ချစ်စဖွယ်လှပ၊ ဓနုမြို့တော်ပင်းတယ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ချစ်စဖွယ်လှပ၊ ဓနုမြို့တော်ပင်းတယ



ရှမ်းပြည်နယ်တောင်ပိုင်းကို သွားရင် ကလော၊ အင်းလေး၊ တောင်ကြီး စတဲ့ နေရာတွေကို ဦးဆုံးစဉ်းစားမိတတ်ကြတယ်။ အချိန်လည်းပိုကြာကြာယူတတ်တယ်။ ကြားမှာ ကပ်ကျော်ဖြစ်နေတတ်တာက ပင်းတယမြို့လေးပါ။ ကလော လာရင်း ရွာငံ၊ ပင်းတယဘက်ကို နေ့တစ်ပိုင်းလေးပေးပြီး အပြေးလာတတ်ကြပေမဲ့ တကယ်တော့ ပင်းတယမြို့နဲ့ အနီးဝန်းကျင်မှာလည်း လည်ပတ်စရာနေရာလေးတွေ အတော်များပါတယ်။ အနည်းဆုံး တစ်ညအိပ်လောက် အချိန်ယူပြီး သက်တောင့်သက်သာ လည်ပတ်သင့်တဲ့ မြို့လေးပါ။ ကျွန်တော်လည်း အရင်က ပင်းတယမြို့လေးမှာ လည်ပတ်စရာ သိပ်ရှိလှမယ်လို့ မထင်ခဲ့တော့ ပင်းတယမြို့မှာ အိပ်ပြီး လည်ပတ်ဖို့ အရင်က စိတ်ကူးကို မရှိခဲ့ဘူး။ တကယ်တမ်း ပင်းတယ နဲ့ ထဲထဲဝင်ဝင် တွေ့လိုက်ရတဲ့အခါ ပင်းတယ ဟာ ပုန်းကွယ်နေတဲ့ အလှတရားတွေ ရှိနေတဲ့ အရပ်ဆိုတာ သိလိုက်ရတယ်။


ဓနုတို့ပြည် ပင်းတယ

ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ဆီ အလည်ရောက်ခဲ့ပါပြီ။

ပင်းတယ ကို ရှမ်းလိုဆို ပင်းဒယ လို့ နာမည်တွင်တယ်တဲ့။ အဓိပ္ပါယ်က ကျယ်ပြန့်တဲ့လွင်ပြင် လို့ ဆိုတယ်။ တချို့ကလည်း စွယ်တော်ပန်းဖြူပင်တွေ ပေါများတဲ့လွင်ပြင်ကျယ်အရပ် လို့ ဆိုကြပြန်တယ်။ တချို့ကလည်း ဒဏ္ဍာရီပုံပြင်ထဲမှာ ပင့်ကူကို အောင်နိုင်ခဲ့လို့ ပင့်ကူရ ကနေ ပင်းတယ ဖြစ်လာတယ်လို့ ဆိုပြန်ပါတယ်။ မြောက်ဘက်မှာ ရပ်စောက်၊ အနောက်ဘက်မှာ ရွာငံ နဲ့ တောင်ဘက်မှာ ပွေးလှ တို့နဲ့ ထိစပ်နေတယ်။ ကလောဘက်မှာ ရေခက်သလောက် ပင်းတယမှာတော့ ရေပေါတယ်။ ပင်းတယ ကို ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ မြေလတ်ဒေသလို့ ခေါ်ကြတယ်။ ရှေးဘုရင်လက်ထက်က မြေလတ်ဒေသ (၁၆) ခုရှိတဲ့အထဲမှာ ပင်းတယကလည်း တစ်ခု အပါအဝင်ပါ။ ရှမ်းပြည်နဲ့ မြန်မာပြည်ကြားက လစ်လပ်နေတဲ့မြေကို ဆိုလိုတယ်လို့ ရေးထားတာ ဖတ်ရဖူးတယ်။ ၁၇၄၁ ခုနှစ်မှာ မြို့စတည်ခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင် အထက် ၃၈၈၀ ပေ မှာရှိတဲ့မြို့ပါ။ ပင်းတယမြို့ရဲ့ သမိုင်းဆိုပြီး သေချာရှင်းအောင် မရှိလှပေမဲ့ ဒဏ္ဍာရီပုံပြင်လိုလို နတ်သမီးခုနစ်ဖော်၊ ပင့်ကူ၊ ကုမ္မာဘယ မင်းသားတို့ရဲ့ ဇာတ်လမ်းကတော့ ဒီဒေသရဲ့ အထိမ်းအမှတ်အဖြစ် ရှိနေပါတယ်။ ပင့်ကူ ကို အထူးသဖြင့် ဒီဒေသကို ခရီးသွားမြှင့်တင်တဲ့အခါ အမှတ်အသားအဖြစ် အသုံးပြုတာလေး သတိပြုမိတယ်။ သဘောကျမိပါတယ်။ မှတ်မှတ်သားသားတော့ ကုန်းဘောင်ခေတ်မှာ ပင်းတယကို ငွေခွန်မှူးက အုပ်ချုပ်ခဲ့ပြီး ဆွေစဉ်မျိုဆက် ရာထူးဆက်ခံ အုပ်ချုပ်ခဲ့ပုံပါပဲ။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေဆိုတဲ့အတိုင်း ဓနုလူမျိုး အများဆုံးနေထိုင်ပြီး တောင်သူ (ပအို့ဝ်)၊ တောင်ရိုး၊ မနော၊ ရှမ်း၊ မြန်မာ၊ အင်းသား၊ ပလောင် စတဲ့ လူမျိုးတွေနေထိုင်ကြပါတယ်။


