မြန်မာနိုင်ငံရဲ့ တောင်ဘက်စွန်း ကော့သောင်းမြို့လေးဟာ တကယ်ကို ချစ်စရာကောင်းပြီး ပြည်တွင်း ပြည်ပ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ မြို့လေး ဖြစ်ပါတယ်။
ကော့သောင်းမြို့ ဟာ နယ်စပ်မြို့လည်း ဖြစ်တဲ့ အားလျော်စွာ အချို့နိုင်ငံခြားသားခရီးသည်တွေကတော့ ထိုင်းနိုင်ငံဘက်ကနေ ဝင်လည်တာမျိုး ရှိတတ်ပါတယ်။ ကျွန်းပတ်ခရီးစဉ်တွေကို ပိုစိတ်ဝင်စားကြသူတွေဖြစ်လို့ ကော့သောင်းမှာ လည်ပတ်တာထက် ကျွန်းတွေဆီ ခရီးနှင်ကြသူများပါတယ်။ စိတ်မကောင်းဖြစ်မိတာ တခုက တချို့နိုင်ငံခြားသားတွေ လာသာလာကြတယ်။ မြန်မာနဲ့ ထိုင်း မသဲကွဲဘဲ ရောက်လာကြတာကို ကိုယ်တိုင် စကားပြောကြည့်ပြီး သိလိုက်ရလို့ပါ။ ကိုယ်လည်ပတ်နေတဲ့ ပင်လယ်ကြီးနဲ့ ကျွန်းတွေဟာ အိမ်နီးချင်းနိုင်ငံထဲမှာပဲ ရှိနေတယ်လို့ထင်ပြီး မြန်မာနိုင်ငံကို သိကို မသိလိုက်ဘဲ လည်နေသူတွေ ရှိလို့ စိတ်မကောင်းလည်းဖြစ်ရသလို ဆောင့်ကန်ချင်စိတ်လည်း ပေါ်မိတာအမှန်ပါ။ ကော့သောင်းမြို့ နဲ့ ဝန်းကျင် ဟာ တကယ်ကို သဘာဝအလှတွေနဲ့ ပြည့်နေပြီး ခရီးသွားတွေကို ဆွဲဆောင်မှုပြင်းပြင်း ရှိနေတာတော့ ငြင်းမရတဲ့အချက်ပါပဲ။
ဘယ်လိုသွားလဲ
အဝေးပြေးကားတွေနဲ့လည်း သွားလို့ရပြီဖြစ်သလို အရင်ကတော့ လေယာဉ်အသုံးများကြပါတယ်။ ခရီးပိုမြန်တာမို့ လေယာဉ်စီးတာ မကြောက်သူတွေကိုတော့ လေယာဉ်ခရီးနဲ့ပဲ သွားဖို့ အကြံပြုချင်ပါတယ်။ ကားကတော့ ၂၄ နာရီလောက် စီးနင်းရမှာ ဖြစ်လို့ အနည်းငယ် ပင်ပန်းတယ်လို့ဆိုပါရစေ။ ဒါပေမဲ့လည်း ရွေးချယ် သွားလာနေကြတာပါပဲ။ ဈေးနှုန်းအားဖြင့်ရော၊ ကိုယ့်စိတ်ထဲ ပိုသက်တောင့်သက်သာဖြစ်တယ် ထင်တာရောကြောင့်လို့ ဆိုရပါမယ်။ လေယာဉ်နဲ့ဆိုရင်တော့ အချိန်အားဖြင့် ၁ နာရီ မိနစ် ၂၀ လောက်ပဲ ကြာမြင့်တတ်ပါတယ်။ ကွင်းပတ် ဆိုရင်တော့ ၁ နာရီ မိနစ် ၄၀ လောက်ထိ ကြာမြင့်နိုင်ပါတယ်။ လေယာဉ်နဲ့ဆို ကော့သောင်းရောက်ခါနီး မြင်ရတဲ့ ပင်လယ်ကြီးနဲ့ ကျွန်းတွေရဲ့ အပေါ်စီးအလှကို လေယာဉ်ပြတင်းပေါက်ကနေ ကြည့်ရင်း အတော်လေး ရင်ခုန်ပျော်ရွှင်ရပါတယ်။
ကော့သောင်းမြို့ဆိုတာ
ကော့သောင်းမြို့ဟာ မြန်မာနိုင်ငံရဲ့ တောင်ဘက် ကိုမှ တကယ့်အစွန်းဆုံးနေရာ ဝိတိုရိယအငူ (ဘုရင့်နောင်အငူ) မှာ တည်ရှိနေတဲ့ မြို့ ဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် ထဲကို စီးဝင်တဲ့ ပါချန်မြစ် ဟာ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့ရဲ့ နယ်နိမိတ်ခြားမြစ်အဖြစ် စီးဆင်းနေပြီး ပါချန်မြစ်ဝ မှာ သင်္ဘောကြီးတွေ ဆိုက်ကပ်ရပ်နားလေ့ရှိပါတယ်။ ထိုင်းနိုင်ငံဘက်ကို ရေလမ်းနဲ့ ကူးသွားရင် ရနောင်းမြို့ ကို ရောက်ရှိနိုင်မှာ ဖြစ်ပြီး ဒီဒေသက လူငယ်တွေကတော့ ဟိုဘက်ဒီဘက် ကူးလူး အလုပ်လုပ်ကိုင်အသက်မွေးကြတာ များပါတယ်။
ကော့သောင်း ဆိုတဲ့ စကားဟာ မွန်ဘာသာ က ဆင်းသက်လာတယ်လို့ ယူဆကြပြီး မူလအသံထွက်အရ ကော့သောင် ကော့ ဟာ ကျွန်း နဲ့ သောင် ဟာ သဲသောင်ပြင် ဖြစ်တဲ့အတွက် သောင်ဖြစ်ထွန်းရာကျွန်း လို့ ဆိုလိုပါတယ်။ ထိုင်းလိုဆိုရင်လည်း ကော့ ဟာ ကျွန်း လို့ အဓိပ္ပါယ်ရတယ်လို့ မှတ်သားဖူးပါတယ်။ ထိုင်းတွေက ကော့စွန်း လို့ ခေါ်ခဲ့ကြတယ်လို့လည်း သိရပါသေးတယ်။ စွန်း ဆိုတာက နှစ် လို့ အဓိပ္ပါယ်ရှိတာမို့ ကျွန်းနှစ်ကျွန်း လို့ ရည်ညွှန်းပါတယ်။ ဒီကော့သောင်းမှာလည်း အခြားထိုင်းနယ်စပ်မြို့တွေလို ထိုင်းယဉ်ကျေးမှုအငွေ့အသက်တွေ မြင်တွေ့ကြရပါမယ်။ ထိုင်းသီချင်းသံတွေ၊ နေရာအချို့မှာ ထိုင်းဘတ်ငွေ သုံးစွဲမှုတွေ စသဖြင့် ရှိပါတယ်။ ဘုရင့်နောင် ဟာ ယိုးဒယားကို စစ်ဆင်တဲ့အခါမှာ ကော့သောင်း ဟာ အရေးပါတဲ့နေရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ၁၅၄၈ ကနေ ၁၅၆၉ ခုနှစ်တွေကြားမှာ စစ်သူကြီး အနေနဲ့ရော ဘုရင်အနေနဲ့ပါ အကြိမ်ကြိမ် ဖြတ်သန်းစစ်ရေးဆင်ခဲ့တာပါ။ ၁၈၂၄ ခုနှစ်မှာတော့ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီး ထိုင်း၊ မလေးရှား နဲ့ တရုတ်လူမျိုးတွေ အဓိကနေထိုင်ရာ ရုံးစိုက်မြို့ ဖြစ်သွားခဲ့ပါသေးတယ်။
ကော့သောင်းမြို့ဝန်းကျင် လည်ပတ်စရာ
ဒီစာကို ရေးခဲ့ချိန်က ၂၀၁၆ ခုနှစ်က ဖြစ်တဲ့အတွက် အခုနောက်ပိုင်း လည်ပတ်စရာဖော်ထုတ်တွေ့ရှိမှုတချို့ကတော့ ပါဝင်နေဦးမှာ မဟုတ်လို့ နားလည်ပေးစေလိုပါတယ်။ အရင် ဝတ္ထုပုံစံရေးထားမိတာကို ခရီးသွားဆောင်းပါးပုံ ပြန်လည် ပြင်ဆင် တင်ဆက်ခြင်းဖြစ်လို့ ကျန်ရစ်ခဲ့တဲ့နေရာတချို့အတွက် ကြိုတင်တောင်းပန်ပါတယ်။ ကော့သောင်းမှာ လည်စရာတွေကတော့ တော်တော်များများ ရှိနေတာပါ။ ပင်လယ်ထွက် စွန့်စားခရီးစဉ်တွေလား၊ ကျွန်းပတ်ခရီးစဉ်တွေလား၊ ကျွန်းပေါ်ညအိပ်ခရီးစဉ်တွေလား၊ မြို့ပေါ်တင်လည်ချင်တာလား၊ နယ်စပ်ဖြတ်ကျော် ထိုင်းနိုင်ငံလည်ချင်တာလား၊ ရွာနီးစပ်ချုပ်က ရှေးဟောင်းနှောင်းဖြစ်တွေ တူးဖော်ချင်တာလား၊ တောင်တက်ချင်သေးလား၊ ကာစီနိုဆော့ချင်တာလား။ ကိုယ် လုပ်ချင်တာလေးတွေ စုံစိအောင် လုပ်ဆောင်နိုင်တဲ့ အရပ်ဒေသလို့ပဲ ဆိုချင်ပါတယ်။
မလိဝမ်းရွာ
ကော့သောင်း ရောက်ရင် သွားလည်စေချင်မိတဲ့နေရာကတော့ မလိဝမ်းရွာ ပါ။ ကော့သောင်းကနေ မိနစ် ၄၀ ခန့် ကားနဲ့ သွားရပါတယ်။ လမ်းတလျှောက် တနင်္သာရီရဲ့ သဘာဝမြင်ကွင်းတွေ၊ စိုက်ခင်းတွေ နဲ့ ရွာတွေ ကို လေ့လာရင်း သွားလို့ရပါတယ်။ ကွမ်းပင်တွေ၊ ရော်ဘာပင်တွေ ကိုလည်း တွေ့မြင်ကြရမှာပါ။ ၁၈၂၄ ခုနှစ်တုန်းက ကော့သောင်းဟာ ဗြိတိသျှပိုင်ဖြစ်လာပြီးနောက် အင်္ဂလိပ်တွေဟာ မလိဝမ်းရွာ မှာ ရုံးစိုက်ခဲ့ကြတယ်လို့ မှတ်သားဖူးပါတယ်။ ၁၈၉၁ ခုနှစ်ရောက်မှ ကော့သောင်းကို ပြောင်းရွှေ့ခဲ့တာပါ။
ဒါကြောင့်လည်း မလိဝမ်း မှာ အင်္ဂလိပ်တွေရဲ့ သတ္တုလုပ်ငန်းတွေ၊ ရော်ဘာခြံလုပ်ငန်းတွေ ရှိခဲ့တယ်လို့ ဆိုပြန်ပါတယ်။ အဲ့ဒီအချိန်ကတော့ မလိဝမ်းဟာ မြို့ လို့ ဆိုနိုင်ပါတယ်။ ကောင့်သောင်းဟာ မြို့သစ်တည်ထားတယ်လို့ ဆရာ မြသန်းတင့် ရဲ့ စာအုပ်အရ မှတ်ချက်ပြုရမယ်ထင်ပါတယ်။ သျှမ်းလူမျိုးအများစုနေထိုင်တယ်လို့လည်း သိရပြန်ပါတယ်။
မလိဝမ်း ရေပူစမ်း
ကော့သောင်းကနေ မိုင် ၃၀ အကွာမှာ ရှိတဲ့ မလိဝမ်း ရေပူစမ်း ဟာ အပန်းဖြေချင်စရာဖြစ်အောင် ဖန်တီးထားပါတယ်။ ရာသီဥတုပူတဲ့ဒေသမို့ နွေမှာ သွားလည်ရင်တော့ အတော်ပူတဲ့နေရာပါပဲ။ ဝင်ကြေး ပေးရပါ မလိဝမ်းရေပူစမ်းအပန်းခြေစခန်းမှာ အမိုးလှလှလေးနဲ့ ရေပူကန် ၃ ကန် ကို တွေ့ကြရပါတယ်။ အဲဒီကန်တွေရဲ့ ထူးခြားချက်က တစ်ကန်ကို အပူချိန်တစ်မျိုးစီနဲ့ ရေပူတွေ ရှိနေတာပါပဲ။ ၄၅ ဒီဂရီ၊ ၅၀ ဒီဂရီ နဲ့ ၅၅ ဒီဂရီ အသီးသီး ရှိပါတယ်။ ဘာလို့ အပူချိန်ကွဲနေတာလဲ။ ရေချိုးကြသူတွေ မတွေ့ပေမယ့် ခြေစိမ်ဖို့အတွက် အဆင်ပြေလို့ ကျွန်တော်စိမ်ကြည့်တယ်။ အပူချိန် အနည်းဆုံးကနေစလို့ စိမ်ပါတယ်။ ၄၅ နဲ့ ၅၀ ဒီဂရီတွေမှာ ကိစ္စမရှိပေမယ့် ၅၅ ဒီဂရီကတော့ ဘယ်လိုမှ စိမ်လို့ မဖြစ်နိုင်အောင်ကို ပူနေပါတယ်။ ဒါနဲ့ ခြေစွပ်ပြန်ဝတ်လို့ နောက်တစ်နေရာ သွားကြည့်တယ်။ အဲဒီမှာတော့ ရေတွင်းလေးတစ်ခု ဖော်ထားပြီး ဖိနပ်ချွတ်ဝင်ပါလို့ ရေးထားပါတယ်။ စိတ်ဝင်စားလို့ ဝင်ကြည့်တော့ ရေတွင်းပတ်ပတ်လည်ကျောက်ပြားတွေက အတော်လေးပူနေပြီး ရေတွင်းထဲက ရေကလည်း အရမ်းကို ပူပါတယ်။ ရေတွင်းအောက်ခြေနားမှာ ဘဲဥ၊ ကြက်ဥတွေတွေ့လို့ မေးကြည့်တော့ ဒီရေပူတွင်းထဲမှာ ကြက်ဥ ဘဲဥတွေ လာပြုတ်စားကြတယ်လို့ ဆိုပါတယ်။
