top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ရွှေဘို မှာ လည်စရာ ပေါပါတယ်

ရွှေဘို ဟာ နာမည် ငါးမျိုး နဲ့ မြန်မာကျော် မြို့တစ်မြို့ပါ။ မြန်မာတိုင်းနဲ့ ရင်းနှီးတဲ့ ရွှေဘို ဟာ အမျိုးသားတွေအတွက်ဆို ဦးအောင်ဇေယျ ရဲ့ ရဲစွမ်းသတ္တိကို သတိရကြရပြီး အမျိုးသမီးတွေအတွက်ကတော့ သင်းသင်းမွှေးတဲ့ သနပ်ခါး ကို သတိရကြရတာမျိုး ဖြစ်ပါတယ်။ ရွှေဘို ကို လည်ဖြစ်တုန်း က လည်ပတ်စရာ များမယ် မထင်ခဲ့ပေမဲ့ တကယ်ကို လည်စရာ ပေါများမှန်း လည်နေရင်းနဲ့သိလိုက်ရပါတယ်။ ဘုရားစေတီတွေ ပိုများလို့ လူကြီးကြိုက် ဖြစ်ပေမဲ့ မြန်မာ့ထုတ်ကုန်သစ်တွေကို ကမ္ဘာ့အဆင့်မီ ထုတ်လုပ်လိုသူ စွန့်ဦးတီထွင်လူငယ်၊ လူလတ်တွေအတွက် မြန်မာ့လက်မှုလုပ်ငန်းတွေ၊ အိမ်တွင်းမှုလုပ်ငန်းတွေကို လေ့လာနိုင်ရာ စက်မှုလက်မှုဇုန်ကြီးလည်း ဖြစ်ပါတယ်။ သမိုင်းကို အထောက်အထားနဲ့မှ ကျေနပ်သူတွေအတွက်လည်း သုတေသနရတနာသိုက်ကြီး လို့ တင်စားရနိုင်ပါသေးတယ်။ ကမ္ဘာလှည့်ခရီးသွားတွေအတွက်တော့ မြန်မာမှုဓလေ့ နဲ့ ရိုးရာတွေကို အရင်းအတိုင်း မြင်တွေ့လေ့လာနိုင်ကြသေးတဲ့ အရပ်ပါပဲ။ ဒါကြောင့် ရွှေဘို ကို လည်ပတ်တဲ့အခါ အပျော်ထက် ပိုပြီး လေးနက်တဲ့ အဓိပ္ပါယ်တွေနဲ့ လည်ပတ်မိစေပါတယ်။

ရွှေဘို စစ်ကိုင်း

ငါး မည်ရ ပြည်ရွှေဘို

ရွှေဘို ဆိုတာနဲ့ တတိယ မြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ ဦးအောင်ဇေယျ (ခေါ်) အလောင်းမင်းတရား ကို တန်းပြီး သတိရတတ်တယ်။ ငယ်ငယ်က သမိုင်းမှာလည်း သင်ခဲ့ရတာမို့ ရွှေဘို ကို ရန်ကြီးအောင်၊ ကုန်းဘောင်၊ ရတနာသိင်္ဃ၊ မုဆိုးဖို၊ ရွှေဘို ရယ်လို့ အမည် (၅) မျိုး ခေါ်ဝေါ်ခဲ့တာကို မှတ်မိပါသေးတယ်။ ဦးအောင်ဇေယျ ဟာ ကုန်းဘောင်မင်းဆက်ရဲ့ ပထမဆုံးဘုရင်အဖြစ် နန်းတက်လာပြီးတဲ့နောက် မုဆိုးဘို (မုဆိုးဖို) ရွာ ကို မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့ပါတယ်။ “ဥသြအော်မြည်၊ ကုန်းဘောင်တည်” လင်္ကာအရ ရွှေဘိုကို မြန်မာသက္ကရာဇ် ၁၁၁၅ ခုနှစ် (၁၇၅၃ ခုနှစ်) မှာ တည်ခဲ့တယ်။ မင်း (၃) ပါး စိုးစံခဲ့ပြီး နောက်ပိုင်းမှာ မင်းနေပြည်တော်ကို စစ်ကိုင်းဘက် ပြောင်းရွှေ့လိုက်တာမို့ ရွှေဘို ဟာ မင်းနေပြည်တော် ဖြစ်ခဲ့တယ်ဆိုတဲ့ သမိုင်းလေးပဲ ကျန်ခဲ့ပါတော့တယ်။


လည်ပတ်စရာ ရွှေဘိုတစ်ခွင်မှာ

ရွှေဘို ဟာ သမိုင်းမှာလည်း ထီးနန်းစိုက်ရာ နေပြည်တော် ဖြစ်ခဲ့တာမို့ လည်ပတ်လေ့လာစရာ ပေါများတဲ့ ဒေသတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ရွှေဘိုကို အနည်းဆုံး ၂ ည အိပ် ၃ ရက်ခရီးလောက် အချိန်ပေးသင့်တယ်လို့ အကြံပြုလိုပါတယ်။ ဘုရားပုထိုးတွေကို သွားလည်ရတာလည်း ဒီမှာ များပြားပါတယ်။ တခြားစိတ်ဝင်စားစရာတွေလည်း အပြည့်ပါ။ ကျွန်တော့် ထဲမှာ မပါဝင်သေးတဲ့ နေရာတွေ၊ ဘုရားစေတီတွေ နဲ့ ဒေသလုပ်ငန်းခွင်တွေ ရှိနေပါသေးတယ်။ ဒါကတော့ ကျွန်တော် သွားလည်ခဲ့ဖြစ်ခဲ့သလောက်ပါပဲ။


ရွှေဘုံရတနာမင်္ဂလာနန်းတော်

မဖြစ်မနေ လည်ပတ်သင့်တဲ့အထဲမှာ ရွှေဘိုနန်းတော်ရာလည်း ပါပါတယ်။ အသစ်ပြန်လည် တည်ဆောက်ထားတာ ဆိုပေမဲ့ တစ်ချိန်က ခမ်းနားခဲ့တဲ့ မင်းနေပြည်တော်ပုံစံကို မျက်စိထဲ မြင်ယောင် မှန်းဆ ကြည့်နိုင်ပါတယ်။ ဝင်ကြေးလည်း ပေးဆောင်ရပါတယ်။ ၅၀၀ ကျပ် ထင်ပါတယ်။ ကျွန်တော်လည်း ရုတ်တရက် မမှတ်မိတော့ဘူး။ နိုင်ငံခြားသား ဆိုရင်တော့ ၂၀၀၀ ကျပ် ကောက်ခံပါတယ်။ နန်းတော်ရာကို မန္တလေးနန်းတော်လို ပုံစံပြည့်တည်ဆောက်ထားတာ မဟုတ်ဘဲ၊ တချို့ အရေးကြီးအဆောင်များကိုပဲ ပြန်လည် တည်ဆောက်ထားတာ ဖြစ်ပါတယ်။ ထူးခြားတာတစ်ခုက နန်းတော်ဆီကို ဝင်တဲ့ ဂိတ်ပေါက်ဝ နားမှာ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျကို မြှုပ်နှံတဲ့နေရာ ဆိုပြီး ကျောက်တိုင်အမှတ်အသားနဲ့ ဂူဗိမ္ဗာန် တည်ရှိနေတာပါပဲ။ ဦးအောင်ဇေယျ ရဲ့ အတွင်းအင်္ဂါများကို မွန်ပြည်နယ် ဘီးလင်းမြို့နယ် အနီးက ကင်းရွာ မှာ ဂူဗိမ္ဗာန်ပြုလုပ် မြှုပ်နှံခဲ့ပြီး၊ ခန္ဓာကိုယ် ကိုတော့ ရွှေဘိုကို ယူဆောင် မြှုပ်နှံတယ်လို့ သိရပါတယ်။ ဒါကြောင့် ရွှေဘိုမှာ ရှိတဲ့ ဒီ ဂူဗိမ္ဗာန်ဟာ အရိုးအိုးဂူ ဖြစ်မယ်လို့ ယူဆပါတယ်။ ဒီ နန်းတော်ကို ရွှေဘိုမြို့မဈေးရဲ့ အနောက်ဘက်မှာ သွားရောက်လေ့လာနိုင်မှာ ဖြစ်ပါတယ်။


ဘုရားကိုးဆူ ကျောက်ဖြစ်ဆရာတော်

ပျံလွန်တော်မူပြီး ကျန်ကြွင်းတဲ့ ခန္ဓာကိုယ်က ကျောက်ဖြစ်သွားတဲ့ ဆရာတော်ကြီး ဦးနာရိန္ဒာဘိ ရဲ့ ထူးခြားတဲ့ ဒီ ကျောက်ဖြစ်ခန္ဓာ ကို သွားရောက်လေ့လာ ဖူးမြော်နိုင်ပါတယ်။ ဘုရားကိုးဆူကျောင်းဝန်းအတွင်းမှာ ကျောင်းဆောင်၊ မှန်တလားနဲ့ ထားရှိပြီး ထေရုပ္ပတ္တိကိုလည်း ဖော်ပြပေးထားတာမို့ လေ့လာနိုင်ပါတယ်။ ရွှေဘိုမြို့ပြင်ဘက် သုသာန်သွားရာ လမ်းနဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်။


ရန်ကြီးအောင် ပန်းခြံ

ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု နဲ့ ကလေးငယ်တို့အတွက် ကစားကွင်း၊ လူငယ်တို့အတွက် အပန်းဖြေရာ ပန်းခြံ ကတော့ မြို့လည် ရွှေဘို - မြစ်ကြီးနား ကားလမ်းပေါ်မှာ တည်ရှိပါတယ်။ ဒီပန်းခြံအတွင်းက ရေကန်ကြီးမှာ ရေပန်းတွေကို မီးနဲ့ ကစားတာကိုလည်း ညနေပိုင်းအချိန်တွေမှာ ပြုလုပ်လေ့ရှိတယ်ဆိုပေမဲ့ ကျွန်တော်ကတော့ မကြုံလိုက်ပါဘူး။


မောဓောမြင်သာမြို့ထောင့်စေတီ

မြို့ထောင့်စေတီ ကတော့ အညာဘုရားပွဲကျင်းပလေ့ရှိတာမို့ လူသိများပါတယ်။ ခုဆို ဘုရားပွဲအတွက် ရည်ရွယ်ပြီး ဆိုင်ခန်းတွေတောင် အုတ်တွေနဲ့ ဘုရားကြီးရှေ့ဘက်မြေမှာ အခိုင်အမာ ဆောက်လုပ်ထားသလို ဘေးဘက်မှာလည်း မိုးလုံလေလုံဇာတ်ရုံကြီးကို တည်ဆောက်ထားပြီးတာကို သတိပြုမိပါတယ်။ စေတီတော်အနီးက ကန်ကြီးဟာလည်း အပန်းဖြေဖို့ကောင်းတဲ့ နေရာတစ်ခုပါ။ ဒီကန်ဟာ ကျုံးဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီဘုရားပွဲဟာ အတော်စည်ကားပြီး နှစ်စဉ် တော်သလင်းလပြည့်ကျော် မှာ ပြုလုပ်လေ့ရှိပါတယ်။


ဖောင်တော်ဦး စေတီ

မြို့ထောင်စေတီကနေ ထွက်ခွာပြီး ရှေ့ဘက်ကို တည့်တည့် ဆက်သွားရင် မြစ်ဘေးမှာ မှေးတင်ထားသလို ဖြစ်နေတဲ့ ဖောင်တော်ဦးစေတီ ကို ဖူးကြရပါမယ်။ ရွှေဘိုမြို့ရဲ့ အရှေ့ မြောက်ပိုင်းမှာ ရှိတာပါ။ နရပတိ အလောင်းစည်သူမင်းကြီး ရဲ့ ကောင်းမှုတော် ဖြစ်ပြီး တိုင်းခန်းလှည့်လည်စဉ်မှာ ဖောင်တော်ဆိုက်ရာအရပ်မို့ အထိမ်းအမှတ်နဲ့ တည်ထားတယ်လို့ ဆိုကြပါတယ်။


ရွှေတန်ဆာဘုရား

ဂူပုထိုး ဖြစ်ပြီး အလောင်းစည်သူမင်းကြီး တည်ထားခဲ့တာ ဖြစ်ပါတယ်။ ရွှေတန်ဆာ ရုပ်ပွားတော်က ဉာဏ်တော် နှစ်ထောင့်တစ်ထွာ နဲ့ ထူးခြားတဲ့ သဏ္ဍာန်တော် ရှိပါတယ်။ ဘယ်လိုထူးခြားတာလည်းဆိုရင် ရုပ်ပွားတော်မှာ သင်္ကန်းဝတ်ရုံနဲ့မဟုတ်ဘဲ မင်းညီမင်းသားတွေလို ဝတ်စုံမျိုးနဲ့ ထုဆစ်ထားတာ ဖြစ်လို့ပါပဲ။ ဘုရားဝန်းအနီးဝန်းကျင်မှာလည်း ရှေးဟောင်းစေတီလေးတွေ မြင်တွေ့ရနိုင်ပါတယ်။


ချမ်းသာကြီး ချမ်းသာရ ဘုရား

ရွှေတန်ဆာဘုရား ရဲ့ ကားပါကင်ဘက်အခြမ်းစောင်းတန်းကနေ ဆင်းလို့ မျက်နှာချင်းဆိုင် လမ်းကူးလိုက်ရင် ချမ်းသာကြီး ချမ်းသာရ ဘုရားကို ရောက်ပါတယ်။ ဒီဘုရားရဲ့ အရှေ့မှာတော့ ဈေးကားကြီးတွေ နားတတ်သလို၊ ဆိုင်တန်းလေးတွေလည်း ရှိလို့ စည်စည်ကားကားပါပဲ။ ဒါပေမဲ့ တကယ် သွားသင့်တာကတော့ တစ်ဘက် လမ်းမကြီးခြမ်းက ဖြစ်ပါတယ်။ အဲ့ဒီအခါမှ ပိုပြီးစည်ကား ခမ်းနားတဲ့ မြို့ဂုဏ်ဆောင် ဘုရားတစ်ဆူမှန်း ပိုပေါ်လွင်ပါတယ်။ အတွင်းမှာလည်း စေတီ အဆူဆူနဲ့ ဖူးဖို့ရော၊ ဓါတ်ပုံရိုက်ဖို့ပါ ကောင်းမွန်ပါတယ်။


ဇမ္ဗူဆီမီး မြတ်စွာဘုရား

ဒီဘုရားနှစ်ဆူ အလွန် ဆက်သွားခဲ့ရင် ဇမ္ဗူဆီမီးဘုရားကို မလှမ်းမကမ်းမှာ ရောက်ရှိ ဖူးမြော်နိုင်ဦးမှာပါ။ အလောင်းမင်းတရားကြီးရဲ့ မိဖုရားခေါင်ကြီး ခင်ယွန်းစံ ရဲ့ မိဘတွေဖြစ်တဲ့ ဦးဖြိုးမြ နဲ့ မယ်ပလောင် တို့ တည်ထားကိုးကွယ်ခဲ့တာလို့ မှတ်သားရပါတယ်။


ရွှေဘိုမြို့ဈေးကြီး

ဒီကနေ ရှေ့တည့်တည့် ဆက်သွားရင်တော့ ရွှေဘိုဈေးကြီးကို ရောက်ပါမယ်။ နံနက်ခင်းမှာတော့ ဟင်းစားဝယ်သူတွေနဲ့ အထူးစည်ကားပြီး ပိုလှတာကတော့ လမ်းမကြီးဘက် မျက်နှာစာက ပိုလှပါတယ်။


ရွှေချက်ကျ ရွှေချက်သို စေတီ

ရွှေချက်သို စေတီ ကို သွားပြီးလည်ပတ်တော့ သဘောကောင်းတဲ့ ဘုရားလူကြီးအဖွဲ့တွေနဲ့ တွေ့ခဲ့ရတယ် ဆိုရမယ်။ ဒေါ်လေးတစ်ဦးက မေတ္တာနဲ့ မြင်မြင်ချင်းပဲ “သား ခေါင်းလောင်းစင်ပေါ် တက်ပြီး ဓါတ်ပုံရိုက်ပါလား၊ ပိုလှတယ်” ဆိုပြီး စည်တော်စင်ကြီးပေါ်တက်တဲ့ တံခါးသော့ကို ပေးခဲ့တယ်။ တန်ဆောင်းတစ်ခုမှာ ဘုရားဆင်းတုကို ခြံခတ်သလို အပြည့်ကြီး ကာရံထားတာတော့ သဘောမကျမိ။ ရည်ရွယ်ချက်တစ်ခုခုတော့ ရှိမယ်ထင်ပါတယ်။ ဒီ ရွှေချက်သို စေတီ ဟာ ဦးအောင်ဇေယျ က သူ့ရဲ့ ဇာတိချက်ကြွေ အထိမ်းအမှတ်တစ်ခုအနေနဲ့ မြို့တည်တဲ့ မြန်မာနှစ် ၁၁၁၅ မှာ ရတနာသိင်္ဃနဲ့အတူ ခုနှစ်ဌာန တစ်ပြိုင်တည်း တည်ဆောက်ခဲ့တဲ့ အရာတွေထဲက တစ်ခု ဖြစ်ပါတယ်။ ဉာဏ်တော်က ၆၉ တောင်ဖြစ်ပြီး အဲ့ဒီအချိန်ကတော့ အမြင့်ဆုံးလို့ မှတ်သားရပါတယ်။ ဗဟိုရ်ခေါင်းလောင်းကြီး ကိုတော့ စေတီရင်ပြင်ထောင့် တစ်နေရာမှာ တည်ထားပြီး ခေါင်းလောင်းစင်ပေါ်တက်လို့ ခေါင်းလောင်းကြီး ကို လေ့လာနိုင်ပါတယ်။ စည်တော်စင်လည်း ရှိသေးပြီး ဘေးက ဘုန်းကြီးကျောင်းဝန်းထဲမှာ ဖြစ်ပါတယ်။ ကျွန်တော်တော့ မျက်စိလျှန်းသွားခဲ့တယ်။ မြို့နန်းတည်စတုန်းက အချိန်နာရီ လျှောက်ထားဖို့ ရည်ရွယ်ခဲ့တယ်လို့ သိရပါတယ်။


လောကမာရဇိန်ရုပ်ပွားတော်မြတ်ကြီး

လောကမာရဇိန်ဘုရားဆိုပြီး ရွှေဘိုမှာ နှစ်ဆူ ရှိတယ်လို့သိရပါတယ်။ အရင်ရှိနှင့်ပြီးသားကတော့ အနောက်ဈေးရပ်မှာ ရှိတာဖြစ်ပြီး အရှေ့လောကမာရဇိန် (သုံးဆူကုန်းဘုရား) လို့ ခေါ်တွင်ပါတယ်။ မြို့ရဲ့အနောက်စွန်းမှာတော့ အသစ်တည်ထားတာ မကြာသေးတဲ့ အနောက်လောကမာရဇိန် ဘုရား ရှိပါတယ်။ ကျွန်တော် ရောက်ရှိခဲ့တာကတော့ အသစ်တည်ထားတဲ့ လောကမာရဇိန်ဘုရား ဖြစ်ပါလိမ့်မယ်။


အခြားလည်ပတ်ဖူးမြော်သင့်တဲ့ ဘုရားစေတီများ

ကျွန်တော် နေထိုင်လည်ပတ်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း စုံနိုင်သမ ျှ စုံအောင် သွားခဲ့ပေမဲ့ ကျွန်တော် မရောက်ဖြစ်ခဲ့တဲ့ ဘုရားစေတီတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော့် ခရီးဖော်တွေ သွားတဲ့အခါ ကျန်ရစ်မသွားအောင် အသေးစိတ်မဟုတ်တောင် အမည်နာမအားဖြင့် ရှာရ လွယ်ကူစေဖို့ ဖော်ပြပေးလိုက်ပါတယ်။

  • နန်းဦးအောင်မြေဆုတောင်းပြည့်ဘုရား

  • ရွှေတစဘုရား

  • လမ်းလယ်ဘုရား

  • ရွှေပေါ်ကျွန်းဘုရား

  • ရွှေခြင်္သေ့ဘုရား

  • နေရဗန်ဘုရား

  • ဆုတောင်းပြည့်ဘုရား

  • ရွှေကူကြီးဘုရား

  • သက်တော်ရှည် သက်တော်ရ ဘုရား

  • ရွှေသိမ်တော် ဘုရား

  • ပခမ်းဘုရား

  • စိန်ဘုရား

  • ရွှေကြက်တောင်ဘုရား

  • ကုန်းဘောင်ဦးထိပ်ဘုရား

  • ရွှေလင်းပင်ဘုရား

  • နိဗ္ဗာန်ဆိပ်ဦးဘုရား


ဟန်လင်းမြို့ဟောင်း

ရွှေဘိုဝန်းကျင်မှာ နောက်ထပ်လည်ပတ်စရာကောင်းတာကတော့ ဟန်လင်းမြို့ဟောင်းပါ။ ဟန်လင်းမြို့ဟောင်းအကြောင်းကို ကျွန်တော် သီးသန့် ရေးထားပြီး ဖြစ်လို့ ဖတ်ကြည့်နိုင်ပါတယ်။ အခုတော့ ရွှေဘိုသွားလည်ရင်း လမ်းကြုံဝင်နိုင်ဖို့ ပြေးပြေးလွှားလွှား ပေါ့ပေါ့ပါးပါးလေး ဖော်ပြပေးလိုက်ပါတယ်။ ဟန်လင်းမြို့ဟောင်းကို နိုင်ငံခြားသားတွေလည်း အလာများပါတယ်။ ဝက်လက်မြို့ ကနေ ၆ မိုင်အကွာမှာရှိပြီး ရွှေဘိုကနေ ၄၅ မိနစ်လောက် ကားနဲ့ သွားရပါတယ်။ ရှေးပျူမြို့ဟောင်း ဖြစ်တဲ့ ဟန်လင်းမြို့ဟောင်းကို ၁၉၀၅ ခုနှစ်မှာ ကျောက်စာဝန် တော်စိန်ခို က စပြီး တူးဖော်ခဲ့တာပါ။ ၁၉၆၁ - ၁၉၆၂ မှာ စနစ်တကျ မြေပုံထုတ်နိုင်ခဲ့ပါတယ်။ ၁၉၇၉ ခုနှစ်မှာ ကာဗွန်စစ်ဆေးတဲ့အဖြေအရ နောက်အကျဆုံး အေဒီ ၆ ရာစုထိ ဖြစ်နိုင်တယ်လို့ ဖတ်မှတ်ခဲ့ရပါတယ်။


ဟန်လင်းမြို့ဟောင်း ကို သွားတဲ့ လမ်းက ကျဉ်းပြီး တံတားတွေက ဟောင်းနွမ်းဆွေးမြည့်နေပုံပေါက်တာလေးတော့ ပြုပြင်စေချင်မိတယ်။ စေတီပုထိုးတွေကို ရှေးဟောင်းအတိုင်းလေး မြင်ရတာတော့ သဘောကျစရာပါ။ ဟန်လင်းမြို့ဟောင်းကို သွားလည်တဲ့အခါ လမ်းဘေးဝဲယာမှာတင် ပုဂံလို ဘုရားပုထိုးတွေ တွေ့မြင်ရတာကိုက ခရီးသွားတွေရဲ့ စိတ်ကို ဆွဲဆောင်သွားပါတယ်။ ဓါတ်ပုံရိုက်ချင်စရာ မြင်ကွင်းတွေ ချည်းပါပဲ။ ပြီးတော့ ဟန်လင်းမြို့မှာ စိတ်ဝင်စားစရာ အိမ်တွင်းလုပ်ငန်းတွေလည်း ရှိနေတယ်။


အပြန်လက်ဆောင် သနပ်ခါး

“ရွှေဘို သနပ်ခါးတုံးများ ရန်ကုန်လိမ်းဖို့ယူ” ဆိုတဲ့ သီချင်းလေးအတိုင်း ခရီးထွက်တာများတဲ့ ကျွန်တော် မောင်သီဟ လည်း ရွှေဘိုသနပ်ခါးတုံးတွေ ဝယ်ဖြစ်ပါတယ်။ ရွှေတန်ဆာဘုရားနားက ဆိုင်လေးမှာ ဝယ်တာ လက်ဆောင်တွေ ဘာတွေလည်း ရလို့။ ပျော်တာပေါ့နော်။


ရွှေဘိုမြို့ဟာ ဦးအောင်ဇေယျရဲ့ အောင်မြေလည်းဖြစ်လို့လား မသိ၊ ဘော်ဒါတွေလည်းများသလို၊ အောင်မြေနင်း စာကျက်သူတွေလည်း မနည်း။ ကိုယ်ရောက်သွားချိန်က စားမေးပွဲရာသီဆိုတော့ ပိုသိသာတယ်။ အရင်က လည်ပတ်စရာ မရှိပါဘူးလေ လို့ ထင်ထားရာကနေ တကယ်ကို လည်ပတ်လေ့လာစရာ ပေါများတဲ့ ဒီအရပ်ကို ကျွန်တော် နောက်ထပ်လည်း လာလည်ချင်မိနေတာတော့ အသေအချာပါပဲဗျာ။


အားလုံး အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Phyo Wana Aung

Camera :: SONY Alpha 7II with 16-35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

739 views0 comments

Comments


bottom of page