Search
  • Thiha Lu Lin

မြိတ်ကျွန်းစုတွေရဲ့ အစွန်းဆုံးက ငခင်ညိုကြီးကျွန်း

Updated: Sep 11

ငယ်ငယ်က ကာတွန်းကား “Peter Pan” စီးရီးစ်တွေကို ကြည့်ဖူးမယ်ဆိုရင် Neverland ကျွန်းလေးအကြောင်းကို ကြားဖူးကြမှာပါ။ အဲ့ဒီ Neverland ကျွန်းနဲ့ တစ်ပုံစံတည်းနီးပါး တူတဲ့ ကျွန်းလေးက ကျွန်တော်တို့ မြန်မာနိုင်ငံက မြိတ်ကျွန်းစုတွေရဲ့ အစွန်းဆုံး ငခင်ညိုကြီးကျွန်း ဖြစ်နေခဲ့တာ နည်းနည်းနောနော တိုက်ဆိုင်မှုကြီးလားနော်။

ကော့သောင်းမြို့ကိုရော ကော့သောင်းကနေ တဆင့် သွားလို့ရတဲ့ ကျွန်းပတ် ခရီးစဉ်တချို့ကိုရော ကျွန်တော် သွားရောက်လည်ပတ်ဖူးခဲ့ပေမဲ့ ဒီတစ်ခါ အလည်သွားခဲ့ရတဲ့ ငခင်ညိုကြီးကျွန်း ကိုတော့ သူ့ရဲ့ ရိုးရှင်းလှပပြီး အရိုင်းဆန်တဲ့ သဘာဝဝန်းကျင်အနေအထားမျိုးကို အတော်လေး သဘောကျမိပြီး ထပ်သွားချင်စိတ်မျိုး ပေါ်မိနေပါတယ်။ တနင်္သာရီတိုင်းရဲ့ အလှတွေက စာဖွဲ့မကုန်ရတဲ့အထဲ ခုလို သဘာဝကျကျ လှနေတဲ့ ကျွန်းလေးတွေပေါ် လည်ပတ်ရတာမျိုးကြောင့် ပိုပြီး ရင်ခုန်စရာ ဖြစ်ရတာပေါ့လေ။ ဒီနေရာကို ကိုယ်တွေ ပြည်တွင်းခရီးသွားတွေကသာ အလှမ်းဝေး မလည်ပတ်ကြပေမဲ့ နိုင်ငံခြားသားဧည့်သည်တွေကတော့ ရန်ကုန်ကနေ တဆင့်ရော၊ တစ်ဘက်နိုင်ငံ ရနောင်းနယ်စပ်ကနေ တဆင့်ရော အသည်းနဲ့အသန်ကို လာရောက် လည်ပတ်နေကြလေရဲ့။ ကိုယ်တွေ မြေပေါ်ပေမဲ့ ကိုယ်တွေ လည်ပတ်ဖို့ မကြုံနိုင်သေးတဲ့ မြိတ်ကျွန်းစုတွေ ဘယ်လောက်ရှိနေမလဲ တွေးမိသွားတယ်။ ဒီကျွန်းတွေဆီကို လည်ပတ်ဖို့ ကော့သောင်း ဒါမှမဟုတ် ရနောင်းကနေ နေ့ချင်းပြန် ဖြစ်စေ၊ ညအိပ်ညနေ ဖြစ်စေ လည်ပတ်လို့ရနေပါတယ်။

