• Thiha Lu Lin

ချစ်စရာကောင်းတဲ့ ရိုးရာရွာလေးရှိရာ Shirakawago

ကျွန်တော် က နှင်းတွေ့ရခဲတဲ့နိုင်ငံမှာ မွေးတာမို့လို့လား မပြောတတ်။ နှင်းတွေ၊ ရေခဲပြင်တွေ မြင်ရမယ်ဆို သိပ်ရင်ခုန်တာပါပဲ။ ငယ်ငယ်ကတည်းက မြေပေါ်ဖွေးဖွေးကျနေတဲ့ နှင်းတွေ ကို တီဗီထဲကနေ မြင်ဖူးပြီး အရမ်းကိုင်ကြည့်ချင်ခဲ့တယ်။ ဘယ်လိုနေမလဲ အမြဲတွေးတယ်။ အေးတဲ့အရသာလေးကို ခံစားချင်မိတယ်။ ဒါကြောင့် ကြီးလာတော့ နှင်းမြင်ရမယ်၊ ရေခဲအထူကြီးရှိတယ်၊ ရေခဲတောင်ကြီးပေါ်တက်မယ် ဆိုတာမျိုးခေါ်လာရင် သိပ်သွားချင်တာ။ ခုလည်း ဂျပန်ပြည်ရောက်နေတုန်း နှင်းတွေနဲ့အတူ နာမည်ကျော်တဲ့ ရိုးရာမြက်ခေါင်မိုးအိမ်လေးတွေရှိရာ Shirakawago (ရှီရာကာဝါဂို) ကို အလည်သွားမယ်ဆိုတော့ သိပ်ကို ပျော်ခဲ့ရတာပေါ့။


Shirakawago ဆိုတဲ့ ဒေသ ဆီ

ကျွန်တော်တို့ အိုဆာကာ ကို ရောက်တဲ့အချိန်မှာ ဒီဘက်ကို သွားလည်ခဲ့တာပါ။ တကယ်တော့ ညအိပ်ညနေ နေနိုင်ရင် ပိုလှကောင်းလှပေမဲ့ နေ့ချင်းပြန်ခရီးအနေနဲ့ပဲ သွားလည်ခဲ့ကြပါတယ်။ Himawari (ဟီမားဝါရီ) ဆိုတဲ့ ဂျပန်နိုင်ငံကို အဓိက အလည်အပတ်ခရီးစဉ်တွေ စီစဉ်ပေးနေတဲ့ Travels & Tours ရဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။


ဂျပန်အလယ်ပိုင်းမှာ အထူးရေပန်းစားတဲ့ လည်ပတ်စရာနေရာတစ်ခုလို့ ဆိုနိုင်ပါတယ်။ Grassho-Zukuri ဆိုတဲ့ မြက်အထူကြီးတွေ မိုးထားတဲ့ ခေါင်းမိုးဖွဲ့စည်းပုံနဲ့အတူ ရိုးရာအိမ်လေးတွေ အများအပြားရှိတဲ့ ဒေသတွေဆီ အလည်သွားလာကြတာပါ။ Grassho-Zukuri ကို ဆုတောင်းနေတဲ့လက်တစ်စုံ လို့ ဆိုကြတယ်။ ပုံစံက အင်ဒိုနီးရှား ဘာလီကျွန်းက Temple တွေရဲ့ အမိုးလိုမျိုးပဲ အထူကြီးတွေ။ ဒီဘက်ကို Shirakawago လို့အလွယ်ခေါ်ကြပေမဲ့ အကြမ်းဖျဉ်းတော့ အပိုင်း ၂ ပိုင်း ခွဲပြီး ပြောလို့ရမယ်။ Shirakawago က Gifu ဒေသနဲ့ ဆိုင်ပြီး Gokayama (ဂိုကာရာမ) ကတော့ Toyama ဒေသနဲ့ ဆိုင်ပါတယ်။ ဒီနှစ်နေရာလုံးဟာ ခုနကပြောတဲ့ ရိုးရာအိမ်တွေရှိတဲ့ ရွာလေးတွေရှိရာနေရာတွေပါပဲ။


ဒီဒေသ နှစ်ခုစလုံးက Gassho-zukuri ရိုးရာအိမ်လေးတွေကြောင့်ပဲ နှစ်ဒေသပေါင်းပြီး UNESCO World Heritage (ကမ္ဘာ့အမွေအနှစ်) စာရင်းကို ၁၉၉၅ ခုနှစ်မှာ ဝင်သွားနိုင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီဒေသတွေဆီကို ဂျပန်အလည်လာသူတိုင်း ကြိုးစားလာရောက်လည်ပတ်ကြသလို၊ ဂျပန်ပြည်တွင်းခရီးသွားတွေကလည်း လာရောက်လည်ပတ်တတ်ကြပါတယ်။ တချို့ကလည်း Takayama မှာ ခရီးတစ်ထောက်အိပ်ပြီး လည်ပတ်ကြတာပါ။ အဲ့ကနေဆို ဘတ်စ်ကား တစ်နာရီလောက်ပဲ ထပ်စီးရတယ်လို့ သိရပါတယ်။


ကျွန်တော်တို့ကသာ နှင်းတွေ ရေခဲတွေ မြင်ချင်ပြီး ရေခဲချိန် သွားလည်ချင်နေပေမဲ့ ဒီ Shirakawago ဟာ ရာသီတိုင်း လှတဲ့နေရာပါ။ တချို့ကျတော့လည်း ဆောင်းတွင်းရေခဲများချိန်ပဲ ပိုလှတယ်ဆိုပေမဲ့ နွေဦး ချယ်ရီပွင့်ချိန်လည်း တစ်မျိုးလှ၊ ဆောင်းတွင်း မီးထွန်းတဲ့ရာသီချိန်လည်း တစ်မျိုးလှ၊ နွေ စပါးစိုက်ချိန်လည်း တစ်မျိုးလှ တဲ့ အရပ်ဒေသတစ်ခုပါ။


ကျွန်တော် ရောက်ခဲ့တဲ့ Ogimachi (အိုဂီမာချီ) ရွာလေး

သိရသလောက်တော့ Shirakawago ဘက်ကဆိုရင် Ogimachi ရွာ ရှိပြီး ဒီရွာကိုတော့ ဧည့်သည်လာတာအများဆုံးလို့ သိရပါတယ်။ ရိုးရာလယ်တောအိမ်လေးတွေလည်း အများဆုံးလို့ ဆိုပါတယ်။ Gokayama ဘက်မှာတော့ Ainokura နဲ့ Suganuma ရွာတွေ ရှိပါတယ်။ ဒီဘက်လောက်တော့ မကြီးဘူးလို့ သိရပါတယ်။ ကျွန်တော်ကတော့ Shirakawago က Ogimachi ရွာကို ရောက်ရှိလည်ပတ်ခဲ့တာပါ။ တချို့လည်း အလွယ်ပဲ Shirakawago ရွာ လို့ ဆိုကြပါတယ်။


အိုဆာကာ ကနေ လာတဲ့ လမ်းတလျှောက် Shirakawago ဘက်နီးလာလေလေ နှင်းကျတာတွေ၊ နှင်းတောင်တွေ၊ နှင်းဖုံးနေတဲ့ သစ်ပင်နဲ့ ရွာအိမ်အမိုးတွေကို မြင်ရလေလေပါပဲ။ နှင်းကို ရူးတဲ့သူမို့ မြင်ရတာနဲ့ကို စိတ်တွေလှုပ်ရှားပြီး ဓါတ်ပုံရိုက်လိုက် ဗီဒီယိုရိုက်လိုက်နဲ့ လုပ်မိနေတယ်။ တကယ်တမ်းတော့ ကားနဲ့ အမြန်နှုန်းနဲ့ ပုံကောင်းတော့ မရလှပါဘူး။ တကယ်က ကျွန်တော်တို့ လာတဲ့အချိန်က ကိုးလို့ကန့်လန့်အချိန်ပါ။ နှင်းကျချိန်လည်း လွန်နေပြီဖြစ်တဲ့ ဖေဖော်ဝါရီလထဲမှာမို့ နှင်းနဲ့ရေခဲတွေက ကျိုးတို့ကျဲတဲ ဖြစ်ကုန်ကြပေမဲ့ တော်သေးတာက မလာခင်တစ်ရက်လောက်က နှင်းကျထားတယ်ဆိုလို့ ဒီလောက် အဆင်ပြေသွားခဲ့တာ ပြောပါတယ်။


Ogimachi ကိုရောက်တော့ အရင်ဆုံး Tourist Information Center ကို အရင်တွေ့ရတယ်။ အဲ့အဆောက်အဦးရှေ့မှာပဲ ကားတွေ ရပ်ကြရတယ်။ အိမ်သာနဲ့တွဲထားလို့ တစ်လမ်းလုံး ထိန်းထားရသမျှ ရာသီဥတုအေးအေးကို အန်တုပြီး အပေါ့အပါး မြန်မြန်သွားလိုက်ရတာ အမှတ်တရပဲ။ လူကို ပေါ့ပါးသွားတာ။ အဲ့ကနေမှ ကြိုးတံတားလေးကို ရင်ခုန်စွာ ဖြတ်ကြရပါတယ်။ ကြိုးတံတားက ရှည်ပြီး အောက်မှာ မြစ်ပြင်ကျယ်ကြီးကို မြင်နေကြရတယ်။ ရေခဲတွေ နှင်းတွေနဲ့ အစိတ်အပိုင်းတွေရော၊ တသွင်သွင်စီးနေတဲ့ ရေရော မြင်ကြရတာမို့ ပျော်စရာကြီးလို့ ခံစားရတယ်။ တချို့လည်း အောက်ဘက် မြစ်ကမ်းပေါင်အထိ သွားဆင်းပြီး ဓါတ်ပုံရိုက်ကြတယ်။


ရွာကြီးကတော့ နေရာတိုင်းဟာ စိတ်ဝင်စားစရာကောင်းတဲ့ သဘာဝပြတိုက်ကြီး ပါပဲ။ လမ်းလေးတွေလျှောက်ရင်း လိုက်လေ့လာရတာ ပျော်ဖို့ကောင်းတယ်။ အိမ်တွေက လူရှိသလား၊ မရှိသလား မသဲကွဲဘူး။ ခေတ်တော့ မီနေကြတယ်။ အဆောက်အဦးကသာ ပုံစံဟောင်းလေး ဖြစ်နေတာ။ ကားတွေရှိတဲ့အိမ်လည်း ရှိတယ်။ ဒီတော့ ခရီးသွားလုပ်ငန်းအတွက် ဂရုတစိုက် မပြောင်းမလဲထားကြတာ ချီးကျူးရပြန်ရော။ သူတို့ရွာမှာ အဓိက လမ်းမကြီးအနေနဲ့ Shirawakago Kaido လမ်း ဆိုတာ ရှိတယ်။ အဲ့လမ်းပေါ်တော့ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းအရောင်းဆိုင် အများဆုံးပေါ့။ စားသောက်ဆိုင်ဆိုပေမဲ့ ရိုးရာအစားအစာတွေရောင်းတာပဲ သတိပြုမိတယ်။ ဂျပန်အစားအစာပဲပေါ့။ ထူးထူးခြားခြားတော့ ရေခဲမုန့် ရောင်းတဲ့ဆိုင်နဲ့ ကော်ဖီဆိုင်လေးတွေ တွေ့မိတယ်။ ရေခဲမုန့်ကို အရမ်းအေးပြီး ရေခဲနေတဲ့ရာသီဥတုမှာ စားကြည့်ချင်တဲ့ အာသီသလေး ပြည့်ဝအောင်တော့ စားကြည့်မိတယ်။ တကယ်စားကောင်းပါတယ်။ ရေခဲမုန့် အရသာ ပြောတာမဟုတ်ဘဲ၊ ရေခဲမုန့်စားရတဲ့ ခံစားမှုကို ဆိုလိုတာပါ။ အဲ့ဘက်က ရေခဲမုန့်က တခြားဒေသနဲ့ယှဉ်ရင် ညံ့တယ်လို့ ခံစားရပါတယ်။ ကြမ်းကြမ်းကြီး။ အဲ့ဒီ Shirawakago Kaido ဆိုတဲ့ အဓိကလမ်းမကြီးကို ခရီးသွားတွေလာလေ့ရှိတဲ့ မနက် ၉ နာရီ ကနေ ညနေ ၄ နာရီအတွင်း ပိတ်ထားတဲ့အတွက် ရွာထဲက ကားတွေ အဝင်အထွက် လုပ်လို့မရဘူး။ ဒီလိုကို စနစ်တကျ ထိန်းသိမ်းပြီး ဝင်ငွေရှာကြတာနော်။


ကျွန်တော်ကတော့ အနီးအပါးပဲ ခြေလျင်လေးလျှောက်လည်ဖြစ်ခဲ့ပါတယ်။ တကယ်တမ်းတော့ တောင်ပေါ်တက်ပြီး Tenshukaku ဆိုတဲ့ ရှုခင်းသာကြည့်တဲ့နေရာကို သွားပြီး တစ်ရွာလုံးကို အပေါ်စီးက ကြည့်လို့ရပါသေးတယ်။ နွေဆိုရင်တော့ ပိုလှလောက်မယ်။ ကောင်းကင်ပြာပြီး စပါးခင်းစိမ်းတွေ ရှိနေမယ်ဆိုရင်ပေါ့။ ဒီရွာမှာ အချိန် ၃ နာရီလောက်ပဲ ဖြုန်းလိုက်ပြီး ပြန်ခဲ့ကြရတယ်။ အချိန် ၃ နာရီအတွင်းမှာ ရလိုက်တဲ့ ခံစားမှုက တကယ်မမေ့နိုင်စရာကြီးပါပဲ။


Shirakawago ကို လည်ဖို့အကောင်းဆုံးအချိန်

ရှေ့မှာ ကျွန်တော် ပြောခဲ့သလို ဒီအရပ်ဒေသက အချိန်တိုင်းတော့ တစ်မျိုးစီလှနေပေမဲ့ အများစု ကြိုက်ကြတာက အိမ်အမိုးတွေပေါ် ရေခဲအထူကြီးရှိနေတတ်တဲ့ ဆောင်းတွင်းကြီးကာလပဲ ဖြစ်ပါတယ်။ ပြီးတော့ မီးထွန်းပွဲ ရှိချိန်ပေါ့။ ရွာအိမ်လေးတွေမှာ မီးတွေ ထွန်းကြချိန်ဆို သိပ်လှတယ်တဲ့။ အဓိက ဒီဘက်ကို ရူးသွပ်ကြတာလည်း ဓါတ်ပုံသမားတွေ များပါတယ်။ သေချာ ညအိပ်ညနေလာပြီး ဓါတ်ပုံကောင်းကောင်း ရိုက်ယူကြတယ်လေ။