မလိဝမ်း ရေတံခွန်
မလိဝမ်းရေပူစမ်းကနေ ကော့သောင်းဘက်ပြန်အလာ ၃ မိုင်ခရီးလောက်ဆို မလိဝမ်းရေတံခွန်ကို ရောက်ပါတယ်။ ရာသီဥတုပူလို့ ရေတံခွန် စိမ့်စမ်းတွေကို တောင့်တမိသွားတယ်။ ရာဘာတောတွေ ဆီအုန်းတောတွေကို ဖြတ်မောင်းပြီး အတွင်းရောက်တော့ ခုနက မလိဝမ်းရေပူစမ်းအပန်းဖြေစခန်းနဲ့ ပုံစံချင်းခပ်ဆင်ဆင် မလိဝမ်းရေတံခွန်ဝင်ပေါက်ကို ရောက်ပါတယ်။ ဝင်ကြေးကတော့ တူတူပါပဲ။ အတွင်းထဲဝင်လိုက်တာနဲ့ ရေစီးသံတွေကြားရပြီး ထင်တဲ့အတိုင်း အပန်းဖြေတဲ့သူတွေက ဒီမှာ ပိုများပါတယ်။ ဘောကွင်းလေးတွေနဲ့ ရေကူးနေကြသူတွေ၊ ဘီယာ၊ အရက်သောက်ပျော်ရွှင်နေကြသူတွေကို တွေ့ရပါတယ်။ ရေတံခွန်နည်းနည်းကြီးကြီးကို မြင်ရဖို့အတွက် တောင်အမြင့်လေးတစ်ခုကို တက်ကြရပါတယ်။ လျှောက်လမ်းကလည်း ပြေပြေလေးလည်း လူသွားလို့ အဆင်ပြေအောင် စနစ်တကျ ဖောက်ပေးထားလို့ သက်တောင့်သက်သာနဲ့ ရေတံခွန်ရှိရာကို ရောက်လာခဲ့ပါတယ်။ သတိပြုမိတာက လမ်းတစ်လျှောက် အမှိုက်ပုံးတွေ ကို များများစားစား ချထားပေးလို့ အမှိုက်နည်းပြီး သပ်ရပ်နေပါတယ်။ ရေတံခွန်ကတော့ နွေလည်းဖြစ်ပြန်လို့ထင်တယ်၊ ရေကျတော့ နည်းပါတယ်။ သစ်ပင်ကြီးတွေ မရှိလို့ထင်ပါရဲ့ ဝါးပင်တွေ၊ အပင်ငယ်လေးတွေနဲ့ ပတ်ဝန်းကျင်တစ်ခုလုံး စိမ်းစိုနေပေမယ့်လည်း အိုက်စပ်စပ် ဖြစ်နေပါတယ်။ စီးနေတဲ့ ရေကို ကိုင်ကြည့်တော့လည်း အေးမြမနေပြန်ဘူး။ ရေစီးလမ်းတစ်လျှောက် ကျောက်တုံးကြီးတွေများပြီး အဲဒီပေါ်မှာ အပန်းဖြေနေကြသူတွေ မနည်းပါဘူး။ အောက်ပိုင်းရောက်လာတော့ မိသားစုနေရာလေးတွေကို လှလှပပလေးတွေ ပိုပြီး လုပ်ပေးထားတာတွေ့ရပါတယ်။ ဒီနေရာလေးရောက်တော့ စိတ်တော်တော်လေးကြည်နူးရပါတယ်။
ပုလုံးတုံတုံး (ပုလုံးတုံးတုံး) တံတား
ပုလုံးတုံတုံး (ပုလုံးတုံးတုံး) တံတားဆိုတာ ထူးခြားတဲ့ သစ်သားတံတားရှည်ကြီးတစ်ခုပါ။ မိုင်ဝက်လောက်ရှည်လျားပြီး ပုလုံးတုံးတုံးရွာရှိတဲ့ ပလုံးတုံးတုံးကျွန်းနဲ့ ဆက်သွယ်ထားတာဖြစ်ပါတယ်။ ပုလုံးတုံးတုံးဆိုတာ လိပ်ကျွန်း လို့ ပသျှူးစကားနဲ့ ခေါ်ဆိုတာလို့လည်း မှတ်သားဖူးပါတယ်။ အရှည်အားဖြင့် ၂၆၉၀ ပေ ရှိပြီး အကျယ်က ၁၅ ပေရှိပါတယ်။ သစ်သားတံတားတွေထဲမှာဆိုရင် မန္တလေး ဦးပိန်တံတားပြီးတာနဲ့ ဒုတိယအရှည်ဆုံးသစ်သားတံတားဖြစ်ပါတယ်။ သူ့မှာ ပိုပြီးထူးခြားတာက တံတားပေါ်မှာ မော်တော်ကားဖြတ်မောင်းနိုင်တာဖြစ်ပြီး ပင်လယ်ကို ဖြတ်ဖောက်ထားတဲ့ ပင်လယ်ကူး သစ်သားတံတားထဲမှာဆိုရင်တော့ အရှည်ဆုံးတံတားလို့ ဆိုရမှာဖြစ်ပါတယ်။ အခုတော့ ခိုင်ခံ့မှုအနေအထားကြောင့်ထင်ပါတယ်။ ကွန်ကရစ်တံတားအသစ် တစ်စင်း ကို ယှဉ်လျက် တည်ဆောက်ထားပြီး ဖြစ်ပါတယ်။
ငါးသုံးလုံးတောင်
ကော့သောင်းမြို့အလှကို အပေါ်စီးက မြင်နိုင်တဲ့ ငါးသုံးလုံးတောင် ကိုလည်း ခရီးသွားတွေ တက်ကြလေ့ ရှိပါတယ်။ အတက်အဆင်းနည်းပါးပေမယ့် ကားလမ်းက တစ်လမ်းမောင်းကျော်သာသာရယ်ကို အမြန်မောင်းရတာက ကြောက်စရာပါ။ အတက်လမ်းနဲ့ အဆင်းလမ်းက တစ်ခုတည်းဖြစ်တာကတော့ စိုးရိမ်စရာပါပဲ။ တောင်ပေါ်ရောက်တော့ တစ်ဘက်ခြမ်းမှာ ကော့သောင်းမြို့သစ်ကို တွေ့ရပါတယ်။ မြေဖို့ပြီး ပင်လယ်ဘက်ကို ချဲ့ထွင်ထားတာ တွေ့ရပြီး အဲဒါတွေရဲ့ ခပ်လှမ်းလှမ်းမှာတော့ ထိုင်းနိုင်ငံပိုင်နက် ရေနဲ့ ကျွန်းတွေကို တွေ့ကြရပြန်တယ်။ တောင်ရဲ့ အခြားတစ်ဘက်ခြမ်းမှာတော့ ကော့သောင်းမြို့ထဲကို လှမ်းမြင်ရပြီး သူဌေးကျွန်းဘက်ကိုလည်း မြင်တွေ့ရပါတယ်။
ဘုရင့်နောင်ကုန်း နဲ့ ဘုရင့်နောင်ရုပ်တု
ကော့သောင်းကိုလာတဲ့အခါ ဘုရင့်နောင်ကုန်းကိုလည်း သွားရောက်ပြီး ဘုရင့်နောင်ရုပ်တုကိုလည်း လည်ပတ်လေ့လာလေ့ရှိပါတယ်။ ဒီဘုရင့်နောင်ရုပ်တု ဟာ ပန်းပု ဦးဟန်တင် ရဲ့ လက်ရာ ဖြစ်ပြီး သံကူကွန်ကရစ်နဲ့ ထုဆစ်ဖန်တီးထားပါ။ ၁၉၉၄ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီ ဘုရင့်နောင်ရုပ်တုနဲ့ ပတ်သက်လို့ ထိုင်းနဲ့ မကျေမလည်ဖြစ်ရတဲ့အကြောင်း ကြားရပါတယ်။ ထိုင်းတွေက ဘုရင့်နောင်ကို ချစ်ကြောက်ရိုသေကြပေမယ့် ဒီရုပ်တုမှာက ဘုရင့်နောင်ရဲ့ မျက်လုံးဟာ ထိုင်းဘက်ကို မျက်စောင်းထိုးဟန်ရှိပြီး ဓါးကိုလည်း ဆွဲထုတ်ထားတာကြောင့် ခြိမ်းခြောက်နေတဲ့ဟန်ပန်ပေါက်နေတယ်လို့ ပြောဆိုကြပါတယ်။
ဘုရင့်နောင်အငူ (ဝိတိုရိယပွိုင့်)
ကမ်းနားလမ်းမှာ ထင်သာမြင်သာ ရှိတဲ့ အပန်းဖြေနေရာတစ်ခုလိုလည်းဖြစ်နေတဲ့ ဘုရင့်နောင်အငူ (ယခင် ဝိတိုရိယအငူ) ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံမြေပုံမှာဆိုရင် တောင်ဘက်အစွန်းဆုံးက အချွန်းနေရာလေးပဲ ဖြစ်ပါတယ်။ ငယ်ငယ်က သင်ခဲ့ရတဲ့ မြန်မာပြည်မြေပုံရဲ့ အချွန်းနေရာလေးအတိုင်း အဲဒီနေရာလေးမှာလည်း အချွန်းလေးထွက်နေပြီး လူတိုင်း အမှတ်တရ ဓါတ်ပုံရိုက်ကူးနိုင်ဖို့ ဖန်တီးထားပါတယ်။ ဒီနေရာလွန်တာနဲ့ မြန်မာပြည်ကုန်ပြီလေ။ မြန်မာပြည်ရဲ့ မြောက်ဘက်အစွန်းဆုံးအပိုင်းမှာ ဓါတ်ပုံရိုက်ဖို့ မဖြစ်နိုင်ပေမယ့် မြန်မာပြည်ရဲ့ တောင်ဘက်အစွန်းဆုံး အချွန်းလေးမှာတော့ ဓါတ်ပုံရိုက်နိုင်ပါတယ်။
သူဌေးကျွန်း
ကျွန်တော် ကလေးတုန်းကဆို သူဌေးကျွန်းဆိုတာ ပျော်စရာသုခဘုံကြီးလို လူကြီးတွေ အမွှန်းတင် ပြောဆိုတာ ကြားခဲ့ဖူးတော့ သိပ်ရောက်ဖူးချင်ခဲ့ပါတယ်။ တကယ်တမ်းရောက်သွားတော့ ငယ်ငယ်တုန်းက ထင်ထားခဲ့သလိုတော့ မဟုတ်ဘူးပေါ့။ ခေတ်တွေ အချိန်တွေ ပြောင်းလဲလာမှုနဲ့ အတွေ့အကြုံတွေ၊ ကမ္ဘာအနှံ့ခရီးစဉ်တွေ များပြားလာတာကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ခုထိတိုင် သူဌေးကျွန်းဟာ စိတ်ဝင်စားလည်ပတ်ချင်စရာ ကောင်းနေတုန်းပါပဲ။ ကျွန်တော် အဲ့ဒီတုန်းက သူဌေးကျွန်းက တစ်ခုတည်းသော ဟိုတယ်မှာ အိပ်ခဲ့တာမို့ သူဌေးကျွန်းကို ဇက်သင်္ဘောနဲ့ ကူးခဲ့ကြပါတယ်။ ဒီဇက်သင်္ဘောနဲ့ စပိဘုတ်တွေဟာ အဲဒီသူဌေးကျွန်းကနေ ဖယ်ရီပုံစံ အကြိုအပို့ လုပ်ဆောင်နေတာဖြစ်ပြီး တစ်နာရီခြားတစ်ခါလောက် ထွက်တတ်ပါတယ်။ ဝန်ထမ်းအချို့က ထိုင်းလိုပဲ ပြောကြတာကို ကြားဖူးပါတယ်။ အချို့ကတော့ မြန်မာ-ထိုင်း နှစ်ဘာသာတတ်ကြပါတယ်။ ရိုးရိုး ဇက်သင်္ဘောနဲ့ဆိုရင် ၁၅ မိနစ်လောက် စီးရပါတယ်။ စပိဘုတ်နဲ့ဆိုရင်တော့ ၅ မိနစ်လောက်နဲ့ ရောက်နိုင်ပါတယ်။ လူတော့ သိပ်မဆံ့ဘူးပေါ့။ များသောအားဖြင့် ဒီကော့သောင်းဘက်ကနေ သူဌေးကျွန်းကို အလုပ်လုပ်နေသူတွေ၊ ကာစီနို ကစားချင်တဲ့သူတွေ သွားကြတာများပါတယ်။ ညဘက် ၁၂ နာရီလောက်ထိ အကြိုအပို့လုပ်ပေးတာ တွေ့ရပါတယ်။
သူဌေးကျွန်းရောက်တော့ အဲဒီမှာ မြန်မာ Immigration ရှိနေတာ တွေ့ရတယ်။ သူဌေးကျွန်းမှာ ရှိနေတဲ့ ဟိုတယ်က Myanmar Andaman Club ဟိုတယ်ပါ။ ဟိုးငယ်ငယ်က ကျွန်တော်ကြားဖူးတာဆိုရင် သူဌေးကျွန်းက ဟိုတယ်ကို တကယ့်သူဌေးတွေမှသွားနိုင်တာ၊ အရမ်းကို ပျော်စရာကောင်းတဲ့ လူ့ပြည်ကနိဗ္ဗာန်တစ်ခုပဲလို့ ညွန်းခဲ့ကြတယ်လေ။ ငွေရှိမှဖြစ်နိုင်တဲ့ကိစ္စတွေ အကုန်ရှိနေတာကိုး။ ဖြစ်နိုင်ပါတယ်။ ဟိုတယ်ကိုသွားဖို့ ကားလေးတွေနဲ့ အကြိုအပို့လုပ်ပေးပါတယ်။ တောင်ကုန်းပေါ်မှာ ရှိနေတဲ့ဟိုတယ်ကို ၂ မိနစ်လောက်အတွင်းရောက်သွားပြီး အရမ်းခမ်းနားတဲ့ ဟိုတယ်ကြီးကို တွေ့ရတော့တာပဲ။ Reception မှာ Check-in လုပ်ပြီးတာနဲ့ ဘေးဘီကို စပ်စုမိတော့ Lobby နဲ့ တစ်ဆက်တည်းဖြစ်နေတဲ့ Open Bar ထဲ ထိုင်းသီချင်းတွေဆိုနေတဲ့ အဆိုတော်မမ တစ်ယောက်နဲ့ စားသောက်နေသူတွေ၊ တစ်ဘက်အတွင်းမှာက Duty Free ဆိုင်ကြီး၊ အဲ့ဒီဆိုင်ရဲ့ ရှေ့ဘက်မှာက ကာစီနိုကစားခန်းမကြီးရှိနေတယ်။ အပေါ်ထပ်မှာလှေကားကနေတက်သွားရင်တော့ Massage တွေ Spa တွေ ရှိပြန်တယ်။
အခန်းသော့ရလို့ ကိုယ်နေရမယ့် အခန်းကို သွားတော့ စားသောက်ခန်းမ၊ အကြွေစေ့ဂိမ်းကစားခန်းနောက်တစ်ခုနဲ့ ညာဘက်မှာ ရေကူးကန်လှလှကြီးကြီးတစ်ခုကို တွေ့ရတယ်။ ဟိုတယ်ရဲ့ Lobby နဲ့ Reception ကို စတုတ္ထထပ်မှာထည့်ထားတာဖြစ်ပြီး အိပ်ခန်းတွေကိုတော့ အောက်ဆုံး ပထမထပ်ကနေ စထားပါတယ်။ ကျွန်တော်ကတော့ ဒုတိယထပ်က အခန်းမှာမို့ ဓါတ်လှေကားနဲ့ အောက်ပြန်ဆင်းရပါတယ်။ အောက်ပြန်ဆင်းရပေမယ့် ကျွန်တော့အခန်းကနေ ဝရံတာမှန်တံတားကိုဖြတ်လို့ ပင်လယ်ကြီးရဲ့ အလှကို အပြည့်အဝခံစားနိုင်ပြန်တာကလည်း လူကို ကြည်နူးရွှင်လန်းစေတာပါ။ အဲဒီမှာ စတွေ့တာကတော့ Time Zone က မြန်မာနဲ့ထိုင်း နှစ်ခု ကြားဖြစ်နေပြီး ဟိုဘက်ဖုန်းမိရင် မြန်မာအချိန်ဖြစ်လိုက်၊ ဟိုတယ်က ဝိုင်ဖိုင်မိရင် ထိုင်းအချိန်ဖြစ်လိုက်နဲ့ ဖုန်းမှာနာရီပေါင်းစုံ ဖြစ်နေတော့တာပါပဲ။ အဲ့မှာ Duty Free Shop လို့ရေးထားတဲ့ ဆိုင်လေးလည်း တွေ့ရသေးတယ်။ Duty Free ဆိုင်ကြီးရဲ့ တစ်ဘက်မှာတော့ ကာစီနိုစင်တာကြီး ရှိနေတယ်။ ဓါတ်ပုံရိုက်ဖို့ အခွင့်မရတာကြောင့် ဓါတ်ပုံတော့ မရိုက်လိုက်နိုင်ဘူးပေါ့။ သူဌေးကျွန်းပေါ်မှာတင် တခြားပင်လယ်ဖြတ် ကျွန်းပတ်မလုပ်ဘဲ လည်ပတ်ကစားနိုင်ပါသေးတယ်။ စွန့်စွန့်စားစား လုပ်ဆောင်ချင်သူတွေအကြိုက် Adventure ကတော့ တောလမ်းထဲ လေးဘီးဆိုင်ကယ်စီးသွားတာ၊ ကြိုးတန်းကို ခိုစီးပြီး အမြင့်တစ်နေရာကနေ တစ်နေရာကို ကူးတာ Kayak လှေလှော်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဘတ် ၆၀၀ ကနေ ၁၂၀၀ အတွင်း အမျိုးအစားအလိုက် ပေးရပါတယ်။ နောက်တစ်မျိုးကတော့ Snorkeling ခရီးစဉ်ပါ။ နာမည်ကြီး အသည်းပုံကျွန်း (ကြက်မောက်ကျွန်း) အပါအဝင် အနီးအပါးက ကျွန်းတွေဆီကို ရေအောက်အလှကို ခံစားကြည့်ရှုနိုင်မယ့် ခရီးစဉ်ဖြစ်ပါတယ်။ သူက ဟိုတယ်အခန်းနဲ့ပါတွဲပြီး ဝန်ဆောင်မှုပေးတာပါ။ ဘတ် ၃၉၀၀ နဲ့ ၄၉၀၀ ဆိုပြီး နေ့အလိုက် ကွာခြားမှု ရှိပါတယ်။
ကြက်မောက်ကျွန်း
ကော့သောင်းရောက်ရင် မဖြစ်မနေလုပ်သင့်တဲ့အထဲမှာ ပင်လယ်ဖြတ်ကျွန်းပတ်ခရီးစဉ်တွေမှာ ပါဝင်ခြင်းပဲ ဖြစ်ပါတယ်။ ကော့သောင်းမှာပဲနေနေ၊ သူဌေးကျွန်းပဲကူးကူး၊ တခြားသောကျွန်းတွေမှာပဲနေနေ ဒီလို ပင်လယ်ထွက် ကျွန်းပတ်လေ့လာတဲ့အစီအစဉ်တွေက များသောအားဖြင့် တူညီပါတယ်။ လုပ်လည်း လုပ်ဆောင်သင့်ပါတယ်။ ရေကြောက်သူတွေက လှေပေါ်ကနေ ခံစားပေါ့။ ရေမကြောက်သူတွေကတော့ ပင်လယ်ရေထဲ ခုန်ချပြီး လွတ်လပ်စွာကူးလူးရင်း ရေအောက်အလှတရားကို ခံစားကြပါတယ်။ ကြက်မောက်ကျွန်း ဆီကို ပင်လယ်ရေအတက်အကျပေါ် မူတည်ပြီး သင့်သလို ပို့ဆောင်ပေးလေ့ရှိကြပါတယ်။ ကြက်မောက်ကျွန်း ကို အသည်းပုံကျွန်း လို့လည်း ခေါ်ဆိုသေးပြီး အင်္ဂလိပ်လိုဆို Cock’s Comb ကျွန်း လို့ ရေးသားလေ့ရှိပါတယ်။ ကောင်းကင်မြင်ကွင်းကနေ ကြည့်ရင် ကျွန်းအလယ်က အသည်းပုံ အပေါက်ကြီးဖြစ်နေလို့ အသည်းပုံကျွန်းလို့ ခေါ်ကြတာပါ။ ကြက်မောက်ကျွန်းက အပေါ်ကနေ ကြည့်လို့သာ အသည်းပုံပေါ်တယ်ပြောတာ၊ ကိုယ်တွေကတော့ ဘေးကနေ ကြည့်တာဆိုတော့ ဘယ်လိုမှ အသည်းပုံပေါ်မနေဘူး။ ဒါပေမယ့်လည်း ဒီကြက်မောက်ကျွန်းက ကျောက်တောင်တွေ ပတ်လည်ဝိုင်းနေတဲ့ကျွန်းဆိုတာရယ်၊ ကျွန်းရဲ့အလယ်မှာ အချင်း ပေ ၃၀၀ လောက်ရှိတဲ့ အသည်းနှလုံးပုံ ရေငံအိုင်တစ်အိုင် ရှိနေတာရယ်ကိုတော့ ရှင်းပြပေးသူရှိလို့ သိရပါတယ်။ ကျွန်းသာဆိုတယ် မြေကြီးလုံးဝ မရှိဘူး။ အားလုံးက သက်ရင့်မီးသင့်ကျောက်တွေနဲ့ ပြည့်နေတယ်။ ခြေချစရာ မရှိဘဲ ကျောက်သားတွေမှာလည်း ခရင်း လို ဒေသက ခေါ်ကြတဲ့ ခရုခွံလိုတွေ ပြည့်နေတာမို့ ရှမိ ထိမိမှာတောင် ကြောက်ရပါတယ်။ ရှရင်လည်း သွေးတွေ အများကြီးထွက်လောက်အောင်ပါပဲ။ သက်ဆိုင်ရာ Guide တွေကတော့ ရေထဲမဆင်းခင် ဘယ်နေရာကိုမှ မထိ၊ မကိုင်ဖို့ သေသေချာချာ ပြောပါတယ်။ ရှ နိုင် ထိခိုက်မိနိုင်တယ်လို့ ရှင်းပြကြတယ်။ ဒီကျွန်းရဲ့ ပြဿနာက သူ့ကိုဝင်တဲ့အပေါက်က ပင်လယ်ရေကျချိန်မှ မြင်ရတဲ့ ဂူလိုလို အပေါက်လေးကနေ ဝင်သွားရတာပဲ။ ဒါကြောင့်လည်း ပင်လယ်ရေကျချိန်ကို တိုက်လို့ သူတို့က ဒီကို အရင်ခေါ်လာကြတာပါ။ အဲဒီ ဝင်ပေါက်လေးက ကျွန်းရဲ့ အရှေ့တောင်ဘက်မှာ ရှိပါတယ်။ ၂၅ ပေလောက် ကျယ်ပြီး ပေ ၃၀ လောက် ရှည်တဲ့ ပြွန်သဏ္ဍာန်ဝင်ပေါက်လေးဖြစ်ပါတယ်။ သက်တောင့်သက်သာ လမ်းလျှောက်ဝင်လို့ရတာမျိုးမဟုတ်ပါဘူး၊ ရေကူးဝင်ရမှာပါ။ ကြိုးလေးတစ်ခု ချထားပေးတတ်လို့ တော်ရုံ ရေမကြောက်ရင်တော့ ကြိုးလေးကိုင်ဝင်လို့ရပေမဲ့ အခါအားလျော်စွာ လှိုင်းကြီးလို့ Speed Boat ကပ်မရရင် ခပ်ဝေးဝေးမှာ လူတွေကို ချပေးတာဖြစ်လို့ ရေနည်းနည်းကြောက်တတ်သူက လန့်သွားတတ်ပါတယ်။ ဒီနေရာမှာ Snorkeling အများဆုံးလုပ်ကြပြီး ပင်လယ်ရေအောက်ကြည့်ကြပါတယ်။ Sea Fan, Soft Coral, Hard Coral အစုံကို ကြည့်ရင်း ပျော်ရွှင်ကြရပါတယ်။ ရေအောက်ကို ၆ မီတာ မြင်ရလောက်အောင် ရေက ကြည်လင်နေတာမို့ Scuba Diving လုပ်ဖို့အထိ သင့်လျော်တယ်လို့ သိရပါတယ်။
စေတန်ကျွန်း
စေတန်ကျွန်းကို အဝေးက မြင်တာနဲ့တင် အရမ်းလှပါလားလို့ သိလိုက်ရတယ်။ ကမ်းခြေရှိပြီး ကမ်းခြေက သဲဖြူလေးတွေဆိုတာ အဝေးကနေတောင် မြင်နေရတယ်။ ကမ်းခြေမှာ လှိုင်းကြီးတွေ မလာဘူး။ ညင်သာတဲ့ လှိုင်းလေးတွေနဲ့ အသံတောင် မထွက်ဘဲ တိတ်ဆိတ်နေတဲ့ နေရာလေးပါ။ ပင်လယ်အရောင်က အပြာရောင်ပိုသန်းပြီး ကြည်လင်လွန်းအားကြီးလို့ ကမ်းခြေနားမှာတင် ငါးအုပ်လေးတွေ ဟိုဒီကူးနေတာကို ရေထဲ မငုပ်ဘဲ မြင်နေရတယ်။ ဓါတ်ပုံရိုက်လို့ အရမ်းလှတယ်။ သဲသောင်ခြေကို ခြေထောက်နင်းမိတော့ သဲနဲ့တောင် မတူလောက်အောင်ကို နူးညံ့နေလို့ မယုံနိုင်ဘဲ ကိုင်ကြည့်ရတဲ့အဖြစ်ပါ။ နူးညံ့တာမှ ပေါင်ဒါမှုန့်လေးအတိုင်းကို နူးညံ့တယ်။ ကျွန်းပေါ်မှာ အပျော်ဆော့နိုင်အောင် ဘောကွင်းလေးတွေ ထားပေးတယ်။ ဒါန်းလေးတွေ လုပ်ပေးထားတယ်။ လှေလှော်ဖို့ လှေတွေထားပေးထားတယ်။ အိပ်ချင်ရင် အိပ်နိုင်အောင် ပုခက်လေးတွေလည်း ရှိနေပြန်တယ်။
မကျုံဂလက် ဆလုံရွာ
ဆလုံရွာလို့ ဆိုကြတဲ့ရွာတွေ ဒီတစ်ဝိုက်မှာ အများကြီး ရှိပါတယ်။ ကော့သောင်းကနေ ခမောက်ကြီး၊ အဲ့ဒီကနေ ဘုတ်ပြင်းဘက်ကို သွားရပြီး ကွမ်းခြံ၊ ရာဘာခြံ၊ ဆီအုန်းခြံတွေကို ဖြတ်ကျော်လို့ မိုင် ၆၀ လောက်သွားပြီးတဲ့အခါ အောင်ဘာစံပြကျေးရွာသွားတဲ့ မြေသားလမ်းလေးကိုရောက်ပါမယ်။ အောင်ဘာရွာလေးဟာ အတော်ဖွံ့ဖြိုးတဲ့ တံငါရွာလေး ဖြစ်ပါမယ်။ မြို့လေးလိုပါပဲ။ အဲ့ဒီကနေ စက်လှေစီပြီး တစ်ခါ ပင်လယ်ဖြတ်ကူးကြရတာပါ။ စက်လှေစီးချိန်က ၁ နာရီ၊ အောင်ဘာရွာ ထိ ကားက ၂ နာရီ စီးလာရတော့ မကျုံဂလက်ကို ရောက်ဖို့ ကျွန်တော်တို့ ၃ နာရီအချိန်ပေးလိုက်ရပါတယ်။ ပင်လယ်ကြီးထဲမှာ ကမ်းတွေကို မှိန်ပြပြသာ မြင်ရတဲ့ရေထဲ မောင်းနှင်နေရာကနေ မကြာခင် ပင်လယ်ထဲက ငါးဖမ်းလှေလေးတွေကို ငေးလိုက်၊ ကျွန်းလေးတွေကို ကြည့်လိုက်နဲ့ မကျုံဂလက်ကျွန်းနေရာကို ရောက်လာပါတယ်။
ဒီနေရာလေးကို အာဆီယံ အမွေအနှစ်ဥယျာဉ် အဖြစ် ဆိုင်းဘုတ်တင် မှတ်တမ်းပြုထားပါတယ်။ အရင်က ဒီကျွန်းလေးမှာ ပင်လယ်ထဲက အမှိုက်တွေ ကမ်းခြေတစ်လျှောက် သောင်တင်နေတတ်ပြီး ရှင်းလင်းမယ့်သူ မရှိပါဘူး။ ခုတော့ တော်တော်လေး သန့်စင်ထားတယ်လို့ ဆိုပါတယ်။ ခရုလေးတွေ အများအပြားတွေ့ရပေမယ့် ကောက်ယူသူမရှိပါဘူး။ ဒီ မကျုံဂလက်ကျွန်းပေါ်မှာ ရွာလေးတစ်ခု ဖြစ်နေပြီး ဆလုံရွာအဖြစ် ပြောကြပေမယ့် တကယ်တော့ ဆလုံလူမျိုးဆိုတာက ပင်လယ်ရေပျော်တွေမို့ ပင်လယ်ထဲမှာပဲ နေချင်ကြသူတွေပါ။ ရွာတည်နေဖို့ မဖြစ်နိုင်လောက်ပါဘူး။ ဒီကျွန်းပေါ်က ရွာလေးမှာ ဆလုံလူမျိုးတွေ လာပြီး ဈေးလာရောင်းကြတယ်၊ ပစ္စည်းအသုံးအဆောင်တွေ ဖလှယ်ယူသွားကြတယ်လို့ ထင်ပါတယ်။ ရွာထဲမှာလည်း အထူးသဖြင့် ကဏန်းထောင်ဖမ်းတာ၊ ပြည်ကြီးငါးဖမ်းတာတွေ လုပ်ကြပါတယ်။ အဲဒီ ရွာမှာ ကမ်းခြေဘက် ခဏလျှောက်ကြည့်တော့ ဒီရွာ ဒီကျွန်းမှာ မြန်မာရုပ်ရှင်ကားတွေ ရိုက်သွားတယ်လို့ ရွာကလူတွေက ဂုဏ်ယူစွာ ပြောလေ့ရှိပါတယ်။ နှလုံးလှလူမိုက်၊ ပင်လယ်ထက်က နေဝန်းနီ စတဲ့ ရုပ်ရှင်တွေ ရိုက်တယ်လို့ မှတ်ထားမိပါတယ်။ အဲဒီရွာက ထမင်းဆိုင်လေးမှာ ထမင်းစားတော့မှ ဒီကော့သောင်းတစ်ခွင်ရောက်ကတည်းက ပင်လယ်စာတွေ ပေါပေါများများ စားရမယ်ထင်တာ။ တကယ်တော့ ပင်လယ်သာ ဝိုင်းနေတယ်။ မျှော်လင့်ထားတဲ့ ပုစွန်တုပ်တွေ၊ ဂဏန်းတွေကို မြင်ကို မမြင်ရ။ ဒီမှာမရောင်းဘဲ ထိုင်းဘက်နဲ့ မြိတ်ဘက်မှာ ရောင်းကြတယ်လို့ သိရပါတယ်။ ဒီမှာတော့ ရှားပါးပစ္စည်းတွေ ဖြစ်နေပြီး ထိုင်းဘက်ကနေတောင် စားသောက်ဆိုင်တွေက ပြန်ဝယ် ချက်ပြုတ်ရတယ်ပြောပါတယ်။
ဆလုံကျွန်းတွေ ရွာတွေသာ ပြောပေမယ့် ကျွန်တော်ကတော့ ဆလုံတွေကို တွေ့ကို မတွေ့ခဲ့ရပါဘူး။ ဒီ မကျုံဂလက်ရွာကိုလည်း ဆလုံရွာ ပြောပေမယ့် ဆလုံတွေ မတွေ့ရဘူး။ ရွာလေးက အတော်ဖွံ့ဖြိုးတယ်လို့ မြင်မိတယ်။ စာသင်ကျောင်းလည်း ရှိတယ်။ ကျွန်တော် စာသင်ကျောင်းနားက ဖြတ်အလျှောက် အင်္ဂလိပ်စာသင်ပေးနေတာကို ကြားရတယ်။ နောက်ဖွံ့ဖြိုးလာမယ့် ခရီးသွားလုပ်ငန်းနဲ့ အံကိုက်ပဲလို့ တွေးမိသွားတယ်။ ဒီဘက်မှာ လည်သမျှ ကျွန်းတွေရဲ့ အားသာချက်က လူတွေ နေနေ၊ မနေနေ ရေက ကြည်လင်နေလို့ ရေအောက်ကြမ်းပြင်ကို သေသေချာချာမြင်ရသလို၊ ငါးတွေကိုလည်း ကောင်းကောင်းမြင်ရတာပါပဲ။ ကမ်းခြေမှာတွေ့ရတဲ့ ငါးဖမ်းလှေသေးသေးလေးတွေက အသည်းယားစရာပါ။ သူတို့တွေကတော့ ပင်လယ်ပြင်ကြီးထဲကို အဲဒီလှေသေးသေးလေးနဲ့ သွားရဲတာ ချီးကျူးမိပါရဲ့။
လန်ပိကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်
မြိတ်ကျွန်းစုထဲမှာ ပါဝင်ပြီး မြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော အဏ္ဏဝါအမျိုးသားဥယျာဉ် ဖြစ်တဲ့ လန်ပိကျွန်း တစ်ဝိုက်ကိုလည်း လည်ပတ်နိုင်ပါသေးတယ်။ လန်ပိကျွန်း အနီးအပါးက ကျွန်းတွေဆီကိုလည်း လည်ပတ်ကြတာမျိုးပါ။ အာဆီယံအမွေအနှစ်စာရင်းဝင် လန်ပိကျွန်း ဟာ ၁၉၉၆ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အဏ္ဏဝါအမျိုးသားဥယျာဉ်အဖြစ် သတ်မှတ်ခဲ့တာလို့ သိရပါတယ်။ လမုတော၊ ဒီရေတော တွေကိုလည်း လေ့လာနိုင်ဦးမှာပါ။ ကျွန်းအနားမှာ ညအိပ်ညနေ လာရောက်လည်ပတ်ကြတဲ့ သင်္ဘောတွေ ကို တွေ့ရပြီး အများစုက နိုင်ငံခြားသားတွေ ပါ။ ရေချို ရေငန်စပ်နေရာလေးတွေ ဖြစ်ပြီး တချို့နေရာတွေဆို ရေတိမ်တာကိုလည်း တွေ့ရပါတယ်။
ဗိုလ်ချိုကျွန်း (လှိုင်းကြီးအော်)
လန်ပိကျွန်းဘက်လည်ပတ်တဲ့အခါ အနီးမှာရှိတဲ့ ဗိုလ်ချိုကျွန်းကိုလည်း လည်ပတ်ကြပါတယ်။ ကျွန်းတွေလည်ခဲ့သမျှမှာ ဒီကျွန်းက ကမ်းခြေကတော့ တကယ်ကို ငပလီတို့လို ကမ်းခြေရောက်နေရတယ်ထင်ရအောင် လှိုင်းတွေက အသံတွေနဲ့ ကမ်းခြေကို ရိုက်ခတ်ပါတယ်။ ကျန်တဲ့ကျွန်းအများစုက လှိုင်းငြိမ်နေပြီး လှိုင်းအော်သံ မကြားရပါဘူး။ ဒီနေရာလေးက ရေချိုး ရေကူးလို့ ကောင်းပါတယ်။ ကျောက်ဆောင်လေးတွေကလည်း အတော်လှပြီး ဓါတ်ပုံရိုက်လို့ အရမ်းကောင်းပါတယ်။ ဒီကျွန်းရဲ့ ထူးခြားချက်တစ်ခုကတော့ အော်လိုက်ရင် ရေလှိုင်းတွေ ပိုကြီးလာတာပဲတဲ့။ စမ်းတော့ မစမ်းခဲ့လိုက်ရဘူး။ ဒါကြောင့်လည်း လှိုင်းကြီးအော် လို့ နောက်ထပ် အမည်ပေးကြတာလားလို့ တွေးမိသွားပါတယ်။
ဒီနေရာတွေကတော့ ကျွန်တော့်ရဲ့ ၂၀၁၆ ခုနှစ်တုန်းက ကော့သောင်းတခွင် လည်ပတ်ခဲ့သမျှပါ။ ပြီးခဲ့တဲ့ ၂၀၂၀ ဖေဖော်ဝါရီလလောက်က တစ်ခါ ပြန်ရောက်ခွင့်ကြုံပါသေးတယ်။ အဲ့ဒီတုန်းက ငခင်ညိုကြီးကျွန်း ကို အလည်သွားခဲ့တာဖြစ်ပြီး ဒီလိုမျိုး ကျွန်တော် မသိနိုင်တဲ့ မရောက်ဖူးသေးတဲ့ ကျွန်းလှလှတွေလည်း အများကြီး ရှိနေဦးမှာပါ။ ဥပမာ ညောင်ဦးဖီးကျွန်း တို့လိုမျိုးပေါ့။ ဒါ့အပြင် ကော့သောင်းဝန်းကျင်မှာကိုပဲ တောင်တွေ၊ စေတီပုထိုးတွေ၊ လည်ပတ်စရာအသစ်တွေ ရှိနေပါတယ်။ ကျွန်တော် ၂၀၂၀ ပြန်ရောက်ချိန်ကလည်း အဲ့ဒီက မိတ်ဆွေတချို့ ညွှန်းဆိုပေမဲ့ သွားရောက်နိုင်တာမျိုး မရှိခဲ့တော့ နောက်များအခွင့်သာရင် သေချာထပ်လာပြီး နေရာသစ်တွေဆီ လည်ပတ်ရေးသားချင်ပါသေးတယ်။ ဒီလို ခရီးသွားတွေအတွက် ရွေးချယ်စရာ အစုံအလင်ရှိရာ ကော့သောင်းမြို့ နဲ့ဝန်းကျင်ကို အလည်သွားဖို့ ရွေးချယ်တာ ဘယ်လိုမှ မမှားနိုင်ပါဘူးလို့ တိုက်တွန်းချင်ပါတယ်ခင်ဗျ။
အားလုံးပဲ အစဉ်ဘေးကင်းလုံခြုံ ကျန်းမာပြည့်စုံပျော်ရွှင်စွာ ခရီးသွားနိုင်ကြပါစေ။
သီဟလုလင် (Thiha, the Traveller)
ယခု ခရီးသွားဆောင်းပါးအား Share လုပ်နိုင်ပါသည်။ ကျွန်တော်၏ တိုက်ရိုက် ခွင့်ပြုချက်မရှိဘဲ၊ ဤဆောင်းပါးစာ နဲ့ ဓါတ်ပုံများကို မိမိ အကောင့်မှာဖြစ်စေ၊ ပေ့ချ်တစ်ခုခုမှာဖြစ်စေ၊ Website နဲ့ အခြားမီဒီယာတစ်ခုခုမှာဖြစ်စေ ပြန်လည် ကူးယူဖော်ပြခြင်းများ မပြုပါရန် မေတ္တာရပ်ခံပါတယ်။ ပြန်လည် ကူးယူဖော်ပြခြင်းများကိုတော့ လုံးဝ ခွင့်မပြုပါ။
Photo :: Thiha Lu Lin, Ko Aung Zaw Oo, Ko Hlwan Moe (Tourism Kawthaung), David Htet
Camera :: Sony A7M2, Samsung Galaxy Note 5 & various cameras.
Photos are modified in Lightroom by Thiha Lu Lin.