Search
  • Thiha Lu Lin

မြိတ်မြို့မှာ ဟိုနား ဒီနား သွားမလား

Updated: Sep 9

ဒီတစ်ခေါက်ရောက်တာ အချိန်က သိပ်မရဘူး။ မရဘူးဆိုတာထက် ဟိုသွား ဒီသွား သွားဖို့ အချိန် ထုတ်မရတာ။ မြိတ်မြို့က တက္ကသိုလ်မှာ Telenor ရဲ့ Net Monday အစီအစဉ်အတွက် MC နဲ့ Moderator လုပ်ပေးဖို့ လာရတာမို့ အချိန်အားဖြင့်သာ ၃ ရက်ဆိုပေမဲ့ ပထမရက်က လေယာဉ်ချိန်နဲ့ ပွဲကြိုအစည်းအဝေးချိန်ရယ်၊ ဒုတိယရက်က ပွဲနေ့မို့ ပွဲလုပ်နေတဲ့အချိန်ရယ်၊ တတိယရက်က နေ့လည်ပိုင်းပြန်ရပြီဆိုတော့ ဒီ ၃ ရက်အတွင်းက ဟိုလည်ဒီလည် လုပ်ဖို့ အချိန်က အတော်ထုတ်ရခက်သွားပြီလေ။

ရန်ကုန် - မြိတ် လေယာဉ်ချိန်က မနက်စောစောပိုင်းမို့ မြိတ်ကို ရောက်တဲ့အချိန်ဆို ၇ နာရီခွဲ လောက်လေး ရှိသေးတာ။ ပစ္စည်းရွေးပြီး လာခေါ်တဲ့ကားလေးနဲ့ အိမ်တော်ဖြူ ဟိုတယ် ကို ရောက်သွားတော့ ၉ နာရီလောက် ရှိနေပြီ။ ဒီဟိုတယ်လေးကို သဘောကျမိတယ်။ ကမ်းခြေဟိုတယ်လေးတစ်ခုလို ပြင်ဆင်ထားတယ်လို့ ခံစားရလို့လေ။ ဈေးလည်း သက်သာတယ်။ မနက်စာ ဘူဖေးလည်း အတော်အဆင်ပြေပါတယ်။ ဝန်ထမ်းလေးတွေကလည်း ဖောရွေကူညီကြတယ်။


ဟိုတယ်ဝင်းထဲမှာပဲ အမှတ်တရပစ္စည်းရောင်းတဲ့ဆိုင်နဲ့ ဒေသတွင်းခရီးစဉ် စီစဉ်ပေးတဲ့နေရာ ရှိနေတော့ သိပ်ခေါင်းစားစရာ မလိုဘူးပေါ့။ ခက်တာက အချိန်ပဲ။ မြိတ်ကနေ သွားလည်လို့ရတဲ့ နေ့ချင်းပြန်ခရီးစဉ်တွေက သိပ်စိတ်ဝင်စားစရာကောင်းတယ်။ မနက် ၇ နာရီထွက် ညနေ ၅ နာရီပြန်ရောက်တာမို့ အချိန်အားဖြင့်လည်း အဆင်ပြေတယ်။ ကျွန်တော့အတွက်သာ အဆင်မပြေလှတာပါ။ သွားချင်စရာကောင်းတဲ့ နေ့ချင်းပြန် ခရီးစဉ် (၃) ခုကို မှတ်ထားလိုက်မိတယ်။


ပထမတစ်ခုက

  • ကျောက်ငါးမွေးမြုရေးစခန်း၊ လေးကျွန်း နဲ့ လိပ်ဥသောင်ကျွန်း

ဒုတိယတစ်ခုက

  • ဒုံးရေတံခွန်၊ ညောင်မှိုင်းဆလုံးရွာ၊ နဲ့ နှစ်ဖက်လှကျွန်း

တတိယတစ်ခုက

  • မလိငှက်သိုက်ကျွန်း၊ မလိတံငါရွာ နဲ့ ပိန္နဲကျွန်း

ခရီးစဉ်အားလုံးက စိတ်ဝင်စားစရာချည်းပဲ။ လိုက်မယ်ဆို တစ်ဦးကို တစ်ရက် ၇ သောင်းကျပ် ပဲ ပေးရတယ်။ အကယ်လို့ ကိုယ်က မနက် ၇ နာရီထွက်တာ မလိုက်နိုင်လို့ ဒါမှမဟုတ် နေ့လည်လောက်မှ ကောက်လိုက်ချင်လို့ဆိုရင်တော့ ဈေးနှုန်းက အရမ်းများသွားပြီ။ သူ့ကျတော့ သီးသန့် စီစဉ်ပေးရတာမျိုးဖြစ်လို့ပါတဲ့။


