top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ပြင်ဦးလွင်ရဲ့အလှကို ကော်ဖီသောက်ရင်း ငေးကြည့်မိတဲ့ခဏ


“Bamboo ဆိုင် ဒီနေ့ဖွင့်ပြီတဲ့။”

“ကိုသီဟ၊ မေမြို့ရောက်တုန်း Bamboo ဆိုင်မှာ ဓါတ်ပုံသွားရိုက်ဦး”

ဒီတလော ကြားနေရတဲ့ အသံလေးတွေပါ။ ပြင်ဦးလွင်ကို မိုးတွင်းကြီး တက်ရတာ လန့်မိသား။ တလောကပဲ မိုးကြီးလေကြမ်းလို့ တောင်ပေါ်မြို့မှာ ရေကြီးရေလျှံတာတွေဖြစ်၊ သစ်ပင်တွေကျိုးကျပြီး မီးတွေ ပြတ်သွားတယ်။ မှတ်မှတ်ရရ နှစ်နှစ်ရှိနေပြီ၊ ဒါမျိုးဖြစ်နေတာ။ ပြီးခဲ့တဲ့နှစ်ကတော့ ကျွန်တော်ရောက်တဲ့အချိန်မှာ ဖြစ်လို့ မီးစက် (၂၄) နာရီမောင်းတဲ့ ဟိုတယ်ရှာခဲ့ရသေးတာ အမှတ်ရမိသေးတယ်။ ဒီနှစ်တော့ ကိုယ်မရောက်ခင် သူက အရင်ဖြစ်သွားတော့ နည်းနည်းစိတ်အေးရတာပေါ့။

ပြင်ဦးလွင်ကို မိသားစုကိစ္စနဲ့ရောက်လာတာဆိုတော့ အထူးအထွေ လည်ပတ်ဖို့ မစဉ်းစားခဲ့ဘူး။ မန္တလေးကနေ ညနေ ၃ နာရီထွက်လာတယ်၊ မန္တလေး - ပြင်ဦးလွင်လမ်း ပြင်ဆင်နေတာ အတော်များများ ပြီးနေပြီဆိုတော့ လမ်းက အရမ်းကျယ်သွားပြီး မောင်းလို့ ကောင်းမှကောင်း။ အရင် ၄၅ မိနစ်ခရီးက အခုဆို နာရီဝက်လောက်နဲ့ ပြင်ဦးလွင်ပေါ် ရောက်နိုင်ခဲ့ပြီ။ ညဘက်ကို မိတ်ဆွေညီငယ် ပြည်ဖုန်းမော် (အိပ်မက်ဆုံရာ) နဲ့ ညစာစားဖြစ်ပြီးတော့ သူတို့ရဲ့ ပြင်ဦးလွင်က ဟိုတယ် သီဟဗလ မှာ တည်းဖြစ်ခဲ့တယ်။

ပြင်ဦးလွင်မှာ ဒီတစ်ခေါက် တည်းခိုဖြစ်ခဲ့တဲ့ သီဟဗလ ဟိုတယ်
သီဟဗလ ဟိုတယ်ရဲ့ မနက်စာ က မြန်မာစာ၊ အိန္ဒိယစာ စုံလို့ သဘောကျတယ်။ အဝသာ တီးပြီး နေ့လည်စာလွတ် ဆွဲရင် တစ်နပ်စာ သက်သာတယ်လေ အဟီး။