ရာသီဥတု

ကလော၊ အောင်ပန်းတို့ထက် ရာသီဥတုကတော့ နည်းနည်းပိုပူတဲ့သဘော ရှိပါတယ်။


ဘယ်လိုသွားမလဲ

ပင်းတယမြို့ကို ရန်ကုန်ကနေ တိုက်ရိုက်ကားမရှိသေးဘဲ ရပ်စောက် ကားကို စီးရပါတယ်။ အရင်က 2+1 တွေ ပြေးခဲ့ဖူးပေမဲ့ ခုတော့ 2+2 မှန်လုံတွေပဲ ရှိပါတော့တယ်။ လုမ္ဗနီ လိုင်းပဲ ပြေးတယ်လို့လည်း သိရပါတယ်။ လေယာဉ်နဲ့ဆိုရင်တော့ ဟဲဟိုးလေဆိပ်ကနေ ကားပြန်စီးလာရမှာပါ။


လည်ပတ်စရာ ပင်းတယမှာ

မြို့ထဲမှာက လည်ပတ်စရာ သိပ်မများလှဘူး၊ မြို့အပြင်ထွက်ပြီး အနီးတဝိုက်က ရွာလေးတွေမှာ လည်ပတ်လို့ကောင်းတယ်။ ဒေသခံတွေက ဖောရွေပြီး အေးဆေးညင်သာတယ်။ မြို့က လူလည်း မရှုပ်သလို ယာဉ်တွေလည်း ရှုပ်ထွေးမနေဘူး။ ဒေသခံအချင်းချင်းလည်း ရိုင်းပင်းကူညီတတ်ကြတာလေး တွေ့ရပါတယ်။