လည်ပတ်ဖို့ အကောင်းဆုံးအချိန်လို့ ဂျပန်အများစု လက်ခံကြတာက နွေဦးကာလဖြစ်တဲ့ မတ်လ ကနေ မေလ အတွင်းပါ။ ချယ်ရီပွင့်တတ်တဲ့ အချိန်ကာလဖြစ်လို့ အဲ့ဒီဘက် ချယ်ရီပွင့်ချိန် ရောက်ဖြစ်ရင် အလှဆုံးအနေအထားကို မြင်ရမယ်လို့ ဆိုကြပါတယ်။ ဘေးကတောင်တွေကလည်း နှင်းတွေ ရှိနေဦးမှာမို့ ဖြူလွလွရှိနေဆဲ၊ ချယ်ရီပန်း ပန်းရောင်လှလှတွေကို ပတ်ဝန်းကျင်စိမ်းစိမ်း၊ အိမ်ညိုညိုလေးတွေနဲ့ တွဲဖက်မြင်ကြရမှာမို့ အတော်လှမယ်လို့ စိတ်ကူးယဉ်မိသွားတယ်။


ဂျပန်ရဲ့ နွေရာသီဖြစ်တဲ့ ဇွန်လ ကနေ သြဂုတ်လအတွင်းဆိုရင်တော့ နောက်ထပ်အရသာတစ်မျိုး မြင်တွေ့ရကြမှာပေါ့။ ပန်းတွေပွင့်မယ်။ လယ်ကွင်းတွေမှာ စပါးစိုက်ခင်းတွေရှိမယ်။ နွေဆို ဂျပန်က ပူတဲ့အရပ်တွေ အရမ်းပူတာမို့ ဒီဘက်ကတော့ တခြားဒေသထက်စာရင် အေးမြနေတုန်းဖြစ်လို့ ရာသီဥတုကအစ နေပျော်တဲ့အချိန်ဖြစ်ပါလိမ့်မယ်။


ဆောင်းဦးကာလ စက်တင်ဘာလ ကနေ နိုဝင်ဘာလအတွင်းမှာတော့ ရွက်ဝါလေးတွေ ဝေနေ ကြွေနေတာကို မြင်ကြရဦးမယ်တဲ့လေ။


ကျွန်တော့်အတွက်ကတော့ ကိုယ်ရောက်သွားတဲ့အချိန်မှာ မြင်ရတဲ့အနေအထားကိုပဲ တန်ဖိုးထားပြီး ချစ်ပစ်လိုက်မိတယ်။ သိပ်လှတဲ့ ပန်းချီကားတစ်ချပ်ကို ကိုယ်တိုင်ခံစားဝင်ရောက်ခွင့်ရခဲ့တဲ့ ခဏအတွက် ကျေးဇူးတွေတင်နေမိတယ်။ ခုလို လှပချစ်စရာကောင်းတာတွေ မြင်တွေ့ရလေလေ ဂျပန်ပြည်ကို ထပ်ထပ်ပြီး လည်ချင်စိတ်လည်း တိုးလာရလေလေ ဖြစ်နေပါတယ်။ ကျွန်တော်တို့ ဂျပန်လည်ပတ်ခဲ့တုန်းက စီစဉ်ပေးတဲ့ Himawari Travels & Tours ရဲ့ သေချာစနစ်ကျတဲ့ ခရီးစဉ်တွေကြောင့်လည်း စိတ်ပိုချမ်းသာရတာပါပါတယ်။ ဒါကြောင့် ဂျပန်သွားလည်မယ်ဆို ဒီ ခရီးသွားလုပ်ငန်းကိုပဲ ချိတ်ဆက်သွားလာစေချင်မိပါတယ်။ ဂျပန်ရဲ့ အလှတွေကို မြင်ယောင်ရင်း ကျွန်တော့်တော့ ခဏ လွမ်းနေမိပြန်တယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးနှင့် ဓါတ်ပုံများအား မည်သူမှ မိမိ၏ အကောင့်တွင်ဖြစ်စေ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်များတွင်ဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။


Photo :: Ko Thant Sin Aung, Maung Koe, Thiha Lu Lin

Camera :: SONY Alpha 7II with 16 - 35mm Lens

Photos are modified in Lightroom by Thiha Lu Lin.

155 views0 comments