ကျွန်တော် အညာဒေသတွေ လည်ဖို့ပတ်ဖို့ စိတ်ဝင်စားမှုနည်းတာ အမှန်ဝန်ခံပါတယ်။ အဓိကက ရာသီဥတု ပူတယ်၊ ခြောက်သွေ့တယ်ဆိုတာကို လန့်တာပေါ့ဗျာ။ တကယ်တမ်း အညာဘက် ရောက်သွားတဲ့အခါမှာ ကျွန်တော် သွားလာနေကျ တောင်ပေါ်ဒေသတွေနဲ့ မတူ ကွဲပြားတဲ့အတွေ့အကြုံ၊ ဓလေ့စရိုက်တွေကို လေ့လာတွေ့ကြုံခွင့်ရခဲ့ပါတယ်။ အခုလည်း ပခုက္ကူမြို့ ကို ရောက်ခဲ့တော့ ရုတ်တရက်ကြည့်ရင် လည်ပတ်စရာ နည်းပါးတယ်လို့ ထင်ရပေမဲ့ လည်ပတ်သွားလာလို့ ကောင်းတဲ့ မြေလတ်ပိုင်းမြို့လေးအဖြစ် သဘောကျမိသွားခဲ့ပါတယ်။ မြို့အဝင် ဧရာဝတီတံတားရှည်ကြီးကိုက စွဲဆောင်မှုတစ်မျိုး ပေးနေတယ်လို့ ထင်ပါတယ်။
သားထုတ်ဂူ ကနေ ပခုက္ကူ
သူ့ရဲ့ မြို့အမည် ဖြစ်ပေါ်လာပုံလေးကတော့ အဆန်းသား။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်း ဖောင်စီးပြီး တိုင်းခန်းလှည့်လည်တုန်း ပခုက္ကူ ဧရာဝတီတံတားအနီးက ပေါက်အင်းရွာ ရောက်တော့ တံငါသည်ယောကျ်ားတစ်ဦးကို အလောင်းစည်သူမင်းရဲ့ ကိုယ်လုပ်တော် မယ်စိမ်းညို က သည်းသည်းလှုပ် သဘောကျသွားပြီး အနေအထိုင်မတတ်ဖြစ်သွားလို့ မင်းကြီးက အမျက်ရှသွားတယ်။ အဲ့ဒီအချိန်မှာ မယ်စိမ်းညို မှာကလည်း ကိုယ်ဝန်ကြီးနဲ့။ ဒါပေမဲ့လည်း အမျက်ရှလို့ အပြစ်ပေးခံရတော့ လက်လွန်သွားလို့ မယ်စိမ်းညို နဲ့ ဗိုက်ထဲက ကလေး လွန်သွားကြရှာတယ်။ အဲ့ဒီတော့မှ ဗိုက်ထဲက ကလေးသေ ကို ခွဲထုတ်ပြီး အုတ်ဂူနဲ့ စေတီငယ်တစ်ဆူ တည်လိုက်တယ်။ အဲ့ဒီနေရာကို သားထုတ်ဂူ လို့ နာမည်ပေးခဲ့တယ်။ အဲ့ဒီနာမည်ကို အစွဲပြုပြီး ဒီအရပ်ကို သားထုတ်ဂူလို့ ခေါ်ခဲ့ကြတယ်။ ကြာတော့ ပခုက္ကူ ဆိုပြီး ဖြစ်လာတယ်လို့ ဖတ်မှတ်ဖူးပါတယ်။
ပခုက္ကူ ကို လည်လည်သွားဖို့
ပခုက္ကူမြို့ကို အလည်လာလိုသူတွေအနေနဲ့ ပုဂံ ညောင်ဦးကို လာရင်း လာလည်သင့်တယ်လို့ ညွှန်းချင်ပါတယ်။ လေယာဉ်နဲ့ဆိုရင် ညောင်ဦးလေဆိပ်ကနေ ၄၅ မိနစ်လောက် ကားစီးလာရင် ရောက်တယ်။ ဆိုတော့ ပုဂံကို အလည်သွားရင်း ဝင်ရောက်လည်ပတ်နိုင်တယ်ပေါ့ဗျာ။ အဝေးပြေးကားတွေလည်း ရှိသလို သင်္ဘောစီးပြီးလည်း လာလည်နိုင်တယ်လို့ သိရပါတယ်။ ချင်းပြည်နယ်တောင်ပိုင်း နတ်မတောင် သွားလည်တဲ့သူများလည်း ဝင်ရောက်လည်ပတ်နိုင်တဲ့ မြို့ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ပုဂံ ကို အလည်သွားရင်း တစ်နေ့တာ သွားရောက် လည်ပတ်ဖြစ်ခဲ့တာပါ။
ဘာကြောင့် ပခုက္ကူကို လည်သင့်သလဲ
အဓိက အကြောင်းရင်းက ပခုက္ကူမြို့ဟာ ပုဂံဒေသရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်နေတာကြောင့်ပါ။ ပုဂံမြို့ဟောင်း နဲ့ ပခုက္ကူဆိုတာ ဧရာဝတီမြစ်ကြီးပဲ ခြားနေတာဖြစ်ပါတယ်။ ပုဂံကိုလာတိုင်း စွယ်တော်လေးဆူ နေ့ချင်းဖူးကြတဲ့အထဲ မြစ်ကူးပြီး ဖူးမြော်ရတဲ့ တန့်ကြည့်တောင် ဟာ ဒီ ပခုက္ကူဘက်မှာ ရှိနေတာက သက်သေပါပဲ။ ပခုက္ကူမှာလည်း ရှေးဟောင်းအမွေအနှစ်တွေကို လေ့လာစရာနေရာတွေ ရှိနေပါတယ်။
ပခုက္ကူမှာ လည်ပတ်စရာ
မြို့က သေးငယ်တဲ့အတွက် များများစားစား အချိန်ပေးစရာ မလိုဘဲ နေရာစုံကို ရောက်နိုင်ပါတယ်။ အနီးဝန်းကျင်က ရွာတွေဆီ အချိန်နည်းနည်းပေးပြီး သွားနိုင်ရင် ပိုပြီး တန်ဖိုးရှိတဲ့ သမိုင်းအမွေအနှစ် လည်ပတ်စရာတွေနဲ့ အညာဓလေ့တွေကို မြင်တွေ့ကြရဦးမှာပါ။ လည်ပတ်စရာနေရာလေးတွေ ကြည့်လိုက်ရအောင်…
ရွှေကူမြတ်စွာဘုရား နဲ့ သားထုတ်ဂူ
ပခုက္ကူဆိုတဲ့ ဒေသအမည်ထွက်ပေါ်လာရာရဲ့အစ သားထုတ်ဂူ ဟာ ဒီ ရွှေကူဘုရားမှာ ရှိနေတာပါ။ သားထုတ်ဂူ ရှိလို့ အရင်က ရွှေဂူဘုရားလို့ ခေါ်ခဲ့ပြီး နောက်တော့ ရွှေကူ ဖြစ်သွားပါတယ်။ ရွှေကူ ဘုရားစောင်းတန်းအဝင်မှာ ဘုရားပန်း၊ ဘုရားစာအုပ်တွေနဲ့ ဒေသထွက်လက်ဆောင်ပစ္စည်းတွေ ရောင်းချတဲ့ဆိုင်တွေ ရှိပါတယ်။ မြန်မာ့အနုသုခုမ လက်ရာမြောက် တန်ဆောင်းပြသာဒ်တွေကတော့ မီးသင့်တုန်းက ပါသွားခဲ့တာကတော့ နှမျောစရာကောင်းပါတယ်။ ဒါပေမဲ့ ဒီရွှေကူဘုရားမှာ ကမ္ဘာ့အံ့ချီးစရာ ပန်းပုလက်ရာ တံကဲတော်ပလ္လင်တစ်ခု ရှိပါတယ်။ ဒါကို လေ့လာနိုင်တာနဲ့တင် ဒီကို လာရတာ တန်ပါတယ်။ တံကဲတော် ဆိုတာက ဘုရားဆင်းတုအတွက် ထုလုပ်ထားတဲ့ ပလ္လင် နဲ့ ဘေးဘောင်တစ်ဆက်တည်း ရှိတဲ့ သစ်ပင်တစ်လုံးတည်းကို ဇာတ်တော်တွေ ထုဆစ်ထားတဲ့ မြန်မာ့လက်မှုပညာတွေနဲ့ ဖန်တီးမှုတစ်ခုပါ။ သစ်တစ်လုံးထဲကို ဇာတ်တော်တွေ ပေါ်လာအောင် ထူးခြားတဲ့ ပစ္စည်းတစ်မျိုးသုံးပြီး အတွင်းအဖုအရစ် အထွင်းအထု အဖောင်းအကြွတွေကို ဖန်တီးထားတယ်။ လေးနှစ်အချိန်ယူပြီး ဖန်တီးထားတဲ့ အဆင့်မြင့်လက်ရာကို မြင်တွေ့ကြရမှာပါ။ ဒီမှာ ရှင်းပြပေးတဲ့ အဘွားတစ်ဦး ရှိပါတယ်။ တံကဲတော်နဲ့ ဆက်စပ်တဲ့ သမိုင်းကြောင်း အစအဆုံးကို တစ်ဖွဲ့ချင်းဆီ သေချာ ရှင်းပြပေးတတ်ပါတယ်။
ဒီ ရွှေကူဘုရား ဝန်းထဲမှာပဲ နည်းနည်းလှည့်ပတ်ကြည့်ရင် သားထုတ်ဂူစေတီကို တွေ့ရပါမယ်။ နီးလျက်နဲ့ဝေးနေတဲ့ စေတီပါ။ ရင်ပြင်ထဲမှာပဲ ရှိပေမဲ့ ပျောက်သလို ဖြစ်နေပါတယ်။ ကျွန်တော်တောင် အဲ့ဒီစေတီကြီး ဘေးမှာထားပြီး ဂေါပကလူကြီးတစ်ယောက်ကို သားထုတ်ဂူစေတီ ရှာမတွေ့လို့ လို့ မေးတော့ သူက ရယ်ပြီး ဒီဟာပဲ လို့ လက်ညှိုးထိုးပြရတယ်။ သားထုတ်ဂူ ဆိုတဲ့ ကျောက်ပြားစိုက်ထားတဲ့ နေရာရှိပေမဲ့ စေတီကို ပတ်ထားတဲ့ အုတ်တံတိုင်းအနိမ့်လေးက အရမ်းကပ်ပြီး ဖုံးထားလို့ ရုတ်တရက်ဆို မမြင်ရဘူး။ စေတီက ကျဉ်းကျဉ်းကျုပ်ကျုပ် ရှိလှပါတယ်။
ရွှေကူဘုရား က ဗိုလ်ချုပ်လမ်းပေါ်မှာ တည်ရှိပါတယ်။ ဘေးကပ်လျက်မှာလည်း နောက်ထပ် စေတီတစ်ဆူ ရှိပါသေးတယ်။ အဲ့ဒီကနေ ရှေ့ဆက်သွားမယ်ဆိုရင် ဖောင်တော်ဦး ဘုရားကို ရောက်မှာပါ။
ဖောင်တော်ဦးဘုရား
ဒဏ္ဍာရီလိုလို သမိုင်းလိုလို အရတော့ အလောင်းစည်သူမင်းကြီးက မြင့်မိုရ်တောင် အလည်အပတ်ခရီးကနေ ပြန်လာတော့ သီဟိုဠ်ဘုရင်က ဗုဒ္ဓရုပ်ပွားတော် ဆက်သလိုက်တယ်။ အဲ့ဒီ ရုပ်ပွားတော်ကို ပင့်ဆောင်လာပြီး ဧရာဝတီမြစ်အတိုင်း ဆင်းလာတော့ စောစောက ကံကုန်သွားတဲ့ မယ်စိမ့်ညိုနတ်က ကိုယ်ထင်ပြပြီး တောင်းပန်လာလို့ ဖောင်တော် ခဏရပ်ခဲ့ရတယ်။ ဒါကို အစွဲပြုပြီး ဖောင်တော်ရပ်နားခဲ့တဲ့နေရာမှာ စေတီတစ်ဆူ တည်ခဲ့တယ်။ စေတီရဲ့ ဖွဲ့စည်းပုံက တခြားစေတီတွေနဲ့ မတူဘူးလို့ ခံစားရတယ်။ ဟိန္ဒူဘက် နည်းနည်းနွယ်တဲ့ အဆောက်အဦးပုံစံကို သတိပြုမိတယ်။ ဘုရားရင်ပြင်က ကျဉ်းတယ်။ အောင်မြေ နင်းချင်သူတွေအတွက် အောင်မြေရှိတယ်။ ဒါပေမဲ့ မြေဆိုတာ အတော် ရှာယူရတယ်။ အထဲမှာ စက်နဲ့လည်တဲ့ အရုပ်လေးတွေ ရှိတယ်။ ငယ်ငယ်တုန်းကဆို သိပ်သဘောကျတာ အဲ့ဒီ အရုပ်လေးတွေကိုလေ။ အကြွေစေ့ ပစ်ပြီး လှူခဲ့ဖူးတယ်။ ဘုရားဝန်းထဲမှာ နေရာကျယ်လို့ ကားရပ်ဖို့ အဆင်ပြေတယ်။
ဖောင်တော်ဦးဘုရားကလည်း သီတာလမ်းပေါ်မှာပဲ တည်ရှိပြီး အဲ့ဒီကနေ ဖောက်ထွက်လို့ မြို့မလမ်းကို တက်ပြီး တံတားကူးရင် ရွှေမုဌောဘုရားကို ရောက်နိုင်တယ်။
ရွှေမုဌောဘုရား
မြို့မလမ်းအတိုင်း ဆင်းလာရင် ရွှေချောင်းတံတား (၁) ကို ဖြတ်ပြီး ရွှေမုဌောဘုရားကို သွားနိုင်ပါတယ်။
ပခုက္ကူမှာ အသောကမင်းကြီး တည်ထားတဲ့ မုဌော ကိုးဆူ ရှိပါတယ်။ ရှင်မတောင်၊ မအူရွာ၊ ရေစကြိုမြို့၊ မြိုင်မြို့၊ ပခုက္ကူမြို့၊ ချောက်တောင်ရွာ၊ တန့်ကြည့်တောင်၊ ရွှေပေါင်လောင်၊ ကမ္မရွာဂေါတမ တို့ပါ။ အခု ပခုက္ကူရွှေမုဌော ဟာလည်း အသောကမင်းကြီးတည်ထားတဲ့ မုဌော ကိုးဆူ ထဲက တစ်ဆူ ဖြစ်ပါတယ်။ ဒီနေရာကိုတော့ လူငယ်တွေ အလာများပြီး ဘုရားဖူးရင်း ဧရာဝတီမြစ်ရဲ့ အလှကို ငေးကြည့်နိုင်တဲ့အတွက်ပဲ ဖြစ်ပါတယ်။ သောင်ထွန်းတာ၊ လယ်ကွင်းစိုက်ခင်းတွေရဲ့အလှ၊ မြစ်နဲ့ တံတားတွေ အားလုံးကို သေချာမြင်တွေ့နိုင်တဲ့နေရာဖြစ်တဲ့အပြင် စားသောက်စရာ မုန့်ဆိုင်လေးတွေလည်း ရှိနေတာမို့ အပျော်ဘက်နွယ်ပြီး လာကြတာ များပါတယ်။ အဲ့ဒီက အညာအသုပ်ဆိုင်လေးဆို ကြိတ်ကြိတ်တိုး စားနေကြတာ။ ဒီဒေသဝန်းကျင်မှာပဲ ရနိုင်မဲ့ အရွက်၊ အသီး၊ အပွင့်တွေကို ရာသီအချိန်အခါအလိုက် စီစဉ်ရောင်းချကြတော့ ခရီးသွားတွေကြား နာမည်ကြီးတယ်။ ကျွန်တော်တောင် အရင် မစားဖူးသေးတဲ့ အရွက်နဲ့ အပွင့်သုပ်လေးတွေ စားခဲ့သေးတယ်။ သွားတုန်းက သခွပ်ပွင့်၊ သမုန်း၊ ကြောင်လျှာပွင့်၊ မြူရွက်၊ ရေနတောင်း၊ ငှက်ပျောဖူး အသုပ်လေးတွေ စုံစိနေအောင် ရတယ်။ စားကြည့်တော့ တစ်မျိုးနဲ့တစ်မျိုး အရသာတော့ သိပ်မကွဲလှဘူး။ အရွက်နဲ့ အပွင့်တွေမှာ သူ့ ကောင်းကျိုး အာနိသင်လေးတွေ ရှိတော့လည်း စားဖြစ်အောင်တော့ စားကြည့်ခဲ့တယ်။ သူ့အရသာလေး ပိုပေါ်အောင် သုပ်ပေးနိုင်ရင် ပိုကောင်းမယ်လို့ ယူဆမိတယ်။
သီဟိုဠ်ရှင်ဘုရား
ပခုက္ကူဆိုတာနဲ့ မြန်မာဗုဒ္ဓဘာသာတိုင်း အရင်မြင်ကြတာက သီဟိုဠ်ရှင် ဘုရားပါ။ သီဟိုဠ်ဘုရင်က အလောင်းစည်သူမင်းကြီးကို ဆက်သခဲ့တဲ့ ရပ်တော်မူရုပ်ပွားတော်ကို ဖူးမြင်လိုကြသူတွေ တကူးတက လာရောက်ခဲ့ကြပါတယ်။ သစ် (၁၀) မျိုး ကို ပေါင်းစပ်ထုလုပ်ထားတဲ့ ရုပ်ပွားတော်ဖြစ်ပြီး အခုချိန်မှာတော့ ရပ်တော်မူ (၃) ဆူ အနက် အလယ်အဆူဟာ သီဟိုဠ်လက်ရာအစစ်ဖြစ်ပါတယ်။ ဒီ သီဟိုဠ်လက်ရာ ရုပ်ပွားတော် ရဲ့ ထူးခြားချက်ကတော့ မူလသီဟိုဠ်အရပ်ကို ပြန်ပြန်ကြွသွားတတ်ပါပဲ။ ဒါကြောင့် သံခြေကျင်း ခတ်ထားရတယ်လို့ ဆိုပါတယ်။ ကျွန်တော်တော့ သတိမထားမိခဲ့ပါဘူး။ ဒီမှာလည်း တံကဲတော်ကြီး တစ်ခု ရှိခဲ့ပေမဲ့ မီးသင့်သွားလို့ နှမျောစရာ ပျက်စီးဆုံးရှုံးသွားခဲ့ရပါတယ်။
ဒီဘုရားအနီးမှာတော့ လက်ဆောင်ပစ္စည်းဆိုင်တွေ အရမ်းများပြားစည်ကားပါတယ်။ သနပ်ခါးတုံးရောင်းတဲ့ဆိုင်တွေ အတော်များပါတယ်။ ယိုစုံရောင်းတဲ့ဆိုင်နဲ့ စားသောက်ဆိုင်လေးတွေလည်း ရှိပါတယ်။ ပြီးတော့ မုန့်ပေါင်း ဆိုင်လေးတွေလည်း ရှိတယ်။ အချိန်နဲ့ရောင်းတာ။ အဲ့ဒါလေးတွေလည်း ဒီဒေသရဲ့ ရိုးရာအစားအစာလို ဖြစ်နေတော့ အားပေးဝယ်စားကြည့်နိုင်ပါတယ်။
ဒီနေရာတွေကတော့ လွယ်လွယ်ကူကူ ပခုက္ကူမြို့အနီးအပါးလည်ပတ်နိုင်မဲ့နေရာတွေပါ။ နည်းနည်းခပ်လှမ်းလှမ်းကို သွားမယ်ဆိုရင် ဒီနေရာတွေကို လည်ပတ်သွားလာနိုင်ပါသေးတယ်။
တန့်ကြည့်တောင်ဘုရား
ဧရာဝတီတံတား ကနေ ၃၂ မိုင်သွားရပါတယ်။ အနော်ရထာမင်းကြီးတည်ထားတဲ့ တန့်ကြည့်တောင် စွယ်တော်မြတ်စေတီပါ။ သီဟိုဠ်ကနေ ပင့်လာတဲ့ စွယ်တော်ပွာားကို တည်ထားတာ ဖြစ်ပါတယ်။ ပုဂံ ရဲ့ နေ့ချင်းဖူး ဆုတောင်းပြည့် စွယ်တော်လေးဆူ ထဲက တစ်ဆူ ဖြစ်ပါတယ်။
ရွှေတန့်တစ် သရက္ခန်စေတီတော်
ဧရာဝတီတံတားကနေ ၇ မိုင် သွားရပါမယ်။ ခြင်္သေ့ရုပ်အကြီးကြီး နှစ်ကောင်က ဒီစေတီရဲ့ ထူးခြားတဲ့ အမှတ်အသားတစ်ခုပါ။ ဒီစေတီထဲမှာ သရက္ခန်ရုပ်ပွားတော် ကို ကိန်းဝပ်စံပယ်စေပါတယ်။ ဒီစေတီမှာပဲ သုံးနှစ်ကျော်ကြာ ထုလုပ်ထားတဲ့ ပန်းသုံးထပ်ကနုတ်တံကဲပလ္လင်တစ်ခုကိုလည်း လေ့လာနိုင်ဦးမှာပါ။
ဆင်ကြို့ရွှေကူဘုရား
ဧရာဝတီတံတားကနေ ၁၅ မိုင် သွားရပါတယ်။ သရက္ခန်ရုပ်ပွားတော် ငါးဆူထဲက နောက်ထပ်တစ်ဆူကို ဒီ ဆင်ကြို့ရွှေကူဘုရားမှာ ဖူးမြင်နိုင်ပါတယ်။
ပခန်းကြီး စည်သူရှင် မြတ်စွာဘုရား
သနပ်ခါးဈေးတန်းလေးနဲ့အတူ ပခန်းကြီး စည်သူရှင် မြတ်စွာဘုရားကို ရောက်တော့ ယုံကြည်သက်ဝင်သူတို့က သရက္ခန်ဗုဒ္ဓဆင်းတုတော်လေးကို ခေါင်းထက်တင်ပြီး ဆုတောင်းနေကြတာ တွေ့လိုက်ရတယ်။ သိကြားမင်းက အလောင်းစည်သူမင်းကြီးကို ဆက်သလိုက်တဲ့ သရက္ခန်ရုပ်ပွားတော် (၅) ဆူထဲက ပထမသရက္ခန်ရုပ်ပွားတော် က ဒီနေရာကို ရာဂဗလဆင်တော်နဲ့ ရောက်လာတာမို့ မြန်မာသက္ကရာဇ် ၄၈၀ မှာ စေတီတည်လို့ ကိန်းဝပ်စေခဲကြောင်း ဖတ်ရပါတယ်။ အဲ့ဒီကြောင့်လည်း ဘုရားက စည်သူရှင်ဘုရားရယ်လို့ ဘွဲ့တော် တွင်တာပါ။
ပခန်းကျောင်းတော်ကြီး၊ ပခန်းကြီးရွာ၊ ပခန်းကြီးမြို့ရိုးတံခါး နဲ့ ရွှေဥမင်ကျောင်းတော်ကြီး
ပခန်းကြီးမြို့ဟောင်း ဒါမှမဟုတ် ပခန်းကြီးရွာကို ပခုက္ကူကနေ မိုင် ၂၀ လောက် သွားရပါတယ်။ ပခန်းမြို့ဟောင်း ကို လေ့လာနိုင်သလို၊ ပခန်းစည်သူရှင်မြတ်စွာဘုရား (သရက္ခန်ရုပ်ပွားတော် တစ်ဆူရှိ) နဲ့ လူတို့ဖက်လို့ တစ်ဖက်မမီတဲ့ ကျွန်းတိုင်လုံးကြီးပေါင်း ၂၅၄ လုံး နဲ့ တည်ဆောက်ထားတဲ့ ပခန်းဘုန်းတော်ကြီးကျောင်း ရဲ့ ဗိသုကာလက်ရာတွေကို လေ့လာနိုင်ပါသေးတယ်။ အတော်လေး ဓါတ်ပုံရိုက်ဖို့လှတယ်။ တစ်ခုပဲ အဲ့ဒီကျောင်းက တောင်းရမ်းတဲ့ ကလေး၊ လူကြီးတွေကတော့ ဧည့်သည်တွေအတွက် အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်စေတယ်။ ကလေးတွေ အတောင်းကြမ်းချက်က ဓါးမြတိုက်သလားဘဲ၊ မသိရင် ကိုယ်မွေးပြီး ပစ်ထားတဲ့ လေသံမျိုးနဲ့။ ဒီကျောင်းကြီးနောက်က ဘုန်းကြီးကျောင်းမှာ စိတ်ဝင်စားစရာ ကိုကြီးကျော်ရဲ့ ရွှေသေတ္တာ၊ ငွေသေတ္တာတွေ ရှိသေးတယ်။ ဆရာတော်တွေထံ ခွင့်တောင်းပြီးတော့ ကြည့်လို့ရပါတယ်။ ဒါ့အပြင် ပုဂံရဲ့ ဟန်မပျောက်တဲ့ ပခန်းကြီးမြို့ဟောင်းမြို့ရိုးတံခါး ကိုလည်း သွားရောက်လေ့လာနိုင်ပါသေးတယ်။ အဲ့ဒါကတော့ လမ်းတင် သွားရင်း တွေ့ပါလိမ့်မယ်။ သတိတော့ ထားရတယ်။ ကျော်သွားတတ်လို့။ ပခန်းကြီးမြို့ဟောင်းရဲ့ မြောက်ဘက်က ရွှေဥမင်ကျောင်းတော်ကြီးဟာလည်း သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်ခုပါ။
ပခန်းငယ် (ချစ်သူရွာ) ကျောင်းတော်ကြီး
ပခုက္ကူဧရာဝတီတံတားကနေ ၂၄ မိုင်ဝေးတဲ့နေရာက ပခန်းငယ် (ချစ်သူရွာ) မှာ နှစ်ပေါင်း ၁၆၀ သက်တမ်းရှိပြီဖြစ်တဲ့ ပျက်စီးနေတဲ့ ကျောင်းတော်ကြီးကို သွားရောက်လေ့လာလည်ပတ်နိုင်ပါသေးတယ်။ ဒီကျောင်းတော်ကြီးဟာ မြန်မာနိုင်ငံမှာ ရှိခဲ့တဲ့ သစ်သားကျောင်းတော်ရာတွေထဲက အကြီးမားဆုံးလို့ သိရပါတယ်။ အချိန် (၇) နှစ်ယူပြီး ဆောက်လုပ်ခဲ့ကာ ကျွန်းတိုင်ပေါင်း ၃၃၂ လုံး နဲ့ တည်ဆောက်ထားတာပါ။ ခုတော့ ပျက်စီးသွားခဲ့ပြီမို့ အနီးစပ်ဆုံး ကျောင်းတော်ကြီးပုံစံတူကို ဝန်းထဲမှာပဲ လေ့လာနိုင်ဖို့ ဆောက်လုပ်ထားတာ တွေ့ရပါတယ်။ ပျက်စီးနေတဲ့ တိုင်လုံးနဲ့ အုတ်လှေကားတွေကိုလည်း မူလအတိုင်း ပြသထိန်းသိမ်းထားပါတယ်။
ရှင်မတောင်စေတီ
ရှင်မတောင်ထိပ်မှာ အသောကမင်းကြီးတည်ထားတဲ့ စေတီရှိပါတယ်။ အဲ့ဒီမှာ သရက္ခန်ရုပ်ပွားတော်တစ်ဆူ ကိန်းဝပ်စံပယ်ပါတယ်။ တောင်ဝန်းကျင်မှာ ပေါက်တဲ့ သနပ်ခါးပင်တွေရဲ့ အနံ့မွှေးလို့ ကျော်ကြားပါတယ်။
ပခုက္ကူမှာ တည်းခိုစရာ
တည်းစရာဟိုတယ်လေးတွေ ရွေးစရာများတယ်။ ပခုက္ကူမှာ ညအိပ်မှာဆိုရင်တော့ ရိုးမဟိုတယ်၊ သုခဟိုတယ်၊ သီရိရတနာဟိုတယ်၊ Royal Palace ဟိုတယ်၊ ရွှေပြည်စိန်းဟိုတယ်၊ ရွှေရည်ဦးဟိုတယ်၊ Hotel Juno တို့ ရှိပါတယ်။ နှစ်သက်ရာရွေးပါ။
ပခုက္ကူမှာ စားစရာ
ညဘက်မှာ ဘားကောင်းကောင်းထိုင်ချင်သူတွေအတွက် Excellent Restaurant နဲ့ Bar ရှိတယ်။ သူက ဘီယာဆိုင် သက်သက်၊ Bar သက်သက် မို့ တစ်မျိုးစီ ခံစားနိုင်တယ်ပေါ့။ နှစ်ဆိုင်လုံးက ကပ်လျက်ပါပဲ။ Popa View Bar & Restaurant လည်း မြို့ရှောင်လမ်းပေါ်မှာ ရှိပါသေးတယ်။
အိမ်ပြန်လက်ဆောင် ဝယ်စရာ
ပခုက္ကူကနေ အပြန်လက်ဆောင် ဝယ်ဖို့က ရှင်မတောင်သနပ်ခါးတုံး နဲ့ ယောလုံချည် ကို အဓိက ညွှန်းရပါတယ်။ အညာဒေသထွက် ဆီးဖျော်ရည်နဲ့ တော်ဖီ၊ မန်ကျည်းဖျော်ရည် နဲ့ တော်ဖီ တွေလည်း ရှိပါတယ်။
ဧည့်လမ်းညွှန်နဲ့ ဓါတ်ပုံရိုက်ဖို့ လိုအပ်ရင်
ဒါအရေးကြီးတယ်။ ကျွန်တော်တို့ ရေးပြလမ်းညွှန်တာအတိုင်း သွားရင် ရပေမဲ့ ရှာရခက်တာ ကြုံမယ်။ အဲ့ဒီတော့ အချိန်ပိုကုန်မယ်။ မလိုအပ်ဘဲ အင်အားနဲ့ အချိန်တွေ စိုက်မထုတ်ရအောင်က ဒေသကျွမ်းကျင်ဧည့်လမ်းညွှန်လိုအပ်ပါတယ်။ ကျွန်တော်ကတော့ ပုဂံ က ညီမငယ် မသန္တာ ကို ညွှန်းချင်တယ်။ ပခုက္ကူမှ မဟုတ်ဘူး ပုဂံ ဝန်းကျင်ကို သူက အထူးကျွမ်းကျင်သူမို့ ဓါတ်ပုံလှလှရိုက်ချင်လို့ နေရာရှာချင်တာလား၊ သမိုင်းဗဟုသုတလား သူက အကုန်တာဝန်ယူလုပ်ပေးနိုင်တယ်။ သူ့ဆီ အကုန်ပုံအပ်လိုက်ရင်လည်းရတယ်။ လိုအပ်ရင်ဆက်သွယ်နိုင်အောင် ဖုန်းလေးလည်း ယူထားဦး။ ပုဂံဘက်ရောက်ရင် မသန္တာ 09764317155 ပါ။ သူက နိုင်ငံခြားသားတွေအတွက်ရော၊ ပြည်တွင်းခရီးသွားတွေအတွက်ပါ အကုန်စီစဉ်ပေးနိုင်သူပါနော်။
အညာမြေလတ်ဒေသတစ်ခုဖြစ်တဲ့ ပခုက္ကူမြို့ကို အရင်က ထူးထွေ လည်ပတ်စရာ ရှိမယ် မထင်မိခဲ့ပေမဲ့ တကယ်တမ်း ရောက်သွားတဲ့အခါမှာ သမိုင်းအမွေအနှစ်တွေ ရှိရာ လေ့လာစရာ မြို့တစ်မြို့အဖြစ် ထူးခြားစွာ ကျွန်တော် မြင်ခဲ့ရပါတယ်။ နိုင်ငံခြားသားတွေလည်း ဝင်ထွက် သွားလာနေတဲ့ မြို့လေး ဖြစ်နေသလို၊ ပုဂံနဲ့လည်း မဝေးလို့ လာချင်ရင် အနီးလေး လာလည်နိုင်တဲ့နေရာကောင်းလေးမှာ တည်ရှိပါတယ်။ ကျွန်တော်ကတော့ နောက်များအခါအခွင့်သင့်ခဲ့ရင် ခုလို နှစ်ရက်တာထက် ပိုပြီး အချိန်ကြာကြာလေး နေလို့ အနီးအပါးရွာတွေမှာ လေ့လာရေးဆင်းချင်ပါသေးတယ်ဗျာ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာနဲ့ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Thandar, David
Camera :: SONY Alpha 7II with 16 - 35mm Lens & Samsung Galaxy Note10+
Photos are modified in Lightroom by Thiha Lu Lin.
Comments