Search
  • Thiha Lu Lin

ပျူတို့မြို့ဟောင်း ဟန်လင်း ဆီ

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပုဂံထက် ရှေးကျတဲ့ မြို့ဟောင်းကြီးတွေ အတော်များများ ရှိပါတယ်။ အရေအတွက်အားဖြင့် ဆယ်ဂဏန်းကျော် နိုင်ငံအဝှမ်းရှိနေပေမဲ့ ပုဂံ ကိုတော့ ထင်သာမြင်သာ ပိုရှိကြပြီး တော်တော်များများဟာ ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုး နဲ့ သရေခေတ္တရာ မြို့ဟောင်းတွေကို ကြားဖူးရုံသာသာပဲ ရှိကြပါတယ်။ ကျန်တဲ့ မြို့ဟောင်းတွေ ဆိုရင် ရုတ်တရက် ဖြေပါပြောရင် သိကြမှာတောင် မဟုတ်ပါဘူး။

ပျူမြို့ဟောင်း (၃) မြို့ ရှိပြီး အဲ့ဒီ ပျူမြို့ဟောင်းအားလုံးဟာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ဖြစ်ခဲ့ကြပြီး ဖြစ်ပါတယ်။ ပုဂံ ကို အလည်အပတ်သွားကြတာ များပေမဲ့ ဒီပျူမြို့ဟောင်းတွေကို သိပ်သတိမထားမိ ဖြစ်တတ်ကြပါတယ်။ တကယ်တော့ ဒီနေရာတွေဟာလည်း သမိုင်းကို စိတ်ဝင်စားသူတွေ၊ ရှေးဟောင်းအမွေအနှစ်ကို တန်ဖိုးထားလေ့လာလိုသူတွေအတွက် ရွှေ တွေပဲ ဖြစ်ပါတယ်။ ကျွန်တော် ကိုယ်တိုင်လည်း ပျူမြို့ဟောင်း (၃) မြို့မှာ ဗိဿနိုး ကိုတော့ မရောက် ဖြစ်သေးပါဘူး။ ဆက်ပြီး လေ့လာဖို့ အားထုတ်ရပါဦးမယ်။ ခုတော့ ဟန်လင်းမြို့ဟောင်း အကြောင်းကို ခရီးသွားလည်ပတ်နိုင်ဖို့ ညွှန်းဆိုတင်ပြပါရစေဗျား။


ပျူ

ပျူတို့မြို့ဟောင်းဆီ အလည်ထွက်မယ်ဆိုတော့ အနည်းဆုံး ပျူ ဆိုတာလေးကို တီးမိခေါက်မိတော့ ပိုကောင်းတာပေါ့။ ပျူဟာ မြန်မာနိုင်ငံကို ဝင်ရောက်ပြောင်းရွှေ့လာသူတွေလို့ ဆိုရမယ်။ ဆိုလိုတာက အဲ့ခေတ်အခါက နယ်နိမိတ်သတ်မှတ်ချက် အနေအထားက ဘယ်လို ရှိမယ် မသိရဘူးလေ။ ဒါပေမဲ့ ရှိရင်းစွဲ မြန်မာလို့ယူဆရတဲ့ သူတွေလည်း ဒီနေရာမှာ နေထိုင်သူတွေ ရှိနေကြတယ်။ ဘီစီ ၄ ရာစုမှာ စီချွမ်နယ် အနောက်ပိုင်းမှာတော့ ရှေးဦးမြန်မာတွေ ရှိတယ်ဆိုတာ အထောက်အထားအခိုင်အလုံ ရှိထားတယ်လို့ မှတ်သားရပါတယ်။ မြန်မာအစု ဟာ ယူနန်အနောက်ပိုင်းကို တဖြည်းဖြည်း ပျံ့သွားချိန် ပျူအစု ဟာလည်း မဲခေါင်မြစ်နဲ့ သံလွင်မြစ်ကြားကို ဆင်းလာတယ်။ အဲ့လိုပဲ အဲ့ဒီအချိန်မှာ တိုင်း (ရှမ်း)၊ မွန် ခမာ၊ ဖူမန်၊ ဝ၊ ပလောင်၊ ရိ၊ အဲန် ဆိုတဲ့ လူမျိုးစုတွေလည်း အသီးသီး နေရာရှာဖွေ ပျံ့နှံ့ကြတယ်လို့ ဆိုပါတယ်။ ပျူတွေဟာ အုပ်စု နှစ်စု အဖြစ်နဲ့ မြန်မာနိုင်ငံကို ရေလမ်း၊ ကုန်းလမ်းတွေကနေ ဝင်လာကြတယ်။ ရေလမ်းကတော့ ရှင်းပါတယ်။ ဧရာဝတီမြစ်ကြောင်းကနေပေါ့၊ ကုန်းလမ်းကတော့ ရှမ်းပြည်မြောက်ပိုင်းကနေ ဝင်လာကြတာပါ။ အားလုံးဟာ မြန်မာနိုင်ငံအလယ်ပိုင်း ဒေသတွေမှာ ပေါင်းဆုံကြပြီး မြို့ရွာတည်ထောင်လို့ နေထိုင်ခဲ့ကြပါတယ်။ ပျူနိုင်ငံ တည်ထောင်စဉ်တုန်းက အိန္ဒိယတိုင်းသားတွေနဲ့ ဆုံကြပြီး သူတို့သဘောကျတဲ့ ယဉ်ကျေးမှုပုံစံတချို့ကို ပြောင်းလဲ ရယူခဲ့ကြတယ်လို့ မှတ်သားရပြန်ပါတယ်။


