ဆန်အိုးကြီးမြို့တော် ပုသိမ် ဆီ
top of page

About

THIHA

IMG_7143.JPG
Name.png

Mingalarbar!

I'm Thiha from Myanmar who aspires to travel around the world and learn as much as possible. I share my travel stories here supported by beautiful photos, videos and more. I love travelling to enquire, to hear local stories, to enjoy the nature and of-cause to have fun.

Follow

THIHA

brush1.png
TikTokbrush.png
brush4.png
youtubebrush.png
Subscribe

နေ့စဉ် ပြည်တွင်းပြည်ပ ခရီးသွားသတင်းထူးများအပါအဝင် ခရီးစဉ်လည်ပတ်စရာများအကြောင်းတွေ နဲ့ ဒေသန္တရ ဗဟုသုတအစုံအလင် သိရှိနိုင်ဖို့ အပတ်စဉ်သတင်းလွှာ လေးကို ခုပဲ ရယူလိုက်ပါ။ စာရင်းသွင်းသူများအတွက် ကျွန်တော့်ရဲ့ ပထမဆုံး ပုံနှိပ်စာအုပ် "၁၇" ကဗျာနဲ့ဝတ္ထုတိုစာအုပ်ကို လက်ဆောင် ပေးပို့သွားမှာ ဖြစ်တဲ့အပြင် သတင်းလွှာကနေတဆင့် အခမဲ့ခရီးသွားခြင်းအစီအစဉ်တွေ၊ ခရီးသွားလက်ဆောင်တွေ စတဲ့ ထူးခြားအခွင့်အရေးတွေလည်း သိရှိနိုင်ဦးမှာပါ။

ခုပဲ အမည် နဲ့ အီးမေးလ်လိပ်စာထည့်ပြီး စာရင်းသွားလိုက်နိုင်ပါပြီ။

Thanks for submitting!

  • Writer's pictureThiha Lu Lin

ဆန်အိုးကြီးမြို့တော် ပုသိမ် ဆီ

ဧရာဝတီတိုင်းကို ဆန်စပါးပေါများစွာထွက်ရာဒေသမို့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးလို့ ဆိုကြသလို တချို့ကလည်း စပါးကျည်ကြီး လို့ တင်စားကြတယ်။ ဧရာဝတီတိုင်းရဲ့ မြို့တော်လည်း ဖြစ်လို့ ကျွန်တော်ကတော့ ဆန်အိုးကြီးမြို့တော် လို့ တင်စားချင်ပါတယ်။ ပုသိမ်ဆိုတာကလည်း ဆန်စက်တွေနဲ့ ဆန်လှောင်တဲ့ဂိုထောင်တွေ ပေါတဲ့ မြို့တစ်ခုပါ။ ပုသိမ်ကို လည်ဖို့ဆို အချိန်အများကြီးမလိုပါဘူး ဒါပေမဲ့ တစ်ရက်တည်းလည်း မလုံလောက်ပြန်လို့ အနည်းဆုံး တစ်ညအိပ်လေး နားနားနေနေ သွားရောက်လည်ပတ်တာက ပိုပြီး ကောင်းမွန်ပါတယ်။ ပုသိမ်ဟာ ထင်ထားတာထက်တော့ ပိုပြီးတော့ လည်ပတ်ချင်စရာမြို့လေး လို့ ဆိုပါရစေ။


ကစားစရာမြို့လေးနဲ့တူတဲ့ ပုသိမ်

သိပ်ပြီးတော့ ရှည်ရှည်ဝေးဝေး မပြောလိုပါဘူး။ ဒါက ဘယ်မှာ ဖတ်ဖတ် ရှာဖတ်နိုင်တော့ စာရှည်နေမှာစိုးလို့ပါ။ ပုသိမ်မြို့ဆိုတာက ရှေး ဟံသာဝတီ မွန်ဘုရင်တွေ ထီးနန်းစိုက်တဲ့မြို့လို့ဆိုကြတော့ အစဉ်အလာကောင်းခဲ့ပုံပါပဲ။ “သောနတြိန်၊ ပဉ္စမိန်၊ ပုသိမ်တည်သော နှစ်” ဆိုပြီး ပုသိမ်မြို့ အသစ်တည်ထောင်တဲ့ ခုနှစ်ကို မှတ်သားခဲ့တယ်။ မြန်မာလိုဆို ၅၃၆ ခု (ခရစ်နှစ်ဆို ၁၁၇၄) ပါ။ ၁၂၂၁ ခုနှစ်မှာ နန်းတက်တဲ့ ပသီမင်း ကို အစွဲပြဲပြီး ပုသိမ် ဆိုတာ ဖြစ်လာတယ်လို့ ဖတ်ဖူးပါတယ်။ ဝီကီ မှာတော့ ပုဂံ မင်းယဉ်နရသိင်္ခ နဲ့ အိန္ဒိယ ပဋိက္ခရားမင်း နဲ့ စစ်ဖြစ်တဲ့အခါ စစ်ဦးကျတဲ့ ကုသိမရဋ္ဌဒေသ ကို ခံတပ်တည်စေတယ်။ ဗေဒင်သဘောအရ ကုသမ ကနေ ကုသိမ်၊ အဲ့ဒီကနေမှ က နဲ့ သ က ရန်ဂြိုဟ်ဖြစ်လို့ မိတ်ဖက်ဖြစ်တဲ့ ပ နဲ့ သ ကို ပြောင်းရာကနေ ပုသိမ် ဖြစ်လာတယ်လို့ ဆိုပြန်ပါတယ်။



မြို့ရဲ့ ဖွဲ့စည်းပုံလေးက ချစ်စရာကောင်းတယ်လို့ ကျွန်တော်ထင်မိတယ်။ လမ်းလေးတွေက ကျဉ်းကျဉ်းသေးသေးလေးပေမဲ့ စနစ်ကျတယ်။ လူကူးမျဉ်းကြား နဲ့ လမ်းညွှန်အမှတ်သားလေးတွေကအစ သေးသေးလေးတွေ။ မသိရင် ကိုယ်က ရုပ်ရှင်ရိုက်ဖို့ ဆက်တင်လုပ်ထားတဲ့ မြို့လေးကို ရောက်နေရသလိုပဲ။ အဲ့လို ချစ်စရာပုံလေး ထွက်နေတဲ့ မြို့ပါ။


ရာသီဥတု

ပုသိမ် ရာသီဥတုလေးက ပူစပ်စပ်လေး၊ မိုးတွင်းမှာ မိုးလည်း များတတ်သေးတယ်။ လေတိုက်ရင်တော့ အေးနေပြန်ရော။ မျှတယ်ပဲ ပြောရမယ်။ နွေ နဲ့ ဆောင်းဆိုရင်တော့ ချောင်းသာ၊ ငွေဆောင် သွားကြသူတွေ ဖြတ်သန်းသွားလာကြတာများတဲ့ မြို့လေးပါ။