ရွှေဥမင် ဂူဘုရား

ပင်းတယရောက်ပြီဆိုမှတော့ မသွားမဖြစ် အရေးပါတဲ့ လည်ပတ်စရာကတော့ ရွှေဥမင် ဂူနဲ့ ဘုရား ပါ။ တောင်ကုန်းမြင့်မှာ ရှိနေတာမို့ တစ်မြို့လုံးကို စီးပြီး မြင်ရတဲ့ ရှုခင်းကောင်းကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဘုရားအကြောင်းမပြောခင် ဂူအကြောင်း အရင်ပြောရရင် ဒီ ရွှေဥမင်ဂူက ထုံးကျောက်တောင်မှာ သဘာဝအလျောက်ဖြစ်နေတာမို့ သက်တမ်းအနှစ် သန်း ၂၀၀ လို့ ခန့်မှန်းကြတယ်။ ဘယ်အချိန်မှာ ဘုရားဆင်းတုတွေ စ တည်လည်းဆိုတာကို လေ့လာသူတွေက ဘုရားဆင်းတုတွေဆီက ရက်စွဲမှတ်တမ်းတွေ သုတေသနလုပ်တဲ့အခါ ၁၇၇၃ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ဆိုတာကို အစောဆုံးတွေ့တာမို့ ကုန်းဘောင်ခေတ် စဉ့်ကူးမင်း လက်ထက်လို့ မှန်းဆကြပါတယ်။ အရင်က လိုဏ်ဂူဝ က ကျဉ်းလို့ ၁၉၂၄ မှာ ချဲ့ထွင်ခဲ့တယ်။ အဲ့ဒီကနေ ဘုရားတည်တာရော၊ ဆင်းတုတော်တွေ ထားတာရော တစတစ များလာပြီး ခုထိ နေရာလပ်မချန်ထားဖို့ ပြင်ဆင်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့လိုက်ရပါတယ်။ လိုဏ်ဂူကို တက်တက်ချင်း ဉာဏ်တော် (၇၅) ပေရှိတဲ့ စေတီကို ဖူးမြင်ရပြီး သဘာဝ လိုဏ်ဂူ သို့ဆိုတဲ့ လမ်းညွှန်အတိုင်း ဝင်သွားရင် ဂူတလျှောက် ဘုရားအဆူဆူ ပုံစံစုံကို ဖူးမြင်ကြရမှာပါ။ နောက်ဆုံးမှာ ဂူပေါက် အတော်ကျဉ်းသွားပြီး ဆက်သွားရင် ပုဂံ ရောက်မယ်၊ ပုပ္ပါးရောက်မယ်ဆိုတဲ့ စကားလေးနဲ့ လှည့်ပြန်ရပါတယ်။ ဂူအဝင်ကနေ လိုဏ်ခေါင်းမြောက်ဘက်အဆုံးအထိ ပေ ၄၉၀ ရှည်လျားပါတယ်။ ဘုရားဖူးခရီးသွားတွေအတွက်ကတော့ အထူးကောင်းမွန်ပေမဲ့ သဘာဝခရီးသွားများအတွက်တော့ ဘုရားဆင်းတုတွေ ယတြာချေဖို့ ထပ်ပြင်ဆင်နေတာ၊ ဂူနံရံတွေကို ဂမ်းတွေပစ် ဖောက်ထွင်းနေတာက အသည်းတယားယား ဖြစ်စေပါတယ်။ တောင်ခြေမှာ ရှိတဲ့ ပင့်ကူကြီး၊ မင်းသား နဲ့ မင်းသမီးခုနစ်ဖော် အရုပ်တွေကတော့ ဒီရွှေဥမင်ဘုရားကို ရောက်ကြောင်း မဖြစ်မနေ ဓါတ်ပုံရိုက်ကူးရတဲ့ နေရာတစ်ခု လို့ ဆိုရမှာပါ။ ရွှေဥမင်လိုဏ်ဂူရဲ့ တောင်ခြေက ကားရပ်နားရာနေရာရှေ့ဘက်မှာ ဈေးဆိုင်တန်းလေးတွေကလည်း အတော်ချစ်စရာကောင်းပါတယ်။ ဈေးများပုံပေါ်ပေမဲ့ ဝယ်သူကို ကြည့်ချင်အောင် ခေါ်ပုံ ပြောပုံလေးတွေက ချစ်စရာကောင်းတယ်။ ဒီအရပ်ဒီဒေသထွက် အစားအစာအခြောက်အခြမ်းအစုံ၊ ရိုးရာအထည်အစုံ၊ မုန့်အစုံ ရနိုင်တဲ့နေရာပေါ့။ ခါချဉ်ကြော် လေး စားခဲ့ပါ။ အမြည်းဖြစ်ဖြစ်ပေါ့။ စားဖူးတယ်ရှိအောင်ပါ။ ကျွန်တော်ကတော့ ကြိုက်တယ်။ မစားခင်သာ လျှာယားတာ၊ စားကြည့်ဝါးကြည့်လိုက်တော့ အွင်း ကောင်းတယ်ဟ ဖြစ်သွားရော။ လက်ဖက်အစိုအခြောက်၊ ရှမ်းထန်းလျက်၊ ဂျူးမြစ်ကြော်၊ ပင်စိမ်းသီးခြောက်၊ ပဲပုတ်ကြော် စတဲ့ ဒေသစာလေးတွေ အိမ်ပြန်လက်ဆောင်ဝယ်သွားနိုင်တယ်။ ပင်းတယတပေါင်းပွဲတော် (ပင်းတယဘုရားပွဲ) ကို နှစ်စဉ် တပေါင်းလဆန်း ၆ ရက်နေ့ကနေ လပြည့်ကျော်အထိ အမြဲကျင်းပတတ်ပါတယ်။ အဲ့ဒီအခါမှာ ဓနုတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု အကအလှနဲ့ နေထိုင်မှုပုံစံတွေကို မြင်တွေ့ လေ့လာခွင့်ရကြပါတယ်။ ရွှေဥမင်ဂူနားက ညောင်ပင်ကြီးတွေရှိတဲ့ ကွင်းပြင်မှာ လှည်းတွေနဲ့လာပြီး ရက်အတော်ကြာ နေထိုင် ပျော်ရွှင်ကြတာကို အရင်ကတော့ ပိုပြီး တွေ့ကြရပါတယ်။ ဓါတ်ပုံဆရာတွေ သိပ်ကြိုက်တဲ့ မြင်ကွင်းမျိုးပါ။