ပျူမြို့ဟောင်းများ

မြန်မာနိုင်ငံမှာ ရှိနေတဲ့ ပျူမြို့ဟောင်းတွေဖြစ်ကြတဲ့ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ တို့ဟာ ခရစ်တော် မမွေးဖွားမီကတည်းက ဖြစ်ထွန်းနေကြပြီလို့ ဆိုပါတယ်။ ရေဒီယိုကာဗွန်ဓါတ်ခွဲစမ်းသပ်မှုအရ ခရစ်တော်မပေါ်မီ နှစ် ၁၉၀ ကနေ ခရစ်တော်ပေါ်ပြီး နှစ် ၉၀၀ အတွင်းမှာ ဖြစ်ထွန်းခဲ့ကြတယ်လို့ ယူဆကြပါတယ်။ မြောက်ဘက်ဆုံးမှာ ဟန်လင်း၊ အလယ်မှာ ဗိဿနိုး နဲ့ တောင်ဘက်မှာ သရေခေတ္တရာ တို့ အသီးသီးရှိကာ မြို့တွေမှာ တူညီတဲ့ ယဉ်ကျေးမှု အင်္ဂါရပ်တွေ ရှိကြပါတယ်။ ကီလိုမီတာ ၄၀၀ ခန့်ကျယ်ပြန့်ကြပြီး အပူပိုင်းဒေသ၊ ဧရာဝတီမြစ်ဝှမ်းတွေမှာ ရှိကြပါတယ်။


ဟန်လင်းမြို့ဟောင်း ဆီ ဘယ်လိုသွားမလဲ

ပျူမြို့ဟောင်းတွေထဲမှာ အထက်ဆုံး ဖြစ်နေတဲ့ ဟန်လင်း ကို သွားလည်မယ်ဆို လည်စရာ လမ်းကြောင်းကတော့ များပါတယ်။ ဧရာဝတီမြစ်ထဲကနေ အပျော်စီးသင်္ဘောတွေနဲ့ လာကြပြီး ရှိန်းမကား နဲ့ အခြားသော ဒေသတွင်းလုပ်ငန်းတွေ လေ့လာတဲ့ ခရီးစဉ်မျိုးလည်း ရှိပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားတွေပဲ များပါတယ်။ မန္တလေး - စစ်ကိုင်းကနေလည်း နေ့ချင်းပြန် သွားနိုင်ပေမဲ့ ကျွန်တော်ကတော့ ရွှေဘို ရဲ့ အခြားသောလည်ပတ်စရာတွေကိုပါ တစ်ခါတည်း လည်ပတ်စေချင်တဲ့အတွက် ရွှေဘိုမှာ တစ်ညအိပ်ခရီးစဉ်လေး ဆွဲလို့ သွားရောက်လည်ပတ်စေလိုပါတယ်။ ရွှေဘိုမှာ လေ့လာလည်ပတ်စရာတွေ များပါတယ်။ ရွှေဘိုကနေ ဟန်လင်းမြို့ဟောင်းကို နာရီဝက်လောက် ကားမောင်းရုံနဲ့ ရောက်ပါတယ်။ ဟန်လင်းဟာ စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်ထဲ ပါဝင်တာပါ။ ရွှေဘိုကနေ စိုင်နိုင်ကွေ့ ကို ချိုးပြီး ဟန်လင်းကို သွားလို့ရသလို၊ ရွှေဘို ကားကြီးဝင်း ဘေးက ဆည်မြောင်းဘေးတစ်လျှောက် မြေသားလမ်းအတိုင်းလည်း ဖြတ်လမ်းသဘော သွားနိုင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီလမ်းက အတော်ဆိုးလို့ ကားအမြင့်မှ အဆင်ပြေပါတယ်။