သွားမယ်ဆို သမီးလှကျွန်း ဆိုတာလည်း ရှိသေးတယ်။ ဒါပေမဲ့လည်း ရတဲ့အချိန်က အဲ့ဒီခရီးစဉ်တွေ မစဉ်းစားနိုင်တာမို့ နောက်ဆုံး မြိတ်မြို့ အနီးအပါးပဲ လည်ဖို့ ဆုံးဖြတ်လိုက်တယ်။ မြိတ်မြို့အနီးအပါး ဘယ်လည်ရမလဲမေးရင် ဒေသခံအများစုက မြိတ်မှာ လည်စရာ မရှိဘူးဘဲ ပြောကြလိမ့်မယ်။ ကျွန်းတွေ သွားလည်လို့ ပြောမယ်။ ဒါမှမဟုတ်လည်း ကမ်းနားလမ်းမှာ အသစ်ဖွင့်ထားတဲ့ မြိတ် Shopping Center ကို သွားခိုင်းလိမ့်မယ်။ တကယ်ပဲ မြိတ်မြိ့မှာ လည်စရာ ရှားသလား ကျွန်တော်တောင် တွေးမိသွားတယ်။


ဘာပဲဖြစ်ဖြစ် မြိတ်မြို့ရောက်လို့ ကျွန်တော့လိုပဲ လည်ဖို့အချိန် အကြပ်အတည်းရှိတဲ့သူတွေအတွက် ဒီနေရာလေးတွေကို မဖြစ်မနေလည်သင့်ကြောင်း ရေးပါရစေ။


ဒေသခံတွေက ဘယ်လိုမျိုးတွေလဲ?

အများစု အသားဖြူကြသလားလို့၊ ညိုတဲ့သူတွေလည်း သတိတော့ ထားမိပါတယ်။ ကိုယ်ပဲ အဖြူတွေ ရွေးမြင်နေမိသလား မသိဘူး။


ကူညီတတ်ကြတယ်။ မေးရင်လည်း စိတ်ရှည်ရှည် ဖြေပေးတယ်။ လူငယ်ပိုင်းတချို့ကတော့ နည်းနည်း ရှက်တတ်ကြတယ်။


လမ်းမေးတာကအစ အိမ်ထဲ အော်မေးရင်တောင် စိတ်လိုလက်ရ ဖြေပေးကြတာမျိုး ကြုံလိုက်ရတယ်။


တစ်ခုပဲ သူတို့ကသာ ကိုယ့်မြန်မာစကားကို နားလည်ကြတာ၊ ကိုယ်ကတော့ သူတို့ပြောတဲ့ မြန်မာစကားကို ချက်ချင်းနားမလည်နိုင်အောင် အသံဝဲနေကြတာပါပဲ။


ဒီတော့ ဈေးရောင်းဈေးဝယ်နဲ့ အစားအသောက်မှာတဲ့အခါတွေမှာ ဒုက္ခများသွားတာပေါ့နော်။ ဒါပေမဲ့ သူတို့က ကိုယ့်စကားကို နားလည်တော့ သူတို့ကတောင် တပြန် အားနာနေတဲ့ပုံမို့ ကျွန်တော်ဆို မနေတတ်ဘူး ဖြစ်ရတယ်။ ဒေသတွင်းသုံးတဲ့ မြန်မာစကားအသုံးအနှုန်း နည်းနည်းလေး ကွဲတာ ရှိပေမဲ့ အများစုကတော့ ချက်ချင်းသဘောပေါက်လွယ်အောင် ပြောဆိုကြပါတယ်။


မြိတ်မြို့မှာ စားဖို့သောက်ဖို့ အဆင်ပြေရဲ့လား?

အရင်ဆုံး အစားကိစ္စလေးက စ လိုက်ရင်ကောင်းမယ်။ မြိတ်မြို့မှာလေ စားသောက်ရတာ အရမ်းအဆင်ပြေပါတယ်။ ပင်လယ်စာပေါတဲ့ မြို့မို့ ရောက်တုန်း ပင်လယ်စာတွေပဲ စားဖြစ်ခဲ့တယ်။ ထိုင်းအစားအစာလေးတွေလည်း ဒီဘက်က ကျွမ်းကျင်ပိုင်နိုင်ပါတယ်။ မြိတ်မှာ စားကောင်းတဲ့ဆိုင်လေးတွေအကြောင်းကို ကျွန်တော်တို့ သူငယ်ချင်းတွေ စုရေးဖြစ်နေတဲ့ Foodaholic Myanmar မှာလည်း ရေးတင်ပြီးသားပါ။ လည်စရာ နဲ့ စားစရာကို အတူတူ ပေါင်းထည့်ချင်တာနဲ့ပဲ ထပ်ရေးဖြစ်တယ်ဆိုပါတော့ဗျာ။


