top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

Writer's pictureThiha Lu Lin

ချစ်ရပါသော မင်းကွန်းတစ်ခွင်

မင်းကွန်းကို မန္တလေးအလည်ရောက်ရင်း အကြိမ်များစွာ ရောက်ဖူးခဲ့ပေမဲ့ တစ်ခါမှ စာရေးဖို့အတွက် မတွေးမိခဲ့ဘူး။ ဒီတစ်ခါတော့ စာရေးချင်စိတ်လေးလည်း ဖြစ်လာလို့ တတ်နိုင်သမျှ သေချာလေး လည်ပတ်ကြည့်မိတယ်။ မင်းကွန်းရာဇဝင်တွေ ဖတ်ရတဲ့နောက် မင်းကွန်းဟာ သိပ်စိတ်ဝင်စားစရာ ကောင်းတဲ့ ဒေသမှန်း သိလိုက်ရတဲ့အတွက် ပိုလည်း ချစ်သွားတယ်။

မင်းကွန်း သမိုင်းကို ဖတ်ကြည့်ရင်း အဲ့ဒီခေတ်ကာလကို ခုခေတ်ကာလနဲ့ ယှဉ်တွဲခံစားကြည့်တဲ့အခါ မင်းကွန်းရဲ့ နေရာတိုင်းဟာ စကားပြောနေတယ်ဆိုတာ သေချာသွားတယ်။ ပြီးတော့ မင်းကွန်းဟာ မထင်မရှားလေး မဟုတ်ဘဲ ကမ္ဘာတောင်ကျော်တဲ့ အထင်ကရ အရပ်လို့ ဆိုပါရစေ။ ဂင်းနစ်မှတ်တမ်းမှာ ပထမဆုံးထည့်သွင်း ဖော်ပြခံရတဲ့ မြန်မာနိုင်ငံသား ဘုန်းတော်ကြီး သီတင်းသုံးနေထိုင်ခဲ့ရာအရပ်လည်း ဖြစ်ပါတယ်။


မာတိကာ


မင်းကွန်း ဆိုတာ

“မင်းကောင်” ဆိုတဲ့ အမည်နဲ့ မူလကနဦးက ခေါ်ဆိုခဲ့ကြပြီး၊ အင်းဝခေတ်မှာ ဘုရင်အမည်က မင်းခေါင် မို့ ဘုရင်နဲ့ နာမည်တူနေတယ်ဆိုပြီး “မင်းရွာ” လို့ ပြောင်းလဲခေါ်ဆိုခဲ့တယ်။ ဘိုးတော်ဦးဝိုင်း (ပဒုံမင်း) လက်ထက်ရောက်မှ “မင်းကွန်း” ဆိုပြီး ပြောင်းလဲမှည့်ခေါ်ခဲ့တာပါ။ မင်းညီမင်းသား တို့ ကွန်းခို စံမြန်းရာ အရပ်လို့ ဆိုလိုပါတယ်။ ဒီနေရာမှာ ဘုရင့်ယာယီစံနန်း ရှိခဲ့ပါတယ်။


နေရာကတော့ မန္တလေးမြို့ကြီးရဲ့ အနောက်မြောက်ဘက် ဧရာဝတီမြစ်ကမ်းနဖူးမှာ တည်ရှိတာပါ။ မင်းကွန်းကို အထင်ကရ ဖြစ်စေတာကတော့ ဘိုးတော်ဘုရားရဲ့ ကောင်းမှုတော် ကြီး (၄) ကြီး တည်ရှိရာအရပ်ဖြစ်တာကြောင့်ပါပဲ။ အရင်ကဆို ဘိုးတော်ဘုရားဟာ အမရပူရနန်းတော်ကို အိမ်ရှေ့စံ ဒါမှမဟုတ် ဝန်ကြီးတစ်ပါးပါးနဲ့ အပ်ခဲ့ပြီး မင်းကွန်းမှာပဲ ယာယီစံနန်းတော်မှာ တစ်နှစ်ကို ၇ လ၊ ၈ လ လောက် လာရောက်နေထိုင်ခဲ့လောက်အောင် ဒီအရပ်ကို သဘောကျခဲ့တယ်လို့ ဖတ်မှတ်ရပါတယ်။ အမရပူရနန်းတော် မီးသင့်တော့လည်း အားလုံးက ဒီစံနန်းတော်မှာ ခေတ္တလာပြီး နေထိုင်ကြတယ်လို့လည်း သိရပါတယ်။