ဟန်လင်းမြို့သမိုင်းအကျဉ်း

အိန္ဒိယနိုင်ငံ မဇ္ဈိမ ဒေသ မဟာသမ္မတမင်းရဲ့ သားတော် ကရဘော်မင်းက ဟန်လင်းမြို့ကို စတင်တည်ထောင်တယ်လို့ ဇမ္ဗူဒီပဦးဆောင်းကျမ်း၊ စေတီယကထာ၊ ဇမ္ဗူကွန်ချာ စတဲ့ မြန်မာရာဇဝင်မှတ်တမ်းတွေက ဆိုထားပါတယ်။ မင်းပေါင်း ၇၉၉ ပါး စိုးစံခဲ့ပြီး နောက်ဆုံးမင်း ကတော့ ပျူစောထီး ပါ။ သူ့လက်ထက်မှာ ပြာပူမိုးရွာပြီး မြို့ပျက်တယ်လို့ ဆိုပါတယ်။ ဖြစ်နိုင်တာက မီးတောင် ပေါက်တာလည်း ဖြစ်နိုင်ပါတယ်။ ခုထိလည်း အဲ့ဒီနယ်တစ်ဝိုက်မှာ မပေါက်တာ ကြာပြီဖြစ်တဲ့ မီးတောင်တွေ ရှိနေသေးတာကိုး။ ဒါကြောင့်ပဲ ဒီဒေသမှာ ရေပူစမ်းလိုမျိုးတွေ၊ ဆားချက်လို့ရတာတွေ ဖြစ်နေတယ်လို့ ယူဆမိပါတယ်။


ဟန်လင်းမြို့ဟောင်းမှာ လည်မယ်

တကယ်တော့ သိပ်မကျယ်ဝန်းလှပါဘူး။ ဆိုင်ကယ်နဲ့ ပတ်ရင်တောင် အချိန်တိုအတွင်း လည်ပတ်နိုင်တော့ ကားနဲ့လာရင် နေ့တစ်ပိုင်းလောက်နဲ့ လည်ပတ်ပြီးစီးနိုင်ပါတယ်။ ဒါပေမဲ့ ဟန်လင်းနယ်တစ်ဝိုက်မှာ တခြားလေ့လာစရာတွေ ရှိနေတယ်။ ဗမာရွာကြီးရဲ့ နေထိုင်မှုပုံစံတွေ၊ ရေပူစမ်း နဲ့ ရေပူရေအေးတွင်းတွေ၊ လှည်းဘီးလုပ်ငန်း၊ ဆားချက်လုပ်ငန်း၊ ရက်ကန်းလုပ်ငန်းအပါအဝင် ဒေသခံတွေရဲ့ လုပ်ငန်းတွေကို လေ့လာနိုင်တာဟာလည်း ဒီဒေသကို အလည်အပတ်ထွက်ရခြင်းရဲ့ အားသာချက်တစ်ခုပါ။ ကဲ လည်ပတ်ကြည့်ကြမယ်။