မနက်စာ

မနက်စာအတွက် ခေါင်းမခဲနဲ့လေ။ မြိတ်ရောက်ပြီဆိုမှတော့ ကပ်ကြေးကိုက် စားတော့ပေါ့။ ဒီမှာထက် လက်ရာစစ်တာ မရှိနိုင်တော့ဘူးလေ။ အများစု ညွှန်းဆိုကြတဲ့ "မိတ်ဆက်" ကပ်ကြေးကိုက် က မြေနီလမ်းပေါ်မှာ ရှိတယ်။ မြို့ခံတွေကိုယ်တိုင်လည်း ညွှန်းလေ့ရှိတယ်။ ကပ်ကြေးကိုက် ကို ကြက်၊ ဝက်၊ ပင်လယ်စာတွေနဲ့ မှာစားလို့ရတယ်။ ပဲပင်ပေါက်ချဉ်လေး တွဲပေးတယ်။ စားလို့သိပ်ကောင်းပါတယ်။ ဒင်ဆမ်းပေါင်းတွေလည်း ရတယ်။ ကော်ဖီ နဲ့ အအေးတွေလည်း ရတယ်ပေါ့ဗျာ။ ကပ်ကြေးကိုက်က တစ်ပွဲ ၁,၂၀၀ ကျပ်၊ ဒင်ဆမ်းပေါင်းက တစ်ပွဲ ၆၀၀ ကျပ် ပေးရတယ်။


နေ့လည်စာ

နေ့လည်စာ ကို ခြံဝန်းလေးထဲမှာ ဘန်ဂလိုပုံစံ သီးသန့်အဆောင်လေးတွေနဲ့ အေးအေးလူလူ စားနိုင်တာက "ရွှေနှင်းဆီ" ပင်လယ်စာ စားသောက်ဆိုင် ပါ။ ဒီဆိုင်က ဗန္ဓုလလမ်းဆုံ ကြံတောရပ်ကွက်မှာ ရှိတယ်။ ပင်လယ်စာဆိုင် ဆိုရလောက်အောင် ပင်လယ်စာ စားကောင်းတယ်။ ထိုင်ဘက်မှာ အနှစ် ၂၀ လုပ်သက်ရှိလာတဲ့ စားဖိုမှူးတွေရဲ့ လက်ရာမို့ထင်ပါတယ် ထိုင်းပုံစံချက်ထားတာလေးတွေ စားကောင်းတယ်။ ဈေးလည်း သက်သာတယ်။ ထိုင်းစာ ပိုကောင်းတာ စားချင်ရင် "Lotus" ဆိုတဲ့ ဆိုင်လည်း ရှိသေးတယ်လို့ ပြောပါတယ်။ ဒီတစ်ခေါက်တော့ မရောက်ဖြစ်လိုက်နိုင်တော့ဘူးပေါ့ဗျာ။


အမောပြေ ရင်ဂန်းသီး (ကျွန်တော်က ရေငန်းသီးလို့ပဲကြားတယ် ဟီး) ဖျော်ရည်သောက်မယ်ဆို Royal အကင်ဆိုင်မှာ အဖျော်လက်ရာကောင်းကောင်းနဲ့ သောက်နိုင်တယ်။ ဆားငံသီးဖျော်ရည်လို အရသာမျိုးလေးပါ။ ခံတွင်းရှင်းပြီး အမူးအမောပြေသွားသလိုပါပဲ။ တစ်ခွက် ၅၀၀ ကျပ် ပဲ ပေးရတယ်။ ဒီ Royal အကင်ဆိုင်ကကျတော့ အိုးနဲ့ ကိုယ်တိုင်ကင်ရတဲ့ အကင်ဆိုင်မျိုးပါ။


ညနေစာ

ညနေကို လေညှင်းခံလမ်းလျှောက်ရင်း အဆာပြေစားမယ်ဆို ကမ်းနားလမ်းပေါ်က မြိတ် Shopping Center နားမှာ အကင်ဆိုင်အသေးလေးတွေ ရှိတယ်။ ကျွန်တော်ထင်တာက ပင်လယ်စာ အကင်လေးတွေ ရောင်းတယ်ထင်တာ။ သူတို့က ကြက်သားတွေကို ကင်ရောင်းနေကြတာ။ နောက်တော့ တွေးမိသွားတယ်။ ပင်လယ်စာ ပေါတဲ့ဒေသဆိုတော့ ပင်လယ်စာအကင်က ဒီမြို့ခံတွေအတွက် ရိုးကောင်းရိုးနေနိုင်တော့ ကြက်သား၊ ဆိတ်သားကင်တွေက ပိုပြီး ရောင်းကောင်းကြမယ်ထင်တယ်။ အကင်တွေက ဈေးချိုတယ်။ ရေခဲမုန့်လည်း စားကောင်းတယ်။ တစ်ခွက်မှ ၂၀၀ ကျပ်တည်းရယ်။


ညစာ

ဘီယာလေး ဝိုင်လေး သောက်တတ်ရင်တော့ မြိတ်မြို့မှာ ညစာစားရတာ တကယ့် ပွဲတော်ကြီးပေါ့။ ပင်လယ်စာ အကင်၊ အသုတ်၊ အပြုတ်အစုံ လက်ရာကောင်းကောင်းတွေ ရှိနေတော့လေ။ တစ်ဆိုင်က "ပင်လယ်မေ" စားသောက်ဆိုင် တဲ့ ။ ပုလဲဒီပါရပ်၊ အေးရိပ်ချောင်လမ်းပေါ်မှာ ရှိတယ်။ ဒီဆိုင်မှာ ပင်လယ်စာကို ကိုယ်တိုင်ရွေးနိုင်ဖို့ ခင်းထားတာ အားရပါးရပဲ။ ရှားရှားပါးပါးပင်လယ်ကောင်တွေလည်း ရှိတယ်။ ကဏန်း၊ ပုစွန်၊ ရှပ်၊ ကင်းမွန်၊ ရေဘဝဲ၊ ပကန်း (ကင်းပုစွန်)၊ ကမာ၊ ကင်း၊ ခရုအုန်း၊ ခရုအူ၊ ခရုညို၊ တူရွှင်းပြား (ယောက်သွား)၊ လိပ်ကျောက်၊ ကပြုံး၊ ခရင်း၊ ဂျင်း၊ ကျောက်ငါး၊ ဆော်လမွန်ငါး စုံလို့ပဲ။ စားဖားလည်း ရသေးတယ်။ ကြက်အကြော၊ ဝက်ဖနှောင့်ကြော တို့လိုမျိုးလည်း ရှိတော့ စားပါလေ့။ တစ်ချက်ပြောစရာ ရှိတာကတော့ လူစည်ကားလွန်းလို့ အရမ်းဆူညံနေတာပါပဲ။ ဒီဆိုင်က ဘီယာဆိုင်လိုသာ ဖြစ်နေတာ မိသားစုလိုက် လာစားကြတာများတော့ ယောကျာ်းသံ၊ မိန်းမသံ၊ ကလေးသံ၊ လူငယ်သံ အစုံကြားရတော့တာပေါ့ဗျာ။


နောက်တစ်ဆိုင် သဘောကျမိတာက "ရွှေရာစု" ဘီယာနဲ့ ရေစာ စားဖွယ်စုံ ဆိုင်။ ဒီဆိုင်မှာ ပင်လယ်စာတွေအပြင် တောကောင်သားတွေပါ ရတယ်။ ဆတ်သား၊ တောဝက်၊ ဂျေ၊ မျောက်ညို၊ တောကြောင် နဲ့ ဖွတ်သား အစုံပဲ။ စားကောင်းတဲ့ ဆိုင်လေးမို့ ညစာအတွက်ဆို ဒီဆိုင်လေးလည်း မြည်းစမ်းကြည့်သင့်တယ်။


မြိတ်မြို့နားမှာ တကယ်ပဲ လည်စရာ မရှိဘူးလား?

အဲလိုတော့လည်း မဟုတ်ပါဘူး။ မြို့ခံဆိုတော့လည်း သူတို့အတွက် မဆန်းပြားတဲ့နေရာတွေမို့ သူတို့ကိုယ်တိုင်လည်း သိပ်မညွှန်းတတ်တာ ဖြစ်နိုင်ပါတယ်။ မြိတ်မြို့ပြင်ဘက် နည်းနည်းလောက် ထွက်လိုက်မယ်ဆိုရင် "ကျွဲကူး-ကျောက်ဖျာတံတား" ရှိတယ်။ မြို့ထဲကနေဆို နာရီဝက်လောက်တော့ ကားစီးသွားရတယ်။ တနင်္သာရီတိုင်းထဲက ကျွဲကူးရွာ နဲ့ ကျောက်ဖျာရွာ နှစ်ခုကို တံတားထိုးထားတာပါ။ ၃၆၁၂ ပေ ရှည်ပါတယ်။ တံတားက ဘာမှ မထူးဆန်းပါဘူး။ ထူးခြားတာက အဲ့ဒီ တံတားနားမှာ ကွေ့ဝိုက်စီးနေတဲ့မြစ် နဲ့ ရွာလေးတွေရဲ့ အလှပါ။ တံငါရွာလေးလို မြစ်ပေါ် ခြေတံရှည်တဲလေးတွေနဲ့ နေကြတဲ့ နေထိုင်မှုပုံစံကို မြင်တွေ့ရပါတယ်။ လှေကလေးတွေနဲ့ ငါးဖမ်းနေကြတဲ့ တံငါသည်တွေလည်း မြင်ရတာမို့ ထူးခြားတဲ့ မြင်ကွင်းလေး ဖြစ်နေပါတယ်။ လူငယ်တွေလည်း ဒီနေရာလေးမှာ ပျော်ပွဲစား လာလေ့ရှိပုံရပါတယ်။ တံတားအောက်ဘက်ဆင်းသွားပြီး ရေစပ်နားလေးမှာ သူငယ်ချင်းတွေ စုထိုင်စကားပြောကြ၊ ချစ်သူစုံတွဲလေးတွေ ကြည်နူးနေကြတာကိုလည်း မြင်ရပါတယ်။ လှေကလေးတွေနဲ့ ငါးဖမ်းထွက်ကြတဲ့ တံငါသည်တွေရဲ့ ဘဝကို မြင်ရတာတော့ ကျွန်တော် သဘောအကျဆုံးပဲ။ ဒီနေရာ သွားရင် တစ်ခု သတိထားရတာက ဒေသခံ ကလေးငယ်တချို့ ယိုထားတဲ့ အီအီးတွေ မနင်းမိအောင်ရှောင်ရ တိမ်းရတာရှိတယ်။ ငါးညှီနံ့တွေ တစ်ချက်တစ်ချက် ဆိုးဆိုးရွားရွား ရတတ်တယ်။


အဲ့ဒီမှာ ရှိတဲ့ ကမ်းရိုးတန်းဒေသ မြိတ်မြို့မှ ကြိုဆိုပါ၏ ဆိုင်းဘုတ်နဲ့ ဓါတ်ပုံရိုက်တာကတော့ လုပ်သင့်တယ်ပေါ့လေ။ ဒီဘက် မြိတ်မြို့ကို ပြန်လာရင် ကျွဲကူးရွာဘက်ခြမ်းမှာ ဆိုင်တန်းလေးတွေ ရှိနေတယ်။ အဲ့ဒီ ဆိုင်တန်းလေးတွေမှာရောင်းတဲ့ အကြော်စုံတွေ စားကောင်းတယ်။ ဈေးလည်းတန်တယ်။ ကဏန်းကတော့ စားရ အလုပ်ရှုပ်မလားဆိုပြီး မစားဖြစ်လိုက်ပေမဲ့ ပုစွန်ကြော်တွေ ကြည့်ရတာ ပုစွန်ကောင်ကြီးကြီးတွေနဲ့မို့ စားချင်စရာဖြစ်နေတာနဲ့ ဝယ်စားကြည့်လိုက်တယ်။ ပုစွန်ကြော် ၃ ခု ကို ၁,၀၀၀ ကျပ် ပဲ ပေးရတယ်။ တစ်ခု စားတာနဲ့တင် အတော် ဗိုက်ကားသွားတယ်။ ဆီကတော့ နည်းနည်းချောင်းဆိုးချင်ချင် ဖြစ်သလားပဲ။ စားလို့တော့ တကယ်ကောင်းပါတယ်။ ကြက်ကင်တွေလည်း ရပါတယ်။


အဲ့ဒီကနေ မြိတ်မြို့ဘက်ပြန်တော့ လမ်းကြုံနေတဲ့ စစ်အစိုးရလက်ထက်က တည်ထားတဲ့ စေတီတစ်ခု ဝင်ဖြစ်သေးတယ်။ နာမည် အမှတ်တမဲ့ ဖြစ်နေတယ်။ ပုံစံကတော့ စစ်အစိုးရခေတ်က တည်လေ့တည်ထ ရှိတဲ့ ရွှေတိဂုံနဲ့ အာနန္ဒာဘုရား ပေါင်းစပ်ပုံစံတူမျိုးပါ။ ရွှေတိဂုံနဲ့ တူတယ်လို့ ကျွန်တော်ခံစားရပါတယ်။ ဒီစေတီမှာ ထူးခြားတာက နံရံပန်းချီတွေပဲ။ ခေတ်တစ်ခုကို ဖော်ညွှန်းထားတဲ့ ပန်းချီကားကြီးတွေကိုမြင်တွေ့ရတယ်။ အဲ့ဒီအချိန်က စေတီတည်ဖို့ အုတ်မြစ်ချရာကနေ အကောင်အထည်ပေါ်လာတဲ့အထိ အဆင့်ဆင့်ကို ပန်းချီနဲ့ မှတ်တမ်းတင်ထားတာမို့ လွန်သွားကြပြီဖြစ်တဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အနားယူသွားကြတဲ့အဖွဲ့ဝင်တွေရဲ့ အဲ့ဒီခေတ်က သမိုင်းကို ပန်းချီတွေကနေ ပြောပြပေးနေပါတယ်။


ကျွန်တော်က နည်းနည်းအထွန့်တက်ပြီလေ။ မြိတ်မှာ ရှေးဟောင်းစေတီလိုမျိုးတွေ မရှိဘူးလားပေါ့။ ခုနောက်ပိုင်းမှ အသစ်တည်တဲ့စေတီတွေထက် ရှေးဟောင်းစေတီတွေကို ကျွန်တော်က ပိုစိတ်ဝင်စားမိတာကိုး။ အဲ့ဒါနဲ့ပဲ "ဆံတော်ရှင် ပေါ်တော်မူစေတီတော်" ကို ရောက်လာခဲ့တယ်။ ဒီစေတီကို မနက် (၄) နာရီကနေ ည (၁၀) နာရီထိ ဖူးခွင့်ပြုတယ်။ ဒီစေတီဆီကို ထိုင်းဧည့်သည်တွေလည်း အလာများတယ်လို့သိရတယ်။ တခြားစေတီတွေနဲ့ မတူတဲ့ ထူးခြားတာတစ်ခုက ဒီစေတီရဲ့ ပတ်လည်မှာ ကျောက်ပြားတွေ အပြင် မြက်ခင်းစိမ်းစိမ်းလေးနဲ့ မြေကြီးပတ်လမ်းတစ်ခုကို ထည့်သွင်းထားတာပါပဲ။ ထည့်သွင်းရတဲ့ အကြောင်းရင်းကို သက်ဆိုင်ရာ လူကြီးတွေကို မေးမြန်းကြည့်ပေမဲ့ တိတိပပ ဖြေဆိုပေးနိုင်သူ မရှိပြန်ဘူး။ အရင်ကတည်းက လုပ်ထားတာပါပဲ။ ဘုရားဖူး ဖို့ပါပဲ။ ဒီလောက်ပဲ ထွက်လာတယ်။ နောက်ထပ်ထူးခြားတာက ဒီစေတီတော်တွင်းမှာရှိနေတဲ့ ဘိုးတော်၊ မယ်တော်အစုံရဲ့ ရုပ်တုတွေ ရှိနေတဲ့ နေရာလေးပါပဲ။ ဘိုးမင်းခေါင်၊ စြက်ာမင်း တို့က အစ ကွမ်ရင်မယ်တော် အထိ ရုပ်တုတွေကို တစ်နေရာတည်း စုစည်းပြီး တွေ့ရပါတယ်။ သက်ဆိုင်ရာရုပ်တုတွေရဲ့ ရှေ့မှာလည်း ပွဲထိုးထားတာတွေ တွေ့နေရတော့ အဓိဌာန်တစ်ခုခု ဝင်ကြတာ ဖြစ်မယ်ထင်ပါတယ်။ အဲ့ဒီစေတီကနေလည်း တောင်တွေရှိတဲ့ဘက် ရှုခင်းက ကြည့်လို့ ကောင်းပါတယ်။ ငုံ့တော့ မကြည့်လိုက်ပါနဲ့ တောင်စောင်းအောက်မှ ပွစာကြဲနေတဲ့ အမှိုက်တွေက စောစောက မြင်ထားတဲ့ ရှုခင်းလေးကြောင့် ကြည်လင်နေတဲ့ စိတ်ကို ချက်ချင်းညစ်နွမ်းသွားစေလိမ့်မယ်။ ပထမတော့ ဒီစေတီရဲ့ သမိုင်းကြောင်းပါ ရေးပြမလို့ဘဲ။ ရေးရင် အဲ့ဒီသမိုင်းနဲ့တင် အတော်လေး ရှည်သွားမယ်။ အရင်က ဒီစေတီရှိတဲ့နေရာကလည်း ရေပြင်ပဲလို့ ဆိုပါတယ်။ ခုတော့ တောင်ကုန်းလေးလိုပါပဲ။ တစ်ခု စိတ်ဝင်စားစရာကောင်းတာက ဒီစေတီမှာ အလယ်စေတီနဲ့ အရံစေတီ နှစ်ခု ရှိတယ်။ အရံစေတီ နှစ်ခုကို ထီးတင်စဉ်တုန်းက တင်ဖို့ အောင်မြင်ခဲ့ပေမဲ့ အလယ်စေတီကြီးကို ထီးတင်ဖို့ အတော်လေး အဆင်မပြေဖြစ်ခဲ့ရတယ်ပြောပါတယ်။ နောက်ပိုင်း တင်ဖြစ်သွားချိန်မှာလည်း မိုးကြိုး မကြာခဏ ခ တဲ့အတွက်ကြောင့် တင်မရ ပြန်ဘူး။ ဒီလို ထီးတင်နိုင်ဖို့အတွက် ဘိုးမင်းခေါင် က အစီအရင်တွေနဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ အကြမ်းဖျဉ်း သိလိုက်တာလေ ဝေမျှပါတယ်။ အမှတ်မှားတာ ရှိလည်း ပြန်ပြောပြဦးနော်။


ဒီတစ်ခါတော့ နိုင်ငံခြားသားတွေတောင် တကူးတက နေဝင်ချိန်လာကြည့်ရတဲ့ "လေးကျွန်းဆီမီးစေတီ" ကို ရောက်လာခဲ့ပါတယ်။ နေဝင်ချိန်အတော် ကြည့်လို့ကောင်းတဲ့ နေရာပါ။ မြိတ်မြို့ကြီးကို အပေါ်စီးကနေ မြင်ရတဲ့ မြင်ကွင်း၊ ပင်လယ်ပြင် နဲ့ သဘောၤလှေတွေ၊ ပင်လယ်ထဲက ကျွန်းတွေ တောင်တွေ၊ ကျွန်းပေါ်က တောင်တွေရဲ့ အနောက်ဘက်ကို ဝင်သွားတဲ့နေမင်း အရာအားလုံးဟာ ချိန်သားကိုက် လှလှပပ မြင်တွေ့ရပါတယ်။ မြိတ်မြို့ကို မြင်ရတဲ့ မြင်ကွင်းလေးကိုလည်း သဘောကျမိတယ်။ ဒီစေတီမှာ သီရိလင်္ကာနိုင်ငံကနေ ပင့်ဖူးတဲ့ စွယ်တော်ကို ပွားယူထားတဲ့ စွယ်တော်ပွား အပူဇော်ခံထား ရှိပါတယ်။ ဒီကနေ နေဝင်ဆည်းဆာကို ခံစားရတာလည်း ကဗျာတစ်ပုဒ်ပါပဲ။


မြို့ထဲမှာ ရှိတဲ့ တရုတ်ဘုံကျောင်းကိုလည်း အချိန်ရရင် ဝင်လည်ပတ်သင့်တယ်။ ရှေးဟောင်းဘုံကျောင်းတစ်ခုလို့ သိရတယ်။ ကျွန်တော်တို့ သွားတဲ့အချိန်ကတော့ နောက်ကျနေလို့ ဘုံကျောင်းထဲကို ဝင်ခွင့်မရခဲ့ပါဘူး။


မြိတ်မြို့ကို ရောက်ရင် မဖြစ်မနေ သွားလည်ပြီးကြည့်သင့်တဲ့အထဲမှာ ဇီဝဇိုးငှက်အိမ်လည်း ပါ ပါတယ်။ ငှက်လေးတွေက သူတို့ အန်ဖတ်နဲ့ အသိုက်လုပ်ကြတယ်။ အဲ့ဒီအသိုက်ကို ပြန်ခွာလို့ သန့်စင်လိုက်တဲ့အခါ ဆေးဖက်ဝင်တဲ့ အားဆေးတစ်မျိုးကို ရလာတယ်။ အဖိုးတန်ပြီး ဈေးကြီးတဲ့ ငှက်သိုက်ကို ဒီအိမ်ကြီးက ထူးခြားစွာပဲ သဘာဝတရားရဲ့လက်ဆောင်အဖြစ် ရနေတယ်။ သန့်စင်ထားတဲ့ငှက်သိုက် ပမာဏ နည်းနည်းလေးတောင်မှ ၂ သောင်းဝန်းကျင် ပေးရပါတယ်။ ပေးရပေမဲ့ အထူးဆေးစွမ်းထက်လို့လည်း ငှက်သိုက်ပေါင်းရည်ကို အသက်ကြီးသူတွေ၊ နလံထူခါစ လူမမာတွေနဲ့ ကလေးငယ်တွေ သောက်သုံးသင့်တယ်။ ငှက်အိမ်ကြီးထဲက အောက်ထပ် အခန်းမှောင်မှောင်ထဲမှာ နံရံတွေ၊ အိမ်ခေါင်မိုးတွေကြားထဲ ငှက်အိမ်လေးတွေ တွေ့ရတယ်။ ကြမ်းပြင်မှာတော့ ငှက်ချေးတွေပေပွလို့နေတယ်။ ဝင်သွားကြည့်ရင်လည်း ငှက်ချေးနံ့တွေ နံနေတယ်။ စဉ်းစားကြည့်မိတယ်။ ကျွန်တော်သာ မြိတ်က ဒီအိမ်ပိုင်ရှင်ဆိုရင် ငှက်အကြောင်းလည်း ကောင်းကောင်းမသိတော့ ဇီဝဇိုးငှက်တွေလာတာကို စိတ်ဆိုးပြီး မောင်းထုတ်ပစ်မိမှာပဲလို့။ ခုတော့ ဆေးစွမ်းထက်တယ်ကြားလို့ အိတ်ကပ်ထဲက တစ်သောင်းတန် ၂ ရွက်ခုန်ထွက်သွားပြီလေ။


ငှက်အိမ်ကလည်း ကမ်းနားလမ်းပေါ်မှာပဲ ရှိတာမို့ အဲ့ဒီကနေ တစ်ဆက်တည်း ကမ်းနားလမ်း လျှောက်ကြည့်ဖြစ်တယ်။ မြို့ခံတွေ သွားကြည့်ဖို့ ပြောတဲ့ မြိတ်ရှော့ပင်းစင်တာ (Myeik Shopping Center) ကိုလည်း သွားလည်ဖြစ်တယ်။ ကမ်းနားမှာက ပင်လယ်ကို အတိုင်းသား နီးနီးကပ်ကပ်မြင်ရတယ်။ ကမ်းခြေလိုမျိုး သဲသောင် မရှိပေမဲ့ ပင်လယ်ရဲ့ လှိုင်းပုတ်တာကို မြင်တွေ့နေရတယ်။ ငါးဖမ်းလှေလေးတွေနဲ့ ကျွန်းတွေကိုမြင်ရတယ်။ ဒီကမ်းနားလမ်းပေါ်လျှောက်သွားရင်း နေဝင်ချိန်ကြည့်တာကလည်း အရမ်းမိုက်ပါတယ်။ Myeik Shopping Center မှာကတော့ ကျွန်တော့အတွက် ထူးထူးခြားခြား မရှိပါဘူး။ ဒါပေမဲ့ မြိတ်မြို့အတွက် တကယ်ကို အရေးပါတဲ့ Shopping Center တစ်ခုလို့တော့ မြင်မိပါတယ်။ ပရိဘောဂဆိုင်၊ ရွှေဆိုင်တွေထိ စုံစုံလင်လင် တစ်နေရာတည်းမှာ ရှိနေတာမို့ပါ။


မြိတ်မြို့ထဲ လည်ပတ်ချိန်အများကြီးမရပေမဲ့ ရသလောက်လေးမှာ လည်ပတ်ရတဲ့နေရာတွေက စိတ်ဝင်စားဖို့ ကောင်းတဲ့နေရာတွေချည်းပါ။ ခုထိ စိတ်ထဲ တနှံ့နှံ့ဖြစ်နေတာကတော့ ကျွန်းတွေကို လည်ပတ်ဖို့ ဒီတစ်ခေါက် အချိန်ကောင်းကောင်း မရလိုက်တာကိုပါပဲ။ မြိတ်ရေ ကျွန်တော် ထပ်လာပါဦးမယ်။ ခုတစ်ခေါက်လိုပဲ နွေးထွေးပေးပါဦးနော်။


အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံ ပျော်ရွှင်စွာ ခရီသွားနိုင်ကြပါစေ။

သီဟလုလင် (Thiha, the Traveller)

About Me

My name is Thiha who aspires to travel and learn as much as possible. I work as a travel blogger, author, event host, master of ceremony and brand endorser.

Read More

© 2020 Idea Landmark Myanmar

Privacy Policy

  • Facebook
  • Instagram
  • YouTube
  • iTunes
  • LinkedIn
  • TikTok
  • Twitter