ပြင်ဦးလွင် မြို့လယ်ကောင်မှာ ရှိတဲ့ သီဟဗလ ဟိုတယ်က မြို့လယ်မှာနေချင်သူတွေအတွက် ဈေးသက်သာပြီး သွားရေးလာရေး အဆင်ပြေတဲ့ ဟိုတယ်တစ်ခုလို့ မှတ်ချက်ပြုမိပါတယ်။ ဈေးနှုန်းအားဖြင့် ၂ သောင်း၊ ၃ သောင်း ဝန်းကျင်နဲ့ အခန်းအရွယ်အစားအမျိုးမျိုး ရွေးချယ်နိုင်တယ်။ မနက်စာဘူဖေး လည်း ပါတော့ တန်တယ်လို့ ပြောရမယ်။ ပြင်ဦးလွင်မှာ ဒီလိုဈေးနှုန်းမျိုးနဲ့ နေရာကောင်းမှာ တည်းနိုင်ဖို့ သိပ်မလွယ်လှဘူး။ မြို့လယ်က ဟိုတယ်တွေက နည်းနည်းစုတ်သလိုလို၊ ဟောင်းသလိုလို ဖြစ်နေတတ်တာ များတယ်။ သီဟဗလ ဟိုတယ်လေးကတော့ သန့်လည်းသန့်တယ်၊ ဈေးလည်းသက်သာတဲ့အထဲမှာ ပါတယ်။ ပြောစရာလေးဆိုလို့ ဝန်ထမ်းတချို့က ဝန်ဆောင်မှုလုပ်ငန်းအပေါ်မှာ သိပ်နားမလည်ကြသေးတဲ့ အစိမ်းသက်သက်လူငယ်လေးတွေ ဖြစ်နေတာမို့ အတွေ့အကြုံနည်းနည်းလိုအပ်တာနဲ့ ဓါတ်လှေကားမပါလို့ အထပ်မြင့်မှာ တည်းမဲ့သူတွေ လှေကားတက်ရ မောနိုင်တာလေးပါပဲ။ မနက်စာဆိုလည်း အတော်လေး ကောင်းမွန်တယ်။ မနက်စာ အဝစားပြီး တစ်နေ့လုံး ပြင်ဦးလွင်ပတ်နေလိုက်လို့ရတယ်။ နေ့လည်စာ အလွတ်ဖြစ်သွားလို့ ငွေကုန်သက်သာနိုင်တယ်လေ။

ညကို သီဟဗလ ဟိုတယ်မှာ အေးဆေး အိပ်လိုက်ပြီး မနက်စောစောထ ဟိုတယ်မှာ မနက်စာစား၊ ဟိုတယ်ပါ Check out လုပ်ပြီး သိပ်သတင်းကြီးနေတဲ့ ပြင်ဦးလွင်ကန်တော်ကြီးဥယျာဉ်ထဲက Bamboo Café & Restaurant ကို ထွက်လာခဲ့ကြတယ်။ အရမ်းလှတဲ့ ပန်းဥယျာဉ်ကိုကြည့်ရင်း ကော်ဖီသောက်လို့ရမဲ့ နေရာကို မြင်ရတော့မှာမို့ အရမ်းစိတ်လှုပ်ရှားနေမိတယ်။ ဒီဆိုင်ကို လူတွေ စိတ်ဝင်စားနေကြတဲ့ တခြားအကြောင်းတစ်ခုက ဓါတ်ပုံရိုက်ဖို့ အရမ်းလှတဲ့နေရာလေးတွေ ရှိလို့ပါပဲ။ မနက်ကို ၉ နာရီမှ စဖွင့်ပါတယ်။ ပန်းခြံဖွင့်တဲ့အချိန်နဲ့ အချိန်ကိုက်ပဲ ဆိုပါတော့။ ဒီဆိုင်မှာထိုင်ဖို့ ပန်းခြံဝင်ကြေးတော့ ပေးရပါမယ်။ လူတစ်ဦးကို ၁,၀၀၀ ကျပ် နဲ့ ကားတစ်စီးကို ၅၀၀ ကျပ် ကျသင့်ပါမယ်။

ပြင်ဦးလွင်ကန်တော်ကြီးထဲ ရောက်သွားတော့ Bamboo ကော်ဖီဆိုင်လေးကိုပဲ အရင်ဆုံးလိုက်ရှာမိတယ်။ သူက အရင်က ရှိပြီးသား စားသောက်ဆိုင်နေရာမှာပဲ Renovation နဲ့ Shop Decoration အသစ်လုပ်ပြီး ဖွင့်ထားတာပါ။ မြင်လိုက်တာနဲ့ ငါတို့ မြန်မာပြည်ထဲမှာပဲ ရှိနေသေးသလား တွေးမိသွားရအောင် ဆိုင်အပြင်အဆင်က အရမ်းလှပနေပါတယ်။ စိတ်ကူးကောင်းတယ်လို့ အမှတ်ပေးမိတယ်။ သူက Bar ပုံစံမျိုးလည်း ဖြစ်လို့ သောက်ချင်တာ အစုံရနိုင်တယ်။ စိတ်ကြိုက်ထိုင်ခုံတစ်ခုကို အမြန်ရှာပြီး ထိုင်လိုက်တယ်။ ပြီးတာနဲ့ ဓါတ်ပုံတွေ တဝကြီး ရိုက်လိုက်တယ်။ ပန်းခြံဖွင့်စဆိုတော့ လူလည်းရှင်းတယ်။ ဓါတ်ပုံရိုက်လို့ ကောင်းမှကောင်းပဲ။ ပြီးတာနဲ့ မနက်စာ မှာတယ်။ မနက်စောစောဆိုတော့လည်း တခြားဘာမှ သောက်ချင်စိတ်မရှိလို့ ကော်ဖီပဲ မှာဖြစ်တယ်။ ကော်ဖီကို သောက်နေကျ Latte နဲ့ မေမြို့ကော်ဖီ နှစ်မျိုး မှာသောက်ကြည့်မိတယ်။