ဟန်လင်းမြို့ဟောင်း

မြို့ဟောင်း တူးဖော်မှုကို ၁၉၀၄-၁၉၀၅ မှာ မစ္စတာတော်စိန်ခို (ကျောက်စာဝန်) က သုတေသနပြုလုပ်ခြင်း စတင်ပြီး ၁၉၆၂-၁၉ ၆၃ ကနေ တူးဖော်လာခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရဆိုရင် ဟန်လင်းမှာ ကျောက်ခေတ်၊ သစ် နဲ့ ကြေးခေတ်၊ သံခေတ်ဦးကနေ ပျူခေတ်၊ ပုဂံခေတ်အထိ အခြေချခဲ့ကြတဲ့ ယဉ်ကျေးမှုအစဉ်အလာ ကြီးမားတာကို တွေ့ရှိခဲ့ကြရပါတယ်။ ပုဂံခေတ်နှောင်းပိုင်းရောက်မှ မြို့ဟောင်းဘက်မှာ လူမနေတော့ဘဲ ကျေးရွာတွေ တည်ထောင်နေထိုင်ကြတာဖြစ်တယ်လို့ မှတ်သားရပါတယ်။


  • ဟန်လင်းမြို့ဟောင်း ကို ခုချိန်ထိ တူးဖော်သုတေသနပြုလုပ်နေတာ ကုန်းပေါင်း (၄၄) ကုန်းအထိ ရှိနေပါပြီ။

  • ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် သင်္ချိုင်းနေရာများ (ကုန်းအမှတ် - ၂၅၊ ၂၆၊ ၂၈၊ ၂၉၊ ၃၀)

  • မြို့ဝင်ပေါက်များ နဲ့ အပြင်မြို့ရိုး (ကုန်းအမှတ် - ၁၀၊ ၁၁၊ ၁၇၊ ၂၁၊ ၃၁၊ ၃၂၊ ၃၃၊ ၄၊ ၁၈)

  • အတွင်းနန်းမြို့ရိုး (ကုန်းအမှတ် - ၁၊ ၂၊ ၆၊ ၇၊ ၃၆၊ ၃၉)

  • ထုံးဓလေ့ဆိုင်ရာ အဆောက်အဦး (ကုန်းအမှတ် - ၅၊ ၁၂၊ ၁၃၊ ၁၅၊ ၁၉၊ ၂၀၊ ၂၂၊ ၃၈)

  • လူနေ အဆောက်အဦး (ကုန်းအမှတ် - ၂၃၊ ၂၄၊ ၄၀)

  • ရေလှောင်ကန်ဘောင်ရိုးများနဲ့ ရေသွင်းမြောင်းများ (ကုန်းအမှတ် - ၁၄၊ ၃၄၊ ၃၅၊ ၃၇၊ ၃၈၊ ၄၂၊ ၄၄)

  • လူထုခန်းမဆောင် (ကုန်းအမှတ် - ၉)

  • အခြား (ကုန်းအမှတ် - ၃၊ ၈၊ ၁၆၊ ၂၇၊ ၄၁)


ဒီ ကုန်းတွေကို အကုန်မြင်ရမှာ မဟုတ်ပါဘူး။ တချို့တွေကို ပြန်ပြီး မြေနဲ့ ဖုံးထားလိုက်လို့ပါ။ အဓိက ကတော့ ရာသီဥတုကြောင့် နဲ့ အခြားသော ကိစ္စရပ်တွေကြောင့် ဖြစ်လာမဲ့ ပျက်စီးမှုဒါဏ်ကို ကာကွယ်ဖို့လို့ သိရပါတယ်။ ကုန်းအမှတ် ၁၊ ၂၊ ၄၊ ၆၊ ၇၊ ၈၊ ၁၄၊ ၁၆၊ ၂၈၊ ၄၁ တို့ပါ။ တချို့ အဆောက်အဦးတွေဆို အရမ်း လှမဲ့ပုံပါ။ သူတို့ တူးဖော်စဉ်က ရိုက်ထားတဲ့ ပုံတွေ ကြည့်ရင် အသည်းယားမိပါတယ်။ မြင်ချင်မိတာပါ။ ဒါပေမဲ့ မြေနဲ့ ပြန်ဖုံးထားပြီးမို့ ရှိတဲ့ အရိပ်အယောင်အနည်းငယ်ကိုပဲ မြင်တွေ့ကြရပါတော့မယ်။ အဲ့လို မြေပြန်ဖို့ထိန်းသိမ်းထားတာလည်း ရှိနေတော့ ကုန်း (၄၄) ကုန်းလုံးကို လှည့်ကြည့်ဖို့ထက် မဖြစ်မနေ သွားသင့်တဲ့ နေရာလေးတချို့ကို ညွှန်းဆိုပေးချင်ပါတယ်။