သက်တန်းရင့် ညောင်ပင်ကြီးများ

ပင်းတယမြို့ကို ရောက်ရင် မလည်မဖြစ် ဓါတ်ပုံသွားရောက်ရိုက်ကူးရတဲ့ နေရာက ရွှေဥမင်လိုဏ်ဂူရှေ့ဘက်က သက်တန်းရင့် ညောင်ပိန္နဲပင် (စာအုပ်တချို့မှာ ညောင်ကြပ်ပင်) ကြီးတွေဆီကိုပါ။ ဒီညောင်ပင်မျိုးက တကယ်တော့ ပင်းတယဝန်းကျင် နေရာအတော်များများမှာ ရှိပေမဲ့ ဒီနေရာမှာလို အတန်းလေးဖြစ်မနေဘူး။ ညောင်ပင်ကြီးတွေက သက်တမ်းရင့်တော့ အခက်အလက်တွေက ဖြာကျနေပုံ၊ ပင်စည်တုတ်ခိုင်ပုံ၊ အကိုင်းအခက်တွေ ကြီးမာသန်မာပုံတွေက ပန်းချီကားတစ်ချပ်မြင်ရသလို မြင်ရစေတယ်။ ကျွန်တော်တို့ကတော့ စက်ဘီးလေးစီးပြီး သွားလည်ခဲ့ကြတယ်။ တချို့လည်း ဒီနေရာရောက်မှ မြင်းလေး ခွစီးပြီး ဓါတ်ပုံရိုက်ကြတယ်။ မြင်းလေးတွေကို ငှားစီးနိုင်ဖို့ ဝန်ဆောင်မှုပေးတဲ့သူတွေလည်း ရှိတယ်။ ဒေသထွက် သစ်သီး၊ ဟင်းသီးဟင်းရွက်နဲ့ မုန့်တွေကိုလည်း ဒီမှာ ဝယ်စားနိုင်ဖို့ ဈေးသည်တချို့လည်း ရှိပါတယ်။ ထူးထူးခြားခြား သတိထားမိတာက ဒီညောင်ပင်ကြီးတွေရဲ့ ပင်စည်ကြားတွေထဲမှာ သက်ကြွယ်တဲ့ အဘိုးအဘွားတချို့ (တရုတ်ခရီးသွားတွေလို့ ထင်ပါတယ်) ဝင်ပြီး ငြိမ်ငြိမ်လေး ရပ်၊ မျက်စိစုံမှိတ်ပြီး တစ်ခုခုကို အာရုံပြုနေသလို၊ ဓါတ်ကူးနေသလို လုပ်နေကြတာကိုပါပဲ။


ပုန်းတလုတ်ရေကန် (ပုတ်တလုတ်ရေကန်)

မြို့ထဲမှာ ရှိတဲ့ ပုန်းတလုတ်ရေကန် ကလည်း မြို့ရဲ့အလှကို တစ်မျိုးတဖုံ ပံ့ပိုးပေးပြန်ပါတယ်။ ဒီကန်ဘေးမှာ ရှိတဲ့ ညောင်ပင်ကြီး တစ်ပင်ကလည်း ကန်ရဲ့အလှကို ခံစားဖို့ အရိပ်ကောင်းကောင်းပေးတဲ့အပြင် ဓါတ်ပုံရိုက်ဖို့ နေရာကောင်းလည်း ဖြစ်စေပါတယ်။


ပင်းတယဈေးကြီး

ကျွန်တော် ရောက်တဲ့နေ့ကတော့ ပင်းတယဈေးနေ့နဲ့ ကြုံကြိုက်တဲ့အတွက် ဈေးနေ့ရဲ့ စည်ကားပုံကို မြင်ခဲ့ရတယ်။ ပင်းတယဈေးကြီးက ဒေသခံတွေရဲ့ ခြံထွက်၊ ယာထွက် အသီးအရွက်၊ ပန်း စတာတွေရှိသလို ဒေသမနက်စာလေးတွေ ရောင်းချရင်း သူ့အရပ်သူ့ဇာတ် စည်ကားနေပါတယ်။ အမှန်အတိုင်းဆိုရရင် ကျွန်တော်ကတော့ ကလောဈေးနေ့ကို ပိုသဘောကျမိပါတယ်။


ပင်းတယဟော်နန်း

ပင်းတယမြို့လယ်မှာ ဟော်နန်းရှိပါတယ်။ ယခုထိတိုင်လည်း စော်ဘွားမျိုးနွယ်တွေ နေထိုင်ဆဲလို့ သိရပါတယ်။ ဟော်နန်း က ဈေးကြီးအကျော်လေးမှာပါ။ ကျွန်တော် ကတော့ ကပ်ကျော်သွားတယ်ပဲ ပြောရမလား ဒီတစ်ခါသွားတာ အဲ့ဒီ ဟော်နန်းကို ကျန်သွားခဲ့လေရဲ့ဗျာ။


ပင်စိမ်းပင်ရွာ နဲ့ ဆီးကျအင်းရွာ

ပင်းတယနယ်ထဲက ဒီရွာလေး နှစ်ရွာက ဒီ၂၀၁၈ခုနှစ် စက်တင်ဘာလ အစောပိုင်းကမှ ပြည်တွင်းပြည်ပ ခရီးသွားတွေအတွက် CBT (Community Based Tourism) လူထုအခြေခံခရီးသွားအစီအစဉ်အနေနဲ့ ဖွင့်လိုက်တဲ့ ရွာတွေပါ။ ဒီရွာတွေမှာ တည်းခိုဖို့ အခန်းတွေ၊ အစားအသောက်တွေကို ဝန်ဆောင်ပေးမဲ့ ဒေသခံတွေက ကြိုဆိုနေပြီး Trekking တောလမ်းလျှောက်ဖို့၊ လည်ပတ်ဖို့၊ ဓနုလူမျိုးတွေရဲ့ အလေ့အထတွေကို လေ့လာဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။ ညပိုင်းမှာ ဓနုရိုးရာ အဖွဲ့လိုက်အက၊ တုတ်သိုင်းအက တွေကို ဓနုအိုးစည်နဲ့အတူ လေ့လာနားဆင်ခွင့်ရဦးမှာလည်း ဖြစ်ပါတယ်။


Green Tea ထုတ်လုပ်တဲ့လုပ်ငန်း

ပင်းတယ၊ ဆီးကျအင်းရွာမှာ ရှိတဲ့ ဆီးကျအင်း သဘာဝ Green Tea လက်ဖက်ခြောက်လုပ်ငန်းကို လေ့လာခွင့်ရခဲ့တာကိုလည်း အထူးကျေနပ်မိပါတယ်။ ဂျာမနီနိုင်ငံ အဖွဲ့အစည်းတစ်ခုက အသေအချာလမ်းညွှန်မှုပေးတာကြောင့် ခေတ်မီတဲ့ သဘာဝ Green Tea ကို စိုက်ပျိုးထုတ်လုပ် နိုင်ခဲ့တယ်။ ဒီလက်ဖက်ခြောက်ကို အတော်သန့်ရှင်းအောင်လုပ်ထားပြီး ကာဗွန်ဒိုင်အောက်ဆိုက်အငွေ့ ၅% ထက်နည်းအောင် လျှော့ချလုပ်ဆောင်ထားနိုင်သွားပါတယ်။ ကျွန်တော်တို့ကသာ ဒီအနံ့ကို မရတာ၊ တခြားနိုင်ငံက သောက်တဲ့သူတွေက ဒီအနံ့ကို သိတယ်။ ဒီအနံ့ပျောက်ခြင်း မပျောက်ခြင်းက လက်ဖက်ခြောက်ရဲ့ အရည်အသွေးကို ပြသွားတယ်လို့ မှတ်သားရပါတယ်။ အမှတ်တရအဖြစ်အပျက်ကတော့ ဒီလုပ်ငန်းကို လေ့လာနေရင်း မိုးကြီးလေကြီးကျလာလို့ အိမ်ရှင်မိသားစုက နွေးနွေးထွေးထွေး အိမ်ပေါ်မှာ ဧည့်ခံ စကားပြောရင်း လက်ဖက်အစိုတွေကို အချိုမှုန့် လုံးဝ မသုံးဘဲ ကျွေးတာလေး သတိရမိတယ်။ သူတို့ထုတ်ထားတဲ့ Green Tea အဖန်ခြောက်ရေနွေးကြမ်းလေးနဲ့ တောင်တန်းတွေကြား မိုးတွေရွာနေတာကို ဓနုရိုးရာအိမ်လေးထဲက ကြည့်ရတာ ဘယ်လောက်အရသာ ရှိလိုက်သလဲ ဆိုတာလေ။


ဓနုရိုးရာစက္ကူ နဲ့ ထီးလုပ်ငန်း

နောက်ထပ် လေ့လာခွင့်ရခဲ့တဲ့ ရိုးရာလုပ်ငန်းတစ်ခုကတော့ ဓနုရိုးရာစက္ကူ နဲ့ ထီးလုပ်ငန်းပါ။ တကယ့် ရိုးရာကို နမူနာပြုလုပ်ပုံအဆင့်ဆင့်နဲ့ပါ လေ့လာခွင့်ရခဲ့ပါတယ်။ “ဦးကျော်ရွှေ ဓနုမိသားစု” ရိုးရာစက္ကူနဲ့ ထီးလုပ်ငန်း ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ သိပ်မဝေးတဲ့ရပ်ကွက်လေးထဲမှာ ရှိပါတယ်။ ရိုးရာစက္ကူအဆင့်ဆင့်လုပ်ပုံကို ကျွန်တော် ဗီဒီယိုလေးနဲ့လည်း တင်ထားပြီးပါပြီ၊ ကြည့်ရှုနိုင်ပါတယ်။ ဒီကထွက်တဲ့ လက်မှု ထီး၊ ယပ်တောင်၊ စာအုပ်၊ စာအိတ်၊ မီးပုံး၊ မီးအိမ်၊ ခါးမောက်နဲ့ ကလေးကစားစရာလေးတွေဟာ နိုင်ငံခြားသားတွေ လက်ဆောင်ယူဖို့နဲ့ ပြည်တွင်းမှာ လုပ်ငန်းသုံး အိမ်သုံးအတွက် ကောင်းတာလေးတွေ တွေ့ရပါတယ်။


ကုံလုံဆရာတော်ကြီး ရုပ်ကလာပ်ရှိရာ ဂူဗိမ္ဗာန် လွမ်းစေတီ

ပင်းတယဇာတိ ထင်ရှားတဲ့ ဆရာတော်ကြီးတစ်ပါးကတော့ ကုံလုံဆရာတော်ကြီး ရှင်တေဇနိယသ ပါ။ ဆရာတော်ကြီး ပျံလွန်တော်မူခဲ့ပေမဲ့ ခန္ဓာက အရည်စစ်ပြီး ကျစ်လျစ်သွားတာကလွဲရင် ပုပ်သွားခြင်းမရှိသလို ဆံပင်၊ လက်သည်း၊ ခြေသည်းများ ရှည်လာတတ်ခြင်း အခုထိတိုင် ရှိဆဲမို့ အသက်ရှင်နေဆဲအလား ထင်မှတ်ရပါတယ်။ ဆရာတော်ကြီးရဲ့ ရုပ်ကလာပ်ကို ယခုတိုင်အောင် မှန်တလားအတွင်းထည့်ပြီး အပူဇော်ခံထားရှိဆဲ ဖြစ်ပါတယ်။ မှန်တလားထားရှိရာစေတီကိုတော့ လွမ်းစေတီ လို့ ခေါ်ကြပါတယ်။ စေတီဖွဲ့စည်းထားပုံလေး က ထူးခြား လှပ သပ္ပါယ်ပါတယ်။ စေတီအတွင်းပိုင်းမှာလည်း အနံ့အသက်မရှိ ဆွမ်းသစ်သီး ပန်းမန် လှူဘွယ်အစုံနဲ့ ဆရာတော်ကြီးရဲ့ မှတ်တမ်းပုံရိပ်တွေကိုလည်း မြင်တွေ့ဖူးမြှော်ကြရပါတယ်။ ဆရာတော်ကြီးကို တမဲရွာ၊ ထယ်သွန်းကျေးရွာအုပ်စု၊ ပင်းတယ မှာ ၁၉၀၈ ခုနှစ် ဧပြီလ (၄) ရက်နေ့မှာ မွေးဖွားခဲ့ပါတယ်။ အသက် (၁၃) နှစ်အရွယ်မှာ ရှင်သာမဏေဖြစ်ခဲ့ပြီး အသက် (၂၀) အရွယ်မှာ ရဟန်းဘဝခံယူလို့ သက်တော် (၉၆) နှစ်၊ ဝါတော် (၇၆) ဝါ အထိ အသက်ရှင်တရားအားထုတ်ခဲ့ပါတယ်။ သားသတ်လွတ် သစ်သီးဆွမ်းသာ ဘုန်းပေးသူအဖြစ်လည်း နာမည်ကြီးပါတယ်။ ပင်းတယမြို့ကနေ မိနစ် ၂၀ လောက် ကားနဲ့သွားရင် ရောက်နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ၄၃၅၂ ပေ မှာရှိတာမို့ ပင်းတယထက် ပိုမြင့်တယ်လို့ ဆိုပါရစေ။


ပွေးလှဈေး

ပင်းတယနယ်တဝိုက်လည်ရင်း ပွေးလှရွာကို ရောက်တော့ ပွေးလှဟာ ရွာသာဆိုတယ် မြို့ကြီးအလား ထင်မှတ်ရလောက်အောင် စည်ပင်ပါတယ်။ ပွေးလှဈေးထဲ ဈေးကွဲချိန်မှာ နေ့လည်စာ ဝင်စားရင်း ဈေးပတ်ကြည့်တော့ ဒေသထွက် ဂျူးမြစ်လို အသီးအနှံသစ်ဥသစ်ဖုအစုံတွေ့ရသလို ထူးထူးခြားခြား ရှမ်းသဇင်ပန်းတွေကိုလည်း ပထမဆုံးအကြိမ် တွေ့ဖူးလိုက်ရတယ်။


ပွေးလှဟော်နန်း

ကျွန်တော်ရဲ့ ဒီတစ်ခေါက်ခရီးစဉ်မှာ ပင်းတယဟော် သာ မရောက်ဖြစ်တယ် ပွေးလှဟော်နန်းတော့ ရောက်ဖြစ်ခဲ့သား။ နှစ်ပေါင်း သက်တမ်း ရာကျော် (ဂျပန်ခေတ်ကတည်းက) ရှိနေပြီဖြစ်တဲ့ ပွေးလှဟော်နန်း မှာ အခုတော့ စော်ဘွားသမီးတော်တစ်ဦးတည်းပဲ ကျန်ပါတော့တယ်။ လက်ရှိနေထိုင်ဆဲဖြစ်ပြီး ကျွန်တော်တို့ လေ့လာခွင့်ရခဲ့တာ အတော်ကျေနပ်မိပါတယ်။ ပွေးလှဟော်နန်းက ဥရောပဟန်အဆောက်အဦးကို မြန်မာမှုလက်ရာ အတွင်းအပြင်အဆင်နဲ့ တွဲဖက်မြင်တွေ့ရပါတယ်။ ပေ ၈၀ လောက်ရှည်လျားပြီး ပေ ၅၀ ဝန်းကျင် ကျယ်ဝန်းပါတယ်။ စော်ဘွားနေခဲ့တဲ့ အခန်း၊ ကုတင် နဲ့ အဲ့ဒီခေတ်က သုံးစွဲခဲ့တဲ့ မီးကြိုးအမျိုးအစားကအစ ယခင်အတိုင်းရှိတုန်းပါ။ တံခါးချက်တွေလည်း အတော်ထူးခြားတာ တွေ့ရပါတယ်။ ဘုရားစင်ကြီးကလည်း ဒီဟော်နန်းစတည်ကတည်းက ဘုရားစင်မို့ နှစ်ပေါင်းရာကျော်ပြီ ဖြစ်ပါတယ်။ အပေါ်ထပ် ဧည့်ခန်းနံရံပေါ်က ဓါတ်ပုံတွေက တကယ့်သမိုင်းတွေပါပဲ။ ဦးဆုံးစော်ဘွားကနေ နောက်ဆုံးစော်ဘွားအထိ ပုံတွေကို မြင်တွေ့ရပါတယ်။ ကျွန်တော်ကတော့ အပြင်ဘက်က မြင်ရတဲ့ အဆောက်အဦးပုံစံကို ပိုသဘောကျပါတယ်။


စြက်ာတောင် (စက်တော်တောင်) စေတီ

ပင်းတယ ကနေ ရွာငံဘက်သွားတဲ့လမ်းပေါ်မှာ ရှိနေတဲ့ ဒီစေတီမှာလည်း ထူးခြားစွာ ပျံလွန်သွားတဲ့ ယခင် ကျောင်းထိုင်ဘုန်းတော်ကြီးရဲ့ ရုပ်ကလာပ်ကို မှန်ဘောင်သွင်းပြီး ထားပါတယ်။ ဆိုတော့ စြက်ာတောင်စေတီဟာလည်း ဂူဗိမ္ဗာန်လို ဖြစ်နေပြန်ပါတယ်။ ဒီရုပ်ကလာပ်ကတော့ အရိုးသာ ကျန်တော့ပါတယ်။ အခုလက်ရှိ ကျောင်းထိုင်ဆရာတော် က ပျံလွန်သွားတဲ့ဆရာတော်ရဲ့ တပည့်ကောင်းတစ်ဦးလည်း ဖြစ်တာမို့ ဆရာတော်ကြီးပျံတဲ့ ခန္ဓာကို မပစ်ဘဲ တရားရှုရင်း မမြဲတဲ့ ခန္ဓာကို နေ့စဉ်ကြည့်ရှု တရားကျင့်ကြံအားထုတ်တယ်လို့ ကြားရပါတယ်။ ဒီစြက်ာတောင် စေတီရဲ့ တစ်ဘက် တောင်ပေါ်မှာ နောက်ထပ် စေတီတစ်ဆူ တည်နေပြီ ထူးခြားတဲ့ လိုဏ်ခေါင်းပုံစံနဲ့ ဖြစ်ပါတယ်။ ခိုင်ခံ့မှုရှိဖို့ သတိပြုရမဲ့ ပုံစံတော့ ရှိပါတယ်။ ပြီးစီးရင် ဘုရားဖူးတွေနဲ့ စည်ကားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ ဒီတောင်ကနေ နီးနားဝန်းကျင်က တောင်တန်း၊ စိုက်ခင်း နဲ့ ရွာလေးတွေရဲ့ အလှကို ခံစားနိုင်ပါတယ်။

စြက်ာတောင် (စက်တော်တောင်) ကို အဝေးက မြင်တွေ့ရတဲ့အလှ

ပင်းတယဝန်းကျင် တောလမ်းလျှောက်ခရီးစဉ်များ

ဒေသခံ ဧည့်လမ်းညွှန်ဝန်ဆောင်မှုတွေနဲ့ ချိတ်ဆက်ပြီး Trekking, Hiking တွေ လုပ်ဆောင်နိုင်ပါသေးတယ်။ နေ့ချင်းပြန်ကနေ တစ်ညအိပ်၊ နှစ်ညအိပ်၊ သုံးညအိပ်တွေအထိ ရွာတွေမှာ အိပ်စက်ရင်း ဒေသန္တရဗဟုသုတ ရှာမှီးလို့ ပင်းတယဝန်းကျင်က တိုင်းရင်းသားရွာလေးတွေရဲ့ ဘဝနေထိုင်မှုပုံစံနဲ့ တောတောင်ရေမြေအလှအပတွေကို စူးစမ်းရှာဖွေသွားလာလည်ပတ်နိုင်ပါတယ်။ ပင်းတယ - ရစကြီ၊ ပင်းတယ - အင်းလေး၊ ပင်းတယ - ကလော၊ ပင်းတယ - ကန်လှကုန်း/ရွှေပုထိုး၊ ပင်းတယ - ရွာငံ စတဲ့ ခရီးကြမ်း ခရီးနုလေးတွေကို ဒေသခံဧည့်လမ်းညွှန်တွေက ဝန်ဆောင်မှုပေးနေပါတယ်။ လက်ရှိတော့ နိုင်ငံခြားသားတွေပဲ သွားနေကြပြီး ပြည်တွင်းဧည့်သည်တွေက ပင်းတယဘက်မှာ လုပ်ဆောင်လို့ရတာ သိပ်မသိကြသေးဘူး ဖြစ်နေပါတယ်။


တည်းခိုစရာ

ပင်းတယမြို့မှာ ရွေးချယ်စရာ ဟိုတယ်တွေက သိပ်များများစားစားတော့ မရှိလှပါဘူး။ ဈေးနှုန်းလေးတွေကလည်း များသောအားဖြင့် သင့်တင့်ကြပါတယ်။ ကျွန်တော် ဒီတစ်ခါ တည်းဖြစ်တာက Conqueror Resort မှာပါ။ အခန်းလေးတွေ က သီးသန့် လုံးချင်းဘန်ဂလိုလေးတွေနဲ့ ချစ်စရာကောင်းသလို၊ အသုံးအဆောင်ပစ္စည်းလေးတွေလည်း သင့်တင့်ကောင်းမွန်ပါတယ်။ ဝန်ထမ်းတွေရဲ့ ဖောရွေကူညီချင်ပုံလေးက ဒေသခံတွေရဲ့ ရိုးသားဖောရွေပုံကို ထင်ဟပ်ပြတယ်။ ရွှေဥမင်ဘုရားနဲ့ အတော်နီးနီးမှာ ရှိနေသလို၊ သက်တမ်းရင့်ညောင်ပင်ကြီးတွေနဲ့ နီးနီးလေးမို့ လမ်းလျှောက်သွားမလား၊ ဟိုတယ်က စက်ဘီးယူသွားမလား အဆင်ပြေတယ်။ ဈေးကြီးနဲ့လည်း နီးသလို ပင်းတယဟော်နန်းနဲ့လည်း နီးပါတယ်။ တခြားရွေးချယ်စရာ ဟိုတယ်တွေဆိုရင် Inle Inn Hotel, Golden Cave Hotel, Global Grace Hotel တွေလည်း ရှိပါသေးတယ်။

ကျွန်တော် ရှေ့မှာပြောခဲ့သလို ကျွန်တော်ထင်ထားခဲ့တဲ့ ပင်းတယ နဲ့ ကျွန်တော်ရောက်သွားတော့ မြင်ရတဲ့ ပင်းတယ ဟာ တကယ်ကို ကွာခြားပြီး ပင်းတယမြို့ဟာ လူသိပ်မသိသေးတဲ့ သဘာဝအလှတရားတွေ ပုန်းကွယ်နေရာအရပ်ဆိုတာ မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရပါပြီ။ ကျွန်တော့်လိုပဲ ရှမ်းပြည်နယ်တောင်ပိုင်းက မောဓနုတို့တိုင်း ပင်းတယမြို့လေးကို အလည်သွားမယ်ဆိုရင် ဒီစာလေး ဖတ်ရင်း အစစ အဆင်ပြေလည်ပတ်နိုင်ဖို့ မျှော်လင့် ဝေမျှပေးလိုက်ရပါတယ်ဗျာ။ ဒီပင်းတယခရီးစဉ်တလျှောက် အခက်အခဲလေးတွေကြားက မငြီးမငြူ ပို့ဆောင်ဧည့်ခံပေးတဲ့ ကိုဝဏ္ဏသိန်း၊ ကိုဇော် နဲ့ မဖြူစင် တို့ကို ကျေးဇူးတင်ပါတယ်။ တည်းခိုစဉ်မှာ ဂရုစိုက်ပေးခဲ့တဲ့ ကိုစိုးမင်းထိုက် ကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းပြုပါရစေခင်ဗျာ။ အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။ သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

744 views0 comments
bottom of page