စပြီးသတိထားမိတာက ဝန်ထမ်းအမျိုးသမီးလေးတွေရဲ့ ဆက်ဆံရေး ပြေပြစ်တာကိုပဲ။ အတော်လေး ဖောရွေတယ်။ မလိုအပ်ဘဲ စကားဝင်ပြောမနေဘူး။ ဓါတ်ပုံရိုက်တာနဲ့ ကိုယ်ဂျီကျတာကို ရယ်မော သည်းခံပေးတယ်။ ဆိုင်ဖွင့်စမို့ပဲလားတော့ မပြောတတ်ဘူး။ ဒါလေး အမြဲဆက်ထိန်းသွားပေးဖို့ ဆိုင်ကိုလည်း လေးလေးနက်နက် တိုက်တွန်းချင်တယ်။ ဝန်ထမ်းတွေရဲ့ ဆက်ဆံရေးအတွက် နောက်ထပ် အမှတ်ထပ်တိုး ပေးလိုက်တယ်။

ဟိုတယ်မှာလည်း စားလာသေးလို့ သိပ်မဆာတာနဲ့ ကော်ဖီရယ်၊ ကောက်ညှင်းညီအမ ရယ်၊ ဆိတ်သားအားလူးပူရီ ရယ် မှာစားဖြစ်တယ်။ ကောက်ညှင်းညီအမ က စကောထဲကို ငှက်ပျောရွက်ခင်းပြီး ကောက်ညှင်းသုံးမျိုးဖြစ်တဲ့ ကောက်ညှင်းအဖြူ၊ ငချိတ် နဲ့ ဆီထမင်း တွေကို တစ်ပုံစီ ပုံပေးပြီး ငါရံ့ခြောက်ဖုတ်ဆီဆမ်း နဲ့ စားတော်ပဲပြုတ်ဆီဆမ်းကို နှမ်းထောင်းလေးနဲ့ တည်ခင်းပေးတာပါ။ ငါးရံ့ခြောက်ဖုတ်က မငန်၊ မနံလို့ စားရအရမ်းကောင်းပြီးလိုက်ဖက်တယ်။ စားတော်ပဲပြုတ်ကလည်း ရန်ကုန်စားတော်ပဲ မို့ ပိုသဘောကျမိတယ်။ တစ်ယောက်စာ ဖြစ်ပေမဲ့ ၂ ယောက် ဝဝလင်လင် စားလို့ရတယ်။ ဈေးကလည်း ၂၅၀၀ ကျပ်မို့ မဆိုးဘူး ပြောလို့ရတယ်။ ပြင်ဦးလွင်က အိန္ဒိယအစားအစာကောင်းတဲ့အထဲမှာ ပါတယ်။ ဒါကြောင့်မို့ ဒီဆိုင်က အာလူးပူရီ ကို ဆိတ်သားနဲ့ စားဖြစ်တယ်။ ဂျုံကောင်းသုံးလို့ထင်ပါတယ် မုန့်သားက အိပြီး စားကောင်းတယ်။ ဆိတ်သားကလည်း မညှီဘဲ နူးအိနေတယ်။ ဒါပေမဲ့ ဒီဟာ မှာရတာ နည်းနည်းစောင့်ရတယ်။ သူက တစ်ပွဲကို ၂,၀၀၀ ကျပ်ပါတဲ့။ ကျွန်တော်ကတော့ ဒီတစ်ခါ ဒီလောက်ပဲ စားဖြစ်လိုက်တယ်။ ဒီဆိုင်က မနက်စာမီနူးက တကယ်တော့အများကြီးပါ။ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ တို့ဖူးနွေး၊ တို့ဖူးကြော်၊ ရှမ်းခေါက်ဆွဲ၊ မန္တလေးမုန့်တီ၊ ကြို့ပင်ကောက်ခေါက်ဆွဲ၊ နံရိုးပေါင်းကော်ရည်၊ မိုးကုတ်မြီးရှည်၊ ဖက်ထုပ်ဆီချက်၊ ကြက်ပေါင်းခေါက်ဆွဲ၊ နံရိုးပေါင်းဆီချက်၊ မိုးကုတ်ဆီချက်၊ ပဲပြုတ်ထမင်းဆီဆမ်း၊ ငါးအာလူးထမင်းနယ်၊ ပလာတာ၊ ချာပါတီ နဲ့ Dim Sum တွေ ရတယ်။ ညနေ ၆ နာရီ ပန်းခြံပိတ်တဲ့အထိ ဖွင့်တာဖြစ်လို့ ကျန်တဲ့အချိန်တွေမှာ စားသောက်ဆိုင်တစ်ခုမှာ ရတဲ့ ဟင်းလျာအစုံလည်း ဒီဆိုင်မှာ ရောင်းပေးပါတယ်။ ဒီရာသီက မိုးဦးမို့ပဲလား မသိဘူး ယင်ကောင်လေးတွေတော့ ရှိနေတယ်။ တခြားဆိုင်နဲ့ယှဉ်ရင်တော့ နည်းပေမဲ့၊ ကိုယ်သဘောကျတဲ့ဆိုင်ဆိုတော့ လုံးဝ ရှင်းနေစေချင်မိတယ်။