ကုန်းအမှတ် (၁၇) မြို့ဝင်ပေါက် နဲ့ ယူနက်စကိုမှတ်တိုင်

ဒီမှာတော့ ၂၀၁၆ ခုနှစ်တုန်းက ယူနက်စကို ကမ္ဘာ့အမွေအနှစ်ဝင်ခဲ့တဲ့ အထိမ်းအမှတ် မှတ်တိုင်ကြီး ရှိနေပြီး မြို့ဝင်ပေါက်နဲ့ မြို့ရိုးလည်း ပီပီပြင်ပြင် ထင်ရှားတဲ့အတွက် ဒီနေရာကို သွားစေချင်ပါတယ်။ မြို့ဝင်ပေါက် ၇ ပေါက် တူးဖော်တွေ့ရှိထားတဲ့အထဲမှာ ဒီနေရာက အထင်ရှားဆုံးလို့ ယူဆမိပါတယ်။ မြို့ဝင်ပေါက်ရဲ့ အင်္ဂါရပ်တွေ နဲ့ တည်ဆောက်ပုံစံတွေကို တစ်နေရာတည်းနဲ့ လုံလုံလောက်လောက် သိသွားနိုင်လို့ပါ။


ကိုးကွယ်မှုဆိုင်ရာ ကျောင်းဆောင်များ

ကုန်းအမှတ် (၁၃) ကတော့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာ ထုံးဓလေ့ အဆောက်အဦးတွေကို မြင်သာစေတဲ့ ကုန်းပါ။ ဒါကို ကြည့်တာနဲ့ ပျူခေတ်ရဲ့ ကိုးကွယ်ယုံကြည်မှုအလေ့အထကို မှန်းဆနိုင်စေပါတယ်။


လူထုခန်းမဆောင်

နန်းတော်ကို မြို့လယ်မှာ တည်ထားတာမို့ အတွင်းကို ဆက်ဝင်လာရင် နန်းတော်ရဲ့ အတွင်းစည်းကို ရောက်ပြီး နန်းတော်စည်းရိုးနဲ့ ကပ်လျက်မှာ တွေ့ကြရတဲ့ လူထုခန်းမဆောင် တူးဖော်ထားတာကို လေ့လာနိုင်ပါမယ်။ ကုန်းအမှတ် (၉) ပါ။ ဒါကို မြေပြန်ဖို့ထားတာမို့ ထိပ်ပိုင်းလေး အနည်းငယ်ပဲမြင်ရပြီး မြေမဖို့ထားရင် အတော်လှမဲ့နေရာကြီးပါ။ မြေမဖို့ထားတဲ့ ပုံကိုတော့ အဲ့ဒီကုန်းရှေ့က ဘုတ်ကြီးမှာ ကြည့်နိုင်ပါတယ်။


နန်းတော်ဝင်ပေါက်

ကုန်းအမှတ် (၃၉) ကတော့ နန်းတော်ထဲ ဝင်ပေါက် ဖြစ်ပါတယ်။ ဒါလည်း လေ့လာနိုင်ပါတယ်။



ကျောက်ကြီးကိုးကွယ်မှု

ကုန်းအမှတ် (၂၂) ကလည်း ကိုးကွယ်ယုံကြည်မှုဆိုင်ရာ အဆောက်အဦးပါပဲ။ ဒါပေမဲ့ ထူးခြားတာက ကျောက်ကြီး ကိုးကွယ်မှုဆိုတဲ့ ကျောက်တုံးတွေကို ကိုးကွယ်တဲ့ခေတ်ကို မြင်ကြရမဲံ့ နေရာပါ။