ဘယ်လိုသွားမလဲ

ကုန်းလမ်းကတော့ အသင့်လျော်ဆုံးပါပဲ။ ကိုယ်ပိုင်ကားနဲ့ဆို ၄ နာရီဝန်းကျင်လောက်ပဲ မောင်းနှင်ရပါတယ်။ အဝေးပြေးကားနဲ့ဆိုရင်လည်း ဒီဝန်းကျင်လောက်ပဲ။ လမ်းကတော့ ကျွန်တော် အရင်နှစ်ရောက်ဖူးတာနဲ့ တခြားစီဖြစ်လောက်အောင် ဒီတလော အတော် ဆိုးရွားကြမ်းတမ်းနေပါတယ်။ ချိုင့်တွေဆိုတာ ဘယ်လိုရှောင်ရှောင် ရှောင်မရလောက်အောင်ပါ။ အဝေးပြေးကားနဲ့ ပုသိမ်ကို သွားလည်မယ်ဆိုရင် ဒေသခံတွေ သဘောကျကြတာက နေလဝင်း နဲ့ ရွှေမင်္ဂလာ ကားတွေပါ။ ကားခ က ၃၅၀၀ ကျပ် ပဲ ပေးရတယ်။ နေလဝင်းက ညနေ ၄ နာရီ နဲ့ ရွှေမင်္ဂလာက ညနေ ၅ နာရီခွဲ နောက်ဆုံးကားထွက်တယ်။ ညပိုင်း သွားဖို့လိုချင်ရင်တော့ ကံထူးအောင် ဆိုတဲ့ကား က ညနေ ၆ခွဲ၊ ၇ခွဲ၊ ၈ခွဲ တွေမှာ ထွက်လို့ အဆင်ပြေတယ်။ သူက နေ့ပိုင်းသွားမယ်ဆိုရင်တော့ ခုံနဲ့ လူတင်တဲ့အနေအထားက ရှေ့နှစ်ကားလောက် အဆင်မချောဘူး။ ညပိုင်း အားချင်းသွားလိုသူတွေကတော့ ဒီကားနဲ့ အဆင်ပြေတယ်။ ကားခ ကတော့ ၅၀၀၀ ကျပ် ပါ။


မြို့ထဲမှာလည်မလား

မြို့က အရမ်းမကျယ်တော့ မြို့ထဲနားက ဟိုတယ်မှာတည်းရင် လမ်းလေးလျှောက်သွားပြီး ကြည့်တာ ပိုနှံ့နှံ့ရောက်နိုင်တယ်။ ကိုယ်ပိုင်ကားနဲ့က အရမ်းအဆင်ပြေပေမဲ့ လမ်းလေးတွေက ကျဉ်းတော့ U-Turn ဂငယ်ကွေ့ဆို အတော် ကွေ့ယူရတတ်တယ်။ ဆိုင်ကယ် ကယ်ရီလေးတွေလည်း ရှိတော့ အဆင်ပြေပါတယ်။


လည်ပတ်စရာ ပုသိမ်မှာ

မြို့က သေးသေးကျစ်ကျစ်ရှိတယ်။ ခရီးသွားရာသီချိန်မဟုတ်ရင် လူလည်း သိပ်မရှုပ်ဘူး။ ခရီးသွားရာသီဆိုရင်တော့ ချောင်းသာ၊ ငွေဆောင် လာတဲ့ ကားတွေရဲ့ ခရီးတစ်ထောက်နားရင်း လည်ပတ်ရာ မြို့လေး အဖြစ် စည်ကားပါတယ်။ အမှိုက်နည်းတာလေး သတိထားမိတယ်။ ခုတလောမှ ပြင်ဆင်ထားတာလား မသိဘူး၊ လမ်းမီးတိုင်လေးတွေ၊ လမ်းလေးတွေက လှနေတယ်။ ပုသိမ်မြို့ကို စဝင်လာကတည်းက လမ်းညွှန်ဆိုင်းဘုတ်အကြီးကြီးတစ်ခုက နိုင်ငံခြားဆန်ဆန်လေး မြင်ရတယ်။ ငွေဆောင် ချောင်းသာ သွားမယ်ဆို ညာဘက်ကွေ့၊ ပုသိမ်မြို့ဆို ဘယ်ဘက်ကွေ့ဆိုပြီး လမ်းညွှန်ပြထားတာ ရှင်းလင်းလှပပါတယ်။

ပုသိမ်မှာတော့ အရမ်းထူးခြားတဲ့ အပန်းဖြေနေရာမျိုး မရှိပေမဲ့ ဘုရားဖူးဖို့၊ စားသောက်ဖို့နဲ့ လူငယ်ကြိုက်နေရာ အနည်းငယ်က သူ့ဒေသနဲ့သူ စည်ကားလှပနေပါတယ်။ သွားလည်ကြည့်ရအောင် -


ရွှေမုဋ္ဌောဘုရား

ပုသိမ်မြို့လယ်မှာ ရှိလို့ သွားရ လာရ လွယ်ကူပါတယ်။ နီးစပ်ရာ စောင်းတန်းကနေ ဘုရားကို သွားရောက်လည်ပတ်ဖူးမြော်နိုင်တယ်။ မြို့မဈေးကြီးနဲ့လည်း နီးတယ်။ ဘုရားပတ်လည်က ဆိုင်ခန်းလေးတွေနဲ့မို့ အမြဲ စည်ကားနေတတ်တယ်။ ဒီစေတီကိုတော့ သီရိဓမ္မာသောကမင်း က တည်ထားခဲ့တယ်လို့ သိရပါတယ်။ အရင်က ရွှေအာဏာစေတီလို့ ခေါ်ရာက အလောင်းစည်သူမင်းကြီး ၄၅၇ ခုနှစ်မှာ ပြန်ပြင်လိုက်တဲ့နောက် ထူပါရုံစေတီ လို့ ခေါ်တွင်စေခဲ့တယ်။ ၆၂၅ ခုနှစ် သမုဒ္ဒဃောသမင်း နဲ့ ဥမ္မာဒန္တီ မိဖုရားတို့ တိုးချဲ့တည်ဆောက်ပြီးတဲ့အခါမှ ရွှေမုဋ္ဌော ဆိုပြီး ပြောင်းလဲ ခေါ်ဆိုခဲ့ကြတယ်လို့ ဖတ်ဖူးပါတယ်။

ဘုရားကြီးကို ဓါတ်ပုံရိုက်တဲ့အခါ တနင်္ဂနွေထောင့် နေရာလေးက အတော်အဆင်ပြေတာ သတိပြုမိတယ်။ အတွင်းဘက်မှာလည်း ထူးခြားတဲ့နေရာလေးတွေမှာ ဘုရားလည်း ဖူး၊ ဓါတ်ပုံလည်း ရိုက်နိုင်သေးတယ်။ ဖားက မြွေကို မြိုတဲ့ ရုပ်တုနဲ့ ညောင်ပင်ကိုတော့ တချို့လည်း သူ့ရည်ရွယ်ချက်နဲ့သူ ပူဇော်ပသမှုတွေ လုပ်ကြပါတယ်။ ရေလောင်းကြတယ်။ ကျွန်တော် သွားခဲ့တဲ့ တစ်နှစ်ကျော်လောက်က ဒီနေရာကို တစ်ခု သဘောမကျတာကတော့ ဓါတ်ပုံရိုက်ရင် အလှူငွေ အတင်းထည့်ခိုင်းတာပါပဲ။ ခုတစ်ခေါက် ပြန်ရောက်တော့ အဲ့လို ပြောမဲ့ အတင်းရေလောင်းခိုင်းသူတွေ မတွေ့ရတော့ဘူး။


လေးကျွန်းရန်အောင် ဖောင်တော်ဦးစေတီ

ဒီနေရာကိုတော့ နည်းနည်း ခပ်လှမ်းလှမ်းသွားရတယ်။ ရေကြည်ဦးအရပ်မှာ ရှိတာပါ။ လူလည်းနည်းနည်းပြတ်လို့ နေ့ပိုင်း သွားလည်ဖို့ ပိုပြီး သင့်လျော်ပါတယ်။ ဒီနေရာကို တချို့ကလည်း ဖောင်တော်ဦးဘုရား၊ တချို့ကလည်း ရေကြည်ရေနောက်ဘုရား ဆိုပြီး ခေါ်ကြပါတယ်။ အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်တော့ ဖောင်တော်ဆိုက်တဲ့အရပ်မှာ စေတီတည်ခဲ့တဲ့ အလေ့ကြောင့် ဖောင်တော်ဦးစေတီ ဖြစ်လာပါတယ်။ သူ့ရဲ့ ဖွဲ့စည်းတည်ဆောက်ထားပုံက ပုဂံက ဘုရားစေတီတွေ ပုံစံနဲ့တူတယ်။ ဒါက မူလ ဖောင်တော်ဦးစေတီကို ပြန်ငုံပြီး ဆောက်ထားတဲ့ အပြင်ပိုင်းစေတီပုံစံကို ပြောတာပါ။ အတွင်းမှာ မူလစေတီကို ဖူးရပါမယ်။ အမြဲ မီးမထွန်းထားဘူးလား မသိ၊ ကျွန်တော်ရောက်တဲ့အချိန် လော်စပီကာကနေ တရားခွေ ဖွင့်ထားပေမဲ့ အတွင်းက စေတီကိုတော့ မီး မပေးထားဘူး။ ဖုန်းမီးနဲ့ မနည်းကြည့်ရတယ်။ အတွင်းက ခေတ်အလိုက် ဘုရားဆင်းတုတွေရဲ့ တည်ဆောက်ဟန်ကို လေ့လာနိုင်ပါသေးတယ်။ ဒီ ဖောင်တော်ဦးစေတီက နှစ်ခါ ငုံပြီး တည်ဆောက်ထားတယ် ဆိုပါတယ်။ ကျွန်တော် ဖုန်းမီးနဲ့ ထိုးပြီး ဖူးခဲ့ရတာက မူလ ရွှေသင်္ကန်းစေတီဖြစ်ပြီး အလယ်ပစ္စယံမှာ နောက်တဆင့် ထပ်ပြီး တည်ရှိနေပါသေးတယ်။ အပေါ်ကို ခက်ခက်ခဲခဲတက်လို့ မုခ်ပေါက်တွေကနေ ကြည့်ရင် ဘုရားကြီးကုန်းစေတီနဲ့ ဆင်တူတဲ့ မှန်စီသင်္ကန်း နဲ့ ပထမအကြိမ် ငုံတည်ထားတဲ့ စေတီတော်ကို ထီးတော် စိန်ဖူးတော်အပြည့်နဲ့ ဖူးနိုင်တယ်လို့ ဆိုပါတယ်။ တက်ရောက်ရတာ အန္တရာယ်များလို့ တက်ခွင့်တော့ မပြုထားဘူးလို့ သိရပါတယ်။


ဘုရားပုရဝုဏ်အတွင်းမှာ ရေကြည်ကန် နဲ့ ရေနောက်ကန်ဆိုပြီး ကန်နှစ်ကန် ရှိပါတယ်။ အရင်ကတော့ ရေကြည်ကန်ဆိုတဲ့အတိုင်း ကြည်နေပြီး ကပ်လျက်ရှိနေတဲ့ ရေနောက်ကန်ကတော့ အတော်နောက်တယ်လို့ ဆိုကြပါတယ်။ ကျွန်တော် ရောက်သွားချိန်မှာတော့ နှစ်ကန်စလုံး တူတူပဲ လို့ ထင်မိပါတယ်။ ရေကြည်ရေနောက်ကန် နှစ်ခုက မောင်နှမ နှစ်ယောက်ကို ကိုယ်စားပြုပုံရပါတယ်။ မောင့်ကန်၊ နှမကန် လို့လည်း ကမ္ဗည်းထိုးထားတာတွေ့လို့ပါ။ မောင်နှမ နှစ်ယောက်ရဲ့ နတ်နန်းလည်း တွေ့ကြရပါမယ်။


တဂေါင်း (တကောင်း) မင်္ဂလာမဟာစေတီတော်ကြီး

တကောင်းဘုရားလမ်း ပေါ်မှာ တည်ရှိတဲ့ တကောင်းမင်္ဂလာမဟာစေတီကြီးဆီကိုလည်း လာရောက်လည်ပတ်ဖူးမြော်နိုင်ပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်လောက်က ရောက်တော့ ပြုပြင်ဆဲပဲ။ ခုတော့ အတော်လေး ပြည့်စုံနေပါပြီ။ လျောင်းတော်မူကြီးလည်း ပြီးစီးပြီမို့ သေချာ ဖူးမြင်နိုင်ကြပါပြီ။


ရွှေစည်းခုံစေတီ

ဒီရွှေစည်းခုံစေတီကတော့ မြို့ထဲနဲ့ မဝေးဘူး။ ရွှေမုဋ္ဌောရဲ့ စောင်တန်းတစ်ခု (ယာဉ်ထိန်းရဲစခန်း ရှိတဲ့ဘက်) ကနေ တည့်တည့်သွား လမ်းမကြီးကို ဖြတ်ကူးပြီး သွားရင် ရောက်ပါတယ်။ ရွှေစည်းခုံဘုရားလမ်း လို့ပဲ ခေါ်တယ်။ ထူးထူးခြားခြားရယ် မဟုတ်ပေမဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီး ကို လာရောက် ဖူးမြော်ကြတာ များပါတယ်။


ရှေ့မှာ နဂါးရုံဘုရားကိုလည်း ဖူးနိုင်ပါဦးမယ်။


ရှေးဟောင်းဘုန်းကြီးကျောင်း ပုဂံကျောင်း

ရွှေစည်းခုံနဲ့ ကပ်လျက်လောက်မှာပဲ ပုဂံကျောင်း လို့ ဆိုကြတဲ့ ရှေးဘုန်းကြီးကျောင်း တစ်ခုကိုလည်း လေ့လာနိုင်ဦးမှာပါ။ ဟိုးအရင်ခေတ် လက်ရာ နဲ့ ဓါတ်ပုံရိုက်ဖို့ သိပ်လှတဲ့နေရာတစ်ခုပါပဲ။


စက်တော်ရာ

ဘိုးဘွားရိပ်သာ ရှိတဲ့လမ်း (ရှေ့မှာ ဘိုးဘွားရုပ်တုရှိ) အတိုင်း အတွင်းကို ဝင်လိုက်ရင် စက်တော်ရာဘုရားတွေကို ဖူးနိုင်ပါတယ်။ လမ်းလေးခြားပြီး အထက်စက်တော်ရာ နဲ့ အောက်စက်တော်ရာ ဆိုပြီး ခေါ်ကြပါတယ်။ အောက်စက်တော်ရာမှာတော့ ခြေတော်ရာကို မှန်ခန်းလေးထဲ ကြည့်မြင်ကြရပါတယ်။ အထက်ဘက်မှာ ဘယ်မှာ ခြေတော်ရာထားလည်း ကျွန်တော် ပြန်စဉ်းစားမရဘူး ဖြစ်နေတယ်။ အထက်စက်တော်ရာဘက်က စေတီဖြူလေးတွေ၊ ရပ်တော်မူတွေနဲ့ အတော်လေး စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဒီနေရာလေးက ဆိတ်ငြိမ်လို့ ကျောင်းသားကျောင်းသူတွေ စာမေးပွဲနီးရင် စာလာကျက်ကြတဲ့ နေရာလေးလည်း ဖြစ်ပါတယ်။


ကုသိနာရုံဗျာဒိတ်ပေးမြတ်စွာဘုရား

ဒီဘုရားကတော့ သူ့ဘုရားပွဲအချိန်ဆို ပွဲတော်ကြီးလိုပဲ စည်ကားပါတယ်။ မြို့နဲ့လည်း မဝေးတဲ့အပြင် ဝန်းကလည်း ကျယ်တော့ ဘုရားပွဲ လုပ်လို့ကောင်းမဲ့နေရာပါပဲ။ ဖွဲ့စည်းထားပုံလေးက အဝေးက ကြည့်ရင် လှေကားလေးတွေနဲ့ သပ်သပ်ရပ်ရပ်လေး ထူးခြားနေပါတယ်။


လောကနန္ဒာ နှီးဘုရား

ရုတ်တရက် ဒီစေတီတော်ကို ကြည့်လိုက်ရင် ပုဂံ ဗူးဘုရားနဲ့ ဆင်ပါတယ်။ ပုသိမ်တံတား ကိုကျော်ပြီး ချောင်းသာ/ငွေဆောင်လမ်းခွဲဘက်ကို ထွက်လာရတယ်။ တိုးဂိတ်ကြေး ပေးရတယ်။ အသွားအပြန်စာ တစ်ခါတည်း ၂၀၀ ကျပ် ဆောင်ခဲ့ရတယ်။ နှီးဘုရားသွားမှာလို့ ပြောရပါတယ်။ ပြီးရင် တိုးဂိတ်အကျော် ဘယ်ဘက်က လမ်းလေးထဲ ချိုးဝင်လိုက်ရတယ်။ အဲ့ဒီကနေမှ တံတားအောက် တည့်တည့်သွားရင် အလိုတော်ပြည့်ဘုရား အဝင် ကားပါကင်နေရာ နဲ့ စားသောက်ဆိုင်လေးတွေကို တွေ့ရပါမယ်။ ညနေဆို လူစည်ပုံရတယ်။ ကျွန်တော်က မနက်ပိုင်းသွားတာမို့ လူရှင်းရှင်းလေး ဖြစ်နေတယ်။ ဘုရားပေါ်ကနေ ပုသိမ်တံတားအလှကို ခံစားရတာလည်း အရသာတစ်မျိုးပါ။ စေတီအတွင်းဘက်မှာ နှီးဘုရားကြီးကို ဖူးမြော်နိုင်ပါသေးတယ်။


မြို့မဈေး

ပုသိမ်မြို့မဈေး ဟာလည်း မြို့ထဲမှာလည်း ရှိနေတော့ အားလုံးရဲ့ အားထားရာလို ဖြစ်နေပြီး အမြဲ စည်ကားနေတယ်။ ဘဏ်နီး၊ ဘုရားနီး နဲ့ ဈေးဝယ်ခြမ်းနေကြတဲ့လူတွေ၊ ပစ္စည်းအသယ်အပို့၊ ကား ဆိုင်ကယ် အကြိုအပို့တွေနဲ့ အတော်ကို စည်ကားနေတတ်ပါတယ်။ မြို့မဈေးမှာရှိနေတဲ့ ချောင်းလေးဆို ကျွန်တော် အသည်းယားတယ်။ လှေလေးနဲ့ ဈေးရောင်းပြီး နိုင်ငံခြားသား စွဲဆောင်ချင်စရာလေး ထင်မိလို့လေ။ ထိုင်းမှာလိုပေါ့။ အင်္ဂလိပ်အစိုးရလက်ထက်ကတော့ အဲ့လို ရည်ရွယ်ခဲ့တယ်လည်း ပြောကြပါတယ်။ ကျွန်တော် ရောက်တုန်းကတော့ ချောင်းလေးက သန့်ပါတယ်။ အရင်က ပန်းဆေးချောင်း ခေါ်တယ်ဆိုလား ပြောပြသံကြားဖူးတယ်။ ရွှေမုဋ္ဌော ဘုရားလာဖူးလို့ လှူမဲ့ပန်းတွေကို ဒီမှာ ဆေးကြလို့ ဆိုလားပဲ။ ခုတော့ မြောင်းလေးလိုပဲ။


ရွှေပြည်သာဈေး

မြို့မဈေးကို တောဈေး၊ ရွှေပြည်သာဈေးကို မြို့ဈေးလို့ ပြောကြသလားပဲ။ ဈေးနှစ်ခုက ရောင်းတဲ့ အသုံးအဆောင်နဲ့ ဈေးရောင်းပုံ ကွာခြားတယ် ဆိုပါတယ်။ ဒါက ဈေးနှစ်ခုရဲ့ ထူးခြားမှုလို့ ဆိုရပါမယ်။


နာရီစင်

ပုသိမ်နာရီစင် ကိုတော့ မြို့တော်ခန်းမ နားက အဝိုင်းမှာ တွေ့ရတယ်။ ဘေးမှာ အားကစားကွင်းလည်း ရှိတယ်။ နာရီစင်ကို အမြဲဂရုတစိုက် ပြင်ဆင်ထားပုံတော့ ရတယ်။ ဘယ်တော့လာလာ သန့်သန့်လေးနဲ့ သစ်သစ်လွင်လွင် ရှိနေတတ်တယ်။ နာရီကို ဟိုးအရင်ကလို မဟုတ်တော့ဘဲ LED display နဲ့ ဒီဂျစ်တယ်နာရီ ဖြစ်နေတာလေးတော့ သဘောမကျဘူး။ အရင်လို နာရီအဝိုင်းလေးတွေကိုပဲ ပိုချစ်မိနေတယ်။


စိန့်ပီတာ ဘုရားကျောင်း

ပုသိမ်မှာ ဘာသာပေါင်းစုံအေးအေးချမ်းချမ်းနေထိုင်ကြပါတယ်။ ခရစ်ယာန်တွေလည်း ရှိတာမို့ ဘုရားကျောင်းတွေလည်း ရှိပါတယ်။ ဒီ ရိုမန်ကတ်သလစ် ဘုရားကျောင်းရဲ့ တည်ဆောက်ထားပုံလေးကတော့ အတော် နှစ်လိုဘွယ်ရာလေးပါ။ ကျွန်တော်လည်း ရောက်တုန်း လည်ပတ် ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်။ ဥမ္မာဒန္တီလမ်း ကနေ ဝင်သွားရပါတယ်။


Royal Lake ပန်းခြံ

တစ်ခုတည်းသော Amusement Park လို့ဆိုရမယ်။ ပုသိမ်မှာ ဒီလိုမျိုးလေး ရှိနေတော့လည်း လူငယ်တွေအတွက် ခေတ်မီမီ ကစားကွင်းမှာ ပျော်ရတာပေါ့။ ပန်းခြံထဲ ဓါတ်ပုံရိုက်ချင်စရာကောင်းအောင် မျိုးစုံ စီစဉ်ပေးထားတယ်။ ရေကန်နဲ့ ကျွန်းလေးတွေရှိတာမို့ ကြိုးတံတားတွေနဲ့ လှလှလေး ပုံဖော်ထားနိုင်တယ်။ ကလေး နဲ့ လူငယ်တွေအကြိုက်ဖြစ်သလို တက္ကသိုလ်နဲ့လည်းနီးတော့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေရဲ့ အပန်းဖြေရာနေရာလည်း ဖြစ်နေပါတယ်။


ကမ်းနားလမ်း

မြို့တော်ခန်းမ နဲ့ Ocean Center ရှေ့မှာ အရင်ကတော့ 3D ပလက်ဖောင်းတွေ ဘာတွေလုပ်ခဲ့သေးတယ်။ ခုတော့လည်း ဆေးတွေ မှိန်ကုန်ပါပြီ။ ဒါပေမဲ့ အဲ့ဒီမှာရှိတဲ့ လေညင်းခံရာနေရာလေးမှာတော့ နေဝင်ချိန်ကြည့်ရင်း မြစ်လေညင်းကို ရှုရှိုက်နိုင်ပါသေးတယ်။


ရေပေါ်ညဈေး

ဒီဈေးကတော့ ပုသိမ်ရောက်ရင် မဖြစ်မနေသွားသင့်တဲ့ ဈေးပါ။ အစားအသောက်စုံတယ်။ ဝယ်စရာလေးတွေလည်း ရှိပါတယ်။ သစ်သီး၊ တုတ်ထိုး၊ အသုတ်၊ အကင်၊ မုန့်၊ အဝတ်၊ တိုလီမုတ်စ အတော်စုံစုံရှိတယ်။ သိပ်တော့ မကြီးလှဘူး။ ဒါပေမဲ့ စည်ကားနေတယ်။ လကုန်ရက်တွေဆို ပိုပြီး စည်စည်ကားကား ရှိတတ်တယ်လို့လည်း သိရတယ်။ အဲ့ဒီရောက်ရင် မြန်မာမုန့်လေးတွေ အားပေးခဲ့ဦး။ အဲ့ဆိုင်က စေတနာကောင်းလို့ ဝယ်ရင် များများပေးတတ်တယ်။ ရေပေါ်ညဈေးလည်ရင်း မြစ်နဲ့ နေဝင်ချိန်အလှကို ခံစားနိုင်သေးတယ်။ ဒီမှာတော့ ထိုင်ခုံလေးတွေပါ ရှိလို့ အေးအေးလူလူ ထိုင်အပန်းဖြေနိုင်တယ်။


ပုသိမ်တောင်ပေါ်လမ်း

စစ်တပ်ရှိတဲ့ဘက်ကို တောင်ပေါ်လို့ ခေါ်ကြတယ်တဲ့။ အဲ့ဘက်က လမ်းလေးတစ်ခုက အရမ်းလှတယ်။ ငွေဆောင်ချောင်းသာဘက်ထွက်တဲ့လမ်းမှာ လမ်းဆုံလေးတစ်ခုကနေ အပေါ်ထောင်တက်သွားရင် စပ်တပ်တွေ ရှိတဲ့ ဘက်ကို ရောက်ပါတယ်။ အဲ့ဒီလမ်းလေးမှာ သစ်ပင်အုံ့ဆိုင်းဆိုင်းနဲ့ ဓါတ်ပုံရိုက်လို့ သိပ်လှပါတယ်။



အခြားလည်ပတ်စရာများ

  • ပုသိမ်ဟိုတယ်မျက်စောင်းထိုးလောက်မှာ ပန်းခြံတစ်ခု ရှိသေးတယ်။ လည်ပတ်သူတော့ သိပ်မတွေ့ရဘူး။ သပ်သပ်ရပ်ရပ်လေး နဲ့ လှနေတယ်။

  • ကိုးသိန်းကိုးသန်းဘုရား ရှိဦးမယ်။

  • မုနိသစ္စာဘုရား

  • မဟာဗောဓိဘုရား

  • ဘုရားကြီးကုန်းဘုရား

  • စန်းစိန့်ကုံး ကမ်းနား အသည်ကြီးရဲစခန်းဘေးကပ်ရက် (နှစ် ၁၅၀ ကျော်သက်တမ်းရှိပါပြီ)

  • ဖုန်းရှင် ဘုရားကျောင်း (အုံယာကုံး ဘိုးတော်ကျောင်း တရုတ်ကျောင်းလမ်း၊ ရှမ်းမြန်မာထမင်းဆိုင်ရှေ့မှာပါ။ သီတင်းကျွတ်ပတ်ချာလည်လောက်ပွဲတော်လုပ်ပါတယ်။ အတော်စည်ကားသလို မြန်မာပြည် အနှံ့က တရုတ်နွယ်ဖွားတွေ လာကန်တော့ကြတယ်။)

  • ကွမ်တေ့ယာ ဘုရားကျောင်း (ပန်းတင်ကုန်း တရုတ်ဘုရားကျောင်းလမ်းမှာပါ။ နာမည်ကျော် ရုပ်ရှင် ဇာတ်ကားတွေဖြစ်တဲ့ Romance Of Three Kingdom တို့ Red Cliff တို့ ထဲ က စစ်သူကြီး ကွမ်းယီ ရဲ့ ကျောင်းပါ။ ပုသိမ်မှာ အရောင်းအဝယ် ကုန်သည်ပွဲစားတွေအတွက် လူမျိုးပေါင်းစုံ အားထားကြတဲ့ကျောင်းပါ။ တစ်နှစ်တစ်ခါ တရုတ်လ ၅လပိုင်း ၁၃ ရက်နေ့ မှာ ပွဲတော် အကြီးအကျယ် လုပ်ပါတယ်။)

  • ကျီလဲ့ကုန်း မိုးနတ်မင်းကျောင်း (ပန်းတင်ကုန်းမှာပါပဲ ဖွင့်တာ သိပ်မကြာသေးပါဘူး။ ၂၀၂၀ မှာပဲဖွင့်တာပါ။ ထူးခြားတာက ဗုဒ္ဒဘာသာမြန်မာဆရာတော် တစ်ပါးက မတည် ဦးဆောင်ဆောက်လုပ်ပေးခဲ့တာပါ။ အလယ်နန်းဆောင်မှာတော့ ဗုဒ္ဒရုပ်ပွားတော်ကြီး ၇ ဆူ ကို တည်ထားကိုးကွယ်ပါတယ်။)

  • နမ်ဖု ကွမ်ယင်းဘုရားကျောင်း (ကျောက်ငူရပ်ကွက်မှာရှိတာပါ)

  • ရီဟို့ကုံး (ချိုက်တုံ) သက်သတ်လွတ်ဘုရားကျောင်း (ဘန့်ဘွေးကုန်းလမ်းမှာရှိပါတယ်။ မုခ်ဦး အရမ်းလှပါတယ်။ ငါးပါးသီလ သားသတ်လွတ်ကျောင်းပါ။)

  • ကမ္ဘာလုံးဘုရားနဲ့ ပုသိမ်ထီးကျောက်တိုင် (နမ်ဖူ ကွမ်ယင်းကျောင်း ကနေ ကမ်းနားဖက်ကို သွားရင် ပုသိမ်မြို့ရဲ့ ကမ်းပြို အစွန်း လေးမှာတည်ထားတာပါ။ လေတဖြူးဖြူးနဲ့ ညနေခင်းရှုခင်းအရမ်းလှပါတယ်)

  • နံသာကုန်းမိုးကုတ်ရိပ်သာကျောင်းထဲက ထိုင်းဘုရား

  • နိကြေဓါဘုရား

  • ပိုလန်ဂိုဒေါင်ကြီးတွေ (ကိုလိုနီခေတ်ကတည်းက ရှိခဲ့ပါတယ်။ ကျောက်ငူရပ်ကွက်က နမ်ဖု ကွမ်ယင်းဘုရားကျောင်းနားမှာပါ။)

  • ပုသိမ်ထီးလုပ်ငန်းတွေ

  • ပုသိမ်တံတား (ညနေ နဲ့ ညဘက်ဆို လူငယ်တွေ ဆိုင်ကယ်တွေနဲ့ လာပြီး အပန်းဖြေကြပါတယ်။)

  • ပုသိမ်ဘူတာ

  • ပုသိမ်တံတားအသစ် (မကြာမီဆို အနီရောင်တံတားလှလှကြီး မြင်ရတော့မယ်)

စတဲ့ နေရာတွေကိုလည်း လည်ပတ်နိုင်ပါသေးတယ်။


ပုသိမ်မြို့မှာ စားကောင်းတာလေးတွေ

မြန်မာထမင်းဆိုင်တွေ

ပုသိမ်မှာ စားကောင်းတဲ့ဆိုင်လေးတွေက မြန်မာဆိုင်လေးတွေ များတယ်။ “ခခကြီးဆိုင်” ရှိတယ်။ သူက ရန်ကုန် - ပုသိမ်လမ်းပေါ် ပုသိမ်ဝင်ပြီး နည်းနည်အကျော်လေးမှာ တစ်ဆိုင်၊ ရွှေမုဋ္ဌောဘုရားစောင်းတန်း တစ်ဘက်မှာ တစ်ဆိုင် ရှိပါတယ်။ ရွှေမုဋ္ဌောဘုရားနားက ဆိုင်ကို ပိုသဘောကျတယ်။ ပြီးတော့ “သီတာ” ဆိုတဲ့ဆိုင်လည်း သဘောကျတယ်။ သီတာ ဆိုင်နဲ့ အနီးမဝေးမှာ “ထီးရိပ်” ဆိုင်ရှိတယ်။ သူ့ကျတော့ ဟိုဆိုင်တွေလို ဟင်းတွေ အများကြီးကနေ ရွေးရတာ မဟုတ်ဘူး။ သူက နေ့စဉ် ရွေးချယ်စရာပြောင်းလဲနေတဲ့ ထဲကမှ ရွေးရတာမျိုး။ စားကောင်းပါတယ်။ နောက်ညွှန်းကြသေးတာက

“ဇွန်ပန်း” ထမင်းဆိုင် နဲ့ “ကြိုဆိုပါ၏” ဆိုင်တွေပါ။ ကြိုဆိုပါ၏ ဆိုင်ကတော့ ခရီးတစ်ထောက်နားရင်းလည်း စားလို့ကောင်းပါတယ်။ ဟင်းအရသာထက် ကျွန်တော်က သူ့ရဲ့ သန့်ပြန့်စနစ်ကျမှုကို ပိုသဘောကျမိတယ်။ Ocean Center အနောက်ဘက်က “ဒေါ်ပေါက်ကြီး” ထမင်းဆိုင် လည်း စားကောင်းလို့တဲ့ လူပြောများပါတယ်။


တရုတ်ထမင်းဆိုင်

တရုတ်စာကောင်းကောင်းဆိုရင် ဈေးလေးရှေ့၊ သိမ်တော်ကြီးလမ်း ပေါ်က “အညာသား”ရန်ကုန် ထမင်းပေါင်း ဆိုင်ဆိုတာလေး အတော်ကောင်းတယ်။ ဈေးလည်း သက်သာတယ်။ အခေါက်အသားကင် ကောင်းသလို၊ တခြားတရုတ်ဟင်းတွေ ငယ်ငယ်က စားရသလိုမျိုး ပြန်စားရတယ်။


အဆာပြေ နဲ့ နိုင်ငံခြားဟင်းလျာ

ဒီလိုတွေအတွက် အဆင်ပြေတာလေးတွေက "Swan Café" ကော်ဖီဆိုင်၊ "Perfect" ဆိုင်၊ "Café Café" ဆိုင်၊ "G7" ဆိုင်တွေ ကောင်းတယ်။ Swan Café က အပြင်အဆင်ဘိုဆန်တယ်။ သူ့ရဲ့ Swan Coffee ဆိုတာက ညဘက် အိပ်ပျော်ဖို့ခက်လောက်အောင် ပြင်းပြင်းနဲ့ အရသာရှိတယ်။ Perfect ဆိုင်ကတော့ Seafood ဗန်းလိုမျိုး ရန်ကုန်စာတွေ စားဖို့ အဆင်ပြေသလို ရှမ်းအရက်နဲ့စပ်ထားတဲ့ Cocktail တွေ သောက်လို့ကောင်းတယ်ထင်မိပါတယ်။ G7 ကတော့ နှစ်ဆိုင်ရှိတယ်။ ရေကူးကန် Gym နဲ့ တွဲဖွင့်ထားတယ်။ G7 ရဲ့ အစားအသောက်တွေ အတော်သဘောကျ ကြိုက်မိတယ်။ Cafe Cafe ဆိုင်ကတော့ လူကြိုက်အများဆုံးဖြစ်မယ်။ လူအမြဲစည်နေတာ သတိထားမိတယ်။ အစားအသောက် ရွေးစရာလည်း စုံပါတယ်။


အိန္ဒိယအစားအစာ

ဒီမှာတော့ ဘာဘူလေး ပဲဟင်းက နာမည်ကြီးတယ်။ ဗိုလ်ဘဌေးလမ်းက ဟိန္ဒူဘုရားကျောင်းဘေးမှာပါ။ ဆိုင်လေးက ခပ်ရိုးရိုးပေမဲ့ ညနေဆို တန်းစီဝယ်ရတယ်တဲ့။ ဒီဆိုင်က ဘဲဥဟင်းလေး ကြိုက်ကြတယ်။ တခြား အကြော်နဲ့ အခြောက်အခြမ်းလေးတွေလည်း တွဲဖက်စားဖို့ ရောင်းပေးသေးတယ်။


မစားမဖြစ် ကော်ရည်

ပုသိမ်ကိုရောက်ရင် မဖြစ်မနေ စားသင့်တဲ့အထဲမှာ ကော်ရည်နဲ့ အသားလိတ်လည်း ပါတယ်။ အများစုကတော့ “လရိပ်ဧ” ဆိုင်ကို ညွှန်းကြတယ်။ လရိပ်ဧ က မြို့ထဲ ဈေးနားက အဝေးပြေးကားတွေထွက်တဲ့နေရာနားမှာ။ ကော်ရည် ကို ခါတိုင်းက လျှာဂျွမ်းပြန် ငါးပိထောင်းနဲ့ စားနေကျမို့ ပုသိမ်ကော်ရည်မှာ ငါးပိထောင်း မစားရတာတော့ အားမရလှဘူး။ ခုနောက်ပိုင်းတော့ တခြားသော ဆိုင်က ကော်ရည်တွေကို ဒေသခံတွေ ညွှန်းလာကြပါတယ်။ “ပန်းမြို့တော်” ရဲ့ ကော်ရည်ကိုလည်း ပိုကြိုက်ကြသူတွေလည်း ရှိပါတယ်။ ပန်းမြို့တော် ကော်ရည် က ပန်းကန်သေးပြီး နည်းတယ်လို့ ပြောကြပါတယ်။ “ချမ်း” လက်ဖက်ရည်ဆိုင်က ကော်ရည် လည်း သဘောကျသူတွေ ရှိပါတယ်။ သစ္စာလမ်း က “အေသင်” ကော်ရည် ကိုလည်း ကြိုက်ကြပြီး ဝက်သားလုံးကော်ရည် လိုမျိုး ရတယ်လို့ သိရပါတယ်။ “ကိုမြသိန်း” ကော်ရည်ဆိုင် ကိုလည်း ညွှန်းကြပါတယ်။ ရွက်ဝါဘေး အောင်သုခလမ်းက ဆိုင်လို့ ဆိုပါတယ်။ ငါးဖယ်လုံးနဲ့ ဝက်နံရိုးကြော်လည်း ကောင်းပါတယ်တဲ့။ ထောင်ကုန်းလမ်းထဲက ကော်ရည်လည်း ညွှန်းကြပါတယ်။ ကော်ရည်ထဲ ငါးဖယ်လုံးလေးတွေ ပါတယ်တဲ့။


ထောင်ကုန်းမုန့်ပြားကြီး

ကျွန်တော်လည်း အတော်ထူးဆန်းမယ်မှတ်ပါတယ်။ မုန့်ပြားကြီး စားဖူးအောင် ရှာစားဖြစ်တယ်။ ဘိန်းမုန့်နဲ့ အရသာ အတူတူပါပဲ။ ရန်ကုန်ဘိန်းမုန့်တွေထက် နည်းနည်းပြားပြီး အပြားခပ်ကြီးကြီး ဖြစ်နေတာတစ်ခုပါပဲ။ ဒီဆိုင်လေးက နာမည်ကြီးပါ။ သစ္စာလမ်းထောင့်မှာ ရှိပါတယ်။ ရိုးရိုးလမ်းဘေးကဆိုင်လေးပေမဲ့ အမြဲ ဝယ်သူ စည်နေတတ်တယ်။ အရသာလည်း တကယ်ရှိပါတယ်။


တခြား စားကောင်းတာလေးတွေ

ဒါ့အပြင် ပုသိမ်မှာ စားကောင်းတာလေးတွေက “ထိပ်တန်း” ဆိုင်က မလေးရှားခေါက်ဆွဲ၊ Ocean Center နောက်က “Cherry Koe” ဆိုင်က တို့ဟူးနွေး၊ “ရွာသစ်” မုန့်ဟင်းခါး၊ “ကိုဘိတ်ကြီး” မုန့်ဟင်းခါး၊ “အညာသား” မုန့်ဟင်းခါး၊ ဈေးကြီးရှေ့ ဦးမူဓမ္မရုံ အတွင်းက မုန့်ဟင်းခါး၊ ခြင်းလုံးရုံက ကွေ့တီယို နဲ့ ရှမ်းခေါက်ဆွဲ၊ “Thai Food” က ကွေ့တီယို၊ “စွမ်းစွမ်း” က သင်္ဘောသီးထောင်း၊ “ရွှေဧရာ” ဒံပေါက်၊ “မိုးပုလဲ” ဒံပေါက်၊ တောင်ပေါ် အကြောင်ဆိုင်၊ “ခင်အောင်” ထမင်းကြော်ဆိုင် (တရုတ်ကျောင်းလမ်း)၊ ဘူတာနားက ညဘက်ဖွင့်တဲ့ ထမင်းကြော်ဆိုင်၊ ကုလားကုန်းဈေးက အီကြာကွေးသေးသေးလေးတွေ နဲ့ ဆိတ်သားပဲဟင်း၊ “SPY” အဝစား ၄၀၀၀ ဆိုင်၊ စတဲ့ စတဲ့ ဆိုင်တွေကိုလည်း ဒေသခံတွေ အကြိုက်တွေ့ကြတာမို့ ညွှန်းကြပါသေးတယ်ဗျာ။

Hot Pot နဲ့ B.B.Q ဆိုလည်း LuLar ဆိုင်လေး ကို ညွှန်းချင်တယ်။ အသားတွေလည်း ကောင်းပြီး စေတနာပါတာ တွေ့ရတယ်။ စားလည်း ကောင်းတယ်။ တောင်ပေါ်လမ်းအတိုင်းသွားပြီး ငွေဆောင်လမ်းခွဲဘက်ထိ ထွက်ရပါတယ်။ အဲ့နားမှာပဲ အသစ်ဖွင့်တာမကြာသေးတဲ့ ကျုံကူးသူစားဖွယ်စုံ ဆိုင်ကလည်း အကြီးကြီးနဲ့ စိတ်ဝင်စားစရာပါ။ ပုသိမ်မြစ်ရဲ့ လေညင်းခံရင်း လောကနန္ဒာဘုရားကို မြင်တွေ့လို့ စားသောက်နိုင်မဲ့ဆိုင်က ပုသိမ်ကြိုးတံတားအောက်က River View စားသောက်ဆိုင်ပါ။


ပုသိမ်မြို့မှာ တည်းစရာ

ဟိုတယ်ဆိုရင် ခုတော့ ရွေးချယ်စရာတွေ ပိုပိုများလာပါတယ်။ Shekinah Hotel ကတော့ ကျွန်တော် သဘောအကျဆုံးပါ။ အပေါ်ထပ်မှာ ရေကူးကန်ကြီးလည်း ပါဝင်ပြီး မနက်စာ ကို အပြင်ကိုကြည့်ရင်း စားရတဲ့ အရသာ သဘောကျမိပါတယ်။ အခန်းလေးတွေလည်း သန့်ပြန့်ပြီး အဆင်ပြေတယ်။ ဝန်ထမ်းတွေလည်း ဖော်ရွေကြတယ်။ ညဘက် ရေကူးကန်ဘေး ထိုင်ရင်း ဘီယာလေး သောက်လို့ ကောင်းကင်ကျယ်ကြီး ကြည့်ရတာကို ခုထိ သတိရနေဆဲပဲ။ မနက်စာ ဘူဖေးကလည်း ရွေးစရာတွေ များပြီး စားကောင်းလိုက်တာ ဆိုတာလေ။

တခြားဟိုတယ်တွေ ထဲကဆို ခန်းမတွေ ဘာတွေနဲ့ အဆင်ပြေတာက Swen Hotel ပေါ့။ ကားပါကင်ရော၊ မနက်စာဘူဖေးရော၊ အခန်းပုံစံနဲ့ အသုံးအဆောင်တွေရော ကောင်းပါတယ်။ ဈေးအားဖြင့်တော့ ၄ သောင်းဝန်းကျင်ပါ။ ပုသိမ်ဟိုတယ် လည်း ပြန်ပြင် ဖွင့်ထားပြီ သိရတယ်။ KTV လည်းရှိတယ်ဆိုလားပဲ။ မြို့ထဲက Centro City Hotel လည်း အဆင်ပြေပါတယ်။ ဝန်ဆောင်မှုလည်း ကောင်းပါတယ်။ အခန်းလည်း သန့်ပါတယ်။ ဈေးကလည်း ၂သောင်းခွဲ၊ ၃သောင်း ဝန်းကျင်ပါပဲ။ Hotel Lavender လည်း ရှိပါသေးတယ်။ Roof Top Bar မိုက်မိုက်လေး နဲ့ ပျော်ရတာက Hotel Lonkan ပါ။ သူက မြို့အထွက်ဘက် ပုသိမ်လမ်းပေါ်မှာရှိပါတယ်။ သူလည်း နေလို့ အတော် အဆင်ပြေတဲ့ ဟိုတယ် တစ်ခုပါ။


အမှတ်တရလက်ဆောင်ဝယ်မယ်

ပုသိမ်ဆိုတာနဲ့ ပုသိမ်ထီး က ခေါင်းထဲ ပေါ်လာပြီးသား ပုသိမ်ထီးက ခုဆိုရင် ထီးအဝိုင်းပုံအပြင် လေးထောင့်တွေ၊ ၆ ထောင့်၊ ၈ ထောင့်တွေပါ အမျိုးမျိုး ဆန်းသစ်လာတယ်။ အိမ်အလှဆင်ဖို့ ပုံစံစုံ အရွယ်စားအစုံပါ ရလာနိုင်တယ်။

နောက်သတိရကြတာက ဟာလဝါ ပေါ့။ ဟာလဝါ အစို၊ အခြောက် တွေ ဝယ်နိုင်တယ်။ တံဆိပ်စုံကို နှစ်သက်ရာ ဝယ်ကြတာပါပဲ။ “ရွှေမြင်းပျံ” ကတော့ ဆိုင်ကြီးခမ်းနားတာရော၊ ကားတွေရပ်ကြတာများတာရောကြောင့် သိကြပြီးသားပါ။

ပြီးရင် သရက်တောထိုးမုန့်ကိုလည်း ဒီမှာ ဝယ်ကြပြန်တယ်။ အဖြူ နဲ့ အညို ရှိတယ်။

ဝက်အူချောင်းလည်း ဝယ်ကြပါတယ်။ ပုသိမ်ထဲမှာဆိုရင် ဘွက်ကြီးတန်းလမ်းထဲက ဒေါ်ကျင်မြ ဝက်အူချောင်း၊ နယူးဇီးဘိန်း ဝက်အူချောင်း၊ ပေါက်ပေါက် ဝက်အူချောင်းတွေ နှစ်သက်ရာကို ဝယ်ယူနိုင်ပါတယ်။ ရန်ကုန်ပြန်ရင် လမ်းမှာ ဒါးကမြို့ ဆိုတာ ရှိတယ်။ အဲ့ဒီက “ဒေါ်စာမ” ဝက်အူချောင်းလည်း စားကောင်းပါတယ်။


ဒီလောက်ဆို ပုသိမ်မြို့ကို အလည်သွားချင်သူတွေအတွက် လုံလုံလောက်လောက် ဖြစ်မယ်ထင်ပါတယ်ဗျာ။ ကျွန်တော် ကြိမ်ပေါင်းများစွာရောက်ဖူးခဲ့ပေမဲ့ တစ်ကြိမ်တည်းနဲ့ နေရာစုံစုံ မသွားဖြစ်ခဲ့တဲ့ ပုသိမ်ကို ဒီတစ်ခါတော့ အချိန်တိုအတွင်း လည်ပတ်ဖို့ အဆင်ပြေ မပြေ သေချာ လည်ပတ်လေ့လာဖြစ်ခဲ့ပါတယ်။ ပုသိမ်ကို ရောက်တိုင်းလည်း ကျွန်တော့ မမ ပုသိမ်သူ ဆိုတဲ့ သီချင်းလေးကို ကြားယောင်ရင်း ဥမ္မာဒန္တီလို အချောအလှတွေ ရှိမလားလို့ ပုသိမ်မြို့ကို ပတ်ကြည့်မိနေပါတယ်ဗျာ။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။

Photo :: Thiha Lu Lin, Min Hsann, Pyae Phyo Kyaw

Camera :: SONY Alpha 7II with 16 - 35mm & 85mm Lens

Photos are modified in Lightroom by Thiha Lu Lin.

2,328 views0 comments
bottom of page