှာ ရှိရာကနေ ဒီနေရာကို ပြောင်းရွှေ့စံမြန်းစေခဲ့တာလို့ သိခဲ့ရပါတယ်။


အောင်မြေ

ရွှေတိဂုံအောင်မြေ ဟာလည်း ထင်ရှားတဲ့နေရာ ဖြစ်ပါတယ်။ ဝိဇ္ဇာတွေရဲ့ အောင်မြေ က သပ်သပ် ရှိပါသေးတယ်။ တနင်္ဂနွေထောင့် တစ်နေရာလို့ ဆိုကြပြီး သိသူလည်း နည်းပါးပါတယ်။ ဟိုးကတည်းက လျှို့ဝှက်ခဲ့ကြသလို ခုဆိုလည်း ဘယ်နေရာမှန်းတောင် သိသူ မရှိသလောက် ဖြစ်ခဲ့ပါပြီ။ ခု အောင်မြေကတော့ ရာဟုထောင့်နား ပိတောက်ဝိုင်းစေတီနဲ့ မနီးမဝေး၊ ချမ်းသာကြီးဘုရားတန်ဆောင်းနားမှာ ရှိနေတာ ဖြစ်ပါတယ်။ ရုပ်ရှင်ကန်တော့ပွဲ၊ အခြားသောအခမ်းအနားတချို့ကို ပြုလုပ်ကြလေ့ရှိပါတယ်။ ဒီနေရာကနေ လူများများ ရွှေတိဂုံစေတီကြီးကို ကျယ်ကျယ်ဝန်းဝန်း လုံးတော်ပြည့် မြင်တွေ့ ဖူးမြင်နိုင်တာတော့ အမှန်ပါ။ ပရီးမီးယားလိဂ် က လက်စတာစီးတီးဘောလုံးအသင်း ဗိုလ်စွဲတဲ့ အထိမ်းအမှတ်အနေနဲ့ ၂၀၁၆ မေလ ၂၂ ရက်နေ့မှာ လာပြီးအောင်မြေနင်းဖူးတယ်လို့ သိရပါတယ်။ အောင်မြေနင်းလို့ ဗိုလ်စွဲတာလား ဗိုလ်စွဲပြီးမှ အောင်မြေနင်းတာလားတော့ တိတိကျကျ မသိခဲ့ရပါဘူး။


ပိတောက်ဝိုင်းစေတီ

ရင်ပြင်ပေါ်မှာ အောင်မြေအနီး ဆံတော်တွင်းတန်ဆောင်းနဲ့ ကပ်လျက်မှာ ရှိနေတဲ့ ပိတောက်ဝိုင်းစေတီ ဟာ ထူးခြားတယ်လို့ ကျွန်တော်မြင်မိပါတယ်။ အရင်က ပိတောက်ပင်ကြီး ရှိခဲ့ဖူးပြီး ဂန္ဓာကုဋီတိုက်ဘုရားတွေကို ဝိုင်းပတ်တည်ထားတာဖြစ်လို့ ပိတောက်ဝိုင်းစေတီလို့ ခေါ်ခဲ့ကြတယ်လို့ မှတ်သားရပါတယ်။ ပိတောက်ပင်ကြီးမရှိတော့တဲ့အခါ အရင်စေတီဟောင်းကို ငုံပြီး အထက်ပစ္စယာအဆင့် ပြုလုပ်ထားတယ်လို့ သိရပါသေးတယ်။ လှေကားက ဆံတော်တွင်းဘက်မှာ ရှိပါတယ်။ ဒီ ပိတောက်ဝိုင်းစေတီ မှာ ရှမ်းထီးမိုးထားတဲ့ ရပ်တော်မူရုပ်ပွားတော်ကို အထက်ပစ္စယာမှာ စေတီရံတွေနဲ့အတူ ဖူးမြင်ကြရပါဦးမယ်။ ဒါ့အပြင် အခြားထူးခြားတဲ့ရုပ်ပွားတော်တွေဟာလည်း ဒီပိတောက်ဝိုင်းစေတီ ပတ်လည်မှာ တည်ရှိနေတာပါ။


မျက်ရှင်တော်ဘုရား

ပိတောက်ဝိုင်းစေတီ မှာပဲ ပတ်လည်လှည့်ကြည့်လိုက်ရင် လူသိများတဲ့ မျက်ရှင်တော်ဘုရား ကိုလည်း ဖူးတွေ့နိုင်ဦးမှာ ဖြစ်ပါတယ်။ ဉာဏ်တော်ငယ်တဲ့အတွက် ရုတ်တရက်ဆို မထင်ရှားလှပါဘူး။ ပိတောက်ဝိုင်းစေတီတွေကို ပတ်လည်သေချာလှည့်ပတ်ကြည့်မှ မြင်တွေ့နိုင်မှာမျိုးပါ။ ဘုရားအမှတ်နဲ့ ရှာရင် ပိုလွယ်ကူပါတယ်။ မျက်ရှင်တော်ဘုရားက ဘုရားအမှတ် (၄၀-က) ဖြစ်ပါတယ်။ အလှူရှင်ကမ္ဗည်း မှာ ရုပ်ရှင်သရုပ်ဆောင် စေတနာ ခင်ခင်လေး နှင့် မျက်ရှင်တော်ဘုရား မိသားစု ကောင်းမှု လို့ ရေးထိုးထားတာကို မြင်တွေ့နိုင်ပါတယ်။ မျက်လုံးတော်တွေဟာ အသက်ဝင်နေသလို ထင်ရတဲ့ ရုပ်ပွားတော်လည်း ဖြစ်ပါတယ်။


သစ္စာမုနိဘုရား

ပိတောက်ဝိုင်းစေတီ ပတ်လည်မှာပဲ ဖူးမြင်နိုင်ဦးမယ့် ဆင်းတုတော်တစ်ဆူကတော့ သစ္စာမုနိဘုရား ပါ။ ဘုရားအမှတ်က ပိုထင်ရှားလို့ ဘုရားအမှတ်နဲ့ ရှာရတာ ပိုအဆင်ပြေပါတယ်။ အနားမှာ ဇော်ဂျီရုပ်ကြီးကတော့ ထင်ရှားပါတယ်။ ဘုရားအမှတ် (၃၈-က) ဖြစ်ပါတယ်။ အခက်အခဲကြုံတဲ့အခါ အဓိဌာန်ပြု ဆုတောင်းလေ့ရှိတယ်လို့ သိရပါတယ်။


အကျွတ်အလွတ်ဘုရား

အဲ့ဒီမှာပဲ ဘုရားအမှတ် (၄၁-က) ကတော့ အကျွတ်အလွတ်ဘုရား လို့ သိရပါတယ်။ သံသရာပြတ်ဖို့ ဆုတောင်းရတယ် ဆိုလားပဲ။ ဉာဏ်တော် ခပ်သေးသေးပဲမို့ သတိပြု ရှာဖွေရပါတယ်။


ချမ်းသာကြီးဘုရား

အောင်မြေဘေးတင် လွယ်လွယ်မြင်တွေ့ဖူးမြော်နိုင်တဲ့ ချမ်းသာကြီးဘုရား ကတော့ ရွှေတိဂုံဘုရား ရင်ပြင်ပေါ် ရှိသမျှ ရုပ်ပွားတော်တွေထဲ အကြီးဆုံး ရုပ်ပွားတော်ကြီး လို့ မှတ်သားရပါတယ်။ တင်ပျဉ်ခွေ ရုပ်ပွားတော်ဖြစ်ပြီး ဉာဏ်တော် က ပေ ၃၀ လောက် မြင့်ပါတယ်။ ဒီ ချမ်းသာကြီးဘုရား နဲ့ တွဲလျက် မှတ်မိနေတာက မျက်နှာကျက်တော်ပေါ်က ယပ်တောင်ကြီးပါပဲ။ ဟိုးကလေးဘဝ ရွှေတိဂုံ လာလည်ကတည်းက ကြိုးဆွဲပြီး ယပ်တော်ခပ်ရတာကို သတိရမိသေးတယ်။ ဓါတ်ပုံဆရာတွေ တော်တော်များများ သဘောတကျ ရိုက်ကူးကြတဲ့ ရုပ်ပွားတော်ကြီးပါ။ တန်ဆောင်းရဲ့ အပြင်အဆင်တွေကအစ အတော်လှပနေလို့ပဲ ဖြစ်ပါတယ်။


ကိုးနဝင်းဘုရား

စဉ့်ကူးမင်းခေါင်လောင်းကြီးကို လေ့လာပြီးရင် အနားမှာ ရှိတဲ့ ကိုးနဝင်းဘုရား ကိုလည်း ဝင်ဖူးသင့်ပါတယ်။ ဘာလို့ ကိုးနဝင်းဘုရား လည်း လို့ ဆိုရင် အဲ့ဒီတန်ဆောင်းထဲမှာ ရုပ်ပွားတော်တွေ စံပါယ်နေတာ ၃ ဆူ က အုတ်သားရုပ်ပွားတော်တွေ၊ ၃ ဆူ က သစ်သားရုပ်ပွားတော်တွေ နဲ့ ၃ ဆူ က ကျောက်သားရုပ်ပွားတော်တွေ စုစုပေါင်း ၉ ဆူ ပေါ့။ အုတ် ကို တနင်္ဂနွေနံ ၁ လို့ယူတယ်၊ သစ် ကို သောကြာနံ ၆ လို့ယူတယ်၊ ပြီးတော့ ကျောက် က တနင်္လာနံ ၂ ဖြစ်လို့ အဲ့ဒီမှာလည်း အားလုံးပေါင်းရင် ၉ ဖြစ်ပြန်တယ်။ နဝင်း ပေါ့။ ဒါကြောင့် ဘုရား ၉ ဆူ ဟာ တြင်းကျေ နဝင်းကျေ စီရင်ထားတယ်လို့ ဆိုကြပါတယ်။


ပကောယှိ လောကပါလ နဂါးရုံဘုရား

ပကောယှိ ဆိုတဲ့ ရှမ်းဆရာကြီး တစ်ဦး (တချို့ကလည်း တရုတ်ဘိုးတော် တစ်ဦး) နဲ့ တပည့်တွေရဲ့ ကောင်းမှုဖြစ်တဲ့ လောကပါလ နဂါးရုံ ဘုရားတစ်ဆူ ကို ရှင်အရဟံတန်ဆောင်းဘေး ညောင်ပင်ကြီးနားက စေတီဖြူလေးမှာ ဖူးမြင်နိုင်ပါတယ်။ ခပ်သေးသေးမို့ ရုတ်တရက် ကျော်သွားတတ်ပေမဲ့ ဒီဘုရားကို သီးသန့် လာရောက်ဝတ်ပြုသူများလည်း အမြဲလိုလို ရှိနေတတ်လို့ ဝတ်ပြုသူများများရှိနေရင်၊ လှူဘွယ်များများရှိနေရင် သေချာကြည့်လိုက်ရုံပါပဲ။ ဓမ္မစေတီကျောက်စာရုံနဲ့ မနီးမဝေး မှာပါ။ ဆွမ်းခံထွက်ဟန် ရုပ်ပွားတော် ကို ဖူးရင် တစ်ဆက်တည်း ဖူးသွားနိုင်ပါတယ်။ ဒီ ရုပ်ပွားတော်ရှိရာ စေတီပတ်လည်မှာ တရုတ်ဟန် ရုပ်ပွားတော်တွေ ရုပ်တုတွေ ကို မြင်တွေ့ကြရပါဦးမယ်။


ကျားခြင်္သေ့ရံ ဘုရား နဲ့ ဓမ္မစေတီ ဘုရား

အဲ့ဒီ ပကောယှိ လောကပါလ နဂါးရုံဘုရား ရှိရာ စေတီဖြူလေးကနေ အပြင်ပတ်လမ်းအတိုင်း ခြေလှမ်း ၁၅ လှမ်းလောက် သွားလိုက်တာနဲ့ ကျားခြင်္သေ့ရံဘုရား ကို ရောက်ပါလိမ့်မယ်။ အရှေ့ဘက်မုခ်နဲ့တော့ ပိုနီးပြီလို့ ဆိုနိုင်တယ်။ နာမည်ရှိပြီးသားနေရာတွေမှာ အဓိဌာန်ပြုသူတွေ စည်ကားနေတတ်တာမို့ မှားစရာတော့ သိပ်မရှိပါဘူး။ မှန်ခန်းထဲမှာ ကျား နဲ့ ခြင်္သေ့ရုပ်တုတွေ တစ်ဘက်တစ်ချက်ဆီ ရံထားတဲ့ ရုပ်ပွားတော်ကို ဖူးမြင်နိုင်မှာ ဖြစ်ပါတယ်။ ငွေကြေးကိစ္စနဲ့ ပတ်သက်တာတွေကို အဓိဌာန်ပြုဆုတောင်းတတ်ကြတယ် လို့ ဆိုပါတယ်။ အင်းစမ အောင်မြေလည်း ဖြစ်တယ်လို့ ထပ်သိရပြန်ပါတယ်။ ကျွန်တော်ကတော့ အင်းစမ ဆိုတာကို ဘာမှန်း သေချာနားမလည်လိုက်ပါဘူး။ သိတဲ့သူတွေများရှိရင်လည်း ကျွန်တော့်ကို ပြန်ပြီး ရှင်းပြပေးကြပါဦးခင်ဗျ။


ဆယ်တော်မူဘုရား

သွားတုန်းကတော့ မေးမေးစမ်းစမ်း သွားဖူးခဲ့တာ။ ပြန်ရေးတဲ့အခါ နေရာလေး ပြောပြဖို့ သေချာမှတ်ထားမယ်ဆိုပြီး စာရေးချိန်နဲ့ သွားချိန်က အရမ်းကွာသွားတော့ ပြန်မမှတ်မိတော့ဘူး။ ရေးချပြီး မမှတ်ထားမိတဲ့ အကျိုးအပြစ်ပေါ့။ ဆယ်တော်မူဘုရား ကိန်းဝပ်တဲ့တန်ဆောင်း ရဲ့ ရှေ့မှာ ရွှေတိဂုံဘုရားပုံတူ စေတီငယ် ရှိတဲ့ တန်ဆောင်း ရှိတယ်။ ဘေးမှာလည်း ငွေအကြွေစေ့ လည်နေတဲ့စက်ရှိတဲ့နေရာ ရှိတာတော့ သတိပြုမိတယ်။ အဲ့ဒီနောက်က တန်ဆောင်းအဝင်မှာ ဆယ်တော်မူဘုရား ဆိုပြီး ဆိုင်းဘုတ်ထောင်ထားပေးတယ်။ တော်တော်ကျယ်ကျယ်ဝန်းဝန်း ရှိတဲ့တန်ဆောင်းပါပဲ။ ဆယ်တော်မူဘုရား ရဲ့ ဒါယကာ က မြန်မာတိုင်းရင်းဆေးဆရာကြီး ဆရာမြိုင် ပါတဲ့။ ဉာဏ်တော် ၂ ပေခန့်ရှိတဲ့ မင်းမြောက်တန်ဆာ နဲ့ ထိုင်တော်မူ ရုပ်ပွားတော်ကြီး ပဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မျက်လွှာတော်ချထားလေ့ရှိတဲ့ ရုပ်ပွားတော်ပါ။ ထူးဆန်းစွာ တခါတရံ မျက်လုံးတော်ဖွင့် တတ်တယ်လို့ ဆိုကြပါတယ်။ မျက်လုံးတော်ပွင့်တဲ့အချိန် ရိုက်ကူးထားတဲ့ ဓါတ်ပုံတွေကို ရုပ်ပွားတော်ရှေ့မှာ ချိတ်ဆွဲ ပြသထားလို့ လေ့လာနိုင်ပါသေးတယ်။ ဓါတ်ပုံတွေထဲမှာတော့ မျက်နှာတော် အောက်ကနေ ပင့်ရိုက်ထားသလိုဖြစ်နေတဲ့အတွက် ရှုထောင့်ကြောင့်များ ဖြစ်မလားဆိုပြီး ဝိဝါဒကွဲပြားစရာတော့ ရှိနိုင်ပါတယ်။


နေလဘုရား

ရွှေတိဂုံဘုရားရင်ပြင်ပေါ်က နာမည်ကျော်နေရာတစ်ခုလည်း ဖြစ်လို့ အထူးအထွေ ပြောပြစရာ လိုမယ်တောင် မထင်ပါဘူး။ အမြဲလိုလို အဓိဌာန်ပြုဆုတောင်းသူတွေနဲ့ ပြည့်နေတတ်တဲ့ နေရာပဲ ဖြစ်ပါတယ်။ နေ ကို ကိုယ်စားပြုတဲ့ ဒေါင်းရုပ်၊ လ ကို ကိုယ်စားပြုတဲ့ ယုန်ရုပ် တွေကို နဂါး နှစ်ကောင်က ပတ်ထားတဲ့ ပုံကတော့ အတော်လေး ကြည့်ကောင်းလှပါတယ်။ နောက်မှသိရတာက ပဋိပတ္တိ၊ ပဋိယတ္တိ၊ ပဋိဝေဒ ဆိုတဲ့ သာသနာ သုံးရပ်ကို ညွှန်းဆိုချင်တာပါတဲ့။ မုခ်ဝနေရာဟာ အောင်မြေ လို့လည်း ပြောကြပါတယ်။ အယူအဆ အားဖြင့်တော့ ဒီ နေလဘုရား ကို ပူဇော်ခြင်း ဟာ လောက ရဲ့ အပူ နဲ့ အအေး ဓါတ်၊ ရုပ်ဓါတ် နဲ့ နာမ်ဓာတ် ကို တပြိုင်နက်တည်း ပူဇော်တာ ဖြစ်လို့ နေလို လလို ထင်ရှားမယ်၊ လောကမှာ အဆင်ပြေပြေ ဖြစ်မယ်။ လောကီလောကုတ္တရာ နှစ်ဘက်စလုံးမှာ အကျိုးရှိစေတယ်လို့ ယုံကြည်ကြပါတယ်။


ဗြဟ္မာသားပိုက်

သားဆုပန်တဲ့ ဒီနေရာကိုတော့ လက်တွေ့အကျိုးထူးတာ ကိုယ်တိုင်လည်း မျက်မြင်လို့ပဲ ဆိုချင်ပါတယ်။ တလွဲမတွေးနဲ့ဦး ဒီက ကျွန်တော် က လူပျိုစစ်စစ် ပါနော်။ ဟိုးအရင် ကျွန်တော် ကြော်ငြာအေဂျင်စီတစ်ခုမှာ အလုပ်လုပ်တုန်းက ကျွန်တော်တို့ရဲ့ CEO က ထိုင်းလူမျိုး အမျိုးသား ပါ။ သူတို့ လင်မယား ယူပြီးတာ ကြာပေမဲ့ ကလေးတော့ မရနိုင်ကြဘူး။ အဲ့ဒီအချိန် Finance Department က မဝေ ဆိုတဲ့ အစ်မ က ရွှေတိဂုံ က ဗြဟ္မာသားပိုက် မှာ ဆုတောင်းကြည့်ဖို့ တိုက်တွန်းလို့ သူ ရန်ကုန်ကို ရောက်တုန်းမှာ သွားပြီး ဆုပန်တယ်လို့ သိလိုက်ရတယ်။ သိပ်မကြာဘူး သူတို့ သားလေး ရသွားတယ်။ တော်တော် အံ့သြသွားတယ်။ အရင်က အဲ့ဒီနေရာကို ကျွန်တော် မသိဘူး။ ခုတော့ ရွှေတိဂုံရောက်တိုင်း တခုတ်တရ သွားကြည့်ဖြစ်ပါတယ်။ အင်္ဂါထောင့် နဲ့ ဗုဒ္ဓဟူးထောင့်ကြားမှာ ရှိတာပါ။ စေတီတစ်ဆူရဲ့ ရှေ့မှာ ဗြဟ္မာနှစ်ပါး ဘယ်ညာရံထားကြတယ်။ တစ်ပါး က ကလေးလေး ပိုက်ထားပြီး၊ နောက်တစ်ပါး က ကြာဖူးလေး ကိုင်ထားတယ်။ အရင်ကတော့ ကလေးလေးပိုက်ထားတဲ့ ဗြဟ္မာကိုပဲ သိတာ။ ခုနောက်ပိုင်းမှ ထပ်သိရတာက ကြာဖူးကိုင်ထားတဲ့ ဗြဟ္မာဆီမှာက သမီးမိန်းကလေး လိုချင်ရင် တောင်းလို့ရတယ်တဲ့။ ကျွန်တော် သူများတွေ ပြောတာ ကြားမိသလောက်တော့ သားယောကျ်ားလေး လိုချင်သူတွေက ကလေးပိုက်ထားတဲ့ရုပ်တုရှေ့မှာ သပြေညွှန့် (၇) ခက်၊ လက်ဖက် (၇) ပွဲ၊ ရေ (၇) ခွက် ကို ရွှေပန်းငွေပန်းတွေ လှူပြီး ဆုတောင်း။ သမီးမိန်းကလေးလိုချင်သူတွေကလည်း ကြာဖူးကိုင်တဲ့ရုပ်တုရှေ့မှာ ရှေ့ကလိုပဲ လှူပြီး ဆုတောင်း ကြပါတဲ့လေ။


ဆေးစေတီ

အဲ့နားက ခဏခဏသာ ဖြတ်သွားတယ်။ ဘာရယ်မသိခဲ့ပါဘူး။ ဆင်ဖြူ (၃) ကောင် ရံပြီး ရွှေထီးနဲ့ စိန်ဖူးတော်အဟောင်း ကို အပူဇော်ခံထားသလားပဲ ထင်မိတာ။ အဲ့ဒါ ဆေးစေတီ တဲ့။ သေချာကြည့်တော့ ကြာပွင့်လေး အောက်မှာ ခံထားပြီး ဉာဏ်တော် ၄ ပေလောက် ရှိမယ်။ ဘိုးဘိုးအောင် ဆုတောင်းပြည့်ဘုရားရှေ့မှာ ရှိနေတာလေ။ ဒီမှာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ အတွက် ဆုတောင်းကြတယ်လို့ သိရပါတယ်။ အလုပ်စေတီ လို့ ဘွဲ့ မတွင်ဘဲ ဆေးစေတီ လို့ တွင်တာတော့ တမျိုးထူးတယ်။ ဆေးစေတီ လို့ စကြားတုန်းက ကျန်းမာရေးအတွက် ဆုတောင်းရမယ် ထင်မိသွားသေးတာ။


အဘယမုဒြာဘုရား

အဘယမုဒြာဘုရား ရုပ်ပွားတော် ရဲ့ ထူးခြားချက်က လက်ဖဝါးတော်ပါပဲ။ ရုပ်ပွားတော်ရဲ့ ညာဘက်လက်တော် က လက်ဖဝါးဖြန့်ထားတဲ့ ပုံစံဖြစ်တဲ့အပြင် လူတိုင်း လက်လှမ်းမိတဲ့နေရာမှာ ရှိနေတာ ဖြစ်လို့ ဆုတောင်းသူတွေဟာ ဘုရားရဲ့ လက်ဖဝါးတော်မှာ မျက်နှာအပ်ပြီး ဆုတောင်းလေ့ ရှိကြပါတယ်။ အရင်ကတော့ ရွှေချထားပေမဲ့ ဆုတောင်းသူများလို့ ရွှေဆေးတွေ ကွာကွာသွားလို့ဖြစ်မယ် အခုတော့ ဆေးအနီပဲ သုတ်ပေးထားတော့တယ်။ အဘယမုဒြာဘုရား ကို ဖူးဖို့ဆိုရင်တော့ ရှင်အဇ္ဇာဂေါဏတန်ဆောင်းမှာ ဖူးနိုင်ပါတယ်။ ရုပ်ပွားတော်တွေ များတော့ ရုတ်တရက်ဆို မမြင်သာဘူး။ အဘယမုဒြာဘုရား က တန်ဆောင်းကို ဝင်ရင် ဘယ်ဘက်ခြမ်းမှာ ရှိတာပါ။ လက်ဖဝါးရဲ့ ဆေးရောင်ကွဲပြားမှုကြောင့် ထင်သာမြင်သာတော့ ရှိပါတယ်။


ပြည်တော်ပြန်ဘုရား

ရှင်အဇ္ဇဂေါဏတန်ဆောင်း ကနေ ပြန်ထွက်ရင် ရှေ့မှာက ဘိုးဘိုးအောင် ဆုတောင်းပြည့် ဂူဘုရား၊ မျက်စောင်းထိုးမှာက ပြည်တော်ပြန်ဘုရား တွေ ဖူးနိုင်ပါမယ်။ ပြည်တော်ပြန်ဘုရား မှာ သဘောအကျဆုံးက အင်္ဂလန်ဘုရင်မကြီး ရဲ့ မီးအိမ်ကြီး နှစ်လုံး ကို မြင်တွေ့ရတာပါ။ အင်္ဂလိပ် - မြန်မာ ပထမစစ်အပြီးမှာ ခု ဖူးမြင်ကြရတဲ့ ပြည်တော်ပြန် ရပ်တော်မူကြီး ကို အင်္ဂလန်ကို ယူဆောင်သွားကြသတဲ့။ အဲ့ဒီချိန်ကစလို့ အင်္ဂလန်ဘုရင်မကြီး ဟာ ခေါင်းစကိုက်တော့တာပဲ။ ဘယ်လိုမှ မခံနိုင်တော့တဲ့အဆုံး အကျိုးအကြောင်းစုံစမ်းတော့ ဒီ ရပ်တော်မူကြီးကြောင့် ဖြစ်မယ်ဆိုပြီး ဘုရင်မကြီး နှစ်သက်တဲ့ မီးအိမ်ကြီး နှစ်လုံး နဲ့ ရုပ်ပွားတော်ကို သံသေတ္တာထဲထည့်ပြီး ပြန်ပို့လိုက်တယ်လို့ ပြောသံ ကြားခဲ့ရပါတယ်။ ဉာဏ်တော်အားဖြင့် အမြင့်ကြီး မဟုတ်လှပေမဲ့ အဆင်းသဏ္ဌာန်အားဖြင့် အနောက်တိုင်းသားတွေ အိမ်တွင်းအလှဆင်အနေနဲ့ ထားချင်စရာ ဖြစ်နေတာမို့ ယူဆောင်သွားကြတာ ဖြစ်မယ်လို့ သုံးသပ်ရပါတယ်။ ဘုရင်မကြီး ရဲ့ မီးအိမ်ကြီး နှစ်လုံးကို ရုပ်ပွားတော် ရဲ့ ဘေး နှစ်ဘက် က ထောင့်ခန်းလေးမှာ တစ်လုံးစီ ဘယ်ညာ ထည့်သွင်းပြသထားပါတယ်။ ရုပ်ပွားတော်ကြီး ကိန်းဝပ်စံပါယ်ရာနေရာဟာလည်း သံသေတ္တာကြီး နဲ့ တူနေပါတယ်။


သိဒ္ဓိအောင် ဆုတောင်းပြည့်ဘုရား

အရှေ့ဘက်မုခ်တန်ဆောင်းထဲမှာ ရှေးဘုရားတွေ အတော်များသလိုပဲ။ ရုပ်ပွားတော် ကြီးလတ်ငယ် များစွာ ရှိနေတဲ့အထဲမှာမှ တန်ဆောင်းထဲဝင်လို့ ဘယ်ဘက်ကို ကြည့်လိုက်ရင် ရှေ့ဆုံးတန်းမှာ ရွှေစလေးတွေ လွင့်ကွာနေတဲ့ ရုပ်ပွားတော်ငယ်တွေကို သတိပြုမိပါလိမ့်မယ်။ ရွှေချတာများလို့လားတော့ မပြောတတ်၊ မျက်နှာတော်ကတော့ သေချာ မပေါ်တော့ဘူး။ သိဒ္ဓိအောင် ဆုတောင်းပြည့် ဘုရား လို့ သိရပါတယ်။ ဘေးမှာလည်း ဉာဏ်တော်ပိုမြင့်တဲ့ ရုပ်ပွားတော်တွေ ရှိလို့ ရောရောထွေးထွေး ဖြစ်နေတတ်ပါတယ်။


ရှင်မကွဲဘုရား

ချစ်သူတွေ၊ လင်မယားတွေ ဆုတောင်းပြုကြတဲ့ ဘုရား အဖြစ် အရင်က ကျော်ဇောပါတယ်။ ဘယ်သူခွဲခွဲ တို့မကွဲ ပေါ့။ ရှင်မကွဲ ဘုရား ဆိုပြီး ဘွဲ့အမည်တွင်လာရာက နောက်ပိုင်းမှာ ဘွဲ့ကို ဖြုတ်လိုက်ကြတယ်လို့ သိရပါတယ်။ အင်္ဂါထောင့် နဲ့ ဗုဒ္ဓဟူးထောင့်ကြား ဗြဟ္မာသားပိုက်ရုပ်တုရှိရာ စေတီရဲ့ မျက်နှာချင်းဆိုင်မှာ ရှိပါတယ်။ ဘုရားအမှတ်က (၁၂၇) ပါ။


အဘမှိုင်

ရွှေတိဂုံဘုရား မှာ ထူးခြားတဲ့အမူအရာတွေနဲ့ ရုပ်တုအချို့ ရှိနေတာဟာလည်း ထူးခြားမှုတစ်ခုပါ။ အဲ့ဒီထဲမှာ အဘမှိုင် ရုပ်တုဟာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဇော်ဂျီဦးထုပ်၊ ခါးအောက်ပိုင်းဝတ်ရုံ ဆင်မြန်းထားပြီး အသက်အရွယ်ရနေပုံရှိ ဗိုက်အနည်းငယ် ရွှဲ၊ ကိုယ်မှာ အရစ်ရစ် တွဲကျနေသလိုပုံစံနဲ့ မေးကို လက်ထောက် တစ်ခုခုကို မျှော်နေပုံရတဲ့ ရုပ်တုလေး ဟာ ချောင်ကလေး တစ်ချောင်မှာ သိပ်မထင်မရှား ရှိနေတာပါ။ တချို့ကလည်း ဇော်ဂျီမှိုင် တဲ့၊ တချို့ကလည်း အဘမှိုင် တဲ့။ တချို့ပြောသံကြားတာတော့ ရွှေတိဂုံဌာပနာတွေကို ဆင်းယူတဲ့ မောင်ကံ ရဲ့ ဆရာ တဲ့။ မောင်ကံ ပြန်ထွက်အလာ ကို ထိုင်စောင့်နေတာတဲ့လေ။ ယုံကြည်သူတွေကတော့ လိုရာဆုတောင်းပြည့်တယ်လို့ ဆိုကြပါတယ်။ အဘမှိုင် ကို ဖူးချင်ရင်တော့ စနေသန့်ရှင်းရေးအသင်းတန်ဆောင်း ဘေးမှာ ကပ်လျက် စေတီတစ်ဆူရဲ့ ချောင်လေးတစ်ချောင် မှာ ရှိနေပါတယ်။


ရွှေစေတီ နဲ့ ငွေစေတီ

စနေသန့်ရှင်းရေးအသင်းတန်ဆောင်း အတွင်းမှာ ရှိတဲ့ ရွှေစေတီ နဲ့ ငွေစေတီ တွေကို တချို့ကလည်း ရွှေတိဂုံစေတီ ရဲ့ အတွင်းဌာပနာတိုက် ပုံစံတူလို့ ယူဆကြသလို၊ တချို့ကလည်း တရုတ်အယူ Mountain of Immortal ဘုံ လို့ ယူဆကြပါတယ်။ ရောက်သွားတဲ့အချိန် သိပ်ပြီးတော့ အလေးအနက်ထားတဲ့ ပုံစံ (ချောင်ထိုးထားသလို၊ သန့်ရှင်းရေး သေချာမလုပ်ထားတာ သတိပြုမိလို့) မတွေ့ရတာဖြစ်လို့ ဌာပနာတိုက်ပုံစံတူ ဟုတ်ပါ့မလားတော့ သံသယဖြစ်မိပါတယ်။ ငွေတောင်ပုံ မှာ မောင်ကံ ရဲ့ ရုပ်တုပါတယ်လို့လည်း ဆိုကြပြန်ပါတယ်။ မောင်ကံ လို့ ယူဆရတဲ့ အရုပ်လေးလည်း သတိပြုမိခဲ့ပါတယ်။


အနယ်နယ်အရပ်ရပ် ခရီးတွေထွက်ပြီး တခြားမြို့ရွာတွေက စေတီပုထိုးတွေအကြောင်း ရေးဖြစ်ခဲ့ပေမဲ့ ကိုယ်အမြဲလိုလိုနေဖြစ်နေတဲ့ မြို့ကြီးက စေတီပုထိုးတွေအကြောင်း ရေးဖွဲ့ဖြစ်တာ မရှိသလောက်မို့ ခုတစ်ခါ ရွှေတိဂုံစေတီတော်ကြီး ကို လည်ပတ်ဖူးမြော်တဲ့အခါ သာမန်လည်ပတ်ဖူးမြော်တာထက် ပိုပြီး စိတ်လှုပ်ရှားစရာ ရှာဖွေလည်ပတ်လေ့လာဖူးမြော်နိုင်ဖို့ စုဆောင်းတင်ပြပေးလိုက်ရပါတယ်။ တကယ်တော့ နေရာတော်တော်များများ ထပ်ပြီး ဖော်ပြစရာ ကျန်နေပါသေးတယ်။ ရွှေတိဂုံ ဟာ ရှာဖွေလေ တွေ့ရှိလေ လို့ ဆိုရလောက်အောင် နှစ်ပေါင်း ၂၅၀၀ တောင်ရှိတဲ့အလျောက် နက်နဲမှုတွေ လျှို့ဝှက်မှုတွေနဲ့ ပြည့်နေဆဲပါ။ ကျွန်တော့်ထဲမှာ ဖော်ပြဖို့ ကျန်ရစ်တာတွေလည်း ရှိနိုင်ပါဦးမယ်။ နောက်ထပ် ထပ်ပြီး တွေ့ရှိရတာတွေကိုလည်း နောက်ပိုင်းမှာ ထပ်မံ ဖော်ပြပါ့မယ်။ ခုခဏတော့ ဘဝအမောတွေကို တန်ခိုးကြီး သမိုင်းဝင် ဘုရားဖူးရင်း ဖြေသိမ့်ကျေနပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်ဗျ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Leo Kino, Thiha Lu Lin

Camera :: SONY Alpha 7II with 16-35mm Lens, Other Camera

Photos are modified in Lightroom by Thiha Lu Lin.

2,369 views0 comments
bottom of page