တောရဂူ

တောရဂူ ဆိုတဲ့ အုတ်ကျောင်းပုံစံလေးကိုလည်း လေ့လာနိုင်ပါသေးတယ်။ လက်ရာလည်း လှပြီး မယ်နုအုဌ်ကျောင်းလို ပုံစံမျိုးလို့ သိရပါတယ်။ မိုးရွာထားရင်တော့ သွားရခက်ပါတယ်။ လမ်းလည်း သိပ်မပေါက်သေးပါဘူး။ လာမဲ့နှစ်တွေမှာမှ လမ်းသေချာဖော်မဲ့သဘော ရှိပါတယ်။


သင်္ချိုင်းနေရာ

ကုန်းအမှတ် (၂၆) ကတော့ အတော်စိတ်ဝင်စားစရာပါ။ ရွှေဂူကြီးဘုရားရဲ့ မြောက်ဘက် ကပ်လျက်လေးမှာ တည်ရှိပါတယ်။ ကျောက်ဖြစ်နေတဲ့ အရိုးတွေနဲ့ အတူ မြှုပ်နှံထားတဲ့ ခေတ်အဆက်ဆက်က ပစ္စည်းတွေကိုလည်း ထူးခြားစွာ တွေ့ရတယ်။ ထူးဆန်းတာက ရုပ်အလောင်းတွေက အထပ်ထပ် ဖြစ်နေကြတာ။ အလွှာလိုက် စစ်ဆေးကြည့်တော့ ခေတ်လည်း မတူတာ တွေ့ရတယ်။ ဖြစ်နိုင်တာက ဒီနေရာကိုပဲ သင်္ချိုင်းအဖြစ် ခေတ်အဆက်ဆက် သုံးလာကြပုံပေါ်တယ်။ ခန့်မှန်းချက်အရတော့ နှစ်ပေါင်း ၂၀၀၀ ကနေ ၅၀၀၀ ကြားကာလ လို့ မှန်းဆထားပါတယ်။


ရွှေဂူကြီးဘုရား

ရွှေဂူကြီးဘုရား ဟာလည်း ဝင်ရောက်ဖူးမြော်သင့်ပါတယ်။ အဲ့ဒီဝန်းကျင်က ဈေးတန်းလေးတွေကလည်း ချစ်စရာ ဈေးသည်လေးတွေ နဲ့ ဝေဆာနေတယ်။ ဝယ်ချင်လာအောင် အပြောချိုချိုနဲ့ ရောင်းတတ်သူများပါ။ ဒေသထွက် ထန်းရေချိုမုန့်၊ မသိုးကြော် စတဲ့ ဒေသစာတွေ၊ သစ်သီးနဲ့ အခြား အိမ်ပြန်လက်ဆောင်တွေ၊ စာအုပ်လေးတွေ ဝယ်ယုူအားပေးနိုင်ကြပါတယ်။ အဲ့ဒီဘုရားဝန်းကျင်က ရှေးဟောင်းစေတီပုထိုးလေးတွေဟာလည်း ပုဂံလိုလို ထင်ရလောက်အောင် ခပ်စိပ်စိပ်နဲ့ မျက်စိပဿဒ ဖြစ်စေပါတယ်။ ဓါတ်ပုံရိုက်လို့လည်း လှပါတယ်။


ဟန်လင်းရှေးဟောင်းသုတေသနပြတိုက်

ဒီနေရာလေးကို မဖြစ်မနေဝင်လေ့လာသင့်ပါတယ်။ ပြတိုက်မှာ ပျူခေတ်ယဉ်ကျေးမှုပစ္စည်းတွေ တော်တော်စုံစုံ လေ့လာရပါတယ်။ အထူးသဖြင့် လက်ဝတ်ရတနာ ပျူပုတီးစေ့လေးတွေ သိပ်လှတာပဲ။ ပြတိုက်က တာဝန်ရှိသူတွေဆီကနေ ဒေသနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကိုလည်း ဗဟုသုတ ရနိုင်တယ်။ ပြတိုက်ကို မနက် ၉ နာရီခွဲကနေ ညနေ ၄ နာရီခွဲအထိ ဖွင့်ပေးထားတယ်။ တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက်တွေ ပိတ်တယ်။ နိုင်ငံသားက ဝင်ကြေးပေးစရာ မလိုပါဘူး။ နိုင်ငံခြားသားကတော့ ဝင်ကြေး ကျပ် ၅၀၀၀ ပေးရပါမယ်။