ကော်ဖီမှာသောက်ကြည့်တာတော့ Latte က တခြားဆိုင်တွေလို အရသာမျိုးပါပဲ။ ထူးပြီး ကောင်းနေတာမျိုးတော့ မခံစားခဲ့ရဘူး။ Latte က Latte ပဲပေါ့။ မေမြို့ကော်ဖီ ကတော့ အိမ်မှာ ကော်ဖီနှပ်ပြီး သောက်ရတဲ့ နွေးထွေးတဲ့ ခံစားချက်မျိုးပေးတယ်။ မေမြို့ကော်ဖီ ကို တည်ခင်းပေးတဲ့ပုံစံကလည်း အဖုံးလေးနဲ့ဆိုတော့ အိမ်မှာ ကော်ဖီကောင်း သောက်နေရတဲ့ ခံစားမှုမျိုးလေးအတိုင်းပါပဲ။ ပြင်ဦးလွင်မှာ မိုးစက်လေးတွေကလည်း ကျနေတော့ ကျွန်တော်တို့ထိုင်တဲ့ စားပွဲရှေ့က ပြတင်းပေါက်အရှည်ကြီးတွေနား မတ်တပ်ရပ်ပြီး အပြင်ဘက်က ပြင်ဦးလွင်ရဲ့ ကန်တော်ကြီးပန်းဥယျာဉ်အလှရယ်၊ ကျနေတဲ့ မိုးစက်တွေရယ်ကို ကြည့်ရင်း ကော်ဖီသောက်လို့ရတယ်။ ခေါင်းမော့ပြီးကြည့်ရင်လည်း အမိုးက မှန်ချက်တွေမို့လို့ မိုးစက်တွေ ကောင်းကင်က ကြွေဆင်းနေတာတွေကို မြင်ကြရတယ်။ စိတ်တော့ မရှိပါနဲ့။ ကျွန်တော်က အဖီးလ် တစ်လိုင်းပါ။

ဒီတစ်ခါတော့ အားချင်း နောက်ခရီးစဉ်တစ်ခုဆက်ရလို့ ကြာကြာမနေနိုင်ခဲ့ဘူး။ နောက်တစ်ခါတော့ ဒီ Bamboo Café & Restaurant မှာ အချိန်ပိုကြာကြာနေ၊ ကော့တေးလ်သောက်ပြီး ပြင်ဦးလွင်ကို လာငေးမောပါဦးမယ်။ အင်း… နောက်တစ်ခါပေါ့။

အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

84 views0 comments
bottom of page