အတော် တူသော ကျွန်းနှစ်ခု ပါ

ငခင်ညိုကြီးကျွန်း ဆိုတာ

ငခင်ညိုကြီးကျွန်းပေါ်က Eco Resort

မြိတ်ကျွန်းစုဆိုတဲ့ ကျွန်းအစုအဝေး စာရင်းထဲမှာ ကျွန်းပေါင်း ၈၀၀ ကျော် ပါဝင်ပါတယ်။ အသေးဆုံးက ကျွန်းကနေ စတုရန်းကီလိုမီတာ ရာပေါင်းများစွာ ပါဝင်တဲ့ ကျွန်းကြီးတွေအထိ အစားစား ရှိနေတာပါ။ ဒီအထဲမှာ ငခင်ညိုကြီးကျွန်း ကတော့ ကော့သောင်းကနေ ရေမိုင် ၄၀ ကျော် သွားရပြီး အစွန်းဆုံး ကျွန်းလေး တစ်ခု ဖြစ်ပါတယ်။ Speed Boat နဲ့ဆို ၂ နာရီဝန်းကျင် မောင်းနှင်သွားလာရပြီ၊ သာမန်စက်လှေနဲ့ဆိုရင် ၄ - ၅ နာရီခန့်အထိ စီးနင်းသွားလာရတဲ့ ကျွန်း ပါ။ ကျွန်းကို နှမ်းဖတ်ကျောက်၊ ထုံးကျောက်တို့နဲ့ ဖွဲ့စည်းထားသလို ဖြစ်နေပြီး၊ ကျွန်းပေါ်မှာ ကျောက်ဆောင်၊ တောင်၊ တောအုပ်၊ ဝါးတော၊ ကမ်းခြေ၊ ရေချိုချောင်း စတဲ့ သဘာဝအလျောက် ဖွဲ့စည်းပါဝင်နေမှုတွေ ရှိနေပါတယ်။ ကမ်းခြေအများစုဟာလည်း ပင်လယ်အော် သဘောမျိုးမို့ ရေဆော့ဖို့ အဆင်ပြေပြေ အနေအထားရှိသလို၊ ပင်လယ်အားကစားနည်းတွေ ဆော့ကစားဖို့လည်း ကောင်းမွန်ပါတယ်။ ရေအောက်ငုပ်ပြီး ငါးနဲ့ သန္တာကျောက်တန်းကြည့်နိုင်ဖို့ ရေကြည်ပြီး ရေတိမ်သလို၊ ရေနက်နက်မှာမှ ရေအောက်ကြမ်းပြင်အထိ Dive လုပ်ချင်သူတွေအတွက်လည်း နေရာကောင်းများစွာ ရှိတဲ့ ကျွန်း ဖြစ်ပါတယ်။


ငခင်ညိုကြီးကျွန်းကို ဘယ်လို လာမလဲ

ရန်ကုန်ကနေဆိုရင်တော့ ကော့သောင်းအထိ လေယာဉ် ဖြစ်ဖြစ် ကားဖြစ်ဖြစ် စီးရပါမယ်။ ကားကတော့ ၂၄ နာရီလောက် ကြာတတ်တယ်။ 2+1 ကားတွေလည်း ရှိတယ်။ လေယာဉ်ကတော့ ခရီးပိုမြန်မှာပါ။ MNA လေယာဉ်ရော၊ Air KBZ လေယာဉ်ရော ရောက်ပါတယ်။ ပြီးတော့ ကော့သောင်း နဲ့ ရနောင်း ဘက်တွေမှာ မြန်မာ နဲ့ ထိုင်း ခရီးသွား လုပ်ငန်းတွေကနေ ခရီးစဉ် ဝန်ဆောင်မှုပေးနေတာတွေ ရှိပါတယ်။ နေ့ချင်းပြန် ကျွန်းပေါင်းစုံ လည်ပတ်တဲ့ ခရီးစဉ်တချို့မှာလည်း ဒီကျွန်းကို ထည့်ပေးထားတာမို့ လာရောက် နားနေ အပန်းဖြေကြသူတွေ ရှိသလို၊ ဒီကျွန်းပေါ်မှာ ရှိနေတဲ့ Eco Resort တစ်ခုမှာ ညအိပ်ညနေ တည်းခို နေထိုင်ပြီး ကျွန်းတစ်ခုလုံးကို အသေးစိတ် လည်ပတ်ကြည့်ရှုနိုင်ကြပါဦးမယ်။ ကော့သောင်းမြို့ကနေ Speed Boat ဒါမှမဟုတ် စက်လှေတွေနဲ့ ပင်လယ်ဖြတ်ကူး လာကြရမှာ ဖြစ်ပါတယ်။

Air KBZ လေယာဉ်နဲ့ လာခဲ့တယ်

ငခင်ညိုကြီးကျွန်းမှာ ဘယ်တွေ လည်ပတ်မလဲ

ကျွန်းကြီးတစ်ခုလုံးဟာ သင့်တင့်လျောက်ပတ်စွာ ကျယ်ဝန်းတဲ့ အနေအထားမို့ လုပ်ဆောင်လည်ပတ်စရာ အတော်များပါတယ်။ ဒီကျွန်းပေါ်မှာ တည်းခိုနေထိုင်သူတွေအတွက်တောင် အနည်းဆုံး ၅ ရက် ၆ ရက်လောက်မှ စုံတဲ့သဘော ရှိပါတယ်။ နေ့ချင်းပြန်လာရောက်လည်ပတ်သူတွေအတွက်ကတော့ သိပ်များများစားစား လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်းတစ်ခုလုံးမှာ ပင်လယ်အော် ပေါင်းများစွာ ရှိနေတာမို့ ရေကစားရတာ သိပ်ကို အဆင်ပြေစေပါတယ်။ စွန့်စားခရီးစဉ်တွေ ကြိုက်သူတွေအတွက်ကတော့ လုံးဝ သည်းခြေကြိုက် ဖြစ်မှာ သေချာပါတယ်။


Boulder Bay မှာ အရင်ပျော်မယ်

ဒီကျွန်းကို ရောက်လာသူတိုင်း မဖြစ်မနေ လည်ပတ်ကြရမဲ့ Boulder Bay မှာတော့ Boulder Bay Beach နဲ့ Eagle Beach ဆိုပြီး ကမ်းခြေ နှစ်ခု ရှိပါတယ်။ Boulder Bay Beach မှာတော့ Boulder Bay Eco Resort ကို ဖွင့်ထားတာမို့ တည်းခိုနေထိုင်သူတွေ၊ စားသောက်ပျော်ရွှင်သူတွေ တွေ့မြင်ကြရမှာပါ။ ကမ်းခြေအားဖြင့်လည်း ရေဆော့ဖို့ရော၊ ကနူးလှေလှော်ဖို့ပါ အတော်အဆင်ပြေပါတယ်။ နေ့လည်ရေကျချိန်ဆိုရင်တော့ ရေအတော်ကျသွားတတ်ပြီး ကမ်းခြေမှာ သန္တာကျောက်တန်းအသေတွေ ထွက်ပေါ်လာတတ်တာမို့ မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးတာ လေ့လာတာတွေ လုပ်နိုင်ဦးမယ်။ အသေတွေကြားတည်းမှာ သန္တာကျောက်တန်းအရှင်လေးတွေက အရောင်လှလှလေးတွေနဲ့ ရှိနေတတ်ပြန်ပါသေးတယ်။ ကျောက်တောင်လေးတွေနဲ့ ခြားထားသလို ဖြစ်နေတဲ့ ဘေးက Eagle Beach မှာတော့ ယောဂဆောင်ကြီးတစ်ခုကို ဝါးနဲ့ တည်ဆောက်ထားပါတယ်။ အဲ့ဒီမှာ ယောဂဆရာမ တစ်ဦးက နေ့စဉ် မနက်တိုင်းလိုလို လာရောက်တည်းခိုသူတွေကို နည်းပြ လုပ်ဆောင်နေတာ သတိပြုမိပါတယ်။


Bamboo Bay ကို သွားလည်မယ်

ကျွန်းကြီးပတ်လည်ကို စက်လှေနဲ့ ပတ်ကြည့်ပြီး Bay တွေက ကမ်းခြေတွေမှာ ရေဆော့တာ၊ ရေငုပ်တာ လုပ်တာတောင် တစ်ညနေ (၄ နာရီခန့်) အချိန်ပေးရတတ်လို့ ကျွန်းအတွင်း လမ်းလျှောက်သွားလာမယ်ဆိုရင် ပိုပြီး ခက်ခဲတတ်ပါတယ်။ ဒါပေမဲ့ အရမ်းပျော်ရွှင်ရပြီး အားကစားလုပ်ဆောင်ရသလိုမျိုး ဖြစ်လို့ လူလည်း ပေါ့ပါးလန်းဆန်း သွက်လက်နေမှာ အမှန်ပါ။ Bamboo Bay ကို သွားလည်တဲ့အခါ Trekking လို့ခေါ်တဲ့ တောလမ်းကြမ်း လျှောက်တာလေးကို တောင်လေးတက်လိုက်၊ မြေပြန့်လေးလျှောက်လိုက်နဲ့ လူတစ်ဦးသွားစာ ဖော်ထားပေးပြီးသား တောလမ်းလေးအတိုင်း တောနဲ့ တောင်ကို ဖြတ်လို့ သွားကြရပါတယ်။ ဘာလို့ Bamboo Bay လို့ခေါ်လည်းဆိုတော့ သူ့နားအရောက်မှာ ထူးခြားစွာပဲ ဝါးရုံတောကြီးတစ်ခုကို ဖြတ်သွားရတာမို့ ဖြစ်ပါတယ်။ Bamboo Beach ကို ကျွန်တော် တော်တော်သဘောကျတယ်။ ရေတိမ်ပြီး Snorkeling လုပ်လို့ ကောင်းလို့ပါ။ ပင်လယ်ကြမ်းပြင်အောက်က သန္တာကျောက်တန်းနဲ့ ငါးမျိုးစုံ ကို ရေသိပ်မနက်တာမို့ ရေကြောက်တတ်သူတွေတောင် အဆင်ပြေပြေ လုပ်နိုင်လို့ ဖြစ်ပါတယ်။ ကမ်းခြေက သဲလေးတွေကလည်း နုထွေးအိနေရောပဲ။


Moken Bay မှာ ရေအောက်ကြမ်းပြင်ထိ ငုပ်ကြမယ်

Diving လုပ်ဖို့ အကောင်းဆုံးနေရာကတော့ ဒီကျွန်းမှာဆိုရင် Moken Bay မှာပဲ ဖြစ်ပါတယ်။ ရေအောက်ကြမ်းပြင် ခပ်နက်နက်အထိ သွားပြီး ရေကမ္ဘာကို ပျော်ရွှင်စွာ ရင်ခုန်ခံစားနိုင်ဖို့ပါ။ Diving လုပ်မဲ့သူတွေကတော့ အောင်လက်မှတ်ရထားတဲ့သူတွေပဲ လုပ်ခွင့်ပေးတာမို့ တကယ်စိတ်ဝင်စားရင် သင်တန်းတွေ အရင်တက်ထားသင့်ပါတယ်။ ရန်ကုန်မှာလည်း သင်တန်းတွေ ရှိတယ်လို့ သိရပါတယ်။


Sisters Bay က ညီအစ်မကမ်းခြေ တွေဆီလည်မယ်

ဒီကျွန်းမှာ နောက်ထပ် ရှိသေးတဲ့ Sisters Bay မှာတော့ ညီအစ်မ ကမ်းခြေနှစ်ခုကို အမွှာကမ်းခြေပုံစံတူလေး မြင်ကြရဦးမှာပါ။ ဒီမှာလည်း Snorkeling ရေအောက်ငုပ်ကြည့်ပြီး ပင်လယ်ကမ္ဘာကို အပေါ်စီးက ခံစားဖို့ အဆင်ပြေပါတယ်။ Diving ကတော့ ရေအောက်ကြမ်းပြင်ထိ သွားကြည့်တာမျိုး ဖြစ်ပြီး Snorkeling ကတော့ ရေမျက်နှာပြင်အပေါ်ကနေပဲ ရေအောက်ကို ငုံ့ကြည့်တာမျိုး ဖြစ်ပါတယ်။ Snorkeling လုပ်ဖို့ကိုတော့ အောင်လက်မှတ်မပြောနဲ့ ရေမကူးတတ်ရင်တောင် အသက်ကယ်ဝတ်စုံ နဲ့ လုပ်ဆောင်နိုင်ပါတယ်။ လုပ်ရဲတဲ့စိတ်လေး တစ်ခုပဲ လိုပါတယ်။