ဟန်လင်းကျောက်စာရုံ

ကျောက်စာတွေ ထိန်းသိမ်းထားတဲ့ ကျောက်စာရုံကိုလည်း လေ့လာသင့်ပါတယ်။ ကျောက်စာရုံသော့ကတော့ ပြတိုက်ကပဲ ထိန်းသိမ်းထားတာမို့ ပြတိုက်ကို ဖွင့်မှလည်း ကျောက်စာရုံ ဖွင့်မှာပါ။ တွေ့ရှိတူးဖော်ခဲ့သမျှကျောက်စာတွေ ဒီမှာ ရှိပါတယ်။ ပျူအက္ခရာတွေနဲ့ ကျောက်စာ ၃ ချပ်ပါရှိပြီး ပျူကျောက်ဆစ်ရုပ်ကြွတွေ ထွင်းထုထားတဲ့ ကျောက်စာ တစ်ချပ် ပါဝင်ပါတယ်။


ရေပူကုန်း

ဟန်လင်းမြို့ဟောင်းမဝင်ခင်မှာ ရေပူကုန်းဆိုတာ ရှိပါတယ်။ အဲ့ဒီမှာတော့ ကုန်းတွင်း ဆားချက်လုပ်ငန်း၊ လှည်းဘီးလုပ်ငန်း၊ ရက်ကန်းလုပ်ငန်း၊ ထန်းလုပ်ငန်း၊ ပန်းပဲလုပ်ငန်း၊ ရွှေချည်ထိုး၊ ပုတ် နဲ့ ထရံလုပ်ငန်းတွေ ရှိပါတယ်။ ကျွန်တော်ရောက်တဲ့အချိန်ကတော့ မိုးတွင်းဖြစ်တဲ့အတွက် ဆားတော့ မချက်ကြသေးပါဘူး။ ဒါပေမဲ့ သဘာဝအလျောက်ဆားရည်ယူတဲ့ မြေကွင်းတွေနဲ့ အိမ်တွေက တစ်နိုင် ဆားချက်တဲ့ ဖိုတွေဆီကို လေ့လာနိုင်ခဲ့ပါတယ်။ ဆားချက်ရင် တစ်နေ့ကို ၇ ပိဿ - ၈ ပိဿ အထိ ထွက်တတ်ပြီး ၁ ပိဿကို ၅၀၀ ကျပ် ဈေးရတယ်လို့ ဆိုပါတယ်။ ဒီ ဟန်လင်းဆားတွေဟာ သဘာဝအတိုင်းကို ဆေးဖက်ဝင်တဲ့သဘော ရှိတယ်လို့လည်း ညွှန်းဆိုကြပါတယ်။ ပုံမှန် ဆားချက်လုပ်ငန်းကို နတော် နဲ့ ပြာသိုလလောက်မှာ စတင်လေ့ရှိပါတယ်။ ဆားဝယ်လိုအား နည်းနေတဲ့အတွက် ဆားချက်လုပ်ငန်းတွေ မကိုက်တာမို့ အချို့လည်း သိပ်မလုပ်ချင်ကြတော့ဘူးလို့ သိရတာ စိတ်မကောင်းစရာပါ။ လှည်းဘီးလုပ်ငန်းလည်း ထိုနည်းတူပါပဲ။ လှည်းဘီးလုပ်ငန်းခွင်က အရင်လို မဟုတ်တော့ဘဲ ဆိုင်ကယ်လိုမျိုးတွေ ပေါလာတော့ စီးပွားအဖြစ်ကြီး မဟုတ်တော့ဘူးတဲ့။