မင်းကွန်းနဲ့ ပတ်သက်ရင် ဘိုးတော်ဘုရားရဲ့ ကောင်းမှုတော် ကြီး (၄) ကြီး အပြင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး နဲ့ ပတ်သက်တာပါ ထည့်သွင်းလို့ ကြီး (၅) ကြီးလို့လည်း တင်စားပြောဆိုကြပါသေးတယ်။


မင်းကွန်း ကို ဘယ်လိုသွားလဲ

မင်းကွန်းမှာတော့ ညအိပ်လည်ပတ်တာ သတိမပြုမိဘူး။ ရွာအကြီးစားပုံစံ မြို့ငယ်လေးပေမဲ့ ဟိုတယ်၊ တည်းခိုခန်း သတိမပြုမိ။ အများစုကတော့ မန္တလေးမှာ တည်းခိုပြီး တစ်ရက်ခရီး သွားလည်ကြတာပါပဲ။ အကယ်လို့များ မန္တလေးက ရောက်နေကျဆိုရင်တော့ စစ်ကိုင်းမြို့က ဟိုတယ်တွေမှာ တည်းခိုပြီး မင်းကွန်းကို တစ်မနက်ခရီး လာလည်စေချင်ပါတယ်။ စစ်ကိုင်းတကြောလည်း လည်ပတ်ရင်း အဆင်ပြေစေတာပေါ့။ အငှားကား ဒါမှမဟုတ် ဆိုင်ကယ်နဲ့ လာလို့ရပါတယ်။ နည်းနည်းလှမ်းပြီး စစ်ကိုင်းကနေ ၄၅ မိနစ်လောက် ကားမောင်းရတာမို့ ဆိုင်ကယ်နဲ့ဆို နေပူခံနိုင်ဖို့လိုပါမယ်။ မန္တလေးကနေ သင်္ဘောစီးပြီးလည်း ကျွန်တော် လည်ပတ်ခဲ့ဖူးပါတယ်။ အဲ့ဒီအတွေ့အကြုံကိုလည်း အရမ်းကြိုက်ပါတယ်။ ဧရာဝတီမြစ်ထဲကနေ မင်းကွန်းပုထိုးတော်ကြီးနဲ့ ခြင်္သေ့ရုပ်ကြီးတွေ ပျက်စီးယိုယွင်းနေပေမဲ့ မြင်ကွင်းကျယ်ကြည့်လို့ သိပ်လှတာကို အမှတ်ရနေပါသေးတယ်။


မင်းကွန်း ကို လည်ပတ်ဖို့ အကောင်းဆုံးအချိန်

လည်ပတ်ဖို့ အဆင်ပြေတာကတော့ သုံးရာသီ လုံးလို့ ကျွန်တော် မြင်မိတယ်။ သင်္ဘောနဲ့ဆိုရင်တော့ မိုးတွင်းလေး အဆင်မပြေလောက်ဘူး။ ခရီးသွားကတော့ အမြဲလိုလိုမပြတ်တတ်တာ သတိပြုမိတယ်။ ကြားရက်သွားလည်တာတောင် ဧည့်သည် ရှိနေတတ်တာမျိုး။ နွေဆိုလည်း နွေအလျောက် သာယာသလို၊ ဆောင်းမှာကျတော့လည်း သူ့အလှက တစ်မျိုးမို့ ကိုယ်အဆင်ပြေမဲ့အချိန်လေး သွားလည်စေလိုပါတယ်။ မိုးတွင်းကာလမှာတော့ အချို့အချိန်တွေမှာ ကားလမ်းရေကျော်တာတွေ ဖြစ်တတ်ပါတယ်။ မိုးတွင်းကာလ သွားမယ်ဆိုရင်တော့ ဒေသအခြေအနေ ကြိုတင် မေးမြန်းပြီး သွားစေလိုပါတယ်။


မင်းကွန်းမှာ လည်ပတ်စရာ

မင်းကွန်းမှာ လည်ပတ်စရာသိပ်မများလို့ အချိန်တစ်မနက် ပေးရင် အဆင်ပြေပါတယ်။ ဒါ့ကြောင့် ဖြစ်နိုင်ရင် စစ်ကိုင်းနဲ့တွဲဖက် လည်ပတ်စေလိုတာပါ။ အချိန်ယူပြီး နားနား စားစား လည်မယ်ဆိုလည်း အဆင်ပြေပါတယ်။ နေ့ချင်းပြန်ခရီးအနေနဲ့ပေါ့။ ကျွန်တော်ကတော့ အမြဲလိုလို အချိန်လုနေရလို့ ခုလည်း အပြေးအလွှား မနက်တစ်ပိုင်း အပြီးလည်ခဲ့တယ်။ မန္တလေးကနေ မနက် ၇ နာရီလောက်ထွက်ပြီး နေ့လည် ၁၂ ခွဲလောက် ပြန်ဝင်ခဲ့ပါတယ်။


နောင်တော်ကြီးဘုရား

မင်းကွန်းကို ဝင်ဝင်ချင်း တွေ့ရမဲ့ ဘုရားပါ။ ဘုရားအနီးမှာလည်း နိုင်ငံခြားသားတွေကို ဇုန်ဝင်ကြေးကောက်တဲ့နေရာလည်း ရှိပါတယ်။ ဒီဘုရားက မင်းကွန်းပုထိုးတော်ကြီး ရဲ့ ပုံစံငယ် ဖြစ်မယ်လို့ ယူဆမိပါတယ်။ စာထဲမှာတော့ နောင်တော်လေးဘုရား (ပုံတော်ဘုရား) လို့ ခေါ်တယ် မှတ်သားဖူးပေမဲ့ ကျွန်တော်က နောင်တော်ကြီးဘုရားကိုပဲ တွေ့ခဲ့ရလို့ပါ။ ပုထိုးတော်ကြီးရဲ့ လက်ရှိ ပြီးစီးတဲ့အနေအထားနဲ့ နောင်တော်ကြီးဘုရား ရဲ့ အောက်ခြေက တူတယ်လို့ ယူဆမိပါတယ်။


မင်းကွန်းပုထိုးတော်ကြီး

မင်းကွန်းမှာ ကြီး (၄) ကြီး တည်ထောင်မယ်လို့ စဉ်းစားစီရင်ခဲ့တဲ့ ဘိုးတော်ဘုရား (ပဒုံမင်း) ဟာ မင်းကွန်းပုထိုးတော်ကြီးကို တည်ဆောက်နေတဲ့အတွက် ရှေ့မှာပြောခဲ့သလို တစ်နှစ်မှာ ၈ လ လောက် ဒီမင်းကွန်း စံနန်းတော်ကို ရောက်နေခဲ့တာပါ။ မင်းကွန်းပုထိုးတော်ကြီးကို အကြီးမားဆုံး တည်ဆောက်ဖို့ အားသန်နေပြီး ပေ ၅၀၀ အမြင့် တည်ဆောက်ဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဘိုးတော်ဘုရားသာ သေချာဆောက်လုပ်ခဲ့မယ်ဆိုရင် ခုဆို ကမ္ဘာကျော်နေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ဘိုးတော်ဘုရား ကိုယ်တိုင်လည်း ဆောက်လုပ်လက်စကို အပြီးမသတ်စေခဲ့သလို၊ ဒီအခြေအနေမှာပဲ သူလည်း နတ်ရွာစံခဲ့ပါတယ်။ ဒီပုထိုးတော်ကြီးဖြစ်ဖို့ နှစ် ၂၀ လောက်ကို ကြိုးစားခဲ့တာပါ။ အခုအခြေအနေမှာတော့ ဉာဏ်တော်အမြင့်က ၁၆၂ ပေ အထိပဲ ပြီးသွားခဲ့ပါတယ်။


ဘိုးတော်ဘုရားက ဒီအခြေအနေလောက်မှာ အချိန်ဆွဲခဲ့ရတဲ့ အကြောင်းက တဘောင်ကြောင့်လည်း ပါပါတယ်။ ပုထိုးတော်ကြီးသာ ပြီးသွားခဲ့ရင် မင်းမျိုးဆက်ကင်းပြတ်သွားမယ်၊ ဒါပေမဲ့ တည်ဆောက်နေဆဲ ကာလတစ်လျှောက်မှာတော့ တိုင်းတပါးနဲ့ဆက်ဆံရေးရာမှာရော၊ လောကီလောကုတ္တရာရေးအဖြာဖြာမှာ အထူးအောင်မြင်မဲ့ အနေအထားရှိတယ်ဆိုတာကြောင့် ပုထိုးတော်ကြီးကို အပြီးသတ်မလုပ်ဆောင်ဘဲ အချိန်ဆွဲနေလိုက်တယ်လို့ ယူဆရပါတယ်။


မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် စစ်ကိုင်းငလျင်ကြောင့် အရှေ့မြောက်ဘက်က ပုထိုးတော်ကြီး ဖိနပ်တော် ပျက်စီးခဲ့ရပါတယ်။ နှစ် ၁၀၀ ဝန်းကျင်မှာ တစ်ခါ ငလျင်ကြီးလှုပ်ခဲ့တဲ့ သဘောမို့ ၁၃၁၈ ခုနှစ်မှာလည်း စစ်ကိုင်းငလျင် ထပ်လှုပ်ခဲ့တာကြောင့် ခုအခြေအနေမျိုး ဖြစ်နေခဲ့တာပါ။



ဒီ ပုထိုးတော်ကြီးကို လည်တဲ့အခါ အဲ့ဒီက ဈေးသည်ကလေးမလေးတွေ အရမ်းသွက်ကြပါတယ်။ သူတို့လည်း ခေတ်နဲ့ အမီ လိုက်နိုင်တယ်ဆိုရမလားဘဲ၊ ကိုယ့်မှာ အဖော်မပါရင်၊ ပါတဲ့အဖော်ကလည်း ဓါတ်ပုံရိုက်ဖို့ အားမကိုးရရင် အဲ့ဒီကလေးမတွေကိုသာ အားကိုးပစ်လိုက်ပါ။ သူတို့က Instagram ထဲက ပုံမျိုးရဖို့ ကိုယ့်ဖုန်းလေးနဲ့ အသေအချာ ရိုက်ပြသွားပါလိမ့်မယ်။ နေရမဲ့ အနေအထားနဲ့ ဓါတ်ပုံအယူအဆလေးတွေကို သူတို့လည်း လက်လှမ်းမီရာ စုစည်းသင်ကြားထားပုံပါပဲ။ ပြီးရင်တော့ သူတို့ကို မုန့်ဖိုးပေးပေါ့လေ။ ကိုယ့်မှာ အဖော်လည်းကောင်း၊ ဓါတ်ပုံရိုက်ဖို့လည်း အဆင်ပြေနေရင်တော့ သူတို့က သိပ်ကို စိတ်ညစ်စရာကောင်းပါတယ်။ ဘေးကနေ အတင်း ဆရာလုပ်သလို ဖြစ်လာတယ်။ အဲ့ဒီလိုပုံစံမျိုးလေး မဖြစ်ဖို့ သူတို့အနေနဲ့ နည်းနည်းထိန်းကျောင်း သင့်တယ်လို့ ထင်မိပါတယ်။


ပုထိုးတော်ကြီးရဲ့ အပေါ်ထိ တက်ဖို့ မိုးတွင်းကာလမဟုတ်ရင် အဆင်ပြေတတ်ပါတယ်။ ခွင့်ပြုပေးတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်ကတော့ ခုထိ မတက်ဖူးသေးပါဘူး။


မင်းကွန်းခြင်္သေ့ကြီးညီနောင်

ဘုရားရှေ့က ခြင်္သေ့ကြီးတွေ ရှိနေကျအတိုင်း ဒီပုထိုးတော်ကြီးရဲ့ ရှေ့မှာလည်း ခြင်္သေ့ကြီး နှစ်ကောင် ကို ဘိုးတော်ဘုရားဟာ ဖန်တီးခဲ့ပါတယ်။ မင်းကွန်း ကြီး (၄) ကြီး ထဲက ဒုတိယ ကြီး တစ်ခု ဖြစ်ပါတယ်။ ခြင်္သေ့ကြီး နှစ်ကောင် ဟာ အတော်လေး ကြီးမားပေမဲ့ စစ်ကိုင်းငလျင်ဒါဏ် နှစ်ခါ ခံရပြီးတဲ့နောက်မှာ ခုလို မှန်းဆရခက်လောက်တဲ့ အနေအထားပဲကျန်ခဲ့ပါတော့တယ်။ ဘယ်လောက်များ ကြီးခဲ့လိုက်မလဲလို့ မြင်တွေ့ချင်စိတ်က အသည်းယားကျိကျိ ဖြစ်စေတယ်။ ကျွန်တော် စိတ်အဝင်စားဆုံးက မျက်လုံး။ အောက်မှာ ပြုတ်ကျနေတဲ့ စကျင်ကျောက်ချောချော လုံးဝိုင်းဝိုင်းကို မျက်လုံး လို့ စာရေးထားတယ်။ နောက်မှ သိရတာက ဒီ မျက်လုံးတစ်လုံးကို လူ (၂၀) မ ရင်တောင် မကြွနိုင်ဘူးတဲ့။ ဒါကြီးကို ခြင်္သေ့ရဲ့ မျက်လုံးထဲ ဘယ်လို ထည့်ခဲ့ကြမလဲပေါ့။ မျက်လုံးလိုပဲ အခြားခြင်္သေ့ရဲ့ကိုယ်လို အုတ်နဲ့ မဖန်တီးဘဲ စကျင်ကျောက်သုံးထားတာက ခြင်္သေ့ရဲ့ လက်သည်းတွေပါ။ လက်သည်းဆိုလည်း လူ (၁၀) ယောက် မ ဖို့ မလွယ်ဘူးလို့ သိရပါတယ်။ မျက်စိထဲမှာသာ ခြင်္သေ့ကြီးတွေ ဘယ်လိုပုံစံနဲ့ ခန့်ညားနေမလဲ တွေးပေမဲ့ ပညာရှိအမတ် ဦးပေါ်ဦး ရဲ့ စကားကြားတော့ ရယ်ချင်မိသွားတယ်။ တကယ့်ခြင်္သေ့တွေရဲ့ ပုံက လည်ပင်းတွေ ရှည်နေတယ်လို့ ဆိုပါတယ်။ လည်တိုင်ရှည်ပြီး ခေါင်းလည်းသေးတဲ့အပြင် ပါးစပ်ကလည်း ဟပြဲနေတယ်လို့ မှတ်သားရပါတယ်။ စိတ်ကူးထဲပုံဖော်ကြည့်ပြီး အလိုလို ရယ်ချင်လာတာပါ။ ခြင်္သေ့ကြီး နှစ်ကောင်ရဲ့ ကျန်ကြွင်းတဲ့ အစိတ်အပိုင်းတွေကို ပုထိုးတော်ကြီး တစ်ဘက်ခြမ်းမှာ မြင်နိုင်ပါတယ်။ တစ်ခု အံ့အားသင့်တာက အဲ့ဒီဘက်ခြမ်းက အမှတ်တရပစ္စည်းနဲ့ အမောပြေရောင်းတာမှာ ဘီယာတွေ လှိုင်လှိုင်တွေ့ရတာပါပဲ။ ဘာလို့ ဘုရားရှေ့ကြီးမှာ အဲ့လောက်နီးနီးကပ်ကပ် အရက်ရောင်းသလဲ မသိ။


မင်းကွန်းခေါင်းလောင်းကြီး

“မင်းဖြူမှန်မှန်ပြော” ဆိုတဲ့ သင်္ကေတနဲ့ မှတ်သားခဲ့တဲ့ ကြေးပိဿချိန် ၅၅၅၅၅ ရှိ ကမ္ဘာမှာ ဒုတိယအကြီးဆုံး ခေါင်းလောင်းကြီးဟာ ဘိုးတော်ဘုရား ရဲ့ ကြီး (၄) ကြီး စီမံကိန်းထဲက တတိယမြောက် ကြီး တစ်ခုပါ။ ပုထိုးတော်ကြီးနဲ့ အကြီးချင်းကိုက်အောင်လို့ ခေါင်းလောင်းကြီးကိုလည်း သွန်းလုပ်လှူဒါန်းခဲ့တာဖြစ်ပါတယ်။ ကြေး ချည်းပဲ လုပ်ထားတာ မဟုတ်ဘဲ ကြေးနီ၊ ကြေးဝါ၊ သံ စတာတွေ ပါဝင်ပါတယ်။ အလေးချိန်ကို ပြီးမှ ချိန်တာမဟုတ်ဘဲ စလုပ်ကတည်း သတ္တုတွေရဲ့ အချိန်ကို စာရင်းမှတ်ယူပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ငလျင်တွေကြုံခဲ့ရပေမဲ့ ပြုတ်ကျတာမျိုး မရှိခဲ့ပါဘူး။ စဆွဲတုန်းကတော့ အုတ်တိုင်နဲ့ သစ်သားယက်မပေါ်မှာ ဖြစ်ပြီး ငလျင်ပြီးတော့မှ ဧရာဝတီမီးသင်္ဘောကုမ္ပဏီ က လှူဒါန်းတဲ့ သံတိုင်သံယက်မပေါ်မှာ ပြောင်းဆွဲခဲ့တာဖြစ်ပါတယ်။ ဒီခေါင်းလောင်းကြီးက ထိုးရင်လည်း အသံထွက်တဲ့ ခေါင်းလောင်းပါ။ အရင်ကဆို ဒီခေါင်းလောင်းထိုးသံကို တစ်မိုင်လောက်ကတောင် ကြားရတယ်လို့ ဆိုကြပါတယ်။ မင်းကွန်းပုထိုးတော်ကြီး နဲ့ မနီးမဝေးမှာ သီးသန့်အဆောင်နဲ့ လမ်းမကြီး ဘေးမှာပဲ တည်ရှိပါတယ်။


မင်းကွန်းကန်တော်ကြီး

ဘိုးတော်ဘုရား ရဲ့ ကြီး (၄) ကြီးထဲက နောက်ဆုံး ကြီး ကတော့ ကန်တော်ကြီးပါ။ တခြားသော အကြီးတွေ ဖြစ်လာဖို့အတွက် မြေတွေ စတေးရင်း ကန်ကြီးဖြစ်လာတာလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ စစ်ကိုင်းက ကောင်းမှုတော်ဘုရားတည်ရာမှာ သုံးတဲ့အုတ်လုပ်ဖို့ မြေတူးရာကနေ ကောင်းမှုတော်အင်း ပေါ်လာသလိုမျိုးလို့ ယူဆကြပါတယ်။ ဒီကန်ကြီးကို ဆန္ဒအိုင် လို့လည်း ခေါ်ဆိုခဲ့ကြသေးတယ်လို့ သိရပါတယ်။ မင်းကွန်းနဲ့ ၆ မိုင်အကွာက ကြက်ထောင့်ရွာအနီးမှာ ရှိတယ်လို့ သိရပါတယ်။ ကျွန်တော်တော့ဖြင့် မရောက်ခဲ့ပါဘူး။


ဓမ္မနာဒကျောင်းတိုက်တော်ကြီး

မင်းကွန်းကိုရောက်ခဲ့ရင် ကျေးဇူးတော်ရှင် မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီး ဦးဝိစိတ်တသာရာဘိဝံသ ပိဋကတ်သုံးပုံနှုတ်ငုံဆောင်ပြီး အောင်မြင်ခဲ့ရာ ဓမ္မနာဒကျောင်းတိုက်တော်ကြီးကို မရောက်ခဲ့ရင် မင်းကွန်းကိုရောက်တယ်လို့ မဆိုနိုင်ဘူးရယ်လို့တောင် ဆိုကြပြောကြပါတယ်။ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးလို့ ထင်ရှားကျော်ကြားတဲ့ ဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ ဟာ ဂင်းနစ်မှတ်တမ်းမှာ ဖော်ပြခံရတဲ့ ထူးခြားသူပါ။ ဆရာတော်ကြီးဟာ စာမျက်နှာ (၁၆၀၀၀)၊ အုပ်ရေ(၂၀)ရှိတဲ့ ပိဋကတ်သုံးပုံကို အရကျက်မှတ် အာဂုံဆောင် နိုင်ခဲ့တာကြောင့် ၁၉၈၅ခုနှစ်မှာ ကမ္ဘာ့မှတ်ဉာဏ် အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်ခဲ့တာလို့ မှတ်သားရပါတယ်။ ဆရာတော်ကြီးကို ၁၉၁၁ ခုနှစ် နိုဝင်ဘာလ (၁) ရက်နေ့မှာ မြင်းခြံ၊ ကျည်ပင်ရွာမှာ မွေးဖွားခဲ့ပြီး၊ အသက် (၇) နှစ်ကစလို့ မြင်းခြံ မင်းကျောင်းတိုက်မှာ သာသနာ့ဘောင် ဝင်ရောက်ခဲ့တာပါ။ ငယ်နာမည် မောင်ခင် ဖြစ်ပြီး မှတ်ဉာဏ်အလွန်ကောင်းတယ်လို့ သိရပါတယ်။ အသက် (၁၀) နှစ်အရွယ်မှာတင် ပါဠိစာပေကျွမ်းကျင်သူအဖြစ် အရှင်ဝိစိတ္တသာရာဘွဲ့ တွင်ခဲ့ပြီး ၁၉၃၀ မှာတော့ အခု မင်းကွန်းက ဓမ္မနာဒကျောင်းကို ဗုဒ္ဓကျမ်းဂန်တွေ လေ့လာဖို့ ရောက်ရှိလာခဲ့တယ်လို့ ဆိုပါတယ်။ အဲ့ကတည်းကနေ ဆရာတော်ကြီး ပျံလွန်တော်မူတဲ့ သက်တော် (၈၁) နှစ်အရွယ် ၁၉၉၃ ခုနှစ် ဖေဖော်ဝါရီလ (၉) ရက်နေ့ မတိုင်ခင်အထိ မင်းကွန်းမှာပဲ သီတင်းသုံးနေထိုင်ခဲ့တာပါ။ ပျံလွန်တော်မူတော့ ရန်ကုန်မြို့မှာ ဖြစ်ပါတယ်။

အခုဆိုရင် မင်းကွန်းက ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ ဒီ ဓမ္မနာဒကျောင်းတိုက် ကို ဆရာတော်ကြီးရဲ့ ပြတိုက်သဖွယ် အမှတ်ရစရာတွေအသုံးအဆောင်နဲ့ ပုံတူရုပ်တုတွေ ပြသထားပြီဖြစ်လို့ မင်းကွန်းရောက်ရင် ကြုံတောင့်ကြုံခဲ လေ့လာသင့်ပါတယ်။


စက်တော်ရာစေတီ

ဧရာဝတီမြစ်ကနေ လှမ်းကြည့်ရင် သပ္ပာယ်လှတဲ့ ဒီစက်တော်ရာ ဘုရားဟာလည်း ဘိုးတော်ဘုရား ရဲ့ ကောင်းမှုပါပဲ။ ငလျင်ဒါဏ်အထိဆုံးမို့ ရှေးလက်ရာတောင် မကျန်သလောက် ဖြစ်နေပါပြီ။ ဘုရားဝန်းထဲမှာ ရှေးခေတ်က အသုံးပြုခဲ့ပုံရတဲ့ သစ်တစ်လုံးထွင်းလှေဟောင်းကြီးကိုလည်း ပြသထားပါတယ်။


မြသိန်းတန်ဘုရား

ဒီဘက်ခေတ်ရဲ့အထင်ပေါ်ဆုံး ဘုရား လို့ ဆိုရလောက်အောင် ဓါတ်ပုံရိုက်လို့ အတော်ဟန်ကျတဲ့အတွက် ဒီဘုရားမှာ နိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ အတော်လာရိုက်ကြပါတယ်။ အထူးသဖြင့် Instagram အသုံးပြုကြတဲ့သူတွေအကြိုက်ပေါ့။ တောင်စဉ် ခုနစ်ထပ်ကို အလယ်က မြင့်မိုရ်တောင်နဲ့ အာလိန် ၅ ဆင့် ဌာပနာတိုက်ပုံစံ ဖွဲ့စည်းထားတာက အတော်လေး ထူးခြားပါတယ်။ Cosmology ကိုးကွယ်ယုံကြည်မှုကို အခြေခံပြီး ဒီဇိုင်းထုတ်ဖန်တီးထားတဲ့ စေတီတစ်ဆူပါ။ ရိုးရာကိုးကွယ်ယုံကြည်မှုအတိုင်း စကြာဝဠာအလယ် ဗဟိုမှာ မြင့်မိုရ်တောင်ကြီး ရှိပြီး မြင့်မိုရ်တောင်ကို တောင်စဉ်ခုနစ်ထပ်၊ သီတာ (မြစ်) ခုနစ်တန် ဝန်းရံထားတဲ့ပုံလို့ မိတ်ဆွေညီငယ် ဧည့်လမ်းညွှန် ထူးဇော် ဆီက မှတ်သားရပါတယ်။

ဒီ မြသိန်းတန် ဘုရား ကို ဆင်ဖြူမယ်ဘုရား၊ ရှင်ဖြူဘုရား၊ ရှုင်ဖြူရှင်မယ်ဘုရား စသဖြင့် ခေါ်ကြပါသေးတယ်။ ဒီဘုရားကို ဘိုးတော်ဘုရားရဲ့ မြေးတော် စစ်ကိုင်းမင်း နဲ့ ဆင်ဖြူရှင်မယ် တို့က တည်ထားခဲ့တာပါ။ အဲ့ဒီအချိန်က စစ်ကိုင်းမင်းရော ဆင်ဖြူရှင်မယ် ရော ဆယ်ကျော်သက်လေးတွေ ဖြစ်ပုံရပါတယ်။ နှစ်ဦးဟာ မောင်နှမဝမ်းကွဲ တော်စပ်ကြသူတွေပါ။ ဒီဘုရားကို သူတို့ရဲ့ ဘိုးတော်က ပုထိုးတော်ကြီးတည်တာကို အားကျပြီး အနီးအပါးမှာ စေတီလိုက်တည်ဖို့ တောင်းပန်ခဲ့ရာကနေ ဖြစ်လာတယ်လို့ မှတ်သားရပါတယ်။ မင်းတုန်းမင်းလက်ထက်မှာ ငလျင်ဒါဏ်ကြောင့်ပျက်စီးသွားလို့ ပြန်ပြင်ခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။ ခုချိန်မှာတော့ ဓါတ်ပုံရိုက်ဖို့အတွက် လူကြိုက်အများဆုံးနေရာတစ်ခု ဖြစ်နေတာတော့ အသေအချာပါ။

ဒီဘုရားကို အရင်ကတော့ အမြဲ လမ်းမကြီးဘက်ကနေပဲ ဝင်ဖြစ်တော့ တောင်စဉ်ခုနစ်ထပ် သီတာခုနစ်တန် အာလိန် ၅ ဆင့်ရဲ့အလှကို သိပ်သတိမထားမိဘူး။ ခုတစ်ခေါက် ဘေးဘက်လမ်းသွယ်ထဲကို ကားဝင်ပြီး ဘေးပေါက်ကနေ ဝင်တော့မှ သေချာမြင်ရတော့တယ်။


ခိုတောင်ရွာ က ခိုတောင်မုန့်တီ

ဒီ မင်းကွန်းဘက်ကို စစ်ကိုင်းကနေ ကားနဲ့လာရင် ခိုတောင်ရွာလေးကို ဖြတ်ရပါတယ်။ ဒီတော့ နာမည်ကြီး ခိုတောင်မုန့်တီ ကို မြည်းစမ်းကြည့်နိုင်တဲ့ အခွင့်အရေးပေါ့။ အရင်ကတော့ အထမ်းသည်တွေနဲ့ မန္တလေးဘက် လာရောင်းတာကို သဘောကျကြတယ်။ ခုတော့လည်း ခိုတောင်မုန့်တီ က ခိုတောင်ရွာမှာတောင် မူလပုံစံမဟုတ်တော့ဘူးရယ်လို့ ရှေ့နောက်မီတဲ့ လူရွယ် လူကြီးတွေ ပြောစမှတ်ပြုကြပြန်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မန္တလေးသားလည်းမဟုတ်တော့ မူလအရသာ က ဘယ်လိုဆိုတာ မသိပါဘူး။ ခု ရောက်တော့လည်း စားဖို့ ကြည့်ပြန်တော့ ခိုတောင်ရွာကို စဝင်ကတည်းက လမ်းမကြီးတစ်လျှောက် များလိုက်တဲ့ ခိုတောင်မုန့်တီဆိုင်တွေ ဆိုတာ ဘယ်ဆိုင်ရွေးရမလဲတောင် မသိအောင်ပါဘဲ။ အဲ့ဒီတော့လည်း အဆင်ပြေသလို ဒေါ်ညို ဆိုတဲ့ ဆိုင်လေး ဝင်ဖြစ်သွားတယ်။ တစ်ပွဲမှာ ၅၀၀ ကျပ် လားပဲ။ စားကောင်းပါတယ်။ ခိုတောင်မုန့်တီအစစ် အရသာ ဟုတ် မဟုတ်တော့ ကျွန်တော်လည်း မပြောတတ်ပါဘူး။ ကိုယ်လည်း စားဖူးတာ ဒါပထမဆုံးဆိုတော့လေ။ မင်းကွန်းဘက်သွားရင် မြည်းစမ်းစားကြည့်လို့ရပါတယ်ဗျာ။


ကျွန်တော် ရဲ့ မင်းကွန်းခရီးစဉ်လေးမှာ လည်ပတ်စရာ သိပ်မများပါဘူး။ သူ့ဒေသမှာကိုကလည်း နည်းတာကိုးလေနော်။ ဒါပေမဲ့ ကိုယ်က ခရီးစဉ်မှာ ဓါတ်ပုံရိုက်ဖို့ အားသန်ရင်တော့ မင်းကွန်းဟာ လိုသလို စိတ်ကူးကွန့်မြူးနိုင်တဲ့ အရပ်တစ်ခုဆိုတာတော့ အသေအချာပါပဲ။ မြင်းလှည်းလေးတွေနဲ့ အညာဆန်တဲ့ ဖန်တီးမှုမျိုးလား၊ ထူးခြားတဲ့ စေတီတွေရဲ့ ဗိသုကာလက်ရာတွေနဲ့လား၊ ပွင့်လင်းရိုးသားတဲ့ အညာသူ အညာသားတွေရဲ့ သဘာဝနေထိုင်မှုပုံစံတွေလား ဘယ်လိုပဲဖြစ်ဖြစ် မှတ်တမ်းတင်ချင်စရာအပြည့်ပါ။ မင်းကွန်းခရီးစဉ်လေးကတော့ နေရာသိပ်မများတဲ့အတွက် သိအပ်တဲ့ သမိုင်းကြောင်းလေးတွေကိုပဲ ဦးစားပေးတင်ပြလိုက်ရပါတယ်ဗျား။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wanna Aung

Camera :: SONY Alpha 7II with 16-35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

1,463 views0 comments

Comments


bottom of page