သိပ်လှတဲ့ Pebble Beach နဲ့ Cliff Beach မှာ အေးဆေး အနားယူ ရေကူးမယ်

ကျွန်တော်တို့ ပြည်တွင်းခရီးသွားတွေကသာ နေပူစာလှုံရင်း အိပ်နေလိုက်၊ နေပူထဲ စာဖတ်နေလိုက်၊ ရေဆင်းကူးလိုက် လုပ်ရမှာမျိုးကို ပျင်းကြတာ။ နိုင်ငံခြားသားခရီးသွားတွေက ဒါမျိုး အရမ်း ရူးသွပ်တာနော်။ ခုလည်း ကျွန်တော်တို့ ရောက်သွားတော့ သူတို့တတွေက အကျအန နေရာတွေယူထားပြီး ဖျာလေးခင်း အိပ်လိုက်၊ အရမ်းပူလာရင် ရေလေးထဲ ပြေးစိမ် ရေကူးလိုက်နဲ့ တစ်နေကုန်နီးပါး အဲ့ဒါမျိုးလေးတွေပဲ လုပ်နေကြတာ သတိထားမိတယ်။ သဘာဝကို အပြည့်အဝ ခံစားကြတာမျိုး။ ကျွန်တော်တို့ကတော့ မြန်မာပီပီ ဓါတ်ပုံလေး ရိုက်ပြီး ပြန်လာကြပါတယ်လေ။


နေဝင်ချိန်ကို Secret Beach ကနေ ခံစားမယ်

နေဝင်ချိန်ကို ကြည့်လို့ အတော်လှတဲ့ ကျောက်ဆောင်တစ်ခုပေါ်ကို ကျွန်တော်တို့ သွားခဲ့ကြသေးတယ်။ သူတို့ကတော့ Secret Beach လို့ နာမည်ပေးထားပေမဲ့ ကမ်းခြေကို ကျွန်တော် သတိမထားမိဘူး။ ကျောင်ဆောင်ကြီးတွေပဲ တွေ့လို့။ အဲ့ဒီကျောက်ဆောင်တွေထဲက အမြင့်ဆုံး ကျောက်ဆောင်ကြီးဆီ တက်ပြီး နေဝင်ချိန်အလှကို ခံစားရတာ တကယ့် ပန်းချီကားထဲ ဝင်သွားရသလိုကို ခံစားခဲ့ရပါတယ်။ အဲ့ဒီကနေ Bamboo Bay Beach ကိုလည်း ခပ်ဝေးဝေးအလှ ခံစားနိုင်ပါသေးတယ်။


Eagle Rock ကျောက်တောင်ပေါ်ကနေ နေထွက်ချိန်ကို ခံစားမယ်

နေထွက်ချိန်သိပ်လှတဲ့ မြင်ကွင်းကိုတော့ Eagle Rock ပေါ်ကနေ ခံစားခဲ့ရတယ်။ အတော်လေး လှပေမဲ့ သွားရတာတော့ မသက်သာလှဘူး။ နေထွက်ချိန်မီဖို့ မနက် ၄ နာရီလောက်ကတည်းက ထပြီး တောလမ်းလျှောက်ရတယ်။ အဆိုးဆုံးကတော့ ကျောက်တောင်ကြီးပေါ်ကို ရောက်ဖို့ ကြိုးအကြီးကြီးတစ်ချောင်းကို ဆွဲတက်ရတာပါပဲ။ လုပ်နေကျလူတွေအတွက် လွယ်နိုင်ပေမဲ့ ကြိုးနဲ့ ကိရိယာအလွတ် ပထမဆုံး ကိုယ့်ကိုယ်ကြီး သယ်တက်ရသူအတွက်က လက်အားနဲ့ မနည်းထိန်းပြုရင်း ပြုတ်မကျအောင် သက်စွန့်ဆံဖျား သွားရတာမျိုးပါ။ နေထွက်ချိန်အလှကို တဝကြီး ခံစားပြီးပြန်တော့လည်း “ငါ လုပ်နိုင်တယ်” ဆိုပြီး ကိုယ့်ကိုကိုယ် အားတက်သွားရတဲ့ ခံစားမှုမျိုးက သိပ်ကောင်းတယ်။


ဘယ်မှာတည်းမလဲ

ငခင်ညိုကြီး ကျွန်းပေါ်မှာတော့ Eco Resort (သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းအထောက်အကူပြုတဲ့ တည်းခိုနေရာ) တစ်ခုပဲ ရှိပါတယ်။ Boulder Bay Eco Resort ပါ။ တခြားကျွန်းတွေလိုမျိုး ဇိမ်ခံဟိုတယ်ကြီးမျိုး မဟုတ်ဘဲ၊ စွန့်စားလိုသူတွေနဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှာ ကြောက်သူတွေအတွက် စီစဉ်ထားတဲ့ ဟိုတယ်တစ်ခု ဖြစ်ပါတယ်။ သုံးတဲ့ ဆပ်ပြာတွေကအစ သဘာဝကို ထိခိုက်မှုအနည်းဆုံးဖြစ်စေမဲ့ သဘာဝပစ္စည်းကနေ ထုတ်လုပ်ထားတာမျိုးကိုပဲ သုံးစွဲကြပါတယ်။ မီးဆိုလည်း နေရောင်ခြည်စွမ်းအင်သုံး ဆိုလာမီးစနစ်ကိုပဲ သုံးစွဲပြီး ရေချိုကအစ သေချာစီမံ သုံးစွဲတာမျိုးကို တွေ့ရပါတယ်။ ဗမာအိမ်ကြီးတစ်လုံးမှာ သွားနေရတဲ့ ခံစားမှုမျိုးကိုလည်း တည်းခိုဆောင်တွေက ပေးစွမ်းပြီး အစားအသောက်ဆိုရင်လည်း အတော် အရသာ ကောင်းမွန်တာ တွေ့ရပါတယ်။ ဈေးအားဖြင့်တော့ မသေးနုပ်ပြန်ပါဘူး။ သဘာဝကိုချစ်ရတာလည်း တန်ဖိုးကြီးပါတယ်။ ဈေးအားဖြင့်တော့ တစ်ညကို လူတစ်ဦး $170 ရှိပါတယ်။ Package အလိုက် ရက်ရှည် နေထိုင်တာက ပိုတန်ပါတယ်။ ၆ ညအိပ် ၇ ရက် Package မျိုးဆို $1600 ဝန်းကျင် ရှိတတ်ပါတယ်။ အသုံးပြုတဲ့ Speed Boat အသွားအပြန်၊ နေထိုင် စားသောက်မှု (အရက်၊ ဘီယာ မပါဝင်)၊ သွားလာလည်ပတ်မှုအတွက် ဧည့်လမ်းညွှန်နဲ့ ရေအောက်ငုပ်ဖို့ Diving ဆရာများ၊ လိုအပ်တဲ့ ကိရိယာများနဲ့ သက်ကယ်ဝတ်စုံများ၊ ကနူးလှေများ စတာတွေ အပြည့်အစုံ ပါဝင်ပြီး ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဝန်ဆောင်မှုရော၊ နေထိုင်စားသောက်ရမှုရော အတော်သဘောကျလို့ နောက်များ ပိုက်ဆံစုမိရင် ထပ်ပြီး သွားလည်ပါဦးမယ်။


ငခင်ညိုကြီးကျွန်းကိုလည်မယ်ဆို ကြိုတင်သိမှတ်ထားရန်

ငခင်ညိုကြီးကျွန်းကို အလည်အပတ်သွားသူတွေ ကြိုပြီး သိထားသင့်တာလေးတွေ နဲ့ ပြင်ဆင်ထားရမှာလေးတွေကိုလည်း ဝေမျှပေးချင်ပါသေးတယ်။

  • ဆက်သွယ်မှုဧရိယာ ပြင်ပ ဖြစ်နေမှာမို့ အလုပ်တွေ၊ ဘာကိစ္စ ညာကိစ္စတွေ အကုန် ကြိုတင်ပြီး ကော့သောင်းမှာကတည်းက ဖြတ်လာခဲ့ပါ။

  • ဝိုင်ဖိုင်ကို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ လွှင့်ပေးထားတယ်ဆိုပေမဲ့ Satellite Wifi မို့ မိချင်တဲ့အခါမှ မိပါတယ်။ မိတဲ့အခါလည်း လူအများနဲ့ သုံးရမယ်ဆို အတော်လေး နှေးကွေးမှာမို့ သိပ်မျှော်လင့်ချက် မထားပါနဲ့။

  • ရေသန့်ဗူးလို တစ်ခါသုံးထပ် ရေဖြည့်ပြီး သုံးရတဲ့ ရေဗူးတွေဆောင်လာတာ ပိုကောင်းပါတယ်။

  • ကျွန်းမှာ ညအိပ်တည်းခိုသူတွေကိုတော့ ရေဖြည့်သုံးတဲ့ရေဗူး လက်ဆောင်အပြင်၊ ပိုးမွှားကာကွယ်ဖြန်းဆေး၊ သွားတိုက်ခဲ၊ SPF50 ပါတဲ့ နေလောင်ခံ လိမ်းဆေး စတဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတချို့ကို Eco Resort က လက်ဆောင်ပေးပါတယ်။

  • သက်လုံကောင်းအောင်တော့ နည်းနည်းလေး အလေ့အကျင့် လုပ်လာခဲ့ပါ။

  • ရေအောက်ထိ ငုပ်မယ်ဆိုရင် Diving အောင်လက်မှတ်လေး ယူသွားပါ။

  • လမ်းညွှန်တွေနဲ့ ဦးဆောင်သူတွေရဲ့ စကားကို နားထောင်ပေးပါ။

  • အမှိုက်လုံးဝ မဖွကြပါနဲ့။ နိုင်ငံခြားသားတွေတောင် ဒီအရပ်မှာ ဂရုတစိုက်ရှိနေချိန် ကိုယ့်နိုင်ငံသားတွေက ပိုပြီး တန်ဖိုးထား သန့်ရှင်းပြ၊ ချစ်ပြစေချင်ပါတယ်။ စည်းကမ်းတကျ အမှိုက်ပုံးထဲမှာသာ အမှိုက်စွန့်ပစ်ပေးကြပါ။

  • ညအချိန် ဆူပူအော်ဟစ် ဂစ်တာတီး သီချင်းဆို မူးယစ်နေတာမျိုးကို ဒီကိုလာတဲ့ ဧည့်သည်အများစုက မနှစ်သက်ကြလို့ သတိပြုကြရမှာ ဖြစ်ပါတယ်။

  • ဦးထုပ်တစ်လုံးတော့ မဖြစ်မနေ ယူလာပါ။ နေအတော်ပူပါတယ်။ အဲ့လို ကျွန်းပတ်ခရီးစဉ်တွေက ပြန်လာတိုင်း အသားအတော် ပြန်မွေးယူရတတ်ပါတယ်။

  • Trekking တောလမ်းကြမ်းလျှောက်ဖို့ သင့်လျော်တဲ့ ဝတ်စုံမျိုးတွေယူလာပါ။ လွယ်အိတ်အပို ယူခဲ့ပါ။ ရေလုံအိတ်တွေဆို ပိုသင့်လျော်ပါတယ်။ ဖိနပ်လည်း မမေ့မလျော့ယူခဲ့ပါ။ Crocs ဖိနပ်မျိုးဆို အတော်သင့်လျော်ပါတယ်။


ကျွန်တော့်အတွက်တော့ မြိတ်ကျွန်းစုကြီးတစ်ခုလုံးကို တစ်ခါရောက်တိုင်း တစ်ခါ အချစ်တိုးရပါတယ်။ ငယ်ငယ်က ကြားဖူးနေကျ “လှလိုက်တဲ့ တနင်္သာရီ” သီချင်းလိုပဲ ကျွန်တော်တို့ နိုင်ငံကြီးဟာ မြောက်ဖျားစွန်းကနေ တောင်ဘက်စွန်းတိုင်အောင် နေရာတိုင်း လှနေပါလားဆိုတာ သိလိုက်ရတယ်။ မြိတ်ကျွန်းစုတွေထဲက ဟိုးဘက်အဖျားစွန်းလေးမှာ ရှိနေတဲ့ ငခင်ညိုကြီးကျွန်းရဲ့ အလှတရားတွေကိုလည်း ခုဆို ကျွန်တော် မြင်တွေ့ခံစားခွင့်ရခဲ့ပြီမို့ ထပ်တူခံစားနိုင်ဖို့အတွက် တင်ပြလိုက်ရပါတယ်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)


ယခု ခရီးသွားဆောင်းပါး နှင့် ဓါတ်ပုံများအား ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ မည်သည့် မီဒီယာ၊ Website နှင့် လူမှုကွန်ယက်ပေါ်တွင်မှ ပြန်လည် ကူးယူဖော်ပြခြင်းများကို လုံးဝ ခွင့်မပြုပါ။


Photo :: Thiha Lu Lin, Naw Htike, Min Ye Hla, David

Camera :: SONY Alpha 7II with 16 - 35mm Lens, 85mm Lens | Samsung Galaxy Note10+ | Yi Action Cam

Photos are modified in Lightroom by Thiha Lu Lin.

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter