ဒူဘိုင်းမြို့က လက်ကျန်အပိုင်းအစများ
- Thiha Lu Lin

- Mar 28, 2017
- 2 min read
Updated: Sep 10, 2020
ဒူဘိုင်းမြို့အကြောင်းရေးတာလေး လက်စသတ်မယ်ဆိုပြီးကာမှ ကျွန်တော် ရေးဖို့ ကျန်နေတာလေးထပ်တွေ့တာနဲ့ ရှိတဲ့ လက်ကျန်အပိုင်းအစလေးတွေကို စုစည်းကြည့်လိုက်မိတယ်။

ဒူဘိုင်းက အားလုံးသိပြီးသားအတိုင်း ရာသီဥတု ပူပါတယ်။ ဒါပေမဲ့ ဆောင်းတွင်းမှာတော့ နေလို့ကောင်းတဲ့အနေအထားပါ။ နွေနေပူပူရဲ့ နေ့လည်ခင်းကိုတော့ ကျွန်တော် မတွေးဝံ့ဘူး။ အရာအားလုံးဟာ လေအေးစက်တွေရဲ့ အောက်မှာ မပူချင်ယောင်ဆောင်ထားကြတယ်။ အများသုံး ဘတ်စ်ကား၊ ရထားတွေဟာလည်း လေအေးစက်တပ်ဆင်ထားကြသလို တစ်မူထူးတာက ဘတ်စ်ကားမှတ်တိုင်တွေဟာလည်း လေအေးစက်တပ်ထားတဲ့ အလုံခန်းလေးတွေနဲ့ ဖြစ်နေတာပါပဲ။ ဒါလေးတွေကတော့ အမှတ်ပေးချင်စရာပေါ့။

ရာသီဥတု သာယာနေတဲ့တစ်နေ့တော့ ကျွန်တော်တို့လည်း နာမည်ကျော် Sheikh Zayed Grand Mosque Center ဘက်ကို ထွက်ခဲ့ကြတယ်။ SZGMC လို့ အတိုကောက်ခေါ်ကြတဲ့ ဒီ စင်တာကြီးကို ၂၀၀၈ ခုနှစ်လောက်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသည်တွေ လာရောက်ကြည့်ရှုလေ့လာခွင့်ရတဲ့ တစ်ခုတည်းသော ဘာသာရေးအဆောက်အအုံကြီးလည်း ဖြစ်ပါတယ်။ လှပခမ်းနားတဲ့ ဗိသုကာလက်ရာတွေနဲ့ ဖန်တီးထားပြီး ဘာသာရေးအပြင် သုတေသနလုပ်ငန်းစဉ်များနဲ့ ပညာရေးနဲ့ ပတ်သက်တာ၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တာတွေကိုပါ လေ့လာနိုင်တဲ့ နေရာတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတစ်ခုလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။ ကျွန်တော်တို့ရောက်တဲ့အချိန်က အတွင်းကို ဝင်လေ့လာဖို့ အချိန်ကျော်သွားတာမို့ ဝင်ခွင့်မရခဲ့ပါဘူး။ အတွင်းပိုင်း ဗိသုကာလက်ရာတွေဟာ တကယ်ကို ခမ်းနားလှပတယ်လို့ သိရတာကြောင့် နှမြောနေမိပါတယ်။ ဒါနဲ့ စကားမစပ် ဘာသာရေးနဲ့ ပတ်သက်ပြီး ဥပုသ်လတွေမှာ ဒူဘိုင်းကို အလည်ရောက်ခဲ့ရင် သတိပြုစရာတွေ ရှိပါမယ်။ ကော်ဖီဆိုင်နဲ့ စားသောက်ဆိုင်တွေ နေ့ပိုင်းမှာ မဖွင့်တာမျိုး ကြုံရတတ်သလို၊ အများနဲ့ဆိုင်တဲ့နေရာတွေမှာ အစားစာသောက်နေတာတွေကိုလည်း တားမြစ်ထားပါတယ်။ SZGMC ကို အဝေးက ဓါတ်ပုံရိုက်တော့ ဘေးနားမှာ ပြိုင်ကားလှလှလေးတစ်စီး ရှိနေတာမို့ ကျွန်တော် အတော်လေး သဘောကျမိသွားတယ်။ ကျွန်တော်တို့ကို လိုက်ပြတဲ့ ဧည့်လမ်းညွှန်ပြောတာလေး မှတ်မိနေသေးတယ်။ ဘာတဲ့ ဒူဘိုင်းမှာ ကားဆို မော်ဒယ်အသစ်တွေနဲ့ အဆင့်မြင့်တံဆိပ်တွေပဲ စီးတယ်ဆိုလား။
heikh Zayed Grand Mosque Center heikh Zayed Grand Mosque Center
ဒူဘိုင်းမှာ ချောင်းလေးထဲ လှေစီးဖြတ်ကူးရင်း ဒူဘိုင်းမြို့သစ် နဲ့ ဒူဘိုင်းမြို့ဟောင်း ကူးတဲ့နေရာလေး ရှိတယ်။ အဲဒီကိုလည်း ဒူဘိုင်းကို လာလည်တဲ့ ဧည့်သည်တွေ သွားလည်တတ်ကြပါတယ်။ အဲ့ဒီနားမှာပဲ ရှိတဲ့ Bastakiya ဆိုတဲ့မြို့နယ်ခေါ်မလား၊ အဲ့ဒီနေရာမှာ ဧည့်သည်တွေ ဒူဘိုင်းရဲ့ ယဉ်ကျေးမှုဓလေ့ကို လေ့လာနိုင်ဖို့ ဖန်တီးပေးထားတယ်။ ရှေးခေတ်က ဆောက်လုပ်ခဲ့တဲ့ လေအဝင်အထွက်တာဝါတွေပါရှိတဲ့ အဆောက်အဦးတွေ၊ ပန်းချီနဲ့ ဓါတ်ပုံပြခန်းတွေ၊ ပုံစံတူတည်ဆောက်ပြထားတဲ့ သဲကန္တာရထဲက အိမ်ငယ်တွေ၊ စားသောက်ဆိုင်တွေ ရှိနေတယ်။ ကျွန်တော်တို့လည်း တဲအိမ်ငယ်ထဲ ဝင်လေ့လာခဲ့တယ်။ ဒီဘက်ဒေသကလူတွေရဲ့ အရင်က နေထိုင်ပုံကို လူတွေနဲ့ပါ ပုံဖော်ပြထားသလို၊ သိမ်းငှက်နဲ့ ဓါတ်ပုံရိုက်တာမျိုး လုပ်နိုင်တယ်။ သူတို့ဆီလာလည်ရင် စွန်ပလွန်သီးခြောက်နဲ့ လက်ဖက်ရည်တွေ တည်ခင်းဧည့်ခံတတ်တယ်။ တဲအတွင်းဘက်မှာ ရတဲ့ အနံ့ကတော့ တစ်မျိုးကြီးပဲ။ ဆေးနံလိုလို တစ်မျိုးလေး ရနေတယ်။
Bastakiya Bastakiya Bastakiya Bastakiya
အဲ့ဒီဘက်လေ့လာပြီးတာနဲ့ လှေဆိပ်ကို ဆင်းကြတယ်။ လှေဆိပ်မှာ လှေစီးဖို့အတွက် လက်မှတ်ရောင်းတဲ့ နေရာရှိတယ်။ အဲ့ဒီမှာ လက်မှတ်ဝယ်ပြီး လှေပေါ်တက်ကြတယ်။ လှေဝမ်းအလယ်မှာ စားပွဲလိုမျိုးကြီးထားပြီး လူတွေက အဲ့ဒီပေါ်မှာ ထိုင်ကြရတယ်။ တခြားဒေသတွေကလို လှေဘောင်ဘက်တွေမှာ ထိုင်ခုံမထားဘဲ လှေဝမ်းပိုင်းမှာ ထိုင်ခုံထားတာမို့လို့ အပြင်ကို မြင်နေရတာကလည်း တစ်မျိုး သဘောကျစရာပါ။ စင်ရော်ငှက်လေးတွေက အစာတောင်းရင်း လှေလေးတွေဘေးမှာ ပျံဝဲနေကြတယ်။ ချောင်းလေးက တကယ်တော့ သေးသေးရယ်။ လူလုပ်ချောင်းလေးဖြစ်မယ်။ ဟိုဘက်ခြမ်းမှာ အရင်ခေတ်က ဒူဘိုင်းရဲ့ အိမ်ပုံစံတွေ၊ ဒီဘက်ခြမ်းမှာ ခုခေတ်ရဲ့ အပြင်အဆင်တွေ ဒါတွေကို ဟိုဘက်ဒီဘက် မြင်တွေ့ရတာကလည်း စိတ်ဝင်စားစရာပါပဲ။ လှေက ၁၀ မိနစ်သာသာလောက်လေး စီးလိုက်ရတယ်။ ဟိုဘက် ဒူဘိုင်းမြို့ဟောင်းနေရာကို ရောက်တယ်။ လှေဆိပ်ကနေ တက်လိုက်တာနဲ့ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေ စတွေ့ရတယ်။ ပြီးတော့ လူကူးမြင်းကျားလေးကနေ တစ်ဖက်မှာ ရှိနေတဲ့ ဈေးကို ကူးကြတယ်။
The Dubai Creek The Dubai Creek The Dubai Creek The Dubai Creek The Dubai Creek The Dubai Creek
ဈေးထဲမှာတော့ ဒေသထွက် ကုလားအုတ်နို့ဆပ်ပြာတွေ၊ ဟင်းခတ်အမွှေးအကြိုင်တွေ၊ အမှတ်တရလက်ဆောင်ပစ္စည်းဆိုင်တွေ အများဆုံးတွေ့ရပါတယ်။ ဖက်ရှင်ဆိုင်တွေလည်းတွေ့ရပေမဲ့ အများစုက ရိုးရာအဝတ်အထည်တွေ ရောင်းတာပါ။ အဲဒီဈေးလေးကို ဖြတ်ပြီး ၅ မိနစ်လောက် ဆက်လျှောက်ရင် နာမည်ကျော် ရွှေဈေးကြီး Dubai City of Gold ကို ရောက်ပါတယ်။ Old Baladiya လမ်းပေါ်မှာပါ။ ရွှေဆိုင်တွေချည်း ရှိတဲ့နေရာဖြစ်ပါတယ်။ ဒူဘိုင်းဟာ ရွှေထွက်တဲ့ ဒေသ မဟုတ်ပေမဲ့ ရွှေတွေကို ခုလိုရောင်းပေးတာကလည်း စိတ်ဝင်စားစရာပါ။ တရုတ်လူမျိုးတွေ အများစု လာဝယ်ကြတယ်လို့ သိရတယ်။ ကိုယ်တွေလို နိုင်ငံတွေမှာတောင် မတွေ့ရတဲ့ ရွှေအတုံးလိုက် အတစ်လိုက်တွေ၊ ဖက်ရှင်ထွင်ထားတာတွေ အမျိုးမျိုးကို ဒီမှာ တွေ့ရပါတယ်။ ဈေးကို ဝင်ဝင်ချင်း ထိပ်ဆုံးက ဆိုင်မှာတင် Guinness (ဂရင်းနစ်) စံချိန်ဝင်ထားတဲ့ ကမ္ဘာ့အလေးဆုံး ရွှေလက်စွပ်ကြီးကိုလည်း Guinness ကပေးတဲ့ ဆုတံဆိပ်နဲ့အတူ ပြသထားပါတယ်။
The Dubai Creek Old Dubai Market Dubai City of Gold Dubai City of Gold Dubai City of Gold Dubai City of Gold Dubai City of Gold Dubai Sunset
ဒူဘိုင်းက အပိုင်းအစလေးတွေ စုစည်းပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ဒူဘိုင်းရဲ့ ဆည်းဆာနဲ့ ကမ္ဘာ့အမြင့်ဆုံးအဆောက်အဦးဖြစ်တဲ့ Burj Khalifa ကို တွဲမြင်ရတဲ့ မြင်ကွင်းလေးဟာ တစ်ဆက်တည်း အတွေးထဲပေါ်လာရင်း ဒူဘိုင်းညနေတွေကို ဖြတ်ခနဲ လွမ်းမိသွားတယ်ဆိုတာ ဝန်ခံပါတယ်။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
-03.png)





Comments