ရေပူကန် နဲ့ ရေပူတွင်းငယ်လေးများ

ထူးခြားတဲ့ဒီအရပ်မှာ ရေပူကန်တွေ ရှိတယ်။ ရှေ့မှာပြောခဲ့တဲ့ မီးတောင်နဲ့ ဆက်စပ်တဲ့သဘော ပေါ့။ အများအတွက် ဖွင့်ပေးထားတဲ့ ရေပူကန်ကို ရွာခံတွေရော ဧည့်သည်တွေရော မပြတ် စည်ကား ရေချိုးနေတတ်ကြတယ်။ အမျိုးသားနဲ့ အမျိုးသမီး ကန်တော့ ခွဲပေးထားပါတယ်။ ရေက ဆင်းဆင်းချင်းဆို တော်တော်ပူတယ်။ ရေချိုးနေတဲ့ ဒေသခံတွေက ဘယ်နေရာကရေက ချိုးဖို့အတော်ပဲ ဆိုတာမျိုး ညွှန်ပေးမှ သူတို့ လမ်းညွှန်ချက်အတိုင်း လိုက်ဆင်းတာ အဆင်ပြေသွားတယ်။ ဆောင်းတွင်းနဲ့တော့ ပိုကိုက်တယ်။ မိုးတွင်းကတော့ မိုးရွာတာများရင် ရေမပူတတ်တော့ဘူး။ သီးသန့်ရေချိုးတဲ့နေရာလေးတွေလည်း စီမံထားတာ သတိထားမိပါတယ်။


နောက်ထူးခြားတာက ရေတွင်းငယ်လေးတွေပါ။ ရွာတွေရဲ့ ရှေ့မှာ ရေချိုးဖို့ ရေတွင်းငယ်လေးတွေ အပေါက် ၅ ပေါက်လောက် ဖောက်ပြီး ဖော်ထားပေးတယ်။ ရေတွင်းငယ်တွေက သိပ်မနက်ဘူး ရေအိုး တစ်အိုးစာလောက်ပဲ။ ရေက သူ့အလိုလို ပြန်ပြည့်နေတာ ထူးခြားတယ်။ ပြီးတော့ ရေတွင်း ၅ တွင်းက တစ်တွင်းဆီမှာ သူ့အပူချိန်နဲ့သူ ရှိပြီး တစ်တွင်းနဲ့တစ်တွင်း မတူကြပြန်ဘူး။ အဲ့ဒီတော့ ကိုယ်ကြိုက်တဲ့ ရေအပူချိန်ကို ရွေးပြီး အဲ့တွင်းမှာ ရေခပ်ချိုးလို့ရတယ်။


တွင်းမကြီးတွင်း

ရွာအဝင်ထိပ်က တွင်းမကြီးတွင်းဟာလည်း ရှေးကန်ကြီးတစ်ခုလို့ သိရတယ်။ ရေသန့်စင်မှုနှုန်းက PH 6 နဲ့ 7 ကြားရှိတယ်တဲ့။ အပူချိန်ကတော့ ၃၂ ဒီဂရီ ဆဲဆီရပ်စ် ပါ။ ရေမှာ အငံဓါတ်လည်း ပါဝင်ပါတယ်။ ဒါပေမဲ့လည်း ငါးနဲ့ လိပ်တွေ မွေးထားတာ တွေ့ရပြန်တယ်။


ဟန်လင်းပျူမြို့ဟောင်း ကတော့ တကယ်ကို လေ့လာချင်စရာ ရှေးဟောင်းမြို့တော်ကြီးတစ်ခုပါ။ ယူနက်စကိုဝင်တာလည်း ကြာခဲ့ပေမဲ့ ဝင်ခဲ့ချိန်က သိပ်လူသိမများခဲ့လေတော့ ခရီးသွားလည်း ကျဲပါတယ်။ ပုဂံလို ဘုရားတွေ အများကြီး ဖူးရတာမျိုးမဟုတ်ဘဲ၊ လေ့လာစရာ ရှေးအဆောက်အဦးတွေနဲ့ လူနေထိုင်မှုပုံစံတွေပဲ ရှိတာမို့လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒါကို သဘောကျတယ်။ လည်တာ စုံတယ်လို့လည်း မခံစားရသေးလို့ ဖြစ်နိုင်ရင် ထပ်ပြီး အချိန်ပေးလည်ပတ်ချင်ပါသေးတယ်။


အားလုံးအစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Nay Myo

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter